(၁)
ဝေသည် အိပ်ရာထက်မှနေ၍ မျက်နှာကျက်ကို မော့ကြည့်နေရင်း ဝေ့၀ဲလာသော မျက်ရည်တို့ ပါးပြင်ပေါ်လိမ့်မဆင်းရလေအောင် မျက်တောင်ကို တဖျတ်ဖျတ် ခတ်လိုက်သည်။ အတွေးတို့က ဟိုတစ်စ..ဒီတစ်စ…ပျံ့လွင့်နေသည်။
“နင့်ကို ငါပြောစရာရှိတယ်၊ ညကျရင် ဖုန်းခေါ်လိုက်မယ်” နေ့လည်က လမ်းထိပ်မှာ ဇော်နှင့်တွေ့စဉ် စက်ဘီးပေါ်မှနေ၍ သူမကို လှမ်းပြောသွားခဲ့ခြင်းဖြစ်သည်။ ဒီလိုပဲ…ဇော်တစ်ယောက်က အကြောင်းထူးရှိလည်းဆက်၊ မရှိလည်းဆက်နေကျမို့ ဝေ့အတွက် အထူးတဆန်းတော့ မဖြစ်လှ။ ဇော်နှင့်ဝေက မူလတန်းကတည်းက အတူတူကျောင်းသွား၊ အတူတူဆော့ကစားပြီး ကြီးပြင်းလာကြသူများမို့ တစ်ယောက်အကြောင်းတစ်ယောက် မညာနိုင်အောင်သိကာ ယောက်ျားလေး၊ မိန်းကလေး ခွဲခြားမနေဘဲ အခင်မင်အရင်းနှီးဆုံး သူငယ်ချင်း ခေါင်းစဉ်အောက်မှာ ဖြူစင်လှပသော သံယောဇဉ်တစ်စုံကို ချည်နှောင်ထားကြသူများဖြစ်သည်။
“ဝေ…ငါလေ ချစ်သူတွေ့နေပြီသိလား” ဒါကလည်း ရည်းစားတစ်ယောက်ရတိုင်း ဇော် ပြောနေကြ။
“ဟုတ်လား၊ ဒါက ဘယ်နှစ်ယောက်မြောက်လဲ” ဝေက စိတ်ဝင်တစားရှိလိုဟန် မပြဘဲ ခပ်ရွတ်ရွတ်လေး ပြန်မေးလိုက်တော့ “ဒီတစ်ခါတော့ ဝေမှားပြီကွာ၊ သူက ငါ့ရဲ့ တစ်ဦးတည်းသော အချစ်စစ်ဗျ သိလား၊ အချစ်ကို ငါနားလည်တတ်ခဲ့ပြီ ဝေ၊ ငါ…သူ့အရင် ရည်းစား၃ယောက်ထားခဲ့ဖူးလို့ သူ့ကို ရည်းစားအနေနဲ့ နံပါတ် ၄လို့ နင်ပြောချင်ပြောနိုင်တယ်။ ဒါပေမဲ့ ချစ်သူအနေနဲ့ဆိုရင်တော့ သူက ငါ့ရဲ့ ပထမဆုံးနဲ့နောက်ဆုံး တစ်ဦးတည်းသော ချစ်သူဖြစ်တာ သိပ်ကိုသေချာတယ် ဝေ၊ နင့်ကို ငါ့အခင်ဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ အရင်ဆုံးပြောပြတာ။ ဟိုကောင်တွေကိုတောင် မပြောရသေးဘူး”
