(က)
ယေဘုယျအားဖြင့်
သူမကို မိရိုးဖလာဗုဒ္ဓဘာသာဝင် မိဘနှစ်ဦးမှ မွေးဖွားလာသောကြောင့် ဘာသာတရားအပေါ်၌ လေးစားကိုင်းရှိုင်းသော
မိန်းမပျိုတစ်ဦးဟု လူအများက ထင်မှတ်ယုံကြည်လျက်ရှိကြသည်။ တကယ်တော့ သူမသည် ခရစ်ယာန်ဘာသာဝင်
မိခင်ဝမ်းမှာ ၀င်စားခဲ့ခြင်းဖြစ်သည်။ သူမ မိခင်ဘက်မှ အဖိုးနှင့်အဖွား၊ ဦးလေးနှင့်
အဒေါ်များအားလုံး ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ သူမ ငယ်စဉ်က အဖွား၏ သမ္မာကျမ်းစာပါဇာတ်တော်များ
နားထောင်ပြီး အိပ်ရာဝင်ခဲ့ဖူးသည်။ အဖွားတို့မြို့က အပတ်စဉ်ဝတ်ပြုဆုတောင်းသော ဘုရားရှိခိုးကျောင်းမှာ
ခရစ္စမတ်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ဖူးသည်။ သူမ မိခင်နှင့်လည်း ရန်ကုန်မြို့ထဲက
ဘုရားရှိခိုးကျောင်းများသို့ သွားရောက်ဝတ်ပြုခဲ့ဖူးသည်။ သူမအစ်ကိုဝမ်းကွဲက လက်ဆောင်ပေးသော
ဓမ္မသစ်ကျမ်းစာလည်း ဖတ်ရှုခဲ့ဖူးသည်။ သူမ မှတ်မိသလောက် သူမ၏ မိခင်နှင့်ဖခင်ဖြစ်သူ နှစ်ဦးစလုံးက
သူမကို ဘယ်သာသာဝင်ရမည်ဟု တိုက်တွန်းဆွယ်ယူခြင်း လုံးလုံး မပြုခဲ့ပါ။ သူမ အဖေဘက်မှအဖွား
အိမ်မှာညအိပ်အလည်အပတ်ရောက်လာသည့်အခါ သူမတို့မောင်နှမကို ဘုရားစင်ရှေ့မှာ အတူဘုရားရှိခိုးစေပြီး
ဘုရားစာများကို ရွတ်ဆိုသင်ပေးခဲ့သည်။ ထို့ကြောင့် သူမသည် သြကာသကန်တော့ခန်းမှစသော အခြေခံဘုရားစာများကို
အလွတ်ရနေခဲ့ပြန်သည်။
သူမ
အလယ်တန်းရောက်သောအခါ ခရစ်ယာန်ဘာသာ၌ လွန်စွာယုံကြည်ကိုးစားသော သူငယ်ချင်းတစ်ယောက်နှင့်
ခင်မင်မိသည်။ ထိုသူငယ်ချင်းက သူမအား ခရစ်ယာန်ဘာသာသို့ လုံးလုံးကူးပြောင်းရန် တိုက်တွန်းပြီး
သူ့အစွမ်းအစနှင့် ရသလောက်ကြိုးစားအားထုတ်ခဲ့သည်။ သူမကလည်း ညစဉ်အိပ်ရာမ၀င်မီ သူငယ်ချင်းပေးသော
ဝိညာဉ်ရိပ်သာ စာအုပ်များဖတ်ပြီး ဘုရားသခင်ထံပါး ဆုတောင်းခဲ့သည်။ သူမ၏ အမေဘက်မှ အဖွားက
သူမအား အသက်ဆယ့်ရှစ်နှစ်ပြည့်သောအခါ ဘာသာတစ်ခုခုကို ဆုံးဖြတ်ကိုးကွယ်ရမည်ဖြစ်ကြောင်း၊
ထိုဘာသာသည် ခရစ်ယာန်ဘာသာသာ ဖြစ်သင့်ကြောင်း သူမကို မကြာခဏ မှာကြားခဲ့ဖူးသည်ကို သတိရသည်။
သူမကိုယ်တိုင်လည်း အေးချမ်းလှသောအဖွားနှင့်ဦးလေးတို့ကိုကြည့်ပြီး ခရစ်ယာန်ဘာသာဝင်တို့သည်
အစဉ်အေးချမ်းပြီး စိတ်သဘောထားကောင်းမွန်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တို့မှာ သူတို့နှင့်ယှဉ်လျှင်
ပူလောင်ကာ သဘောထားမပြည့်ဝကြောင်း စိတ်မှာစွဲထင်နေပြီး တစ်နေ့ သူမ ယုံကြည်ကိုးကွယ်ရမည့်
ဘာသာသည် ခရစ်ယာန်ဘာသာသာ ဖြစ်ရမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
သူမ
