ဒေါင်းအန်ဒါမှာ… ကျေးငှက်သာရကာ တိရစ္ဆာန်လေးတွေ
အလွန်ပေါပါသည်။ ကျောင်းသွားရာ လမ်းတစ်လျှောက်ဖြစ်စေ၊ ဈေးသွားရာ လမ်းတစ်လျှောက်မှာဖြစ်စေ၊
အမျိုးအမည်သိသော၊ မသိသော ငှက်ပေါင်းစုံတို့၏ အသံစာစာလေးတွေ ကြားရတတ်သည်။ ဥသြသံ၊ ချိုးကူသံ၊
ကျီးအာသံတို့အပြင် ရွှေကျေး (ကြက်တူရွေး)တို့၏ ၀ိုင်းဖွဲ့ဆူညံသံများလည်း အိမ်နားမှာ
မကြာခဏကြားရ မြင်ရတတ်ပါသည်။ ရာသီအလိုက်ပွင့်သောပန်းများကလည်း စုံလင်လှပကြသည်။ နွေဦးရာသီမှာ
စိန်ပန်းပြာတို့ဝေနေအောင် ပွင့်ကြသည့်အခါ ကျွန်မ၏ဖုန်းကင်မရာလေးမှာ ထောင်လိုက်တစ်ဖုံ၊
အလျားလိုက်တစ်နည်းဖြင့် တဖျတ်ဖျတ်လက်ရတော့သည်။ နွေရာသီခရစ္စမတ်ချိန်ခါမှာ အိမ်ရှေ့က
အဆုပ်လိုက် ပင်လုံးကျွတ်အောင် ပွင့်ကြသော ပန်းသွေးရောင်အဆင်းရှိ ပန်းကလေးများကိုလည်းကောင်း၊
မြက်ခင်းစိမ်းများကြားက ခေါင်းထောင်ထိုးထွက်လာသော အ၀ါရောင်ပန်းကလေးများအားလည်းကောင်း
ကျွန်မကြည့်၍မ၀နိုင်ပါ။ ပန်းကြိုက်သော်လည်း တစ်ခါမှ ပန်းမပန်ဖူးသောကျွန်မ၏ ဓာတ်ပုံမှတ်တမ်းထဲမှာ
ဒေါင်းအန်ဒါက အရောင်အသွေးစုံ ပန်းမျိုးစုံတို့ အပြိုင်အဆိုင် ဖူးပွင့်ဝေဆာလျက် ရှိနေတော့သည်။
အနောက်၊ အလယ်၊ အရှေ့၊ ကမ္ဘာ့နေရာပေါင်းစုံမှ
လူမျိုးကွဲအသီးသီးတို့ အခြေချနေထိုင်ရာဖြစ်သော အနှီကျွန်းကြီးပေါ်မှ လူများကလည်း ဖော်ရွေကြပါသည်။
တစ်ချိန်က လူဖြူသြစတြေးလျန်းပေါ်လစီချမှတ်ပြီး ဥရောပနွယ်ဖွားများကိုသာ ဦးစားပေးခေါ်ယူခဲ့သော
အချိန်ကာလ ရှိခဲ့သော်လည်း ယခုအခါမှာတော့ လူမျိုးခွဲခြားဆက်ဆံမှု မတွေ့ရသလောက် နည်းပါးသွားခဲ့ပြီဖြစ်သည်။
ဥရောပမှ အလည်အပတ်လာရောက်ကြသူ လူငယ်များသည် ဒေါင်းအန်ဒါ ရောက်သည့်အခါ လွန်စွာ သဘောကျကြသဖြင့်
အချိန်ကြာကြာနေခွင့်ရပြီး တစ်ကျွန်းလုံးအနှံ့ခရီးဆန့်နိုင်ရန် သြစတြေးလျန်း တက္ကသိုလ်များသို့
ပြောင်းရွှေ့တက်ရောက်လေ့ရှိကြသည်။ သို့ရာတွင် မည်သည့်တက္ကသိုလ်အားကြည့်ကြည့် နိုင်ငံတကာကျောင်းသားဦးရေချင်း
ယှဉ်လိုက်လျှင် တရုတ်ပြည်မှကျောင်းသားအရေအတွက်သည်သာ အများဆုံးဖြစ်သည်။ ဆစ်ဒနီမြို့တွင်
နေထိုင်ကြသော တရုတ်လူမျိုးများ၏ ရာခိုင်နှုန်းကလည်း မနည်းလှပါ။
၁၈ရာစုအတွင်းက ဤကျွန်းသို့ အစောဆုံးရောက်လာသော
