ကျန်းမာခြင်းသည် လာဘ်တစ်ပါး

9

Category: ,

“အာရောဂျ ပရမ လာဘ” လို့ မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ပါတယ်။ အနောက်တိုင်း သိုးဆောင်းစကားပုံမှာတော့ “When Wealth is Lost, Nothing is Lost. When Health is Lost, Something is Lost. When Character is Lost, Everything is Lost.” လို့ ဆိုထားပါတယ်။ လူကျန်းမာမှ စိတ်ချမ်းသာမယ်ဆိုတာ တကယ်မှန်ပါတယ်။ ကျန်းမာနေတုန်း မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေခဲ့ပြီး ဖျားနာတော့မှပဲ ကျန်းမာခြင်းရဲ့တန်ဖိုးကို အမှတ်ရ သိနားလည်ပြန်ပါတယ်။

ဇွန်ဟာ ငယ်စဉ်တုန်းမှာ အတော်ချူချာပါတယ်။ ဆေးခန်းခဏခဏသွားရလွန်းလို့ ဆရာဝန်ဆေးထိုးမှာ မကြောက်ဘဲ ဆေးခန်းရောက်တာနဲ့ ကုတင်ပေါ်တန်းတက်ပြီး ထိုင်ပါတယ်။ သူများကလေးတွေ ဆရာဝန်ဆေးထိုးမှာစိုးလို့ အာပြဲကြီးနဲ့ အော်ငိုပေမယ့် ဇွန်တစ်ခါမှ မငိုခဲ့ပါဘူး။ ဆေးသောက်ရမှာကိုတော့ ခါးလို့ နဲနဲကြောက်ပါတယ်။ (ကြီးတော့ ကြောက်တာကနေ ဆေးသောက်ပျင်းတဲ့အဆင့်ကို ရောက်သွားပါတယ်။) 

ဆရာဝန်မကြီးလုပ်မယ်လို့ သူများမေးတိုင်းဖြေပြီး ကျောင်းကို အနွေးထည်မပြတ်ဝတ်ပြီး သွားရပါတယ်။ ကျောင်းကဖွင့်ထားပေးတဲ့ ဆေးခန်းမှာ ဆရာဝန်မပြ၊ ဆေးမသောက်လိုက်ရတဲ့နှစ် မရှိသလောက်ပါပဲ။ တစ်ချို့နှစ်တွေများဆို ကျောင်းဆေးခန်းမှာ တစ်နေကုန် သွားအိပ်နေရပါတယ်။ ဒါပေမဲ့ ကြီးကြီးကျယ်ကျယ် ဆေးရုံရောက်လောက်တဲ့အထိတော့ မဖြစ်ဖူးပါဘူး။ စာမေးပွဲကြီးနီးမှ အကြီးအကျယ်ဖျားတာ ဘာညာမျိုးလည်း မရှိခဲ့ပါဘူး။ အဆုတ်အားနည်းလို့ မကြာခဏ အအေးမိ၊ နှာစေး၊ ဖျားနာ အဲတာမျိုးလောက်ပါပဲ။ တစ်ခါဖျားရင်တော့ အနည်းဆုံးသုံးရက်လောက် ကြာတတ်ပါတယ်။

တစ်ချို့တွေက မရဏဖွားဆိုတာ ဒီလိုပဲ ငယ်တုန်းမှာ ချူချာတတ်တယ်လို့ ဆိုကြပါတယ်။ ဟုတ်မလားတော့ မသိဘူး၊ ၉တန်းနှစ်လောက်ကစပြီး တော်တော်လေး ကျန်းမာလာပါတယ်။ လူက ပိန်ပိန်သွယ်သွယ်နဲ့ တက်ကြွဖျတ်လတ်နေခဲ့တာ။ စိတ်သွားတိုင်း ကိုယ်ပါ ဆိုတာ အဲ့ဒီအချိန်တွေပါပဲ။ မျက်လုံးအားလည်း အလွန်ကောင်းပါတယ်။ သူများတွေ မမြင်တဲ့ အတော်ဝေးဝေးအထိ သဘာဝမျက်စိနဲ့ မြင်နိုင်ပါတယ်။

ဒါပေမဲ့ ကွန်ပျူတာနဲ့ နေ့စဉ်ထိတွေ့ပြီး နောက် ၆နှစ်လောက်အကြာမှာ တစ်ခါမှတောင် အိပ်မက်ထဲ ထည့်မမက်ဘူးတဲ့ မျက်မှန် တပ်လိုက်ရပါတော့တယ်။ အသက်အစိတ်ကျော်လို့ သုံးဆယ်မရောက်ခင်မှာဘဲ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို ထိထိရောက်ရောက် ပုံမှန်မလုပ်ခဲ့တာကြောင့် ကိုယ်အလေးချိန်လည်း မသိမသာနဲ့ တဖြည်းဖြည်း တိုးလာရင်း သိသိသာသာ ၀လာပါတော့တယ်။ ၀ိတ်လျှော့ဖို့ အစားလျှော့စားမယ်ကြံတော့ ဗိုက်ကအောင့် အစာအိမ်က အချဉ်ပေါက်လို့ ဒုက္ခပေးပါတယ်။ ပြေးပြေးလွှားလွှား လှုပ်ရှားမယ်ကြံတော့ ဘယ်ကဘယ်လိုထိခိုက်သွားမှန်း မသိခဲ့တဲ့ ဒူးအရွတ်ကြောင့် မပြေးနိုင်ဘဲ ဒူးနာလို့ ငဲ့ညှာရပြန်ပါတယ်။ အဲဒါနဲ့ပဲ မနှစ်က ‘Lose Weight, Look Great’ resolution ကို အကောင်အထည် မဖော်နိုင်ခဲ့တာ တွေးမိပြီး ဆွေးရပါတယ်။

ဆေးခွင့်က ၂၀၁၀ မှာ ၇ရက်ယူနေရာကနေ ၂၀၁၁မှာ ၁၁ရက်ထိ တိုးလို့ ယူလာပါတယ်။ ၂၀၁၂ နှစ်စမှာ ငါဒီနှစ်တော့ တတ်နိုင်ရင် ဆေးခွင့်မယူဘူးလို့ ရည်ရွယ်ထားပေမယ့် ဖေဖော်ဝါရီတစ်လထဲမှာပဲ ၂ရက် ယူလိုက်ရပါတယ်။ နှစ်နှစ်ဆက်တိုက် ပင်ပန်းတာတွေစုပြုံပြီး ပန်းဖျားဖျားသွားတယ်လို့ ထင်ရလောက်အောင် တစ်နေကုန် အိပ်ရာထဲခွေတော့တာပါ။ အဲဒီလို မဖျားတတ်တာ တော်တော်ကြာခဲ့ပါပြီ။ တစ်ပတ်အကြာမှာ အဖျားပျောက်သွားပေမယ့် နှာစေးက မပြတ်ဘဲ ချောင်းဆိုးဆက်နေလို့ သူငယ်ချင်း သမီးလေးရဲ့ မွေးနေ့တောင် မသွားနိုင်တော့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် စင်္ကာပူမှာ transit ၀င်ပြီး ၃ရက်လောက် အလည်လာခဲ့တဲ့၊ မတွေ့တာ နှစ်တွေအတော်ကြာပြီဖြစ်တဲ့ အထက်ကျောင်းတုန်းက သူငယ်ချင်းက မျက်နှာစာအုပ်ပေါ်က နေမကောင်းတဲ့ status ကိုမြင်ပြီး အားနာတာနဲ့ လူချင်းဆုံဖို့ မဆက်သွယ်ခဲ့တာ သူအင်္ဂလန်ပြန်ရောက်မှပဲ အံ့သြစိတ်မကောင်းစွာနဲ့ သိလိုက်ရပါတယ်။