ဇော့်ရဲ့ တည်ငြိမ်လေးနက်တဲ့စကားသံတွေကြားမှာ ဝေတစ်ယောက် အံ့သြငြိမ်သက်စွာ နားထောင်နေမိသည်။ ငယ်ပေါင်းကြီးဖော်မို့ ဒီတစ်ခါ ဇော့်စကားသံရဲ့ အတိမ်အနက် ခံစားချက် အစစ်အမှန်ကို ဝေနားလည်လိုက်သည်။ အနည်းငယ် ထူးဆန်းစွာပင် ၀မ်းနည်းစိတ်မကောင်းဖြစ်ခြင်းက ဝေ့ရင်ထဲ လှိုက်ကနဲ ပေါ်လာသည်။ “အေးပါ…နင်တကယ် အချစ်ကို ရှာဖွေတွေ့ရှိသွားတယ်ဆိုရင် ငါဝမ်းသာရမှာပေါ့” ဝေက သူမရင်တွင်းဆန္ဒနှင့် ဆန့်ကျင်ပြီး ဇော့်ကို ပြန်ပြောလိုက်သည်။ နောက်ထပ် ဇော်ပြောပြသည့် သူ့အချစ်အကြောင်းတွေ ဝေ မကြားတစ်ချက်၊ ကြားတစ်ချက်။ ဇော်နှင့်ဖုန်းပြောပြီးသည့်အခါ သူမရင်တစ်ခုလုံး နွမ်းလျစွာ ကျန်ခဲ့သည်။ အရင်ကလည်း သူ့ရည်စားအကြောင်းတွေ ဝေ နားထောင်နေကျပါပဲ။ ဒီတစ်ခေါက်ကျမှ ဝေ့ရင့်ထဲမှာ စိုးရိမ်ပူပန်မှုတွေ မနာလိုဝန်တိုမှုတွေ ကြီးစိုးသွားတာ ဘာကြောင့်များပါလိမ့်…။
တကယ်ဆို… ဝေနှင့်ဇော်ကြားက ပိုင်းခြားထားသည့် အဖြူရောင်စည်းက ပါးပါးလေး။ အချစ်ဆိုသောအရာကို ခံစားသိလိုက်ချိန်တခဏမှာ ဝေ့နှလုံးသားက ၀မ်းနည်းနာကျင်စွာ၊ ဖြည်းနှေးလေးကွေးစွာဖြင့် တစ်စုံတစ်ရာကို တီးတိုးမြည်တမ်းလိုက်သည်။ “နင့် ကို ငါ ချစ် နေ တယ်… ဇော်”
(၂)
ချစ်သောဝေ…
နင်ထည့်လိုက်တဲ့စာ မနေ့ကပဲရတယ်။ နင် သိပ်ဝမ်းနည်းနေလား…။ ၀မ်းမနည်းပါနဲ့ဟာ။ ဇော့်ထက်ပိုချစ်ရတဲ့သူ နင်တစ်ချိန်ကျရင် တွေ့သွားမှာပါ။ နင်တို့နှစ်ယောက်က ငယ်ငယ်လေးကတည်းက သံယောဇဉ်ရှိလာကြသူတွေဆိုတော့ နင်က အချစ်လို့ထင်ပြီး ၀မ်းနည်းသွားတာလည်း ဖြစ်နိုင်တယ်၊ နောက်ပြီး နင့်ထက်ပိုချစ်ရမယ့်သူ၊ ဂရုစိုက်ရမယ့်သူတွေ့သွားလို့ နင်က အချစ်ဆုံးမိန်းကလေးသူငယ်ချင်းတစ်ယောက်အနေနဲ့ ၀န်တိုမိတာလည်း ပါမှာပေါ့။ ငါသူ့ကိုချစ်နေတာ သေချာပါတယ်လို့ နင် ငါ့ကို ပြန်ပြောလာခဲ့မယ်ဆိုရင်လည်း နင့်ခံစားချက်ကို မြှုပ်နှံလိုက်ပါ သူငယ်ချင်းလို့ပဲ ငါပြောချင်တယ်။