အာရှနွယ်ဖွားလူနည်းစုတွင် တရုတ်၊ ပါလက်စတိုင်းနှင့် အိန္ဒိယန်းလူမျိုးတို့ ပါဝင်ခဲ့ကြသည်။
အမေရိကန်-ဗီယက်နမ် စစ်ပွဲပြီးသည့်နောက်ပိုင်းတွင် ဗီယက်နမ်လူမျိုးအများအပြား လာရောက်ခိုလှုံခဲ့ကြသည်မှ
ယခုဆိုလျှင် ဗီယက်နမ်အသိုင်းအ၀ိုင်းသည်လည်း အတော်ကြီးမားလျက်ရှိပြီး လမ်းသွားရင်းနှင့်ပင်
ဗီယက်နမ်စကားများ မကြာခဏဆိုသလို ကြားရသည့် အနေအထားမှာ ရောက်ရှိနေပြီဖြစ်သည်။ မြေထဲပင်လယ်ဒေသမှ
လူမျိုးများသာမက အရှေ့အလယ်ပိုင်းဒေသမှ အာရေဗျ၊ အီဂျစ်ပ်ရှန်း၊ လက်ဘနီစ်၊ ဂျော်ဒန်နိယန်း၊
အီရေးနီးရန်း၊ အာမေးနီယန်း၊ တာကစ်ရှ်လူမျိုးများလည်း မနည်းမနောပင် အခြေချနေထိုင်လျက်ရှိကြသည်။
ထိုလူမျိုးများက မွေးဖွားသော ကလေးအရေအတွက်မှာ အခြားအေရှန်းနှင့် လူဖြူများက မွေးဖွားသော
သားသမီးအရေအတွက်ထက် အဆပိုများသဖြင့် နောင်နှစ်ပေါင်းများစွာကြာသည့်အခါ လူဦးရေနှင့်လူမျိုးဘာသာ
အချိုး တစ်မျိုးပြောင်းလဲသွားနိုင်သည်ဟု လူကြီးများက မှန်းဆသုံးသပ်လျက်ရှိကြသည်။
ကမ္ဘာပေါ်တွင် မူလဒေသခံမဟုတ်သော လူမျိုးကွဲအများဆုံးနှင့်
ဘာသာစကားပေါင်း တစ်ရာကျော်ပြောဆိုနေထိုင်ကြသည့် နိုင်ငံတစ်ခုဖြစ်သည်ဟု ဂုဏ်ယူစွာရည်ညွှန်းကြသော်လည်း
အင်္ဂလိပ်ဘာသာစကားသည်သာ ရုံးသုံး၊ လူသုံးအများဆုံးဖြစ်ပါသည်။ နားမယဉ်သေးလျှင် အော်စီတို့၏
အင်္ဂလိပ်အသံထွက်ကို အစပိုင်းတွင် ကြားနာရခက်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘမ်းစကားများ၊ အတိုကောက်များလည်း
အလွန်သုံးကြသည်။ အချို့သောလူများက အော်စီတို့ အပျင်းထူသောကြောင့် အတိုကောက်သုံးခြင်းဖြစ်ကြောင်း
မှတ်ချက်ပေးကြသည်။ ဥပမာ - တက်စမေးနီးယားကို တက်စီ၊ afternoon ကို arvo၊
comfortable ဖြစ်မဖြစ် မေးသည့်အခါ comfy ဟုပဲ သုံးလိုက်တာမျိုး။ ကလေးများနှင့် ပြောဆိုကစားကြသည့်အခါမှာလည်း
ဒါက ကြွက်ကလေး၊ ဒါက ဘဲကလေးဟု ခေါ်ဆိုသည့်အစား
ဝိုင်/အိုင်အီးနှင့်အဆုံးသတ်ပြီး မောက်စီ၊ ဒက်ကီ စသဖြင့် သုံးနှုန်းလိုက်သည်ကို တွေ့ရပါသည်။
အချင်းချင်းတွေ့လျှင် နှုတ်ဆက်သည့်အခါမှာတော့ အနည်းငယ်ရှည်ပါသည်။ ဟယ်လို၊ ဟိုင်းဖြင့်
ပြီးမသွားဘဲ ဟောင်းအာယူက အမြဲကပ်ပါလေ့ရှိသည်။ အဲသည်လို အမေးခံရသည့်အခါတိုင်း ဟယ်လို၊