မကျန်းမာတဲ့အခါ စိတ်ဓာတ်တွေက ဟိုးအောက်ကို ကျကျသွားလို့ မနည်းပြန်ကောက်တင်ရပါတယ်။ အဲ့ဒီအချိန်မှာ တရားအသိနဲ့ နှလုံးသွင်းသင့်မှန်း သိနေပေမယ့် လက်တွေ့မှာ မလုပ်နိုင်သေးတာ ကိုယ့်ညံ့ဖျင်းမှုလို့ပဲ ဆိုချင်ပါတယ်။ ဒါတောင် သာမန်နေမကောင်းဖြစ်ရုံလောက်ပဲရှိသေးတာ၊ တကယ်တမ်း သေဘေးနဲ့နီးလာလို့ စိတ်မထားတတ်ရင် အပယ်သွားမှာ ဒုက္ခပဲလို့တော့ အတွေးဝင်ပါတယ်။ ဒီရုပ်ခန္ဓာကြီးရှိနေသ၍ အို၊ နာ၊ သေကို လွန်ဆန်လို့ မရဘူး၊ ဇရာနဲ့ခန္ဓာကို မလိုချင်တော့ပါဘူးလို့လည်း တခဏ သံဝေဂ ရလိုက်ပါသေးတယ်။ ပြီးတော့ ငါအသက်သိပ်မကြီးသေးပါဘူး၊ ဘာဖြစ်လို့ ဟိုကနာ ဒီကကိုက် ဖြစ်နေရတာလဲလို့ ကိုယ့်ကိုယ်ကို အားမလို၊ အားမရ ဖြစ်ရပြန်ပါတယ်။ အမေတို့ ဒီအရွယ်တုန်းက ကလေးနှစ်ယောက်နဲ့ အိမ်ထောင်မှုကိစ္စတွေကို အဖော်မပါဘဲ တစ်ယောက်တည်း ကျန်းကျန်းမာမာနဲ့ လုပ်နိုင်ခဲ့တာ သတိရပြီး သြော်….ဆုတ်ခေတ်ဆိုတာ ဒါမျိုးပါလားလို့ သဘောပေါက်မိပါတယ်။

“ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်” တဲ့။ ဒီတစ်ခါ နေပြန်ကောင်းရင် လေ့ကျင့်ခန်း ပုံမှန်ပြန်လုပ်မယ်၊ အစားကို ဂရုတစိုက်နဲ့ ထိန်းစားမယ်၊ ကွန်ပျူတာရှေ့ အချိန်သိပ်မဖြုန်းမိအောင် ကြိုးစားမယ်၊ အားဆေးပုံမှန် ပြန်သောက်မယ်၊ အတတ်နိုင်ဆုံး ကျန်းမာရေးကို ပြန်လိုက်စားမယ်… စသဖြင့် ကြိုတင်စိတ်ကူးကြံစည်လို့ နေပြန်ပါပြီ။ မကျန်းမာတဲ့အခါ စာမကြည့်နိုင်သလို၊ အလုပ်ထဲ အာရုံမ၀င်စားနိုင်၊ တရားလည်း မမှတ်နိုင်၊ စိတ်လည်း မချမ်းသာနိုင်တာမို့ ကျန်းမာခြင်းရဲ့ အဖိုးထိုက်တန်မှုကို ဇွန်မိုးစက်တစ်ယောက် ထဲထဲဝင်ဝင် သိမြင်နေရင်း စာတစ်ပုဒ် ချရေးမိပါတော့တယ်။

အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။


ဇွန်မိုးစက်

နှင်းဆီတစ်ပွင့်ရဲ့ နံနက်ခင်း

13

Category:



(၁)
တစ်ခုသော ညနေခင်း ရုံးဆင်းချိန်မှာ “ညီ” တစ်ယောက် ဂနာမငြိမ်ဘဲ စိတ်လှုပ်ရှားနေသည်။ ၆နာရီထိုးခါနီးလေ ရင်တွေပိုခုန်လာလေ၊ လက်ဖျားခြေဖျားတွေ ပိုအေးစက်လာလေဖြစ်သည်။ “မ” ကိုတွေ့ရင် ပြောဖို့စကားလုံးတွေ ညကတည်းက အသေအချာ စိတ်ကူးစာစီထားသော်လည်း မနက်မိုးလင်းတော့ တဒိတ်ဒိတ်ခုန်နေသော နှလုံးသားမှလွဲ၍ ဦးနှောက်ထဲမှာ ဘာမှမရှိတော့။ စိတ်လှုပ်ရှားမှုကြောင့် အတွေးထဲက စကားစာသားတွေ တစ်စစီပြန့်ကျဲသွားသည်ထင့်။ ကိစ္စမရှိ… ဒီလိုပဲ အဆင်ပြေသွားမှာပါဟု ဖြေသိမ့်ရင်း ရုံးထဲက ခပ်သွက်သွက် ထွက်ခဲ့သည်။ “မ” နှင့် ချိန်းဆိုထားရာ ကလပ်ကီးမှာ အတူလမ်းလျှောက်ပြီး ညစာအတူစားမည်၊ ပြီးလျှင် မရီနာဘေးအထိ ရေပေါ်အငှားယာဉ်စီးမည်။ စတားဘတ်ခ်မှာ ကော်ဖီဝင်သောက်ပြီးမှ မနှင့်အတူ ရထားစီး၍ အိမ်ပြန်မည်။ တွေးကြည့်ရုံနှင့်ပင် ရင်သိမ့်ကနဲ ခုန်သွားခဲ့သည်။

(၂)
တကယ်တော့ ညီသည် အကောင်းဆုံးကိုသာ မျှော်လင့်ခဲ့ပြီး အဆိုးဆုံးအတွက် ပြင်ဆင်မထားခဲ့ခြင်းကြောင့် အထိနာခဲ့ရသည်ဟု ဆိုနိုင်ပါသည်။ ရင်ဗလာကျင်း၊ ခေါင်းငိုက်စိုက်ချပြီး  ပြန်ခဲ့ရသည့် ထိုညနေခင်းကို ဘယ်တော့မမေ့နိုင်ပေမယ့် မေ့ပစ်ဖို့တော့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ အဲဒီအချိန်တုန်းက ကမ္ဘာပေါ်မှာ ညီ့လောက်ကံဆိုးသူမရှိဟုပင် ထင်ရလောက်အောင်ပင် စိတ်ဓာတ်တွေ အကြီးအကျယ် ကျခဲ့ရသဖြင့် သူငယ်ချင်းတွေက ၀ိုင်းဝန်းဖြောင်းဖျပေးခဲ့ရသည်။

“ငညီရာ ... ပထမဆုံးအကြိမ် ရည်းစားစကားပြောလို့ မအောင်မြင်တာ ဒီလောက်ထိ စိတ်ဓါတ်ကျစရာ မလိုပါဘူး။”
“ငါသတိပေးသားပဲ၊ မင်းမမက မင်းကို အတည်တွဲမှာ မဟုတ်ဘူးဆိုတာ။ ခုတော့ မင်းလက်တွေ့ခံလိုက်ရပြီ မဟုတ်လား။ တော်သေးတာပေါ့ မင်းကို ရင့်ရင့်သီးသီး ပြန်မပြောလိုက်တာ”
အောင်ဇော်နှင့် သစ်လွင်တို့ ပြောစကားတွေ မှန်နေ၍ ငြိမ်ခံနေလိုက်ရသော်လည်း ညီ့အတွေးထဲမှာ မမ၏ နှုတ်ခမ်းပါးက စကားတစ်ချို့နှင့် ပြုံးယောင်သန်းသည့် မျက်ဝန်းနက်တစ်စုံကိုသာ မြင်ယောင်နေမိသည်။  

(၃)
နောင်နှစ်အနည်းငယ်အကြာမှာ ညီ့ရင်ထဲကဒဏ်ရာ တဖြည်းဖြည်းမှေးမှိန် ပျောက်ကွယ်သွားခဲ့သည်။ တိုက်ဆိုင်မှုရှိလို့ သတိရခဲ့ရင်တောင်မှ ဟိုအရင်ကလို ၀မ်းနည်းကြေကွဲမှုတွေ မရှိတော့။ သေချာပြန်တွေးကြည့်တော့ တစ်ဖက်ကငြင်းဆိုရအောင် ညီ့ဘက်က လိုအပ်ချက်များလည်း ရှိခဲ့သည်ပဲ။ ကျောင်းပြီးကာစ လုပ်သက်တစ်နှစ်ပင် မပြည့်သေးသော အသက် ၂၂နှစ်အရွယ် ယောက်ျားလေးတစ်ယောက်က ကိုယ်နှင့် မိတ်ဆွေအဆင့်ထက် အနည်းငယ်ပို၍ တွဲသားတွဲလာရှိသော မိန်းမပျိုတစ်ယောက်ကို ပထမဆုံးအကြိမ်အဖြစ် ချစ်ခွင့်ကိုကျော်ပြီး လက်ထပ်ခွင့်တောင်းခြင်းသည် အနည်းငယ်တော့ အူကြောင်ကြောင်နိုင်လှသည်။

