မျဉ်းပြိုင်

0

Category:


(၁)
တံစက်မြိတ်မှ ကျဆင်းလာသော မိုးရေစီးသံသည် သူ့နားထဲတွင် ဂီတသံစဉ်အလား သာယာနာပျော်ဖွယ်ကောင်းနေသည်။ ဘောပင်ကိုင်ရင်း စာရွက်လွတ်တစ်ခုပေါ် တစ်စုံတစ်ခု ချရေးဟန်ပြုပြီးမှ ပြတင်းပေါက်မှတဆင့် လှမ်းမြင်ရသော တောင်တန်းတချို့ကို လှမ်းမျှော်ကြည့်လိုက်သည်။ တောင်တန်းများပေါ် တအိအိနှင့်ပြိုဆင်းလာသော အနောက်တောင်အရပ်က မိုးသားတိမ်လိပ်များကဲ့သို့ သူ့နှလုံးသားဆန္ဒကိုလည်း တသွန်သွန် ရွာသွန်းဖြိုးလိုက်ချင်သည်။ လေပြင်းနှင့်အတူ ပြတင်းပေါက်သံတိုင်များကိုကျော်ပြီး သူ့ဘယ်ခြမ်းသို့ မိုးရေစက်များ လာရောက်တိုးဝှေ့ထိခတ်ကြသည်။ အေးမြသောအထိအတွေ့မှာ သူ ခေတ္တမိန်းမောသွားပြီး မျက်လုံးအစုံကို ပိတ်လိုက်စဉ် ချိုမြကြည်သာသော အပြုံးလေးတစ်ခု သူ့အာရုံမှာ ထင်ရှားလာသည်။ ‘အေးမြခြင်းတွေ သယ်ဆောင်လာတဲ့ မိုးရယ်’ ဟု တစ်ကိုယ်တည်းကြားရုံ ရေရွတ်ရင်း သူပြုံးမိသွားသည်။

(၂)
သူ ယခုသီတင်းသုံးနေသော ရွာလေးသို့ လွန်ခဲ့သော ဆယ်နှစ်ခန့်က ရောက်ရှိခဲ့သည်။ အောက်ပြည်သားမို့ မိုးများသောအရပ်တွင် ပျော်မွေ့သော်လည်း ဆရာသမားလွှဲအပ်တာဝန်ပေးခြင်းကို မလွန်ဆန်ကောင်း၍ မိုးခေါင်သော အထက်ပြည်က ရွာတစ်ရွာမှာ သာသနာ့ဝန်ကို လာရောက်ထမ်းဆောင်ခဲ့ရသည်။ အရေအတွက်မများလှသော ကိုရင်နှင့်ရဟန်းများကို စာဝါချပေးရင်း အားလပ်ချိန်မှာ လောကီ၊ လောကုတ္တရာစာအုပ်စာပေများဖတ်ရင်း အချိန်တွေ ရွေ့လျောကုန်ဆုံးလွန်မြောက်ခဲ့သည်။ အောက်ပြည် မြို့ကြီးမှ ဓမ္မာစရိယဘွဲ့ရကိုယ်တော်တစ်ပါး အထက်ပိုင်းခေါင်သောအရပ်မှာ လာရောက်သီတင်းသုံးသည်မို့ တစ်ရွာလုံးက ရိုသေလေးစား အလေးပေးကြသည်ကို ပုထုဇဉ်ပီပီ သူသဘောကျမိတာ ၀န်ခံရမည်ပင်။ နှစ်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ရွာလေးနှင့်တစ်သားတည်း ဖြစ်သွားခဲ့သည်။

(၃)
ခေတ်စနစ်တွေ အထိုက်အလျောက်ပြောင်းလဲလာသည့်အလျောက် ဆက်သွယ်ရေးကွန်ယက်တွေကလည်း တိုးတက်လာသည်။ လက်ကိုင်ဖုန်းများ အလွယ်တကူ ၀ယ်ယူသုံးစွဲနိုင်လာသည်ကို အကြောင်းပြု၍ အောက်ပြည်မှ မယ်တော်ကြီးက လူကြုံနှင့် ဖုန်းတစ်လုံး ထည့်ပေးလိုက်သည်။ အရေးကြုံက အဝေးရောက်သားရဟန်းနှင့် အလွယ်တကူဆက်သွယ်နိုင်ရန်ဟူသော ရည်ရွယ်ချက်က ပဓာနကျပေလိမ့်မည်။ ထိုပစ္စည်းလေးရကတည်းက သူ့မှာ မျောက်အုန်းသီးရသလို တစ်ကိုင်ကိုင်နှင့် လက်က မချနိုင်ဖြစ်နေသည်။ အရွယ်ရှိသော ပုထုဇဉ်ရဟန်းတစ်ပါးအနေဖြင့် ခေတ်မှီချင်သည်၊ စူးစမ်းလေ့လာချင်သည်၊ လက်တစ်ဝါးစာ စက်ပစ္စည်းလေးဖြစ်သော်လည်း သင်ယူသိမှတ်ဖွယ်တွေကဖြင့်မကုန်နိုင်။ ရွာမှာ လက်ကိုင်ဖုန်းကိုင်နိုင်သူကလည်း ခပ်ရှားရှားမို့ မည်သူ့ကိုဆရာတင်၍ မေးမြန်းသင်ယူရမည်မသိ။ သို့သော်  သူကံကောင်းချင်၍ ရွာတောင်ပိုင်းက ကျောင်းဒကာဦးဘိုးဆောင်၏မြေး တက္ကသိုလ်ကျောင်းသူလေး မမိုးပွင့် ရွာကိုအလည်ပြန်လာခိုက်နှင့်ကြုံသွားသည်။ ရွာမျက်နှာဖုံးမျိုးဆက်လည်းဖြစ်၊ နည်းပညာတက္ကသိုလ်ကျောင်းသူလည်းဖြစ်သော မမိုးပွင့်ကို တစ်ရွာလုံးက စိတ်ဝင်တစား ချစ်ခင်အလေးပေးကြသည်။

မမိုးပွင့်လက်ထဲက ဖုန်းပြားလေးကလည်း မြင်သူတိုင်း နှစ်ခါပြန်ကြည့်ချင်အောင် ဆွဲဆောင်အားကောင်းလှသည်။ မိုးပွင့်က ဒါကိုသိတော့ လူရှေ့ရောက်လျှင် ဖုန်းလေးကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုပြသည်။ သူတို့မြေးအဖိုး ကျောင်းကိုလာခိုက် မိုးပွင့်ကိုဆရာတင်ပြီး လက်ကိုင်ဖုန်းသုံးစွဲနည်းကို မေးမြန်းရတော့သည်။

“ဒကာမလေးမိုးပွင့် ဦးဇင်း ဖုန်း ဘယ်လိုသုံးရမယ်မှန်း မသိလို့ တစ်ချက်လောက် သင်ပြပေးပါလား?”

“တင်ပါ့ဘုရား”

မိုးပွင့်က သူ့ထံမှ ဖုန်းကိုတောင်းယူ၍ သေချာကြည်ရှုစစ်ဆေးပြီး ‘ဦးဇင်းဖုန်းက စမတ်ဖုန်းပဲဘုရာ့၊ မြန်မာစာဖောင့်လည်းသွင်းပြီးသားဆိုတော့ အင်တာနက်လည်း သုံးလို့ရတယ်။’ မိုးပွင့်ပြောသော အသုံးအနှုန်းအခေါ်အဝေါ်တွေ သူနားမလည်ပါ။

မိုးပွင့်က ဖုန်းလေးကို သူ့အနားသို့ တိုးကပ်ပြရင်း ‘ဖုန်းခေါ်ချင်ရင် ဒါလေးကို ဖွင့်ရတယ်၊ ဖုန်းလာရင် ဒါလေးကို နှိပ်၊ စာပို့ချင်ရင် ဒီထဲကိုဝင်’ အစရှိသဖြင့် စိတ်ရှည်လက်ရှည် ညွှန်ပြပေးရှာသည်။

“တပည့်တော်ပြောတာတွေ ဦးဇင်း မှတ်မိရဲ့လားဘုရား? မမှတ်မိရင် စာရွက်ပေါ်မှာ သင်္ကေတနဲ့ လုပ်ဆောင်ချက်တွေ တပည့်တော် ရေးထားပေးမယ်လေ”

