လွန်ခဲ့သော ရက်ပိုင်းတွေက ရည်ရွယ်ထားသော ခရီးစဉ်တစ်ခု အကောင်အထည်ဖော်နိုင်ခဲ့သလို၊
မရည်ရွယ်ထားသော ခရီးတစ်ခုလည်း ကျွန်မ ထွက်ဖြစ်ခဲ့သည်။ ဟိုတုန်းကလို ကျွန်မခရီးတစ်ခုသွားတိုင်း
အမှတ်တရ ဒေသထွက်အစားအသောက်အချို့ဝယ်ဖြစ်သော်လည်း အပင်များ (အထူးသဖြင့် သစ်ခွပင်) များကို
မ၀ယ်ဖြစ်တော့ပေ။ တကယ်တော့ စားစရာမုန့်ပဲသရေစာများ ၀ယ်လာလျှင်လည်း အိမ်ပြန်ရောက်သောအခါ
ကျွန်မ ဘာတွေဝယ်ခဲ့သလဲဟု ဂရုတစိုက် မေးမြန်းစူးစမ်းမည့် အမေမှမရှိတော့တာ။
ခရီးစဉ်တလျှောက် တွေ့မြင်ရသည့် သစ်ပင်ပန်းမန်များကို မြင်ရသောအခါ
အမေ့ကို သတိရလွမ်းဆွတ်မိသည်။ အမေသည် သစ်ပင်များကို ချစ်တတ်သူ၊ ဂရုတစိုက် ပြုစုပျိုးထောင်တတ်သူဖြစ်သည်။
ကျွန်မက အရောင်စုံ၊ အသွေးစုံ ဖူးပွင့်လာသော ပန်းပင်များကို ချစ်တတ်၊ ဓာတ်ပုံမှတ်တမ်းတွေ
ရိုက်ယူတတ်သော်လည်း ပြုစုစောင့်ရှောက်သည့်နေရာမှာတော့ အမေ့လို စိတ်ရှည်တတ်သူ မဟုတ်ခဲ့။
ဝတ်ကျေတန်းကျေ ရေလောင်းခြင်းသာ ပြုလုပ်တတ်သူဖြစ်သည်။
အမေပေါင်ရိုးကျိုးပြီး အိပ်ရာထဲလဲသွားသည့်နောက်ပိုင်းကစ၍
အမေ့ကိုယ်စား ပန်းပင်များကို ရေလောင်းပေါင်းသင်ခြင်းတွေ ပြုလုပ်ပေးရသည်။ မနက်မိုးလင်းသည့်အခါ
အမေက ‘သမီးရေ ဒီနေ့ ဘာပန်းတွေ ပွင့်သေးလဲ’ ဆိုသော အမေးကို ဖြေနိုင်ဖို့ အိမ်နောက်ဖေးဝရန်တာပေါ်မှာ
စင်ထိုး၍ အစီအရီ စိုက်ပျိုးထားသော အပင်များကိုကြည့်ပြီး ‘ဒီကနေ့ နှင်းဆီပန်းကလေး အာလာပြီ၊
သစ်ခွတွေ အဖူးတက်နေပြီ၊ နောက်တစ်ရက်နှစ်ရက်နေရင် မလေးစကားပင်တွေ ပွင့်တော့မယ် …’ စသဖြင့်
ကျွန်မ က အဖြေပေးရသည်။ ဘယ်အပင်ကတော့ ညှိုးနေပြီ၊
ဘယ်အပင်ကဖြင့် ခုထိပန်းမပွင့်သေးဟု ကျွန်မက ပြောမိလျှင် ‘အားဆေးထည့်ပေး၊ မြေသြဇာဖြည့်ပေး၊
ကိုင်းဖြတ်ကိုင်းဆက်ပေး’ ဟု အမေက ညွှန်ကြားတတ်သည်။ အိမ်အလုပ်တစ်ဖက်၊ အမေ့ဝေယျာဝိစ္စတစ်ဖက်နှင့်
တစ်နေကုန်အလုပ်များလေ့ရှိသော ကျွန်မက ဟုတ်ကဲ့ဟုပြောပြီး မလုပ်ဖြစ်သည်က များပါသည်။
ပန်းပင်တစ်အိုးမှ ပန်းတွေဝေေ၀ဆာဆာ ဖူးပွင့်လာလျှင် အမေ့ကို