Yahoo Messenger မှာ အပြန်အလှန် ညစဉ်စကားလက်ဆုံကျရုံ၊ အပတ်စဉ် ဖုန်းနာရီဝက်လောက် ပြောဖြစ်ရုံ၊ သောကြာညနေခင်းတစ်ချို့မှာ ညစာအတူစားပြီး၊ တခါတရံ ရုပ်ရှင်အတူကြည့်ရုံလောက်နှင့် ချစ်သူတွေ ဖြစ်သွားပြီလို့ ညီ့ဘက်က လိုရာဆွဲတွေး တစ်ဖက်သက် ထင်မြင်နေခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ အခုချိန်တွင်တော့ ညီသည် ရင့်ကျက်တည်ငြိမ်ကာ မိန်းကလေးတို့ စိတ်သဘောကို အတန်အသင့် တီးခေါက်တတ်သူ ယောကျာ်းတစ်ယောက်ဖြစ်နေပြီမို့ နောက်ထပ် နာကျင်ရစရာအကြောင်း မရှိတော့။ ကိုယ့်ကိုယ်ကို သဘောကျစွာတွေးရင်း ညီ ပြုံးလိုက်မိသည်။ ခြောက်နှစ်ဆိုသော အချိန်ကာလသည် ညီ့နှလုံးသားကို တစ်နည်းတစ်ဖုံ အနည်ထိုင် ပြောင်းလဲခဲ့စေပြီ။

(၄)
လွန်ခဲ့သော လေးလခန့်က ဌာနသစ်မှာ စီမံခန့်ခွဲမှုအရာရှိအဖြစ် တိုးမြှင့်ခံထားရသော “နီ” တစ်ယောက် စိတ်ရောကိုယ်ပါ အလုပ်ထဲ နစ်ဝင်နေခဲ့သည်မှာ သူငယ်ချင်းများနှင့်ပင် အဆက်အသွယ်ပြတ်လုနီးပါး။ ဆရာကန်တော့ပွဲနှင့် ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲအတွက် ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်က မက်ဆေ့ခ်ျပို့တော့မှ မေ့နေသော လူမှုရေးရာ ကိစ္စများနှင့် ပတ်ဝန်းကျင်ကို သတိပြန်ရသည်။ ကိုယ်နှင့်နီးစပ်ရာ ကျောင်းသားတစ်ချို့ထံ ထပ်မံသတင်းပေးရန် ကော်မတီဥက္ကဌ၏ အီးမေးလ်ကလည်း ရောက်ရှိလာပြန်သည်။

နီရေ… တို့နဲ့ same batch က ဥက္ကာသွင်ရဲ့ အီးမေးလ်လိပ်စာ တစ်ချက်လောက်ရှာပြီး ပို့ပေးပါဟု အတန်းဖော်သူငယ်ချင်းတစ်ယောက်က နီ့ဆီ တန်းတန်းမတ်မတ် အကူအညီတောင်းလာသည့်အခါ ခေါင်းရှောင်မရတော့။ နီက gmail contacts list ထဲမှာ ပြန်ရှာကြည့်ပေမယ့် မတွေ့။ ဒီကောင် ကျောင်းပြီးကတည်းက မိန်းမယူပြီး ယူအက်စ်ကို ထွက်သွားတာ။ ဟိုတုန်းက ငါ့ဆီမှာ သူပေးထားတဲ့ အီးမေးလ်လိပ်စာ ရှိဖူးပါတယ်။ ဘယ်မှာသိမ်းထားမိပါလိမ့်… နီ စဉ်းစားရင်းနဲ့ အသုံးမပြုဖြစ်တာကြာပြီဖြစ်သော yahoo email ကို သတိရသွားသည်။ yahoo password မေ့နေ၍ reset ပြန်လုပ်ပြီး အသစ်ရိုက်ထည့်ရသေးသည်။ မသုံးတာကြာ၍ user interface က နီ့အတွက် စိမ်းနေသဖြင့် မနည်းပြန်ကြည့်ယူရသည်။

Yahoo contacts မှာ အင်္ဂလိပ်အက္ခရာ ”အို“ ကို ရိုက်ထည့်ပြီး ရှာလိုက်တော့ နာမည်လေးငါးခုလောက် ပေါ်လာသည်။ ဥက္ကာသွင်၊ ဥက္ကာစိုးမိုး၊ အုပ်စိုးညီ၊ ပြည့်စုံဦး … နာမည်တွေ လိုက်ကြည့်ရင်း ဂျီမေးလ်ထဲမှာ မရှိသေးသော လိပ်စာနှစ်ခုကို ကော်ပီကူးယူလိုက်သည်။ ဂျီတော့ခ်နဲ့ ဂျီမေးလ်တွေ မပေါ်ခင်က ရာဟူးမေးလ်နှင့် ရာဟူးမက်ဆင်ဂျာ အတော်လေးခေတ်စားခဲ့တာ အမှတ်ရသည်။ ရာဟူးမက်ဆင်ဂျာက ခံစားမှုပြရုပ်ပုံလေးတွေကို နီ အလွန်သဘောကျခဲ့သည်။ သတိတရနဲ့ မက်ဆင်ဂျာထဲ ပြန်ဝင်ကြည့်တော့ သူငယ်ချင်းဟောင်းနာမည် တော်တော်များများကို chat list ထဲမှာ ပြန်တွေ့ရသည်။ အခုတော့လည်း အားလုံးနီးပါး ဂျီမေးလ်ထဲရောက်နေကြ၍ မက်ဆင်ဂျာကို တကူးတက ၀င်သုံးသူ မရှိသလောက် ရှားသွားပြီ။ အုပ်စိုးညီ ဆိုသော နာမည်ကို ပြန်မြင်လိုက်တော့ တစ်စုံတစ်ခုကို နီသတိရပြီး ပြုံးလိုက်သည့်နောက်တွင် သူနှင့်ပတ်သက်ခဲ့သော အကြောင်းရာတစ်ချို့ နီ့မှတ်ဉာဏ်ထဲသို့ ရုတ်တရက် ၀င်ရောက်လာခဲ့တော့သည်။

(၅)
လွန်ခဲ့သော ၇နှစ်လောက်က ဖြစ်မည်ထင်သည်။ နီတို့ရုံးအောက်က ဌာနခွဲတစ်ခုမှာ ကျောင်းပြီးကာစ ၀န်ထမ်းသစ်သုံးယောက် ခန့်လိုက်သည့်အထဲတွင် အုပ်စိုးညီတစ်ယောက်လည်း ပါဝင်ခဲ့သည်။ ကုမ္ပဏီနှစ်ပတ်လည် ညစာစားပွဲမှာ လူမျိုးတူစုပြီး တစ်ဝိုင်းထဲထိုင်ဖြစ်ရင်း မိတ်ဖွဲ့ခင်မင်သွားခဲ့ကြသည်။

ငယ်ချစ်ဦးက လမ်းခွဲပြီး အခြားတစ်ယောက်နှင့် လက်ထပ်သွားသည့်အခါ၊ အချစ်ဆုံးသူငယ်ချင်း၏ချစ်သူက သစ္စာဖောက်ပြီး နောက်တစ်ယောက်နှင့် တွဲသွားသည့်အခါ စိတ်နှလုံးပူဆွေးသောကရောက်ခဲ့သော သူငယ်ချင်းကို နှစ်သိမ့်အားပေးပြီးနောက်ပိုင်းတွင် နီတစ်ယောက် ယောက်ျားတို့အပေါ် စိတ်ဝင်စားမှုနှင့် ယုံကြည်မှု လျော့ပါးခဲ့သည်။ သူငယ်ချင်းမိတ်ဆွေအဖြစ် တွဲသွားတွဲလာရုံကလွဲပြီး သည့်ထက်မပိုခဲ့။

ယောက်ျားလေးမိတ်ဆွေ အများစုက အဲဒီလိုညစာအတူစား၊ လမ်းအတူလျှောက်မိသည်နှင့် သူတို့ကို စိတ်ဝင်စား၍ တွဲခြင်းဖြစ်ကြောင်း အချင်းချင်း ထင်ကြေးပေးတတ်သည်။ အထူးသဖြင့် တစ်ရုံးထဲက မြန်မာမိတ်ဆွေအချို့နှင့်ယောက်ျားလေးတွေအကြား ဒီသံသယက ပိုကြီးထွားပြီး နီ့ကို အထင်လွဲကြသည်။ နီက တစ်ဆင့်စကားနှင့် ပြန်ကြားပြီးနောက်ပိုင်း ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်သောသူတစ်ယောက် ဖြစ်ခဲ့သော်လည်း အနေအထိုင် ဆင်ခြင်ခဲ့သည်။

