သတ္တမတန်းအဆောင်သို့သွားရာ
လှေကားထစ်များဆီ မရောက်မီ ညာခြမ်းက န၀မတန်း တန်းခွဲတစ်ခုကို သူ အမြဲလှမ်းကြည့်လေ့ရှိသည်။
မြေညီထပ်က စာသင်ခန်းများ၏ ဘယ်ညာနှစ်ဘက်လုံးတွင် ကော်ရစ်ဒါများရှိပြီး တစ်ခန်းလျှင်
ဘယ်၂ခု၊ ညာ၂ခု စုစုပေါင်း တံခါးပေါက်၎ခုရှိသဖြင့် အလင်းရောင်ကောင်းစွာရသော အခန်းများကို
သူ နှစ်သက်ပါသည်။ ထို့ထက်ပို၍ သူ နှစ်သက်သော အရာတစ်ခုရှိပါသေးသည်။ အဲဒါကတော့ အရာဝတ္ထုမဟုတ်သော
သက်ရှိလူသားတစ်ယောက်ဖြစ်သည်။ မနက် ၈နာရီခွဲနှင့် ၉နာရီအတန်းမတက်မီကြားချိန်လေးတွင်
ကျောင်းသူနှစ်ယောက် အခန်းဝက သံမံတလင်းအုတ်ထစ်ပေါ်မှာထိုင်ပြီး စကားပြောလေ့ရှိသည်ကို
သူ သတိပြုမိသည်။ တကယ်တော့ လူတစ်ဦးက တစ်ဦးအပေါ် စိတ်ဝင်စားမှုဆိုတာ နေ့တိုင်းမြင်တွေ့နီးစပ်ရာက
အစပြုခဲ့သည် မဟုတ်ပါလား။
တော်ရုံမိန်းကလေးများထက်
သိသာစွာမြင့်မားရှည်လျားနေသော အရပ်ကလန်ကလားကြောင့် 'မ' ကို သူ သတိထားခဲ့မိတာဖြစ်နိုင်သည်။
ညိုညက်သော အသားရေ၊ ယောက်ျားလေးကေဆံပင်တိုတိုနှင့် လိုက်ဖက်ညီအောင် ချစ်စရာကောင်းသော၊
ပြုံးရယ်လိုက်တိုင်း ခွက်ဝင်သွားသော ပါးချိုင့်လေးတစ်ဘက်နှင့် မ မျက်နှာလေးကို တိတ်တခိုးငေးကြည့်ရင်း
နားသယ်စပ်က အသားပိုလေးကို သူမြင်သွားခဲ့သည်။ ထိုအသားပိုလေးကြောင့် ဘေးတိုက်မြင်ရသော
မမျက်နှာသည် သူ့အတွက် ပိုချစ်ဖို့ကောင်းသွားခဲ့သည်ဟုထင်သည်။ မကို မြင်လျှင် အဆိုတော်ဗလ၏
ဘယ်သူဖန်ဆင်းပေးတာလဲ သီချင်းစာသားထဲက ‘သူ့ရုပ်ကညိုချောပဲ… မြင်သူငေးလို့မ၀တယ်…’ သီချင်းသံကို
အလိုလို ကြားယောင်လာသည်။ သူ့အတွက် မသည် ခိုးကြည့်၍ မ၀နိုင်သော ညိုချောတစ်ယောက်ဖြစ်နေခဲ့သည်
မဟုတ်ပါလား။
မနှင့်ပတ်သက်သော သူ့ခံစားချက်အနည်းငယ်ကို
ထိုစဉ်က သူနှင့် အတူထိုင်ခဲ့သော အတန်းဖော်သူငယ်ချင်း ‘စိုး’ ကို မထင်မှတ်ဘဲ လှစ်ဟမိသည်မှ
