ကျွန်မ ဒီလိုခေါင်းစဉ်လိုက်လျှင် စာဖတ်သူတွေက အင်္ကျီဖြူဖြူ၊ ကပ္ပတိန်ဦးထုပ်ဖြူဆောင်းထားသော အသက် ၆၀ခန့် ယောက်ျားတစ်ယောက်ကို မြင်ယောင်မိလေမလား၊ ဒါမှမဟုတ် အဖေသင်္ဘောသားအကြောင်း ကြွားဝါသည့် စာတစ်ပုဒ်များ ဖြစ်နေလေမလားဟူသော အတွေးမျိုးလည်း ၀င်သွားနိုင်ပါသည်။ တကယ်တမ်းတော့ ဖေဖေသည် အင်္ကျီဖြူဝတ်၊ ဦးထုပ်ဖြူဆောင်းသည့် သင်္ဘောသားအခေါ် ဒက်ဘက်မှ ကပ္ပတိန်တစ်ဦး မဟုတ်ဘဲ စက်ဘက်မှ သင်္ဘောအင်ဂျင်နီယာ (သူတို့အခေါ် စက်ချုပ်) တစ်ဦးသာ ဖြစ်ပါသည်။ ဖေဖေသည် ကျွန်မ မမွေးခင်ကတည်းက မြန်မာပြည်ရှိ အစိုးရပိုင် ရေနံသယ်ယူပို့ဆောင်ရေး (အတိုကောက်အခေါ် ပီအိုင်စီ) သင်္ဘောများပေါ်မှာ စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာဝန်ထမ်းအဖြစ် နှစ်ရှည် တာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက် ဖြစ်သည်။ ဖေဖေသင်္ဘောသားဟူသော ခေါင်းစဉ်အောက်မှာ ကျွန်မရေးချင်သည်က အဖေသင်္ဘောလိုက်ခဲ့သော အတွေ့အကြုံမဟုတ်ဘဲ အဖေ့သမီး တစ်ယောက်အနေနှင့် တစ်စိတ်တစ်ပိုင်း ပါဝင်ဖြတ်သန်းခဲ့ရသော အမှတ်တရ အကြောင်းရာတွေသာ ဖြစ်သည်။
ဖေဖေသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အထက်အောက်စုန်ဆန်နေသော ပြည်တွင်းပိုင်သင်္ဘောတွင် တာဝန်ထမ်းဆောင်ခဲ့သော်လည်း တစ်လမှ တစ်ကြိမ်လောက်သာ အိမ်ပြန်ခွင့် ရခဲ့ပုံပေါ်သည်။ တစ်ခါပြန်လာလျှင်လည်း ၃ရက်လောက်သာ မိသားစုနှင့်အတူနေပြီး သင်္ဘောပြန်တက်သွားရသည်။ ရှားရှားပါးပါး အချို့လများတွင်သာ ဆယ်ရက်နှစ်ပတ်လောက် အိမ်မှာနေခွင့်ကြုံသည်။ ပြီးလျှင် သင်္ဘောပြန်တက်သွားရပြန်သည်။ ဒါကြောင့်ပင် ကျွန်မတို့မောင်နှမနှစ်ယောက်လုံး အဖေနှင့် ရင်းရင်းနှီးနှီး သိပ်မရှိခဲ့ဘဲ အနေနီးသော အမေ့ကိုသာ ပိုမိုတွယ်တာခဲ့ရခြင်းဖြစ်သည်။
ဖေဖေတို့သင်္ဘော အထက်အညာသို့ ဆန်တက်သွားပြီး ပြန်လာသည့်အခါတိုင်း ပါလာသောမုန့်တွေက ကျွန်မသိပ်ကြိုက်သော မလိုင်လုံး၊ မြေပဲလိပ်၊ ဇိမ်တံဆိပ်ဂျင်းဇီးပြား စတာတွေဖြစ်သည်။ ပုဂံ၊ ညောင်ဦးက ပုံးရည်ကြီးထုပ်တွေလည်း ပါလာတတ်သေးသည်။ ဧရာဝတီတိုင်းဘက်သွားလျှင်တော့ ၄ပေအရွယ်ရှိ ဘိုကလေးမီးသွေးခြင်းရှည်ရှည်တွေ ပါလာလေ့ရှိသည်။ များသောအားဖြင့် ဖေဖေပါလာသော ပုံးရည်ကြီးထုပ်နှင့် မီးသွေးခြင်းများကို မေမေက