သည်နေ့မနက်အိပ်ရာကထတော့ မှန်ထဲကပုံရိပ်ကို
သေချာကြည့်မိသည်။ သိသိသာသာ ချောင်ကျနေသောမျက်တွင်းနှင့် အရင်ကထက် ပိုသွယ်လျသွားသော
မျက်နှာကို တွေ့ရသည်။ အသက်တစ်နှစ်ပိုကြီးလာသောကြောင့်လား၊ အမေ့ကို သုံးလဆက်တိုက် နေ့ရောညပါ
ပြုစုခဲ့ရသောကြောင့်လား…၊ သေချာတာကတော့ ကျွန်မရဲ့နုပျိုမှုတွေ သိသိသာသာ လျော့ပါးလွင့်ပြယ်လာခဲ့ခြင်းဖြစ်သည်။
အင်းလေ… ကျွန်မ အသက် သုံးဆယ့်ငါးရှိပြီပဲ။ ဗုဒ္ဓမြတ်စွာတရားတော်လာအတိုင်းဆိုလျှင် ယနေ့လူ့သက်တမ်းသည်
ဆုတ်ကပ်၏ ၇၅နှစ်သက်တမ်းမှာ ရောက်နေသည်။ တစ်နေ့ကဖတ်မိသော ကြေးမုံသတင်းစာပါ ဆောင်းပါးတစ်ပုဒ်တွင်
ယနေ့မြန်မာလူမျိုးများ၏ ပျမ်းမျှသက်တမ်းသည် ၆၅နှစ်ဟု ဖော်ပြထားသည်။ ပျမ်းမျှအချိုးချကြည့်လျှင်တော့
ကျွန်မတို့သက်တမ်း ၇၀ဟု မှတ်ယူနိုင်သည်။ သည်လိုဆိုလျှင် ကျွန်မ လူ့သက်တမ်းတစ်ဝက်ကျိုးခဲ့ပြီ။
ကုန်လွန်ခဲ့သောအချိန်များကို ပြန်လှည့်စောင်းငဲ့ကြည့်တော့ မယုံနိုင်လောက်အောင် လျင်မြန်လွန်းလှသည်။
စေ့စေ့ငုငုပြန်တွေးမိတော့ ကျွန်မလျှောက်လှမ်းခဲ့ရာ
သုံးဆယ့်ငါးနှစ်အတွင်း ၇နှစ်တစ်ကြိမ်ရောက်တိုင်း ဘ၀အပြောင်းအလဲများကို ကြုံတွေ့ရလေ့ရှိသည်။
ကျွန်မကိုယ်တိုင် ဒါမှမဟုတ် မိသားစုဝင်၊ နောက်ပြီးချစ်ခင်ရသူတွေနှင့် ပတ်သက်သော အဆိုးအကောင်း၊
အကျိုးအကြောင်းတွေက ကျွန်မရပ်တည်ရှင်သန်မှုကို လာရောက်ထိခတ်ပြောင်းလဲခဲ့သည်မှာ ငါးကြိမ်တိုင်ရှိခဲ့ပြီဖြစ်သည်။
ထိုအပြောင်းအလဲများကြားမှာ ကျွန်မ ယိုင်လဲမသွားစေဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ရ၊ ကြိုးစားနေရဆဲမှာပင်
ကျွန်မအသက်က နေ့စဉ်နှင့်အမျှ ကြီးလာခဲ့သည်။ အယူအဆ၊ အတွေးအခေါ်၊ ခံစားချက်တွေလည်း အထိုက်အလျောက်
ပြောင်းလဲလာခဲ့သည်။
သင်္ကြန်တွင်း အိမ်ရှေ့မဏ္ဍပ်မှ နေ့စဉ်ရက်ဆက်ဖွင့်သော
ဆူညံဂီတသီချင်းသံစဉ်များကို ငယ်စဉ်ကလို နားထောင်နိုင်စွမ်းမရှိတော့၍ သင်္ကြန်မြန်မြန်ပြီးပါစေဟု
