အိုဘယ့် ယောဂီ

7

Category: , ,


မိခင်ကြီးအား ခြောက်လခွဲတိုင်တိုင် နေ့စဉ်ရက်ဆက် ပြုစုခဲ့သော သမီးအလိမ္မာ ဇွန်မိုးစက်သည် စိတ်ပန်းလူပန်းဖြစ်နေခြင်းမှ အနားရအောင် ရက်သတ္တပတ်မျှ တရားစခန်းဝင်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုသို့ ဆုံးဖြတ်လိုက်သည်နှင့် တပြိုင်နက် မိမိမရှိသော ကာလတိုတစ်ခုအတွင်း အိမ်၏စားရေးသောက်ရေး အစစ အဆင်ပြေအောင် ငွေကြေးစိုက်ထုတ်၍ စီမံရပေတော့သည်။

တရားစခန်း၌ ၀တ်ဆင်ရန် လုံချည်အညိုများကို တွေ့ပြီးဖြစ်၍ စင်ကျားပူတွင် ရိပ်သာဝင်စဉ်က ၀တ်လေ့ရှိသော အင်္ကျီအဖြူများသည် ဗီရိုသို့မဟုတ်သေတ္တာတစ်ခုခုထဲတွင် ရှိရမည်ဟုတပ်အပ်ယုံကြည်၍ ရိပ်သာမသွားခင် နှစ်ရက်အလိုမှ အင်္ကျီဖြူများကို ထုတ်လျှော်ရန် ကြံစည်ထားလေသည်။ သို့ရာတွင် ၀တ်နေကျ အင်္ကျီဖြူများအား ရှာမတွေ့သဖြင့် အနီးကပ်မှ ခေါင်းစားရတော့သည်။ သို့နှင့် မိခင်ကြီး ဥပုသ်နေ့တွင် ၀တ်ဆင်လေ့ရှိသော အင်္ကျီဖြူမှန်သမျှ ဆွဲထုတ်ပြီး ကိုယ်တွင်ကပ်ကြည့်ဝတ်ကြည့်ရရှာလေ၏။ လွန်ခဲ့သော ခြောက်လအတွင်း ကိုယ်အလေးချိန် ဆယ့်နှစ်ပေါင်ကျသွားခြင်း၏ အကျိုးကျေးဇူးကား မိခင်၏အင်္ကျီများသာမက ယခင်က ကိုယ်နှင့်မတော်သဖြင့် အခြားသူများကိုပေးရန် ကြံစည်ထားသော အင်္ကျီအကောင်းအဟောင်းများကိုပင် ပြန်လည်ဝတ်ဆင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

ရိပ်သာမသွားခင် တစ်ရက်အလိုတွင်ကား အရေးကြီးကိစ္စတစ်ခုဖြင့် မင်္ဂလာဒုံသို့ သွားရန်အကြောင်းတစ်ခု ပေါ်လာလေသည်။ ထိုနေ့မှ မသွားလျှင် မဖြစ်သည့်အတွက် သွားရသေးသည်၊ ထိုမှအပြန် ရွှေတိဂုံစေတီတော်ကို ၀င်ရသဖြင့် နေ့တစ်ဝက်စွန်းစွန်း အချိန်ကုန်သွားရာ ပစ္စည်းများသိမ်းဆည်းရန် အချိန်မလောက်ငှတော့ပေ။ ဤတွင် ပရီယောဂီသည် တစ်စုံတစ်ခုကို သတိပြုမိ၏။ အခြားမဟုတ် ခရီးတို၊ ရှည်ထွက်ခါနီးတိုင်းတွင် အကြောင်းကိစ္စကြီးငယ် တစ်စုံတစ်ရာ ပေါ်လာတတ်ခြင်းကြောင့် အချိန်လုရသဖြင့် ခရီးမထွက်ခင်ရက်တွင် အခါတိုင်းထက် အဆပေါင်းများစွာ ပင်ပန်းလေ့ရှိသော မိမိကံကို ဖြစ်လေသည်။

နောက်တစ်နေ့နံနက် ၈နာရီ၁၀မိနစ်ခန့်တွင် ရန်ကုန်မှ တစ်နာရီခွဲခန့်မောင်းရသော အင်းတကော်စံပြကျေးရွာသို့  ဘေးမသီရန်မခ ရောက်ရှိခဲ့ပေသည်။ ယခင်က တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသော်လည်း ဧက၂၀ကျယ်ဝန်းပြီး သစ်ရိပ်ဝါးရိပ်တို့ဖြင့် အေးချမ်းလှသော ဖားအောက်တောရရိပ်သာကို ယောဂီတစ်ယောက် မြင်မြင်ချင်း သဘောကျသွားလေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သိရသည်မှာကား ဤရိပ်သာတွင် မြန်မာယောဂီဟူ၍ မိမိတစ်ယောက်တည်း ရှိခြင်းဖြစ်လေသည်။ ကျောင်းထိုင်ဆရာတော်နှင့် ရဟန်းတစ်ပါး၊ ဆရာလေးသုံးပါးတို့မှလွဲ၍ ကျန်သံဃာ၊ သီလရှင်နှင့် ယောဂီတို့သည် နိုင်ငံရပ်ခြား တိုင်းတစ်ပါးသားများ ဖြစ်ကြကုန်၏။ ယောဂီစိတ်တွင်းကား မြန်မာမရှိလေ၊ စကားပြောစရာမလို၍ မိမိတရားအားထုတ်ရန်ပို၍ အဆင်ပြေလေဟု မှတ်ယူထားသူဖြစ်ရာ ၀မ်းသာမိလေသည်။