အိမ်နီးချင်းများသို့ လက်ဆောင်ပေးလေ့ရှိသည်။ ကျွန်မ ၉နှစ်၊ ၁၀နှစ် သမီးအရွယ်လောက်ရောက်တော့ ကျွန်မသိပ်ကြိုက်သော၊ တစ်နိုင်ငံလုံးဟစ်ဖြစ်နေသော ဟေမာနေ၀င်း၏ “ခွင့်လွှတ်နော်” အခွေကို အညာက ပြန်ဝယ်လာပေးတာ မှတ်မိသည်။ ထူးအိမ်သင်၏ “နာရီပေါ်မှ မျက်ရည်စက်များ” အခွေကိုလည်း ဖေဖေသင်္ဘောခရီးတစ်ခုအပြန် နယ်မြို့တစ်မြို့မှ ၀ယ်လာခဲ့ခြင်းဖြစ်သည်။
ဖေဖေပြည်တွင်းသင်္ဘောလိုက်ခဲ့သောအချိန်များထဲမှ ကျွန်မအတွက် ယခုအချိန်အထိ အမှတ်ရဆုံး ဖြစ်ခဲ့သော အကြောင်းအရာတစ်ခုရှိသည်။ အဲဒါက ဖေဖေတာဝန်ထမ်းဆောင်သော သင်္ဘောပေါ်မှာ မေမေနှင့်ကျွန်မ ရက်ရှည်ခရီး အတူလိုက်ပါခွင့်ရခြင်းဖြစ်သည်။ အဲဒီတုန်းက မောင်လေးမမွေးသေးသဖြင့် ကျွန်မ အသက် ၃နှစ်ခွဲ ၄နှစ်လောက်သာ ရှိဦးမည်။ ရန်ကုန်မြစ်မှစတင်ကာ အထက်ဘက် (ရွှေစက်တော်ရာအထိဟုထင်သည်) ရောက်သည်အထိ သင်္ဘောဖြင့် ခရီးနှင်ခဲ့ရခြင်းသည် ကျွန်မအတွက် ထူးခြားပျော်ရွှင်သော အတွေ့အကြုံဖြစ်ခဲ့သည်။ သင်္ဘောပေါ်မှာ ဖေဖေ့သူငယ်ချင်း စားဖိုမှူးကြီးက မေမေနှင့်ကျွန်မ စားချင်သော ဟင်းများကို ဦးစားပေးပြီး လက်စွမ်းပြ ချက်ကျွေးခဲ့သည်။ သင်္ဘောပေါ်က အသက်ကယ်လှေထဲမှာ ၀င်ဆော့ရတာ ကျွန်မပျော်သည်။ ကမ်းရိုးတန်းမြစ်ကြောင်းတစ်လျှောက်က ရှုခင်းတွေ မမောတမ်းလိုက်ကြည့်ရတာကို နှစ်သက်သည်။ ဆိပ်ကမ်းတစ်ခုကပ်တိုင်း ဒေသထွက် အစားအသောက်တွေ စားခွင့်ကြုံရတာ သဘောကျသည်။
ကျွန်မတစ်သက်မှာ တစ်ခါသာကြုံဖူးသော မြန်မာပြည်အလယ်ပိုင်းဒေသ၏ သဲမုန်တိုင်းအတွေ့အကြုံကိုလည်း ခံစားလိုက်ရသေးသည်။ အဲဒီတုန်းက သင်္ဘောက ရေလယ်မှာကျောက်ချပြီး ရပ်နားထားသည်။ ဟိုး... တစ်ဘက်ကမ်းပါးပေါ်မှာ စေတီငယ်တစ်ဆူကို ဖူးမြင်ရသည်။ ကိုရင်နဲ့ကျောင်းသားလေးတွေ တစ်ဘက်ကမ်းစပ်မှာရပ်ပြီး ကျွန်မတို့ သင်္ဘောဘက်ကို လက်လှမ်းပြနေကြသည်။ သိပ်မကြာခင်မှာပဲ သင်္ဘောပဲ့ကိုင်သော ဖေဖေ့သူငယ်ချင်းထွက်လာပြီး မုန်တိုင်းလာတော့မည်ဖြစ်သောကြောင့် ကျွန်မတို့သားအမိအား အိပ်ခန်းထဲဝင်နေပြီး တံခါးလုံအောင်ပိတ်ရန် သေချာမှာသည်။ မေမေနှင့်ကျွန်မလည်း သူတို့ပြောသည့်အတိုင်း တံခါးလုံအောင်ပိတ်ပြီး ဘာတွေများဖြစ်လာမလဲဟူသော စိုးရိမ်စိတ်ဖြင့် မှန်ပြတင်းပေါက်မှတစ်ဆင့်အပြင်ကို လှမ်းကြည့်နေခဲ့ကြသည်။ မကြာမီပင် လေနှင့်အတူပါလာသောသဲတွေက မှန်တံခါးကို အရှိန်ပြင်းပြင်း လာရောက်ရိုက်ခတ်ကြသည်။ မေမေနှင့်ကျွန်မတို့နှစ်ယောက် ကုတင်အောက်မှာ အသာလေးဝပ်ပြီး နေကြရသည်။ မုန်တိုင်းရပ်စဲပြီး အချိန်အနည်းငယ်ကြာ ဖေဖေတံခါးလာခေါက်မှ ကျွန်မတို့သားအမိပုန်းနေရာမှထွက်၊ တံခါးဖွင့်ပြီး အပြင်ဘက်သို့ လှမ်းကြည့်သည်။ သင်္ဘောကုန်းပတ်မှာ သဲတွေကအပြည့်။ စေတီလေးရှိရာ ကမ်းပါးထက်ကို လှမ်းကြည့်တော့ ခပ်ဝါးဝါးပဲ မြင်ရသည်။ စောစောက လက်လှမ်းပြခဲ့သော ကျောင်းသားလေးတွေ မုန်တိုင်းဒဏ်မှ လွတ်ကင်းရဲ့လားလို့ ကျွန်မတွေးခဲ့မိတာ သတိရသည်။
ကျွန်မတို့ခရီးစဉ်ဘယ်လောက်ကြာခဲ့သလဲ ရက်အတိအကျ မမှတ်မိခဲ့ပေမယ် နှစ်ပတ်လောက်ရှိလိမ့်မည်ဟု စာရေးနေရင်း ကျွန်မခန့်မှန်းမိသည်။ ကလေးဘ၀က အခြားသူများထက် တမူထူးခြားစွာ တွေ့ကြုံခဲ့ရသော ထိုသင်္ဘောစီးခရီးကို ကျွန်မပြန်တွေးမိတိုင်း ကျေနပ်ပျော်ရွှင်ရသည်။ သို့သော် တစ်ခါတုန်းက ဖေဖေ့သင်္ဘော ဆိုက်ကပ်ရာအရပ်သို့ ကျွန်မကိုခေါ်ပြီး မေမေလိုက်သွားခဲ့တုန်းက လူကြီးများအတွက် ထိတ်လန့်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။ ကျွန်မက ခပ်ရေးရေးသာ မှတ်မိသည့်အထဲတွင် သင်္ဘောကမ်းကပ်သည့်အခါ မေမေက ကျွန်မကို ချီပိုးပြီး ကမ်းနားက ရွာထဲသို့ လမ်းလျှောက်သွားသည်။ ခြင်းတောင်းများရက်လုပ်ရောင်းချသည့် အိမ်တစ်အိမ်ရှေ့ရောက်တော့ မေမေက စိတ်ဝင်တစားရပ်ကြည့်သောအခါ အိမ်ထဲမှ ခြင်းတောင်းရက်လုပ်နေသော ညီအစ်မနှစ်ဦးထွက်လာနှုတ်ဆက်ပြီး ကျွန်မကို တစ်လှည့်စီချီပိုးကြသည်။ ထို့နောက်ပိုင်းက အဖြစ်အပျက်တွေ ကျွန်မမမှတ်မိတော့သော်လည်း နောင်အခါ မေမေက အစ်မ၀မ်းကွဲများကို ဇာတ်ကြောင်းပြန်ပြောတော့မှ ကျွန်မသိခဲ့ရသည်။
မေမေ ကျွန်မနှင့်လမ်းလျှောက်ထွက်ပြီး သင်္ဘောပေါ်ပြန်ရောက်သည့်အချိန်မှာ မှောင်ရီပျိုးစဖြစ်နေပြီ။ သင်္ဘောပေါ်ရောက်သည့် အချိန်မှစ၍ ကျွန်မ တစ်ညလုံး ငိုခဲ့သည်။ ငိုယိုဂျီကျတတ်ခြင်းမရှိသောကျွန်မ ဘယ်လိုချော့ချော့ အငိုမတိတ်ဘဲ စူးစူးဝါးဝါး ငိုယိုနေသည်ကိုတွေ့သောအခါ ဖေဖေနှင့် လုပ်ဖော်ကိုင်ဖက်များလည်း စိုးရိမ်စိတ်ပူလာကြသည်။ ကလေးအစားမှားသလား၊ ဗိုက်အောင့်လို့လား၊ ဘာကျွေးမိသလဲ၊ ဘယ်တွေသွားသေးလည်း အဖြေရှာရင်း မေမေ့ကို ၀ိုင်းမေးကြသည်။ နောက်ဆုံးမေမေက