လွန်ခဲ့တဲ့ ၂နှစ်လောက်က အတူနေသူငယ်ချင်းက သူရဲ့ စိတ်ကူးဆန္ဒကို အရင်းနှီးဆုံးသူငယ်ချင်းတစ်ချို့ကို ဖွင့်ဟပြောဆိုခဲ့ရာမှ ဒီကုသိုလ်မှတ်တမ်းလေး အစပြုခဲ့ပါတယ်။ ၂၀၀၈ခုနှစ် မေလမှာဝင်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ဒေသက မိဘမဲ့ကလေးတွေကို ရှင်ပြုပေးချင်တဲ့ သူ့ဆန္ဒကို အကောင်အထည် ဖော်နိုင်ဖို့အတွက် သူငယ်ချင်းတစ်ယောက်က စီးပွားရေးတက္ကသိုလ်မှာ ခင်မင်ခဲ့ရတဲ့ ဘိုကလေးနယ်ခံ သူငယ်ချင်းတစ်ယောက်ကို ရှာဖွေဆက်သွယ်ပြီး၊ ကိုယ်တိုင်ဘိုကလေးထိဆင်းလို့ မိဘမဲ့နဲ့ ဆင်းရဲနွမ်းပါး ကလေးအများစု ပညာသင်ကြားရာ မင်္ဂလာကံသာ ဘုန်းတော်ကြီးသင်ပညာရေးမူလွန်ကျောင်းကို ရှာဖွေတွေ့ရှိ ဆက်သွယ်နိုင်ခဲ့ပါတယ်။
ဒီအလှူကို အကောင်အထည်ဖော်မယ်လို့ ဆုံးဖြတ်ပြီးတဲ့အချိန်ကစလို့ လစဉ်ပမာဏတစ်ခုဖယ်ထားပြီး စုသူကစု၊ စနေတနင်္ဂနွေမှာ အချိန်ပိုင်းလုပ်ပြီး အလှူအတွက်သက်သက် ပိုက်ဆံစုသူကစုနဲ့ တွေးကြည့်တိုင်း ပီတီဖြစ်စရာ ကောင်းလှပါတယ်။ ရှင်အပါး ၂၀ဆယ်စာ သတ်မှတ်ပြီး စင်္ကာပူက သူငယ်ချင်းလေးယောက် ကိုယ်နိုင်သလောက် မျှခံကြမယ်လို့ ရည်စူးခဲ့ပါတယ်။ ၂၀၁၀ အောက်တိုဘာ သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ရွေးကောက်ပွဲဘာဘာညာညာ သတင်းများကြောင့် ရက်ကိုနောက်ဆုတ်ရင်း ၂၀၁၁ ဖေဖော်ဝါရီ သို့မဟုတ် မတ်လ နွေရာသီ အတန်းတင်စာမေးပွဲအပြီးမှာ ပြုလုပ်ဖို့ ၂၀၁၀ ဒီဇင်ဘာလမှာ အတည်ပြုလိုက်နိုင်ပါတယ်။ လေးယောက်စလုံး အတူပြန်ပြီး အလှူလုပ်နိုင်မယ့်ရက်ကို ညှိလိုက်တဲ့အခါ မတ်လ ၂၀ရက် တနင်္ဂနွေနေ့ (တပေါင်းလပြည့်ကျော်တစ်ရက်) က အဆင်ပြေဆုံးဖြစ်နေလို့ အဲဒီ့နေ့ကိုပဲ ရွေးချယ်သတ်မှတ်လိုက်ပါတယ်။
ဒီအလှူကို သူငယ်ချင်းတစ်စုပဲ လုပ်ကြမယ်လို့ ရည်ရွယ်ထားခဲ့ပေမယ့် ခင်မင်နီးစပ်တဲ့ မိတ်ဆွေသူငယ်ချင်းတွေကို မတ်လထဲမှာ ရှင်ပြုအလှူတစ်ခုလုပ်ဖို့အတွက် ခဏပြန်ဖြစ်မယ်ဆိုတဲ့အကြောင်း ပြောပြမိတဲ့အခါ နားထောင်ရတဲ့သူတွေက သဒ္ဓါပေါက်သွားပြီး အလှူငွေထည့်ဝင်ချင်ပါတယ်လို့ ဆိုလာတဲ့အတွက် အလှူငွေများကို ၀မ်းမြောက်စွာနဲ့ လက်ခံလိုက်ကြပါတယ်။ အလှူငွေထည့်ဝင်သူများရှိလာတဲ့အတွက် ရှင်အပါး ၂၀ကနေ ၂၅ပါးကို တိုးလိုက်ပါတယ်။
