အလွမ်းရက် ၁,၄၆၁

Category:

မောင်ရေ… ဘာလိုလိုနဲ့ မောင့်ကိုလွမ်းရတဲ့ရက်ပေါင်း ထောင်ကျော်ခဲ့ပြီကွယ်။ 

ညကပဲ မောင် ကျွန်မ အိပ်မက်ထဲ အလည်ရောက်လာခဲ့သေးနော်။

မောင်နဲ့မတွေ့ရတဲ့နှစ်လတွေမှာ မောင့်ကို ပြောပြချင်တဲ့ အကြောင်းအရာတွေက အများသားပဲ မောင်…

မောင် အရင်းနှီးဆုံးပေါင်းခဲ့တဲ့ ယောက်ျားလေး သူငယ်ချင်းနှစ်ယောက်တောင် ကလေးအဖေတွေ ဖြစ်ကုန်ကြပြီ။ တစ်ယောက်က ယောက်ျားလေးမွေးပြီး၊ တစ်ယောက်က မိန်းကလေးမွေးတာဆိုတော့ သူတို့နှစ်ယောက် ခမည်းခမက်တော်လို့ရတာပေါ့လို့ ကျွန်မ စနောက်လိုက်သေးတယ်။ 

ဟယ်ရီပေါ်တာမင်းသားလေး ဒန်နီရယ်လ်တောင် လူပျိုကြီးဖားဖားဖြစ်လို့၊ ဟယ်ရီပေါ်တာ နောက်ဆုံး ဇာတ်လမ်းတွဲတောင် ဒီနှစ်နွေရာသီမှာ အဆုံးသတ်တော့မယ် မောင်…။ မင်းသမီးလေး အမ်မာက လှသွေးကြွယ်တဲ့ ချစ်စရာ အပျိုမ ချောချောလှလှလေးတစ်ယောက် ဖြစ်နေပြီ။ 

အစားကောင်းစားမိရင် ချစ်တဲ့သူကို သတိရတတ်ကြတယ်လို့ ပြောကြတယ် မဟုတ်လား မောင်။ ဒါပေမဲ့ ကျွန်မအတွက်တော့ အစားကောင်းမှ မဟုတ်ဘူး၊ စာအုပ်ကောင်းတစ်အုပ် ဖတ်ရတဲ့အခါ၊ ရုပ်ရှင်ကားကောင်းတစ်ကား ကြည့်ရတဲ့အခါမှာလည်း ကိုယ်ချစ်တဲ့သူတွေကို သတိရတတ်တယ်။ မောင်သိပ်ကြိုက်မယ်လို့ သေချာတဲ့ Avatar လိုကားမျိုး မောင်နဲ့ကျွန်မ အတူတူ ကြည့်ခွင့်မရလိုက်ဘူးနော်။ 

ဟိုအရင် အာရှက ထိတ်လန့်ခြောက်ချားဖွယ်ကောင်းတဲ့ ထိုင်း၊ ဂျပန်သရဲကားတွေကို ဟောလီးဝုဒ်က ပြန်ရိုက်တဲ့ ခေတ်ကနေ  အခုဟောလီးဝုဒ်က ကောင်းပေ့ဆိုတဲ့ နာမည်ကြီး အချစ်ကားတွေကို အာရှက ပြန်ရိုက်နေတဲ့ခေတ် ရောက်နေပြီ မောင်။ မောင်ကြိုက်ခဲ့တဲ့ What Women Want ကို တရုတ်က ပြန်ရိုက်ပြီး၊ Ghost ကို ဂျပန်က ပြန်ရိုက်ထားတယ်။ မောင် ကြည့်ပြီးရင် ဘယ်လိုဝေဖန်မလဲဆိုတာ ကျွန်မ သိချင်နေမိတယ် မောင်။ 

