လွမ်းဆွတ်မိသော အန်ဒိုရာညနေခင်းများ

Category:


တစ်ထပ်လျှင် ဘယ်ညာတစ်ခန်းစီဖြင့် ဘယ်သုံးခန်း၊ ညာသုံးခန်း စုစုပေါင်းခြောက်ခန်းပါဝင်သော သုံးထပ်အုတ်တိုက်ကလေး၏ အမည်မှာ ‘အန်ဒိုရာ’ ဖြစ်သည်။ ကျွန်မအသက် ၁၇နှစ်အရွယ်မှာ ကြည့်ရသော ဓာတ်ပုံများမှတစ်ဆင့် အန်ဒိုရာကို ရင်းနှီးခဲ့တာဖြစ်သည်။ ၂၀၁၁ခုနှစ် အောက်တိုဘာလဆန်းမှာ အန်ဒိုရာရှေ့ကို ပထမဆုံးခြေချမိသောကျွန်မ အနှစ်နှစ်အလလကဆန္ဒတစ်ခု အကောင်အထည်ဖော်နိုင်ခဲ့ပြီဆိုသော အသိနှင့် အံ့သြ၀မ်းသာစိတ်တို့ ပြည့်လျှံနေခဲ့သည်။ ကျွန်မမြင်ဖူးနေကျ ဓာတ်ပုံထဲက အန်ဒိုရာမှာ အနှစ်ငါးဆယ်နီးပါး နေထိုင်လျက်ရှိသော အဖိုးလေးကို ပထမဆုံးအကြိမ်အဖြစ် လူချင်းဆုံတွေ့ခွင့်ရခဲ့သောကြောင့်ဖြစ်သည်။ လွန်ခဲ့သောနှစ်က ဆစ်ဒနီတက္ကသိုလ်မှာ ဘွဲ့လွန်ပညာသင်ယူရင်း အဖိုးနှင့်အတူ အန်ဒိုရာမှာ ခြောက်လခွဲကြာ ကျွန်မ နေထိုင်ခွင့်ရခဲ့သည်။ အင်္ဂလန်မှာ အခြေချနေထိုင်ပြီး ကွယ်လွန်သွားသော ကျွန်မအဖိုးကိုယ်စား အဖိုး၏ညီဖြစ်သူ အဖိုးလေးက ကျွန်မအား မြေးအရင်းနှင့်မခြားဘဲ အန်ဒိုရာမှာ ပြုစုစောင့်ရှောက်ခဲ့သည်ဟုလည်း ဆိုနိုင်ပါသည်။

အဲသည့်မတိုင်ခင်က ကျွန်မဘ၀တွင် နှစ်ဖက်သောအဖိုးများနှင့် အတူနေထိုင်ခွင့် မကြုံဖူးခဲ့ပါ။ အဖေ့ဖခင်သည် အဖေလူပျိုပေါက်ဘ၀မှာကတည်းက ကွယ်လွန်သွားခဲ့ပြီး၊ အမေ့အဖေကျတော့ အမေဆယ့်တစ်နှစ်သမီးအရွယ်ကတည်းက ကွဲကွာသွားခဲ့တာဖြစ်သည်။ ကျန်ရစ်သောအဖွားနှစ်ဦးမှာလည်း ကွယ်လွန်ချိန်အထိ တနယ်တကျေးမှာသာ ခေါင်းချသွားခဲ့သည့်အတွက် ကျွန်မတို့လို ရန်ကုန်မြို့ဖွားမြေးများနှင့် ကာလရှည်ကြာ တရင်းတနှီး နေထိုင်ခွင့် မကြုံခဲ့သည်မှာ သဘာဝကျပါသည်။ ကျွန်မအတွက်တော့ အဖိုးလေးနှင့် အန်ဒိုရာမှာ အတူနေထိုင်ခဲ့သောနေ့ရက်များသည် တစ်သက်တာအမှတ်တရများထဲက ပြန်မရနိုင်သောကာလတစ်ခု ဖြစ်ခဲ့သည်။

အန်ဒိုရာကို ကျွန်မ လွမ်းနေမိတာ ကြာပါပြီ။ အလွမ်းဆုံးအချိန်သည် အဖိုးနှင့်အတူ ညနေ၆နာရီမှ၇နာရီအထိ နိုင်ငံတကာသတင်းနှင့်မိုးလေ၀သကြည့်အပြီး ညစာထမင်းစားပွဲမှာ အဖိုးနှင့်မျက်နှာချင်းဆိုင်ထိုင်ကာ ထမင်းစားရင်း စကားလက်ဆုံကျချိန်ဖြစ်သည်။ များသောအားဖြင့် ကျွန်မ၏အတန်းချိန်များမှာ  ညနေ၆နာရီမှည၉နာရီအထိဖြစ်၍ အဖိုးနှင့် ညစဉ်ညတိုင်း စကားပြောခွင့်ရခဲ့သည်တော့ မဟုတ်ပါ။ ကျွန်မညနေအတန်းမရှိသော ဗုဒ္ဓဟူးလို ဒါမှမဟုတ် စနေ၊ တနင်္ဂနွေလို ကျောင်းပိတ်ရက်များဆိုလျှင်တော့ ကျွန်မတို့မြေးအဖိုးနှစ်ယောက် ညစာအတူစားနိုင်၊ စကားစမြည် ပြောဆိုနိုင်ပါသည်။ 

ပုံမှန်အားဖြင့် ထမင်းမစားခင် ရေများများရောထားသော ၀ီစကီနှစ်ပက် အဖိုးသောက်လေ့ရှိသည်။ အဖိုးအတွက် အားဆေးဟု ပြုံးရင်းဆိုတတ်ပါသည်။ ကျွန်မ ထမင်းပွဲပြင်ပြီး ညစာစားချိန်မှာ အဖိုးက အားဆေးသောက်ရင်း ကျွန်မရှေ့တည့်တည့်က ခုံမှာထိုင်ရင်း ကျွန်မစားကောင်းမကောင်း အကဲခတ်တတ်ပါသည်။ အဲဒီနောက်မှာတော့ ကျွန်မတို့၏ စကားဝိုင်းလေး အစပျိုးနိဒါန်းချီခဲ့ပြီဖြစ်သည်။ အဖိုး၏ ရှေးဟောင်းနှောင်းဖြစ် ငယ်စဉ်နေ့ရက်များ၊ အဖိုးဖြတ်သန်းခဲ့ရသောဘ၀နှင့် မြန်မာပြည်နိုင်ငံရေး ပြောင်းလဲပြိုကွဲခဲ့သည့် အကြောင်းများ၊ အခြားကမ္ဘာ့သမိုင်းနှင့် နိုင်ငံတကာအရေးအခင်းများ စသည့် ခေါင်းစဉ်ပေါင်းများစွာအောက်မှာ ကျွန်မ မျက်လုံးတွေ တောက်ပခဲ့သည်၊ အာရုံတွေနိုးကြားခဲ့သည်။ မြန်မာ့အရေးသာမက ကမ္ဘာ့အရေးကိုပါ စိတ်ဝင်တစားရှိလှသော ကျွန်မကို အဖိုးက အစောပိုင်းမှာ အံ့သြခဲ့ပါသည်။ ဟိုစပ်စပ်ဒီစပ်စပ်ဖြင့် ကျွန်မသိထားသမျှ အထွေထွေဗဟုသုတပေါင်းစုံထဲက အဖိုးထင်မှတ်မထားသော မေးခွန်းများ မေးလေ့ရှိသောကျွန်မကို အဖိုးက သူဖြတ်သန်းခဲ့သော ဘ၀အတွေ့အကြုံမှ ရရှိထားသော ဗဟုသုတများဖြင့် စိတ်ရှည်လက်ရှည် ဖြေဆိုပေးခဲ့ပါသည်။ နော်မန်ဒီလူမျိုးများအကြောင်း၊ အော့တိုမန်အင်ပါရာများအကြောင်း စကားစပ်မိသည့်အခါမှာတော့ သမီးက ဒါတွေလည်း သိနေတာပဲလားဟု အံ့သြရိပ်စွက်သောအပြုံးနှင့် စူးစမ်းတတ်ပါသည်။