အဲဒီ့နောက်ပိုင်းမှာ အုပ်စိုးညီက နီတို့ရုံးချုပ်ကို ရောက်လာတတ်ပြီး စီနီယာဖြစ်သော နီ့ကို အားကိုးတကြီး ပြောဆိုတိုင်ပင်ရင်း ပိုမိုရင်းနှီးသွားခဲ့တာ ဖြစ်သည်။ တကယ်ဆို နီ့ထက် ၇နှစ်ငယ်သော၊ ကလေးဆန်သော၊ စိတ်ဆတ်သော “ညီ့” ကို စိတ်မ၀င်စားခဲ့ပေမယ့် မောင်ငယ်တစ်ယောက်အနေနှင့်တော့ ခင်ခင်မင်မင် ဂရုတစိုက် ဆက်ဆံခဲ့သည်။ ရုပ်ရှင်ကြိုက်သောနီနှင့် ရုပ်ရှင်ကြည့်ရတာကြိုက်သောညီတို့ အတူတွဲမိပြီး အချို့သော အားလပ်ရက်မှာ  ရုပ်ရှင်အတူကြည့်ဖြစ်ကြသည်။ အဲဒါကို ညီတစ်ယောက် အထင်လွဲသွားခဲ့သည့်အတွက် နီ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိသည်။

(၆)
အလုပ်မှ မိတ်ဆွေများနှင့် ကလပ်ကီးမှာ ရံဖန်ရံခါ ညစာအတူစားဖြစ်သည့်အခါ ကုန်လွန်ခဲ့သော ပြက္ခဒိန်စာရွက်တွေထဲက ညနေခင်းလေးတစ်ခုကို သတိရမြဲဖြစ်သည်။ မောင်လေးတစ်ယောက်လို ခင်မင်ရသော ညီတစ်ယောက် ဆိုင်းမဆင့် ဗုံမဆင့် “မ” ကို လက်ထပ်ပါရစေ” ဟု ရုတ်တရက် ပြောလာသည့်အပေါ် နီ အနည်းငယ်အံ့သြစွာ ရယ်ချင်မိသော်လည်း အချိန်မီပြန်ထိန်းလိုက်နိုင်ခဲ့သည်။ နီ့မျက်ဝန်းက အရိပ်အယောင်ကို မျှော်လင့်တကြီး သူလိုက်ဖတ်ခဲ့တာ နီ ရိပ်မိသည်။

“ဟင့်အင်း… လက်ထပ်ဖို့ဆိုတာ တို့မစဉ်းစားဖြစ်တဲ့ အကြောင်းရာနဲ့ ခေါင်းစဉ်တစ်ခု၊ နောင်လည်း အဲဒီ့ကိစ္စက တို့ခေါင်းထဲရောက်ချင်မှ ရောက်မှာ”
“အုပ်စိုးညီ…. မောင်လေး… အိမ်ထောင်တစ်ခု ထူထောင်ဖို့အတွက် မင်းအဆင်သင့်မဖြစ်သေးဘူး။ အချစ်ဆိုတာလည်း ထည့်စဉ်းစားရမယ့် အကြောင်းရာတစ်ခုနော်၊ မင်းက စိတ်လှုပ်ရှားသာယာမှုနဲ့ အချစ်ကို မခွဲတတ်သေးဘူး”
“နောက်ဆို မိန်းမတစ်ယောက်ရဲ့ ဘ၀တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ အရေးပါတဲ့ ဒီလိုစကားမျိုး မပြောခင် သေသေချာချာ စဉ်းစားစေချင်တယ်”
“…………….”
“၀မ်းနည်းပါတယ် ညီ”

(၇)
ဖုန်းခေါ်သံကြောင့် နီ့ အတွေးတွေ ပြတ်တောက်သွားခဲ့သော်လည်း အဲဒီ့ညက အိပ်မက်ထဲမှာ မျက်ဝန်းညိုမှိုင်းမှိုင်းနှင့် စိတ်မကောင်းဟန်ဖြစ်နေသော ညီ့ကို ပြန်တွေ့လိုက်ရသည်။ မနက်လင်းတော့ နီအရင်ဆုံး သတိရမိသည်က ညီ ဖြစ်နေသည်။ သူ အခုဘယ်ရောက်နေပါလိမ့်…။ ထိုညနေခင်းပြီးကတည်းက ညီ သူ့ကိုရှောင်သွားခဲ့သည်။ နီ စိတ်မကောင်းဖြစ်မိသော်လည်း စိတ်ထဲရှိရာ အမှန်အတိုင်း ပြောခဲ့ခြင်းမို့ လိပ်ပြာလုံကာ ညီ့ကို ထပ်မံဆက်သွယ်ဖို့ မကြိုးစားခဲ့။ ညီ့သူငယ်ချင်းတစ်ချို့က သူတို့သူငယ်ချင်းကို အသည်းခွဲသူတစ်ယောက်အဖြစ် နီ့ကို သတ်မှတ်ကာ လမ်းတွေ့ရင်တောင် ဟန်ဆောင် နှုတ်ဆက်ပြီး ပြုံးမပြကြ။

ခေါင်းမာ၊ အသည်းမာသော နီ ကတော့ ဒါတွေကို ဂရုမစိုက်သူမို့ ကိုယ့်အလုပ်ထဲ၊ လူမှုရေးအသင်းအဖွဲ့တွေထဲ စိတ်နှစ်ရင်းသာ အရာအားလုံးကို မေ့ထားလိုက်သည်။ မေ့လည်း မေ့နိုင်ခဲ့သည်မှာ အုပ်စိုးညီတစ်ယောက် အလုပ်ကထွက်သွားပြီး တစ်နှစ်လောက်ကြာမှ သိတော့သည်။ ဘ၀တိုးတက်ရေးနှင့် လုပ်ငန်းခွင်အတွင်း အဆင့်မြင့်နေရာယူနိုင်ရေးအတွက် အလုပ်တစ်ဖက်နှင့် စာမေးပွဲတွေ တစ်ခုပြီးတစ်ခု ဖြေခဲ့သည်။

ဟိုတုန်းကလို သောကြာညနေခင်းတွေကို မိတ်ဆွေများနှင့်စားသောက်လည်ပတ်ပြီး အချိန်မဖြုန်းဖြစ်တော့။ ညညဆိုလည်း  မက်ဆင်ဂျာထဲဝင်ပြီး ယောက်ျားလေးများနှင့် ဟိုဟိုဒီဒီ စကားမဆိုဖြစ်တော့။ အီးမေးလ်လည်း သိပ်မသုံးဖြစ်။ နောက်ပိုင်းမှာ ဂျီမေးလ်အသုံးများလာ၍ သူငယ်ချင်းများက အကောင့်တစ်ခုဖွင့်ဖို့ အတင်းတိုက်တွန်းမှသာ ဖွင့်ဖြစ်သွားခြင်းဖြစ်သည်။ မျက်နှာစာအုပ်ခေတ်ရောက်လာတော့လည်း သူငယ်ချင်း၊ မိသားစုတွေသာမက ခေတ်နှင့်ပါ အဆက်မပြတ်သွားရအောင်ဟု သဘောပိုက်၍ ၀င်ခဲ့ခြင်းဖြစ်သည်။

မျက်နှာစာအုပ်မှတစ်ဆင့် အနှစ်နှစ်အလလက ကွဲကွာခဲ့သော ငယ်သူငယ်ချင်း မင်္ဂလာဆောင်ပုံတွေ၊ သူတို့ကလေးပုံတွေ ကြည့်ရသည်မှာ အစပိုင်း ပျော်သလိုလိုရှိသော်လည်း နောက်ပိုင်းကျတော့ အနည်းငယ် ငြီးငွေ့လာသည်။ စိတ်ထဲမှာလည်း တစ်စုံတစ်ခုခုကို မကျေနပ်သလိုလို၊ မပျော်ရွှင်သလိုလို ဖြစ်လာသည်။ ဘာကို အလိုမကျဖြစ်နေမှန်းလည်း သေချာမသိ။ တက်လိုက်ရတဲ့ မင်္ဂဆောင်၊ သွားလိုက်ရတဲ့ ဆေးရုံ၊ ပေးလိုက်ရတဲ့ ကလေးမွေးနေ့လက်ဆောင်… ကိုယ်ကချည်း ပေးနေရတာပဲ။ ကိုယ့်အလှည့်ကျတော့ မရတဲ့အပြင် လူရှေ့သူရှေ့မှာ အပျိုကြီးလို့ အခေါ်ခံလိုက်ရသေး… ဟွန်း လောကကြီးများ တရားမျှတမှု မရှိလိုက်တာ။ ဒီလိုညည်းညူမိတဲ့အခါတိုင်း နီနဲ့ဘ၀တူ သူငယ်ချင်းတွေက ဒါဆိုလည်း မျှတမှုရှိသွားအောင် နင်ယောက်ျားယူပြီး ကလေးမွေးလိုက်တော့ဟုသာ ခပ်ရွတ်ရွတ် ပြန်ပြောကြသည်။

