Posted by
ဇွန်မိုးစက်
|
Posted on
Thursday, January 27, 2011
Category:
Birthday
,
Wishes
တစ်ခါတုန်းက အဖေတစ်ယောက်ဟာ အစ်မ၀မ်းကွဲတွေဆိုးပေးလိုက်တဲ့ သမီးငယ်ရဲ့လက်က လက်သည်းနီတွေကို တွေ့တော့ “သမီးကြီးလာရင် ဆရာဝန်မကြီးလုပ်မယ်ဆို၊ ဆရာဝန်လုပ်ချင်တဲ့သူက လက်သည်းအရှည် မထားရဘူး၊ လက်သည်း မဆိုးရဘူး” လို့ပြောတယ်။
ခရီးဝေးအမြဲသွားရတဲ့ အဖေဟာ သမီးလေးဆီ စာရေးပြီး စာကြိုးစားဖို့၊ လိမ္မာအောင်နေဖို့လည်း မှာတတ်တယ်။
ညနေစောင်းတွေမှာ သမီးငယ်ကို သူ့ပုခုံးနှစ်ဖက်ပေါ်တင်ပြီး လမ်းလျှောက်ထွက်တယ်။ အဲဒီ့အချိန်ကို သမီးဖြစ်သူက သိပ်သဘောကျတယ်။ ဘာကြောင့်လဲဆိုတော့ သမီးငယ်ဟာ သူမအရပ်နဲ့ မမြင်တွေ့နိုင်တဲ့ အရာအားလုံးကို အပေါ်စီးကနေ မြင်နိုင်စွမ်းရှိသွားလို့ပါပဲ။
အဖေနဲ့သမီး စနေနေ့မှာ ဖွားမြင်တာချင်းတူသလို၊ ခေါင်းမာတာချင်းလည်းတူတယ်။ သမီးအရွယ်ရောက်လာတဲ့အခါ အဖေနဲ့အမြင်မတူတာ၊ သဘောထားမတိုင်ဆိုင်တာတွေ ရှိလာပေမယ့် အဖေနဲ့သမီးကြားက မေတ္တာတွေ မပျက်ပြယ်ခဲ့ပါဘူး။
သမီးဟာ ဆရာဝန်မဖြစ်ခဲ့ပေမယ့် သူမရဲ့လက်သည်းတွေ ဘယ်တော့မှ မဆိုးဖြစ်ခဲ့ဘူး။
နှစ်ထောင့်ဆယ့်တစ် ဇန်န၀ါရီ နှစ်ဆယ့်ရှစ်မှာ အဖေ့အသက် ၆၁ နှစ်ပြည့်တယ်။ ရပ်ဝေးတစ်နေရာမှာ စီးပွားရှာနေဆဲဖြစ်တဲ့ အဖေတစ်ယောက် ကျန်းမာချမ်းသာ ဘေးအန္တရာယ်ကင်းစေဖို့ သမီးဖြစ်သူက ဆုတောင်းပေးလိုက်တယ်။
“ပျော်ရွှင်မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ ဖေဖေ။ ချစ်သော မိသားစုနှင့်အတူ အသက်ရှည်စွာနေထိုင်ရပြီး လောကုတ္တရာအကျိုးတရားများကို အချိန်မလင့်မီ ကောင်းစွာပွားများအားထုတ်နိုင်သူဖြစ်ပါစေ ဖေဖေ။”
ဆုမွန်ကောင်းများစွာဖြင့်
ချစ်သမီးကြီး
Posted by
ဇွန်မိုးစက်
|
Posted on
Wednesday, January 05, 2011
Category:
In life
တစ်ပတ်မှာ ၅ရက်၊ တစ်ရက်မှာ ပုံမှန် အလုပ်ချိန် ၉နာရီ ပေးရတဲ့အထဲမှာ နေ့လည် ထမင်းစားချိန် ၁နာရီ ကို နုတ်လိုက်ရင် ရုံးတက်ချိန်က ၈ နာရီရှိပါတယ်။ တစ်မနက်ခင်းလုံး အလုပ်တွေများ၊ ခေါင်းတွေစားပြီး လူက စိတ်ပင်ပန်းနေတဲ့အခါ ထမင်းစားချိန် တစ်နာရီအတွင်းမှာ အလုပ်အကြောင်းကို မေ့ထားပြီး စိတ်လွတ်ပေါ့ပါးစွာ ရယ်မောပြုံးပျော်နိုင်လို့ lunch time ဟာ ကိုယ့်ရဲ့ ရုံးတက်ရက်တိုင်းအတွက် favourite အချိန်တစ်ခုပါပဲ။