မောင်ရေ… သူငယ်ချင်းလင်း လက်ဆောင်ပေးလို့ ဖတ်လိုက်ရတဲ့ Malcom Gladwell ရဲ့ Outliers ဆိုတဲ့ စာအုပ်လည်း သိပ်ကောင်းတာပဲ သိလား။ မောင်ဖတ်မိရင်လည်း ကြိုက်မယ့်စာအုပ်မျိုးဆိုတာ ကျွန်မ သေချာတယ် မောင်။ 

ကမ္ဘာကြီးက ရုပ်ဝတ္ထုပိုင်းဆိုင်ရာဘက်မှာ တိုးတက်နေပေမယ့် စိတ်ဓာတ်ရေးရာပိုင်းမှာတော့ သိသိသာသာ ချို့ယွင်းဆုတ်ယုတ်လာနေတာ အမှန်ပဲမောင်။ 

သြော်…မောင်ရေ… အရင်လက်ကိုင်ဖုန်းတွေပေါ်ကာစ Handset တွေက လေးထောင့်စပ်စပ် ထူထူကြီးကြီးတွေကနေ တဖြည်းဖြည်းပါးပြီ သေးအောင် ထုတ်လာခဲ့ကြတာနော်။ အခုကျတော့ ဖုန်းတစ်လုံးရဲ့ features ထက်ပိုတဲ့ function တွေထည့်သွင်းပြီး ဖုန်းတွေက ပါးပါးပြားပြားကနေ နဲနဲပိုကြီးပြီး အလေးချိန်ပိုစီးလာတယ်။ လူတွေအရင်က ဖုန်းပြော၊ မက်ဆေ့ခ်ျပို့ရုံ အသုံးပြုရာကနေ ဖုန်းထဲကနေပဲ သတင်းတွေ၊ စာတွေ မေးလ်တွေဖတ်၊ လူမှုကွန်ယက်တွေဝင်ကြည့်နဲ့ အာရုံငါးပါး တစ်ချက်ကလေးမှ အနားမပေးနိုင်အောင် အလုပ်ရှုပ်နေကြတာ မောင့်ကို ပြချင်တယ်။ 

ခုနေခါမှာ Apple ထုတ်တဲ့ iPhone ကို လူအများ သိသိသာသာ သုံးလာကြတာ တွေ့ရတယ် မောင်။ မောင်သာဆိုရင်လည်း သေချာပေါက် iPhone သုံးမယ့်သူဆိုတာ ကျွန်မက သိနေပြန်တယ်။ iPad လည်း တော်တော်များများ သုံးနေကြပြီ မောင်ရဲ့။ Steve Jobs က Apple ကနေ အကန့်အသတ်မဲ့ ဆေးခွင့်ယူသွားတဲ့အတွက် နှမြောမိတယ် မောင်။ သူတာဝန်မထမ်းဆောင်တော့မယ့် Apple ရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်မ မှန်းဆကြည့်နေမိတယ်။ မောင်သာရှိရင်တော့… ဒီအကြောင်းတွေ ကျွန်မ မောင်နဲ့ဆက်ဆွေးနွေးဖြစ်ဦးမှာပေါ့။ နောက်ဆုံးတော့ ဘယ်အရာမှ မသေချာပါဘူး မောင်လို့ ကျွန်မ နိဂုံးချုပ်မိမလားဘဲ။

အီဂျစ်မှာလည်း အနှစ် သုံးဆယ်လုံးကြီးစိုးအုပ်ချုပ်ခဲ့တဲ့ မူဘာရက်အစိုးရကို ပြည်သူနဲ့တပ်မတော် ပူပေါင်းပြီး အောင်မြင်စွာ ဖြုတ်ချနိုင်လိုက်တယ် မောင်။ ကျွန်မစိတ်ထဲ ၀မ်းသာဝမ်းနည်းပေါ့။ ဘာကြောင့်လဲဆိုတာ ကျွန်မ မပြောဘဲ မောင်သိမှာပါ။