ဆုတောင်းရသည့်အဖြစ်၊ Wolf of Wall Street ဇာတ်ကားမှ ကာမဂုဏ်အာရုံကို အလွန်အကျူးလိုက်စားနေကြသော
ဇာတ်ဝင်ခန်းများကို ကြည့်နေရင်း သရုပ်ဆောင်လူများအစား အဟိတ်တိရစ္ဆာန်များကိုသာ မြင်ယောင်မိသည့်အဖြစ်
စသည်များကို တစ်စုံတစ်ယောက်အား ပြောပြမိလျှင် “နင် အသက်ကြီးလာပြီ၊ အဘွားကြီးဖြစ်နေပြီ”
ဟု ပြုံးရယ်ဝေဖန်ခြင်းခံရမှာ သေချာသည်။ ဟုတ်ပါသည်၊ ကျွန်မအသက် တကယ်ကို ကြီးလာနေပါပြီ။
မညှာစတမ်း တည့်တည့်ပြောရလျှင်တော့ သေခြင်းတံခါးဝနှင့် တစ်နှစ်ပိုနီးလာပါပြီ။ သေခြင်းဟူသောဝေါဟာရ
ကျွန်မခေါင်းထဲရောက်လာသည်နှင့်တပြိုင်နက် ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်မိသည်မှာ “ကျွန်မသေဖို့
အဆင်သင့်ဖြစ်ပြီလား” ဟူ၍ဖြစ်သည်။
ဟိုတုန်းကတော့ ကျွန်မသေရမှာကိုကြောက်သည်၊
သေပြီးနောက်ဘ၀ကိုပို၍ကြောက်သည်။ လွန်ခဲ့သော ခုနစ်နှစ်အတွင်း ကျွန်မကုသိုလ်ကောင်းမှုတွေ၊
ပရဟိတလူမှုရေးလုပ်ငန်းတွေ တစိုက်မတ်မတ်လုပ်ပြီးသည့်နောက်တွင်တော့ ကျွန်မသေရမှာကို မကြောက်တော့။
ဝင်လေထွက်လေ မှတ်ချိန်မရဘဲ၊ မိမိပြုခဲ့သောကောင်းမှုကုသိုလ်များကို အာရုံမပြုနိုင်ဘဲ
ရုတ်တရက် ဆုံးပါးသွားမှာကိုတော့ အနည်းငယ်စိုးရိမ်ပါသည်။ ဒါပေမယ့် ကျွန်မလှူဒါန်းခဲ့သော၊
စောင့်ထိန်းခဲ့သော၊ ပွားများအားထုတ်ခဲ့သော ဒါန၊ သီလ၊ ဘာဝနာတွေရှိနေသည့်အတွက် ကျွန်မ
ဘ၀ကူးမကောင်းမှာကို ကြိုတင်စိုးရိမ်ကြောင့်ကြစိတ်မျိုး မရှိတော့သည့်အတွက် ကျွန်မ၀မ်းသာမိသည်။
တကယ်တော့ ကျွန်မဘ၀မှာ ဆန္ဒနှင့်ထပ်တူကျခဲ့ခြင်းမျိုး
သိပ်မရှိခဲ့ပါ။ ဘယ်အရာကိုမှလည်း ကျွန်မအလွယ်တကူ ရလေ့မရှိခဲ့ပါ။ အခက်အခဲ အနည်းနှင့်အများကို
ရင်ဆိုင်ဖြတ်သန်းပြီးမှသာ ကျွန်မရည်မှန်းချက်တွေ အောင်မြင်အထမြောက်လေ့ရှိသည်။ အဲသည့်အတွက်ကြောင့်ပဲ