သတ္တမတန်းသို့ရောက်ချိန်တွင် သူမမိခင်သည် ဖခင်၏တိုက်တွန်းမှုလုံးလုံးမပါဘဲ ကိုယ်ပိုင်ယုံကြည်မှုဖြင့်
ဗုဒ္ဓဘာသာ၌ သက်ဝင်ဆည်းကပ်မှု ပြုခဲ့သည်။ ခရစ်ယာန်ဘက်သို့ စိတ်ယိုင်နေသော သူမအား ဘုရားသောက်တော်ရေများ
လဲလှယ်ကပ်ယူခိုင်းခြင်း၊ ဘုရားပန်းအိုးများ ဆေးကြောစေခြင်းတို့ကို လုပ်ဆောင်ခိုင်းသောအခါ
သူမ စိတ်ထဲ သိပ်အလိုမကျခဲ့။ သို့သော် မိခင်ကို ချစ်ကြောက်ရိုသေလေးစားသူပီပီ မိခင်ညွှန်ကြားသမျှ
သူမ လုပ်ဆောင်ပေးခဲ့သည်။ သူမတို့ ဆယ်တန်းအောင်ပြီးချိန်တွင် သူမ အသက် ၁၇နှစ် ပြည့်ခဲ့ပြီ။
အသက် ၁၈နှစ်တွင် ဘာသာတစ်ခုခုကို ဆုံးဖြတ်ရွေးချယ်ရမည်ဟူသော အဖွား၏စကားကို ကြားယောင်ကာ
သူမ ဘယ်သာသာကို ယတိပြတ်ယုံကြည်ကိုးကွယ်ရမည်လဲဟု တွေဝေစဉ်းစားခဲ့သည်။ သူမ ပြတ်ပြတ်သားသား
မဆုံးဖြတ်နိုင်ခဲ့သော်လည်း စိတ်ထဲမှာ ခရစ်ယာန်ဘာသာက အလေးသာနေခဲ့သည်။
ထိုနှစ်များအတွင်း
သူမ၏မိခင်သည် ဗုဒ္ဓတရားတော်များအပေါ် အဆတိုး၍ ထဲထဲဝင်ဝင် သက်ဝင်ယုံကြည်လာပြီး အိမ်၌ရဟန်းသံဃာများကို
နေ့စဉ်ဆွမ်းပင့်လောင်းလှူခြင်း၊ သဒ္ဓါတရားကြီးမားစွာဖြင့် အမျိုးမျိုးသော အလှူဒါနများကို
ကိုယ်တိုင်ပြုလုပ်လှူဒါန်းရုံသာမက မိသားစုဝင်မိတ်ဆွေများကိုလည်း လှူဒါန်းရန် တိုက်တွန်းခြင်းများကို
စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သည်။ သူမကိုလည်း မနက်စဉ် သံဃာအပါး နှစ်ဆယ်ကျော်အတွက် ဆွမ်းချက်ပြုတ်ပေးရန်၊
ဈေးဝယ်သွားရန် အလှည့်ကျ စီမံဆောင်ရွက်စေခဲ့သည်။ သူမ မိခင်၏ဆန္ဒအရကူညီလုပ်ဆောင်ပေးရသော်လည်း
ထိုအချိန်ထိ သူမကိုယ်သူမ ဗုဒ္ဓဘာသာဝင်တစ်ဦးဟု မမှတ်ယူမိသေး။ သို့သော် ဘုရားရှိခိုးခြင်း၊
ဘုရားစာရွတ်ဖတ်ပူဇော်ခြင်း၊ သံဃာတော်များကို (ဟိုးယခင်က ရှိခိုးရန် ၀န်လေးခဲ့ဖူးသော်လည်း)
ရှိခိုးကန်တော့ခြင်းများတော့ သူမ လုပ်ဆောင်ခဲ့သည်။ သူမအသက်လည်း နှစ်ဆယ်ပြည့်ခဲ့ပြီ။
နောက်နှစ်အနည်းငယ်အကြာတွင် သူမ နိုင်ငံရပ်ခြားသို့ ပညာသင်သွားရန် အစီအစဉ်တွေရှိနေခဲ့ပြီ။
သူမစိတ်ထဲ တွေးနေခဲ့သည်မှာ သူမ အိမ်မှဝေးရာနိုင်ငံခြားရောက်သည်အခါ သူမဆန္ဒရှိသော ဘာသာဝင်အဖြစ်
တစ်ဦးတည်း လွတ်လွတ်လပ်လပ် ခံယူနိုင်ပြီဟူ၍ဖြစ်သည်။
(ခ)
သူမအား
ကိုယ်ဝန်ဆောင်ထားစဉ်က ခရစ်ယာန်ဘာသာဝင်ဖြစ်သော မိခင်က အိပ်မက်တစ်ခုမက်သည်။ ရွှေတိဂုံဘုရားပေါ်မှာ
ဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်တစ်ပါးက အထုပ်ဖြူဖြူလေးတစ်ခု လာပေးခဲ့သည်။ ထိုအထုပ်လေးထဲမှ
ကလေးငယ်သည် သူမဖြစ်သည်။ ထိုအိပ်မက်ကြောင့်လား မသိ၊ သူမငယ်စဉ်က မွေးနေ့ရောက်တိုင်း မိခင်က