လေယာဉ်လက်မှတ်ဝယ်ပြီးတဲ့အချိန်ကတည်းကစလို့ သူငယ်ချင်းတစ်သိုက် စိတ်လှုပ်ရှားပျော်ရွှင်နေလိုက်တာ အလှူပြီးမြောက်သွားတဲ့ အထိပါပဲ။ အလှူအတွက် တိုင်ပင်ပြောဆိုကြတဲ့ အီးမေးလ်တွေ အပြန်အလှန် ရေးပို့ကြတာလည်း နေ့စဉ်အကြိမ်ပေါင်း မနည်းပါဘူး။ ရှင်ပြုအလှူအတွက်ပြန်ရင်း ဆင်းရဲနွမ်းပါးတဲ့ ချင်းပြည်နယ်ကျောက်ကွင်းရွာအတွက်လှူဖို့ အ၀တ်အစားတွေကလည်း တပါးတည်း သယ်သွားချင်ကြသေးတာလေ။ SilkAir နဲ့ တစ်ယောက်ကို ကီလို၃၀နှုန်းရတဲ့အတွက် ၁၀ကီလိုလောက်ပဲ ကိုယ့်အတွက်သယ်ပြီး ကျန်တဲ့ ကီလို၂၀ ကို လှူမယ့်အ၀တ်တွေ သယ်သွားပေးနိုင်ခဲ့ပါတယ်။ အလှူအတွက် ဖားအောက်တောရက ဘုန်းဘုန်းဦးဥက္ကံ လှူလိုက်တဲ့ သင်္ကန်း ၁၅စုံကိုတော့ သပြေနုကနေပဲ ကီလိုဝယ်ပြီး ပို့ထားနှင့်ပါတယ်။
ကျောက်ကွင်းရွာအတွက် ပေးလှူမယ့်အ၀တ်ထုပ်တွေပါ။ ကားပေါ်မှာ နှစ်ထုပ်ကျန်ပါသေးတယ်။
သွားမယ့်အချိန်က နွေရာသီဆိုတော့ အင်္ကျီအပါးလက်တိုလေးတွေ ရွေးထည့်ထားတုန်း မပြန်ခင် ၃၊၄ရက်အလိုမှာ နွေခေါင်ခေါင်မုန်တိုင်းကျပြီး ရာသီဥတုအလွန်အမင်းအေးစိမ့်နေတယ်ဆိုလို့ အင်္ကျီလက်ရှည်နဲ့ အနွေးထည်တွေပြန်ရှာ ထည့်ရပြန်ပါတယ်။
ရန်ကုန်နဲ့ဘိုကလေးက မိသားစုသူငယ်ချင်းတွေ စိတ်ပူနေကြတာပေါ့။ အလှူနဲ့ လေကြီးမိုးကြီးနဲ့မိတော့မယ်ဆိုပြီး...။ စင်္ကာပူက သူငယ်ချင်းတစ်စုကတော့ ကုသိုလ်ကောင်းမှုသွားလုပ်မှာမို့ စိတ်ထဲမှာ အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိကြဘဲနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီအလှူကို ဖြစ်အောင်သွားလုပ်မယ်ဆိုတဲ့စိတ်ပဲ ကြီးစိုးနေကြတာပါ။ ဒါပေမယ့် ဘိုကလေးကို သင်္ဘောနဲ့သွားမယ့် အစီအစဉ်ဖျက်လိုက်ပြီး ကားနဲ့ပဲသွားတော့မယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။