ဆရာတော်၏ အစ်မဖြစ်သူက သွပ်မိုးထားသော နှစ်ထပ်အုတ်ခံပျဉ်ထောင်အိမ်ဆောင်၏ အပေါ်ထပ်တွင် ယောဂီကို နေရာချပေးသည်။ အပေါ်တစ်ထပ်လုံးတွင် မိမိအရင်ရောက်နှင့်ပြီးသော အခြားယောဂီတစ်ဦးကို မမြင်ရသေးခင်မှာပင် သူနှင့်ကပ်ရပ်အခန်းတွင် ကြိုးတန်းပြီး လှမ်းထားသော အတွင်းခံဘောင်းဘီကို မြင်ရုံနှင့် ထိုယောဂီမည်သည့်နိုင်ငံသားဖြစ်သည်ကို ယောဂီ ကြိုတင်ခန့်မှန်းပြီးဖြစ်လေသည်။ ယောဂီသည် အခန်းတစ်ခန်းဖြင့် သီးခြားနေလိုသော်လည်း လူမနေသည်မှာ ကြာပြီဖြစ်၍ ဖုန်ထူနေသော အခန်းကို ရှင်းလင်းရမှာ အနည်းငယ်ပင်ပန်းမည် စိုးသည်ကတစ်ကြောင်း၊  မိမိခေါင်းထက် ကြိုးတန်းမှာ လွှားထားသော အတွင်းခံကို ရုတ်ပေးရန် သူစိမ်းယောဂီတစ်ဦးကို မပြောလိုခြင်းကတစ်ကြောင်း အခန်းအပြင်ဘက်ရှိ ကျယ်ပြောသော ဟောခန်းမထဲတွင်သာ တစ်ကိုယ်တည်းနေမည်ဟု ဆုံးဖြတ်လိုက်လေသည်။ (ရိပ်သာရောက်ပြီး ၅ရက်မြောက်နေ့တွင်မူ ဗီယက်နမ်မှ အမျိုးသမီးဧည့်သည်လေးယောက် ယောဂီတို့အဆောင်တွင် နှစ်ညတာ တည်းခိုအိပ်စက်မည်ဖြစ်ကြောင်း သိရသည့်အတွက် သူတို့အားနေရာပေးနိုင်ရန် ယောဂီခမျာ ပင့်ကူအိမ်များဖြင့် ယှက်နွယ်လျက်ရှိသော အခန်းလွတ်ကို တစ်မနက်ခင်းမျှ အချိန်ပေး သန့်ရှင်းရေးလုပ်ပြီး ပြောင်းရွှေ့ခဲ့ရပေသည်။) ပစ္စည်းများချပြီး နေရာထိုင်ခင်းအတွက် သန့်ရှင်းလှဲကျင်းနေစဉ် အခန်းထဲမှ လူမျိုးခြားယောဂီသည် မိမိအား ဖုန်သုတ်ရန် မျက်နှာသုတ်ပုဝါစလေး ကမ်းပေးသဖြင့် ယောဂီသည် ကြောင်အမ်းအမ်းနှင့် လှမ်းယူလိုက်သော်လည်း ကျေးဇူးတင်စကား မဆိုမိခဲ့ပေ။ သီလယူ၊ နေ့လယ်စာစားပြီး အဆောင်ပေါ်ပြန်တက်လာသည့်အခါတွင်မှ သူမထံသွား၍ ကျေးဇူးတင်ကြောင်း ပြောဆိုဖြစ်တော့သည်။ သူမက ယောဂီအား ရန်ကုန်ကလားဟု မေးသည်ကို ဟုတ်တယ်ဟု ပြန်ဖြေသည်မှလွဲ၍ သူမကို စကားပြန်မဆိုမိ။ ရိပ်သာတွင် စကားနည်းလေ၊ ကောင်းလေဟု ယောဂီခံယူထားသည် မဟုတ်ပါလား။

နံနက် ၃နာရီ၄၅တွင် ဘုရားရှိခိုးတရားထိုင်ရန် ၃နာရီ၁၅တွင် အိပ်ယာမှ ထရသော်လည်း ယောဂီစိတ်အလျဉ်မှာ ကြည်လင်လျက်ရှိနေပေသည်။ မိမိအဆောင်မှ သိမ်ရှိရာကို သွားရာလမ်းတလျှောက်သည် မှောင်မည်းလျက်ရှိရာ လက်နှိပ်ဓာတ်မီးအစွမ်းဖြင့် ခလုတ်မထိဘဲ သွားလာနိုင်သော်လည်း ယောဂီမှာ နက်ပြာရောင်ကောင်းကင်တွင် စုံညီစွာတောက်ပနေသော ကြယ်တာရာများကို မော်ကြည့်မိရာ ဟန်ချက်ပျက်၍ ချော်လဲမလို ဖြစ်သွားလေသည်။ အနှီယောဂီသည်ကား ဖြစ်နိုင်လျှင် မြေကြီးပေါ် ပက်လက်လှဲအိပ်ပြီး လင်းလက်နေသည့် ကြယ်ပွင့်များကို မမှိတ်မသုန် စိုက်ကြည့်ချင်မိ၏။ သို့သော် ယောဂီဟူသော သတိက ကပ်ပါလာလေရာ မိမိအာရုံကို ရှေ့တူရူသို့ ပြန်လွှဲရလေသည်။