ဘုရားမကန်တော့သော်လည်း သူမကို ရွှေတိဂုံဘုရားသို့ခေါ်သွားလေ့ရှိသည်ကို အမှတ်ရသည်။ တစ်ခါက
သူမတို့အိမ်ကို လာရောက်လည်ပတ်သော အသိ မယ်သီလရှင်ကြီးတစ်ဦးက သူမကို ဘာသာရေးနှင့်ပတ်သက်ပြီး
အကျိုးပြုဆောင်ရွက်ရသော ပုဂ္ဂိုလ်ဖြစ်လိမ့်မည်ဟု ဗေဒင်ဟောသောအခါ သူမ စိတ်ထဲသိပ်ဘ၀င်မကျခဲ့။
ဒီလိုကိစ္စရပ်မျိုးဖြစ်လာနိုင်စရာအကြောင်းမရှိဟုသာ သူမ ယုံကြည်ခဲ့သည်။ သို့သော် သူမနိုင်ငံရပ်ခြားသို့
မထွက်မီက ကြုံခဲ့ရသော သင်္ကြန်ကာလတစ်ခုသည် သူမ၏ အတွေးအမြင်ယုံကြည်ချက်များကို မထင်မှတ်ဘဲ
ပြောင်းလဲစေခဲ့သည်။
(ဂ)
သင်္ကြန်ရက်များအတွင်း
တစ်ဖက်ခန်းမှ အန်တီအပျိုကြီးနှင့်အတူ မှော်ဘီရှိ သဲအင်းဂူတရားရိပ်သာ၌ ရက်သတ္တပတ်တရားစခန်းဝင်ရန်
မိခင်ဖြစ်သူက တိုက်တွန်းခဲ့သည်။ အစပိုင်းက သိပ်စိတ်မပါခဲ့သော်လည်း နိုင်ငံရပ်ခြား၌
မိမိထက်တစ်နှစ်စောပြီးရောက်ရှိနေသော ချစ်သူရည်းစားကို လွမ်းမိသည်ကတစ်ကြောင်း၊ အများပြောပြောနေသော
တရားစခန်းဝင်သည်ဟူသော အတွေ့အကြုံကို သိလိုရယူချင်သည်ကတစ်ကြောင်းမို့ မိခင်၏တိုက်တွန်းချက်ကို
လက်ခံပြီး ထိုအန်တီနှင့်အတူ တရားစခန်းဝင်ခဲ့သည်။ ထို့ယခင်က တရားတစ်ခါမျှ မထိုင်ဖူးသော
သူမအတွက် သဲအင်းဂူ၏တရားက ပြင်းလွန်းလှသည်။ တရားထိုင်ချိန် နှစ်နာရီကြာအတွင်း နေရာအနေအထားမပြောင်းဘဲ
ဝင်လေထွက်လေကို အာရုံစူးစိုက်ရှူမှတ်ရချိန်သည် သူမအတွက် ဒုက္ခဆင်းရဲ အကြီးအကျယ်ခံစားခဲ့ရချိန်ဖြစ်သည်။
တရားပြဆရာတော်များက ယောဂီအသစ်များ တစ်နာရီကြာသာထိုင်လိုကထိုင်နိုင်ပြီး ဝေဒနာပြင်းလွန်း၍
မခံမရပ်နိုင်ဖြစ်လာလျှင် အနေအထားပြောင်းချင်ပြောင်းလို့ရကြောင်း၊ သို့သော် မကြာခဏပြောင်းခြင်းမျိုးတော့
မပြုလုပ်သင့်ကြောင်း ပြောပြပေးသောအခါမှသာ သူမအတွက် အနည်းငယ် အဆင်ပြေသွားခဲ့သည်။ လေးရက်မြောက်နေ့တွင်
သူမ၏သမာဓိများလွန်စွာကောင်းလာပြီး နှစ်နာရီကြာသည်အထိလည်း ထိုင်နိုင်ခဲ့ပြီဖြစ်သည်။
တစ်ချိန်တွင်
သူမသည် ၀င်လေထွက်လေပေါ်မှာ အာရုံစူးစိုက်မှုအပြည့်ဖြင့် သတိကပ်နိုင်သွားကာ ၀င်လေထွက်လေကြောင်းကို
စိတ်ဖြင့် သိသိသာသာ ထင်ထင်ရှားရှား မြင်နေရသည်။ သူမ၏ စိတ်များ ခန္ဓာနှင့်တဒင်္ဂကင်းကွာသွားပြီး
သူမသည် အသက်မှန်မှန်ရှူနေသော ခန္ဓာကြီးကို အပေါ်စီးမှ ပြန်ငုံ့မိုး၍ ကြည့်နေသည့်အလား
မြင်နေရသည်။ ထိုအခိုက်အတန့်မှာ ပေးစွမ်းသော စိတ်နှလုံး၏ငြိမ်းအေးမှုသည် ဘယ်အရာနှင့်မျှမတူကြောင်း
သူမ သိရှိခံစားလိုက်ရသည်။ သူမ၏ အေးချမ်းမှုအပေါ်သာယာလိုက်သော ပီတိက သတိကိုဆွဲချလိုက်သလိုဖြစ်ပြီး