တောင်းရက်လုပ်သော အိမ်သို့ ခဏ၀င်ကြည့်ကြောင်း၊ ကလေးကိုချစ်၍ သူတို့ဝိုင်းဝန်းချီပိုးကြကြောင်း ပြန်ပြောပြလိုက်သည်။ အဲဒီ့အခါကျမှ ကျွန်မပြုစားခံရတာဖြစ်မယ်ဟု ထင်မြင်ယုံကြည်ကြကာ ရွာမှ ဆေးဆရာတစ်ယောက်ကို ပင့်ခေါ်ပြီး ရေမန်းတိုက်လိုက်မှ ကျွန်မ ချက်ခြင်းအငိုတိတ်သွားတော့သည်။ ထိုတောင်းရက်လုပ်သောအိမ်မှညီအစ်မများသည် ချင်းလူမျိုးများဖြစ်ပြီး ကလေးများကိုချစ်လျှင် ပြုစားတတ်သည်ဟု ထိုအရပ်မှာ နာမည်ကြီးကြောင်း ဒေသခံများမှတစ်ဆင့် ပြန်သိရသည်။ ဒါကြောင့်ပင် ပြီးခဲ့သောဒီဇင်ဘာက တရားပွဲကိစ္စနှင့် ကျွန်မ ကျောက်ကွင်းသွားရမည်ဆိုတော့ မေမေက သတိပေးသည်။ ပြည်၊ အောင်လံ၊ သရက်ဒေသများကို ဖြတ်သန်းရမည့် ခရီးစဉ်သည် တစ်ချိန်က ကျွန်မပြုစားခံခဲ့ရသည့် နေရာတစ်ဝိုက်ဖြစ်နေသောကြောင့် သတိဝီရိယနှင့် ဂရုတစ်စိုက်သွားပါဟု မှာကြားလိုက်သည်။ ကျွန်မပြုံးမိသော်လည်း မိခင်တစ်ယောက်၏ မေတ္တာနှင့် ပူပန်သောကကို နားလည်ခဲ့ပါသည်။
၁၉၈၈နောက်ပိုင်း အခြေအနေတွေပြောင်းလဲခဲ့ပြီး ဖေဖေတို့ ပီအိုင်စီဝန်ထမ်းအားလုံးနီးပါးကို မန်း၊ သံပုရာကန် စသည့် ရေနံချက်စက်ရုံတည်ရှိရာနေရာများသို့ သွားရောက်တာဝန်ထမ်းဆောင်ရန် အမိန့်ချလိုက်သည်။ ရန်ကုန်မြို့မှာ အခြေတကျနေထိုင်ကြသော ဖေဖေနှင့်သူ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းအတော်များများ အလုပ်ထွက်လိုက်ကြပြီး နီးစပ်ရာစီးပွားရေးလုပ်ငန်းများမှာ ၀င်ရောက်လုပ်သူကလုပ်၊ နိုင်ငံရပ်ခြား သင်္ဘောလိုင်းပေါ်ပြောင်းသူပြောင်းနှင့် တစ်ကွဲစီဖြစ်သွားကြသည်။ ဖေဖေသည် အစိုးရ၀န်ထမ်းဘ၀တွင် အလုပ်တာဝန်ကျေပြွန်သူတစ်ဦးအဖြစ် နာမည်ကောင်းရခဲ့ပြီး စံပြ၀န်ထမ်းဆုကိုလည်း ရရှိခဲ့သူတစ်ဦးဖြစ်သည်။ တိုင်းတပါးတွင် ဘယ်သောအခါမှ ကျွန်ခံလိုစိတ်မရှိုသူတစ်ဦးအဖြစ် ရပ်တည်ကြွေးကြော်ခဲ့ဖူးသော်လည်း ပီအိုင်စီမှထွက်ပြီးနောက်ပိုင်း ကုန်းပေါ်မှာ လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများ အဆင်မပြေခဲ့သောကြောင့် မိသားစုရှေ့ရေးအတွက် နိုင်ငံရပ်ခြားက သင်္ဘောလိုင်းတစ်ခုမှာ ၀င်ရောက်တာဝန်ထမ်းဆောင်လိုက်ရသည်။ ထိုအချိန်မှာ ကျွန်မအသက် ၁၄နှစ် လောက် ရှိနေပြီ။