ကိုယ်နဲ့အတူတူ ထမင်းစားသူတွေက ဌာနမတူပေမယ့် တစ်ခန်းထဲနေ လုပ်ဖော်ကိုင်ဖက် ဒီကျွန်းနိုင်ငံသူစစ်စစ်တွေပါ။ သူတို့နဲ့ ထမင်းစားရင်း ပြောဆိုကြတဲ့ အကြောင်းအရာများက တစ်နေ့တစ်မျိုး မရိုးနိုင်အောင် စုံလင်လှပါတယ်။ Lunch partner တွေထဲက ကိုယ်သိပ်ခင်ရတဲ့တစ်ယောက်က အင်္ဂလိပ်စကားပြော အရမ်းမကျွမ်းကျင်ပေမယ့် သူပြောသမျှ အကြောင်းအရာတိုင်း စကားတိုင်းက ကိုယ့်အတွက် စိတ်ဝင်စားစရာချည်းပါပဲ။ တစ်ယောက်အကြောင်းတစ်ယောက် ဖလှယ်ရင်းနဲ့လည်း တစ်ယောက်ကို တစ်ယောက် ပိုနားလည်၊ ပိုရင်းနှီးသွားပါတယ်။ ဒါကြောင့် အလုပ်ကိစ္စနဲ့ ဆက်စပ်မှုရှိပြီး အကြောင်းကိစ္စတွေ ပေါ်လာတဲ့အခါ အချင်းချင်း အလွယ်တကူ ညှိယူလို့ရပြီး အဆင်ပြေပြေ ဖြစ်သွားတဲ့ အကျိုးကျေးဇူးတွေလည်း ရပါတယ်။
အားလုံးက အမျိုးသမီးတွေချည်းဆိုတော့ ထမင်းစားရင်း၊ လက်ဖက်ရည် ကော်ဖီသောက်ရင်း ပြောကြတာများ တခါတခါ ထမင်းစားချိန်တစ်နာရီကျော်သွားပါတယ်။ နိုင်ငံရေးအကြောင်း၊ next generation တွေအကြောင်း၊ အိမ်ထောင်ရေးအကြောင်းတွေအပြင် တခါတခါ ရုံးတွင်းက လူများအကြောင်းလည်း ပြောဖြစ်ပါတယ်။ တစ်ရက်မှာတော့ အိမ်မွေးတိရစ္ဆာန်တွေအကြောင်း တစ်လှည့်စီပြောကြတယ်။ နောက်ရက်မှာ ပလတ်စတစ် ဆာဂျရီအကြောင်း၊ နောက်ရက်မှာ ငယ်ငယ်က ကစားခုန်နည်းများ အကြောင်း ရောက်သွားပြန်တယ်။ ပြောရင်းနဲ့သိလာတာက သူတို့လည်း ထုပ်ဆီးတိုးတမ်းတွေ၊ သားရေကြိုးအမြင့်ခုန်တမ်းတွေ ကစားခဲ့ဖူးတယ်ဆိုတာ။ တစ်ရက် ခေါင်းစဉ်တစ်မျိုးစီ ပြောပြနားထောင်ရတာ တကယ်ပဲ relax ဖြစ်ပြီး စိတ်ဖိစီးမှုတွေကို လျော့စေပါတယ်။