ကျွန်မအတွက်တော့ အဖိုးသည် ဗဟုသုတပေါင်းချူပ်စာတစ်အုပ်ဖြစ်သည်။ ကျွန်မစိတ်ပါဝင်စားသော နိုင်ငံတကာရေးရာများကို အဖိုးနှင့်ကျမှ ကျကျနန ဆွေးနွေးပြောဆိုနိုင်သည့် အခွင့်အရေးရခဲ့သည်။ ကျွန်မမမှီခဲ့သော အဖြစ်အပျက် သမိုင်းကြောင်းများကို အဖိုးဆီမှ ကြားနာသိမြင်ခွင့်ရခဲ့သည်။ ကျွန်မ သိလိုသည့် မေးခွန်းအားလုံးလိုလို အဖိုးဖြေပေးနိုင်ခဲ့သည်ချည်းဖြစ်သည်။

“အဖိုး ဗမာတွေက အင်္ဂလန်ကို ဘာဖြစ်လို့ ဘိလပ်လို့ခေါ်ခဲ့တာလဲဟင်”

“အဖိုးစဉ်းစားမိတာပြောရရင်တော့ ပထမကမ္ဘာစစ်နောက်ပိုင်း အိန္ဒိယမှာ အင်္ဂလိပ်တွေကို Blighty လို့ခေါ်လေ့ရှိခဲ့တယ်။ ကုလားအသံထွက်နဲ့ကျတော့ ‘ဘိလာတီ’ ပေါ့။ အိန္ဒိယကကုလားလူမျိုးတွေ မြန်မာပြည်ရောက်လာတဲ့အခါကျတော့ အင်္ဂလိပ်တွေကို ဘိလာတီလို့ ခေါ်ဆိုသုံးနှုန်းတာကို ကြားရာကနေ တဖြည်းဖြည်းနဲ့ မြန်မာတွေနှုတ်ဖျားမှာ ဘိလပ်လို့ အမည်တွင်ခဲ့တာ ဖြစ်နိုင်တယ်။”

အဖိုးအဖြေကို ကျေနပ်စွာနှင့် ကျွန်မ လက်ခံမိပါသည်။

တခါတရံမှာ သူများဆီက တစ်ဆင့်စကားဖြင့် ကျွန်မသိထားတာ သေချာရဲ့လားဟူသောအတွေးကြောင့် အဖိုးနှင့်ထပ်မံအတည်ပြုသော အကြောင်းရာတစ်ချို့လည်းရှိပါသည်။

“အဖိုး.. အဲလိဇဘက်ဘုရင်မကြီးရဲ့ ကြင်ယာတော်ဖိလစ်မင်းသားက စကော့တစ်ရှ်မင်းသားဆိုတာ ဟုတ်လား၊ စကော့တစ်ရှ်တွေက သွေးဆူလွယ်တဲ့လူမျိုးဆိုတော့  ယူကေကို အလွယ်တကူနဲ့ မပုန်ကန်နိုင်အောင် အင်္ဂလိပ်ဘုရင်မကို စကော့တစ်ရှ်မင်းသားနဲ့ တမင်လက်ဆက်ပေးထားတာဆို”

ကျွန်မမေးခွန်းကိုကြားတော့ အဖိုးကပြုံးရင်း “ဖိလစ်က စကော့တစ်ရှ်မဟုတ်ပါဘူး သမီးရဲ့၊ သူက ဂရိမင်းသားပါ။ မြန်မာပြည်မှာ အမှုတော်ထမ်းသွားတဲ့ မောင့်ဘက်တန်ရဲ့ တူတော်တယ်။ ဘုရင်မကြီးနဲ့လက်ဆက်ထားတဲ့ ကြင်ယာတော်အဖြစ် သူ့ကို စကော့တလန်က အီဒင်ဘရာနယ်ကို အပိုင်စားပေးထားတာပါ။”

သြော်… ဒီလိုကိုးဟု ရေရွတ်ရင်း အဖြစ်မှန်ကို ကျွန်မ သဘောပေါက်သွားခဲ့ပါသည်။ ကျွန်မအတွက် အဖိုးရှိနေလျှင် Google နှင့် Wikipedia ပင် မလိုအပ်တော့ပါ။

အရင်က ကွဲကွဲပြားပြား ကျွန်မ သိပ်မသိခဲ့သော မိသားစုမျိုးရိုးနာမည်တချို့အကြောင်းလည်း အဖိုးပြောပြမှ ကျွန်မ သိလာခဲ့သည်။ အဖိုးတို့ဖခင်မျိုးရိုး Sutherland သည် စကော့တစ်ရှ်ဖြစ်ပြီး၊ Mcgregor မျိုးရိုးနာမည်သည်လည်း စကော့တစ်ရှ် ဖြစ်သည်။ Morgan မျိုးရိုးနာမည်ကို ပိုင်ဆိုင်ခဲ့သော အဖိုးအမေ၏ ဖခင်မှာမူ ဝေလလူမျိုး (Welsh) ဖြစ်ကြောင်း၊ မျိုးရိုးနာမည်ကိုကြည့်ရုံနှင့် ဆင်းသက်လာသော လူမျိုးကို ခန့်မှန်း၍ရကြောင်း အဖိုးက ကျွန်မကို ပြောပြပါသည်။ ကျွန်မအဖိုး၏ ပထမနာမည် Alexander သည် စကော့နာမည်ဖြစ်ပြီး၊ အဖိုးလေး၏နာမည် Kenny မှာ အိုင်းရရှ်ဖြစ်ကြောင်းလည်း ကျွန်မမှတ်သားခဲ့ရပါသည်။

ကျွန်မအဖိုးမှတစ်ဆင့် အဖိုးလေးဆီသို့ လက်ဆင့်ကမ်းရောက်ရှိခဲ့သော Sutherland ဘိုးဘေးဘီဘင် မျိုးရိုး၅ဆက်မှတ်တမ်းကိုလည်း ကျွန်မကြည့်ခွင့်ရခဲ့သည်။ အနှစ်၂၀၀ကျော်မျိုးရိုးစဉ်ဆက်သမိုင်းအား ဗြိတိသျှတို့ စနစ်တကျမှတ်တမ်းတင်ခဲ့ပုံကို ကျွန်မ မချီးကျူးဘဲ မနေနိုင်ပါ။ ထိုမှတ်တမ်းသက်သေများကြောင့်ပင် ဗြိတိသျှသံရုံးက အဖိုးတို့ညီအစ်ကိုနှစ်ယောက်စလုံးကို ဗြိတိသျှနိုင်ငံကူးလက်မှတ် တရားဝင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ဗမာ့ရေတပ်မတော် စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ ဗိုလ်မှူးကြီးဖြစ်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သော အဖိုးအား နိုင်ငံရပ်ခြားခရီးသွားရန် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်မပေးခဲ့ခြင်းသည် ဗြိတိသျှနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ရန် တွန်းအားပေးခဲ့သော အကြောင်းရင်းတစ်ရပ်ဖြစ်ခဲ့ကြောင်း အဖိုးပြောပြမှ ကျွန်မသိလိုက်ရပါသည်။ အရာရာကို သမာသမတ်ကျစွာ ဖြောင့်မှန်တိကျစွာ လုပ်ကိုင်တတ်သော အဖိုး၏စိတ်နှင့် ဆန့်ကျင်ဘက်လုံးလုံးဖြစ်ခဲ့သော ထိုစဉ်က အုပ်ချူပ်သူလူတန်းစား၏ စိတ်ဓာတ်နှင့် စနစ်ဆိုးကြောင့် အဖိုးခမျာ သူချစ်သောမြန်မာပြည်နှင့် တစ်သက်တာ ဝေးကွာခဲ့ရခြင်းဖြစ်သည်။

၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီအာဏာသိမ်းပြီးသည့်နောက်တွင် ကျွန်မအဖိုးက အင်္ဂလန်သို့ထွက်ခွာခဲ့ပြီး၊ အဖိုးလေးက သြစတြေးလျကို မိသားစုနှင့် အပြီးအပိုင် ပြောင်းရွှေ့ခဲ့ပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍လည်း ကျွန်မက အဖိုးကို မေးမြန်းခဲ့ပါသေးသည်။

“ဖိုးဖိုးက ဘာဖြစ်လို့  အင်္ဂလန်တို့ အမေရိကားတို့ကို မရွေးဘဲ သြစတြေးလျကို ရွေးခဲ့တာလဲ”

“သမီးဖွားဖွား (အဖိုးဇနီး) က အအေးကြောက်တော့ အင်္ဂလန်ဆို မဖြစ်ဘူးလေ။ အမေရိကကျတော့ ဖိုးဖိုးသွားရင် မြန်မာပြည်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ရာထူးကို သိနေတော့ သူတို့က ဖိုးဖိုးကို အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွက် အသုံးချမှာကို ကြိုမြင်တယ်။ အဲဒါကြောင့် ဖိုးဖိုး သြစတြေးလျကိုပဲ လာခဲ့တာ။”

ကျွန်မကဆက်ပြီး “ဒါဆို ကမ္ဘာပေါ်မှာ အန်ဂလိုဘားမိစ်လို့ခေါ်တဲ့ ဗမာ-ဘိုကပြားတွေ အများဆုံးရှိတဲ့ သြစတြေးလျအနောက်ပိုင်းက ပါ့သ်မြို့မှာ အခြေမချဘဲ ဘာဖြစ်လို့ ဆစ်ဒနီမှာ အခြေချခဲ့တာလဲဟင်”

“ဟိုတုန်းက ပါ့သ်က သိပ်မဖွံ့ဖြိုးသေးဘူးလေ။ ဆစ်ဒနီကျတော့ ပါ့သ်နဲ့ယှဉ်လိုက်ရင် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အစစ တိုးတက်ဖွံ့ဖြိုးနေပြီဆိုတော့ သမီးအဒေါ်၊ ဦးလေးတွေရဲ့ပညာရေး၊ နောင်ရေးအတွက် ဆစ်ဒနီကိုပဲ ရွေးလိုက်တာ” အဖိုး၏ဆုံးဖြတ်ချက်မည်မျှမှန်ကန်ကြောင်း သြစတြေးလျတွင် မွေးဖွားကြီးပြင်းခွင့်ရခဲ့သော အဖိုး၏မြေး၊ မြစ်ဘ၀များက သက်သေထူနေပါသည်။ အဖိုးတို့မိသားစုသည် ဆစ်ဒနီမြို့တွင် ပထမဆုံးအခြေချခဲ့သော မြန်မာကပြားများဖြစ်သည်ဟု ကျွန်မ ယုံကြည်ပါသည်။ မည်သို့ပင်ဖြစ်စေ ကျွန်မ သိလိုစိတ်နှင့် မေးမြန်းသမျှ မေးခွန်းတိုင်းကို အဖိုးက စိတ်ရှည်လက်ရှည် ဖြေပေးခဲ့သည့်အတွက် အဖိုးကို ချစ်ခင်စွာဖြင့် ကျွန်မ ကျေးဇူးတင်မိပါသည်။

ဘာသာရေးနှင့်ပတ်သက်လျှင်တော့ ကျွန်မက ဦးဆောင်ဆွေးနွေးသူ ဖြစ်သွားလေ့ရှိသည်။ မိရိုးဖလာခရစ်ယာန်ဘာသာကို ကိုးကွယ်သော အဖိုးက ဘာသာရေးနှင့်ပတ်သက်ပြီး သူ့မှာရှိနေသော သံသယတစ်ချို့ကို ကျွန်မအား ဖွင့်ပြောပြပါသည်။ ကျွန်မကလည်း ကိုယ်တိုင်ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အဖြစ် ဗုဒ္ဓတရားတော်၏အနှစ်ချုပ်ကို ကျွန်မသိသမျှ အဖိုးထံ ပြန်လည်ဝေမျှပေးခဲ့ပါသည်။

မြေးအဖိုးနှစ်ယောက် စကားသံကြားက ထမင်းဝိုင်းသည် အမြဲစိုပြေစိတ်ဝင်စားစရာများဖြင့် ပြည့်နှက်နေခဲ့ပါသည်။ အဖိုးလူပျိုဘ၀တွင် ရခိုင်ပြည်နယ် သံတွဲမှာ တာဝန်ထမ်းဆောင် နေထိုင်ခဲ့ဖူးသော အဆိုတော် Cliff Richard ၏ မိဘနှစ်ပါးနှင့် ရင်းနှီးသိကျွမ်းပြီး စားအိမ်သောက်အိမ်ဖြစ်ခဲ့ပုံ၊ အင်္ဂလန်တွင်ရောက်ရှိခဲ့စဉ်က မင်းသမီးမဖြစ်သေးသော အသက်၁၈နှစ်အရွယ် ၀င်းမင်းသန်းကို စောင့်ရှောက်ပေးခဲ့ရပုံ၊ ထိုစဉ်က ၀င်းမင်းသန်း၏ အိမ်ထောင်ဖက်အဖြစ် ဗိုလ်စကြာကို ရွေးချယ်ပေးစားမည့်အကြောင်း သူမ၏မိခင်က အဖိုးအား ဖွင့်ဟပြောဆိုခဲ့ပုံ၊ ဂေါက်သီးရိုက်ဖော်မရှိသည့် အာဏာရှင်ဗိုလ်ချုပ်ကြီးက လူလွှတ်ပြီး ဂေါက်သီးအတူရိုက်ရန် ဖိတ်ခေါ်လေ့ရှိပုံ၊ ဗိုလ်ချုပ်မောင်မောင်ခင်နှင့် ဦးအောင်ကြီးတို့ သြစတြေးလျရောက်တိုင်း အဖိုးကို လာရောက်တွေ့ဆုံကြပုံတို့အပြင် လူနာကတ်ကြေးဖြင့်ထိုး၍သေဆုံးသွားခဲ့သည့် ဆစ်ဒနီမြို့က ပထမဆုံးမြန်မာဆရာဝန်ကြီးအကြောင်း၊ နယူးဇီလန်နိုင်ငံသို့ ပထမဆုံး ပြောင်းရွှေ့အခြေချခဲ့သည့် မြန်မာကပြားများအကြောင်း (ထိုကပြားများ နယူးဇီလန်အား ဘာကြောင့်ရွေးချယ်ပြောင်းရွှေ့ခဲ့တာလဲဟု စပ်စပ်စုစု ကျွန်မက မေးခဲ့၍ အဖိုးက ပြန်ဖြေပေးခဲ့ရပါသေးသည်) စသည့် အကြောင်းရာမျိုးစုံတို့ကို အဖိုးက စိတ်ရှည်လက်ရှည် စိတ်ဝင်စားဖွယ် ပြောပြတတ်ပါသည်။