သူမစိတ်နှင့်ခန္ဓာတစ်သားတည်း ပြန်ဖြစ်သွားသည့်အခါ ထိုအေးချမ်းငြိမ်သက်မှုသည်လည်း ပျောက်ဆုံးသွားတော့သည်။
သူမ ထိုအနေအထားရောက်အောင် ပြန်လည်ကြိုးစား ရှူမှတ်သော်လည်း ပြန်မရတော့။ သို့သော်… သူမ
ငယ်စဉ်ကတည်းက သိချင်ခဲ့သော တစ်စုံတစ်ခုကို သိလိုက်ရပြီဖြစ်၍ သူမ အလွန်အမင်းကျေနပ်သွားခဲ့သည်။
သူမ
သုံးနှစ်သမီးအရွယ်ကပင် အသက်ရှူခြင်းနှင့်အတွေးအာရုံကြား ဆက်စပ်မှုရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။
ဘာကြောင့်ရယ်တော့မသိ ကလေးပီပီ သူမ အသက်ရှူလိုက်အောင့်လိုက် မကြာခဏ လုပ်ကြည့်ဖူးသည်။
အသက်ရှူနေလျှင် တွေးနိုင်ပြီး၊ အသက်အောင့်လိုက်လျှင် ဆက်တွေး၍မရတော့သည်မှာ ဘာကြောင့်လဲဟု
သူမ စဉ်းစားမိခဲ့သည်။ ထိုစဉ်က သက်ရှိသတ္တ၀ါမှန်သမျှ အသက်ရှူသွင်းရှူထုတ်သည့်အခါတိုင်း
ဖြစ်ပေါ်လာသည့် ၀င်လေထွက်လေ၏ အရေးပါပုံအကြောင်းကိုတော့ သူမ၏ ဦးနှောက်ငယ်ငယ်ဖြင့် မသိနိုင်စွမ်းခဲ့။
ပြီးတော့ သူမ ဆယ်ကျော်သက်အရွယ်မှာဖြစ်ပေါ်ခဲ့သော စိတ်အလိုမကျမှုတွေနှင့် လူ့ဘ၀မှာ အသက်ရှင်နေထိုင်ရခြင်း၏
အဓိပ္ပာယ်ကဘာလဲဆိုသော မေးခွန်းမျိုးအပေါ် မကြာခဏ စမ်းစစ်အဖြေရှာခဲ့သည်။ လူ့ဘ၀ဟာ ပညာတွေသင်ရင်း၊
စီးပွားတွေရှာရင်း ဒီလိုပဲ ကုန်ဆုံးလွန်မြောက်သွားရတော့မှာလား။ ဗုဒ္ဓဘာသာဝင်တွေ ပြောလေ့ရှိတဲ့
တရားရှာဆိုတာကရော ဘယ်လိုမျိုးလဲ၊ ဘာအတွက်လဲ၊ ဘာကြောင့်လဲ… စသည့်အတွေးမေးခွန်းများကို
အနီးအနားမှာ ဖြေပေးနိုင်မည့်သူ မရှိခဲ့။ သူမ၏ ဖခင်က မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ဦးမျှသာ၊
မိခင်ကလည်း ဘာသာခြားအဖြစ်မှ ကူးပြောင်းလာသူမို့ ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး အတွင်းကျနက်နဲသော
တရားတော်များကိုသိမြင်ဖို့ အချိန်ကာလတစ်ခုတော့ ဖြတ်သန်းရဦးမည်။ သူမကလည်း အတွေးထဲမှာသာမေးပြီး
လက်တွေ့အပြင်မှာ မည်သူ့ကိုမျှ မမေးမြန်းမိခဲ့။
သဲအင်းဂူတရားစခန်းမှ
ခေတ္တခဏမျှ အာရုံစုစည်းငြိမ်အေးမှုသည် သူမ သိချင်ခဲ့သော မေးခွန်းများအားလုံးကို ဖြေဆိုပေးသွားခဲ့သည်။
သတိသမာဓိဖြင့် စိတ်မပျံ့လွင့်ဘဲ အတွေးအာရုံကို ခေတ္တမျှစုစည်းလိုက်နိုင်သော အခိုက်အတန့်သည်
ထိုမျှငြိမ်းချမ်းရလျှင် ရုပ်ခန္ဓာချုပ်ငြိမ်းရာ မြတ်နိဗ္ဗာန်သည် မည်မျှငြိမ်းအေးလိုက်မည်လဲဟု
သူမ တွေးဆဆင်ခြင်မိလိုက်သည်။ ၀င်လေထွက်လေသည် တရားထူးနှင့်မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်းရောက်ကြောင်း၏
မူလအစ လွန်စွာအခြေခံကျအရေးပါသော အကြောင်းခြင်းရာတစ်ရပ်ဖြစ်ကြောင်း၊ အသက်ရှင်ခိုက် လောဘ၊
ဒေါသ၊ မောဟ၊ မာန်မာနများ နည်းပါးကင်းဝေးအောင် ဒါနနှင့်သီလသာမက ဘာဝနာနှင့်ပါ အားထုတ်ကြိုးစားသင့်ကြောင်း