လိပ်ပြာရောင်စုံများ၊ ကတ္တီပါရောင်တောက်နေသော ပုဇဉ်းရင်ကွဲများ၊ ၀၀ီဝီမြည်ကာပျံဝဲနေသော ပိတုန်းကောင်များကြားတွင် ယောဂီတစ်ယောက် သာယာကြည်နူးနေမိ၏။ ‘တောတောင်ရယ်သာ၊ မာလာကငုံဖူး၊ တစ်ပင်ကိုနှစ်ပင်ယှက်တယ်၊ ကျေးငှက်ကမြူး။’ ဆယ်စုနှစ်သုံးခုစာ မရွတ်ဖြစ်သော ကဗျာလေးပင် ယောဂီမှတ်ဉာဏ်ထဲ အလိုလိုဝင်ရောက်လာလေသည်။ သို့ရာတွင် မိမိမြင်ဖူးသမျှ အရွယ်အကြီးဆုံးဖြစ်သော ကင်းခြေများနှင့် ကင်းမြီးကောက်တို့ကို တွေ့ရသည့်အခိုက်တွင်မတော့ ယောဂီ၏နှလုံး အနည်းငယ် တုန်ယင်လာ၏။ အ၀ါရောင်အဆင်းရှိသော ဖားခုံညင်းတစ်ကောင် အိမ်သာထုတ်တန်းပေါ်မှ ခုန်ချရာ ယောဂီခြေထောက်ပေါ်ကျ၍ ကြောက်လန့်တကြား အော်မိသေးသည်။ သြော်… တောထဲတောင်ထဲတွင် တရားအားထုတ်ရသည်မှာ ထင်သလောက် မလွယ်ကူလှကြောင်း ယောဂီကိုယ်တွေ့ သိရှိရလေပြီ။ ဒါတောင် ယောဂီနေထိုင်ရာရိပ်သာသည် တောနက်မဟုတ်သော တောစပ်တွင် တည်ရှိခြင်းဖြစ်သည်။ ညည့်နက်လျှင်တော့ ရှဉ့်ကလေးများ၏ စိန်ခေါ်သံလိုလို ဖိုသံပေးလိုလို အသံများကို ကြားရလေ့ရှိသည်။ ရိပ်သာနောက်ဘက်တွင် အလွန်တရာမှ သာယာပြန့်ပြူးသော လမ်းကလေးကို အရုဏ်တက် နေထွက်ချိန်တစ်ခါ၊ ညနေဆည်းဆာ နေ၀င်ချိန်တစ်ခါ လမ်းလျှောက်ထွက်သည့် အခါမျိုးတွင်တော့ ကင်မရာ မယူဆောင်ခဲ့မိသော ယောဂီသည် နောင်တရခြင်းကြီးစွာ ဖြစ်မိလေတော့သည်။ 

အရုဏ်ဆွမ်းသုံးဆောင်ပြီးလျှင် တံမြက်လှည်းခြင်း၊ ရေချိုးခန်းအိမ်သာသန့်ရှင်းရေးလုပ်ခြင်း အစရှိသည့် ဝေယျာဝိစ္စ သန့်ရှင်းရေး ကုသိုလ်များကို မိမိအသိစိတ်ဖြင့် ပြုကြရ၏။ တံမြက်လှည်းရင်း ပုရွက်ဆိတ်များ ၀ိုင်းအုံခဲကိုက်ခံနေရသော ဧရာမတီကောင်ကြီးကို မြင်လျှင် သံဝေဂရသည်။ ထိုမှဆက်၍ သတ္တ၀ါမျိုးစိတ်ပေါင်း မရေမတွက်နိုင်ရှိနေသော ဘဒ္ဒကမ္ဘာတွင် လူအဖြစ်ကိုရသော မိမိသည် ကံကောင်းပေစွ၊ ကောင်းလေစွဟု ဆင်ခြင်မိပြန်သည်။ တမလွန်မရောက်ခင် ယခုဘ၀ကတည်းက ကြိုးစားအားထုတ်မှသာလျှင် လူဖြစ်ရကျိုးနပ်မည် မဟုတ်ပါလား။