ပြရသည်။ မလေးစကားလို၊ ကစ္စမီကွစ်နှင့် စက္ကူပင်လို သိပ်ကြီးသော ပန်းအိုးတွေကို ကျွန်မ
မ မနိုင်၍ ဓာတ်ပုံရိုက်ပြီး ပြရသည်။ သစ်ခွလို၊ နှင်းဆီလို၊ စံပယ်လို အိုးတွေက သိပ်မကြီးသဖြင့်
ကျွန်မ မယူ၍ အမေရှိရာသွားပြီး ဆောင်ယူပြသနိုင်သည်။ ပန်းတွေမြင်ရသည့်အခိုက် အမေ့စိတ်တွေကြည်နူးကာ
ပြုံးပျော်သွားလျှင် ကျွန်မ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသည်။ ရံဖန်ရံ့ခါ ဈေးမှဝယ်လာသော
လှပမွှေးကြိုင်သောပန်းပင်များကို ဘုရားပန်းအိုးထိုးလျှင်လည်း အမေမြင်အောင် ပြရသေးသည်။
အမေ့ဆန္ဒအရ အိပ်ခန်းထဲတွင် အနံ့မွှေးသော ရွှေပန်း သို့မဟုတ် စံပါယ်ပန်းကုံးလေးတွေ နေ့စဉ်
ချိတ်ဆွဲပေးရသည်။
အမေ ပန်းပင်တွေကိုချစ်ကြောင်း တစ်နေ့ထက်တစ်နေ့ပိုသိလာရသော
ကျွန်မ အပြင်သွားသည့်အခါ အလျဉ်းသင့်လျှင်သင့်သလို အမေ့အတွက် လက်ဆောင်အဖြစ် ပန်းပင်လေးတွေ
ဝယ်ယူလာတတ်သည်။ သစ်ခွပန်းကို ၀ယ်ယူဖြစ်တာ များပါသည်။ အိမ်မှာ မရှိသေးသော အရောင်နှင့်
အရွယ်အစားမတူသော သစ်ခွပန်းလှလှကို ခရီးသွားဟန်လွှဲ ကားလမ်းမဘေးက ပျိုးခင်းမှာတွေ့လျှင်
ကားကိုရပ်ခိုင်းပြီး ကျွန်မ ဆင်းဝယ်သည်။ ကျိုက်ထီးရိုးခရီးကအပြန်မှာလည်း ကျွန်မ တစ်ပင်ဝယ်ခဲ့သည်။
မော်လမြိုင်ဈေးထဲရောက်လျှင် သစ်ခွပင်ရောင်းသောဈေးတန်းကို တခုတ်တရသွားကြည့်၍ အမေ့အတွက်
ဝယ်သွားဖို့ အပင်ရွေးနေသည်မှာ အတော်ကြာသည်။ သည်လိုနှင့် သစ်ခွပင်တွေ နှစ်အိုးက သုံးအိုး၊
သုံးအိုးက လေးအိုးဖြစ်လာပြီး နောက်ဆုံး ဆယ့်တစ်အိုးအထိ ရှိလာတော့သည်။
အမေကျန်းမာစဉ်ပျိုးထားခဲ့သော အပင်တချို့သေဆုံးကုန်သောကြောင့်
အစားထိုးဝယ်ယူဖြည့်စွက်ပေးရသည်လည်းရှိသည်။ ကျွန်မ မြေသြဇာထပ်မထည့်ဖြစ်၍ စပယ်ပင်လေး
ညှိုးနွမ်းခြောက်သွေ့ပြီး သေဆုံးသွားသောအခါ အိမ်ရှေ့လမ်းမတစ်ဖက်ခြမ်းက ပျိုးပင်တွေရောင်းသောဆိုင်သို့သွား၍
အသစ်တစ်ပင် သွားဝယ်ခဲ့ရသည်။ စပယ်နှင့်အတူ ထပ်တိုး၍ ပါလာသည်က စင်္ကြာပင်နှင့် ဒန်းစင်းလေဒီပင်