တရားရှာခြင်း၏ အဓိပ္ပာယ်ကိုလည်း သူမ အထိုက်အလျောက် နားလည်သဘောပေါက်သွားခဲ့သည်။ ချစ်သူခင်သူမိသားစုများနှင့်ဝေးရာ
တရားစခန်းဝင်ချိန်ရက်များအတွင်း အရာရာပေါ် ပူပန်စိုးရိမ်ကြောင့်ကြတတ်သော သူမ၏စိတ်နှလုံးသည်လည်း
သိသိသာသာ လျော့ပါးအေးချမ်းနေသည်ကို တွေ့သိခံစားခဲ့ရသည်။ မှော်ဘီသဲအင်းဂူမှ အပြန်တွင်
သူမသည် မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖြစ် ခံယူသတ်မှတ်လိုက်တော့သည်။ ထိုစဉ်က သူမအသက်
၂၂နှစ်ပြည့်ရန် လပိုင်းအလို။
(ဃ)
အသက်
၂၂နှစ်မှ ၂၇နှစ် ပြည့်ပြီးသည်အထိ သူမသည် သာမန်ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ်သာ ရပ်တည်နေထိုင်ခဲ့သည်။
မမျှော်လင့်သော ဘ၀အချိုးအကွေ့အပြောင်းအလဲတစ်ခုသည် သူမအား ဗုဒ္ဓဘာသာအပေါ် ပိုမိုလေးနက်ကျွမ်းဝင်ယုံကြည်ရန်
အကြောင်းအထောက်အပံ့တစ်ခု ဖြစ်လာခဲ့သည်။ သူမ၏ချစ်သူ ကားအက်ဆီးဒင့်ဖြင့် ရုတ်တရက်ကွယ်လွန်သွားချိန်တွင်
သူမ ဆောက်တည်ရာမဲ့ခဲ့သည်။ ပူလောင်လှသော သောကဗျာပါဒ ဝေဒနာကြီးစွာ ခံစားခဲ့ရသည်။ ထိုအကြောင်းနှင့်ပတ်သက်ပြီး
မတွေးမိအောင် ရုံးအလုပ်များဖိလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ချင်း
စသည့် လောကီနည်းလမ်းများဖြင့် ကြိုးစားဖြေဖျောက်ခဲ့သော်လည်း ခေတ္တခဏမျှသာ အာရုံလွှဲနိုင်ခဲ့သည်။
စိတ်နှလုံးဆင်းရဲပူလောင်မှုသည် ပကတိ ပပျောက်မသွားခဲ့ဘဲ ဆယ်လတိုင်တိုင်ကြာမြင့်ခဲ့သည်။
တစ်ရက်မှာ သူငယ်ချင်းတစ်ဦးက မေတ္တာရှင် (ရွှေပြည်သာ) ၏ တရားတော်များကို အွန်လိုင်းမှာတင်ထားပေးပြီး
နာယူကြည့်ရန် တိုက်တွန်းခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်က ဆရာတော်၏ “မြန်မာတို့၏အသက်”
ဟူသော စာအုပ်ကို ဖတ်နေချိန်ဖြစ်ပြီး “မျက်ရည်မကျခင် သိစေချင်” စာအုပ်ကိုလည်း ရှာဖတ်ဖို့
ကြိုးစားနေချိန်ဖြစ်သည်။ ဆရာတော်၏စာအုပ်များနှင့် တရားတော်များက သူမကို သာမန်ဗုဒ္ဓဘာသာဝင်မှသည်
ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဖြစ်အောင် ထောက်ပံ့ပေးခဲ့သည်။ တရားတော်များနာယူရခြင်းကို နှစ်ခြိုက်ပျော်မွေ့လာသောသူမ၏
စိတ်နှလုံးသည် ငြိမ်းအေးစ ပြုလာခဲ့သည်။ ပူလောင်မြိုက်ကျွမ်းနေသော စိတ်နှလုံးကို တရားဓမ္မကသာ
အစဉ်အေးချမ်းအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိကြောင်း သူမ လက်တွေ့ခံစားခွင့်ရလိုက်သည်။
(င)
ထိုစဉ်မှစ၍
စင်္ကာပူတစ်ကျွန်းလုံးမှာ တစ်နှစ်ပတ်လုံးကျင်းပသော တရားပွဲတိုင်းလိုလို သူမသွားရောက်နာယူခဲ့သည်။