မတ်လ ၁၈ရက်နေ့ မနက် ၇နာရီ ၅၀မိနစ် လေယာဉ်နဲ့ ရန်ကုန်ကိုပြန်၊ ရန်ကုန်ရောက်ပြီး ညနေ ၃နာရီမှာ အိမ်ကနေထွက်ပြီး စုရပ်ပန်းဆိုးတန်းဆိပ်ကမ်းမှာ ၃နာရီခွဲဆုံဖို့ ချိန်းလိုက်ကြပါတယ်။ လိုက်မယ် မလိုက်ဘူး မသေချာဖြစ်နေတဲ့ ရန်ကုန်က သူငယ်ချင်းနှစ်ယောက်လည်း အနီးကပ်မှာ လိုက်ဖြစ်သွားပါတယ်။ ရန်ကုန်ကနေ စုစုပေါင်းလိုက်မယ့်သူက ၄ယောက်ဆိုတော့ စုစုပေါင်း ၈ယောက်ပါ။ အားလုံးမိန်းကလေးတွေချည်းပါပဲ။ ဇွန်မိုးစက်တစ်ယောက် လမ်းတစ်ဝက်အရောက်မှာမှ နောက်ဆုံးလက်ကျန်လွှဲလိုက်တဲ့ အလှူငွေထုပ် မေ့ကျန်ခဲ့တာ သတိရလို့ အိမ်တစ်ခေါက်ပြန်ယူလိုက်ရပြီး ပန်းဆိုးတန်းဆိပ်ကမ်းကို ၄နာရီမှ ရောက်သွားပါတယ်။
သင်္ဘောအဆိုက်နဲ့တိုးလို့ တခါတည်း ဒလဘက်ကို ဆက်ကူးပြီး သူငယ်ချင်းရဲ့အစ်ကို ငှားထားပေးတဲ့ ဆူပါရုဖ်ဗန်ကား ၂စီးမှာ ၄ယောက်တစ်စီးနှုန်းနဲ့ ညနေ၄နာရီခွဲမှာ ဒလ-ဘိုကလေး ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲဒေသများကို ဖြတ်ကျော်ပြီး ည၇နာရီမှာ ဖျာပုံရောက်ပါတယ်။ ဖျာပုံမှာ ညနေစာထမင်းဝင်စားကြပြီး ၇နာရီခွဲလောက်ကနေ ဆက်ထွက်လာခဲ့တာ ည၈နာရီခွဲမှာ ဘိုကလေးကို အဆင်ပြေချောမော အန္တရာယ်ကင်းစွာနဲ့ ရောက်ရှိသွားပါတော့တယ်။
လမ်းအစ၊ လမ်းအဆုံးနဲ့ တံတားကြီးနှစ်ခုမှာသာ လမ်းတွေကောင်းပြီး ကျန်တဲ့လမ်းတွေ အထူးသဖြင့် ဒေးဒရဲ- ဖျာပုံ-ဘိုကလေးလမ်းတွေမှာတော့ တွန့်ခေါက်ချိုင့်ခွက်တွေများပြီး ကြမ်းတမ်းပါတယ်။ ကားတွေကလည်း အတော်အကြမ်းခံနိုင်တယ်လို့ ပြောရမှာပဲ။ တစ်စီးကို လေးသောင်းခွဲပေးရတာ ကားနာတာနဲ့ ယှဉ်ကြည့်ရင် ဈေးတန်တယ်လို့ ဆိုနိုင်ပါတယ်။ ကားလမ်းတွေသာ ကောင်းခဲ့ရင် ဒလ-ဘိုကလေးကို နှစ်နာရီခွဲနဲ့ မောင်းလို့ရတယ်လို့ ကားဆရာကြီးက ပြောပြပါတယ်။ ဇွန်တို့သွားခဲ့တဲ့ခရီးက ထမင်းစားချိန် နာရီဝက်နုတ်လိုက်ရင် တောက်လျှောက်မောင်းချိန် ၄နာရီ ရှိပါတယ်။
လမ်းအစ၊ လမ်းအဆုံးနဲ့ တံတားကြီးနှစ်ခုမှာသာ လမ်းတွေကောင်းပြီး ကျန်တဲ့လမ်းတွေ အထူးသဖြင့် ဒေးဒရဲ- ဖျာပုံ-ဘိုကလေးလမ်းတွေမှာတော့ တွန့်ခေါက်ချိုင့်ခွက်တွေများပြီး ကြမ်းတမ်းပါတယ်။ ကားတွေကလည်း အတော်အကြမ်းခံနိုင်တယ်လို့ ပြောရမှာပဲ။ တစ်စီးကို လေးသောင်းခွဲပေးရတာ ကားနာတာနဲ့ ယှဉ်ကြည့်ရင် ဈေးတန်တယ်လို့ ဆိုနိုင်ပါတယ်။ ကားလမ်းတွေသာ ကောင်းခဲ့ရင် ဒလ-ဘိုကလေးကို နှစ်နာရီခွဲနဲ့ မောင်းလို့ရတယ်လို့ ကားဆရာကြီးက ပြောပြပါတယ်။ ဇွန်တို့သွားခဲ့တဲ့ခရီးက ထမင်းစားချိန် နာရီဝက်နုတ်လိုက်ရင် တောက်လျှောက်မောင်းချိန် ၄နာရီ ရှိပါတယ်။
အခုနောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီးလို့ ခေါ်ဝေါ်သုံးစွဲတာကို တွေ့ရပါတယ်
ဘိုကလေးရောက်တော့ သူငယ်ချင်းစီစဉ်ပေးထားတဲ့ တည်းခိုရိပ်သာမှာ အနားယူအိပ်စက်ပြီး ကျောင်းသားလေးများကို ဆံချပေးမယ့် နောက်တစ်နေ့ စနေနေ့အတွက် အားမွေးကြရပါတယ်။ ၁၉ရက်နေ့ စနေနေ့မနက်ပိုင်းမှာ သူငယ်ချင်းစီစဉ်ပေးထားတဲ့ ကားနဲ့ပဲ ဘိုကလေးမြို့မှာရှိတဲ့ အောင်စကြာဘုရားနဲ့ တာဝတိံသာဘုရားတို့ကို သွားရောက်ဖူးမြော်ပြီး လှေနဲ့နတ်ချောင်းတဘက်ကမ်းကိုကူးလို့ ပေါ်တော်မူကုန်းမြေရှိ ဘုရားစေတီများကိုလည်း သွားရောက်ဖူးမြော်ခွင့် ရခဲ့ပါတယ်။
ရှင်သာမဏေများအတွက် ပရိက္ခရာရှစ်ပါးနှင့် သင်္ကန်းများ
ကိုရင်များအတွက် ခေါင်းအုံးနှင့်ဖျာများ (ရှင် ၂၅ပါးစာ ခေါင်းအုံးစွပ်တွေကို စိတ်ရှည်လက်ရှည်နဲ့ ကိုယ်တိုင်ချုပ်ထားပေးတဲ့ ဘိုကလေးက သူငယ်ချင်းကို အရမ်းပဲ ကျေးဇူးတင်ရပါတယ်)
ပေါ်တော်မူကပြန်လာ၊ နေ့လည်စာစားပြီးတဲ့နောက် အလှူပြုလုပ်မယ့် မင်္ဂလာကံသာကျောင်းကို သွားချိန်မှာ ညနေ ၃နာရီမှာ ရှိပါပြီ။ လူစုံတဲ့အခါ ရှင်လောင်းများကို နတ်ပြ၊ ဆံချပြီး သင်္ကန်းစည်းပါတယ်။ ကျောင်းပေါ်အရောက် ဖြူစိမ်းဝတ်စုံကို ၀တ်ဆင်ထားပြီး သနပ်ခါးအဖွေးသားနဲ့ ကလေးငယ်များကို မြင်ရတဲ့အခါ ရင်ထဲမှာ လှိုက်ကနဲဖြစ်သွားပြီး ကြည်နူးပီတိဖြစ်တဲ့ ခံစားချက်က ဖော်ပြလို့မရအောင် ဖြစ်သွားတာ အမှန်ပါ။ မိဘမဲ့ကလေးတစ်ချို့ကို မြင်ရတဲ့အခါမှာတော့ ၀မ်းနည်းဝမ်းသာ ခံစားချက်နှစ်မျိုးလုံး ဖြစ်ပေါ်လာပါတယ်။ စနေနေ့ တပေါင်းလပြည့်နေ့ညနေစောင်းမှာပဲ ကလေးငယ် ၂၅ယောက်ဟာ ရှင်သာမဏေအဖြစ်နဲ့ အမြတ်ဆုံးသော သာ့သနာ့အမွေကို လက်ခံရယူနိုင်ခဲ့ပါတယ်။
