တစ်ပတ်မှာ ၅ရက်၊ တစ်ရက်မှာ ပုံမှန် အလုပ်ချိန် ၉နာရီ ပေးရတဲ့အထဲမှာ နေ့လည် ထမင်းစားချိန် ၁နာရီ ကို နုတ်လိုက်ရင် ရုံးတက်ချိန်က ၈ နာရီရှိပါတယ်။ တစ်မနက်ခင်းလုံး အလုပ်တွေများ၊ ခေါင်းတွေစားပြီး လူက စိတ်ပင်ပန်းနေတဲ့အခါ ထမင်းစားချိန် တစ်နာရီအတွင်းမှာ အလုပ်အကြောင်းကို မေ့ထားပြီး စိတ်လွတ်ပေါ့ပါးစွာ ရယ်မောပြုံးပျော်နိုင်လို့ lunch time ဟာ ကိုယ့်ရဲ့ ရုံးတက်ရက်တိုင်းအတွက် favourite အချိန်တစ်ခုပါပဲ။
ကိုယ်နဲ့အတူတူ ထမင်းစားသူတွေက ဌာနမတူပေမယ့် တစ်ခန်းထဲနေ လုပ်ဖော်ကိုင်ဖက် ဒီကျွန်းနိုင်ငံသူစစ်စစ်တွေပါ။ သူတို့နဲ့ ထမင်းစားရင်း ပြောဆိုကြတဲ့ အကြောင်းအရာများက တစ်နေ့တစ်မျိုး မရိုးနိုင်အောင် စုံလင်လှပါတယ်။ Lunch partner တွေထဲက ကိုယ်သိပ်ခင်ရတဲ့တစ်ယောက်က အင်္ဂလိပ်စကားပြော အရမ်းမကျွမ်းကျင်ပေမယ့် သူပြောသမျှ အကြောင်းအရာတိုင်း စကားတိုင်းက ကိုယ့်အတွက် စိတ်ဝင်စားစရာချည်းပါပဲ။ တစ်ယောက်အကြောင်းတစ်ယောက် ဖလှယ်ရင်းနဲ့လည်း တစ်ယောက်ကို တစ်ယောက် ပိုနားလည်၊ ပိုရင်းနှီးသွားပါတယ်။ ဒါကြောင့် အလုပ်ကိစ္စနဲ့ ဆက်စပ်မှုရှိပြီး အကြောင်းကိစ္စတွေ ပေါ်လာတဲ့အခါ အချင်းချင်း အလွယ်တကူ ညှိယူလို့ရပြီး အဆင်ပြေပြေ ဖြစ်သွားတဲ့ အကျိုးကျေးဇူးတွေလည်း ရပါတယ်။
အားလုံးက အမျိုးသမီးတွေချည်းဆိုတော့ ထမင်းစားရင်း၊ လက်ဖက်ရည် ကော်ဖီသောက်ရင်း ပြောကြတာများ တခါတခါ ထမင်းစားချိန်တစ်နာရီကျော်သွားပါတယ်။ နိုင်ငံရေးအကြောင်း၊ next generation တွေအကြောင်း၊ အိမ်ထောင်ရေးအကြောင်းတွေအပြင် တခါတခါ ရုံးတွင်းက လူများအကြောင်းလည်း ပြောဖြစ်ပါတယ်။ တစ်ရက်မှာတော့ အိမ်မွေးတိရစ္ဆာန်တွေအကြောင်း တစ်လှည့်စီပြောကြတယ်။ နောက်ရက်မှာ ပလတ်စတစ် ဆာဂျရီအကြောင်း၊ နောက်ရက်မှာ ငယ်ငယ်က ကစားခုန်နည်းများ အကြောင်း ရောက်သွားပြန်တယ်။ ပြောရင်းနဲ့သိလာတာက သူတို့လည်း ထုပ်ဆီးတိုးတမ်းတွေ၊ သားရေကြိုးအမြင့်ခုန်တမ်းတွေ ကစားခဲ့ဖူးတယ်ဆိုတာ။ တစ်ရက် ခေါင်းစဉ်တစ်မျိုးစီ ပြောပြနားထောင်ရတာ တကယ်ပဲ relax ဖြစ်ပြီး စိတ်ဖိစီးမှုတွေကို လျော့စေပါတယ်။