(၈)
အလုပ်သစ်မှာ အသားကျနေပြီဖြစ်သောနီက ခါတိုင်းလို အိမ်ပြန်ရောက်လျှင် စာပြန်ဖတ်စရာမလို။ ဒီတော့ ကွန်ပျူတာဖွင့်ပြီး သတင်းဖတ်၊ သီချင်းနားထောင်၊ စိတ်ပါလျှင် မျက်နှာစာအုပ်ထဲဝင်ပြီး ဓာတ်ပုံတွေ လျှောက်ကြည့်သည်။ ထူးဆန်းသည်မှာ အခုတလော သူမအာရုံထဲ ရောက်နေသည်က အုပ်စိုးညီ။ သူ့ကို ဖျတ်ကနဲ သတိရမိသည်နှင့် မျက်နှာစာအုပ်ထဲဝင်ပြီး နာမည်ရိုက်ထည့်ကြည့်လိုက်သည်။ နာမည်ဆင်တူနှင့် လူတွေ ထွက်လာသော်လည်း အုပ်စိုးညီကို နီ ကောင်းကောင်း မှတ်မိပါသည်။ ဘေ့စ်ဘောဦးထုပ် နောက်ပြန်ဆောင်းပြီး မျက်နှာပေးတည်တည်နှင့် ညီသည် ဟိုတုန်းကထက် ပိုပြည့်ပြီး ရင့်ကျက်သော လူရွယ်တစ်ယောက်အသွင် ဆောင်နေသည်။

အခုလောက်ဆို ရည်းစားတွေဘာတွေ ရနေရောပေါ့၊ အိမ်ထောင်ကျပြီး ကလေးတောင် ရနိုင်သေးတာပဲ။ Relationship Status ကို ကြည့်လိုက်တော့ Single တဲ့၊ Interested in Women ဆိုတာ ဖတ်ပြီးတော့ နီ သဘောကျစွာ ပြုံးမိသည်။ add friend ကို click လုပ်ရင်ကောင်းမလား၊ မကောင်းလားဟု စဉ်းစားလိုက်သည်မှာ ၃ ရက်ခန့် ကြာသွားသည်။ အင်းလေ… သူငယ်ချင်းအဖြစ် သူလက်မခံတော့လည်း ဘာဖြစ်တာမှတ်လို့၊ တို့နှစ်ယောက်က တစိမ်းတွေမှ မဟုတ်ဘဲ။ အဲဒီတုန်းက ငါ့အပေါ် သူစိတ်နာသွားသလား…၊ ငါ့ကြောင့် သူတဇွတ်ထိုးလျှောက်လုပ်ပြီး အလုပ်ကထွက်သွားတာလား…၊ အို မိနီရယ် ဘာတွေ တွေးနေတာလဲ။ add မယ်ဆိုလည်း မြန်မြန် add လိုက်၊ နို့မို့ရင် ညတိုင်း သူ့စာမျက်နှာကို ၀င်ကြည့်နေရတာ အချိန်ကုန် အလုပ်ရှုပ်တယ်။ အတွေးတွေ လွန်ဆွဲရင်းနှင့်ပင် နီတစ်ယောက် သူငယ်ချင်းစာရင်းထဲမှာ ညီ့ကို ထည့်လိုက်သည်။

နောက်နှစ်ရက်အကြာမှာ ညီက သူ့ကို မိတ်ဆွေအဖြစ် ပြန်အသိမှတ်ပြုလက်ခံကြောင်း အီးမေးလ်ရတော့ ၀မ်းသာသွားသည်။ ရုံးက အိမ်ပြန်ရောက်ရောက်ခြင်း ၀င်ကြည့်မိသည်က အုပ်စိုးညီရဲ့ စာမျက်နှာ။ နယူးဇီလန်နိုင်ငံ ၀ယ်လင်တန်မြို့မှာ သူရောက်နေတာ သိပ်ကြာသေးပုံမရ။ အဲဒီ့မတိုင်ခင် အလုပ်ရာဇ၀င်အရဆိုလျှင် တက္ကဆက်ပြည်နယ်မှ ကုမ္ပဏီတစ်ခုမှာ အလုပ်သင်ဆင်းခဲ့သည်။ နောက်ဆုံးဘွဲ့က ယူအက်စ်က ရတာဆိုတော့ စင်္ကာပူမှာ သူ ၃နှစ်လုပ်ပြီးမှ ဒီဂရီဘွဲ့ယူဖို့အတွက် ကျောင်းသွားတက်တာဖြစ်ရမည်။ ကိုယ့်စိတ်ကူးဖြင့်မှန်းဆကြည့်ရင်း ၆နှစ်အတွင်းမှာ ပြောင်းလဲတိုးတက်မှုတွေနှင့် ညီ့ကိုတွေ့ရတော့ နီ ၀မ်းသာကျေနပ်မိတာအမှန်။ ညီ့နာမည်အပြည့်အစုံနှင့် ဂျီမေးလ်လိပ်စာကိုလည်း လိုရမယ်ရ မှတ်ထားလိုက်သည်။ ညီ့အကြောင်း ဒီလောက်သိခွင့်ရရုံနှင့် နီ ပျော်ရွှင်နေတာ ပုံမှန်မှဟုတ်ရဲ့လားဟု ပြန်တွေးကြည့်တော့ ထိတ်ခနဲ ဖြစ်သွားသည်။ အဲဒီ့ညက အိပ်မက်ထဲ ညီ ရောက်မလာခဲ့ပါ။

(၉)
“နှင်းဆီနီ” ဆိုသော နာမည်ကို ကြားရုံနှင့် ရင်ခုန်ခဲ့ဖူးသော ညီသည် မျက်နှာစာအုပ်က ထိုနာမည်ကိုမြင်တော့ ရင်မခုန်တော့သည်တိုင် အနည်းငယ် အံ့အားသင့်မိသည်။ အတိတ်ကို အတိတ်မှာပဲ ထားရစ်ပြီး မိတ်ဆွေတစ်ယောက်အနေနှင့် ပြန်လက်ခံဖို့ရာအတွက် အချိန်ယူပြီး ညီ မစဉ်းစားခဲ့ရပါ။ ညီ့ကို သတိတရရှိနေသည့်အတွက် ကျေးဇူးတင်ရမလား၊ ၀မ်းသာရမလား ညီ မဝေခွဲတတ်။ အခုအချိန်ထိ သတ္တိသိက္ခာရှိစွာ တစ်ယောက်တည်း ရပ်တည်နေသော သူမကို အားပေးချီးကျူးလိုစိတ်တော့ ညီ့မှာ ရှိခဲ့သည်။ အဲဒီ့အတွက် ညီ သူ့ကို နှုတ်ဆက်စကား အနည်းငယ် ပြောကြားခဲ့သည်။ နောက်ပိုင်း အီးမေးလ် အဆက်အသွယ်ပြန်ရပြီး ညီတို့နှစ်ယောက် မိတ်ဆွေထက် မပိုသော စကားလုံးများဖြင့်သာ ပြောဆိုဆက်ဆံခဲ့သည်။ ညီ့ဘ၀တွင် နှင်းဆီဆူးကို တစ်ကြိမ်သာ အဆူးခံတော့မည်ဟု ဆုံးဖြတ်ထားသည်လေ။

(၁၀)
“ညီရေ… နိုဝင်ဘာလဆန်းကျရင် အော့ခ်ကလန်မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်က သူ့မင်္ဂလာဆောင်ကို ဖိတ်ထားတယ်။ အလုပ်သစ်မှာ တစ်နှစ်ပြည့်တော့မယ်၊ အခုထိ ခွင့်မယူရသေးဘူး၊၊ နယူးဇီလန်လည်း မရောက်ဖူးသေးတာနဲ့ အလည်လာမလားလို့။ ဗီဇာက ခက်တယ်၊ processing ကြာတယ်လို့ ပြောကြတယ်၊ ဒါပေမယ့် နီ့သူငယ်ချင်းက ဗီဇာလျှောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်း၊ အထောက်အထား အားလုံး ပို့ပေးမယ်တဲ့။ တကယ်လို့ လာဖြစ်တာသေချာရင် ညီ့ကို အကြောင်းထပ်ကြားမယ်နော်။ ၀ယ်လင်တန်ကို လာလည်လို့ အဆင်ပြေနိုင်မလားဆိုတာလည်း သိချင်တယ်”

“မနီ… လာလည်မယ်ဆို အဆင်ပြေပါတယ်။ ကျွန်တော်ခွင့်ယူဖို့တော့ အဆင်ပြေချင်မှ ပြေလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်မအားရင် မနီကို လိုက်ပို့ပေးနိုင်မယ့် ကျွန်တော့်မိန်းကလေးသူငယ်ချင်းရှိတယ်။ မြန်မာတော့ မဟုတ်ဘူး၊ အာရှနွယ်ဖွားပါပဲ။ မနီ ဗီဇာရရင်သာ လှမ်းအကြောင်းကြားလိုက်ပါ။ စိတ်မပူပါနဲ့။”