တို့ဖြစ်သည်။ ဆိုင်ရှင်က မရောင်းချင်သော်လည်း ကျွန်မအပြောကောင်းသဖြင့် မြေဆွေးတစ်အိတ်ကို
ပိုက်ဆံပေးစရာမလိုဘဲ ကျွန်မရခဲ့သည်။ အဲသည့်နောက်ပိုင်းကစပြီး ကျွန်မ အပင်တွေအပေါ် ၀တ်ကျေတန်းကျေ
ရေလောင်းသည်ထက်ပိုကာ ဂရုတစိုက် ပြုစုပျိုးထောင်တတ်လာသည်။
အပင်တွေအတွက် လိုအပ်နေသည့် မြေဆွေးနှင့်မြေသြဇာတွေ ဖြည့်စွက်လိုက်သည့်အခါ ယခင်က အားနည်းညှိုးငယ်နေသော
အပင်များ သိသိသာသာ ထောင်မတ်ရှင်သန်လာသည်ကို တွေ့ရသည်။ ပန်းတွေလည်း သိသိသာသာပင် ဖူးပွင့်ဝေဆာလာခဲ့သည်။
တစ်ခါက ကျွန်မ ဈေးထဲက၀ယ်လာသော ဇီဇ၀ါပင်များကို ဘုရားတင်ပြီး
စွန့်သောအခါ မပစ်ဘဲ မြေဆွေးရှိသော ပန်းအိုးထဲမှာ ထိုးစိုက်ထားလိုက်သည်။ အချိန်တချို့လွန်မြောက်ပြီးနောက်
အတက်ကလေးတွေ စီရရီထွက်လာသည့်အခါ ကျွန်မ သိပ်ပျော်ရသည်။ ဇီဇ၀ါပင်လေးတွေ ရှင်သန်စေလိုစိတ်ဖြင့်
ကျွန်မ ရေလောင်းပြီး အရိပ်တကြည့်ကြည့်ဖြစ်နေခဲ့သည်။ ရနံ့သင်းပျံ့သော စံပယ်နှင့်ဇီဇ၀ါသည်
ကျွန်မနှစ်သက်သောပန်းတွေထဲမှာ ထိပ်ဆုံးက ပါနေခဲ့သောကြောင့်လည်း ဖြစ်မှာပေါ့။ မိုးတွင်းအမှီ
ဇီဇ၀ါလေးတွေ ပွင့်တော့မည်ဟု တွေးရင်း ကျွန်မပျော်ခဲ့သည်၊ အမေ့ကိုလည်း ဇီဇ၀ါလေးတွေ ပွင့်တော့မည်ဖြစ်ကြောင်း
သတင်းပို့ထားသည်။
မော်လမြိုင်ဖားအောက်တောရမှာ ကျွန်မ သီလရှင်ဝတ်ပြီးပြန်လာတော့
ဇီဇ၀ါပင်ပေါက်ကလေးတွေ ညှိုးခြောက်သွားသည်ကို မြင်လျှင်မြင်ချင်း ကျွန်မ ၀မ်းနည်းသွားသည်။
အိမ်မှာကျန်ခဲ့သော အဖေနှင့်မောင်လေးက ရေမှန်မှန်လောင်းဖို့ ပျက်ကွက်ခဲ့သည်။ မိုးတွင်းဖြစ်သော်လည်း
မိုးမရွာဘဲ ရာသီဥတု ပူလွန်းသဖြင့် နေပြင်းသည့်ဒဏ်ကို မခံနိုင်ဘဲ အပင်လေးတွေ သေဆုံးလုနီးပါးဖြစ်သွားရှာသည်။
ကြိုးစားပမ်းစား ကျွန်မပြန်လည် ပြုစုသော်လည်း အားရစရာကောင်းလှအောင် အပင်က ရှင်သန်မလာခဲ့။
တကယ်တော့ အမေ့ကြောင့်သာမဟုတ်လျှင် ပန်းပင်တွေအပေါ် ဂရုတစိုက်
ပြုစုပျိုးထောင်လိုစိတ် ကျွန်မမှာ ပေါ်လာခဲ့မည်