အစပြုကာ မ အကြောင်း တစွန်းတစ သိလာခဲ့သည်။ မ၏ နာမည်ပြောင်သည် အရှည်ကြီးဖြစ်ကြောင်း (အေးလေ…
မိန်းကလေးတန်မဲ့ ဒီလောက်အရပ်ရှည်တာကို)၊ မ၏ နာမည်ရင်းသည် ၄လုံးဖြစ်ပြီး၊ အနောက်၃လုံးက
မန်းတောင်ရိပ်ခို သီချင်းအစ ဖြစ်ကြောင်း စိုး က သူစပ်စုခဲ့သမျှ သူ့ကို ဖောက်သည်ချခဲ့သည်။
မ အကြောင်းသိချင်သော်လည်း တုတ်တုတ်မျှ မလှုပ်ရှားခဲ့သောသူက သတင်းယူဆောင်လာပေးသည့် စိုးကို
အလိုလိုကျေးဇူးတင်မိသည်။
သို့သော် သူ ထင်မှတ်မထားသော
အဖြစ်အပျက်တွေကို ပြုလုပ်ခဲ့သူမှာလည်း စိုး ပင်ဖြစ်သည်။ ‘ငါ မ ကို ချစ်နေပြီ၊ သူ့ကို
လိုက်တော့မယ်…’ စကားအဆုံးမှာ သူ အံ့သြသွားခဲ့သည်။ တကယ်ဆို သူ့ခံစားချက်တွေ စိုး သိရက်သားနှင့်
မျက်ကွယ်ပြုပြီး ဒီလိုစကားမျိုးကို ပြောရက်လေခြင်း။ သူ့အတွေးမဆုံးခင်မှာပင် စိုးက သူ့မျက်နှာကို
စေ့စေ့ကြည့်ပြီး ဆက်ပြောသည်… ‘ငါတို့နှစ်ယောက် မကို ပြိုင်လိုက်ရအောင်’ သူ ဘာမှ ပြန်မပြောနိုင်အောင်
ဆွံ့အသွားခဲ့သည်။ သူ့ဘ၀တွင် ဘယ်မိန်းကလေးကိုမှ မလိုက်ဖူးခဲ့။ လိုက်ဖို့အထိလည်း စိတ်မကူးခဲ့၊
သတ္တိလည်း မရှိခဲ့။ မက ချစ်ဖို့ကောင်းသည် မှန်သော်လည်း… ဟင့်အင်း… သူ ခေါင်းခါပြလိုက်သည်။
စိုးက ဆုံးဖြတ်ချက်ချပြီးသူတို့၏ ဘယ်တော့မှပြန်မပြင်မည့် မျက်နှာပေးမျိုးနှင့် သူ့အနားက
ထွက်သွားသည်။
ရက်သတ္တပတ်ခန့်ကြာသောအခါ
စိုး တစ်ယောက် ညှိုးငယ်သောမျက်နှာဖြင့် သူ့ဘေးနားမှာဝင်ထိုင်ပြီး ဖွင့်ပြောလာသည်။ ‘မ
က သူ့မှာချစ်သူရှိလို့ ငါ့ကို မချစ်နိုင်ဘူးတဲ့။ သူငါ့ကို ညာတယ်ထင်လို့ စုံစမ်းကြည့်တော့
သူ့ချစ်သူက ငါတို့ထက်တစ်တန်းပိုကြီးတယ်၊ မ ထက်တော့ တစ်နှစ်ပိုငယ်တယ်။ မက သူ့ကို စလိုက်တာတဲ့။
စိုးသူရဲ့ သိပ်ချစ်တာသူသိပါကွယ် သီချင်းတစ်ပုဒ်ထဲကို
ဆိုဒ်အေရော၊ ဆိုဒ်ဘီမှာပါသွင်းပြီး အတန်းထဲအထိကို သွားပေးတာတဲ့။’ စိုး စကားကြောင့်
သူ ၀မ်းသာရမလား၊ ၀မ်းနည်းရမလား မဝေခွဲနိုင်ခင်မှာပင် စိုးတစ်ယောက် စာသင်ခုံပေါ် မျက်နှာမှောက်ခါ