ငါတို့တွေ အချစ်အကြောင်း နားလည်သင့်သလောက် နားလည်တဲ့အရွယ် ရောက်နေပြီဆိုပေမယ့် ငါထပ်ပြောချင်သေးတယ်။ မိန်းကလေးတစ်ယောက်အတွက် သူချစ်က ပိုကောင်းပါတယ် ဝေရယ်။ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုပြန်ချစ်ရင်တော့ တစ်မျိုးပေါ့ဟာ။ အဲလိုမှ မဟုတ်ရင်တော့ ကိုယ့်ကိုယ်ကို အနာကျင်ခံပြီး သူချစ်အတွက် မခံစားစေချင်ဘူး။ နင့်အနေနဲ့ရော… ဇော်ရေ နင့်ကိုငါချစ်နေပါတယ်လို့ နင့်သိက္ခာအကျခံ၊ သူများအထင်မြင်သေးခံပြီး ပြောရဲတဲ့လူစားမျိုး မဟုတ်ဘူးဆိုတာ ငါသိတယ်။ နောက်ပြီး သူတကယ်ချစ်မြတ်နိုးတဲ့သူ တွေ့သွားတာလည်း နင်အသိဆုံးပဲ။ ဝေ… နင့်ရဲ့သူ့အပေါ်ထားရှိတဲ့ချစ်ခြင်းကို သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်မှုသစ္စာနဲ့ပဲ လှလှပပ ဖုံးကွယ်ဖျောက်ဖျက်လိုက်ပါနော်။ တစ်နေ့မှာ နင့်အပေါ် မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်လာမယ့်သူ၊ နင်က ပြန်ချစ်ရမယ့်သူ တွေ့လာဦးမှာပါ သူငယ်ချင်း။
ငါလေ… တကယ်တော့ အောင့်ကို အဖြေပေးခဲ့တုန်းက ငါမချစ်တတ်ခဲ့သေးဘူး သိလား။ ငါချစ်တယ်ထင်လို့၊ ငါ့ဘ၀အတွက် လက်တွဲသင့်တယ်ထင်လို့သာ ဦးနှောက်နဲ့ ရွေးချယ်စဉ်းစားပြီး အဖြေပေးခဲ့တာ။ ငါတို့ရည်စားဖြစ်ပြီးနောက်ပိုင်း သူက ငါ့မျက်နှာတစ်ချက် အညိုးမခံဘဲ ဂရုစိုက်ခဲ့တယ်။ နောက်ပြီး… ငါတို့နှစ်ယောက်လုံးက မိဘဆွေမျိုးတွေနဲ့ခွဲပြီး နိုင်ငံရပ်ခြားမှာ အတူတူ ပညာသင်ရင်း ရုန်းကန်ကြရတော့ ငါဝမ်းနည်းအားငယ်တဲ့အချိန်၊ အိမ်ကိုလွမ်းတဲ့အချိန်၊ စာတွေမကျက်နိုင်လို့ စိတ်ပင်ပန်းတဲ့အချိန်တစ်လျှောက်လုံး သူငါ့ကို ဘေးကနေ အမျိုးမျိုးအားပေးပြီး စိတ်ဓာတ်မကျအောင် စောင့်ရှောက်ပေးခဲ့တာ။ ငါ့အပေါ်ထားတဲ့ သူ့မေတ္တာကို ခံစားမိပြီး သူ့အချစ်ကို တဖြည်းဖြည်း နားလည်လက်ခံလာတယ်၊ သူ့ကိုလည်း ငါတကယ်ပြန်ချစ်မိသွားတယ်။ အခုအချိန်မှာတော့ အောင်က သူချစ်ကနေ၊ ကိုယ်ချစ်သူချစ် အခြေအနေရောက်အောင် ပြောင်းလဲစွမ်းဆောင် နိုင်ခဲ့သူတစ်ဦးပေါ့ဟယ်။