မဟုတ်ပါ။ ပန်းပင်ပေါ်တွေထားရှိသည့် သံယောဇဉ်တွေလည်း ထိုမျှလောက် ကြီးမားခဲ့လိမ့်မည်
မထင်။ ထို့ထက်ပို၍ လူတစ်ဦးအပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာကို ပန်းပင်ကလေးတစ်ပင်ဖြင့်လည်း
ပြသနိုင်ကြောင်း အမေ့ကြောင့် သိခွင့်ရခဲ့သည်။ အမေမဆုံးခင် သုံးနှစ်အကြာက အဖြစ်အပျက်ကလေးတစ်ခုကို
ကွှန်မမြင်ယောင်မိသည်။ ထိုစဉ်က ကျွန်မ စင်ကာပူကနေ မြန်မာပြည်ကို အလည်လာခိုက်ဖြစ်သည်။
နောက်ဖေးဝရန်တာပေါ်မှာ အိုးဖြင့်စိုက်ပျိုးထားသော အ၀ါရောင်နှင်းဆီပန်းလေးတွေပွင့်တော့
အမေက ကျွန်မကို ဘုရားအိုးထိုးခိုင်းသည်။ ကျွန်မက ပန်းပွင့်များကို ကတ်ကြေးဖြင့် ကိုက်ဖြတ်ပြီး
ဘုရားကို ကပ်လှူရင်း ‘နှင်းဆီကအ၀ါလေးတွေ၊ သိပ်လှတာပဲနော်’ လို့ အမေ့ကို လှည့်ကြည့်ရင်းပြောလိုက်သည်။
အမေက ‘ငါ့သမီးအကြိုက် စိုက်ထားတာလေ၊ သမီးက နှင်းဆီဆို အ၀ါမှ ကြိုက်တာမဟုတ်လား’ တဲ့။
ကျွန်မ အံ့သြသွားခဲ့သည်။ ကျွန်မ နှင်းဆီဆိုလျှင် အ၀ါရောင်မှ ကြိုက်နှစ်သက်ကြောင်း အမေ့ကို
တစ်ခါမျှ ဖွင့်ဟမပြောဖြစ်ခဲ့ပါ။ တစ်ခါက ကျွန်မဘလော့ဂ်မှာ ရေးခဲ့ဖူးသော ‘အရောင်များနှင့်ကျွန်မ’
အက်ဆေးကိုလည်း အမေ တစ်ခါမှ မဖတ်ဖူးခဲ့တာ သေချာပါသည်။ ဒါပေမယ့် ကျွန်မ အ၀ါရောင်နှင်းဆီကိုမှ
နှစ်သက်ကြောင်း မိခင်မေတ္တာဖြင့် သိနှင့်နေခဲ့သည့်အမေက ကျွန်မအတွက် သီးသန့်ရည်စူးပြီး
အ၀ါရောင်နှင်းဆီပင်လေးကို ပျိုးထားခဲ့သည်။ ကျွန်မ အမေ့ကို သိပ်ချစ်ပြီး ကျေးဇူးတင်ခဲ့ရပါသည်။
ပန်းပင်တွေ ချစ်မြတ်နိုးသော အမေ ပင်လုံဆေးရုံမှာ ဓာတ်ရောင်ခြည်ကုသမှု
ခံယူရမည်ဆိုတော့ အမေရောကျွန်မပါ သွားရေးလာရေး အဆင်ပြေလွယ်ကူဖို့ မြောက်ဒဂုံက အဒေါ်တို့အိမ်ကို ခေတ္တပြောင်းရွှေ့နေထိုင်ရသည်။ တာမွေအိမ်မှာကျန်ရစ်ခဲ့မည် အပင်လေးတွေကို အမေ့ကိုယ်စား ကျွန်မ
စိတ်မချခဲ့။ နေ့စဉ်ရေမှန်မှန်လောင်းပေးဖို့ အဖေနှင့်မောင်လေးကို တဖွဖွမှာသည်။ အပင်တွေအားလုံးထဲမှာ
ဖူးလက်စ သစ်ခွခရမ်းရင့်ရောင်နှင့် ပွင့်လက်စ ဒန်းစင်းလေဒီ အပင်လေးနှစ်ပင်ကိုတော့ ကျွန်မ