အပြင်းအထန်ကြေကွဲကြောင်း ပြသနေသည်။ လွယ်လွယ်နှင့် လက်မလျှော့ချင်သော စိုးက မ ကို အကြပ်ကိုင်ကာ
အဖြေမရရအောင် တောင်းမည်ဟု ဆိုပြန်သည်။ စိုးသည် နာမည်နှင့်လိုက်အောင် အနည်းငယ်ဆိုးချင်ပြီး
ခေါင်းကြောမာသည်ကို သူ သိထားသောကြောင့် မတားမိခဲ့။
မ သူ့ကိုမချစ်လျှင်
သင်္ချာစာမေးပွဲမဖြေဘဲ အကျခံမည်ဟု ကြွေးကြော်ခဲ့သည့်အတိုင်း စိုးတစ်ယောက် လပတ်သင်္ချာစာမေးပွဲ
မဖြေဘဲ အကျခံသည်ကို သိလိုက်ရသောနေ့က သူ အလွန်အံ့သြသွားခဲ့သည်။ မိုက်ရူးရဲဆန်လိုက်တာစိုးရာဟု
အကျယ်ကြီးအော်လိုက်ချင်သော်လည်း မအော်ဖြစ်ခဲ့။ တစ်ယောက်ကဖြတ်သွားတာကို မကျေနပ်လို့
အဖြတ်ခံရသူက နံရံကိုလက်သီးနဲ့ထိုးပြီး ကျောင်းဆေးခန်းရောက်သွားတာ၊ တစ်ယောက်ယောက်ကို သိပ်ချစ်ကြောင်းသက်သေပြချင်လို့
အနာခံ၊ သွေးထွက်ခံပြီး ထောက်ချွန်နဲ့ လက်မှာနာမည်ရေးထိုးကြတာ၊ စိုးထက်ပိုပြီး မိုက်ရူးရဲဆန်သော
ကျောင်းတော်က ရောင်းရင်းတချို့၏ လုပ်ရပ်တွေအကြောင်း သူကြားမိတော့ လုံးလုံးနားလည်လက်ခံနိုင်စွမ်းမရှိခဲ့။
စိုးလောက် သူ မ ကို မချစ်ကြောင်း၊ စိုးနှင့်
တခြားသူတွေလို စာမေးပွဲအကျခံ၊ ကိုယ်ကိုယ့်ကို အနာခံပြီး မိုက်ရူးရဲမဆန်တတ်ကြောင်းတော့
သူကိုယ့်သူ သိလိုက်သည်။
နောင်တစ်နှစ်ခန့်အကြာတွင်
အသားညိုညို အရပ်ရှည်ရှည်နှင့် မပုံရိပ်သည် သူ့အာရုံတွင် အလိုလို မှေးမှိန်ဖျော့တော့သွားခဲ့သော်လည်း
အသားညိုညို အရပ်မြင့်မြင့်နှင့် ကောင်မလေးများကို တွေ့သည့်အခါ ကျောင်းတော်မှာ ဆုံခဲ့ဖူးသော
မ ကို ဖျတ်ခနဲ သတိရမိသေးသည်။
များမကြာမီ ကာလအတွင်းက
အသားညိုကာ အရပ်ရှည်ပြီး ပါးချိုင့်လေးနှင့် ချစ်စရာကောင်းသော ညီမလေးတစ်ယောက်နှင့် ခင်မင်မိသည်။
တစ်ရက်… မျက်နှာစာအုပ်ပေါ်တွင် မြင်ရသော သူကလေး၏ ချစ်စရာကောင်းသော ဓာတ်ပုံအောက်တွင်
မှတ်ချက်ဝင်ရေးမိသည်။