ယခင့်ယခင်က မြန်မာပြည်မှာနေပြီး မဖူးခဲ့ရသော၊ ဖူးခွင့်မကြုံခဲ့ရသော ဓမ္မကထိကအကျော်အမော်
ဆရာတော်ကြီးများကိုလည်း ကိုယ်တိုင်ဖူးမြော်ခွင့်ရခဲ့သည်။ အပတ်စဉ်စနေနေ့တိုင်း တိုပါးရိုးဘုန်းတော်ကြီးကျောင်းမှာ
ဓမ္မစကြာသွားရွတ်သည်။ တရားပွဲများမှာတစ်ဆင့် ဓမ္မမိတ်ဆွေများတိုးပွားလာပြီး တရားသတင်းများ
ဖလှယ်ရာမှ ဆရာကြီး မင်းတင်မွန်၏ အဘိဓမ္မာနှင့် ၀ိသုဒ္ဓိမဂ်သင်တန်းကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့်
တစ်ကြိမ်မက တက်ရောက်သင်ယူခွင့်ရခြင်းသည် သူမ၏ ဗုဒ္ဓဘာသာအပေါ်ထားရှိသော ယုံကြည်လေးနက်မှုကို
အဆပေါင်းများစွာ ပို၍ ခိုင်ကျည်စွဲမြဲသွားစေခဲ့သည်။ အဘိဓမ္မာကိုလေ့လာသင်ယူခြင်းဖြင့်
ကိုယ်တိုင်ဆန်းစစ်သိမြင်ခွင့်ရသော စိတ်၊ စေတသိတ်၊ ကုသိုလ်၊ အကုသိုလ်တို့၏ ကြောင်းကျိုးတရားသည်
သူမဘ၀အတွက် အဖိုးမဖြတ်နိုင်သော၊ လောကီပညာထက် အဆပေါင်းများစွာ ပို၍တန်ဖိုးကြီးမားသော
လောကုတ္တရာဆိုင်ရာ ဗဟုသုတကို တွေးဆသိမြင်ရရှိစေခဲ့သည်။ ဆရာကြီး၏ တိုက်တွန်းမှုဖြင့် ဖားအောက်တောရကျောင်းသို့ရောက်ရှိပြီး
မဂ်ဖိုလ်နိဗ္ဗာန်သို့ရောက်ရန် ကျင့်ကြံအားထုတ်ရမည့် တရားလမ်းကြောင်းကို သေချာကျနစွာ
ရှင်းရှင်းလင်းလင်း နားလည်သိမြင်ခွင့်ရခဲ့သည်။ အချိန်အားရခိုက်မှာ တရားစခန်းတွေ ၀င်ဖြစ်ခဲ့သည်။
သူမ လူဖြစ်ရကျိုး၊ လူ့ဘ၀တွင် အသက်ရှင်နေထိုင်ရကျိုးနပ်ပြီဟု စိတ်ကျေနပ်စွာ သိလိုက်ရသည့်နှင့်တပြိုင်နက်
သူမ အတိုင်းမသိ ကြည်နူးသွားခဲ့သည်။
(စ)
ရခဲလှသော
လူ့ဘ၀မှာ သံသရာမှ လွတ်မြောက်ရာလမ်းကြောင်းကို ညွှန်ပြပေးနိုင်သော၊ စစ်မှန်သော ဘာသာတရားကို
ယုံကြည်ဆည်းကပ်ခွင့်ရဖို့အတွက် ယခုအချိန်ထိ အသက်ရှင်နေထိုင်ခွင့်ရသော သူမ လွန်စွာကံကောင်းလှသည်ဟု
မကြာခဏ တွေးတောဆင်ခြင်မိသည်။ အဂုင်္တ္ထိုရ်ပါဠိတော်၌ မြတ်ဗုဒ္ဓဟောကြားထားသော ရခဲခြင်းတရားငါးပါးမှာ
- ဘုရားရှင်ပွင့်တော်မူသောအခါကို ရခဲခြင်း၊ လူ့ဘ၀ကို ရခဲခြင်း၊ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်အဖြစ်ကို
ရခဲခြင်း၊ ရဟန်းဘ၀ကို ရခဲခြင်း၊ သူတော်ကောင်းတရားကို ကြားနာရခဲခြင်း တို့ဖြစ်၍ သူမသည်
ယခုဘ၀တွင် ငါးပါးလုံး မရသော်လည်း သဒ္ဓါတရားရှိသော လူအဖြစ်နှင့် သူတော်ကောင်းတရား နာကြားခွင့်ရသည်နှင့်မျှပင်
ကံကောင်းသည်ဟု ဆိုနိုင်ပါသည်။
ဆရာတော်အရှင်ဇ၀န
မေတ္တာရှင် (ရွှေပြည်သာ) ၏ မြန်မာတို့၏အသက် စာအုပ်ကို ဖတ်နေစဉ်က သူမ ဖျတ်ကနဲ အတွေးဝင်ခဲ့သေးသည်။
ရခဲလှသော လူ့ဘ၀ဆိုပေမယ့် ကမ္ဘာမှာ တစ်နေ့တစ်နေ့ မွေးဖွားလာတဲ့သူတွေ မနည်းပါလား၊ လူဦးရေ