ထိုကဲ့သို့ အသိတရားရရှိပြီးနောက် ယောဂီတစ်ယောက် အာနပါနကို ကြိုးစားရှုမှတ်လေသည်။ ၀င်လေထွက်လေကား သိမ်မွေ့လွန်း၍ ဟိုခုန်ဒီကူး ဖြစ်နေသော မျောက်လွှဲကျော်ကဲသို့ အာရုံများသောစိတ်ဖြင့် ဖမ်းရမှတ်ရ ခက်လှပေသည်။ သမာဓိရဖို့ကား ဝေးလေစွ။ ယောဂီတရားစခန်းမ၀င်ဖြစ်သည်မှာ ၄နှစ်နီးပါးပင်ရှိခဲ့ပြီ၊ တရားမထိုင်ဖြစ်သည်မှာလည်း ၇လခန့်ပင် ရှိလေရာ ဟိုဒီယောက်ယက်ခတ်နေသော စိတ်အစဉ်ကို တည်ငြိမ်အောင် ထိန်းရသည်မှာ ပင်ပန်းလှသည်။ သတိလွတ်လျှင် လွတ်သလို ဥဒိစ္စနှင့် ကုက္ကုစ္စတို့သည်လည်း တစ်လှည့်စီ အပြေးဝင်လာကပ်၏။ လက်ဖျစ်တစ်တွက်လျှင် ကုဋေသိန်းချီဖြစ်သွားသော စိတ်အစဉ်ပေါင်းများစွာတွင် မိမိရေးမည့်စာအကြောင်းကို ကြံစည်စိတ်ကူးခြင်းကလည်း ပါလိုက်သေးသည်။ တရားထိုင်ရင်း တွေးမိသည်ကား စာရေးဆရာမှန်လျှင် တရားကြာကြာရှုမှတ်နိုင်ပါမည်လောဟူ၍ ဖြစ်လေသည်။ ယောဂီကဲ့သို့ သာမန်ဝါသနာရှင်စာရေးသူတစ်ယောက်အနေနှင့် တရားထိုင်ရင်း စာရေးနေပါလျှင် စာမရေးရ မနေနိုင်သော အနှီတန်းဝင်စာရေးဆရာစစ်စစ်များသည်လည်း တရားထိုင်ရင်း မိမိရေးမည့်စာများကို စိတ်တွင်းမှာ အသံတိတ်စီကုံးနေနိုင်သည် မဟုတ်ပါလော။

ပထမသုံးရက်တွင်ကား သမာဓိမတက်သေးသော ယောဂီစိတ်သည် လိပ်ပြာတစ်ကောင်နှယ်၊ ကုန်းပေါ်ရောက်ငါးသဖွယ် ဟိုမှဒီမှ လူးလာပျံသန်း ခုန်ပေါက်ခုန်ဆွ ဖြစ်နေသေး၏။ လေးရက်မြောက်နေ့မှ အတန်ငယ်စိတ်တည်ငြိမ်လာလေသည်။ သို့သော် တရားထိုင်ချိန်တွင် အနီးစပ်ဆုံးတွေ့ထိမိသော အမြင်အကြားအာရုံများကို ပြန်လည်မြင်ယောင် သုံးသပ်နေမိသေးရာ ထိုအာရုံများထဲတွင် ယောဂီနှင့် တစ်ဆောင်ထဲနေ ပီကင်းမြို့သူ ကျင့်ရာ၊ ကြောင်ကလေးဝါဆိုနှင့် ဆရာလေးပီယတို့ ပါဝင်လာလေသည်။

ယောဂီသည် အစောပိုင်းတွင် ကျင့်ရာနှင့် သိပ်မရင်းနှီးသော်လည်း နောက်ပိုင်းတွင် အတော်လေး ခင်မင်သွားခဲ့လေသည်။ ရင်းနှီးသွားရခြင်း၏ အကြောင်းရင်းမှာ ကျင့်ရာသည် သူမနာမကျန်းဖြစ်ချိန်၌ အင်္ဂလိပ်စကားကို လည်လည်ဝယ်ဝယ် မပြောတတ်၍ ယောဂီက ကူညီဘာသာပြန်ကာ ပြောဆိုပေးရခြင်းကြောင့် ဖြစ်သည်။ အ၀တ်လှန်းသည့်ကိစ္စမျိုးတွင် တရုတ်ပြည်မကြီးသူပီပီ အမြင်မတော် လှန်းတတ်သည့် အကျင့်ရှိသော်လည်း သူမသည် စိတ်ရင်းကောင်းမွန်လှပေသည်။ ယောဂီတွေ့ဖူးသမျှ ပြည်ကြီးတရုတ်မများထဲတွင် စိတ်သဘောအကောင်းဆုံး ဖြစ်လေသည်။ တရားကျင့်ကြံအားထုတ်မှုနှင့် ပတ်သက်လျှင် ကျင့်ရာသည် ယောဂီထက် စီနီယာကျ၏။ မြန်မာပြည်သို့ သုံးခေါက်တိုင်တိုင် လာရောက်ခဲ့ပြီး မော်လမြိုင်ဖားအောက်တောရတွင် တစ်လကြာအောင် သီလရှင်ဝတ်နှင့် သီတင်းသုံးဖူးလေသည်။ ယခုတရားစခန်းတွင်လည်း အနည်းဆုံးသုံးလကြာအောင် အားထုတ်မည်ဟု ရည်ရွယ်ကာ လာခဲ့ခြင်းဖြစ်လေသည်။ သို့သော် ရုတ်တရက်ပြန်ထလာသော သူမ၏ ဝေဒနာဟောင်းက လရှည်ရိပ်သာဝင်ခြင်းကို အနှောင့်အယှက်ပြုလေရာ ကျင့်ရာခမျာ တစ်လနှင့် ပီကင်းပြန်ရန် ဆုံးဖြတ်ရလေတော့သည်။ တရုတ်မလေး ကျင့်ရာ ထေရ၀ါဒကို လေးစားကိုးကွယ်ပုံမှာ ယောဂီတို့ အတုယူအားကျရလောက်၏။ အကြောင်းမှာ သူမ၏ခင်ပွန်းသည် ဗုဒ္ဓဘာသာနှင့် တရားတော်မြတ်ကို သူမကဲ့သို့ လေးစားယုံကြည်မှုမရှိသဖြင့် ကွာရှင်းခဲ့သည်ဟု ဆိုသည်။ သူမနှင့် ကွဲကွာပြီးမှ ထိုယောက်ျားသည် ဘာသာတရားကို လေ့လာလိုက်စားခဲ့ပြီး ယခင်ကထက် စိတ်ထားပိုမိုကောင်းမွန်လာကာ သူမအပေါ်တွင် မိတ်ဆွေကောင်းတစ်ယောက်အဖြစ် ပြန်လည်ဆက်ဆံလာကြောင်း ယောဂီအား ပြောပြ၍ သိခဲ့ရသည်။