ဟုတ်ကဲ့ ကျွန်မ နေကောင်းပါတယ်၊ ရှင်ရော ဘယ်လိုနေသလဲဟု အစအဆုံးပြန်ဖြေမေးစရာမလိုဟု နိုင်ငံတကာ
ကျောင်းသားများကြိုဆိုပွဲတွင် အဖွင့်အမှာစကားပြောကြားသော ပါမောက္ခတစ်ဦးက ရှင်းလင်းပြောပြခဲ့ပါသည်။
ကျွန်မ သွားလာလှုပ်ရှားသော ပတ်ဝန်းကျင်မှာ
မြင်ရသမျှ အော်စီတို့ သဘောကောင်း စိတ်ရှည်ကြသည်။ အသက်ရှည်နှုန်း မြင့်မားကြပြီး ၉၀ကျော်
၁၀၀နီးပါး ဖိုးဖိုးဖွားဖွားတွေ အများကြီး တွေ့ရသည်။ ကလေးရော လူကြီးများပါ အားကစားတစ်မျိုးမဟုတ်တစ်မျိုး
လိုက်စားကြသည်။ တစ်ခါဖြတ်သွားလျှင် ခုနစ်အိမ်၊ ရှစ်အိမ်ကြားရလောက်အောင် သီချင်းတွေ
အကျယ်ကြီး ဖွင့်ပြီး ကားမောင်းလေ့ရှိကြသည်။ ရေအလွန်ကြိုက်ကြသည်။ ဆောင်းမကုန်ခင်ကပင်
အပူချိန်အနည်းငယ်မြင့်သည်နှင့် ကမ်းခြေသို့ ရေသွားကစားကြ၊ ကူးကြပြီ။ ကိုယ်ကအနွေးထည်အထူချွတ်ပြီး
ဆွယ်တာဝတ်ခိုက်မှာပင် သူတို့က တူးပိစ်နှင့် ဖြစ်နေကြပြီ။ နွေဦးရောက်သည်နှင့် အများသုံးဘတ်စ်ကားပေါ်
တက်လာကြသူ ကလေးလူငယ်တစ်သိုက်မှာ မျက်နှာသုတ်ပ၀ါကိုယ်စီပါသော်လည်း ဖိနပ်ပါချင်မှပါသည်။
အချို့မိန်းကလေးများက အောက်မှာရေကူးဝတ်စုံဝတ်ထားပြီး အပေါ်မှ အလွယ်တကူ ချွတ်ဝတ်နိုင်သော
ခေါင်းစွပ်အင်္ကျီပွပွများ ၀တ်ဆင်ထားသော်လည်း အချို့ကတော့ တူးပိစ်နှင့်ပင် ဘတ်စ်ကားစီးကြတာ
တွေ့ရသည်။ လူငယ်လူရွယ်များကြား အယ်လ်ကိုဟော သောက်သုံးမှုနှုန်းမှာမြင့်မားနေပြီး ထိုးကြိတ်ရန်ဖြစ်
မူးယစ်ရမ်းကားမှုတွေ နေ့စဉ်နှင့်အမျှ သတင်းထဲမှာ မြင်နေရသည်။ လွန်ခဲ့သော ဆယ်နှစ်ကနှင့်ယှဉ်လျှင်ပင်
သေနစ်ပစ်သေဆုံးမှုတွေ သိသိသာသာများလာသည်ဟု ဆိုပါသည်။ တစ်ချိန်က အနောက်ဥရောပ အင်္ဂလိပ်တို့၏
ယဉ်ကျေးမှုဖြင့် ဆောက်တည်ဖွံ့ဖြိုးခဲ့သောနိုင်ငံဖြစ်သော်လည်း ယခုအခါ အမေရိကန်ယဉ်ကျေးမှုက
အမြောက်အမြား လွှမ်းမိုးနေရာယူလာပြီဖြစ်သည်။
ကျွန်မသည် အိမ်နှင့်ကျောင်း၊ အိမ်နှင့်မြို့ထဲကို
ရထားထက် ဘတ်စ်ကားဖြင့်သာ နေ့စဉ်သွားလာ ခရီးနှင်ဖြစ်ပါသည်။ ဆစ်ဒနီမှာ ဘတ်စ်ကားစောင့်ချိန်ကြာတတ်သော်လည်း
ဘတ်စ်ကားစီးရသည့်အခါ အလွန်စိတ်ချမ်းသာရပါသည်။ အထူးသဖြင့် ဘတ်စ်ကားဒရိုင်ဘာများ၏ စိတ်ရှည်သည်းခံသဘောကောင်းသည်ကို