ဘီလျံနဲ့ချီပြီးမွေးဖွားလာတဲ့သူအားလုံးက လူ့ဘ၀ထဲရောက်လာကြသူတွေပဲ။ ဒါကို ခက်ခဲတယ်လို့
ဆိုနိုင်မလား…။ ထိုသို့ အတွေးဝင်ပြီး နောက်တစ်မျက်နှာအရောက်မှာတော့ ရခဲလှသော လူ့ဘ၀ဆိုသည့်
အဓိပ္ပာယ်ကို သူမ ကောင်းစွာသဘောပေါက်ခဲ့ရသည်။ ဆရာတော်က ဗုဒ္ဓဟောကြားခဲ့သည့် သံယုတ်ပါဠိတော်၊
နခသီခူပမသုတ်ဖြင့် အောက်ပါအတိုင်း ရှင်းလင်းပေးထားသောကြောင့် ဖြစ်သည်။
မြတ်စွာဘုရားက
“ချစ်သား၊ ချစ်သမီးတို့ ငါဘုရား၏ လက်သည်းပေါ်မှာရှိသော မြေမှုန့်နဲ့ ဟောဒီအောက်က မဟာပထ၀ီမြေကြီး
ဘယ်ဟာက များသနည်း”
“အောက်မှာရှိသည့်
မဟာပထ၀ီမြေကြီးက အဆမတန်အောင် များပြားလှပါသည်ဘုရား”
“ချစ်သား၊
ချစ်သမီးတို့ ဟောဒီဥပမာအတိုင်းပဲ၊ လူ့ဘ၀ကနေ သေပြီးတော့ လူ့ဘ၀ကိုပြန်ရောက်ရတဲ့ပုဂ္ဂိုလ်ဆိုတာ
ငါဘုရားလက်သည်းခွံပေါ်က မြေမှုန့်လောက်ပဲရှိတယ်။ လူ့ဘ၀ကသေပြီး အပါယ်လေးဘုံကျရောက်ရတဲ့
ပုဂ္ဂိုလ်များကတော့ ဟောဒီ မဟာပထ၀ီမြေကြီးအထုလောက်ရှိတယ်”
သူမ
ထိုတရားတော်ဖတ်အပြီးမှာ ခဏရပ်ပြီး စဉ်းစားကြည့်လိုက်မိသည်။ ဟုတ်သားပဲ… ငရဲ၊ တိရိစ္ဆာန်၊
ပြိတာ၊ အသူရကာယ် အပါယ်လေးဘုံသားထဲက တိရိစ္ဆာန် အရေအတွက်ကိုပဲ ကြည့်လိုက်ပါဦး၊ ပုရွက်ဆိတ်၊
ခြင်၊ ယင်၊ ခြ၊ ကြမ်းပိုး အကောင်ပေါက်ဖွားနှုန်းက နည်းမှမနည်းဘဲ၊ သမုဒ္ဒရာထဲက အမျိုးအစားမြောက်မြားလှစွာသော
ငါးတွေ၊ ရေသတ္တ၀ါတွေ၊ ကောင်းကင်မှာ ပျံသန်းနေတဲ့ ငှက်တွေ… သူတို့အရေအတွက်အားလုံးနဲ့ယှဉ်လိုက်ရင်
လူဖြစ်တဲ့ဦးရေက နည်းနည်းလေးပါလား။ အဲဒီ့ထဲကမှ ရခဲခြင်းတရားငါးပါးကြုံဖို့ဆိုတာ ပိုပြီးတော့တောင်
ခဲယဉ်းသေးတယ်။
အပါယ်ဘုံသားတို့
လူ့ဘ၀ပြန်ရဖို့ ခဲယဉ်းကြောင်းကိုလည်း ဆရာတော်မှ မြတ်ဗုဒ္ဓ၏ ဥပရိပဏ္ဏာသပါဠိတော်၊ သုညတ၀ဂ်၊
ဗာလပဏ္ဍိတသုတ်ပါအတိုင်း ဖွင့်ဆိုရေးသားထားပေးသည်ကို သူမ တစ်ဆက်တည်း ဖတ်မှတ်လိုက်ရသည်။
“ချစ်သား၊
ချစ်သမီးတို့ အပါယ်ဘုံသားများ လူ့ဘ၀တစ်ခုရဖို့ ခဲယဉ်းပုံကို ငါဘုရား ဥပမာနှင့်တကွ ဟောကြားတော်မူမယ်၊
ကျယ်ဝန်းနက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြီးထဲမှာ အနှစ်တစ်ရာနေမှ ရေပေါ်ကို ခေါင်းလေးတစ်ခါပေါ်တဲ့
လိပ်ကန်းကြီးတစ်ကောင်ရှိတယ်။
အဲဒီ
သမုဒ္ဒရာကြီးထဲကို အပေါက်တစ်ပေါက်သာဖောက်ရသေးတဲ့ နွားလှည်းက ထမ်းပိုးတစ်ချောင်း ပစ်ချလိုက်ရမယ်၊
ထမ်းပိုးကလည်း လေတိုက်ရာလိုက်ပြီး အရပ်လေးမျက်နှာ မျောချင်ရာ မျောနေမယ်၊ လိပ်ကန်းကြီးကလည်း
အနှစ်တစ်ရာပြည့်ရင် သူပေါ်ချင်ရာပေါ်မယ်။
တိုက်တိုက်ဆိုင်ဖြစ်ပေးရမှာက
လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့်လို့ ရေပေါ်ကိုပေါ်လာတဲ့အချိန်လည်းဖြစ်ရမယ်၊ အရပ်လေးမျက်နှာ