ယောဂီနေထိုင်ရာ အဆောင်အောက်တစ်ဘက်ခြမ်းတွင် မြန်မာဆရာလေးနှစ်ပါးသီတင်းသုံးနေထိုင်လျက်ရှိရာ မကြာခဏ ‘၀ါဆို’ ‘၀ါဆို’ ဟူသော ခေါ်သံကို ကြားရတတ်၏။ နောင်မှ ထိုခေါ်သံသည် ကြောင်ကလေးကို ရှာဖွေခေါ်ဆိုခြင်းဖြစ်ကြောင်း သိလာရသည်။ ယောဂီမပြန်ခင်တစ်ညတွင် ထိုကြောင်ကလေး၏ ၀တ္ထုဆန်သော နောက်ကြောင်းကို သိခွင့်ရလေသည်။ ကြောင်မကြီးမေရီသည် ၀ါဆိုလပြည့်နေ့တွင် သားသုံးကောင်ပေါက်ရာ တစ်ကောင်ကို ၀ါဆို၊ တစ်ကောင်ကို လပြည့်၊ တစ်ကောင်ကို ဂျူလိုင်ဟူ၍ အမည်ပေးထားကြသည်။ လပြည့်သည် ရက်ပိုင်းနှင့်ကွယ်လွန်သွားရာ ၀ါဆိုနှင့်ဂျူလိုင်တို့ ကျန်ခဲ့သည်။ တစ်ညတွင် မေရီအစာရှာသွားခိုက် တောကြောင်ကြီးတစ်ကောင်သည် ၀ါဆို့မျက်စိရှေ့တွင် ဂျူလိုင်ကို ကိုက်ဆွဲသတ်စားလိုက်ရာ ၀ါဆိုလေးခမျာ ထရာမာရသွားရှာလေသည်။ မေရီပြန်ရောက်သော် ၀ါဆိုကို ကိုက်ချီ၍ သူမတို့နေထိုင်ရာ အဆောင်မှ ကြောင်တို့ခြေလှမ်းနှင့် အလွန်တရာဝေးကွာလှသော ယခုယောဂီနေထိုင်ရာအဆောင်အောက်ဘက်က ဆရာလေးတို့ အဆောင်ရှေ့ကို လာပို့လေသည်။ အဘယ်ကြောင့်ဆိုသော် တောကြောင်သည် ယောဂီတို့နေထိုင်ရာအဆောင်သို့ တစ်ခါမှလာရောက်ခြင်းမရှိသည်ကို မေရီသိနေသဖြင့် သူ့သားလေးအတွက် လုံခြုံသောနေရာကို သယ်ယူခေါ်ဆောင်လာခြင်း ဖြစ်လေသည်။ ထိုမနက်က မိုးဖွဲဖွဲလေး ကျနေရာ ၀ါဆိုလေးမှာ ဖုန်၊ သဲလူးပြီး မိုးရေကြားတွင် ခိုက်ခိုက်တုန်နေရှာ၏။ မေရီက အ၀တ်စုတ်လေးတစ်ခုကို ကိုက်ချီပြီး ထိုအ၀တ်လေးပေါ်တွင် ၀ါဆို့ကိုယ်ကို တင်ထားကာ ဆရာလေးတို့ကို အော်ခေါ် ပြသလေသည်။ ထိုအချိန်မှစပြီး ၀ါဆိုလေးကို ဆရာလေးနှစ်ပါးက တောကြောင်အကိုက်မခံရအောင် ကြည့်ရှုစောင့်ရှောက်ရသည့် တာဝန်တိုးခဲ့လေသည်။ မေရီသည် တစ်ကောင်တည်းကျန်သော ၀ါဆိုလေးကို မျက်စိအောက်မှ အပျောက်မခံဘဲ အလွန်ချစ်မြတ်နိုးသည်ဟု ဆရာလေးများက ပြောပြသည်။ ၀ါဆိုသည်လည်း အမေမှလွဲ၍ အခြားသူ အကပ်မခံ၊ လူလည်း အလွန်ကြောက်တတ်သည်။ နောက်ပိုင်းတွင် ဆရာလေးနှစ်ပါး၏ နွေးထွေးကြင်နာမှုကြောင့်လည်းကောင်း၊ မေရီ နောက်ထပ်ကိုယ်ဝန်ဆောင်လာချိန်တွင် ၀ါဆိုကို သူ့အနားအကပ်မခံတော့သောကြောင့်လည်းကောင်း သူ့ကိုယုယကြင်နာစွာ ထွေးပိုက်တတ်သော လူတို့နှင့် နီးနီးကပ်ကပ်နေထိုင်ရန် ယခင်ကထက် ၀ံ့ရဲလာတော့သည်။ ယောဂီမှာ ထိုအကြောင်းကြားသိရသော် သြော်… သတ္တ၀ါတစ်ခု၊ ကံတစ်ခုပါလားဟု ကြောင်ကလေးဝါဆိုအပေါ် ကရုဏာသက်ခြင်း ကြီးစွာဖြစ်မိလေသည်။