ခရီးသွားရာသီချိန်ရောက်ရင် ဘယ်သူက ဘယ်နိုင်ငံကို အလည်သွားမယ့်အကြောင်းပြောကြပြီး၊ ပြန်လာကြတဲ့အခါ သူတို့ခရီးသွားအတွေ့အကြုံတွေကို နားထောင်ရပြန်တယ်။ ဒီလိုနားထောင်ရင်းနဲ့ပဲ S'porean တွေဟာ အတော့်ကို Complain များတတ်တဲ့သူတွေဆိုတာ ပိုသိလာတယ်။ ဘယ်နိုင်ငံသွားသွား သူတို့နိုင်ငံလောက် အဆင်ပြေတယ်ဆိုတာ မရှိဘူး။ ဂျပန်သွားတဲ့အခါ ရေချိုးရ အဆင်မပြေဖြစ်တတ်ကြောင်း၊ ဟောင်ကောင်မှာဆို ဈေးဆစ်ရ အဆင်မပြေကြောင်း၊ ဆိုင်းဘုတ်ပြုတ်ကျမှာ စိုးရိမ်လို့ ဟောင်ကောင်က ဆိုင်းဘုတ်များတဲ့လမ်းပေါ်တွေ မလျှောက်ရဲကြောင်း၊ တရုတ်ပြည်သွားရင် တံတွေးစင်ခံရတတ်ကြောင်း၊ အစမ်းဝတ်ကြည့်ပြီး မ၀ယ်ဖြစ်တဲ့အခါ အပြစ်တင်အဆူအပြော ခံရတတ်ကြောင်း၊ တရုတ်ပြည်မှာ ရာသီဥတုပူတာတောင် အင်္ကျီလက်ရှည်ကို မချွတ်တမ်း ၀တ်နိုင်ကြတဲ့အကြောင်း .... စုံလို့ပါပဲ။ ပြီးတော့ ဟိုတယ်တွေမှာ သရဲခြောက်တဲ့အကြောင်း ရောက်သွားပြန်တယ်။ ထိုင်ဝမ်ဟိုတယ်တစ်ခုမှာ သရဲခြောက်ခံရတာ ကြုံဖူးတဲ့သူ၊ ကိုးရီးယားအသွား ဟိုတယ်ရေချိုးခန်းတံခါး လော့ခ်ချခံရသူ၊ ဆွစ်ဇာလန်ကို ဟန်နီးမွန်းအထွက် လူမရှိဘဲ အခန်းတံခါးအခေါက်ရတဲ့ ပူပူနွေးနွေးဇနီးမောင်နှံစုံတွဲ။ ကိုယ်ကတော့ သူတို့ပြောတာနားထောင်ပြီး နှုတ်ခမ်းလေးဟလိုက်၊ မျက်လုံးလေးပြူးလိုက်၊ ပြုံးလိုက်ရယ်လိုက်နဲ့ မျက်နှာလေ့ကျင့်ခန်း တော်တော် လုပ်ဖြစ်သွားပါတယ်။
စောစောက အပေါ်မှာ စကားပြောကောင်းသူလို့ ကိုယ်ပြောခဲ့တဲ့တစ်ယောက်ကလည်း အတွေ့အကြုံတော်တော်စုံသူ ဖြစ်လေတော့ သူပြောသမျှ အကြောင်းအရာတွေကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူလေဆိပ်မှာ အလုပ်လုပ်ခဲ့စဉ်က ကနေဒါကို ခိုးထွက်မယ့် တရုတ်ပြည်က လူကုံထံသားသမီးတစ်ချို့ကို ပြန်ပို့ပေးစဉ် ကြုံခဲ့ရသမျှ ခရီးစဉ်အကြောင်း၊ ယောက်ျားလေး အယောက် ၄၀ကျော်နဲ့ မိန်းကလေး ၈ယောက်သာပါတဲ့ training camp ၀င်ခဲ့စဉ်က အကြောင်းတွေ၊ ဆွစ်ဇာလန်မှာ ဟန်းနီးမွန်းထွက်တုန်း ဆက်ဆိုဖုန်းတစ်လုံး ကောက်ရလို့ သွားပြန်ရောင်းပြီး ရတဲ့ငွေက ခရီးစရိတ်ကျေသွားလို့ အမှတ်တရ ဖြစ်ခဲ့တဲ့အကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့ အရှေ့ဥရောပခရီးစဉ်အသွား သဲထိပ်ရင်ဖိုအကြောင်းတွေ... သူတစ်ယောက်တည်း ဒိုင်ခံပြောပြသွားတဲ့အခါ ကိုယ်တို့က မျက်လုံးအ၀ိုင်းသားနဲ့ နားထောင်သူသက်သက်ဖြစ်သွားပါတယ်။