နင်လည်း တစ်ယောက်တည်း ၀မ်းနည်းပြီး ငိုမနေနဲ့နော်။ ငါနင့်ဆီ တစ်လတစ်ကြိမ်တော့ ဖုန်းဆက်ပါ့မယ်။ စာလည်း ထပ်ထည့်ဦးမှာပါ။ အရေးကြီးဆုံးက နင် ဇော့်အပေါ်ထားမိတဲ့ ခံစားချက်နဲ့ပတ်သက်ပြီး ဇော်မရိပ်မိစေဖို့ပဲ။ ဒါနဲ့ နင် မိသော်နဲ့ရော တွေ့ဖြစ်သေးလား။ သူရော ရည်းစားတွေဘာတွေ ရနေပြီလား။ ငါသူ့ကို သတိရကြောင်း ပြောပေးပါ။ ငါတို့သုံးယောက် အထက်တန်းကျောင်းတုန်းက အတူတူပျော်ခဲ့တဲ့ နေ့ရက်တွေကို သတိရတယ်ဟာ။ နောက်နှစ်နွေရာသီကျောင်းပိတ်တဲ့အခါ ငါပြန်လာနိုင်ရင် လာခဲ့မယ်။ အဲဒီ့အခါကျရင် သော်နဲ့လည်း ဆုံရအောင်။
နင်ကျန်းမာရေး ဂရုစိုက်ဦးနော်။
ချစ်ခင်လွမ်းဆွတ်ခြင်းများစွာနဲ့
ထွဋ်ထွဋ်
(၃)
ကိုကိုသည် သော့်ဘ၀အတွက် လမ်းပြကြယ်တစ်စင်းဖြစ်ခဲ့သည်။
စာတော်သော၊ အ၀တ်အစားကို သပ်ရပ်သန့်ရှင်းစွာ ၀တ်ဆင်တတ်သော၊ ဘာလုပ်လုပ် စေ့စပ်သေချာသော၊ ဆုံးဖြတ်ချက် ပြတ်သားသော၊ အရပ်မြင့်မားသော၊ ဘာသာတရား ရိုသေကိုင်းရှိုင်းသောကိုကို့ကို အထင်ကြီးလေးစားစိတ်နှင့် သော် ငယ်ငယ်ကတည်းက ချစ်ခင်တွယ်တာခဲ့ရသည်။ သော့်ဘ၀တွင် ကိုကိုတစ်ယောက်တည်းကိုသာ စွဲမြဲစွာချစ်ခဲ့သည်။ ကိုကိုကလွဲ၍ ဘယ်ယောက်ျားလေးအပေါ်မှ စိတ်မကစားခဲ့၊ စိတ်မ၀င်စားခဲ့။ ခြံခြင်းကပ်ရပ်မှာနေသော ကိုကိုက သော့်ကိုချစ်ကြောင်း တစ်ခါမှဖွင့်ဟမပြောခဲ့။ သော့်အပေါ် ညီမလေးတစ်ယောက်ထက်ပိုသော သံယောဇဉ်ရှိတာတော့ သေချာသည်ဟု သော်ခံစားမိသည်။
စာလုပ်ရမှာပျင်းသော၊ ကစားမက်သော သော့်ကို စာကြိုးစားချင်စိတ်ပေါ်လာအောင် ကိုကိုက လူကြီးတစ်ယောက်လို အမြဲပြောဆိုဆုံးမလေ့ရှိသည့်အပြင် စာလည်း အတူလိုက်ကျက်ပေးသည်။ သော့်အပေါ် စိတ်ရှည်လက်ရှည်နှင့် ဂရုဏာထားပြီး သွန်သင်ညွှန်ပြခဲ့သည်မှာ ကိုကို။ သော် စွာတေးသမျှ သည်းခံပြီး အမြဲပြုံးရယ် ခွင့်လွှတ်တတ်သည်မှာလည်း ကိုကို။ သော် မှားနေကြောင်း သိလျှင်သိခြင်း ထောက်ပြဆုံးမ အမှန်ပြင်ပေးတတ်သည်မှာလည်း ကိုကို။ ကိုကို့ကို … သော် သိပ်ချစ်ပါသည်။ တကယ်လို့များ အဲဒီ့နေ့ကို သော်ကြိုသိမည်ဆိုလျှင် ကိုကို့ကိုချစ်ကြောင်း သော် ဖွင့်ပြောမိမည်လား။ သိပ်တော့ မသေချာပါ။ သေချာသည်ကတော့ ကိုကို့ရည်မှန်းချက်မပြည့်အောင် နည်းလမ်းသုံး၍ ပိတ်ပင်တားဆီးဖို့ သော် ကြိုးစားခဲ့လိမ့်မည်။