“အေး… အဲဒါ.. ပိုကောင်းတယ်… ဒကာမလေး” သူက စာတစ်ရွက်နှင့်ဘောပင် ခပ်သွက်သွက်ရှာပြီး ပေးလိုက်သည်။

“ဦးဇင်း ဖုန်းထဲမှာ နံပါတ်မရှိသေးဘူး။ စမ်းခေါ်လို့ရအောင် တပည့်တော်နံပါတ် ထည့်ထားပေးမယ်ဘုရား”

“ဒကာမလေး အဆင်ပြေသလိုသာ စီမံပေးပါ…”

မိုးပွင့်က အလုပ်တစ်ခုကို လက်တွေ့ကျကျ အဆုံးထိအောင်မြင်အောင် ကူညီဆောင်ရွက်တတ်သူထင့်၊ သူ့ကို ဖုန်းခေါ်ခိုင်းသည်၊ သူက ဘယ်ခလုပ်နှိပ်ရမည်မှန်းမသိဖြစ်နေစဉ် ရေးပေးထားသော စာရွက်ကို ပြန်ကြည့်ခိုင်းသည်။ သုံးလေးခါ စမ်းပြီးသည့်အခါ အဆင်ပြေသွားသည်။ မက်ဆေ့ချေ်ခေါ် စာတိုလေးတွေပေးပို့၍ရမရကိုလည်း စမ်းကြည့်သေးသည်။ မိုးပွင့်နာမည်နှင့်ဝင်လာသော စာလေးကိုဖတ်ပြီး ပြန်ခိုင်းသည်၊ သူက ဖုန်းဖြင့် မြန်မာစာလုံးမရိုက်တတ်သေးသောကြောင့် အခက်တွေ့သည်။ ဒါကို မိုးပွင့်က သဘောပေါက်သွားပြီး ‘ဦးဇင်း စာရိုက်တတ်အောင် အရင်ကျင့်လိုက်ပါဦး။ နောက်ကျွမ်းကျင်သွားမှ စမ်းပို့ကြည့်ပေါ့’ ဟု တစ်ဖက်တည်းရှိသော ပါးချိုင့်လေး ခွက်ဝင်သွားသည်အထိ ပြုံးရယ်ရင်း ဆိုသည်။ ရက်အတန်ကြာသည့်တိုင် ထိုအပြုံးကလေးကို သူအမှတ်ရနေ၍ ကိုယ့်ကိုယ်ကို တအံ့တသြ ဖြစ်ရသည်။

မိုးပွင့်တစ်ယောက် ကျောင်းဖွင့်၍ မြို့သို့ပြန်သွားသည်။ သူလည်း အချိန်အားတိုင်း လက်ကိုင်ဖုန်းကလေးနှင့် စမ်းသပ်အလုပ်ရှုပ်နေရင်း မိုးပွင့်ကို မေ့သွားသည်။ ဖုန်းလေးရှိလာ၍ အဆက်အသွယ်တွေ ပိုကောင်းလာပြီး စကားတွေ ပိုပြောဖြစ်လာသည်။ ကျောင်းထိုင်ဆရာတော်က မလိုအပ်ဘဲ ဖုန်းမသုံးရန် သူ့ကို သတိပေးလာသဖြင့် ဖုန်းပြောခြင်းကို လျှော့ချလိုက်သည်။ ဖုန်းမပြောဘဲ စာပို့လျှင် အသံတိတ်နည်းဖြင့် ဆက်သွယ်ရာရောက်ကြောင်း သူ သတိရသွားပြီး မြန်မာစာလုံးလေးတွေကို အထိုက်အလျောက်ရိုက်တတ်အောင် ညစဉ် သူကြိုးစားကျင့်သည်။ သူ့ကိုယ်သူ အားရကျေနပ်သောနေ့၌ ပထမဆုံး စာတိုလေးကို မိုးပွင့်ဆီသို့ ပို့ပေးမည်မှာ ဗေဒင်မေးစရာမလိုအောင် သေချာနေခဲ့ပြီလေ။

ဒကာမလေးမိုးပွင့် အစစအဆင်ပြေရဲ့လား၊ ဦးဇင်း မြန်မာလို ကောင်းကောင်းရိုက်ပြီး ပို့တတ်ပါပြီ။

ဝမ်းသာပါတယ် ဦးဇင်း၊ တပည့်တော် အားလုံးအဆင်ပြေပါတယ်၊ သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ အဖိုးတို့ကို လာကန်တော့ဦးမှာ။ တပည့်တော်ရောက်မှ ဦးဇင်းကို အင်တာနက်သုံးတတ်အောင် သင်ပေးပါ့မယ်ဘုရား။

ဘာရယ်မဟုတ်… မိုးပွင့်ဆီက ပြန်စာလေးကို ဖတ်ရင်း ကြည်နူးသွားခဲ့သည်။

(၄)
သည်လိုနှင့် မိုးပွင့်လေး၏ ကျေးဇူးကြောင့် သူသည် အနှစ်နှစ်အလလ ကွဲကွာခဲ့သော ရပ်ဝေးမြေရောက် သီတင်းသုံးဖော်များနှင့် အဆက်သွယ်ပြန်ရသည်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေးများကို စက္ကန့်ပိုင်းအတွင်း သိခွင့်ရသည်။ ခေတ်နှင့်တပြေးညီလိုက်မှီနေသည်ဟု ကိုယ့်ကိုယ်ကို ခံစားလာရသောကြောင့် ဟိုတုန်းကလို ချောင်ကျကျတောရွာမှာသီတင်းသုံးသော၊ ခေတ်နှင့်မျက်ခြေပြတ်နေသော ရဟန်းတစ်ပါးအဖြစ် သိမ်ငယ်စိတ်ဝင်နေမှခြင်းလည်း ပပျောက်သွားသည်။

စမတ်ဖုန်းတစ်လုံးသည် ဤမျှလောက်စွမ်းဆောင်အား ကောင်းလိမ့်မည်ဟု သူ မသိခဲ့ပေ။ ယခုတော့ ဖုန်းတစ်လုံးနှင့် သူ ကမ္ဘာပတ်နိုင်ပြီ။ တစ်ချိန်က သူစိတ်ဝင်စားခဲ့သော အင်္ဂလိပ်စာကိုလည်း သင်ယူလေ့လာခွင့်ရသွားသဖြင့် အတိုင်းမသိ သူ ကျေနပ်လေသည်။ ဖုန်းသုံးရခြင်း၌ ထို့ထက်ပို၍ ပျော်ရွှင်စိတ်ဖြစ်စေသည်ကား မိုးပွင့်လေးကြောင့်ဟု သူ ၀န်ခံရပေမည်။ မိုးပွင့်လေးနှင့် ဗိုင်ဘာဟူသော အပလီကေးရှင်းမှ နေ့နေ့ညည ဆက်သွယ်စကားပြောခွင့်ရသောကြောင့်ပင်။  မနက်ခင်းတစ်မျိုး၊ ညခင်းတစ်သွယ် ချစ်စရာကောင်းသော ရုပ်ပုံလေးများနှင့် မိုးပွင့်လေးက နှုတ်ဆက်စကားပြောလာတိုင်း သူ့မှာ ပျော်ရသည်။ ကိုယ်က ရဟန်းဖြစ်နေ၍ ချစ်စရာစတစ်ကာပုံလေးများကို သုံးချင်တိုင်းသုံးခွင့်မရသည့်အတွက် မချင့်မရဲဖြစ်မိသေးသည်။

(၅)
ယခုတလော သူမျက်ရိုးတွေ မကြာခဏ ကိုက်ခဲလာသည်ကို သတိပြုမိသည်။ စာသင်သားဘ၀ စာဝါလိုက်ခဲ့စဉ်တလျှောက် မျက်မှန်မတပ်ရဘဲ ဖုန်းသုံးမှ မျက်မှန်တပ်ရတော့မည်အဖြစ်။ အာရုံတွေ အရင်ကလို စုစည်း၍ မကောင်း။ စိတ်ငြိမ်အောင် တရားထိုင်ပြန်လျှင်လည်း ဗိုင်ဘာထဲမှာ မိုးပွင့်နှင့်အပြန်ပြန်အလှန်လှန် ပြောဆိုခဲ့သော အကြောင်းရာများက မကြာခဏ ၀င်ရောက်လာသည်။ စာဝါနားချိန်နွေရာသီမှာ ဟိုတုန်းကလို စာအုပ်တွေတစ်အုပ်ပြီးတစ်အုပ် မဖတ်ဖြစ်ဘဲ ဖုန်းလေးကိုသာ ကောက်ကိုင်မိသည့်အချိန်က များနေသည်။ ရက်တွေကြာလေ မိုးပွင့်လေးအကြောင်းက သူ့အာရုံမှာ အမြဲမပြတ် ထင်ဟပ်လာလေ။