မောင်ရင်လောင်းများ (သူတို့ကျောင်းပြန်ဖွင့်ရင် ကျောင်းဝတ်စုံအသစ်ပါရအောင်လို့ ဖြူစိမ်းများကို တူညီစွာ ၀တ်ဆင်ထားပေးခြင်းပါ)
နတ်မပြမီ
ဆံချပြီ
သင်္ကန်းတောင်းနေစဉ်
သင်္ကန်းစည်းပြီ
ရှင်သာမဏေအဖြစ် ခံယူနေကြစဉ်
အမြတ်ဆုံးသော သာသနာ့အမွေ ပေးအပ်ခြင်းခံရသော ကိုရင် ၂၅ပါး
၂၀ရက် တနင်္ဂနွေနေ့မနက်မှာ မုန့်ဟင်းခါးနဲ့အရုဏ်ဆွမ်းကပ်ပါတယ်၊ နေ့ဆွမ်းမကပ်မီ တနားတော်နာယူ ရေစက်ချ အမျှပေးဝေပါတယ်။ ဘုန်းဘုန်းက တရားပေးရာမှာ အသောကဘုရင်ကြီးဟာ ရေတွင်းရေကန်ပေါင်း၊ ကျောင်းစေတီပေါင်း ရှစ်သောင်းလေးထောင် အလှူပြုပြီးတဲ့အခါ ယခုသူပြုခဲ့တဲ့အလှူတွေက အမြတ်ဆုံးအလှူဖြစ်ပြီးလားလို့ မေးလျှောက်တဲ့အခါ အမြတ်ဆုံးသောအလှူ မမြောက်သေးကြောင်း သိရလို့ အမြတ်ဆုံးအလှူဖြစ်အောင် မိမိရင်မှဖြစ်သောသား၊ ဆွေမျိုးညီအစ်ကိုများကို ရှင်ပြုရဟန်းခံစေပြီး သာသနာ့ဘောင်ဝင်ရောက်စေခဲ့တယ်လို့ ဆိုပါတယ်။
မိမိရင်မှမဖြစ်သော်လည်း အခြားရင်မှဖြစ်သော သူတစ်ပါးတို့၏ ရင်သွေးငယ်များကို သာသနာ့အမွေပေးအပ်ခြင်းမှာ အလှူ့တကာ့အလှူတွင် အမြတ်ဆုံးသော အလှူဖြစ်ကြောင်း ဆရာတော်က အလှူရှင်များ ၀မ်းမြောက်ကုသိုလ်ယူနိုင်အောင် ဟောကြာပေးခဲ့ပါတယ်။ အလှူရှင်များအနေနဲ့လည်း အမြတ်ဆုံးသော သာသနာ့အလှူကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပေးလှူခွင့်ရတဲ့အတွက် အတိုင်းမသိ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ပြုခဲ့သမျှ ကောင်းမှုအစုစုအတွက်လည်း ၃၁ဘုံမှာ ကျင်လည်နေကြကုန်သော ဝေနေယျသတ္တ၀ါအားလုံးကို အမျှဝေပေးပါတယ်။ ယခုလိုကြီးမြတ်သော အလှူဒါနကြောင့် ကလေးများရဲ့ ကွယ်လွန်သူ မိဘဆွေမျိုးသားချင်းများအနေနဲ့လည်း ရောက်ရာဘုံဘ၀ကနေ သာဓုခေါ်နိုင်ပြီး အပ္ပါယ်လေးဘုံကနေ ကျွတ်လွတ်သွားမယ်လို့ ယုံကြည်ပါတယ်။
