အမေနှစ်ယောက်

9

Category: , ,

အမေနှစ်ယောက်ရှိတယ်…။

တစ်ယောက်က ချောမောပိန်သွယ် မြန်မာဆန်ပြီး တစ်ယောက်က တောက်ပထက်မြက်တဲ့ မျက်လုံးတွေ ပိုင်ဆိုင်တယ်။

တစ်ယောက်က မိခင်ဇနီးအိမ်ရှင်မကောင်း ပီသခဲ့ပြီး တစ်ယောက်က လူဦးရေ ၅၉သန်းရှိတဲ့ နိုင်ငံအတွက် ယုံကြည်အားကိုးရာ ခေါင်းဆောင်ဖြစ်ခဲ့တယ်။

တစ်ယောက်က မိုင်ထောင်ချီဝေးတဲ့ အနောက်အရပ်မှာ ကျန်နေခဲ့တဲ့ မိသားစုအတွက် ပူပင်သောကရှိခဲ့ပေမယ့် တစ်ယောက်က သူယုံကြည်ရာပန်းတိုင်အတွက် ငြိမ်းချမ်းရဲရင့်စွာ၊ တစ်ကိုယ်တည်း အထီးကျန်စွာ တိုက်ပွဲဝင်ခဲ့တယ်။

တစ်ယောက်က သူမအပေါ် သူမတူအောင် နားလည်ပံ့ပိုး ချစ်မြတ်နိုးတဲ့ ခင်ပွန်းဖြစ်သူနဲ့သားနှစ်ယောက်ကို သတိရလွမ်းဆွတ်နေခဲ့ပြီး တစ်ယောက်က သူမချစ်ရတဲ့ တိုင်းသူပြည်သားလူအများ စိတ်လုံခြုံလွတ်လပ်မှုရဖို့အတွက် စဉ်းစားပေးနေခဲ့တယ်။

တစ်ယောက်က နိုဗယ်ငြိမ်းချမ်းရေးဆု အပ်နှင်းခံရပြီး တစ်ယောက်က သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့ လက်လွှတ်ခဲ့ရတယ်။

တစ်ယောက်က ခင်ပွန်းဖြစ်သူရဲ့နောက်ဆုံးခရီး ပို့ဆောင်ခွင့်ကို ဆုံးရှုံးခဲ့ရပြီး တစ်ယောက်က သူ့အသက်ရှင်သန်နေသရွေ့ တိုင်းပြည်အရေးသာ ဦးစားပေးရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

တစ်ယောက်က နေအိမ်အကျယ်ချုပ်ဘ၀က လွတ်မြောက်ခဲ့ပြီး တစ်ယောက်က နာရီလက်တံတွေ ရွေ့လျား ခေါ်ဆောင်ရာနောက်ကို လိုက်ပါလာခဲ့တယ်။

တစ်ယောက်က သားငယ်ကိုပွေ့ဖက် ပီတိအပြုံးနဲ့ ဆီးကြိုခဲ့ပြီး တစ်ယောက်က မမြင်တာကြာပြီဖြစ်တဲ့ သားကြီးအကြောင်း မျှော်လင့်နားစွင့်နေခဲ့တယ်။

တစ်ယောက်က အသက်ရလာပြီး ပင်ပန်းနွမ်းနယ်မှုတွေရှိလာပေမယ့် တစ်ယောက်က ခရီးတွေသွားပြီး နိုင်ငံတကာစင်မြင့်ပေါ်မှာ မိန့်ခွန်းတွေ ပြောနေခဲ့တယ်။

တစ်ယောက်က သားမြေးတွေနဲ့ အတူနေပြီး အနားယူချင်ပေမယ့် တစ်ယောက်က အနားမနေဘဲ နိုင်ငံနဲ့လူမျိုးအတွက် စွမ်းသမျှ လုပ်ဆောင်ပေးဖို့ ခွန်အားတွေ မွေးနေခဲ့တယ်။

အမေနှစ်ယောက်လုံး ဇွန်လ ၁၉ရက်နေ့မှာ ကျရောက်တဲ့ ၆၇နှစ်မြောက် မွေးနေ့မင်္ဂလာကို မိသားစုနဲ့အတူ အမှတ်တရ ကျင်းပခွင့်ရလို့ ကြည်နူးဝမ်းသာနေကြတယ်။