တော်ရုံနှင့် အလွယ်တကူ အရှုံးမပေးတတ်သောအကျင့်ကို ကျွန်မရလာခဲ့ခြင်းဖြစ်မည်။ ကျွန်မငယ်စဉ်က
အရာရာပြီးပြည့်စုံသောလူတစ်ယောက် ဖြစ်ချင်ခဲ့သည်။ ကျွန်မမျှော်လင့်ထားသလို ဖြစ်မလာသည့်အခါ
စိတ်မကျေနပ်မှုတွေဖြစ်ခဲ့ရသည်။ ကျွန်မအသက်ဆယ့်ရှစ်နှစ်တုန်းက အိပ်မက်ထားသလို အသက်အစိတ်မှာ
အောင်မြင်ထူးချွန်သော ဆရာဝန် သို့မဟုတ် ဗိသုကာအင်ဂျင်နီယာ၊ ဒါမှမဟုတ် သန်းကြွယ်စီးပွားရေးလုပ်ငန်းပိုင်ရှင်
အမျိုးသမီးဖြစ်ခွင့်မရဘဲ ကျွန်မထဲထဲဝင်ဝင် စိတ်သိပ်မ၀င်စားလှသော အိုင်တီနယ်ပယ်၌သာ ကျင်လည်ခဲ့ရသည်။
ကျွန်မအသက်နှစ်ဆယ့်ရှစ်နှစ်မှာ ချစ်သူနှင့်လက်ထပ်ပြီး ဘ၀တစ်ခုထူထောင်မည်ဟူသော မိန်းမသားတစ်ဦး၏
စိတ်ကူးမျှော်လင့်ချက်တို့သည်ပင် မထင်မှတ်ထားသော ကြမ္မာဆိုးအောက်မှာ ပြိုကွဲပျောက်ဆုံးသွားခဲ့ရသည်။
ကျွန်မကံဇာတာ အဲသည်လောက်အထိ ညံ့ခဲ့ဖူးပါသည်။
ယခုအချိန်ထိ ကျွန်မဘ၀မှာ ငွေကြေးဥစ္စာ၊
စည်းစိမ်ရာထူး မယ်မယ်ရရ ပြောပြလောက်စရာ အောင်မြင်မှုမျိုး မရှိသေးပါ။ ကျွန်မပိုင်ဆိုင်သော
တိုက်တာခြံမြေအဆောက်အဦလည်း မရှိသေးပါ။ ကျွန်မနှင့်ရွယ်တူ သူငယ်ချင်းမိတ်ဆွေများလို
အားကိုးတွယ်တာချစ်မြတ်နိုးစရာကောင်းသော ခင်ပွန်းနှင့်ရင်သွေးတို့ကိုလည်း မပိုင်ဆိုင်ခဲ့ပါ။
ဒါပေမယ့် ကျွန်မမှာ အမေမွေးကတည်းပါလာသည့် စိတ်ရင်းစေတနာ သဒ္ဓါကောင်းလေးရှိနေသည်။ ကျွန်မအခက်အခဲကြုံတိုင်း
တကူးတက အကူအညီတောင်းစရာမလိုဘဲ အလိုက်တသိနှင့် ကူညီဖြေရှင်းပေးတတ်သော ချစ်စရာကောင်းသည့်
သူငယ်ချင်းတွေရှိသည်။ ကျွန်မပေးဆပ်အနစ်နာခံမှုများအတွက် နားလည်စာနာပေးသော မိဘနှစ်ပါးနှင့်မောင်ငယ်ရှိသည်။
နောက်ပြီး လွန်ခဲ့သော ခုနစ်နှစ်အတွင်းက ကျွန်မ ပြုခဲ့သမျှသော ကောင်းမှုဒါနအစုစု၏ ကုသိုလ်မှတ်တမ်းစာအုပ်လေးရှိသည်။
အဲဒါတွေရှိရုံနှင့်ပင် လူဖြစ်ခွင့်ရသောကျွန်မ ယခုဘ၀အတွက် ကျေနပ်သင့်ပါသည်။
ကျွန်မအသက်သုံးဆယ်ငါးနှစ်ပြည့်သောအချိန်ထိ