“အစ်မသာ ယောက်ျားလေးဆိုရင်
အနှင်းကို လိုက်မှာ”
သူလေးကလည်း စက္ကန့်ပိုင်းအတွင်း ချက်ချင်းပြန်ပြောသည်။
“သမီးသာ ယောက်ျားလေးဆိုရင်လည်း အစ်မကို အလွတ်မပေးဘူး”
အနှင်းစကားကြောင့် သူ သဘောတကျ ပြုံးရယ်မိသည်။
အကယ်၍များ… သူသည်
ယောက်ျားလေးတစ်ယောက်ဖြစ်ခဲ့ပါလျှင် အရပ်မြင့်မြင့်၊ အသားညိုညိုနှင့် ပြုံးရယ်လိုက်တိုင်း
ပါးချိုင့်ခွက်ဝင်သွားသော မိန်းကလေးများနှင့် ဖူးစာဆုံဖြစ်မည်လား မပြောနိုင်ပေ။
ဇွန်မိုးစက်
ယောက်ျားလေးဆိုလို့
မူးလို့တောင်ရှူစရာမရှိခဲ့တဲ့ ကျောင်းတော်ကြီးမှာ ဆယ်ကျော်သက်ကျောင်းသူမိန်းကလေးအချင်းချင်း
သဘောကျတာ၊ သံယောဇဉ်တွယ်တာ၊ မိန်းကလေးဖြစ်ပြီး ယောက်ျားလေးတွေထက်ကို မိုက်ရူးရဲဆန်ကြသူများရှိခဲ့တဲ့အကြောင်း
အမှတ်တရ ချရေးမိတာဖြစ်ပါတယ်။ တကယ်တော့လည်း ဒါဟာ အပြစ်တင်လို့ မရတဲ့ သဘာဝတစ်ခုသာဖြစ်ပါတယ်။
အချစ်တော်ထားခဲ့သည်၊ ရှိခဲ့သည်ဖြစ်စေ၊ လုံးလုံး မထားခဲ့၊ မရှိခဲ့သည်ဖြစ်စေ ကျောင်းသူအားလုံးကတော့
ကျောင်းတော်နှင့်ပတ်သက်ပြီး ရင်းနှီးခင်မင်တော်စပ်လာတဲ့ ညီအစ်မများ ဖြစ်ကြပါတယ်။
၂၀၁၅ခုနှစ် ဇန်န၀ါရီလ
၁၈နေ့မှာ ကျင်းပပြုလုပ်မယ့် အ.ထ.က (၂) လသာရဲ့ အာစရိယပူဇော်ပွဲကို အမှီပြုပြီး တစ်ချိန်က
လသာ(၂) ရဲ့ ကျောင်းသူဟောင်းများ ဖြစ်ခဲ့ကြဖူးတဲ့ မမခင်ဦးမေ၊ မမသီတာ၊ မမေ (မေနန္ဒာ)၊ မတန်ခူး (လေနုအေး)၊
မလေး (အိမ့်ချမ်းမြေ့) နှင့် သူငယ်ချင်းညိုလေးနေတို့ကို တဂ်ပါရစေ။ ကျောင်းနဲ့ပတ်သက်တဲ့
ဘယ်လိုအမှတ်တရမျိုးကိုမဆို ရေးပေးလို့ရပါတယ်။ အတဂ်ခံရတဲ့ပို့စ်တွေကနေ တစ်ဆင့်ပြန်တဂ်တာမျိုးရှိခဲ့ပေမယ့်
ဘလော့ဂ်စရေးချိန်ကနေ ခုချိန်ထိ ကိုယ်ရေးတဲ့ပို့စ်မှာ ဇွန် တစ်ခါမှ စပြီးမတဂ်ဖူးပါဘူး။
ဒါကြောင့် ဇွန်တဂ်မိတဲ့ ချစ်သောအစ်မများ ရေးပေးနိုင်ခဲ့မယ်ဆိုရင် အတိုင်းထက်အလွန် ၀မ်းသာမိမှာပါ။
း)
ချစ်ခင်ကျေးဇူးတင်စွာဖြင့်
ညီမဇွန်