သားနှစ်ယောက်ရဲ့အမေ၊ ကမ္ဘာမှာ မြန်မာကို ကိုယ်စားပြုခဲ့တဲ့အမေ… အသက်ရှည်ကျန်းမာ ဘေးအန္တရာယ်ကင်းပါစေ။ 


၁၉.၆.၂၀၁၂ အတွက်
ဇွန်မိုးစက်

ဟက်ပီပူးဒေး

13

Category:

အဲဒီ့နေ့က စနေမိုးစွေ ရွာခဲ့ပါသတဲ့။ ထူးခြားတာတစ်ခုက ဘယ်ကလာမှန်းမသိတဲ့ မြွေတစ်ကောင်ဟာ အိမ်နောက်ဖေးပေါက်ကနေ အိမ်ရှေ့ကို တန်းတန်းမတ်မတ် ဖြတ်ပြီး ဘယ်သူ့ကိုမှ ရန်မမူဘဲ ခြံထဲကို ဆင်းသွားတယ်တဲ့။ မြွေဖြတ်သွားတဲ့အချိန် နောက်ဖေးမှာ ထမင်းအိုးတည်နေတဲ့ မိန်းမပျိုတစ်ယောက်က အလန့်တကြား ထခုန်မိခဲ့ပေမယ့် အိမ်ထဲမှာရှိနေတဲ့ တစ်စုံတစ်ယောက်က အမှတ်မထင် နံရံပေါ်က နာရီကို လှမ်းကြည့်မိသွားတယ်။ ညရောက်တော့ ဆေးရုံကပြန်လာတဲ့သူကို ဖွားမြင်တဲ့ ကလေးအကြောင်း မေးကြည့်ရင်း အိမ်ထဲကို မြွေဖြတ်သွားတဲ့အချိန်နဲ့ ကလေးမျက်နှာမြင်ချိန် တိုက်ဆိုင်နေတာကို အံ့သြစွာနဲ့ သိလိုက်ရတယ်။ အဲဒီ့မြွေကိုတော့ နောက်ထပ်မတွေ့ရတော့ဘူးတဲ့။

ဒါနဲ့ပဲ လူကြီးတွေက ဒီကလေးဟာ မြွေနဲ့အဆက်အစပ် ရှိရမယ်လို့ ယုံကြည်ခဲ့ကြတယ်။ သူတို့ ယုံကြည်သလိုပဲ အဲဒီ့ကလေးမလေးဟာ မြွေနဲ့အကျိုးပေးတယ်။ မြွေကို မြင်ရင် လိုချင်တာ ဆုတောင်းလို့ ဘေးအိမ်က ဦးလေးကြီး သင်ပေးထားတဲ့အတိုင်း လိုက်ဆုတောင်းတာ ထူးဆန်းစွာနဲ့ တကယ်ပြည့်ခဲ့တယ်။ မြွေပေါတဲ့အရပ်မှာနေပေမယ့် မြွေကို နဲနဲလေးမှ မကြောက်ဘူး။ မြွေမြင်ရင် အနီးကပ်ကြည့်ချင်တယ်။ စိတ်ဝင်စားတယ်။ အနီးအနားလမ်းမှာ မြွေအရှင်အဖြစ်ဖြစ်၊ အသေဖြစ်ဖြစ်တွေ့တယ်လို့ သတင်းကြားရင် သွားကြည့်ချင်တယ်။ တစ်ခါက အိမ်ရှေ့က အုန်းပင်အောက်မှာ လင်းမြွေလာခွေနေလို့ လူကြီးတွေ မသိအောင် အနီးကပ် သွားကြည့်လိုက်သေးတယ်။ မြွေကိုမြင်ရတဲ့အခါ သူမကို ရန်မမူတဲ့အပြင် ပြုံးပြနေတယ်လို့တောင် ထင်တယ်။ 