ခရီးသွားရာသီချိန်ရောက်ရင် ဘယ်သူက ဘယ်နိုင်ငံကို အလည်သွားမယ့်အကြောင်းပြောကြပြီး၊ ပြန်လာကြတဲ့အခါ သူတို့ခရီးသွားအတွေ့အကြုံတွေကို နားထောင်ရပြန်တယ်။ ဒီလိုနားထောင်ရင်းနဲ့ပဲ S'porean တွေဟာ အတော့်ကို Complain များတတ်တဲ့သူတွေဆိုတာ ပိုသိလာတယ်။ ဘယ်နိုင်ငံသွားသွား သူတို့နိုင်ငံလောက် အဆင်ပြေတယ်ဆိုတာ မရှိဘူး။ ဂျပန်သွားတဲ့အခါ ရေချိုးရ အဆင်မပြေဖြစ်တတ်ကြောင်း၊ ဟောင်ကောင်မှာဆို ဈေးဆစ်ရ အဆင်မပြေကြောင်း၊ ဆိုင်းဘုတ်ပြုတ်ကျမှာ စိုးရိမ်လို့ ဟောင်ကောင်က ဆိုင်းဘုတ်များတဲ့လမ်းပေါ်တွေ မလျှောက်ရဲကြောင်း၊ တရုတ်ပြည်သွားရင် တံတွေးစင်ခံရတတ်ကြောင်း၊ အစမ်းဝတ်ကြည့်ပြီး မ၀ယ်ဖြစ်တဲ့အခါ အပြစ်တင်အဆူအပြော ခံရတတ်ကြောင်း၊ တရုတ်ပြည်မှာ ရာသီဥတုပူတာတောင် အင်္ကျီလက်ရှည်ကို မချွတ်တမ်း ၀တ်နိုင်ကြတဲ့အကြောင်း .... စုံလို့ပါပဲ။ ပြီးတော့ ဟိုတယ်တွေမှာ သရဲခြောက်တဲ့အကြောင်း ရောက်သွားပြန်တယ်။ ထိုင်ဝမ်ဟိုတယ်တစ်ခုမှာ သရဲခြောက်ခံရတာ ကြုံဖူးတဲ့သူ၊ ကိုးရီးယားအသွား ဟိုတယ်ရေချိုးခန်းတံခါး လော့ခ်ချခံရသူ၊ ဆွစ်ဇာလန်ကို ဟန်နီးမွန်းအထွက် လူမရှိဘဲ အခန်းတံခါးအခေါက်ရတဲ့ ပူပူနွေးနွေးဇနီးမောင်နှံစုံတွဲ။ ကိုယ်ကတော့ သူတို့ပြောတာနားထောင်ပြီး နှုတ်ခမ်းလေးဟလိုက်၊ မျက်လုံးလေးပြူးလိုက်၊ ပြုံးလိုက်ရယ်လိုက်နဲ့ မျက်နှာလေ့ကျင့်ခန်း တော်တော် လုပ်ဖြစ်သွားပါတယ်။
စောစောက အပေါ်မှာ စကားပြောကောင်းသူလို့ ကိုယ်ပြောခဲ့တဲ့တစ်ယောက်ကလည်း အတွေ့အကြုံတော်တော်စုံသူ ဖြစ်လေတော့ သူပြောသမျှ အကြောင်းအရာတွေကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူလေဆိပ်မှာ အလုပ်လုပ်ခဲ့စဉ်က ကနေဒါကို ခိုးထွက်မယ့် တရုတ်ပြည်က လူကုံထံသားသမီးတစ်ချို့ကို ပြန်ပို့ပေးစဉ် ကြုံခဲ့ရသမျှ ခရီးစဉ်အကြောင်း၊ ယောက်ျားလေး အယောက် ၄၀ကျော်နဲ့ မိန်းကလေး ၈ယောက်သာပါတဲ့ training camp ၀င်ခဲ့စဉ်က အကြောင်းတွေ၊ ဆွစ်ဇာလန်မှာ ဟန်းနီးမွန်းထွက်တုန်း ဆက်ဆိုဖုန်းတစ်လုံး ကောက်ရလို့ သွားပြန်ရောင်းပြီး ရတဲ့ငွေက ခရီးစရိတ်ကျေသွားလို့ အမှတ်တရ ဖြစ်ခဲ့တဲ့အကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့ အရှေ့ဥရောပခရီးစဉ်အသွား သဲထိပ်ရင်ဖိုအကြောင်းတွေ... သူတစ်ယောက်တည်း ဒိုင်ခံပြောပြသွားတဲ့အခါ ကိုယ်တို့က မျက်လုံးအ၀ိုင်းသားနဲ့ နားထောင်သူသက်သက်ဖြစ်သွားပါတယ်။