နောက်တစ်လအကြာမှာ နှင်းဆီနီဆီက ဗီဇာရကြောင်း အီးမေးလ်ဝင်လာသည်။ မြန်မာနည်းပါးသော အသိုင်းအ၀ိုင်းကြားရောက်နေ၍ မြန်မာမိတ်ဆွေသူငယ်ချင်းတစ်ယောက် အလည်လာမည်ဆိုတော့လည်း ညီ ၀မ်းသာရသည်။ မနီအတွက် သူနေထိုင်ရာ တိုက်ခန်းနှင့် သိပ်မဝေးသော ဟိုတယ်တစ်ခုမှာ reserve လုပ်ထားပေးလိုက်သည်။ မနီ အလည်အပတ်ရောက်ရှိရာ ၄ ရက်အတွင်း ဘယ်နေရာတွေကို လိုက်ပို့ပေးရမလဲဆိုတာ သူစဉ်းစားပေးသည်။ ညီကိုယ်တိုင်မရောက်ဖူးသော နေရာတွေလည်း ရှိသည်မို့ မနီကိုလိုက်ပို့ရင်း သူပါတစ်ခါတည်း လိုက်လည်ချင်လျှင်တော့ ခွင့်ယူမှရမည်။ ဂရေ့စ်ကို လိုက်ပို့ခိုင်းလျှင် ရပေမယ့် ဧည့်ဝတ်မကျေမှာ စိုးရိမ်သည်။ ထိုညက အတွေးပေါင်းများစွာနှင့် ညီတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့။

(၁၁)
ညီ့ပြန်စာထဲက “ကျွန်တော့် မိန်းကလေးသူငယ်ချင်း” ဟူသော စကားလုံးသည့် နီ့စိတ်ကို အနည်းငယ် အနှောင့်အယှက်ဖြစ်စေသော်လည်း ညီ့ကို မကြာခင် ပြန်ဆုံတွေ့ရမည်ဟူသော မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုကို အားပျော့သွားလောက်အောင်တော့ မထိခိုက်ခဲ့ပါ။

သူငယ်ချင်းမင်္ဂလာပွဲကျင်းပရာ အော့ခ်ကလန်မှာ တစ်ပတ်ခန့်နေပြီးမှ ၀ယ်လင်တန်သို့ ရထားစီးပြီး လာခဲ့သည်။ ညီက အချိန်ကုန် သက်သာအောင် လေယာဉ်ဖြင့် လာစေချင်သော်လည်း နယူးဇီလန်၏ သဘာဝအလှအပများကို တငေးတမော ကြည့်ချင်သဖြင့် အော့ခ်ကလန်အပြန်ကိုသာ လေယာဉ်လက်မှတ် ယူထားခိုင်းလိုက်သည်။

၁၂ နာရီနီးပါး စီးရသော ခရီးတစ်လျှောက် ပတ်ဝန်းကျင်အလှများကို ငေးမောခံစားရင်း ညီ့နှင့် ပြန်ဆုံရမည့်အခိုက်အတန့်ကို ကြိုတင်စိတ်ကူး မြင်ယောင်နေမိသည်။

ဝယ်လင်တန်ဘူတာရုံသို့ ရထားဆိုက်ကပ်ချိန်မှာ နီ့လက်ဖျားတွေ အေးစက်နေပြီး နှလုံးသားက ပူနွေးနေကြောင်း အံ့သြစွာ သတိပြုလိုက်မိသည်။

ညီ့ကို ၀မ်းသာအားရ လက်ပြ ပြုံးရယ်နှုတ်ဆက်နေသော နှင်းဆီနီသည် ဟိုတုန်းက ညီစွဲလန်းခဲ့သော ပိန်ပိန်ပါးပါး ပန်းကလေးတစ်ပွင့် မဟုတ်တော့သည့်အတိုင် ကြည့်၍ကောင်းနေဆဲ။ မျက်တွင်းတို့ အနည်းငယ်ကျသွားသည့်တိုင် ပြုံးယောင်သန်းသော မျက်ဝန်းအစုံက ကြည်လင်တောက်ပဆဲ။

“မမ… ၀လာတယ်” ညီက သွားတက်ကလေးပေါ်အောင် ရယ်မော နှုတ်ဆက်တော့ နီက ရယ်ကျဲကျဲနှင့် ပြန်ဖြေသည်။
“ဟုတ်တယ်… ၅နှစ်အတွင်း တစ်နှစ်ကို ၁ကီလိုနှုန်းနဲ့ ၅ ကီလိုတောင် တက်လာတာ။ အခုတော့ ဆက်မတက်အောင် အစားလည်းလျှော့၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ထိန်းနေရတာ။” “မင်းလည်း အရင်ကထက်စာရင် လူကြီးရုပ်ထွက်ပြီး ပိုပြည့်လာသားပဲ၊”

“…….. …………. …………”
“………………………………”
“……………. ……………..”

(၁၂)
အထီးမကျန်ခဲ့သည့်တိုင် အနည်းငယ်ခြောက်သွေ့အေးစက်ခဲ့သော နီ့ဘ၀သည် ညီနှင့် ပြန်ဆုံတွေ့ချိန်မှစ၍ ပြန်လည်စိမ်းလန်း နွေးထွေးလာခဲ့သည်။ နှစ်အတော်ကြာကြာ အရေးတယူ မစဉ်းစားခဲ့သည့် မိန်းမတစ်ယောက်၏  အားကိုးမှီတွယ်လိုစိတ်၊ အချစ်နှင့် ဘ၀လုံခြုံနွေးထွေးမှု စသည့် အကြောင်းအရာနှင့် ခံစားမှုအဓိပ္ပာယ်တို့ကို နီ ရေးရေး သဘောပေါက်လာသည်။

ညီက အလုပ်မှ ခွင့်ယူထားပြီး ရသမျှအချိန်အတွင်း ၀ယ်လင်တန်နှင့် အနီးတစ်ဝိုက်စုံအောင် အချိန်ဇယားရေးဆွဲပြီး လိုက်ပို့ပေးသည်။ အမျိုးသားပြတိုက်၊ ရုက္ခဗေဒဥယျာဉ်၊ ကမ်းခြေ၊ တိရစ္ဆာန်ဥယျာဉ်နှင့် Lord of Rings ဇာတ်ကားရိုက်ကွင်းတွေကို သွားကြည့်ကြသည်။ နှင်းဆီနီတစ်ယောက် ကလေးတစ်ယောက်လို စိတ်လက်ပေါ့ပါးပြီး ရွှင်မြူးနေတာ မြင်ရတော့ ညီလည်း ပျော်နေသည်။

တစ်ချိန်က ကလေးဆန်ပြီး အနည်းငယ် ဆိုးချင်ခဲ့သော ညီ့နေရာကို  နီ ရောက်သွားပြီး သူကတော့ လူကြီးတစ်ယောက်လို တည်တည်ငြိမ်ငြိမ်နှင့် နီ စားချင်သမျှ လိုက်ဝယ်ကျွေး၊ သွားချင်တဲ့နေရာမှန်သမျှ လိုက်ပို့ပေး၊ နီ မသိမသာ ဂျီကျစိတ်ကောက်ချင်တာ နားလည်သည်းခံပေးရင်း ဟိုတုန်းကထက် အများကြီး ပိုရင်းနှီးသွားသလို ခံစားလိုက်ရသည်။ ဟိုတုန်းက သူသိကျွမ်းခဲ့ဖူးသော နှင်းဆီနီမှ ဟုတ်ရဲ့လားဟု သံသယ၀င်လာသည်။ သူ့နှလုံးသားက နှင်းဆီနီဆိုသော မိန်းမတစ်ယောက်နှင့် ပတ်သက်ပြီး ဘယ်တုန်းကမှ ထိခိုက်နာကျင်မှု မရှိခဲ့သလို ခံစားလာရသည်။