ကလေးဘ၀က တိရစ္ဆာန်ဥယျာဉ်ကို သွားလည်တဲ့အခါ သူမ အရင်ဆုံးကြည့်ချင်တာ၊ သွားချင်တာ၊ မြွေတွေ ရှိတဲ့နေရာကိုပဲ။ အဲ့ဒီနေရာကို မရောက်မှာ မကြည့်လိုက်ရမှာ စိုးရိမ်တယ်။ ကျန်တဲ့နေရာတွေသာ မမှတ်မိတာ၊ မြွေတွေရှိတဲ့နေရာကိုတော့ တိရစ္ဆာန်ဥယျာဉ် ပထမဆုံးတစ်ခေါက် ရောက်ဖူးကတည်းက မှတ်မိတယ်။ မိုးရာသီမှာ အိမ်အပေါ်ထပ်ဝရန်တာပေါ်ကနေ အောက်မှာ မြင်ရတဲ့ ရေမြွေသေးသေးလေးတွေကို စာကလေးခွေ ချကျွေးချင် ကျွေးတတ်တာ။ မြွေကားဆိုလည်း အရမ်းကြိုက်တယ်။ ငယ်ငယ်က တီဗွီမှာပြတဲ့ အဖြူအမည်း မြွေမင်းသားနဲ့ မြန်မာကားလာရင် စိတ်ဝင်တစားကြည့်တယ်။ မြွေမင်းသားနဲ့ပေါင်းဖက်ပြီး မွေးလာတဲ့ ကလေးလေးခေါင်းမှာ ဆံပင်တွေအစား မြွေလေးတွေ တွဲလောင်းကျနေတာတောင် မှတ်မိသေးတယ်။ မြွေဆို အရမ်းကြောက်တတ်ပြီး မြွေပုံပါရင် စာအုပ်ကို လွှတ်ချတဲ့ အဒေါ်တစ်ယောက်ကို ဘာကြောင့် သူ ဒီလောက် မြွေကြောက်တတ်ရတာလဲဆိုပြီး နားမလည်နိုင်ခဲ့ဘူး။

ခုတော့ မြွေမမြင်ရတာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ။ မြွေအကြောင်း စိတ်ဝင်တစား ရှိသေးပေမယ့် အရင်ကလောက် မရင်းနှီးတော့ဘူး။ အရင်ကထက်စာရင် မြွေကို နဲနဲကြောက်တတ်လာသလိုပဲ။ အသက်ကြီးလာလို့များလား။ မြွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ယုံကြည်တာထက်စာရင် အတိတ်ဘ၀ အတော်များများမှာ မြွေဖြစ်ခဲ့ဖူး၊ မြွေနဲ့ပတ်သက်ခဲ့ဖူးတာ ဖြစ်နိုင်တယ်လို့ ကိုယ်တိုင်ပဲ မှတ်ချက်ချမိတယ်။ တကယ်တော့ ဂင်္ဂါဝါဠု သဲစုမကတဲ့ ဘုရားတွေတောင် အဆူဆူ ပွင့်သွားပြီးပြီ။ ကိုယ်က ခုချိန်ထိ သံသရာမှာ ကျင်လည်နေတုန်းပဲဆိုတော့ ကိုယ်မဖြစ်ခဲ့ဖူးတဲ့ သတ္တ၀ါတောင် ရှိချင်မှ ရှိလိမ့်မယ်။ 

ခက်ခဲလှတဲ့ လူ့ဘ၀ရခိုက်လေး၊ စစ်မှန်တဲ့ဘာသာတရား ယုံကြည်ကိုးကွယ်ခွင့်ရခိုက်လေးမှာ သံသရာက ကျွတ်တမ်းမ၀င်သည့်တိုင်အောင် သံသရာတိုအောင် မလုပ်နိုင်ခဲ့ရင် ကိုယ့်လောက်မိုက်တဲ့သူရှိမှာ မဟုတ်ဘူးလို့ တွေးမိတယ်။ ကုသိုလ်တရားတွေ ဆက်ကာဆက်ကာမလုပ်ဖြစ်ရင် လူဖြစ်ရကျိုးလည်း နပ်မှာမဟုတ်ဘူး။ အသက်တစ်နှစ်ကြီးလာတဲ့နဲ့အမျှ အကုသိုလ်တရားထက် ကုသိုလ်တရားပိုပြုမိဖို့ အရေးကြီးတယ်ဆိုတာ ကိုယ့်ကိုယ်ကို မကြာခဏ သတိပေးနေရင်း၊ ဖြစ်လာသမျှ၊ ဖြစ်ခဲ့သမျှ အပါယ်ရောက်နိုင်တဲ့ ဒေါသအကုသိုလ်စိတ်တွေကို ချုပ်တည်းဖြေဖျောက် လျှော့ချဖို့ကြိုးစားရင်းနဲ့ ဂဏန်းနှစ်လုံးထပ်တူဖြစ်သွားတဲ့ မွေးနေ့ကို ကြိုဆိုလိုက်ပါတယ်။


ဟက်ပီပူးဒေး…. ဇွန်မိုးစက်!