ကိုကိုဆယ်တန်းအောင်တုန်းက အဖြစ်အပျက်လေးကို သော်သတိရမိသည်။ ကိုကိုတို့နှစ် အမှတ်စာရင်းတွေထွက်တော့ ကိုကိုက ဆေးကျောင်းကို လွတ်လွတ်ကျွတ်ကျွတ်ဝင်သည်။ မိသားစုဆွေမျိုးနှင့်အများဖြစ်စေချင်သော ဆန္ဒကိုဆန့်ကျင်ပြီး စက်မှုတက္ကသိုလ်ပဲလျှောက်မည်ဟု ကိုကိုက ခိုင်မာသော ဆုံးဖြတ်ချက်ချသည်။ အဲဒီ့တုန်းက ကိုကို့ဘက်မှာ သော် အခိုင်အမာရပ်တည်ခဲ့သည်။ ကိုကို့ဆုံးဖြတ်နိုင်စွမ်းနဲ့ သတ္တိကို သော်က တိတ်တိတ်ကလေးကြိတ်ပြီး အားကျမိသည်။ သော်သာဆို ကိုကို့လို ဆုံးဖြတ်ချက်ချဖို့ သတ္တိရှိမှာမဟုတ်။ ကိုကို့ဘ၀အတွက် ကိုကိုကိုယ်တိုင်ရွေးချယ် လျှောက်လှမ်းမည့်လမ်းသည် ဘယ်တော့မှ မှားလိမ့်မည်မဟုတ်ဟု ထိုစဉ်ကတည်းက သော် ယုံကြည်ခဲ့သည်လေ။
ကိုကို စက်မှုတက္ကသိုလ် စတုတ္ထနှစ်ရဲ့ နောက်ဆုံးနေ့စာမေးပွဲကို သွားမဖြေဖြစ်ခဲ့။ အိမ်ကိုလည်း ပြန်မလာခဲ့။ ကိုကိုပြန်မရောက်လာတော့ ကိုကို့မိဘ၊ မောင်နှမတွေရော၊ သော်တို့အိမ်ကပါ ၀ိုင်းဝန်းပြီး စိတ်ပူကြ၊ သောကဗျာပါဒတွေ များခဲ့ကြရသည်။ တကယ်တမ်း… ကိုကိုသည် မိမိကိုယ်ပိုင်ဆန္ဒဖြင့် လူဝတ်ကြောင်ကိုစွန့်ကာ ရဟန်းဘ၀သို့ အပြီးတိုင် ကူးပြောင်းသွားသည်ကို နောက်သုံးရက်အကြာမှာ သိခွင့်ရခဲ့သည်။ ကိုကို့မေမေက ၀မ်းနည်းဝမ်းသာ၊ ကိုကို့ဖေဖေက နှုတ်ဆိတ်စွာနှင့်ပင် ကိုကို့ဆန္ဒကို ခွင့်ပြုလိုက်ပြီး ကြည်ဖြူစွာပင် ပစ္စည်းလေးပါးဒါယကာ ခံခဲ့သည်။ သော်တစ်ယောက်သာ ၀မ်းပန်းတနည်း ရှိုက်ကြီးတငင် ငိုကြွေးခဲ့သောရက်ပေါင်း အတော်ကြာသည်။ နောက်ပိုင်း သွေးအေးသွားမှ သေသေချာချာပြန်တွေးမိပြီး သော်ရှက်သွားသည်။ ကိုကို့ဆုံးဖြတ်ချက်တိုင်း မှန်ကန်သည်ဟု သော်ယုံကြည်ထောက်ခံခဲ့သည်။ အခုလည်း ဒီအတိုင်းပဲ ဖြစ်သင့်သည်။