မြောက်ဒဂုံအထိ သယ်သွားခဲ့သည်။ နေ့စဉ်ဆေးရုံကပြန်လာပြီး ၀ှီးချဲပေါ်ရွှေ့ပေးပြီးသည့်အခါ
ထိုအပင်လေးနှစ်ပင်ရှိရာသို့ ၀ှီးချဲကိုတွန်းပြီး အမေ့ကို ပြသဖို့ ကျွန်မ မပျက်ကွက်ခဲ့။
အမေ ဆေးရုံတက်ရသည့်နောက်ပိုင်း အခိုင်ပြည့် ပွင့်လာသော သစ်ခွပန်းခိုင်ကို ပန်းအိုးမှ
ချိုးယူပြီး အမေ့ကုတင်ဘေးက စားပွဲပေါ်မှာ စိုက်ထိုးပေးထားခဲ့သည်။ အမေ ကွယ်လွန်သွားသည့်တိုင်
ဆေးရုံစားပွဲပေါ်က ထိုသစ်ခွပန်းကလေးတွေ လန်းဆန်းနေဆဲ။
အမေ့ နောက်ဆုံးခရီးကို ပို့ဆောင်မည့်နေ့မှာ ကံကော်တွေလှိုင်အောင်
ပွင့်ကြမွှေးကြသည်။ အမေ့ရုပ်အလောင်းပြင်ဆင်ဖို့ အဓိက အသုံးပြုကြသည့်ပန်းမှာ နှင်းဆီပန်းနှင့်ရွှေပန်းဖြစ်သည်။
ကျွန်မက ရနံ့သင်းပျံ့မွှေးထုံသော ကံကော်ပန်းတွေဝယ်ပြီး အမေ့ဦးခေါင်းပတ်လည်မှာ ထပ်မံဖြည့်ထည့်လိုက်သည်။
အမေပန်းချစ်သည်ကို သိသော အဒေါ်က ‘ဟယ် သမီး ကံကော်တွေရလာတယ်’ ဟု တအံ့တသြ ရေရွတ်သည်။ ကံကော်တွေ
ပွင့်နေပြီ အမေဟု အမေ့ကိုပြောပြခွင့် ဘယ်သောအခါမျှ ကျွန်မ မကြုံနိုင်တော့ပါ။
အမေမရှိတော့သည့်နောက်ပိုင်း ပန်းပင်အသစ်တွေ နောက်ထပ်မ၀ယ်တော့၊
မစိုက်တော့ဟု ကျွန်မဆုံးဖြတ်ထားသော်လည်း အိမ်မှာ မရှိသေးသည့် ပန်းနုရောင်ဖျော့ဖျော့နှင့်
သစ်ခွပန်းခိုင်ကလေးကို ဈေးအသွားမှာ မြင်တော့ မနေနိုင်ဘဲ ၀ယ်လိုက်မိသည်။ အိမ်ပြန်ရောက်သည့်အခါ
ဟိုအရင်လို သစ်ခွပင်ကလေးကိုကိုင်ပြီး အမေ့ရှောက်မှောက် ဆောင်ယူပြသစရာ မလိုတော့သော်လည်း
အမေ့ကိုယ်စား အိမ်မှာကျန်ရှိနေခဲ့သော အပင်ကလေးများကို ကျွန်မ ဆက်လက်ပြုစုစောင့်ရှောက်ရပါဦးမည်။
ပူပြင်းလွန်းသော သည်နှစ်နွေမှာ အပင်တွေကို မနက်တစ်ခါ၊ ညနေတစ်ခါ
နေ့စဉ်မှန်မှန် ရေလောင်းပေးပြီး ရှင်သန်ဖူးပွင့်ရန် ကျွန်မ လုပ်ဆောင်ရပါတော့မည်။
အမေချစ်သော ပန်းပင်တွေကို ရေလောင်းတိုင်း အမေ့အပေါ် ချစ်ခင်သတိရစိတ်နှင့် လွမ်းဆွတ်တမ်းတနေဆဲ…။
23-4-2016
Saturday
6:00 PM
(ရေးနှင့်ငို၊ ငိုရင်းနှင့် ရေးခဲ့ရသော စာတစ်ပုဒ်ပါ)