(၆)
နောက်ဆုံးနှစ်စာမေးပွဲဖြေဆိုပြီး၍ ရွာကိုအလည်ပြန်လာသော မိုးပွင့်ကို တွေ့ရစဉ် သူ့ရင်၌ ကတုန်ကယင်ဖြစ်နေသည်။ မိုးပွင့်လေးက ဘာမှမဖြစ်သလို ရင်းနှီးဖော်ရွေစွာပင် စကားဆိုမြဲဆိုသည်၊ ပါးချိုင့်လေးခွက်ဝင်အောင် ပြုံးမြဲပြုံးသည်။ ကျောင်းပြီး၍ လုပ်ငန်းခွင်ဝင်လျှင် ရွာကိုတော်တော်နှင့် ပြန်ရောက်တော့မည်မဟုတ်ကြောင်း၊ အခွင့်အရေးပေးလျှင် နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်မည်ဖြစ်ကြောင်း ဆရာတော့်ထံလျှောက်ကြားသည်ကို သူကြားလိုက်ရသည်။ မိုးပွင့်လေးနှင့် ဝေးမည့်အရေး တွေးကြည့်ရုံနှင့်ပင် ဆွေးစရာကောင်းလှသည်။ မြှုပ်ချည်တစ်ခါ၊ ပေါ်ချည့်တစ်လှည့် ဖြစ်နေသော သူ့ရင်ထဲက သံယောဇဉ်လှိုင်းတံပိုးတို့ ၀ုန်းကနဲ ကြွတက်လာသည်။ နှလုံးသားအလိုကို ဦးနှောက်က ထိန်းချူပ်ရန် အနည်းငယ် နောက်ကျသွားပြီထင့်၊ မိုးပွင့်ကို သူ ဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည်။

တကယ်တမ်း သူ့နှုတ်မှလည်း ဖွင့်ဟပြောရဲလောက်အောင် သတ္တိမရှိ။ စာလည်းမပေးရဲ။ စားစားသွားသွား သူ့ခံစားချက်ကို မိုးပွင့်သိအောင် တနည်းနည်းနှင့် ဖော်ပြချင်သည့်စိတ်ကသာ ကြီးစိုးနေသဖြင့် ကုနြေ္ဒခြောက်ပါးတို့ မငြိမ်သက်နိုင်တော့။ ငယ်ဖြူရဟန်းတစ်ပါးဖြစ်လင့်ကစား ကိလေသာလောဘအဟုန်၏ ရိုက်ချက်ကြောင့် ရဟန်းတစ်ပါးစောင့်စည်းရမည့် သိက္ခာပုဒ်တို့ကို အခိုက်အတန့်အားဖြင့် သူ မေ့လျော့သွားခဲ့ပေသည်။ မိုးပွင့်သာ လက်ခံခဲ့လျှင် သူလူဝတ်လဲပြီး အိမ်ရာတည်ထောင် လူ့ဘောင်လောကကို ၀င်ရောက်တော့မည်ဟု စိတ်ကူးဖြင့် အကောင်အထည်ဖော်နှင့်ပြီးဖြစ်သည်။ တစ်ဆယ့်ငါးဝါရ အသက်သုံးဆယ့်ငါးနှစ်အရွယ် ယောကျာ်းတစ်ယောက်အနေဖြင့် လောကဓံကို တွေ့ကြုံရင်ဆိုင်ဖို့ ခွန်အားတွေ အလုံအလောက်ရှိပါသေးသည်ဟုလည်း သူတွေးမိသည်။ မိုးပွင့်လေးသာ သူ့ပါရမီဖြည့်ဘက်အဖြစ် တစ်သက်လုံးရှိနေမည်ဆိုလျှင် အရာရာကို ရင်ဆိုင်ဝံ့သည်သာ။

နေဆယ်စင်းနှင့် လမင်းဆယ်ဆူ
ပြိုင်တူသာကြ ကြည်နူးရအောင်
လွမ်းရဆွေးရ ခံစားရအောင်
နှောင်တွယ်ကျွမ်းရစ် သောကဖြစ်တည်
ကိုယ်… မိုးပွင့်ကို ချစ်နေမိပြီ

ဖုန်းထဲက ဗိုင်ဘာမက်ဆေ့ခ်ျလေးထဲဝင်၍ တစ်လုံးချင်း စာရိုက်နေစဉ် သူ့လက်ဖျားတွေ အေးစက်နေသည်။စာသင်သားဘ၀က ဖတ်ခဲ့မှတ်ခဲ့ဖူးသော မောင်စိန်ဝင်း (ပုတီးကုန်း) ၏ နေဆယ်စင်း၊ လမင်းဆယ်ဆူ ကဗျာလေးကို ကိုယ်နှင့်လျောက်ပတ်အောင် စာသားအနည်းငယ် ပြောင်းလဲကာ ရေးဖွဲ့ထားခြင်းဖြစ်သည်။ ထိုကဗျာလေး မိုးပွင့်ထံရောက်သင့်မရောက်သင့် သူ ခေတ္တမျှ တွေဝေစဉ်းစားလိုက်သေးသည်။ မြားချွန်လေးကိုနှိပ်ဖို့ သူ မ၀ံ့မရဲဖြစ်နေသည်။ မလုပ်သင့်မလုပ်ထိုက်သည့် အလုပ်တစ်ခုအတွက် ကြန့်ကြာနေခြင်းမှာ ကောင်းသည်မှန်သော်လည်း သူ့စိတ်အမှောင်သည် မိုးပွင့်ဆောင်ခွင်းမှ လင်းလက်မည်ဟူသော အယူမှားဖြင့် မြှားကလေးကို ပစ်ခွင်းမိတော့သည်။

ကဗျာလေးနဲ့ထပ်တူ ခံစားနေရပါတယ်၊ မိုးပွင့်ရဲ့ သဘောထားကို သိပါရစေ။
တို့ကို မချစ်နိုင်ရင်တောင် မမုန်းစေချင်ဘူး ကလေးရယ်

ထို့နောက် သူသည် ဖုန်းကို အမြန်ပိတ်လိုက်သည်။

(၇)
သိပ်မကြာခင်အချိန်တွင်းမှာပင် သူ့စိတ်၌ ရှက်ရွံ့စိုးကြောက်ခြင်းတို့ ပေါ်လာသည်။ စာမပို့ခင်က တွေးသင့်သည့်အတွေးတို့ ယခုမှ အလုံးအရင်းနှင့် ၀င်ရောက်လာခဲ့သည်။ သူ မှားသွားပြီထင်သည်။ ထွက်ပြီးသားတံတွေး ပြန်မျို၍ မရနိုင်သကဲ့သို့ တစ်ဖက်သားထံ ပို့ပြီးသားစာကို မရောက်ပါစေနှင့်ဟု ဆုတောင်း၍လည်း မရတော့ပြီ။

ထိုညတစ်ညလုံး သူကောင်းကောင်းအိပ်မပျော်။ ဘယ်ညာလူးလှိမ့်ရင်း အတွေးတွေယောက်ယက်ခတ်နေသည်။ တစ်ချိန်က မျက်လုံးမှိတ် အိပ်ရာဝင်တိုင်း အာရုံထဲပေါ်လေ့ရှိသော အပြုံးကလေးသည် ဟိုစဉ်ကလို အေးမြမှုကို မပေးနိုင်တော့ဘဲ ပူလောင်ခြင်းသာ ယူဆောင်လာတော့သည်။ သူ့လုပ်ရပ်သည် မြတ်စွာဘုရားနှင့် သာသနာတော်ကို အိုးမဲသုတ်စေခဲ့ပြီလား? သူ့ဆရာသာသိလျှင် ငယ်စဉ်ကလို ငေါက်ငမ်းဆူပူ ထိပ်မခေါက်တော့ဘဲ လူဝတ်တစ်ခါတည်း လဲခိုင်းမည်လား? တစ်ဦးတည်းသောသားအား ရဟန်းဘ၀မှာ မပျော်ပိုက်မည်စိုးသဖြင့် ငယ်စဉ်ကိုရင်ဘ၀မှ စာချဘုန်းကြီးဖြစ်သည်အထိ အစစအရာရာ လိုလေသေးမရှိအောင် အစွမ်းကုန်ထောက်ပံ့ခဲ့သော မယ်တော်ကြီးသာ သိလျှင် ရင်ထုမနာ ငိုကြွေးမည်လား?

အတွေးသံသရာမှာ ချာချာလည်ရင်း အရုဏ်တက်တုံးမောင်း ခေါက်သွားခဲ့သည်။

(၈)
နံနက်ခင်းဘုရားဝတ်တက်ချိန်ပင် ခါတိုင်းလို စိတ်တွေမကြည်လင်တော့။ အကုသိုလ်အမှုကို ပြုမိသောသူသည် အကုသိုလ်အကျိုးကို ခံစားရသည်မှာ ချက်ချင်းလက်ငင်းပင်။

ဣတိ ဣမသ္မိံ သတိ ဣဒံဟောတိ၊  ဣမဿုပ္ပါဒါ ဣဒံဥပ္ပဇ္ဇတိ၊ ယဒိဒံ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ၊ ၀ိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဋ္ဌာယတနံ၊ သဋ္ဌာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောက-ပရိဒေ၀-ဒုက္ခ-ဒေါမနဿုပါယာသာ သမ္ဘ၀န္တိ။ ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
-------------------------------------------
-------------------------------------------
ဘုရားစာများ ရွတ်ဖတ်ပူဇော်နေရင်း သူ့နားထဲတွင် ဆုံးမသံတစ်ခု ကြားယောင်လာသည်။

“ချစ်သား အာနန္ဒာ… ချစ်ဖွယ်ရှိသော မာတုဂါမတို့အား စကားပြောခြင်းသည် မမြတ်၊ အဘယ့်ကြောင့်နည်းဟူမူကား မာတုဂါမတို့နှင့် စကားဟောပြောရသည်ရှိသော် ချစ်ကျွမ်းဝင်ခြင်းသည်ဖြစ်၏၊ ချစ်ကျွမ်းဝင်သည်ရှိသော် နှစ်သက်ခြင်းရာဂသည်ဖြစ်၏၊ ရာဂဖြစ်သည်ရှိသော် အထူးထူးသောကိစ္စကိုကြံခြင်းဟူသော သင်္ကပ္ပရာဂသည်ဖြစ်၏၊ သင်္ကပ္ပရာဂ ဖြစ်သည်ရှိသော် တဏှာဥပါဒန်တို့သည်ဖြစ်ကုန်၏၊ ထိုတဏှာဥပါဒန်ဖြစ်သည်ရှိသော် သီလ၏ညစ်ညူးပျက်စီးခြင်းသို့ရောက်၍ အပါယ်လေးပါးသို့လားခြင်းသည်ဖြစ်၏၊ ထို့ကြောင့် စကားပြောရခြင်းသည် မမြတ်”

“ချစ်သား အာနန္ဒာ… ကျောင်းသို့ရောက်လာသော မာတုဂါမတို့အား စကားပြောလိုသည်ရှိသော် အမိအရွယ်ရှိသော မိန်းမတို့၌ အမိဟူသောစိတ်ကို ဖြစ်စေကုန်၊ နှမအရွယ်ရှိသော် မိန်းမတို့၌ နှမဟူသော စိတ်ကို ဖြစ်စေကုန်၊ သမီးအရွယ်ရှိသော မိန်းမတို့၌ သမီးဟူသော စိတ်ကိုဖြစ်စေကုန်၊ အာနန္ဒာ… မာတုဂါမတို့အား စကားပြောဟောအခါ၌ သတိပညာကို လွန်စွာ ဖြစ်စေကုန်လော့”

ဖခင်စကားနားမထောင်မိသော သားမိုက်တစ်ယောက်၏နောင်တမျိုး သူရခဲ့လေပြီ။ ဘုရားသားတော်တစ်ပါးအနေနှင့် သတိပညာလက်လွတ်ဖြစ်သွားခြင်းသည် ရှက်စရာကောင်းလှပေတော့သည်။ မိုးပွင့်ကို ရင်မဆိုင်ရဲလောက်အောက်ပင် သူရှက်ရွံ့သွားခဲ့ရုံမျှမက သူ့ကိုယ်သူ ကြည်ညိုစိတ်များလည်း ပါးလျမှိန်ဖျော့သွားခဲ့သည်။

(၉)
နောင်တစ်ပတ်အကြာ မိုးပွင့် မြို့ပြန်သွားသည်အထိ မဆုံမိအောင် သူတမင်ရှောင်နေခဲ့သည်။ ဖုန်းကိုလည်း ဖွင့်မကြည့်ဘဲ ဒီအတိုင်းထားခဲ့သည်။ မိုးပွင့်ထံမှ အမုန်းစကားများကို သူမခံယူရဲလောက်အောင် သတ္တိကြောင်သွားခဲ့တာလား။ ခါးသီးသော အမှန်တရားကို ရင်မဆိုင်ဝံ့တာလား။ အကယ်၍များ မိုးပွင့်က သူ့သဘောထားနှင့် ထပ်တူ လက်ခံကြည်ဖြူသည့်အကြောင်း တစ်စုံတစ်ရာ ပြန်ရေးသားခဲ့ပါလျှင်ဟု ရုတ်တရက် အတွေးဝင်မိတော့ သူထိတ်ခနဲ ဖြစ်သွားသည်။ ဒီလိုဆိုလျှင် ဖြေရှင်းရခက်သည့် အနေအထားကို ရောက်သွားတော့မည်။ မိုးပွင့် သူ့ကို မုန်းပါစေ၊ လက်မခံပါနှင့်ဟု အခါခါ ဆုတောင်းရင်း ပိတ်ထားသော ဖုန်းကို ဖွင့်လိုက်သည်။ သူ့ဘယ်ရင်အုံက ဟဒယ၀တ္ထုသည် အခါတိုင်းထက် ပိုလှုပ်ခါနေသည်။ ဗိုင်ဘာမက်ဆေ့ခ်ျလေးကို ဖွင့်ကြည့်တော့ မိုးပွင့်ဆီက ဘာမှပြန်ထားသည်ကိုမတွေ့ရသဖြင့် အတန်ငယ် စိတ်အေးသွားသည်။ သို့သော် မက်ဆေ့ခ်ျအဆုံးမှာ မိုးပွင့်ဘက်မှ သူ့စာလေးကို မြင်ပြီးပြီ ဆိုသော သင်္ကေတလေး ပြနေခဲ့သည်။ သြော်…. ဘာမှအကြောင်းမပြန်ချင်လောက်အောင် မိုးပွင့် သူ့ကို အတော်စိတ်နာကျည်းသွားတယ်ထင်ပါတယ်လေ။ သူ စိတ်မကောင်းဖြစ်သွားခဲ့သည်။ မိုးပွင့်စိတ်ပြေချိန်၊ အခွင့်အရေးပေးလာတဲ့တစ်နေ့မှာ သူ့အမှားအတွက် တောင်းပန်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ဒီကြားထဲ မိုးပွင့်ကို မေ့နိုင်ဖို့ သူကြိုးစားရမည်။