(၁၃)
“မနီ မပြန်ခင်တစ်ရက်  ကျွန်တော့်အိမ်မှာ ဖိတ်ကျွေးချင်တယ်။ ကျွန်တော်ကိုယ်တိုင်ချက်တဲ့လက်ရာနဲ့ ဧည့်ခံချင်လို့ပါ။ မနီ ဘာစားချင်လဲ”
“တို့က အစားမရွေးဘူး၊ ညီ အဆင်ပြေတာချက်၊ အဲ… ညီချက်တတ်တဲ့အထဲက အကောင်းဆုံးလက်ရာကို ကျွေးလေ… တို့မွေးနေ့ အမှတ်တရ ဖြစ်သွားအောင်”
“ဟာ… မမ မွေးနေ့လား၊ ကြိုမပြောဘူးဗျာ၊”
“ကြိုသိရင် လက်ဆောင်တွေဘာတွေပေးဖို့ စဉ်းစားအလုပ်ရှုပ်နေရဦးမယ်၊ ခုသိသွားပြီ မဟုတ်လား၊ ဘာမှ မ၀ယ်နဲ့၊ တို့ကို ညီ့လက်ရာ ညစာပဲ ကျွေးပါ။ ဒီကပြန်ရင် ဟိုတယ်တစ်ခေါက်ပြန်နားပြီး ပစ္စည်းတွေဘာတွေ သိမ်းလိုက်ဦးမယ်။ မနက်ဖြန် မနက် ၁၀နာရီခွဲ လေယာဉ် check-in ၀င်ရမှာလေ။ ညနေမှ ရေမိုးချိုးပြီး ညီ့အိမ့်ဘက်ကို အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့မယ်”
“ကောင်းပါပြီ ဗျာ”
“ခဏလေး… ညီ၊ ဂရေ့စ်ကိုရော ဖိတ်ဦးမှာလား”
“ဟင့်အင်း… မိတ်ဆွေဟောင်းနှစ်ယောက်ရဲ့ ပြန်တွေ့ဆုံပွဲ အထိမ်းအမှတ်မှာ သူငယ်ချင်းကို မဖိတ်တော့ဘူး”

(၁၄)
ဖယောင်းတိုင်ထွန်းထားသော လေးထောင့်စားပွဲသေးသေးမှာ ညီနှင့်အတူ မျက်နှာချင်းဆိုင်ထိုင်ပြီး ညစာစားခဲ့ရသည့် တစ်ခုသောမွေးနေ့၏ ညနေခင်းသည် မမေ့နိုင်စရာကောင်းလောက်အောင် လှပဆန်းကြယ်ခဲ့သည်။ နီတို့နှစ်ယောက်ကြား မသိလိုက်တဲ့ အဖြစ်အပျက်တွေ၊ မပြောဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ အဲဒီ့နေ့မှာမှ ပြောပြခွင့်ရကြသည်။ ဖယောင်းတိုင်မီးရောင်ကြားက မျက်ဝန်းနှစ်စုံက ကြည်နူးရွှင်ပျ ရယ်မောခြင်းတွေနဲ့အတူ မကြာခဏ အကြည့်ချင်းဆုံမိသည်။ စားပွဲပေါ်ရှိ ဖန်အိုးထဲက တစ်ပွင့်တည်းသော အနီရောင်နှင်းဆီမှလာသော မွှေးရနံ့သည် လူနှစ်ယောက် စကားသံကြားမှာ ချိုမြထုံသင်းနေသည်။

တစ်စုံတစ်ယောက်ရဲ့ လက်ဖျားတွေ အေးစက်နေပြီး တစ်စုံတစ်ယောက်ရဲ့ နှလုံးခုန်နှုန်း စိပ်လာသည်။ တစ်စုံတစ်ယောက်က အချစ်ဆိုသောအရာမှာ ပျော်ဝင်ခံစားနေပြီး တစ်စုံတစ်ယောက်က ပျောက်ဆုံးသွားပြီဟု သူထင်ခဲ့သော အရာတစ်ခုကို မထင်မှတ်ဘဲ ပြန်လည်တွေ့ရှိသွားသည်။ တစ်ယောက်သောသူ၏လက်ဖ၀ါးမှ ခွန်အားနှင့်နွေးထွေးကြင်နာမှုသည်  အခြားတစ်ယောက်၏ လက်ချောင်းများမှတစ်ဆင့် သွေးကြောများထဲသို့ ပျံ့နှံ့စီးဝင် ရောက်ရှိသွားခဲ့သည်။ အရာအားလုံး ရုတ်တရက် တိတ်ဆိတ်သွားချိန်မှာ ခပ်တိုးတိုးဖွင့်ထားသော သီချင်းသံကို နှစ်ဦးသား သတိပြုမိသွားသည်။ 
Celine Dion ၏ Falling into You…

I’m falling into you
This dream could come true
And It feels so good falling into you
Falling like a leaf, falling like a star
Finding a belief, falling where you are

ဇွန်းခက်ရင်းတစ်စုံ လွတ်ကျသံကြားမှာ သီချင်းသံ ကွယ်ပျောက်သွားသည်။ ထိုညက ကောင်းကင်မှာ ကြယ်တာရာတို့ စုံညီစွာ ခစားလျက် တောက်ပနေခဲ့ကြသည်။

(၁၅)
မနက်ခင်းနေခြည်နုနုသည် အိပ်ခန်းဘေးက မှန်ပြတင်းကို ထိုးဖောက်၍ ညီ့မျက်နှာပေါ်သို့ ဖြာကျနေသည်။ ဇာခန်းဆီးဖြူကို ဖြတ်တိုက်လာသော ၀ယ်လင်တန်လေပြင်းကြောင့် စိမ့်ကနဲဖြစ်ပြီး ညီ နိုးလာသည်။ အိပ်ရာနံဘေးရှိ စားပွဲပုလေးပေါ်က နာရီကို လှမ်းယူကြည့်လိုက်တော့ ၁၀နာရီ။ နာရီပြန်အထားမှာ လက်က တစ်စုံတစ်ခုနှင့် ထိမိပြီး စူးကနဲ ဖြစ်သွားသည်။ အလန့်တကြား ကြည့်လိုက်မိတော့ အနီရင့်ရောင်နှင်းဆီတစ်ပွင့်နှင့် စာရွက်ခေါက်လေးတစ်ခု။

ညီ…


ဘယ်နှစ်နှစ်မြောက်မွေးနေ့လဲလို့  မမေးခဲ့ဘူးနော်၊ ဘယ်တုန်းကမှ ပြောမပြခဲ့တဲ့ တို့မွေးနှစ်ကို သိနေခဲ့လို့လား၊ ဒါမှမဟုတ် အားနာလို့လား။

တို့ရဲ့ မာနနဲ့အတ္တကို ရှေ့တန်းတင်ခဲ့ပြီး အချစ်ကို မျက်ကွယ်ပြုခဲ့တဲ့အတွက် အခုချိန်မှာ နောင်တရနေမိတယ်။

၃၅ ဆိုတဲ့ အသက်အပိုင်းအခြားရောက်မှ အချစ်ကို ခံစားနားလည်ပြီး တစ်စုံတစ်ယောက်နဲ့ ဘ၀တစ်ခု ဝေမျှတည်ဆောက်ဖို့ နောက်ကျသွားပြီထင်ပါရဲ့ကွယ်။

ချစ်သူနဲ့အတူ နိုးထခွင့်ရတဲ့ ကြည်နူးစရာ မနက်ခင်းတစ်ခုကို တို့အမြဲမှတ်ရနေမှာပါ။

ဝယ်လင်တန်မှာ အတူရှိပေးခဲ့တဲ့ အချိန်တိုင်းအတွက် ကျေးဇူးတင်ပါတယ်။ 


မြတ်နိုးစွာ
နီ

(၁၆)
ဟိုတယ်ကနေ check in လုပ်ပြီး တစ်ခါတည်း လေဆိပ်ထွက်ခဲ့သည်မို့ အချိန်အနည်းငယ် စောနေသေးသည်။ လေဆိပ်ထဲက ကော်ဖီဆိုင်မှာ ခဏထိုင်ရင်း မွေးနေ့ဆုတောင်းအီးမေးလ်တွေဖတ်ပြီး  မိတ်ဆွေများဆီ ကျေးဇူးတင်ကြောင်း မေးလ်ပြန်ပို့နေလိုက်သည်။ သူငယ်ချင်းတစ်ယောက် မွေးနေ့လက်ဆောင်ပို့ထားသော attachment ကို ဖွင့်လိုက်တော့ Feeling 35 စာအုပ်ဖြစ်နေသည်။ နီ ပြုံးရယ်မိရင်း တစ်စုံတစ်ခုကို သတိရသွားသည့်အခါ တွေတွေငေးငေးဖြစ် သွားသည်။ အချစ်ကို တွေ့ရှိခဲ့သောနေရာမှာ အချစ်ကို ပြန်လည်ထားခဲ့ရတော့မည်။

check in ၀င်ဖို့ တန်းစီနေရင်း မဖြစ်နိုင်သည့် အရာတစ်ခုအပေါ် မျှော်လင့်ချက်တွေ ထားနေမိသည့် ကိုယ့်ကိုယ်ကို စိတ်ဆိုးချင်သည်။ boarding pass ကို အသင့်ပြင်ပြီး သက်ဆိုင်ရာအရာရှိထံသို့ ပြလိုက်စဉ်  ၀မ်းနည်းမှုက ရင်ထဲမှာ ကြီးစိုးသွားသည်။

“မ...”