မျောချင်ရာမျောနေတဲ့ ထမ်းပိုးကလည်း လိပ်ကန်းကြီးရဲ့ ပေါ်လာတဲ့ ဦးခေါင်းနဲ့တည့်တည့်နေရာ
ရောက်နေရမယ်။
ပိုပြီး
ခဲခဲယဉ်းယဉ်းဖြစ်ရမှာက တစ်ပေါက်တည်းသာ ဖောက်ထားတဲ့ ထမ်းပိုးအပေါက်ထဲကို လိပ်ကန်းကြီးရဲ့ဦးခေါင်းဟာ
တည့်တည့်မတ်မတ် ၀င်သွားဖို့ဆိုတဲ့အရာဟာ လွယ်လွယ်ကူကူ ဖြစ်နိုင်ပါ့မလား ချစ်သား၊ ချစ်သမီးတို့”
“ဤသို့ဖြစ်ရန်
အင်မတန်မှ ခဲယဉ်းလှပါသည် ဘုရား”
“ချစ်သား၊
ချစ်သမီးတို့ အပါယ်ကျနေသူများ လူ့ဘ၀ပြန်ရဖို့ရာကတော့ ယခု ငါဘုရားဟောကြားတဲ့ ဥပမာထက်
အဆပေါင်းများစွာ ခဲယဉ်းလှပေတယ်”
ထိုဥပမာကို
ဖတ်ပြီးသောအခါ သူမ ထိတ်လန့်တုန်လှုပ်သွားမိခဲ့သည်။ အကယ်၍များ ယခုနေ ကုသိုလ်၊ အကုသိုလ်ကို
မသိလိုက်ဘဲ သူမ ရုတ်တရက်ကွယ်လွန်သွားပါလျှင် အပါယ်ကျရတော့မည်။ အပါယ်ဘ၀မှနေပြီး လူ့ဘ၀ပြန်လည်ရရှိဖို့ဆိုတာ
လွန်စွာခဲယဉ်းလှသည်။ ထိုအသိသည် သူမအား ဘယ်နေရာရောက်ရောက် ကုသိုလ်တရားများ ဆက်ကာဆက်ကာ
ပွားများပြုလုပ်စေဖို့ ကြီးစွာသော အထောက်အပံ့ပေးခဲ့ပါသည်။
(ဆ)
ယခုအချိန်တွင်
ဖြတ်သန်းခဲ့သော သူမဘ၀ကို နောက်ပြန်လှည့်ကြည့်တော့ ကုသိုလ်၊ အကုသိုလ်များနှင့် တစ်လှည့်စီ
ဒွန်တွဲနေသော စိတ်အစဉ်ကို မြင်ရသည်။ အရိယာမဖြစ်သေးသော ပုထုဇဉ်ပီပီ သူမစိတ်တွေမှာ လောဘ၊
ဒေါသ၊ မောဟတွေနှင့် အကုသိုလ်တရားများက ကြီးစိုးနေသေးသည်။ သို့သော် လွန်ခဲ့သော ငါးနှစ်အတွင်း
သဒ္ဓါတရားထက်သန်စွာ ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်တရားတို့ကို ပြန်လည်အောက်မေ့သတိရမိသောအခါ
သူမ စိတ်ကြည်နူးသွားရသည်။ သူမ ဖြစ်တည်ခဲ့သော၊ ဖြတ်သန်းခဲ့သော ဘ၀အစိတ်အပိုင်းများသည်
အစပိုင်းတွင် လွဲချော်မှုများရှိခဲ့သော်လည်း စစ်မှန်သော ဘာသာတရားကို ယုံကြည်ကိုးကွယ်ခွင့်ရအောင်
လမ်းကြောင်းတည်ပေးခဲ့သည့်အတွက် သူမ ၀မ်းသာမိသည်။ သူမ၏ လူ့ဘ၀ဖြစ်တည်မှုကို လက်သည်းခွံပေါ်မှ
မြေတစ်မှုန့်နှင့် ကိုယ်စားပြုခဲ့ပါလျှင် ယနေ့တွင် ထိုမြေမှုန့်၏သက်တမ်း ၃၄နှစ်ရှိပြီဖြစ်သည်။
နောင်အနှစ်ဘယ်လောက်ကြာသည်အထိ ထိုမြေတစ်မှုန့်၏သက်တမ်းရှည်ကြာခွင့်ရမည်ကို ကြိုတင်မသိနိုင်သော်လည်း
ယခုရှင်သန်နေသောပစ္စုပ္ပန်တည့်တည့်မှာ စိတ်စေတနာကောင်းနှင့် ကုသိုလ်များ တတ်အားသရွေ့ ကြိုးစားပွားများ အားထုတ်နိုင်မှသာလျှင် နိဗ္ဗာန်မရောက်မီစပ်ကြားကာလများ၌ လက်သည်းခွံပေါ်မှ မြေတစ်မှုန့်အဖြစ် ဆက်လက်တည်ရှိနေနိုင်မည်ဖြစ်ကြောင်း သူမ တွေးဆဆင်ခြင်မိပါသည်။
ဇွန်မိုးစက်
(၉.၆.၂၀၁၃ တွင် ကျရောက်သော မွေးနေ့အမှတ်တရ)