အင်းတကော်ဖားအောက်ရိပ်သာတွင် တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ကိုးရီးယား အစရှိသော အရှေ့တိုင်းအာရှနိုင်ငံများမှ ဆရာလေး (သီလရှင်) များ နှစ်ရှည်လများနေထိုင်ပြီး တရားအားထုတ်ကြသလို အနောက်တိုင်းဥရောပနိုင်ငံမှ ဆရာလေးတစ်ပါးလည်း လာရောက်အားထုတ်လျက်ရှိလေသည်။ ၀ိနည်းနှင့်အညီ ပြုမှုလှုပ်ရှား ဆောင်ရွက်နေသော ထိုဆရာလေးကို ယောဂီအာရုံတွင် ထူးထူးခြားခြား ကြည်ညိုစိတ်ဝင်မိသည်နှင့်အမျှ သူ့ကို ဂရုတစိုက် သတိပြုကြည့်မိရာ ဆရာလေးပီယသည် မြန်မာစကားအနည်းငယ်ကို နားလည်သည့်အပြင် မဟာသတိပဋ္ဌာနသုတ်မှလွဲ၍ ကျန်သော ပါဋိဘုရားရှိခိုးဘုရားစာများအားလုံးလိုလိုကို စာအုပ်မကြည့်ဘဲ လက်အုပ်ချီကာ အလွတ်ရွတ်ဆို ပူဇော်နိုင်သည်ကို တွေ့ရလေသည်။ ဝေယျာဝစ္စနှင့် ဆွမ်းပန်းရေချမ်းကပ်လှူခြင်းတို့ကိုလည်း ငယ်ဖြူတစ်ပါးအလား ကျွမ်းကျင်စွာ ဆောင်ရွက်ဆည်းကပ်နိုင်သည်ကိုလည်း တွေ့ရသည်တွင် ယောဂီသည် ဆရာလေး၏ ဗုဒ္ဓဘာသာအပေါ် မည်ကဲ့သို့ ကိုးကွယ်ယုံကြည်ဆည်းကပ်လာပုံ၊ မြန်မာနိုင်ငံသို့ မည်သည့်အဆက်အစပ်ဖြင့် ရောက်ရှိလာပုံတို့ကို လွန်စွာသိချင်စိတ် ဖြစ်ပေါ်လာလေတော့သည်။

နိုင်ငံခြားသားဆရာလေးနှင့် ယောဂီများ ကျင့်ကြံအားထုတ်ရာ အနှီရိပ်သာတွင် ဆရာတော်၊ မလေးဆရာလေးတစ်ပါးနှင့် မြန်မာဆရာလေးတစ်ပါးသာ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်သည်ဖြစ်ရာ တရားလျှောက်ချိန်တွင် တရုတ်ဆရာလေးအတွက် မလေးဆရာလေးမှ အင်္ဂလိပ်လို ဘာသာပြန်လျှောက်တင်ပေးပြီး၊ ကိုရီးယားဆရာလေးနှစ်ပါးတွင် အင်္ဂလိပ်စာအတန်အသင့်ပြောဆိုနိုင်သော ဆရာလေးတစ်ပါးမှ နောက်တစ်ပါးအတွက် ဘာသာပြန်ဆိုပေးကြောင်း သိရသည်။ ဗီယက်နမ် ကိုယ်တော်နှစ်ပါးမှာ အမေရိကတွင် အခြေချနေထိုင်ခဲ့သူများဖြစ်၍ အင်္ဂလိပ်စကား ကောင်းစွာပြောကြားနိုင်သော်လည်း ဗီယက်နမ် ဆရာလေး ၄ပါးတွင် အငယ်ဆုံးဆရာလေး သိရီစန္ဒာတစ်ပါးသာ အင်္ဂလိပ်စကား ပြောဆိုတတ်၍ တရားစစ်ချိန်တွင် ကျန်သုံးပါးကိုယ်စား သူမက ဘာသာပြန်ဆို လျှောက်တင်ပေးမှ အဆင်ပြေလေသည်။