“မမ...”

ခပ်လှမ်းလှမ်းက အမောတကော အော်ခေါ်သံသည် နီ့နားစည်သို့ ရိုက်ခတ်လာခဲ့သည်။ နီ လှည့်မကြည့်ဘဲ ရှေ့သို့ခြေတစ်လှမ်း တိုးလိုက်သည်။

“နီ”

ခေါ်သံကျယ်လောင်လွန်းသဖြင့် အနားမှာရှိနေသော လူများပင် အထိတ်တလန့် ဖြစ်သွားပြီး အသံလာရာဆီကို ပြိုင်တူလှမ်းကြည့်လိုက်ကြသည်။ နီ့ခန္ဓာကိုယ်တစ်ခုလုံး ဆတ်ကနဲ တုန်ယင်သွားပြီး ခြေလှမ်းတို့ ရပ်တန့်သွားသည်။

ညီက အသံကို မနှိမ့်ဘဲ ဆက်အော်ပြောသည်။

”နီ…. ကျွန်တော်တို့နှစ်ယောက်ကြားမှာ အသက်ကန့်သတ်ချက်ဆိုတာ မရှိဘူး၊ အနီးအဝေးဆိုတာ မရှိဘူး။ စောတာတွေ နောက်ကျတာတွေ မရှိဘူး။ ချစ်ခြင်းမေတ္တာနဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ပဲရှိတယ်။ ဒါကြောင့် ကျွန်တော်ရှင်သန်နေသမျှ မနက်ခင်းတိုင်းကို နီနဲ့အတူ နိုးထခွင့်ပေးပါ။”

ညီ့ကို ပြန်လှည့်ကြည့်သော နီ့မျက်ဝန်းမှာ မျက်ရည်တို့ ရစ်ဝဲလျက်။

“ကျွန်တော် အသက် ၂၈ နှစ်ရှိပါပြီ။ ဒီတစ်ခါ သေသေချာချာ စဉ်းစားပြီးမှ ပြောတာပါ။ နီ့ကို လက်ထပ်ပါရစေ”

ညီ့ရဲ့ တောင်းပန်တိုးလျှိုး အော်သံအဆုံး နီပြုံး၍ ခေါင်းညိတ်ပြလိုက်စဉ် မျက်ရည်စတစ်ချို့ လွင့်စင်သွားခဲ့သည်။


ထိုအချိန်မှစ၍ နှင်းဆီတစ်ပွင့်၏ နံနက်ခင်းများ နွေးထွေးလှပခဲ့ကြောင်း  ငှက်ကလေးများက ချိုတေးသီရင်း နေမင်းကြီးအား ပြောပြခဲ့ကြပါသည်။ 



ဇွန်မိုးစက် 

(နှင်းဆီပုံလေးကို Google Image ကနေ ရှာယူထားပါတယ်)

my collection - 2

11

Category: ,

my collection ဆိုပြီး ဒီမှာ တစ်ခါ တင်ဖူးပါတယ်။ အခု collection အပိုင်း - ၂ ကတော့ ၂၀၁၀ နဲ့ ၂၀၁၁ အတွင်းမှာ ထပ်ပြီး စုဆောင်းရမိတဲ့ နိုင်ငံစုံက သော့ချိတ်တွဲလေးတွေ၊ သံလိုက်လေးတွေပါ။ ပြီးခဲ့တဲ့ ၂နှစ်အတွင်း ကိုယ်တိုင် ခရီးတွေသွားဖြစ်သလို လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအတော်များများလည်း သွားဖြစ်တာမို့ အမှတ်တရပစ္စည်းလေးတွေ ထပ်တိုးလာပြီး အရင်ထည့်နေကျ စက္ကူဗူးလေးမှာ မဆံ့တော့တာနဲ့ ဖိနပ်ဗူးသစ် အလွတ်တစ်ခုရှာပြီး ပြောင်းထည့်လိုက်ရပါတယ်။ ဒါတောင် နဲနဲကြီးတဲ့အရုပ်တစ်ချို့ကို သပ်သပ်သိမ်းထားတာပါ။


ဒီတစ်ခါ collection မှာ ထူးခြားတာက ဘလော့ဂါမိတ်ဆွေများရဲ့ အမှတ်တရ လက်ဆောင်လေးများ ပါဝင်နေခြင်းပါ။

 
ဒါက Asia collection လို့ ပြောလို့ရပါတယ်။ 

အင်ဒိုနီးရှား၊ ကိုးရီးယား၊ ဒူဘိုင်း၊ စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်နဲ့ သူငယ်ချင်း မေမဒီရဲ့ အမှတ်တရ မြန်မာပြည်ချောင်းသာက ခရုခွံလေးလည်း ပါပါတယ်။ နောက်တန်း ညာအစွန်က ဘာလီကားသော့တွဲက ရီတာ့ဆီကဖြစ်ပြီး၊ အလယ်တန်းက ထိုင်းဆင်ရုပ်လေးက ကြယ်ပြာ့ လက်ဆောင်ပါ။ ကိုယ့်ဝါသနာကိုသိလို့ မမေ့မလျော့ ယူလာလက်ဆောင်ပေးသူတွေထဲမှာ မမင်း တစ်ယောက်လည်း အပါအ၀င်။ ရှေ့ဆုံးတန်း တတိယမြောက် သော့တွဲက မမင်းရဲ့ ထိုင်ဝမ်အမှတ်တရနဲ့ သူ့ဘေးကပ်ရပ်က ချော့ကလက်ရောင် အမွေးပွအိတ်သေးလေးကတော့ အစ်မချစ်ရဲ့ ဘိုဟိုးလ်ကျွန်းအပြန်လက်ဆောင်ပေါ့။ ကျန်တာတွေကတော့ သူငယ်ချင်းမိတ်ဆွေတစ်ချို့နဲ့ လုပ်ဖော်ကိုင်ဖက်တို့ရဲ့ အမှတ်တရ လက်ဆောင်လေးတွေပါ။

 
စပိန်နိုင်ငံအမှတ်တရ ဘာစီလိုးနားသော့တွဲနဲ့ ပြင်သစ်ပြည်က အီဖယ်လ်မျှော်စင်ကို ကိုယ်တိုင်မရောက်သေးပေမယ့် သွားဖြစ်တဲ့ သူငယ်ချင်းတစ်ချို့က ယူလာပေးပါတယ်။ ဆွစ်စ်နာရီလေးကတော့ somerset 313 က မာရှေး (Marche') ဆိုင်မှာ သွားစားရင်း တွေ့လို့ သဘောကျပြီး ၀ယ်လာခဲ့တာပါ။ ဆွစ်ဇာလန်ကို မရောက်ဖူးသေးပါဘူး။ :D

ကိုယ်ပိုင်ခရီးသွားအမှတ်တရ စုဆောင်းမှုပါ။ နောက်တန်းက ကင်မရွန်းကုန်းမြင့်ဒေသနဲ့ ကွာလာလမ်ပူအမှတ်တရဖြစ်ပြီး၊ ရှေ့တန်းက ဆစ်ဒနီနဲ့ကင်ဘာရာ အမှတ်တရလေးတွေပါ။ 


တစ်မြို့ရောက်ရင် တစ်ခါဝယ်၊ တစ်နေရာရောက်ရင် တစ်ခုယူ၊ လူကြုံရှိတဲ့အခါ တစ်ခါမှာဆိုတော့ စုဆောင်းမိတဲ့ ဒေသအလိုက် အမှတ်တရ ပစ္စည်းလေးတွေ အတော့်ကို များနေပါပြီ။ ဓာတ်ပုံထဲမှာ မပါတဲ့ သော့တွဲနဲ့ သံလိုက်လေးတွေ ကျန်ပါသေးတယ်။ လောလောဆယ် အိမ်မှာ ထားစရာ နေရာမရှိတော့ သူတို့ကို လှလှပပ စီရရီ အပြင်ထုတ်မထားနိုင်ဘဲ စက္ကူဗူးထဲမှာပဲ ထည့်သိမ်းထားရပါတယ်။ နောက်ထပ် ခရီးတွေသွားဖြစ်ရင် လက်ဆောင်တွေထပ်ရရင် A4 ပုံး ရှာပြီး ထည့်ရတော့မယ် ထင်ပါရဲ့။ :D

ဇွန့်အတွက် သတိတရ လက်ဆောင်ယူလာခဲ့ပေးသူများ အားလုံးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ :))



ဇွန်မိုးစက်