ဒီလိုနှင့် သော်သည် ကိုကို့ဆုံးဖြတ်ချက်ကို ယုံကြည်ထောက်ခံဖို့ရာအတွက် ယခင်က စိတ်ဝင်စားမှု နည်းပါးခဲ့သော ဗုဒ္ဓတရားတော်များကို လေ့လာ ကျွမ်းဝင်ခဲ့လေသည်။
(၄)
အချစ်သည်…
ဝေ၊ ထွဋ်ထွဋ်နှင့် သော်တို့သုံးဦး ပြန်ဆုံကြချိန်သည် နောင် ၅နှစ်အကြာ ရန်ကုန်မြို့တွင်းက အေးချမ်းဆိတ်ငြိမ်သော ကော်ဖီဆိုင်တစ်ဆိုင်မှာ ဖြစ်သည်။ တိုက်ဆိုင်စွာပင် သူမတို့ သုံးယောက်လုံး အိမ်ထောင်မကျသေး။ ငယ်ငယ်က အကြောင်းတွေ ပြန်ပြောင်းတမ်းတရင်း ငယ်ကျိုးငယ်နာဖော်ကြ၊ စကြနောက်ကြသည်။ ပြီးတော့…. အချစ်အကြောင်း ရောက်သွားကြသည်။
ဝေက “မိထွဋ်… နင်အရင်ဆုံး ရည်းစားရပြီး ဘာလို့ခုထိ ယောက်ျားမယူသေးတာလဲ”
“အေးလေ… ဟုတ်ပ… လင်းစမ်းပါဦး” သော်က ထောက်ခံပြီး အကြောင်းပြချက်တောင်းသည်။
“အချစ်က အနေဝေးရင် မီးအေးသွားတဲ့ ချိတ်ပမာ အေးခဲသွားတတ်တယ်လို့ ဆိုရိုးရှိတာ ကြားဖူးတယ် မဟုတ်လား။ ငါ့ကိုယ်တွေ့ကျတော့ အချစ်ဟာ အနေမဝေးပေမယ့်လည်း အချိန်ကြာလာရင် အေးစက်သွားတတ်တဲ့အရာလို့ပဲ သတ်မှတ်လိုက်တယ်။ ဒီအချိန် ငါနဲ့အောင်ကြားမှာ အချစ်ဆိုတာထက် ချစ်ခဲ့ဖူးလို့ နှောင်တွယ်မိတဲ့ သံယောဇဉ်ပဲ ရှိတော့တာလို့ပြောရင် နင်တို့ယုံချင်မှယုံမှာ။ ဒါပေမဲ့ အဲဒါ… တကယ်ပဲ။ ငါတို့တွေ ကျောင်းပြီးလို့ ကိုယ်ပိုင်ဘ၀ကို settle ဖြစ်အောင် ကြိုးစားရင်းနဲ့ လက်ထပ်ဖို့ကို ရွှေ့ဆိုင်းလာလိုက်တာ ခုချိန်ထိပဲ။ ငါတို့နှစ်ယောက်ရဲ့ အချစ်ဟာ ဟိုးအရင်ကလို မနွေးထွေးတော့ဘူး။ သမီးရည်းစားသက်တမ်း သိပ်ကြာပြီး မယူဖြစ်ခဲ့ရင် အချစ်ကလည်း အထိုက်အလျောက် နောက်မှာကျန်ရစ်ခဲ့တယ်။ ဒါကြောင့် နင်တို့လည်း ရည်းစားထားရင် သိပ်အကြာကြီး မတွဲနဲ့။ ၃ နှစ်ကနေ ၅နှစ်လောက်ဆို တော်ပြီ။ ၅နှစ်ကျော်သွားရင် အချစ်က တစ်နည်းတစ်ဖုံနဲ့ အားလျော့ပြီး သွေးအေးသွားတတ်တယ်။ အဲဒါ… ငါ့ကိုယ်တွေ့အချစ်ပဲ” မိထွဋ်က ဆရာကြီးစတိုင်နဲ့ လက်ချာရိုက်အပြီး အသားညှပ် ပေါင်မုန့်တစ်ခုကို ကိုက်စားလိုက်သည်။