သို့ရာတွင် ဆွမ်းချက်ဆောင်မှ ဝေယျာဝိစ္စ ဒကာ၊ ဒကာမများနှင့် ဆက်သွယ်ပြောဆိုလိုလျှင် မြန်မာစကားတတ်မှ ခရီးပိုတွင်ကြောင်း ထင်ရှားရကား ဆရာလေးတို့သည် မြန်မာစကားကို မဖြစ်မနေ သင်ယူလေ့လာကြရာ မလေးရှားဆရာလေးသုမေဒါနှင့် ဗီယက်နမ်ဆရာလေးသိရီစန္ဒာတို့မှာ မြန်မာစကားကို အတော်အသင့် တီးခေါက်နားလည်ပြီး ပြန်လည်ပြောဆိုနိုင်ကြသည်ကိုတွေ့၍ ယောဂီပင် တအံ့တသြနှင့် အထင်ကြီးမိလေသည်။ ဆရာလေးပီယသည်လည်း  ဆွမ်းချက်ဆောင်တွင် ဒကာမများနှင့် ပြောဆိုဆက်ဆံနိုင်ရေးအတွက် မြန်မာစာကို ကြိုးစားလေ့လာလျက်ရှိရာ သူမအခက်အခဲကြုံတွေ့စဉ် ယောဂီက ၀င်ရောက်ဘာသာပြန်ဆို ဖြေရှင်းပေးခွင့် ရလေသည်။ ယောဂီ ရိပ်သာရောက်စတွင် ကျင့်ရာ၊ ဆရာလေးသုမေဒါနှင့် အင်္ဂလိပ်လို ပြောဆိုဆက်ဆံသည်ကို ကြားရသူ ကပ္ပိယအချို့သည် ယောဂီအား နိုင်ငံရပ်ခြားမှ လာရောက်အားထုတ်သူဟူ၍ပင် ထင်မှတ်မှားကာ အင်္ဂလိပ်လို ပြောဆိုဆက်ဆံခြင်း ခံရသည်ကို ကြုံလိုက်သေး၏။ နောင် ယောဂီနှုတ်မှ မြန်မာစကားပီပီသသ ပြောသံကြားသောအခါ သြော်… အစ်မက မြန်မာပဲဟု ရယ်မောကာမှတ်ချက်ပေးတော့သည်။ ဤအကျိုးဆက်သည် ယောဂီအား ဆွမ်းချက်ဒကာမများနှင့် ဆရာလေးတို့အကြား စကားပြန်အဖြစ်ရောက်အောင် အလိုလို တွန်းပို့လိုက်သကဲ့သို့ ရှိတော့သည်။ ရောက်ရာအရပ်တွင် သူတစ်ပါးကို ကူညီခွင့်ကြုံသော ယောဂီအဖို့ မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ စကားပြန်အဖြစ်ကို ကျေကျေနပ်နပ် ခံယူကူညီပေးခဲ့လေသည်။

ယောဂီသည် မြန်မာအရောက်အပေါက်များပြီး ထေရ၀ါဒဗုဒ္ဓသာသနာအကြောင်း အတန်အသင့်ပေါက်ရောက်သိကြားနိုင်သော အမေရိက၊ အင်္ဂလန်၊ သြစတြးလျ အစရှိသောနိုင်ငံများမှ လာရောက်တရားအားထုတ်သော မျက်နှာဖြူနိုင်ငံခြားသားရဟန်း၊ သီလရှင်များကို မြင်လျှင် အထူးတလည် အံ့သြခြင်း မရှိခဲ့ပေ။ သို့သော် ဖားအောက်တောရတွင် တွေ့ဆုံခဲ့ဖူးသော ရှားရှားပါးပါး အာဖရိကနိုင်ငံ အန်ဂိုလာမှ ရဟန်းတစ်ပါးနှင့် ဥရောပအရှေ့မြောက်ခြမ်း လစ်သူရေးနီးယားနိုင်ငံမှ ဆရာလေးပီယတို့အား များစွာအံ့သြခြင်း ဖြစ်မိလေသည်။ ဆရာလေးပီယကိုယ်တိုင်ကလည်း ရိုမန်ကတ်သလစ်ကိုးကွယ်သော လစ်သူရေးနီးယားနိုင်ငံမှ ထေရ၀ါဒဗုဒ္ဓသာသနာထွန်းကားသော မြန်မာပြည်တွင် လာရောက်နေထိုင်သီတင်းသုံးသော သူမတစ်ပါးတည်းသာရှိနိုင်ကြောင်း အခြားဆရာလေးများကို ပြောဆိုခဲ့ဖူးကြောင်း ယောဂီ ပြန်လည်ကြားသိရသည်။

လစ်သူရေးနီးယားနိုင်ငံသူ ဆရာလေးပီယသည် လစ်သူရေးနီးယန်း၊ ရုရှ၊ အင်္ဂလိပ်စာ ဘာသာစကားသုံးမျိုးကို ကျွမ်းကျင်စွာပြောဆိုနိုင်သည့်အပြင် ပါဋိဘာသာရပ်ကိုလည်း အိန္ဒိယနိုင်ငံ၌ လေ့လာဆည်းပူးခဲ့သေးသည်။ အိန္ဒိယမှတစ်ဆင့် မြန်မာနိုင်ငံရှိ ဖားအောက်တောရတွင် လာရောက်တရားအားထုတ်နေသည်မှာ ၂နှစ်ခန့်ရှိပြီဖြစ်သော်လည်း မြန်မာစကားသည် အလွန်ခက်ခဲကြောင်း၊ သို့သော် ဆွမ်းချက်ဆောင်တွင် ဝေယျာဝိစ္စဒကာမများနှင့် လွယ်လင့်တကူ ပြောဆိုဆက်ဆံနိုင်ရေးအတွက် အချို့သောစကားများနှင့် စာကြောင်းများကို မရအရ သူမ သင်ယူကျက်မှတ်ရမည်ဖြစ်ကြောင်း ယောဂီကို ပြောပြလေသည်။ ဆရာလေးပီယသည် လစ်သူရေးနီးယားသို့ပြန်ရန် အစီအစဉ်မရှိဘဲ မြန်မာပြည်တွင်သာ နေထိုင်ပြီး တစ်သက်တာ တရားအားထုတ်သွားမည့်အကြောင်း ယောဂီသိလိုက်ရသည်တွင် မြန်မာစာနှင့် ပတ်သက်ပြီး ဆရာလေး၏ အခက်အခဲကို ကူညီရန် ဆုံးဖြတ်လိုက်လေသည်။