အနည်းငယ်ထူးဆန်းသည်ကတော့ အဖိုး၏ သားသမီးမြေးမြစ်များပင် မသိခဲ့သော အကြောင်းရာတစ်ချို့ကို ကျွန်မသိခွင့်ရခဲ့ခြင်းဖြစ်ပါသည်။ အဖိုး၏ဗီရိုအံဆွဲထဲမှာ သိမ်းဆည်းထားခဲ့သော နာမည်အတိုကောက်ရေးထိုးထားသည့် ယောက်ျားသုံးလက်ကိုင်ပ၀ါတစ်ခုနှင့် ရွှေကြယ်သီးလေးတစ်ခု၏
နောက်ကြောင်းကို မမျှော်လင့်ဘဲ ကျွန်မသိခွင့်ရခဲ့သည်။ ကျွန်မတစ်စုံတစ်ယောက်နှင့်ပတ်သက်ပြီး စိတ်မကောင်းဝမ်းနည်းဖြစ်ခဲ့ရသော တစ်ညနေမှာ တိုက်ဆိုင်စွာပင် အဖိုးက သူ့အိပ်မက်အကြောင်း ကျွန်မကို ပြောပြလာပါသည်။ အဖိုး၏အိပ်မက်နှင့် ပတ်သက်ဆက်စပ်နေခဲ့သော အတိတ်က အကြောင်းရာတစ်ခုသည် ကျွန်မ၏ ဝေဒနာကို ဖြေလျှော့ပေးနိုင်စွမ်းရှိခဲ့သည်။ ကျွန်မခံစားနေရသော သောကအပူကို အဖိုးများမြင်သွားသလားဟုပင် ထင်မှတ်သည်အထိ ဖြစ်ခဲ့ရသည်။ အဖိုးကြောင့်ပင် Don’t let your heart rule your head စကားလေးကို ကျွန်မ ဂရုတစိုက် မှတ်သားမိခဲ့တာဖြစ်သည်။ တကယ်တော့ လူရောစိတ်ပါ အကဲခတ်တတ်သည့်နေရာတွင် အဖိုး အလွန်တော်မှန်း ကျွန်မသိနှင့်ခဲ့ပြီးဖြစ်ပါသည်။

အဖိုး၏ထင်မြင်ပြောဆိုချက်ကို ကိုယ်တိုင်ကြားသိလို၍ သမီးကို အဖိုးဘယ်လိုမြင်လဲဟု မေးသည့်အခါ သမီးက စိတ်ထက်တယ်၊ စိတ်မြန်တယ်၊ ခေါင်းလည်းမာတယ်ဟူသော မှတ်ချက်ကို ပေးခဲ့သည့်အတွက် ကျွန်မ ရယ်ကျဲကျဲနှင့် ခေါင်းညိတ်ဝန်ခံရပါသည်။ သမီးက အခက်အခဲတွေ ဘယ်လိုပဲကြုံရကြုံရ အားလုံးကို ကျော်ဖြတ်သွားနိုင်တဲ့ အရည်အချင်းရှိတာ ဖိုးဖိုးမြင်တယ်၊ လက်တွဲဖော်မရှိလည်းဘဲ သမီးတစ်ယောက်တည်း ဘ၀ကို အောင်အောင်မြင်မြင်နဲ့ ရပ်တည်နိုင်စွမ်းရှိတယ်ဟု အဖိုးပြောလိုက်သည့်အခါမျိုးတွင်တော့ ကျွန်မ ထခုန်မိမတတ် ၀မ်းသာရပါသည်။ အဖိုးနှုတ်မှထွက်သော သုံးသပ်စကားသံကို အားလုံးထက် ကျွန်မ ပိုယုံကြည်သောကြောင့်ဖြစ်သည်။ တခါတရံတော့ အဖိုးအမြင်မှာ ကျွန်မက အနည်းငယ်ထူးခြားသော မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့သည်။ ပုံမှန်အားဖြင့် ကျွန်မ၏အနေအထိုင်၊ အပြောအဆို၊ အမူအရာ၊ ၀တ်စားဆင်ယဉ်ပုံက မြန်မာအရှေ့တိုင်းအလွန်ဆန်သော်လည်း အတွေးအခေါ်ယုံကြည်ယူဆချက်များက အနောက်တိုင်းဆန်လေ့ရှိသောကြောင့်ဟုထင်ပါသည်။ မည်သို့ပင်ဖြစ်စေ ဖိုးဖိုး သမီးကိုသဘောကျတယ်ဟု အပြောခံရလျှင် ကျွန်မ ကြည်နူးကျေနပ်မိသည်မှာ အမှန်ပင်ဖြစ်သည်။

တစ်ရက်ပြီးတစ်ရက် အဖိုးနှင့်ရင်းနှီးလာလေ၊ ကျွန်မ အဖိုးကို အဆတိုး၍ လေးစားချစ်ခင်လာလေဖြစ်သည်။ အဖိုးသည် အင်္ဂလိပ်-မြန်မာကပြားတစ်ဦးဖြစ်၍ အဖိုး၏ရုပ်ရည်သွင်ပြင် အရပ်အမောင်းမှာ အနောက်တိုင်းပိုနွယ်သော်လည်း အဖိုးက ကျွန်မထင်မှတ်ထားသည်ထက်ပို၍ မြန်မာဆန်ပါသည်။ မြန်မာအစားအစာကို နှစ်ခြိုက်သည်။ နွေရာသီ
ရောက်လျှင် မြန်မာပုဆိုးဝတ်ပြီး ကတ္တီပါဖိနပ်ကို  စီးလေ့ရှိသည်။ မြန်မာနိုင်ငံနှင့် အနှစ်၅၀ကျော်ခွဲခွာနေရသော်လည်း မြန်မာစကားကို အထစ်အငေါ့မရှိ ကောင်းစွာပြောဆိုနေနိုင်ဆဲဖြစ်သည်။ တစ်ခါက ဆစ်ဒနီမြို့ရှိ ပုဂံအမည်ရသော မြန်မာစားသောက်ဆိုင်မှာ အဖိုးက မြန်မာလိုမှာကြားသည့်အတွက် ဆိုင်ရှင်ကိုဗစ်တာက “ဟာ… အန်ကယ်ကြီးက မြန်မာလား? ကျွန်တော်က သြဇီကြီးမှတ်လို့” ဟု တအံ့တသြ မှတ်ချက်ချခဲ့ပါသည်။ အင်္ဂလိပ်စာနှင့်ပတ်သက်လျှင်တော့ သြစတြေးလျမှာမွေးပြီး ကြီးပြင်းသော အဖိုး၏မြေးများကပင် သြချယူရလောက်အောင် ပိုင်နိုင်ကျွမ်းကျင်ပါသည်။ အဖိုးသည် ဟိန္ဒူစတန်နီစကားကို ပြောတတ်သည်။ ပြင်သစ်ဘာသာဖြင့် ရေးသားထားသော သတင်းစာတစ်စောင်ကိုလည်း ကောင်းစွာဖတ်ရှုနိုင်ပါသည်။

အရာရာကို တွေးတွေးဆဆ မြော်မြော်မြင်မြင်နှင့် စေ့စပ်သေချာစွာ လုပ်ကိုင်လေ့ရှိသော အဖိုးသည် စည်ကမ်းအရာတွင်လည်း အလွန်ကြီးလှပါသည်။ အဖိုး၏ သားသမီးမြေးမြစ်များသည် စည်းကမ်းကြီးလှသော အဖိုးနှင့် ရက်သတ္တပတ်အနည်းငယ်ထက်ပို၍ မနေနိုင်ကြပါ။ ထို့ကြောင့်ပင် သူတို့အားလုံးက ခြောက်လခွဲမျှ အဖိုး၏စည်းကမ်းအတိုင်း တသွေမတိမ်း လိုက်နာနေနိုင်သော ကျွန်မကို အံ့သြခဲ့ကြတာဖြစ်သည်။ ညနေစာထမင်းစားသောက်ဆေးကြောပြီးသည့်အခါ ဘေစင်တွင် ရေတစ်စက်မျှ မကျန်စေရဘဲ ခြောက်သွေ့အောင် သုတ်ရသည့်အလေ့ကို နှစ်ရက်အတွင်း အဖိုးခြေရာမှီအောင် စိတ်တိုင်းကျ လုပ်ပေးနိုင်ခဲ့သည့်ကျွန်မကို အဖိုး အံ့သြစွာနှင့် ချီးကျူးပါသည်။ ကျွန်မကိုယ်တိုင် စည်းကမ်းတကျ နေထိုင်ရသည်ကို လိုလားနှစ်သက်သောကြောင့် အဖိုး၏စည်ကမ်းကျန သန့်ရှင်းသေသပ်မှုများသည် ကျွန်မအတွက်တော့ တကူးတက စိတ်ကျဉ်းကျပ်စရာ ဖြစ်မနေခဲ့ပါ။