သဘာဝဘေးအန္တရာယ်ကပ်ဆိုးတွေကလည်း ကမ္ဘာ့နေရာအနှံ့အပြား တစ်နေရာနဲ့တစ်နေရာ ဖြစ်သွားလိုက်တာ လပိုင်းတောင် မခြားဘူး မောင်ရယ်။ ၂၀၀၄ ဒီဇင်ဘာတုန်းက ဖြစ်သွားတဲ့ အင်ဒိုနီးရှားဆူနာမီထက် ပိုပြင်းတဲ့ ဆူနာမီက တစ်နေ့ကပဲ ဂျပန်အရှေ့မြောက်ကမ်းခြေကို ၀င်ရောက်တိုက်စားပစ်ခဲ့တယ် မောင်။ ငလျင်အကြီးကြီးပြီးတော့ အသေးလေးတွေ ဆက်လှုပ်နေတာ တစ်ညလုံးပဲတဲ့။ အသက်ရှင်ကျန်ရစ်တဲ့ လူတွေမှာလည်း စိုးရိမ်သောက ဗျာပါဒတွေနဲ့ ရတက်မအေးကြရပါဘူး မောင်။ 

ကျွန်မအတွက် မောင်စိတ်ပူသွားပြီလားဟင်?

မပူပါနဲ့ မောင်ရယ်။ ကျွန်မက မောင့်ကို သိစေချင်တဲ့အကြောင်းတွေ ပြောပြရုံသက်သက်ပါ။ နောက်ပြီး ကျွန်မက တရားဓမ္မကို အရင်ကထက် အဆများစွာပိုပြီး လေးနက်ယုံကြည်စွာ ကိုးကွယ်နေမိတော့ ဘယ်အရာမဆို တရားနဲ့ဖြေတွေးနှစ်သိမ့်တတ်လာပြီ မောင်။ တရားကလည်း ကျွန်မကို ပြန်စောင့်ရှောက်မယ်ဆိုတာ ယုံကြည်နေတယ် မောင်။ 

ကျွန်မလေ မောင်နဲ့အတူတူရှိနေစဉ်တုန်းကထက် ပိုပြီးသတ္တိတွေရှိလာခဲ့တယ်။ အရင်က ဘာလေးမဆို မောင့်ကိုအားကိုးတကြီး မေးမြန်းတတ်ခဲ့တဲ့ကျွန်မ အခုဆို တစ်ယောက်တည်း စဉ်းစားဆုံးဖြတ်တတ်ခဲ့ပြီ မောင်။ ဘာလုပ်လုပ် ဘယ်သွားသွား ကျွန်မတစ်ယောက်တည်း လုပ်ရဲ သွားရဲခဲ့ပြီ။ ရုပ်ရှင်လည်း တစ်ယောက်တည်း ကြည့်တတ်ခဲ့ပြီ။ ဈေးလည်း တစ်ယောက်တည်း ၀ယ်တတ်ခဲ့ပြီ။ နိုင်ငံရပ်ခြားခရီးတွေလည်း တစ်ယောက်တည်း သွားရဲခဲ့ပြီ မောင်။ ဘ၀မှာ မောင်မပါဘဲ ကျွန်မတစ်ယောက်တည်း အစစအရာရာရင်ဆိုင်ဖို့ ကျွန်မဘယ်လောက်လေ့ကျင့်ယူခဲ့ရတယ်ဆိုတာ ကျွန်မကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ သိနိုင်မယ်မထင်ပါဘူး မောင်။ အခုတော့လည်း တစ်ယောက်တည်းဘ၀မှာ ကျွန်မ ကျင့်သားရနေပါပြီ။ 

တကယ်တော့ မောင်ရယ်…. “သေသောသူ ကြာရင်မေ့” ဆိုတဲ့ စကားပုံဟာ ကျွန်မအတွက် မမှန်ပါဘူးကွယ်။ 


ဇွန်မိုးစက်

Comments ( 28 )

ညီမရယ်...