(၁၀)
“ဥူးဇင်းအဂ္ဂါ… မနက်ခင်းက ဦးဘိုးဆောင်ကျောင်းလာရင်း ဦးဇင်းအတွက်ဆိုပြီး ပေးသွားတယ်။” ဆွမ်းဆန်စိမ်းခံရာမှ ပြန်ကြွလာသော သူ့ကို ကပ္ပိယအဘစိန်က အိတ်တစ်အိတ်လှမ်းပေးရင်း လျှောက်ထားလာသည်။ “ဒကာမလေးမိုးပွင့်က ဦးဇင်းအင်္ဂလိပ်စာ လေ့လာနေတယ်ဆိုလို့ သူဝယ်ပြီးစုထားတဲ့ အင်္ဂလိပ်ဂျာနယ်တစ်ချို့နဲ့စာစောင်တွေ အရှင်ဘုရားကို ပေးပေးပါလို့ မှာသွားလို့တဲ့။” သူ အံ့သြသွားသည်။ အင်္ဂလိပ်စာ လေ့လာစသူတစ်ယောက်အနေနှင့် ဒီလိုစာစောင်တွေ သူဖတ်နိုင်စွမ်းမရှိသေး။ သူလည်း မတောင်းဆိုထားပါဘဲနှင့် သူ့နာမည်တပ်ပြီး စာစောင်တွေ ပေးထားခဲ့သည်ဆိုတော့ ဆန်းနေတာအမှန်။ သူ့အခန်းလေးထဲ ပြန်ရောက်တော့ အိတ်ထဲက စာအုပ်တွေ တစ်အုပ်ချင်းထုတ်ကြည့်လိုက်သည်။ သူ့မသိစိတ်က ထင်ထားသည့်အတိုင်း နယူးစ်ဝိခ်စာစောင်ကြားထဲက အညိုရောင်စာအိတ်လေးတစ်အိတ်ထွက်ကျလာသည်။
စာအိတ်ထဲက စာရွက်ခေါက်ကလေးကို ဖြည်းဖြည်းချင်း ဖြန့်ကြည့်လိုက်သည်။
မိန်းကလေးတစ်ယောက်၏ ၀ိုင်းစက်လှပသော လက်ရေးကို မြင်လိုက်ရသည့်နောက် သူ့စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားပြီး စာကို ဖတ်လိုက်သည်။

ဦးဇင်းဘုရား…

၂၈ရက်နေ့က ဗိုင်ဘာကနေ ဦးဇင်းပို့လိုက်တဲ့ မက်ဆေ့ခ်ျလေးရပါတယ်။ ရကာစ တပည့်တော် ကြောင်အမ်းအမ်း ဖြစ်သွားတယ်၊ နောက် ရှက်သွားတယ်၊ ပြီးတော့ နဲနဲလည်း စိတ်ဆိုးသွားတယ်ဘုရား။ ဦးဇင်းဘက်က ဘာများထပ်လာဦးမလဲ စောင့်ကြည့်ပေမယ့် တပည့်တော် ပြန်ခါနီးတစ်ရက်အလိုထိ ဘာမှ မလာတော့ တပည့်တော် ခေါင်းအေးအေးထား စဉ်းစားပြီး ဒီစာကို ရေးလိုက်တာပါ။

အရှင်ဘုရားတို့က ၂၂၇သွယ်သော သိက္ခာပုဒ်တွေကို စောင့်ထိန်းနေရတဲ့ ရဟန်းတော်တွေ ဖြစ်ပေမယ့် အရိယာမဖြစ်သေးတဲ့ ပုထုဇဉ်လူသားတစ်ယောက်အနေနှင့် ခံစားချက်တွေ ဖြစ်နိုင်သေးတာမို့ တပည့်တော် နားလည်ခွင့်လွှတ်ပါတယ်။ ဦးဇင်း တပည့်တော်အပေါ် စိတ်ဝင်စားမိတာ တပည့်တော် အပြစ်လည်းမကင်းဘူးလို့ ယူဆပါတယ်။ တပည့်တော်က သူငယ်ချင်းမိတ်ဆွေအားလုံးတိုင်းလိုလို ယောက်ျားမိန်းမ မခွဲခြားဘဲ ရင်းရင်းနှီးနှီး ပေါင်းတတ်၊ သင်းတတ်တာ ငယ်ငယ်ကတည်းကပါ။ ဦးဇင်းနှင့် ရင်းနှီးပြီး ဗိုင်ဘာကနေ အပြန်အလှန် ပြောဆိုနေစဉ်တုန်းက ဦးအဂ္ဂါစာရဟာ ဘုန်းကြီးတစ်ပါးပါလားဆိုတဲ့ အသိ တပည့်တော်စိတ်မှာ မေ့သွားခဲ့ပါတယ်။

ဦးဇင်း ကဗျာလေးပေးပို့တာကို ဖတ်ရချိန်မှာမှ အသိတရားက ခေါင်းထဲ ၀င်လာခဲ့တာပါ။ အမှန်အတိုင်း ၀န်ခံရရင် အရှင်ဘုရားသာ ရဟန်းမဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ယောက်ဆို သိပ်ကောင်းမှာပဲလို့ အတွေးဝင်ခဲ့မိပါတယ်။ အဲဒီအချိန်မှာ တပည့်တော်ခေါင်းထဲ မှတ်သားဖူးတဲ့ အနောက်တိုင်းစကားပုံလေးတစ်ခု သွားသတိရတယ်ဘုရား ‘Don’t rule your heart over the head’ တဲ့။ တပည့်တော်အတွက် သီးသန့်ဆီလျော်အောင် အဓိပ္ပာယ်ကောက်ရင်တော့ နှလုံးသားဆန္ဒကို ဦးနှောက်နှင့် သတိပေးထိန်းချူပ်ပါဆိုတာမျိုးပေါ့။

နောက်ပြီး တပည့်တော်က ဘာသာတရားရိုသေကိုင်းရှိုင်းတဲ့ အဘိုးအဘွားလက်မှာ ကြီးပြင်းလာရတော့ ဗုဒ္ဓမြတ်စွာဘုရားနှင့် သာသနာတော်ရဲ့အကြောင်းကို ထိုက်သင့်သလောက် သိထားပါတယ်။ လက်ရှိ သာသနာတော်ကြီး တဖြည်းဖြည်းနှင့် ဆုတ်ယုတ်လာလို့ တပည့်တော်တို့ ဒကာ၊ ဒကာမအပိုင်းက သာသနာကို ကိုယ့်ကြောင့် ပိုကောင်းမလာနိုင်တောင် ပိုပျက်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ကိုယ်စီရှိတယ်လို့ ခံယူထားပါတယ်။ ဆရာ၊ ဒကာ လက်တွဲညီမှ ဂေါတမမြတ်စွာဘုရား လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီဆယ်ပါး ဖြည့်ကျင့်ပြီးမှ ရလာတဲ့ ကြုံခဲလှတဲ့ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည့်တံ့မှာ မဟုတ်လား အရှင်ဘုရား။

အခုဆိုရင် တပည့်တော်တို့လို အညာဒေသက ရပ်ရွာမှာတောင် သာသနာ့ဘောင်ကို ၀င်ရောက်လာတဲ့ ကိုရင်အရေအတွက် သိသိသာသာနည်းသွားတာ ဦးဇင်းလည်း သတိပြုမိမှာပါ။ ခေတ်ကာလရဲ့နည်းပညာတိုးတက်မှုအဟုန်ကြောင့် အာရုံတွေထွေပြားပြီး ရဟန်းဘ၀ကို စွန့်ခွာသွားတဲ့ သံဃာအရေအတွက်ကလည်း တဖြည်းဖြည်းနဲ့ တိုးဖို့သာရှိတယ်လို့ တပည့်တော် မြင်မိပါတယ်။ ဒီလိုအချိန်မှာ တပည့်တော်ကြောင့် ရဟန်းတစ်ပါး လူထွက်မှာကို မလိုလားပါဘူး။ နောက်ပြီး ဦးဇင်းရွာကိုရောက်စက အဘိုးပြောခဲ့ဖူးတဲ့ စကားလည်း သတိရမိတော့ သာပြီးတော့တောင် မဖြစ်စေချင်ပါဘူး။ အရှင်အဂ္ဂါစာရက စာသင်သားဘ၀မှာ စာတော်ပြီး နာမည်ပျက်မရှိ၊ အကျင့်သီလကောင်းမွန်တဲ့ ဦးဇင်းတစ်ပါးဖြစ်ခဲ့သလို စာချဘုန်းကြီးဘ၀ရောက်တော့လည်း သာသနာအတွက် အားကိုးအားထားပြုရတဲ့ သာသနာ့ဝန်ဆောင်ရဟန်းတစ်ပါးဖြစ်လို့ တို့ရွာလေးမှာ ပျော်အောင်ထားကြပါတဲ့။

