မြင်းမိုရ်တောင်နှင့် အမြင့်ပျံငှက်များ

1

Category:

“သားက နောက်တစ်ပတ်နေရင် ပြန်တော့မှာ၊ သုံးပတ်ဆိုတာ ခဏလေးပဲ သမီးရယ်။ သူပြန်လာမယ်ဆိုတုန်းက အန်တီဖြင့် လက်ချိုးရေတွက်ပြီး ပျော်လိုက်ရတာ၊ အခု ပြန်မယ့်ရက်နီးလေ၊ သူပြန်သွားမယ့်ရက်ကို အန်တီ မရောက်ချင်လေပဲ”

“အန်တီလေ… သမီးတွေနဲ့ ဖုန်းပြောတဲ့အပတ်တိုင်း မျက်ရည်ကျရတယ်။ အိမ်မှာ အန်တီ ဖျားနာနေတဲ့အချိန်ဆို ပိုဆိုးတာပေါ့ သမီးရယ်။ အသက်ကြီးလာလို့လား မသိဘူး၊ သမီးတွေနဲ့အကြာကြီးခွဲပြီး အန်တီ တစ်ယောက်တည်း အထီးကျန်နေရမှာကို ကြောက်လာတယ်”

“ငါ့ သမီးလေး အနားမှာ မရှိတော့ သမီးဓာတ်ပုံလေးတွေ၊ သမီးဝတ်ခဲ့တဲ့ အင်္ကျီလေးတွေကို ဗီရိုထဲက မကြာခဏ ထုတ်ကြည့်ပြီး အလွမ်းဖြေရတာပေါ့။ သမီးကြီး အနားမှာရှိမှပဲ မေမေ စကားပြောဖော် ရတော့တယ်ကွယ်”

ဒီတစ်ခေါက် သူမ မြန်မာပြည် ပြန်ရောက်တော့ သူမလို အမြင့်ပျံငှက်များ၏ မိခင်များထံမှ အလွမ်းစကားသံတွေ နားထောင်ခွင့်ရခဲ့သည်။ ဟိုတုန်းက ဆယ်ရက်နှစ်ပတ် အိမ်ပြန်လျှင် ကျန်းမာရေးကိစ္စ၊ အလှူကိစ္စ၊ လူမှုရေးကိစ္စများဖြင့် အမေ့အိမ်မှာ သိပ်မနေဖြစ်ဘဲ ခရီးသွားဖြစ်သည်က များခဲ့သည်။ သမီး ဒီတစ်ခေါက် ပြန်လာရင် အမေ့နားမှာ ကြာကြာနေနော်ဟု အမေပြောခဲ့ပြီး နောက်တစ်ခေါက်မှာ သူမ ဘယ်မှ မသွားတော့ဘဲ ဆယ်ရက်လုံး အမေနှင့်အတူ ရှိပေးလိုက်သည်။ အမေ နေမကောင်းဖြစ်ချိန်မှာတော့ အမေ့နားမှာ အကြာကြီးနေဖို့ သူမ ဆုံးဖြတ်ပြီး ပြန်ရောက်လာခဲ့သည်။ သည်တော့မှ အမေ့ဆီက ဖွင့်မပြောဘဲ နှစ်လရှည်ကြာ ရင်တွင်းအောင်းခဲ့သည့် အလွမ်းတွေကို ကိုယ်တိုင် ခံစားသိမြင်လိုက်ရသည်။ အခုဆို အမေ့နံဘေးမှာ သူမ အချိန်ပြည့်ရှိနေပြီဖြစ်သည့်အတွက် ဟိုတုန်းကလို သူမ ဓာတ်ပုံနှင့် အင်္ကျီတွေကို အမေ မကြာခဏ ထုတ်ကြည့်စရာ မလိုတော့ပေ။ အမေအားကိုးတကြီး ဆုပ်ကိုင်ခွင့်ရသော လက်ချောင်းများ၏ ပိုင်ရှင်အဖြစ် သူမ၀မ်းသာကြည်နူးမိရင်းသူငယ်ချင်းမိတ်ဆွေတစ်ချို့၏ ပြောစကားများကို ပြန်လည်ကြားယောင်လာသည်။

“ညီမလေး… တို့တတွေ ငယ်ငယ်တုန်းက မိဘကို လိုအပ်ခဲ့ကြတယ်၊ အခု မိဘတွေ ကိုယ့်ကို ပြန်လိုအပ်တဲ့အချိန် ရောက်လာပြီ၊ အဲဒါကို ငါ့ညီမ မမေ့နဲ့နော်”

“ငါလား… အဖေနဲ့အမေ မြန်မာပြည်မှာ သက်ရှိထင်ရှား ရှိနေသရွေ့တော့ တခြားနိုင်ငံသားအဖြစ် မခံယူသေးပါဘူးဟာ။ အရေးဟယ် အကြောင်းဟယ်ဆို ချက်ခြင်းထကောက်ပြီး ပြန်မလာနိုင်မှာ စိုးရိမ်လို့”

“အစ်မလည်း စင်္ကာပူမှာ ခြောက်နှစ်လုပ်ခဲ့တာ ညီမလေးရဲ့၊ မေမေ လေတစ်ခြမ်းဖြတ်သွားလို့ ပြန်လာတာ။ နောက်တော့ ဟိုမပြန်ဖြစ်တော့ဘဲ ဒီမှာပဲ အလုပ်ဝင်ပြီး ဖေဖေနဲ့မေမေအနားမှာနေပြီး ပြုစုလိုက်တာ။ မိဘတွေက အသက်ရလာတော့ တဖြည်းဖြည်းနဲ့ အိုမင်းမစွမ်း ဖြစ်လာပြီ မဟုတ်လား။ အမြင့်ကို ပျံတာကတော့ ပျံပေါ့ကွယ်၊ ဒါပေမယ့်…”

အဆုံးမသတ်ခဲ့သော စကားစုနောက်က အသံတိတ်စကားလုံးများကို သူမရင်ထဲက ကြားလိုက်သည်။ 

တစ်ကောင်သော ငှက်ကလေးကမူ ဆယ်စုနှစ်မက ရှည်ကြာခဲ့သော အလွမ်းများကို အဆုံးသတ်ဖို့ မြင်းမိုရ်တောင်ရှိရာသို့ ပျံသန်းလာခဲ့ပြီဖြစ်သည်။


ချစ်သားသမီးများနှင့် အဝေးမှာ ခွဲခွာနေရသော မိခင်များအတွက်

ဇွန်မိုးစက်