 ၁၉၅၁ခုနှစ်က အင်္ဂလန်ပြည်တွင် ရေကြောင်းဆိုင်ရာ အထူးမွမ်းမံသင်တန်း တက်ရောက်ခဲ့သော ဖိုးဖိုး

အသက် ၉၁နှစ်ကျော်သည်အထိ မည်သူ့အကူအညီမှမယူဘဲ ဘ၀ကို တစ်ယောက်တည်း ကျန်းမာသက်ရှည်စွာ ဖြတ်သန်းနေထိုင်သော အဖိုးဆီက အတုယူစရာ မှတ်သားစရာတွေ ကျွန်မရခဲ့ပါသည်။ အဖိုးသည် အချိန်မှန်စား၊ အချိန်မှန် အိပ်သည်။ ဘုရားရှိခိုးကျောင်း နေ့တိုင်းသွားသည်။ တစ်ရက်ခြားတစ်ခါ ဈေးဝယ်ထွက်သည်။ ညစာကို ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်သည်။ အဖိုးသည် ဟင်းချက်အလွန်ကောင်းသူတစ်ဦးလည်း ဖြစ်သည်။ အဖိုးလက်ရာ ၀က်သားနှင့်မျှစ်ချဉ်ဟင်း၊ ကြက်သားနှင့်ကြံမဆိုင်၊ ကန်စွန်းရွက်ချဉ်ရည်ဟင်းသည် ကျွန်မစားဖူးသမျှထဲတွင် အကောင်းဆုံးဖြစ်သည်။

အဖိုးသည် ယခုချိန်တိုင်အောင် သတိမှတ်ဉာဏ်အား ကောင်းနေဆဲဖြစ်သည်။ မနက်အိပ်ရာကနိုးသည့်အခါ ပြက္ခဒိန်ကြည့်စရာမလိုဘဲ သား၊ သမီး၊ ချွေးမ၊ သမက်၊ မြေး၊ မြစ်တို့၏ မွေးနေ့ရက်ကို အခြားသူများထက် ဦးစွာသိနှင့်ပြီး ဆုတောင်းနှုတ်ဆက်လေ့ရှိပါသည်။ လွန်ခဲ့သော အနှစ်၆၀ကျော်၇၀က သမိုင်းအဖြစ်အပျက်များကို နေ့စွဲအတိအကျနှင့်တကွ ပြောဆိုနိုင်ပါသည်။ အဖိုးသည် ရံဖန်ရံခါ အသက်အရွယ်ကြောင့် အားနည်းမောပန်းကာ အိပ်ရာထဲ လှဲနေရသော်လည်း အလကားနေလေ့မရှိပါ။ အိပ်ရာထက်မှာ စာတစ်အုပ်ဖတ်ရင်း၊ ဆုဒိုခု ကစားရင်းဖြင့် ဦးနှောက်ကို တစ်စုံတစ်ခု အလုပ်ပေးကာ အချိန်ကို အကျိုးရှိစွာ ကုန်လွန်စေလေ့ရှိပါသည်။

ကျွန်မ လေ့လာမိသလောက် အဖိုးသည် အသင့်စား အစားအစာများကို စားသုံးလေ့ မရှိပါ။ ကုန်တိုက်များမှ ထုတ်ပိုးရောင်းချသော အသားများထက် ဗီယက်နမ်သားသတ်သမားဆိုင်က ရောင်းချသော လတ်လတ်ဆတ်ဆတ် အသားများကိုသာ ၀ယ်လေ့ရှိပါသည်။ အဖိုးသည် ကော်ဖီ၊ သကြား၊ ဆား၊ ယို၊ ထောပတ် အစရှိသော တာရှည်ခံသည့် စားသောက်ကုန်များကို နှစ်ခုစီဝယ်ကာ တစ်ခုအပိုဆောင်းထားတတ်သောကြောင့် ချက်ပြုတ်နေရင်း၊ စားသောက်နေရင်းတန်းလန်း ကုန်သွားသည်ဟူသော အဖြစ်မျိုး ဘယ်တော့မှ မကြုံရပါ။ ပစ္စည်းအထားအသိုကိုလည်း တစ်နေရာထဲတွင်သာ သတ်သတ်မှတ်မှတ် ထားလေ့ရှိသောကြောင့် အဖိုးမျက်စိမှုန်လာသည့်တစ်နေ့၊ မှတ်ဉာဏ်မကောင်းတော့သည့်အချိန်သို့ ရောက်လာလျှင်ပင် မည်သည့်ပစ္စည်း မည်သည့်နေရာတွင်ရှိသည်ကို တကူးတက ရှာစရာမလိုဘဲ အဖိုးသိနေပြီးဖြစ်သည်။

အဖိုးသည် စာတစ်အုပ်နှင့် နေ့စဉ် ၀င်ငွေထွက်ငွေ စာရင်းမှတ်ပြီး လချုပ်၊ နှစ်ချုပ်ကို ပုံမှန်လုပ်လေ့ရှိသည်။ ထို့ကြောင့်ပင် ၀င်ငွေခွန်တင်ပြခါနီးတွင် အဖိုး၏ သားနှင့်သမက်များက တကုပ်ကုပ်နှင့် တစ်နှစ်စာပြန်တွက်ပြီး အခွန်စာရင်းဖြည့်နေချိန်တွင် အဖိုးသည် စာရင်းစာအုပ်ထဲတွင် အသင့်ရှိနေသော ကိန်းဂဏန်းများကို အရံသင့်ကူးပြီး ဖြည့်စွက်လိုက်ရုံနှင့် ကိစ္စပြီးမြောက်သွားတော့သည်။ ဈေးဝယ်သည့် နေရာတွင်လည်း အဖိုးက ကျွန်မတို့လူငယ်များထက် ပိုစေ့စပ်ပါသည်။ ဈေးမ၀ယ်ခင် လမ်းတစ်ဖက်တစ်ချက်စီမှာရှိသော ကုန်တိုက်နှစ်ခုကို တစ်လှည့်စီသွားရောက်ကြည်ရှုပြီးမှ ပစ္စည်းချင်းအတူတူ သက်သာသောဆိုင်က ၀ယ်ပါသည်။ ဆယ့်နှစ်လုံးတစ်ကတ်ပါ ကြက်ဥ၀ယ်လျှင်လည်း တစ်လုံးချင်းသေချာထုတ်ကြည့်စစ်ဆေးပြီးမှ ယူလေ့ရှိပါသည်။ နွားနို့နှင့်ပေါင်မုန့်ဝယ်လျှင် ရှေ့ဆုံးမှာမြင်ရသည့်ပစ္စည်းကို အလွယ်တကူ လှမ်းမယူဘဲ အနောက်ဘက် အတွင်းကျကျမှာ ထားသိုလေ့ရှိသော သက်တမ်းကုန်ရက် ပိုနောက်ကျသည့် ပုလင်းနှင့်အထုတ်များကိုသာ ရွေးချယ်ဝယ်ယူလေ့ရှိပါသည်။ အဖိုး၏ အသက်အရွယ်နှင့် မိမိကိုယ်ကိုညှာတာသောအားဖြင့် အချို့သောကိစ္စရပ်များကို လျှော့လျှော့ပေါ့ပေါ့ ပြီးစလွယ်ဆောင်ရွက်လျှင်ရသော်လည်း ထိုကဲ့သို့ ဘယ်သောအခါမျှ အဖိုးလုပ်လေ့မရှိပါ။ ထို့ကြောင့်လည်း အဖိုး၏လုပ်ရပ်များကိုကြည့်ပြီး ပိုသည်ဟု မြေးများက ချစ်စနိုးစနောက်တတ်ကြတာဖြစ်သည်။