ပရိယတ်၊ ပဋိပတ်၊ ပရိဝေဒ သာသနာသုံးရပ်မှာ သာသနာ့ရေသောက်မြစ်ဖြစ်တဲ့ ပရိယတ္တိသာသနာတော်အတွက် စာချဘုန်းကြီးတစ်ပါးရဲ့ ကဏ္ဍက အလွန်ပဲ အရေးပါအရာရောက်တာမို့ တပည့်တော်ကြောင့် စာချသံဃာတစ်ပါး လျော့နည်းသွားရင် သာသနာတော်မှာ သိသိသာသာ ထိခိုက်သွားနိုင်တဲ့အရေး တွေးမိတဲ့အတွက် ဦးဇင်းအနေနှင့်ရော၊ တပည့်တော်အနေနှင့်ပါ ကိုယ့်စိတ်ကို သီလ၊ သမာဓိ၊ ပညာများနဲ့ စောင့်ရှောက်ဖို့ လိုအပ်နေပြီလို့ တပည့်တော် တွေးမိပါတယ်။

အောက်က ‘မျဉ်းပြိုင်’ ကဗျာလေးဟာ တပည့်တော်တို့ကို တစ်နည်းတစ်ဖုံနဲ့ ကိုယ်စားပြုတယ်လို့ပဲ မှတ်ယူလိုက်ပါဘုရား။

‘သံသရာခရီးမှာ မင်းနဲ့ငါ
အစမရှိ၊ အဆုံးလည်းမသိ
ဘယ်ညာ တူယှဉ်ကာတွဲ
ခရီးဆုံးထိ အမြဲရှိတယ်။
ကွေ့ကောက်ရစ်ထပ်ခြင်းမဲ့
ဆုံမှတ်တို့ လွဲနေခဲ့လည်း
အဖြောင့်တိုင်းပဲ ရှေ့ဆက်
ဆုံဆည်းခြင်း ကင်းလေတဲ့
မျဉ်းပြိုင်နှစ်စင်း။’

အရှင်ဘုရား စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာ့ဝန်ကို ထမ်းဆောင်နိုင်ပါစေရန် ရည်သန်ဆန္ဒပြုလျက်

မမိုးပွင့်

စာကြွင်း။  ။ နောက်တစ်ကြိမ် တပည့်တော်နှင့် ပြန်ဆုံတဲ့အခါ နှမရင်းတစ်ယောက်လိုပဲ ပြောဆိုဆက်ဆံ ဆုံးမတော်မူပါ အရှင်ဘုရား။

စာကြောင်းအဆုံး သူ့စိတ်တွေ ပေါ့ပါးသွားလိုက်သည်မှာ ငှက်တောင်မွေးလေးသဖွယ်။ မိုးပွင့်သည် ခေတ်မှီသော မိန်းကလေးတစ်ယောက်ဖြစ်သော်ငြား၊ သူ့ထက် အသက်ဆယ်နှစ်ပင် ငယ်သော်ငြား စဉ်းစားတွေးခေါ်ရင့်ကျက်နိုင်စွမ်းမှာ သူ့ထက် အဆပေါင်းများစွာ သာလွန်လှပေသည်။ အသိပညာရော၊ အတတ်ပညာပါ ပြည့်စုံသည့်မိန်းကလေး၊ ဘာသာသာသနာကို စောင့်ရှောက်တတ်သော မိန်းကလေးအလိမ္မာနှင့် တွေ့ဆုံခြင်းမို့ သူကံကောင်းသွားသည်ဟု ဆိုနိုင်ပါသည်။ မိုးပွင့်နေရာမှာ အခြားသာမန်မိန်းကလေးတစ်ယောက်သာဆိုလျှင်… သူ ဆက်မတွေးတော့ပါ။ ဖြစ်ပြီးသား အကုသိုလ်တရားတွေပယ်ဖို့၊ ကုသိုလ်တရားတွေ တိုးပွားဖို့သာ သူကြိုးစားရတော့မည် မဟုတ်ပါလား။

(၁၁)
တစ်မိုးကျ၍ တစ်ဝါဆိုခဲ့ပြန်ပြီ။

မိုးစက်မိုးပွင့်တို့သည် အေးမြခြင်းကို ယူဆောင်လာမြဲ…။

သူသည်လည်း သာသနာ့ဘောင်မှာ မွေ့လျော်စွာဖြင့် ဂန္ဓာဓုရ၊ ၀ိပဿနာဓုရနှစ်ဖြာကို ကျေပွန်စွာထမ်းဆောင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေဆဲ…။
xxx

မျဉ်းပြိုင်တို့မည်သည် အဖြောင့်တိုင်းသာ ရှေ့ဆက်ရလေကုန်၏။


ဇွန်မိုးစက်

(မြင်းခြံမြို့နယ်၊ ကျားတိုင်းကျေးရွာ၊ စက်တော်ရကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တခန္တီသာရ၏ သက်တော် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ်စာစောင်မှ)

အမေ့ကိုယ်စား

7

Category:



လွန်ခဲ့သော ရက်ပိုင်းတွေက ရည်ရွယ်ထားသော ခရီးစဉ်တစ်ခု အကောင်အထည်ဖော်နိုင်ခဲ့သလို၊ မရည်ရွယ်ထားသော ခရီးတစ်ခုလည်း ကျွန်မ ထွက်ဖြစ်ခဲ့သည်။ ဟိုတုန်းကလို ကျွန်မခရီးတစ်ခုသွားတိုင်း အမှတ်တရ ဒေသထွက်အစားအသောက်အချို့ဝယ်ဖြစ်သော်လည်း အပင်များ (အထူးသဖြင့် သစ်ခွပင်) များကို မ၀ယ်ဖြစ်တော့ပေ။ တကယ်တော့ စားစရာမုန့်ပဲသရေစာများ ၀ယ်လာလျှင်လည်း အိမ်ပြန်ရောက်သောအခါ ကျွန်မ ဘာတွေဝယ်ခဲ့သလဲဟု ဂရုတစိုက် မေးမြန်းစူးစမ်းမည့် အမေမှမရှိတော့တာ။

ခရီးစဉ်တလျှောက် တွေ့မြင်ရသည့် သစ်ပင်ပန်းမန်များကို မြင်ရသောအခါ အမေ့ကို သတိရလွမ်းဆွတ်မိသည်။ အမေသည် သစ်ပင်များကို ချစ်တတ်သူ၊ ဂရုတစိုက် ပြုစုပျိုးထောင်တတ်သူဖြစ်သည်။ ကျွန်မက အရောင်စုံ၊ အသွေးစုံ ဖူးပွင့်လာသော ပန်းပင်များကို ချစ်တတ်၊ ဓာတ်ပုံမှတ်တမ်းတွေ ရိုက်ယူတတ်သော်လည်း ပြုစုစောင့်ရှောက်သည့်နေရာမှာတော့ အမေ့လို စိတ်ရှည်တတ်သူ မဟုတ်ခဲ့။ ၀တ်ကျေတန်းကျေ ရေလောင်းခြင်းသာ ပြုလုပ်တတ်သူဖြစ်သည်။

အမေပေါင်ရိုးကျိုးပြီး အိပ်ရာထဲလဲသွားသည့်နောက်ပိုင်းကစ၍ အမေ့ကိုယ်စား ပန်းပင်များကို ရေလောင်းပေါင်းသင်ခြင်းတွေ ပြုလုပ်ပေးရသည်။ မနက်မိုးလင်းသည့်အခါ အမေက ‘သမီးရေ ဒီနေ့ ဘာပန်းတွေ ပွင့်သေးလဲ’ ဆိုသော အမေးကို ဖြေနိုင်ဖို့ အိမ်နောက်ဖေးဝရန်တာပေါ်မှာ စင်ထိုး၍ အစီအရီ စိုက်ပျိုးထားသော အပင်များကိုကြည့်ပြီး ‘ဒီကနေ့ နှင်းဆီပန်းကလေး အာလာပြီ၊ သစ်ခွတွေ အဖူးတက်နေပြီ၊ နောက်တစ်ရက်နှစ်ရက်နေရင် မလေးစကားပင်တွေ ပွင့်တော့မယ် …’ စသဖြင့် ကျွန်မ က အဖြေပေးရသည်။ ဘယ်အပင်ကတော့ ညှိုးနေပြီ၊  ဘယ်အပင်ကဖြင့် ခုထိပန်းမပွင့်သေးဟု ကျွန်မက ပြောမိလျှင် ‘အားဆေးထည့်ပေး၊ မြေသြဇာဖြည့်ပေး၊ ကိုင်းဖြတ်ကိုင်းဆက်ပေး’ ဟု အမေက ညွှန်ကြားတတ်သည်။ အိမ်အလုပ်တစ်ဖက်၊ အမေ့ဝေယျာဝိစ္စတစ်ဖက်နှင့် တစ်နေကုန်အလုပ်များလေ့ရှိသော ကျွန်မက ဟုတ်ကဲ့ဟုပြောပြီး မလုပ်ဖြစ်သည်က များပါသည်။