ဖေဖေနိုင်ငံခြားသင်္ဘောလိုက်နေစဉ် ကျွန်မစာရေးပြီး ပထမဆုံးမှာသောပစ္စည်းက အနာရွတ်ပျောက်ဆေးဖြစ်သည်။ ဘယ်နေရာသွားသွား အရင်ဆုံးခြင်ကိုက်ခံရသော၊ ခြေထောက်မှာ ရှိနေသော ခြင်ကိုက်ဒဏ်ရာအနာရွတ်တွေ သိပ်ပျောက်ချင်သော အပျိုဖော်ဝင်သမီးတစ်ယောက်ရဲ့စာကို ဖတ်ရတုန်းက ဖေဖေပြုံးချင်ပြုံးမိလိမ့်မည်။ ဖေဖေ့ဆီက သမီးမှာသောဆေးမျိုး ရှာမတွေ့ကြောင်း၊ သနပ်ခါးမှန်မှန်လိမ်းရင် ပျောက်နိုင်ကြောင်း ပြန်စာဖတ်ရတော့ ကျွန်မသိပ်မကျေနပ်ချင်။ သို့သော် ကျွန်မ၏ အသားအရေအတွက်၊ ထိခိုက်ဒဏ်ရာအနာရွတ်များအတွက် သနပ်ခါးလောက် မည်သည့်လိမ်းဆေးကမှ မစွမ်းဆောင်နိုင်ကြောင်း ခုချိန်မှာ ကျွန်မ ရာနှုန်းပြည့် လက်ခံနေပါပြီ။
ဖေဖေသည် သြစတြေးလျတိုက်နှင့် အန္တာတိကတိုက်နှစ်တိုက်မှလွဲ၍ ကျန်သည့်တိုက်များသို့ သမုဒ္ဒရာရေပြင်ကျယ်ကို သင်္ဘောဖြင့် ဖြတ်ကူးရင်း ရောက်ခဲ့သည်။ နယူးယောက်ဆိပ်ကမ်းမြို့မှာ ရပ်နားစဉ် သင်္ဘောသားအငယ်များအားလုံး ဆင်းသွားပြီး ပြန်မလာတော့၍ သူနှင့်ကပ္ပတိန်နှစ်ယောက်သား အခက်ကြုံခဲ့ရပုံ၊ တောင်အမေရိကတိုက်က ဘရာဇီးလ်နိုင်ငံသူများ ရဲတင်းသွက်လက်ပုံ၊ ဂျီဘရော်လ်တာရေလက်ကြား ဖြတ်သန်းခဲ့ပုံ၊ အာဖရိကတိုက်မှာ ခြင်ကိုက်ခံရပြီး ငှက်ဖျားဒဏ်ခံခဲ့ရပုံ စသည့်အတွေ့အကြုံများ ပြောပြသည့်အခါ ကျွန်မ စိတ်ဝင်တစား နားထောင်မိသည်။ ယခုချိန်မှာတော့ ဖေဖေသည် ရာသီဥတုပြင်းထန်သော အရှေ့အလယ်ပိုင်းဒေသက ပင်လယ်ရေပြင်ကျယ်တစ်နေရာမှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။ ဖေဖေနှင့်ကျွန်မ မတွေ့ရတာ ၂နှစ်ခွဲလောက် ရှိသွားပြီ။
မကြာမီကာလအတွင်း အလုပ်တာဝန်မှ အနားယူတော့မည်ဖြစ်သော ဖေဖေသည် ၂၀၁၂ ဇန်န၀ါရီလ ၂၈ရက်တွင် ၆၂နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ မွေးနေ့မွေးရက်တိုက်သော စနေဖွားဖေဖေအတွက် ဖားအောက်တောရကျောင်းမှာ နေ့ဆွမ်းကပ်လှူခဲ့ပြီး၊ မဟာဒါန ဆွမ်းကြီးလောင်းပွဲအတွက် ၀တ္ထုငွေလည်း လှူဒါန်းခဲ့ပါသည်။ ပြုခဲ့သမျှ ကောင်းမှုအစုစုအတွက် သာဓုခေါ်တတ်သော ဖေဖေတစ်ယောက် ကျန်းမာအသက်ရှည် ဘေးအန္တရာယ်ကင်းစွာဖြင့် လောကီ၊ လောကုတ္တရာအကျိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေဟု အဝေးမှနေ၍ ကျွန်မ ဆုတောင်းလိုက်ပါသည်။
ဇွန်မိုးစက်
မဇွန်ဖေဖေ ကျန်းမာချမ်းသာစွာဖြင့် သူတော်ကောင်းတရားပွားများ အားထုတ်နိုင်ပါစေလို့...