မြင်ရသည့်အခါ အသိအမှတ်မပြုဘဲ မနေနိုင်ပါ။ ခရီးသည်မေးသမျှ စိတ်ရှည်ကျနစွာ ပြန်ရှင်းပြခြင်း၊
ကလေးသူငယ် သက်ကြီးရွယ်အိုများ နေရာတကျ ထိုင်ပြီး၊ ဆင်းပြီးသည်အထိ စောင့်ပြီးမှ မောင်းခြင်း၊
လက်မှတ်မပါလျှင် (သို့မဟုတ်) ကုန်သွားလျှင် ငေါက်ငမ်းဗွေမယူဘဲ အလကားပေးစီးခြင်း၊ လူကူးမျဉ်းအတွက်
မီးနီနေသော်လည်း လူတစ်ချို့ စိမ်ပြေနပြေကူးနေသည်ကို စိတ်တိုခြင်း၊ မြန်တွန်တောက်တီးခြင်း
အလျဉ်းမရှိဘဲ ရပ်စောင့်ခြင်းတို့ကို လူဖြူဒရိုင်ဘာများက အေးဆေးစွာပင် ပြုမူလေ့ရှိကြသည်။
အချို့သောအာရှနွယ်ဖွား ဒရိုင်ဘာများကမူ သူတို့လောက် စိတ်မရှည်ကြသည်မှာ ဘာကြောင့်လဲဟု
ကျွန်မ တွေးမိပါသည်။ မည်သို့ပင်ဖြစ်စေ ယူကေမှာတုန်းက ကားပေါ်မှဆင်းလျှင် ကားမောင်းသူကို
ကျေးဇူးတင်ကြောင်းပြောကျင့်ရခဲ့သောကျွန်မ အခုဒေါင်းအန်ဒါမှာ ပြန်ပြောခွင့်ရတော့ ၀မ်းသာကျေနပ်မိသည်မှာ
အမှန်ပင်။
ဒေါင်းအန်ဒါက ကားနံပါတ်ပလိတ်ပြားတွေမှာ
ကျွန်မသဘောကျမိတာတစ်ခု ရှိပါသေးသည်။ နံပါတ်ပြားတွေပေါ်မှာ ကိုယ်နေထိုင်ရာ ပြည်နယ်ကိုယ်စားပြုစာသားလေးတွေ
ရေးထိုးထားခြင်းဖြစ်သည်။ ဥပမာ ကားတစ်စီးက နယူးဆောက်ဝေးလ်ပြည်နယ်ကဆိုလျှင် ‘The Premier
State’၊ ဗစ်တိုးရီးယားဆိုလျှင် ‘The Place to be’၊ အက်ဒီလိတ်ကျတော့ ‘The Festival
State’၊ ကွင်းစလန်မှကားဆိုလျှင် ‘Sunshine State’၊ အေစီတီ, ကင်ဘာရာကကားတွေမှာ ‘The
Nation’s Capital’၊ တက်စ်မေးနီးယားက ကားတွေမှာတော့ နှစ်မျိုးရေးကြတာတွေ့ရသည်။ အများစုက
‘Explore the Possibilities’ ဟုရေးထိုးထားလေ့ရှိကြပြီး တချို့ကားတွေက ‘Your
Natural State’ ဟူ၍ရေးထားကြခြင်းဖြစ်သည်။ မြောက်ပိုင်းနှင့် အနောက်ပိုင်းပြည်နယ်က ကားတွေမှာ
ဘယ်လိုရေးထားသလဲဟု သိချင်မိ၍ သတိထားပြီး လိုက်ကြည့်သော်လည်း ယခုချိန်ထိ ကျွန်မ မတွေ့ရသေးပါ။
ငှက်ပျောသီးမကြိုက်သော ကျွန်မ ဒေါင်းအန်ဒါမှာ
ငှက်ပျောသီးတွေ မမြင်ချင်အဆုံး မြင်ရသည်။ စူပါမားကတ်များတွင်သာမက Seven Eleven လို
ဆိုင်မျိုး၊ ကျောင်းကင်တင်း ကော်ဖီဆိုင်မျိုးက ငွေရှင်းကောင်တာနားမှာ အလွယ်တကူ ၀ယ်ယူနိုင်အောင်
ငှက်ပျောသီးခြင်းတစ်ခြင်းထားပြီး ရောင်းလေ့ရှိသည်ကို သတိထားမိသည်။ အော်စီတို့ငှက်ပျောသီးအလွန်စားကြောင်း