အစ်မရယ်.....ဘာဆက်ပြောရမှန်းတောင်မသိတော့ပါဘူး....တရားတော်တွေနဲ့အတူ မွန်းမံထားတဲ့ စိတ်လေးတစ်ခုရယ်.....လောကကြီးရဲ့ နှိုင်းယှဉ်မှု တစ်ချို့ရယ်.....နောက်...လေးစားဖွယ်ရာ ချစ်ခြင်းမတ္တာတစ်ခုရယ်ပေါ့...... ။

ခင်တဲ့(ဖိုးကြယ်)

ဒီလို စိတ်မကောင်းစရာအကြောင်းတွေကို ကာယကံရှင်ကိုမေးကြည့်ချင်ပေမယ့် မမေးဖြစ်ခဲ့ဘူး၊ အတိတ်ကအရိပ်တွေကို ဇွန် မေ့ပစ်နိုင်ပါစေ။

ဟိုတနေ့ကတည်းက သတိရနေတာ။

စာရေးသူ စာဖတ်ကြောင်း ရေးထားတဲ့ စာပိုဒ်တွေကတဆင့် သိရတာမို့ အင်မတန်ဝမ်းသာပါတယ်... ၄ နှစ်ကျော်လာပြီ ဖြစ်တဲ့ အလွမ်းတွေ ..အမြန်ကုန်လို့ .. Happy Ending ဖြစ်ပါစေလို့ ..ဆုတောင်းပေးပါတယ်..

I am so sorry to hear that sorrowful incidence.

မမ....
ဖတ်ပြီး ဂျင်း မျက်ရည်ဝဲမိတယ်...တကယ်။ မမစိတ်ဓါတ်တွေကြံ့ခိုင်နေပြီဆိုတာ ဂျင်း သိတယ်။ :)

ချစ်တဲ့
ဂျင်း

ညီမဇွန်ရေ...အလွမ်းတွေကို တရားဓမ္မနဲ့ပဲ တဖြည်းဖြည်း တိုက်စားပါးလျ စေလိုက်ပါတော့ ညီမရယ်...။ နှစ်ယောက် အတူ ရှိနေသူတွေလည်း တနေ့မှာတော့ ရှင်ကွဲမဟုတ်တောင် သေကွဲ ကွဲ ကြရမှာပါပဲလေ....အနှေးနဲ့ အမြန်ပါပဲ။ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေတော့ လိုအပ်တာပေါ့လေ.....

း( ဖတ်ပြီး ငိုချင်သွားတယ် မရယ် ..း(

ဇွန်... ပျော်ရွှင်ပါစေ။

ငိုနဲ့နော်၊
ပန်းပေးတယ်၊ ကြိုက်တာယူ၊
အရင်နှစ်တုန်းကလည်း ဖတ်ရတယ်။


စကားမစပ်
ဘယ်တော့ ပြန်မှာလဲ၊ ဘယ်ကာလလဲ၊ ကြာမှာလား၊ ရန်ကုန်ကိုပဲလား၊

ဘယ်လိုပြောရမှန်း မသိအောင်ပါပဲ ဇွန်မိုးစက်ရယ်
အချိန်ဆိုတဲ့ သမားတော်ရဲ့ ဆေးတွေကိုသာ မှီဝဲရမှာပါပဲ။

ပိုစ့်ဖတ်နေရင်း တဝက်လောက်မှာ သေများသွားတာလား မသိဘူးဆိုတဲ့ အတွေးတချက် ဝင်လာတယ်။

ပိုစ့်ရဲ့အဆုံးမှာ"" “သေသောသူ ကြာရင်မေ့” ဆိုတဲ့ စကားပုံဟာ ကျွန်မအတွက် မမှန်ပါဘူးကွယ် " ဆိုတော့...,

ရင်ထဲနင့်သွားတာပဲ မဇွန်ရယ်။ !_!