အဖိုးသည် မိသားစုအပေါ်တွင် အလွန်တာဝန်ကျေသော ဖခင်ကောင်း၊ ဇနီးသည်အပေါ်တွင် သစ္စာရှိသော ခင်ပွန်းကောင်းတစ်ယောက်လည်း ဖြစ်ခဲ့သည်။ ၁၇နှစ်တိုင်တိုင် ကင်ဆာရောဂါခံစားခဲ့ရသော အဖိုး၏ဇနီး ဖွားဖွားကို တစ်ချက်ကလေးမှ ငြိုငြင်ခြင်းအလျဉ်းမရှိဘဲ ကွယ်လွန်ချိန်အထိ ချစ်ခင်ကြင်နာစွာဖြင့် ဂရုတစိုက် ဖေးမပြုစုစောင့်ရှောက်ခဲ့ပါသည်။ ဟောသည့်ကမ္ဘာပေါ်တွင် ကျွန်မလေးစားအချစ်ခင်ရဆုံး ယောက်ျားတစ်ယောက်ကို ပြောပါဟုဆိုလျှင် အဖိုး၏နာမည်ကိုသာ ကျွန်မ ရေရွတ်မိပါလိမ့်မည်။ အဖိုး၏ အနေအထိုင်၊ အပြောအဆို၊ အကျင့်အကြံ၊ အပြုအမူမှန်သမျှသည် မိသားစုမျိုးရိုးတစ်ခုလုံး၏ပုံရိပ်ဂုဏ်ရောင်ကို မြှင့်တင်ပေးခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။ အဖိုးကို ယခုအချိန်ထိ သားသမီးသမက်ချွေးမများအားလုံးက ချစ်ကြောက်ရိုသေကြပြီး နေရာပေးလေ့ရှိပါသည်။ အသက်အရွယ်ကြီးရင့်လာသော်လည်း အဖိုးကို အသုံးမ၀င်တော့သော လူပိုဟူ၍ မည်သူကမှ မသတ်မှတ်သည့်အပြင် အရေးကြီးကိစ္စများကိုပင် အဖိုးကို အရင်ဆုံးအသိပေး တိုင်ပင်ကာ အကြံဉာဏ်ရယူနေကြဆဲဖြစ်သည်။

မြေးများရည်းစားတစ်ယောက်ရတိုင်း အဖိုးထံလာပြကြသည့်အတွက် မိဘများပင်မသိလိုက်သော မြေးများ၏ ရည်စားဟောင်း၊ ရည်းစားသစ်အားလုံးကို အဖိုးသိနေခဲ့သည်။ မင်္ဂလာဆောင်မည့် မြေးမလေးများအတွက် သတို့သမီးဝတ်စုံကိုပင် အဖိုးက ရွေးချယ်အတည်ပြုပေးရပါသည်။ အကြောင်းကြောင်းကြောင့် မြေးများနှင့် ကွဲကွာသွားသော ရည်းစားဟောင်းများသည်ပင် အဖိုးကို ချစ်ခင်သည့်အတွက် လမ်းကြုံလျှင် အဖိုးဆီ အလည်လာစမြဲ၊ အဖိုးနှင့်စကားစမြည် ပြောဆိုမြဲဖြစ်သည်။ ကျွန်မ အဖိုးနှင့်နေထိုင်စဉ်ကာလအတွင်းမှာပင် ကျွန်မမောင်ဝမ်းကွဲက တတိယမြောက်သူ့ချစ်သူအား အိမ်ခေါ်လာပြီး အဖိုးထံမှ ကောင်းချီးမင်္ဂလာ လာရောက်ခံယူခဲ့သေးသည်။ ခရိုအေးရှန်းနွယ်ဖွားဖြစ်သော်လည်း လူကြီးများကို တရိုတသေနှင့် ဂရုတစိုက် ပြောဆိုဆက်ဆံတတ်သော ဆူဇန်ကို အဖိုးသဘောကျသွားပုံပေါ်ပါသည်။

ကျွန်မအဒေါ်နှင့်ဦးလေးများက ဆစ်ဒနီမြို့မြောက်ဘက်၊ အနောက်ဘက်များတွင် နေထိုင်ကြပြီး အဖိုးက ဆစ်ဒနီမြို့အရှေ့ပိုင်းရပ်ကွက်တွင် တစ်ယောက်တည်းနေသော်လည်း အခြားလူဖြူသက်ကြီးရွယ်အိုများကဲ့သို့ အထီးကျန်ခြင်းမရှိပါ။ အဖိုးသည် ဥပဓိရုပ်ရည်ချောမောရုံမျှမက စိတ်ဓာတ်လည်း အလွန်ကောင်းမွန်ကြံ့ခိုင်သူတစ်ဦးဖြစ်ပါသည်။ အနာရောဂါကင်းစွာဖြင့် အသက်ရှည်သောသူများသည် သီလ၊ သမာဓိကောင်းကြသည်ဟု ကျွန်မတို့ မြန်မာများဆိုလေ့ရှိသည့်အတိုင်း အဖိုးသည်လည်း သူဖြတ်သန်းခဲ့ရာဘ၀တလျှောက်လုံးတွင် သီလ၊ သမာဓိကောင်းစွာ၊ ဖြောင့်မှန်တည်ကြည်စွာနှင့် ရပ်တည်နေထိုင်ခဲ့သည့်အတွက် မိမိအထက်အောက်လူကြီးလူငယ်များ၊ ရွယ်တူမိတ်ဆွေများ၊ သားသမီးမြေးမြစ်ဆွေမျိုးများ၏ ချစ်ခင်လေးစားဂရုစိုက်မှုကို ယနေ့တိုင် ခံရဆဲဖြစ်သည်ဟု ကျွန်မယုံကြည်ပါသည်။

သိပ်မကြာခင်အချိန်တွင်းမှာ အန်ဒိုရာမှနေ၍ သမီးကြီးရှိရာနေအိမ်သို့ အဖိုးပြောင်းရွှေ့နေထိုင်တော့မည်ဖြစ်သည်။ အဖိုး၏အသက်အရွယ်နှင့် ကိုယ်ခံစွမ်းအားအရ အဖိုးတစ်ယောက်တည်း မနေသင့်တော့ဟု အားလုံးက ၀ိုင်းဝန်းအကြံပြုခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်သော်လည်း အဖိုးက သူ့အတွက်နှင့် သားသမီးမြေးများကို ၀န်ထုတ်ဝန်ပိုးမဖြစ်စေချင်သော ဆန္ဒကြောင့် အန်ဒိုရာ၌သာ နှစ်ပေါင်းများစွာ တစ်ကိုယ်တည်း နေထိုင်ခဲ့တာဖြစ်သည်။