ဟိုး....အရင်အလုပ်မှာ ဒီလိုအတွေ့အကြုံမျိုး မရခဲ့ပါဘူး။ ထမင်းစားချိန် ကွန်ပျုတာရှေ့မှာထိုင်ပြီး တစ်ယောက်တည်းစားခဲ့ရတာနဲ့ ယှဉ်လိုက်တဲ့အခါ ကွာခြားမှုကို သိသိသာသာ ခံစားရပါတယ်။ ဒါကြောင့် ကိုယ် ဒီ lunch time အချိန်လေးကို နှစ်သက်သဘောကျမိလို့ တစ်ယောက်တည်း မစားချင်လို့ သူငယ်ချင်းက ဟင်းအဆင်သင့် ချက်ထားတာတောင် အိမ်ကထမင်းဗူး ထည့်မယူသွားဖြစ်ပါဘူး။ လူက relax လဲဖြစ်၊ ဟိုနားဒီနား ထမင်းစားသွားရင်း လမ်းလျှောက်ဖြစ်လို့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ သူတို့အားလုံး ဒီရုံးမှာပဲ လုပ်သက် အနည်းဆုံး ၉နှစ်နဲ့ ၁၀နှစ်အထက်၊ တစ်ယောက်ဆို ၁၆နှစ် အသီးသီး ရှိနေကြပါပြီ။ လူတွေ နွေးထွေးဖော်ရွေတာတစ်ကြောင်း၊ ခုလို ပျော်ရွှင်စရာ ထမင်းချိန်စားလေးကြောင့်တစ်ကြောင်းလည်း ဒီ environment မှာ ဒီလောက်ကြာကြာ နေနိုင်ကြသူများရယ်လို့ ကိုယ်မအံ့သြတော့ပါဘူး။
တစ်နေ့က စကားလက်ဆုံကျရင်း ပြောမိတဲ့ခေါင်းစဉ်က New Year Resolution ပါ။ ကိုယ့်ကို မေးတယ်လေ၊ နင့်ရဲ့ resolution က ဘာလဲတဲ့။ ကိုယ်ကလည်း မဆိုင်းဘဲ ပြန်ပြောလိုက်တာပေါ့ 'lose weight, look great' လို့။ ဒါနဲ့ တစ်ယောက်က အိုင်ဒီယာရသွားပြီး ငါတို့အားလုံး ဒီနှစ်အတွင်းမှာ တစ်ယောက်ကို ၇ကီလိုစီကျအောင် လုပ်ကြမယ်။ နှစ်ဆုံးလို့ ပေါင်ချိန်စက်ပေါ်တက်ပြီး ရပ်ကြည့်တဲ့အခါ ၇ကီလိုကျအောင် မချနိုင်သူကို ရှုံးသူအဖြစ် သတ်မှတ်ပြီး Delifrance မှာ အားလုံးကို နေ့လည်စာဝယ်ကျွေးရမယ်လို့ အဆိုပြု သဘောတူညီလိုက်ကြပါတယ်။ အမှန်တော့ ကိုယ့် target က ၅ကီလိုပါ၊ သူတို့နဲ့ပေါင်းပြီး အခု ၇ကီလို ကျအောင် လုပ်ရတော့မယ်။ ဘယ်သူဝယ်ကျွေးရမလဲဆိုတာတော့ ဒီနှစ်ကုန်ရင် သိရမှာပေါ့နော်။း)
ဘယ်လိုပဲဖြစ်ဖြစ် ရုံးဖွင့်ရက်တွေရဲ့ ထမင်းစားချိန်တိုင်း ကိုယ်စိတ်လက်ပေါ့ပါး ပျော်ရွှင်ရတဲ့အတွက် ကိုယ့်ရဲ့ နေ့လည်စာအတူစားဖော် မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ရပါတယ်။
ဇွန်မိုးစက်