ကျွန်မဖြစ်ချင်သော ဆန္ဒအိပ်မက်တွေအားလုံး ရာနှုန်းပြည့် အကောင်အထည်ဖော်ခွင့်မရခဲ့သော်လည်း
တချို့တလေတော့ အထိုက်အလျောက် ရခဲ့ပါသည်။ ဥပမာ - စာရေးဝါသနာပါသောကျွန်မ ကလောင်တစ်ခုမကနှင့်
စာတွေပြန်ဆိုရေးသားနိုင်ခဲ့ခြင်းမျိုး၊ အချိန်အခါနှင့် အခြေအနေပေးသည့်အခါတိုင်း ခရီးသွားလာနိုင်ခဲ့ခြင်းမျိုး၊
ပရဟိတလူမှုရေးလုပ်ငန်းတွေမှာ စိတ်ရောကိုယ်ပါ ပါဝင်ကူညီလုပ်ဆောင်နိုင်ခဲ့ခြင်းမျိုး၊
သာသနာတော်အတွက် တစ်ထောင့်တစ်နေရာမှ ကိုယ်တတ်စွမ်းသလောက် အထောက်အပံ့ပေးခွင့်ကြုံရခြင်းမျိုးတွေဖြစ်သည်။
ထို့ထက်ပို၍ မိသားစုမောင်နှမဆွေမျိုးများအတွက် သမီးကောင်းသမီးအလိမ္မာအဖြစ် ဂုဏ်သိက္ခာနှင့်တန်ဖိုးရှိစွာ
ရပ်တည်ရှင်သန်ခွင့်ရခြင်းအတွက် ကျွန်မ အမှန်တကယ်ပဲ ၀မ်းသာကျေနပ်မိပါသည်။
ယခုဘ၀အတွက်တော့ ကျွန်မ သုံးဆယ့်ငါးနှစ်တာ
ဖြတ်သန်းခဲ့ပြီဖြစ်သည်။
၉. ၆. ၂၀၁၄ အတွက်
ဇွန်မိုးစက်
မမဇွန် သုံးဆယ့်ငါးမွေးနေ့ မှသည် နောင်နှစ် ပေါင်းများစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုးများ ဆောင်ရွက်နိုင်ပါစေ
နှင်းဖူး
ဆန္ဒနဲ့ဘဝတွေ ထပ်တူကျ တဲ့သူဆိုတာ ဒီလောကကြီးမှာ ရှားပါးပါတယ် ဇွန်။ တချို့အရာတွေက ကိုယ့်ရဲ့ရွေးချယ်ခြင်းတွေ ကြောင့်ပေါ့။
နောက်ထပ် နောက်ထပ် ပျော်ရွှင်ဖွယ်ရာ မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ဖို့ ပစ္စုပ္ပန်အချိန်မှာ ကြည်လင်ရှင်းသန့် အေးချမ်းတဲ့ စိတ်နဲ့ နေ့တွေတိုင်းကို ဖြတ်သန်းနိုင်ပါစေ။
မွေးနေ့ကစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ မမ :)
ဘ၀မှာ အောင်မြင်တဲ့သူဆိုတာ မိမိသေခါနီး
နောင်တတရား
အနည်းဆုံးသူဆိုတဲ့ စကားလေး
ကြားယောင်မိတယ် အမဇွန်
မွေးနေ့ဆုတောင်းအတွက်ရော၊ မှတ်သားစရာစကားလေးအတွက်ပါ ညီမနှင်းဖူး၊ သူငယ်ချင်းညိုလေး၊ အနောနီးမတ် နဲ့ ညီမရင်ငြိမ်းသူတို့ကို ကျေးဇူးတင်ပါတယ်။း)