ဟိုး....အရင်အလုပ်မှာ ဒီလိုအတွေ့အကြုံမျိုး မရခဲ့ပါဘူး။ ထမင်းစားချိန် ကွန်ပျုတာရှေ့မှာထိုင်ပြီး တစ်ယောက်တည်းစားခဲ့ရတာနဲ့ ယှဉ်လိုက်တဲ့အခါ ကွာခြားမှုကို သိသိသာသာ ခံစားရပါတယ်။ ဒါကြောင့် ကိုယ် ဒီ lunch time အချိန်လေးကို နှစ်သက်သဘောကျမိလို့ တစ်ယောက်တည်း မစားချင်လို့ သူငယ်ချင်းက ဟင်းအဆင်သင့် ချက်ထားတာတောင် အိမ်ကထမင်းဗူး ထည့်မယူသွားဖြစ်ပါဘူး။ လူက relax လဲဖြစ်၊ ဟိုနားဒီနား ထမင်းစားသွားရင်း လမ်းလျှောက်ဖြစ်လို့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ သူတို့အားလုံး ဒီရုံးမှာပဲ လုပ်သက် အနည်းဆုံး ၉နှစ်နဲ့ ၁၀နှစ်အထက်၊ တစ်ယောက်ဆို ၁၆နှစ် အသီးသီး ရှိနေကြပါပြီ။ လူတွေ နွေးထွေးဖော်ရွေတာတစ်ကြောင်း၊ ခုလို ပျော်ရွှင်စရာ ထမင်းချိန်စားလေးကြောင့်တစ်ကြောင်းလည်း ဒီ environment မှာ ဒီလောက်ကြာကြာ နေနိုင်ကြသူများရယ်လို့ ကိုယ်မအံ့သြတော့ပါဘူး။
တစ်နေ့က စကားလက်ဆုံကျရင်း ပြောမိတဲ့ခေါင်းစဉ်က New Year Resolution ပါ။ ကိုယ့်ကို မေးတယ်လေ၊ နင့်ရဲ့ resolution က ဘာလဲတဲ့။ ကိုယ်ကလည်း မဆိုင်းဘဲ ပြန်ပြောလိုက်တာပေါ့ 'lose weight, look great' လို့။ ဒါနဲ့ တစ်ယောက်က အိုင်ဒီယာရသွားပြီး ငါတို့အားလုံး ဒီနှစ်အတွင်းမှာ တစ်ယောက်ကို ၇ကီလိုစီကျအောင် လုပ်ကြမယ်။ နှစ်ဆုံးလို့ ပေါင်ချိန်စက်ပေါ်တက်ပြီး ရပ်ကြည့်တဲ့အခါ ၇ကီလိုကျအောင် မချနိုင်သူကို ရှုံးသူအဖြစ် သတ်မှတ်ပြီး Delifrance မှာ အားလုံးကို နေ့လည်စာဝယ်ကျွေးရမယ်လို့ အဆိုပြု သဘောတူညီလိုက်ကြပါတယ်။ အမှန်တော့ ကိုယ့် target က ၅ကီလိုပါ၊ သူတို့နဲ့ပေါင်းပြီး အခု ၇ကီလို ကျအောင် လုပ်ရတော့မယ်။ ဘယ်သူဝယ်ကျွေးရမလဲဆိုတာတော့ ဒီနှစ်ကုန်ရင် သိရမှာပေါ့နော်။း)
ဘယ်လိုပဲဖြစ်ဖြစ် ရုံးဖွင့်ရက်တွေရဲ့ ထမင်းစားချိန်တိုင်း ကိုယ်စိတ်လက်ပေါ့ပါး ပျော်ရွှင်ရတဲ့အတွက် ကိုယ့်ရဲ့ နေ့လည်စာအတူစားဖော် မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ရပါတယ်။
ဇွန်မိုးစက်
ဟားဟား ...