တစ်ချိန်က လူဖြူများသာနေထိုင်ခဲ့သော၊ အာရှနွယ်ဖွားများ မတွေ့ရသလောက်နည်းပါးခဲ့သော အန်ဒိုရာဝန်းကျင်မှာ ယခုတော့ တရုတ်လူမျိုးများကို စတင်တွေ့လာရပြီဖြစ်သည်။ နယူးဆောက်ဝေးလ်ယူနီဗာစတီ၊ နာမည်ကျော်ခူဂျီကမ်းခြေ၊ စန်တန်နီရယ်လ်ပန်းခြံ၊ မြင်းပြိုင်ကွင်း၊ ဆေးရုံ၊ ဈေး၊ ရုပ်ရှင်ရုံအားလုံးသည် အန်ဒိုရာမှ လမ်းလျှောက်လျှင် နာရီဝက်ထက်မပိုသော အကွာအဝေးမှာ တည်ရှိနေကြသည်။ မီးရထားဘူတာရုံနှင့် မနီးသော်လည်း လိုင်းပေါင်းစုံရပ်သော ဘတ်စ်ကားမှတ်တိုင်ကို မိနစ်အနည်းငယ်မျှ လမ်းလျှောက်ရုံနှင့် ရောက်ပါသည်။ ဒါတွေကြောင့်ပဲ အန်ဒိုရာတည်ရှိသော ဆစ်ဒနီမြို့အရှေ့ခြမ်းလူနေရပ်ကွက်က သြစတြေးလျ၏ ဈေးအကြီးဆုံးအိမ်ခြံမြေစာရင်းထဲမှာ ပါဝင်နေတာဖြစ်မည်ဟု ကျွန်မ ကောက်ချက်ချမိပါသည်။ အမြော်အမြင်ကြီးစွာဖြင့် ဆောက်လက်စကပင် ၀ယ်ယူခဲ့ပြီး အနှစ်ငါးဆယ်နီးပါး နေထိုင်ခဲ့သော အန်ဒိုရာနှင့် အနီးဝန်းကျင်မှ ခွဲခွာရန် အဖိုးအတွက် အတိုင်းအတာတစ်ခုထိ ခက်ခဲကောင်း ခက်ခဲနေပါလိမ့်မည်။

အဖိုးချက်သောညစာကို အဖိုးနှင့်အတူစားပြီး အန်ဒိုရာကို နှုတ်ဆက်ခွဲခွာခဲ့သော ညချမ်းကလေးကို ကျွန်မ ယခုတိုင်မြင်ယောင်နေဆဲဖြစ်သည်။ ထိုညက အန်ဒိုရာမှ ကျွန်မပြောင်းရွှေ့နေထိုင်ခဲ့ရာအိမ်သစ်သို့ တော်တော်နှင့်မပြန်ဖြစ်ဘဲ အော်ပရာဟောက်စ်အနီးက Circular Quay မှာ ညည့်နက်သည်အထိ တစ်ယောက်ထဲ သွားထိုင်နေခဲ့ပြီးမှ နောက်ဆုံးရထားနှင့် အိမ်ပြန်လာခဲ့ပါသည်။

နောက်တစ်ကြိမ် ကျွန်မ ဆစ်ဒနီသို့ ပြန်ရောက်ခဲ့လျှင် အဖိုးကို အန်ဒိုရာမှာ တွေ့နိုင်တော့မည် မဟုတ်ပါ။ သို့သော်… ဆယ်စုနှစ်ငါးစုကျော်အောင်  အဖိုးပိုင်ဆိုင်နေထိုင်ခဲ့ရာ နေရာတစ်ခုအဖြစ်၊ အဖိုးနှင့်ကျွန်မ စကားလက်ဆုံ ပြောဆိုခွင့်ရခဲ့သော ညနေခင်းများကို အသက်ဝင်ဖန်ဆင်းပေးခဲ့ရာ နေရာတစ်ခုအဖြစ်နှင့် အန်ဒိုရာကို အလွမ်းပြေ သွားရောက်ကြည့်ရှုမိမှာ သေချာပါသည်။

အခုချိန်မှာတော့ မိုင်ပေါင်းငါးထောင်ကျော်အဝေးက အဖိုးရှိရာ အန်ဒိုရာနှင့် တစ်ချိန်က ညနေခင်းများကို ကျွန်မ သိပ်လွမ်းနေမိပါသည်။


ဇွန်မိုးစက်

Comments ( 13 )

ကိုယ်မသိခဲ့တဲ့ အန်ဒိုရာ မရောက်ဖူးသေးတဲ့ အန်ဒိုရာကိုမြင်နေမိတယ် စည်းစနစ်ကြီးတဲ့ဖိုးဖိုးနဲ့နေထိုင်ခွင့်ရတာလဲဝမ်းသာစရာပါပဲ ၉၁ နှစ်ဆိုတာနဲတဲ့သက်တမ်းမဟုတ်သလိုတယောက်ထဲရပ်တည်ဖို့လဲခက်လှတယ်နော် ----- တခုခုကိုလွမ်းတတ်လာသလိုလေးခံစားရင်းပေါ့

မဇွန်အဖိုးကချောတယ်မင်းသားရုပ်ပဲနော်

အဖိုးအကြောင်းကိုဖတ်ပြီး ကွယ်လွန်သွားတာနှစ်နှစ်ရှိပြီဖြစ်တဲ့အဖိုးကိုအရမ်းသတိရမိတယ်


ချစ်ခင်လေးစားလျှက်

ကိုး

၁ ၊ ၂ ၊ ၃ ဆိုပြီး ဆက်ရေးရင် ကောင်းမယ် :)

အဘိုးရဲ့ စနစ်ကျပုံကော ရုပ်ရည်သန့်ပြန့်ချောမောပုံကော.. လွမ်းဆွတ်တမ်းတဖွယ်ရာ အကြောင်းလေးတွေကိုပါ မလေး ဖတ်သွားပါတယ် ဇွန်...

အခုပဲ ဖတ်ပြီးသွားတယ် ဇွန်... ချစ်စရာကောင်းတဲ့ အဖိုးအကြောင်း နဲ့  ချစ်စရာ အရေးအဖွဲ့ လေးကြောင့် မတွေ့ ဖူး မရောက်ဖူးတဲ့ နေရာလေးကို ဇွန်နဲ့  အတူတူ လိုက် လွမ်းမိတယ်...

ရုတ်တရက်ကြည့်ရင် Adrien Brody နဲ့ နည်းနည်းဆင်တဲ့ ဓာတ်ပုံပိုင်ရှင် ဇွန့် အဖိုးအကြောင်းကို တဝကြီး ဖတ်လိုက်ရတယ်၊ စည်းစနစ်ကြီးပြီး ရှေ့မှီ၊ နောက်မှီ ဗဟုသုတ ကြွယ်ဝတဲ့ အဖိုးလို လူကြီးတယောက်နဲ့ အတူနေခွင့် ရလိုက်တာဟာ အဖိုးငတ်နေခဲ့တဲ့ မြေးမလေး တယောက်အတွက် တကယ့် ကံကောင်းခြင်း လက်ဆောင်လို့ပဲ ဆိုရမှာပါ…၊

ပို့စ်တပုဒ်လုံးဟာ ချစ်ခင်လွမ်းဆွတ်ခြင်းတွေနဲ့ ပြည့်နေခဲ့တယ်…။

ဖွဲ့ဆိုရေးသားထားတာလေးတွေ ကိုယ်တိုင်ရောက်သွားသလို ခံစားမိတယ် ဇွန်လေးရေ။ ဇွန်လေးဘ၀အတွက် တန်ဘိုးရှိတဲ့ မှတ်တမ်းတစ်ပုဒ်အဖြစ် ခြေရာချန်ခဲ့သင့်တာလေးပါ။ စိတ်ဝင်စားစရာကောင်းသလို ဗဟုသုတလဲရတယ်။ ဖတ်ရင်းလွမ်းရင်းအဆုံးသတ်ခဲ့တယ်။

ဦးဦးဖျားဖျားလာမန့်တဲ့အတွက် ကျေးဇူးပါ မဂျက်ရေ။ မပြောသလိုပဲ အသက်၉ဝကျော်အထိ တစ်ယောက်တည်း ရပ်တည်ဖို့က တွေးကြည့်ရုံနဲ့ ခက်လှပါတယ်။ ဖိုးဖိုးက စိတ်ဓာတ်ကြံခိုင်လွန်းသူမို့ပါ။