ပန်းပင်တစ်အိုးမှ ပန်းတွေဝေေ၀ဆာဆာ ဖူးပွင့်လာလျှင် အမေ့ကို ပြရသည်။ မလေးစကားလို၊ ကစ္စမီကွစ်နှင့် စက္ကူပင်လို သိပ်ကြီးသော ပန်းအိုးတွေကို ကျွန်မ မ မနိုင်၍ ဓာတ်ပုံရိုက်ပြီး ပြရသည်။ သစ်ခွလို၊ နှင်းဆီလို၊ စံပယ်လို အိုးတွေက သိပ်မကြီးသဖြင့် ကျွန်မ မယူ၍ အမေရှိရာသွားပြီး ဆောင်ယူပြသနိုင်သည်။ ပန်းတွေမြင်ရသည့်အခိုက် အမေ့စိတ်တွေကြည်နူးကာ ပြုံးပျော်သွားလျှင် ကျွန်မ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသည်။ ရံဖန်ရံ့ခါ ဈေးမှဝယ်လာသော လှပမွှေးကြိုင်သောပန်းပင်များကို ဘုရားပန်းအိုးထိုးလျှင်လည်း အမေမြင်အောင် ပြရသေးသည်။ အမေ့ဆန္ဒအရ အိပ်ခန်းထဲတွင် အနံ့မွှေးသော ရွှေပန်း သို့မဟုတ် စံပါယ်ပန်းကုံးလေးတွေ နေ့စဉ် ချိတ်ဆွဲပေးရသည်။

အမေ ပန်းပင်တွေကိုချစ်ကြောင်း တစ်နေ့ထက်တစ်နေ့ပိုသိလာရသော ကျွန်မ အပြင်သွားသည့်အခါ အလျဉ်းသင့်လျှင်သင့်သလို အမေ့အတွက် လက်ဆောင်အဖြစ် ပန်းပင်လေးတွေ ၀ယ်ယူလာတတ်သည်။ သစ်ခွပန်းကို ၀ယ်ယူဖြစ်တာ များပါသည်။ အိမ်မှာ မရှိသေးသော အရောင်နှင့် အရွယ်အစားမတူသော သစ်ခွပန်းလှလှကို ခရီးသွားဟန်လွှဲ ကားလမ်းမဘေးက ပျိုးခင်းမှာတွေ့လျှင် ကားကိုရပ်ခိုင်းပြီး ကျွန်မ ဆင်းဝယ်သည်။ ကျိုက်ထီးရိုးခရီးကအပြန်မှာလည်း ကျွန်မ တစ်ပင်ဝယ်ခဲ့သည်။ မော်လမြိုင်ဈေးထဲရောက်လျှင် သစ်ခွပင်ရောင်းသောဈေးတန်းကို တခုတ်တရသွားကြည့်၍ အမေ့အတွက် ၀ယ်သွားဖို့ အပင်ရွေးနေသည်မှာ အတော်ကြာသည်။ သည်လိုနှင့် သစ်ခွပင်တွေ နှစ်အိုးက သုံးအိုး၊ သုံးအိုးက လေးအိုးဖြစ်လာပြီး နောက်ဆုံး ဆယ့်တစ်အိုးအထိ ရှိလာတော့သည်။

အမေကျန်းမာစဉ်ပျိုးထားခဲ့သော အပင်တချို့သေဆုံးကုန်သောကြောင့် အစားထိုးဝယ်ယူဖြည့်စွက်ပေးရသည်လည်းရှိသည်။ ကျွန်မ မြေသြဇာထပ်မထည့်ဖြစ်၍ စပယ်ပင်လေး ညှိုးနွမ်းခြောက်သွေ့ပြီး သေဆုံးသွားသောအခါ အိမ်ရှေ့လမ်းမတစ်ဖက်ခြမ်းက ပျိုးပင်တွေရောင်းသောဆိုင်သို့သွား၍ အသစ်တစ်ပင် သွားဝယ်ခဲ့ရသည်။ စပယ်နှင့်အတူ ထပ်တိုး၍ ပါလာသည်က စင်္ကြာပင်နှင့် ဒန်းစင်းလေဒီပင် တို့ဖြစ်သည်။ ဆိုင်ရှင်က မရောင်းချင်သော်လည်း ကျွန်မအပြောကောင်းသဖြင့် မြေဆွေးတစ်အိတ်ကို ပိုက်ဆံပေးစရာမလိုဘဲ ကျွန်မရခဲ့သည်။ အဲသည့်နောက်ပိုင်းကစပြီး ကျွန်မ အပင်တွေအပေါ် ၀တ်ကျေတန်းကျေ ရေလောင်းသည်ထက်ပိုကာ  ဂရုတစိုက် ပြုစုပျိုးထောင်တတ်လာသည်။ အပင်တွေအတွက် လိုအပ်နေသည့် မြေဆွေးနှင့်မြေသြဇာတွေ ဖြည့်စွက်လိုက်သည့်အခါ ယခင်က အားနည်းညှိုးငယ်နေသော အပင်များ သိသိသာသာ ထောင်မတ်ရှင်သန်လာသည်ကို တွေ့ရသည်။ ပန်းတွေလည်း သိသိသာသာပင် ဖူးပွင့်ဝေဆာလာခဲ့သည်။

တစ်ခါက ကျွန်မ ဈေးထဲက၀ယ်လာသော ဇီဇ၀ါပင်များကို ဘုရားတင်ပြီး စွန့်သောအခါ မပစ်ဘဲ မြေဆွေးရှိသော ပန်းအိုးထဲမှာ ထိုးစိုက်ထားလိုက်သည်။ အချိန်တချို့လွန်မြောက်ပြီးနောက် အတက်ကလေးတွေ စီရရီထွက်လာသည့်အခါ ကျွန်မ သိပ်ပျော်ရသည်။ ဇီဇ၀ါပင်လေးတွေ ရှင်သန်စေလိုစိတ်ဖြင့် ကျွန်မ ရေလောင်းပြီး အရိပ်တကြည့်ကြည့်ဖြစ်နေခဲ့သည်။ ရနံ့သင်းပျံ့သော စံပယ်နှင့်ဇီဇ၀ါသည် ကျွန်မနှစ်သက်သောပန်းတွေထဲမှာ ထိပ်ဆုံးက ပါနေခဲ့သောကြောင့်လည်း ဖြစ်မှာပေါ့။ မိုးတွင်းအမှီ ဇီဇ၀ါလေးတွေ ပွင့်တော့မည်ဟု တွေးရင်း ကျွန်မပျော်ခဲ့သည်၊ အမေ့ကိုလည်း ဇီဇ၀ါလေးတွေ ပွင့်တော့မည်ဖြစ်ကြောင်း သတင်းပို့ထားသည်။


မော်လမြိုင်ဖားအောက်တောရမှာ ကျွန်မ သီလရှင်ဝတ်ပြီးပြန်လာတော့ ဇီဇ၀ါပင်ပေါက်ကလေးတွေ ညှိုးခြောက်သွားသည်ကို မြင်လျှင်မြင်ချင်း ကျွန်မ ၀မ်းနည်းသွားသည်။ အိမ်မှာကျန်ခဲ့သော အဖေနှင့်မောင်လေးက ရေမှန်မှန်လောင်းဖို့ ပျက်ကွက်ခဲ့သည်။ မိုးတွင်းဖြစ်သော်လည်း မိုးမရွာဘဲ ရာသီဥတု ပူလွန်းသဖြင့် နေပြင်းသည့်ဒဏ်ကို မခံနိုင်ဘဲ အပင်လေးတွေ သေဆုံးလုနီးပါးဖြစ်သွားရှာသည်။ ကြိုးစားပမ်းစား ကျွန်မပြန်လည် ပြုစုသော်လည်း အားရစရာကောင်းလှအောင် အပင်က ရှင်သန်မလာခဲ့။