ဝိတ်ချရတော့မှာပေါ့ဗျာ ..
ညနေဘက် ထမင်းသိပ်မစားဘဲ ကြာဇံလိုမျိုးတွေစားရင် အေးဆေးကျပါတယ်ဗျာ
၁ နှစ်လုံးချခဲ့သမျှ delifrance မှာ ၁၀ ကီလိုပြန်တက်ရင် ဘယ့်နှယ်လုပ်မလဲ၊ လောင်းကြေးကလည်း ဝိတ်ချတာကို အားပေးသလိုလို မပေးသလိုလိုကြီး၊ ဟွန်း..
မလေးနဲ့ဇွန်နဲ့ အဲ့ဒါတစ်ခုတော့ မတူဘူးရယ်..
မလေးက ထမင်းစားချိန်ဆို....
တစ်ယောက်တည်းနေတာများတယ်။
အဲသလိုနည်းနဲ့ ၀ိတ်ကျအောင်လုပ်တာလည်း တမျိုးဟုတ်နေတာပဲနော်..း))
၇ကီလိုချမယ့်အဖွဲ့ထဲ မြူးမြူးလဲပါမယ်လေ.. ၃လအတွင်း ၃ကီလိုကျသွားလို့ အားတက်နေတာ.. လေ့ကျင့်ခန်းမလုပ်ဖြစ်တာ နည်းနည်းကြာတာနဲ့ ပြန်တက်ချင်နေပြီ.. အတူတူ လေ့ကျင့်ခန်းလုပ်ရအောင်လေ.. ဘယ်မှာနေတာလဲ.. အိမ်နီးရင်ကောင်းမယ်.. :)
ရုံးမတတ်တဲ့ တို့များလည်း ၀ိတ်ကျချင်တယ်း)
ခံစားချက်ခြင်းတူနေတယ်မမရေး
ထမင်းစားချိန် ရယ်
စလုံးသူငယ်ချင်းတွေ ခရီးထွက်ပြီးပြောပြတာရယ်
တကယ်တော့ ဝယ်စားတဲ့ရသာကိုမနှစ်သက်ဖူး သူတို့ ဟင်းတွေအရသာကိုမနှစ်သက်ပေမဲ့ သူ့ တို့ ညွှန်းတာလေးတွေလိုက်စားရင်း ထမင်းဘူးမထည့်ချင်ဖူးလေ။ အဲဒီချိန်လေးကိုလည်းနှစ်သက်တာ မမနဲ့တူတယ်။
သာယာချမ်းမြေ့ပါစေရှင်း
မိုး
စိတ်ဝင်စားစရာကောင်းတယ် ဇွန်။
သူများတွေ ဝိတ်ချချင်တယ်ဆို... ငယ်တုန်းက guide တွေကျောင်းကိုသွားရင်း အရပ်နဲ့ ဝိတ်နဲ့ ယှဉ်တိုင်းတော့ malnourished / underweight လို့ ပြောလာတယ်။ ဘာလို့ underweight လို့ တွေးမှာလဲ၊ အရပ်က ပိုရှည်နေတာလို့ တွေးမှာပဲ ဆို ပြန်ပြောခဲ့တာ သတိရတယ်။ =D ကိုယ်လည်း 7kg လောက် ဝိတ်တက်အောင် လုပ်ရင် ကောင်းမလားမသိ။
မမရေ....ရုံးချုပ်ပေါ်မှာနေတုန်းကတော့ ဂျင်းလည်း အဲလိုအချိန်မျိုးလေးတွေ ပိုင်ဆိုင်ခဲ့ဘူးပါရဲ့....အခုတော့ ဆိုဒ်ထဲမှာဆိုတော့ သိတဲ့အတိုင်း.... စကားပြောစရာဆိုတာကလည်း ယောက်ျားလေးတွေချည်းပဲဆိုတော့....း(
အမသူငယ်ချင်းကလည်း ညနေစာပဲကြာဇံစားဖို့ အကြံပေးတယ် အုပ်ကြီးရဲ့။ :D
ဟုတ်ပ ကိုတီ... တစ်နှစ်လုံးချခဲ့သမျှ အဲဒီတစ်ရက်တည်းနဲ့ ပြန်တက်သွားရင် ဒုက္ခ... :0
မလေးကတော့ ၀ိတ်ချစရာမလိုဘူး ဟုတ် :)
မြူးမြူးက အရှေ့၊ အနောက်၊ တောင်၊ မြောက် ဘယ်မှာနေသလဲကွယ်?