တယောက်သောသူကို တကယ်ချစ်မြတ်နိုး ကြင်နာခဲ့ရိုး မှန်ရင် သေကွဲပဲ ကွဲကွဲ၊ ရှင်ကွဲပဲ ကွဲကွဲ အချိန်တွေ အရာတွေ ဘယ်လိုပင်ပြောင်းပြောင်း တမ်းတလိုက်တဲ့ နေရာတိုင်းမှာ ချစ်သောသူဟာ အမြဲ ရှိနေတတ်ကြစမြဲပါပဲ။

တကယ့်ကို နက်နဲမှန်ကန်စွာ ကိုယ်ချင်းစာ နားလည်မိပါတယ် မဇွန်ရေ။

ချစ်ခင်စွာ
နန္ဒာ

Good writing.. :)

I believe you can be free from such suffering soon. sis. All the best,

တင်ကာစကတည်း ကိုယ် ဖတ်သွားတယ် ဇွန်

This comment has been removed by the author.

ပိုပြီးသတ္တိတွေရှိလာခဲ့တယ် ဆိုတဲ့စကားကို သာဓုခေါ်သွားပါတယ်။

မမရေးးးးးခုမှဖတ်မိတယ်။
ရင်ထဲမကောင်းလိုက်တာ မျက်ရည်တောင်ဝဲမိပါတယ်။
မမတစ်ယောက် ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေ...

သာယာချမ်းမြေ့ပါစေရှင်း
မိုး

ဟုတ်တယ်.. သေသောသူကြာရင်မေ့ဆိုတာ မမေ့တတ်သူတွေတွက် မမှန်ပါဘူးကွယ်..

ဝေမျှလို့ ဆို့နင့်စွာခံစားရပါတယ်..ဇွန်။

ဇွန်...

ဘယ်ပျောက်နေလည်း
မလေး စိတ်ပူတယ်။

It was a great sorrow to lose you. Hope you will receive all the merits from your loved one. Sadly, you didn't get a chance to see my daughter. R.I.P my friend.

One of Junes

အတိအကျကိုတွက်ထားတာပဲ..မမက..

(၃၆၅ x ၄)+ ၁- ၁၄၆၁ ရက်

မျက်ရည်တွေနဲ့ ပြန်သွားပါတယ်မမ...

့ဖြုမေ

မျက်ရည်တွေဝဲနေပြီ အစ်မဇွန်ရယ်... (ငိုမိတော့မယ် ထင်တယ်)

အစ်မပြောသလို တရားက အစ်မကို စောင့်ရှောက်မှာပါ...

ငါ့အစ်မ နှစ်သစ်မှာ ငြိမ်းချမ်းပျော်ရွှင်ပါစေ...

Nan, Whenever I read your shout-outs, I feel really sad. :( SMN was so lucky to have you.

ပို့စ်လေးဖတ်ပြီး ၀မ်းနည်းမိတယ်
ဟုတ်ပါတယ် သေသောသူကြာရင်မေ့လို့ ပြောကြပေမဲ့
တကယ်တော့ မမေ့နိုင်ပါဘူး။ ဒါလည်းခံစားဖူးသူတွေသာ သိနားလည်ကြတာပါ။ တရားက ဇွန့်ကို စောင့်ရှောက်မှာပါ ;(
အပေါ်က အလှူပို့စ်ဖတ်ပြီး စိတ်ဓါတ်လေးကို
ချီးကျူးမိတယ်။ ၀မ်းသာမျက်ရည်လေးတောင် ကျခဲ့မိတယ။် အခုပို့စ်က ကိုယ့်ကို တော်တော်ဝမ်းနည်း မျက်ရည်ကျစေခဲ့တယ်။ စာရေးလည်းကောင်းတယ်နော်

အမြဲတွေးကြောက်ခဲ့ဖူးတဲ့...အဖြစ်အပျက်။ မမရယ်..!_!



နောင့်

စိတ်မ ကောင်းလိုက်တာရှင်