ထို့ကြောင့် ယောဂီမပြန်ခင်တစ်ရက်အလိုတွင် လေးမျက်နှာပါ ဗလာစာရွက်တစ်ရွက်ရှာကာ ဆွမ်းချက်ဆောင်နှင့် ပတ်သက်ပြီး သိသင့်သိထိုက်သော အခေါ်အဝေါ်အသုံးအနှုန်းများ၊ ဆရာလေးပီယ ကျောင်းသင်္ခမ်းတွင် အသုံးလိုမည်ဟုထင်ရသော ပစ္စည်းပစ္စယများ၊ ဤရိပ်သာတွင် သီတင်းသုံးနေစဉ်တလျှောက် လိုအပ်အသုံးဝင်မည်ထင်သော စကားစုများအား အင်္ဂလိပ်စာ-ဘားဂလစ်ရှ် (အင်္ဂလိပ်အက္ခရာဖြင့်ပေါင်းထားသော မြန်မာအသံထွက်)-မြန်မာစာ သုံးကော်လံခွဲ၍ စုစည်းရေးသားပြီး ဆရာလေးပီယအား ပေးလိုက်ရာ ဆရာလေးမှာ လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်ပြီး လက်ခံယူလေသည်။ ညနေဘုရားဝတ်တက်ပြီးချိန်တွင် ယောဂီရေးထားပုံကို သူအလွန်ကြိုက်နှစ်သက်ကြောင်း၊ ကျေးဇူးတင်ကြောင်း လာရောက်ပြောဆိုသည့်အပြင် နောက်တစ်ခါ နင်လာရင်တော့ ငါမြန်မာလိုအားလုံးသိသွားတော့မှာဟု ပြုံးရယ်ကာ ပြောခဲ့ခြင်းကြောင့် ယောဂီမှာ ၀မ်းသာကြည်နူးမိလေတော့သည်။

ယခုတစ်ခေါက် တရားစခန်းမှအပြန်တွင် ယောဂီတစ်ယောက် တရားထူးတရားမြတ်များ ရမလာခဲ့သော်လည်း အဖိုးတန်သော အသိတရားတစ်ခုကို ရရှိခဲ့လေသည်။ ဤသည်မှာ ယောဂီသည် မြန်မာလူမျိုးဖြစ်ရခြင်းနှင့်အတူ စစ်မှန်သော ထေရ၀ါဒထွန်းကားရာ တစ်ခုတည်းသောနိုင်ငံဖြစ်သည့် မြန်မာပြည်တွင် ဆရာသမားကောင်းတို့၏ လမ်းညွှန်ပြသမှုဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားအားထုတ်ခွင့်ရသူဖြစ်ရာ မိမိမည်မျှကုသိုလ်ကံကောင်းကြောင်း ယခင်ကထက်ပို၍ သတိချပ်မိခြင်း ဖြစ်လေသည်။ စစ်မှန်သောတရားကို အလိုရှိသူတို့သည် ဘာသာစကား၊ ရာသီဥတု၊ အစားအသောက် မတူညီကွဲပြားခြားနားသော အရပ်ဒေသတွင် အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်ကာ အပတ်တကုပ်ကြိုးစားသင်ယူအားထုတ်လျက်ရှိသော်လည်း ထိုအခက်အခဲများကို တကူးတက ကြုံတွေ့ကျော်ဖြတ်စရာမလိုသော ယောဂီတို့ မြန်မာလူမျိုးများသည် မိမိတို့ လက်တကမ်းမှာရှိသော၊ လွယ်လင့်တကူ အရယူနိုင်သော အဖိုးမဖြတ်နိုင်သော တရားရတနာ၏တန်ဖိုးကို အမေ့မေ့အလျော့လျော့ဖြစ်လျက် ဂရုမစိုက်ဘဲ နေမိကြသည်မှာ လွန်စွာမှ နှမြောစရာ ကောင်းလှပေသည်။ 

ယောဂီသည် ကျင့်ရာ၏ဖုန်းကင်မရာဖြင့် ရိုက်ကူးခဲ့သော အထက်ပါ ပုံလေးကိုကြည့်ရင်း ကန်စပ်က စုတ်ချာနေသောတဲငယ်သည် ခေတ်အဆက်ဆက် မင်းဆိုးမင်းညံ့တို့လက်ထက် ကျဆင်းခဲ့၍ အဘက်ဘက်က ချို့တဲ့ဆင်းရဲနုံချာရရှာသော မြန်မာပြည်နှင့်တူသော်ငြား ရေကန်ထက်က ကြာများသည် တိုင်းပြည်၏ တစ်ခုတည်းသော ချမ်းသာဂုဏ်ယူစရာ ထေရ၀ါဒ ဓမ္မပန်းကြာများဖြစ်သည်ဟု နှိုင်းယှဉ်ကာ ပီတိပွားလိုက်မိလေတော့သတည်း။

အိုဘယ့် ယောဂီ
စိတ်ကို တည်ကြည်
ငြိမ်အောင် သတိ
ထားကပ်ပါလည်း
တရားမတက်
စိတ်မပျက်ဘဲ
ကြိုးစားထုတ်မည်
နိဗ္ဗာန်ဆီ…။


ဇွန်မိုးစက်