ညီမကိုးရေ...ဖိုးဖိုးက အခုချိန်ထိ ခန့်နေတုန်း၊ ချောနေတုန်းပါပဲကွယ်။ :)

ညို... ဇွန်လည်း အပိုင်းတွေခွဲပြီး ရေးမလား စိတ်ကူးခဲ့သေးတယ်။ ဒီတစ်ပုဒ်ရေးဖို့အတွက် တစ်လလောက်ကြာအောင် အချိန်ပေးလိုက်ရတာဆိုတော့ အပိုင်းတွေခွဲလိုက်ရင် နှစ်ကူးသွားမှာ စိုးရိမ်လို့ပါ။ :D

သေသေချာချာလေး ဖတ်ပေးသွားတဲ့ မလေးကို ကျေးဇူးတင်ပါတယ်။ :)

ချစ်စရာကောင်းတဲ့ မမသက်ဝေ လာဖတ်ပြီး ချစ်စရာကောင်းအောင် မန့်သွားတဲ့အတွက် ကျေးဇူးစ်ပါ။ :)

အကိုညီလင်း ... Adrien Brody နဲ့ နဲနဲဆင်တယ်ဆိုတဲ့ မှတ်ချက်ကို သိပ်သဘောမတူဘူး ခင်ဗျ၊ အပြင်မှာ ဖိုးဖိုးက သူ့ထက်အများကြီးပိုချောတယ်။ :P အင်း... အကိုပြောသလိုပဲ အဖိုးနဲ့အတူနေခွင့်ရလိုက်တာဟာ ဇွန့်အတွက် တကယ့်ကို ကံကောင်းခြင်းလက်ဆောင်ပါပဲ။ :)

ဟုတ်တယ်နော် တီတင့်... ဇွန့်ဘ၀အတွက် တန်ဖိုးရှိတဲ့ မှတ်တမ်းလေးတစ်ပုဒ် ရေးခွင့်ရလိုက်တာကို ပြန်တွေးကြည့်ရုံနဲ့တင် ၀မ်းသာကြည်နူးနေမိတယ်။ အားတဲ့အချိန်လေးလုပြီး လာဖတ်ပေးတဲ့ တီတင့်ကို ကျေးဇူးတင်တယ်နော်။ :)

စိတ်ဝင်စားစွာ ဖတ်ပြီးသွားတယ် ဇွန်။
သြစတြေလျမှာ လာပြီး အခြေချကြတဲ့ အင်ဂလို ၀န်ထမ်းကြီးတွေ ဆီက သမိုင်းပုံရိပ်တွေကို စိတ်ရှည်လက်ရှည် လိုက်လံ ရှာဖွေ မှတ်တမ်းတင်နိုင်ကြရင်.. သမိုင်းကားချပ်တခု ပေါ်လာမှာပဲ။ စကားမစပ် ၆၂ အာဏာသိမ်းအစိုးရ အဖွဲ့ဝင် ဗိုလ်ချုပ်မောင်မောင် လည်း ဆဒ်ဒနီမှာပဲ လို့ ကြားဖူးတယ်။ အဲ့ဒီလို မျိုးဆက်သစ်တွေက ပြန်ရေးပြ နိုင်ရင် သိပ်စိတ်ဝင်စားဖို့ ကောင်းမှာပဲ ။ လတ်တလော ဖတ်ဖို့ ၀ယ်ထားတဲ့ White Butterflies ဆိုတဲ့ စာအုပ်ထဲမှာ ၊ ဇွန်တို့ အဖိုးလေး လောက် ကံမကောင်းတဲ့ ၊ မိသားစု လိုက် စစ်ပြေးရင်း တယောက်ထဲ အသက်ရှင် လွတ်မြောက်လာတဲ့ အင်ဂလို ဗမာကြီး တယောက် ရဲ့ အကြောင်းကို ဖတ်နေတယ်။

မကေ... စိတ်ဝင်တစားနဲ့ လာဖတ်သွားလို့ ကျေးဇူးတင်ပါတယ်။ အဖိုးလေး ဆစ်ဒနီရောက်ကာစမှာ ကင်ဘာရာက အစိုးရအဖွဲ့တွေ လာပြီး အင်တာဗျူးကြသေးတယ်တဲ့။ ဒါပေမယ့် ဖိုးလေးက သြစတြေးလျအတွက် စစ်မှုမထမ်းဘူးလို့ အခိုင်အမာ ပြောခဲ့တယ်။ အဖိုးမိတ်ဆွေတွေရဲ့ သားသမီးတစ်ချို့က မြန်မာ့နိုင်ငံရေးပတ်သက်တဲ့ စာအုပ်ထုတ်ဖို့ဆိုပြီး အဖိုးကို သူတို့သိချင်တာတွေ လာမေးခဲ့ဖူးတယ်။ အဖိုးက အကုန်တော့ ပြန်မဖြေလိုက်ဘူး။ သူ ဖြေချင်မှဖြေမယ်လို့ ကြိုပြောလိုက်တယ်တဲ့။ ဗိုလ်ချူပ်မောင်မောင်အကြောင်းတော့ သူ မပြောဖူးဘူး။ ဦးမောင်မောင်ခင်နဲ့ ဦးအောင်ကြီးကတော့ သူနဲ့ တော်တော်လေး ရင်းနှီးခဲ့ပုံပေါ်တယ်။ ကပြားထဲမှာဆိုရင်တော့ လေတပ်က သူ့မိတ်ဆွေ Mr. Tommy Cliff အကြောင်း မကြာခဏ ပြောဖူးတယ်။ ၆၂ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖယ်ရှားခံလိုက်ရတဲ့ ကြည်း၊ ရေ၊ လေ တပ်က အန်ဂလိုကပြားတွေ သြစတြေးလျမှာ အများဆုံးလာပြီး အခြေချခဲ့ကြတာနော်။ မကေ လတ်တလောဖတ်နေတဲ့ စာအုပ်ကိုတောင် စိတ်ဝင်စားသွားတယ်။

စိတ်ဝင်စားစရာ ကောင်းလိုက်တာ အမဇွန်
သက်ကြီးစကား သက်ငယ်ကြား၊ တချိန်က စီးဆင်းခဲ့ဖူးတဲ့ မြစ်ကြီးတွေဆီကနေ မြစ်လက်တက်လေးတွေကို မျှဝေနေတာ.မြစ်လက်တက်လေးတွေကလည်း တချိန်စိတ်ဝင်စားစရာ အကြောင်းတွေ ဖြစ်တည်ရင်း ဘဝပင်လယ်ကြီးရဲ့ အကြောင်းတွေ စုဆောင်း…

လေးစားကြည်​ညိုစရာ ချစ်​စရာ​ကောင်းတဲ့ ဖိုးဖိုးရဲ့​မြေးဖြစ်​ရတာ ဂုဏ်​ယူစရာဘဲ​နော်

အနောနီးမတ်ရေ... သက်ကြီးစကား သက်ငယ်ကြားဆိုတာ သိပ်မှန်ပါတယ်။ စိတ်ဝင်တစားလာဖတ်သွားတဲ့အတွက်ရော၊ ဇွန်မေ့နေတဲ့ စကားပုံလေးနဲ့ပါ တုံ့ပြန်ဖော်ပြပေးသွားလို့ ကျေးဇူးပါ။

ဟုတ်တယ် အစ်မနော်ဖော... ဇွန့်လိုမြေးဝမ်းကွဲတစ်ယောက်က ဒီလောက်ကျေနပ်ဂုဏ်ယူမိရင် မြေးအရင်းတွေဆို ဘယ်လောက်တောင်ဂုဏ်ယူလိုက်ကြမလဲလို့ တွေးခဲ့ဖူးတယ်။