ဒီအလှူမှာ ပါဝင်လှူဒါန်းကူညီကြသူများအားလုံးကို ဇွန်နဲ့သူငယ်ချင်းများက ကျေးဇူးအများကြီး တင်ပါတယ်။ အလှူငွေပမာဏက မထင်မှတ်ထားလောက်အောင် များပြားခဲ့တဲ့အတွက် လက်ခံရရှိခဲ့တဲ့ အလှူငွေများအားလုံးကို ရှင်ပြုအလှူ၌သာမက မင်္ဂလာကံသာဘုန်းတော်ကြီး ပညာသင်ကျောင်း ပဒေဿပင်၊ မင်္ဂလာကံသာကျောင်းအတွက် န၀ကမ္မ၊ ဆွမ်းအခက်အခဲရှိနေတဲ့ ပေါ်တော်မူကုန်းမြေရှိ သီတဂူ ဓမ္မ၀ိဟာရစာသင်တိုက်အတွက် ဆွမ်းပဒေဿပင်၊ ကလေးငယ်များရဲ့ နှလုံးသားမှာ ဓမ္မတရားတော်နဲ့ယဉ်ကျေးမှု အစဉ်တည်တံ့စေဖို့ ပြုစုပျိုးထောင်ပေးနေတဲ့ ဘိုကလေးမြို့ရှိ တနင်္ဂနွေဓမ္မကျောင်း (Sunday School) နဲ့ ဆင်းရဲနွမ်းပါး ပညာရေးအခက်အခဲရှိနေတဲ့ ချင်းပြည်နယ်ကျောက်ကွင်းရွာနဲ့ ဆောက်လုပ်ဆဲစာကြည့်တိုက်အတွက်လည်း ထည့်ဝင်လှူဒါန်းနိုင်ခဲ့ပါတယ်။
ရန်ကုန်ကို ပြန်ရောက်တဲ့နေ့ကစလို့ ရာသီပုံမှန်ပြန်ဖြစ်သွားပြီး ခရီးစဉ်တစ်လျှောက် မိုးလေကင်းလွတ်ခဲ့တာ၊ အလှူအတွက် ကိုယ်တိုင်ဦးစီး ကြိုးပမ်းအားထုတ်ခဲ့သူများအားလုံးမှာ ယောက်ျားလေးတစ်ဦးတစ်ယောက်မှ မပါဘဲ မိန်းကလေးတွေချည်း ဖြစ်နေတာတွေက ဒီကုသိုလ်မှတ်တမ်းရဲ့ ထူးခြားချက်လို့ ထင်ပါတယ်။ လူကြီးများမပါဘဲ မိန်းကလေးသူငယ်ချင်းတစ်စုဦးစီးပြီး အလှူတစ်ခုလုပ်ကြမယ့်အကြောင်း အိမ်ကမိဘတွေကို အသိပေးပြောပြကြတော့ ဖြစ်ပါ့မလားလို့ တစ်ခွန်းမှမမေးဘဲနဲ့ ယုံကြည်စိတ်ချစွာ ကုသိုလ်ပြုခွင့်ပေးပြီး ပံ့ပိုးကူညီကြတဲ့ မိဘ၊မောင်နှမ၊ မိသားစုဝင်တွေကိုလည်း ကျေးဇူးတင်ရပါတယ်။
အစစအဆင်ပြေစွာနဲ့ အလှူပြီးမြောက်အောင်မြင်သွားလို့ တနင်္ဂနွေနေ့လည် ၃နာရီမှာ ဘိုကလေးကနေ ရန်ကုန်ကို ပြန်လည်ထွက်ခွာလာပြီး ခရီးပန်းသမျှ အမေ့အိမ်မှာ နားခိုအမောဖြေမယ့် မိန်းမပျိုတစ်သိုက်ရဲ့ ရင်ထဲမှာ ကုသိုလ်တွေ တစ်လှေကြီးပိုက်လို့ ၀မ်းသာကြည်နူးမှုတွေနဲ့ ပြည့်လျှံနေခဲ့တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ ဒီကုသိုလ်မှတ်တမ်းကို အဆုံးသတ်လိုက်ပါတယ်။
အားလုံးပဲ အမျှယူ သာဓုခေါ်နိုင်ကြပါစေ။
ဝမ်းမြောက်ကြည်နူးခြင်းများစွာဖြင့်
ဇွန်မိုးစက်
လှိုက်လှိုက်လှဲလှဲသာဓုခေါ်ပါ.တယ်.ဇွန်။
မမ....တကယ့်ကို လှိုက်လှိုက်လှဲလှဲ ပီတိဖြစ်မိသလို ဘာ့ကြောင့်မှန်းမသိဘူး ၀မ်းနည်းဝမ်းသာကြီးလည်းဖြစ်ရတယ်။ မျက်ရည်ပါလည်မိတယ်....။
သာဓု သာဓု သာဓု ပါလို့ မမရေ....