စာရေးကောင်းတဲ့ သမီးဇွန်ရဲ့ ဖေဖေ
လောကီ လောကုတ္တရာနှစ်ဖြာသော ကောင်းကျိုးလိုရာဆန္ဒပြည့်ဝပါစေလို့ မွေးနေ့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
မဇွန်ရဲ့ ဒီပို့စ်လေး ဖတ်နေရင်းနဲ့ တခါတုန်းက ကျနော့်ဆီက သင်္ဘောတွေအကြောင်း ပို့စ်တစ်ခုမှာ သင်္ဘောတွေကို သံယောဇဉ် ကြီးလွန်းတဲ့ အဖေ့အကြောင်း တစွန်းတစ ရေးခဲ့ဖူးတာ ဖြတ်ကနဲ အမှတ်ရမိတယ်၊ သုံးလေးနှစ်အရွယ် ကလေးတစ်ယောက်အဖို့ အဖေ့သင်္ဘောကို တဝကြီး စီးပြီး မြို့ရွာအနှံ့ ရောက်ခဲ့ရတာ ကံကောင်းလိုက်တာလို့ တွေးမိသလို အဖေ့ကို ပထမဆုံး စာရေးမှာတဲ့ ပစ္စည်းကို ဖတ်ရတော့လည်း ခပ်ပြုံးပြုံးနဲ့ သဘောကျမိတယ်ဗျ..၊ လောလောလတ်လတ် မွေးနေ့ကျရောက်တဲ့ မဇွန်ရဲ့ အဖေလည်း အလုပ်မှာ ကျန်းမာစွာနဲ့ ရှိပြီး မကြာခင်မှာ သူ့ကိုချစ်တဲ့ သမီးကြီးနဲ့ အမြန်ဆုံး ပြန်ပြီးတွေ့ဆုံနိုင် ပါစေလို့ ဆန္ဒပြုပါတယ်ဗျာ...။
ဇွန့် ဖေဖေဆီဒီပို့ စ်လေးပို့ ပေးလိုက်ပြီးပြီလား။
သူဝမ်းသာသွားမှာသေချာတယ်။
ဆုမွန်ကောင်းတောင်းပေးတဲ့ ညီမအနောနီးမတ်စ်၊ မမသီတာနဲ့ ကိုညီလင်းသစ်ကို ကျေးဇူးတင်ပါတယ်။
အစ်မရှင်လေးရေ.... မပို့ရသေးပါဘူး။ သူပြန်လာရင်တော့ ပရင့်ထုတ်ပြီး ပေးဖတ်လိုက်ပါ့မယ်။း)
ဒီပိုစ်လေး ပရင့်ထုတ်ဖတ်တယ်..
သဲမုန်တိုင်း ကြုံဖူးချင်တယ်။ မလေးတောင် ကုတင်အောက်ဝင်ပုန်းနေရသလို ခံစားရတယ်..
သနပ်ခါးတုံးတွေလည်း ပြန်ရင် များများဝယ်ဦးမယ်..
း))
ချစ်တဲ့ ..
မလေး
အဖေကိုချစ်တတ်တဲ့သမီးလေးပါပဲ
လက်ဆောင်လေးတွေချစ်စရာကောင်းလိုက်တာ