မမသီတာ...အပြောင်းအရွှေ့လုပ်တဲ့ကာလရောက်ရင်အလိုလိုကျသွားမှာပါ။း)
ဟုတ်တယ် မိုးရေ... အဲ့ဒီအချိန်လေးကြောင့်ပဲ တစ်ရက် ၈နာရီကို မညည်းမညူဘဲ လုပ်သွားနိုင်တာ။
ရီတာ့ကို အရပ်နဲ့ဝိတ်ထည့်ပြီး ကိုယ့်ကျန်းမာရေး အခြေအနေစစ်လို့ရတဲ့ အီးမေးလ် ပို့လိုက်ဦးမှ။ ;)
ဂျင်းလည်း အဲဒါနဲ့ ထမင်းဗူး နေ့တိုင်းယူဖြစ်သွားတယ် ထင်တယ်။
အဲ့ဒီလိုမျိုး စုပြီးထမင်းစားချင်လိုက်တာ။ ပျော်စရာနော်။
ကျမအလုပ်က ၁၂ နာရီခွဲဆိုပြီးတော့ အိမ်မှာပဲစားရတယ်။ ဒီကလူတွေက နေ့ လည်ဖက် ပေါင်မုန့် စားကြတော့ ပျော်စရာကောင်းချင်မှကောင်း မှာပါလေ။
အမလည်း မလေးလိုပဲ ဇွန်ရဲ့ နေ့လည်စာကို တယောက်ထဲ ကွန်ပြူတာရှေ့ ဘလော့ဖတ်ရင်း စားချင်တာ၊ အရင်ရုံးမှာ စားခဲ့တယ်။ ခု ရုံးသစ်ကျတော့ ကိုယ့်စားပွဲမှာ ထမင်းစားခွင့် မရှိဘဲ ပန်ထရီထဲ သွားစားကြရတယ်။ မကြိုက်ဘူး အဲလို မစားချင်ဘူး ဖြစ်နေတယ်...:)
ချစ်ကြည်အေးကို နေ့လည်စားချိန်မှာ လမ်းတူတူလျှောက်ရအောင် (စကားတစ်ခွန်းမှ မပြောပါဘူး) ပြောမလို့ သူက ဘလောဂ်ဖတ်ချင်တယ်ဆိုလို့ ထားလိုက်ပြီကွယ်. ..း))
ဇွန်ရေ.. မလေး ဘလောဂ်က ဖတ်လို့ရသေးလားဟင်.. ဘာမှ ဖွန့်မပြောင်းဘဲ ဘာပြောင်းသွားလည်း မသိဘူး
နေ့လည်စာစားချိန်က ပျော်စရာပဲ၊
စကားပြောတာဟာ ကောင်းတဲ့ အကျင့်တခုပဲ၊
ကိုယ်ကတော့
ဘယ်နေရာမှာမဆို နားထောင်သူသက်သက်ပဲ၊
စကားမပြောဖြစ်လို့ စာရေးဖြစ်တာပါလေ။
၇ ကီလိုကျအောင်လုပ်နေတဲ့ နည်းလေးလည်း
မျှပါအုံး။
အစ်မ ကျွန်တော် ဘလက်ကော်ဖီပါ ခုမှ ဒီဘလောဒ့်ကို ပထမဆုံး ရောက်ဖူးတာ စာတွေဖတ်သွားတယ် အစ်မ...
အစ်မ ၇ကီလိုဆိုရင် မနည်းဘူးနော်။ ဒါနဲ့ စကားမစပ် အစ်မ တို့ ရုံးက တစ်ရုံးလုံး ဝတာလား။ အားလုံး ၇ကီလိုစီ ဝိတ်လျှော့မယ် ပြောလို့ မေးကြည့်တာနော်။ စိတ်ဆိုးနဲ့  ဟီ ဟိ။
မဇွန်.. မြူးမြူးက Jurong East မှာနေတယ်.. ခု BMI 25 (Normal weight) ကိုပြန်ရောက်သွားပြီနော်.. နည်းလမ်းကောင်းတွေ မျှဝေချင်တယ်.. သိချင်ရင်ဆက်သွယ်ပါ..း)