ကျွန်မဖတ်ဖူးသော သင်ခန်းစာတစ်ခုကို သွားအမှတ်ရသည်။ ငှက်ပျောသီးအပြင် ထောပတ်သီးလည်း
ကြိုက်ကြသည်။ အော်စီအိမ်တိုင်းမှာ ရှိတတ်သော၊ အော်စီမဟုတ်လျှင် ကြိုက်လေ့မရှိသော အစားအစာတစ်မျိုးကိုတော့ ကျွန်မ ကြိုက်နှစ်သက်သွားပါသည်။
ဗက်ဂျီမိုက် (Vegemite) ဟုခေါ်သော ငန်သလိုခါးသလိုအရသာရှိသည့် ဂျုံ၊ဘာလီမှ ပြုလုပ်ထားသော ယိုတစ်မျိုးဖြစ်သည်။ ပထမဆုံးအကြိမ်
စားကာစ ကျွန်မ မျက်နှာရှုံ့တွပြီး နောက်မစားတော့ဘူးဟု ဆုံးဖြတ်ခဲ့သော်လည်း နောက်ပိုင်းသူတစ်မျိုးထဲထက်ပို၍
ထောပတ်နှင့်တွဲပြီးသုတ်စားလျှင် အရသာရှိကြောင်း သိသွားသဖြင့် မနက်စာ ပါမုန့်မီးကင်ထောင်ပတ်သုတ်စားတိုင်း
ဗက်ဂျီမိုက်မပါလျှင် မစားတတ်သလိုပင် ဖြစ်သွားတော့သည်။
ဒေါင်းအန်ဒါ၏ နွေရာသီပြယုဂ်တစ်ခုတွင်
ယင်ကောင်များလည်း အပါအ၀င်ဖြစ်သည်။ ထိုအကြောင်းကို စာတစ်အုပ်ထဲမှာ ဖတ်ဖူးထားသော်လည်း
သတင်းထောက်များစကားပြောသည့်အခါ၊ စပျစ်ခင်းအထက် မင်္ဂလာဆောင်မှ သတို့သားနှင့် သတို့သမီးတို့
မျက်နှာရှေ့က ယင်ကောင်များကို လက်ဖြင့်သပ်၍ မကြာခဏ ဖယ်ရှားရှင်းလင်းနေရသည်ကို မြင်ရသည့်အခိုက်မှာတော့
ဒါ… အော်စီနွေအစစ်ပဲဟု သတိချပ်မိတော့သည်။ နှစ်စဉ်ပွင့်လင်းရာသီရောက်လျှင် တောမီးများ
လောင်ကျွမ်းလေ့ရှိသောကြောင့် မီးသတ်သမားများ သက်စွန့်ဆံဖျား အလုပ်များကြရသည်။ ဒေါင်းအန်ဒါရှိ
အန္တရာယ်အများဆုံးနှင့် ခြိမ်းခြောက်မှုအရှိဆုံး သဘာဝဘေးဒဏ်မှာလည်း လေပင့်လျှင် လျင်မြန်စွာ
ကူးစက်လောင်ကျွမ်းတတ်သော ချူံမီး၊ တောမီးများပင် ဖြစ်သည်။ အလယ်ပိုင်းကန္တာရဒေသမှ ပူပြင်းခြောက်သွေ့သော
လေများ ကျွန်း၏တောင်ဘက်နှင့် အရှေ့တောင်ဘက်သို့ ရိုက်ခတ်သည့်အခါ နွေရာသီရောက် အမြင့်ဆုံးအပူချိန်မှာ
၄၀ဒီဂရီစင်တီဂရိတ်ကို ကျော်သွားတတ်ပါသည်။ သို့ရာတွင် ပင်လယ်သမုဒ္ဒရာဘက်မှ လေအေးများတိုက်ခတ်ချိန်တွင်မူ
ပျမ်းမျှအပူအချိန် ၂၀-၂၅ ဒီဂရီစင်တီဂရိတ်မှာရှိ၍ နေလို့ကောင်းပါသည်။ ယခုနှစ်အတွက် တိမ်အုံ့ဆိုင်းပြီး
မိုးဖွဲများဖြင့် စိုစွတ်သော နွေရာသီမှ ခရစ္စမတ်အခါသမယကို ဒေါင်းအန်ဒါမှာ ကျွန်မ ကြံကြိုက်ရပြီဖြစ်သည်။
ဇွန်မိုးစက်