တကယ်တော့ အမေ့ကြောင့်သာမဟုတ်လျှင် ပန်းပင်တွေအပေါ် ဂရုတစိုက် ပြုစုပျိုးထောင်လိုစိတ် ကျွန်မမှာ  ပေါ်လာခဲ့မည် မဟုတ်ပါ။ ပန်းပင်ပေါ်တွေထားရှိသည့် သံယောဇဉ်တွေလည်း ထိုမျှလောက် ကြီးမားခဲ့လိမ့်မည် မထင်။ ထို့ထက်ပို၍ လူတစ်ဦးအပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာကို ပန်းပင်ကလေးတစ်ပင်ဖြင့်လည်း ပြသနိုင်ကြောင်း အမေ့ကြောင့် သိခွင့်ရခဲ့သည်။ အမေမဆုံးခင် သုံးနှစ်အကြာက အဖြစ်အပျက်ကလေးတစ်ခုကို ကွှန်မမြင်ယောင်မိသည်။ ထိုစဉ်က ကျွန်မ စင်ကာပူကနေ မြန်မာပြည်ကို အလည်လာခိုက်ဖြစ်သည်။ နောက်ဖေးဝရန်တာပေါ်မှာ အိုးဖြင့်စိုက်ပျိုးထားသော အ၀ါရောင်နှင်းဆီပန်းလေးတွေပွင့်တော့ အမေက ကျွန်မကို ဘုရားအိုးထိုးခိုင်းသည်။ ကျွန်မက ပန်းပွင့်များကို ကတ်ကြေးဖြင့် ကိုက်ဖြတ်ပြီး ဘုရားကို ကပ်လှူရင်း ‘နှင်းဆီကအ၀ါလေးတွေ၊ သိပ်လှတာပဲနော်’ လို့ အမေ့ကို လှည့်ကြည့်ရင်းပြောလိုက်သည်။ အမေက ‘ငါ့သမီးအကြိုက် စိုက်ထားတာလေ၊ သမီးက နှင်းဆီဆို အ၀ါမှ ကြိုက်တာမဟုတ်လား’ တဲ့။ ကျွန်မ အံ့သြသွားခဲ့သည်။ ကျွန်မ နှင်းဆီဆိုလျှင် အ၀ါရောင်မှ ကြိုက်နှစ်သက်ကြောင်း အမေ့ကို တစ်ခါမျှ ဖွင့်ဟမပြောဖြစ်ခဲ့ပါ။ တစ်ခါက ကျွန်မဘလော့ဂ်မှာ ရေးခဲ့ဖူးသော ‘အရောင်များနှင့်ကျွန်မ’ အက်ဆေးကိုလည်း အမေ တစ်ခါမှ မဖတ်ဖူးခဲ့တာ သေချာပါသည်။ ဒါပေမယ့် ကျွန်မ အ၀ါရောင်နှင်းဆီကိုမှ နှစ်သက်ကြောင်း မိခင်မေတ္တာဖြင့် သိနှင့်နေခဲ့သည့်အမေက ကျွန်မအတွက် သီးသန့်ရည်စူးပြီး အ၀ါရောင်နှင်းဆီပင်လေးကို ပျိုးထားခဲ့သည်။ ကျွန်မ အမေ့ကို သိပ်ချစ်ပြီး ကျေးဇူးတင်ခဲ့ရပါသည်။

ပန်းပင်တွေ ချစ်မြတ်နိုးသော အမေ ပင်လုံဆေးရုံမှာ ဓာတ်ရောင်ခြည်ကုသမှု ခံယူရမည်ဆိုတော့ အမေရောကျွန်မပါ သွားရေးလာရေး အဆင်ပြေလွယ်ကူဖို့ မြောက်ဒဂုံက အဒေါ်တို့အိမ်ကို ခေတ္တပြောင်းရွှေ့နေထိုင်ရသည်။ တာမွေအိမ်မှာကျန်ရစ်ခဲ့မည် အပင်လေးတွေကို အမေ့ကိုယ်စား ကျွန်မ စိတ်မချခဲ့။ နေ့စဉ်ရေမှန်မှန်လောင်းပေးဖို့ အဖေနှင့်မောင်လေးကို တဖွဖွမှာသည်။ အပင်တွေအားလုံးထဲမှာ ဖူးလက်စ သစ်ခွခရမ်းရင့်ရောင်နှင့် ပွင့်လက်စ ဒန်းစင်းလေဒီ အပင်လေးနှစ်ပင်ကိုတော့ ကျွန်မ မြောက်ဒဂုံအထိ သယ်သွားခဲ့သည်။ နေ့စဉ်ဆေးရုံကပြန်လာပြီး ၀ှီးချဲပေါ်ရွှေ့ပေးပြီးသည့်အခါ ထိုအပင်လေးနှစ်ပင်ရှိရာသို့ ၀ှီးချဲကိုတွန်းပြီး အမေ့ကို ပြသဖို့ ကျွန်မ မပျက်ကွက်ခဲ့။ အမေ ဆေးရုံတက်ရသည့်နောက်ပိုင်း အခိုင်ပြည့် ပွင့်လာသော သစ်ခွပန်းခိုင်ကို ပန်းအိုးမှ ချိုးယူပြီး အမေ့ကုတင်ဘေးက စားပွဲပေါ်မှာ စိုက်ထိုးပေးထားခဲ့သည်။ အမေ ကွယ်လွန်သွားသည့်တိုင် ဆေးရုံစားပွဲပေါ်က ထိုသစ်ခွပန်းကလေးတွေ လန်းဆန်းနေဆဲ။

အမေ့ နောက်ဆုံးခရီးကို ပို့ဆောင်မည့်နေ့မှာ ကံကော်တွေလှိုင်အောင် ပွင့်ကြမွှေးကြသည်။ အမေ့ရုပ်အလောင်းပြင်ဆင်ဖို့ အဓိက အသုံးပြုကြသည့်ပန်းမှာ နှင်းဆီပန်းနှင့်ရွှေပန်းဖြစ်သည်။ ကျွန်မက ရနံ့သင်းပျံ့မွှေးထုံသော ကံကော်ပန်းတွေဝယ်ပြီး အမေ့ဦးခေါင်းပတ်လည်မှာ ထပ်မံဖြည့်ထည့်လိုက်သည်။ အမေပန်းချစ်သည်ကို သိသော အဒေါ်က ‘ဟယ် သမီး ကံကော်တွေရလာတယ်’ ဟု တအံ့တသြ ရေရွတ်သည်။ ကံကော်တွေ ပွင့်နေပြီ အမေဟု အမေ့ကိုပြောပြခွင့် ဘယ်သောအခါမျှ ကျွန်မ မကြုံနိုင်တော့ပါ။

အမေမရှိတော့သည့်နောက်ပိုင်း ပန်းပင်အသစ်တွေ နောက်ထပ်မ၀ယ်တော့၊ မစိုက်တော့ဟု ကျွန်မဆုံးဖြတ်ထားသော်လည်း အိမ်မှာ မရှိသေးသည့် ပန်းနုရောင်ဖျော့ဖျော့နှင့် သစ်ခွပန်းခိုင်ကလေးကို ဈေးအသွားမှာ မြင်တော့ မနေနိုင်ဘဲ ၀ယ်လိုက်မိသည်။ အိမ်ပြန်ရောက်သည့်အခါ ဟိုအရင်လို သစ်ခွပင်ကလေးကိုကိုင်ပြီး အမေ့ရှောက်မှောက် ဆောင်ယူပြသစရာ မလိုတော့သော်လည်း အမေ့ကိုယ်စား အိမ်မှာကျန်ရှိနေခဲ့သော အပင်ကလေးများကို ကျွန်မ ဆက်လက်ပြုစုစောင့်ရှောက်ရပါဦးမည်။

ပူပြင်းလွန်းသော သည်နှစ်နွေမှာ အပင်တွေကို မနက်တစ်ခါ၊ ညနေတစ်ခါ နေ့စဉ်မှန်မှန် ရေလောင်းပေးပြီး ရှင်သန်ဖူးပွင့်ရန် ကျွန်မ လုပ်ဆောင်ရပါတော့မည်။

အမေချစ်သော ပန်းပင်တွေကို ရေလောင်းတိုင်း အမေ့အပေါ် ချစ်ခင်သတိရစိတ်နှင့် လွမ်းဆွတ်တမ်းတနေဆဲ…။

23-4-2016
Saturday
6:00 PM 

(ရေးနှင့်ငို၊ ငိုရင်းနှင့် ရေးခဲ့ရသော စာတစ်ပုဒ်ပါ)