နောင်ကိုလည်း အခုလို မွန်မြတ်လှသော အလှူဒါနမျိုးတွေကို မြောက်မြားစွာ ပြုလုပ်နိုင်ပါစေ...။
ချစ်တဲ့
ဂျင်း
သာဓု သာဓု သာဓု သုံးကြိမ် အ၇င်ခေါ်လိုက်ပါတယ်။
ခုမှ စာသွားဖတ်မယ်
သာဓု သာဓု သာဓု ပါ
အားကျ ကြည်နူးစွာ သာဓုခေါ်ပါတယ် မမရေ။
ကြည်နူးစွာနဲ့ သာဓုခေါ်ပါတယ်ဇွန်။
ရှေ့ဆက်ပြီး ကောင်းမှုများစွာပြုနိုင်ပါစေ။
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ် ..း) သာဓု သာဓု သာဓု ပါ ..း))
မဇွန်မိုးစက်..
ဒီအလှူလေးဖတ်ပြီး ကြည်နူးဝမ်းသာလွန်းလို့ လှိုက်လှိုက်လှဲလှဲ သာဓုသုံးကြိမ်ခေါ်သွားပါတယ်..
သာဓု သာဓု သာဓု...
လေးစားခင်မင်စွာဖြင့်
သာဓု၊ သာဓု၊ သာဓု။
ဆရာဦးမြင့်လွင်(သန့်၊ တည်၊ ပွား)ပြောတဲ့
" အမျှ၊ အမျှ၊ အမျှ ဆိုတာ ငါတို့ကုသိုလ်ကောင်းမှုတွေ လုပ်ပြီဟေး၊ တို့လိုပဲ... လုပ်ကြ၊ လုပ်ကြ၊ လုပ်ကြ လို့ပြောတာ။ သာဓု၊ သာဓု၊ သာဓု ဆိုတာကလည်း လုပ်မယ်၊ လုပ်မယ်၊ လုပ်မယ်လို့ပြောတာ" ဆိုတာလေးသတိယသွားတယ်။ အလားတူကုသိုလ်မျိုးတွေ လုပ်ချင်စိတ်တဖွားဖွားပေါ်လာတယ် မဇွန်ရေ။
လုပ်မယ်၊ လုပ်မယ်၊ လုပ်မယ်။
ဖတ်နေရင်း တလှိုက်လှိုက် ဝမ်းသာပြီး ဘေးကနေကြည်နူးမိပါတယ် အစ်မဇွန်ရေ။ အစ်မတို့ ပြုခဲ့တဲ့ အင်မတန်မွန်မြတ်တဲ့ ကုသိုလ်ကြီးကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ်... သာဓု သာဓု သာဓု ပါ အစ်မရေ။ (ကျောင်းဖွင့်ရင် ကျောင်းဝတ်စုံလေးတွေပါ ရအောင် အဖြူအစိမ်းလေးတွေ ဝတ်ပေးထားတယ် ဆိုတာလေးကို ကြည့်ရုံနဲ့ အစ်မတို့ရဲ့ စေတနာအဟုန်နဲ့ ဘယ်လောက် အသေးစိတ်တွေးပြီး စီစဉ်ခဲ့တယ်ဆိုတာ မြင်ရပါတယ်)
မွန်မြတ်တဲ့ ကုသိုလ်လေးတခုအတွက်
သာဓု သာဓု သာဓုပါကွယ်
နောက်လည်း အမြဲလှူနိုင်တမ်းနိုင်ပါစေ