ဝေနှင့်သော် နှစ်ယောက်လုံးရဲ့ မျက်နှာမှာ စိတ်မကောင်းခြင်းတွေ အတိုင်းသား ပေါ်သွားသည်။
မိထွဋ်က “နင်တို့ ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့။ အဲဒါ ငါတစ်ယောက်တည်း ကြုံနေရတာ မဟုတ်ဘူး၊ ဟိုက မယူဖြစ်သေးတဲ့ ငါ့သူငယ်ချင်းစုံတွဲတွေလည်း အဲလိုပဲ။ ငါ့ကိုပဲ မေးမနေကြနဲ့။ နင်တို့ကရော။ ဟို… မိဝေ… နင်က ဘယ်တော့ကျွေးမှာလဲ။”
“သိပ်မလိုတော့ပါဘူး… နောက်နှစ်ထဲလောက် ဖြစ်မယ်ထင်တယ်” ဝေက ရှက်ပြုံးဖြင့် ဖြေသည်။
“မိထွဋ်ရယ်…တစ်ချိန်က နင်နှစ်သိမ့်ပေးခဲ့လို့ ငါ့စိတ်တွေ သက်သာရာရခဲ့တာအတွက် ကျေးဇူးတင်ပါတယ်။ နင်ပြောသလိုပဲ ငါ့အပေါ် မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်တဲ့သူ တကယ်ရှိနေခဲ့တယ်၊ သူ့အချစ်ကိုပဲ ငါလက်ခံလိုက်တာ… ကံကောင်းစွာနဲ့ ငါစိတ်ချမ်းသာရတယ်။ ဇော်နဲ့ငါက ခုချိန်ထိ သူငယ်ချင်း အရင်းကြီးတွေပါပဲ။ သူလည်း သူ့တွေ့ခဲ့တဲ့ အဲဒီ့အချစ်နဲ့ပဲ လက်ထပ်တော့မှာ။ ရယူပိုင်ဆိုင်ခြင်း မရှိခဲ့တဲ့ ငါ့အတွက်တော့ အချစ်က ပေးဆပ်ခြင်းပေါ့ဟာ။ မပိုင်ဆိုင်ရသည့်တိုင်အောင် ကိုယ်ချစ်တဲ့သူ စိတ်ချမ်းသာရင်၊ ပြုံးပျော်နေရင် ကိုယ်လည်းလိုက်ပျော်တတ်ခဲ့ပြီ ဆိုတာလေ… အခု ဇော်နဲ့သူ့အချစ်အတွက် ငါဝမ်းသာနိုင်ပါပြီ သူငယ်ချင်းရယ်” ဝေက ပြုံးရွှင်ကျေးဇူးတင်သော အကြည့်ဖြင့် ထွဋ်ထွဋ်ကို ကြည့်လိုက်သည်။
သူငယ်ချင်းနှစ်ယောက်ကို သဘောကျစွာကြည့်ပြီး သော်က ၀င်အော်သည်။ “ငါကတော့ အပျိုကြီးပဲလုပ်မှာ”
“တကယ်လား” ဝေနှင့်ထွဋ် ပြိုင်တူမေးမိသွားသည်။ “တကယ်ပေါ့” သော်က တည်တံ့စွာနဲ့ ပြန်ဖြေသည်။
“ငါ့ဘ၀မှာ ကိုကို့တစ်ယောက်ကိုပဲချစ်ခဲ့တာ။ အရင်တုန်းက ကိုကိုကလွဲပြီး နောက်ထပ်ဘယ်သူ့ကိုမှ မချစ်နိုင်တော့တာ သေချာသွားလို့ အပျိုကြီးလုပ်မယ် တွေးခဲ့ပေမယ့် အခုကျတော့ အဲဒါ့ထက်ပိုတွေးမိလာတယ်။ အချစ်ဆိုတာ ငါ့အတွက်တော့ သံသရာရှည်စေခြင်း အကြောင်းအရင်းတစ်ခုပဲ… မိထွဋ်နဲ့ဝေ။ ဒီလိုနှောင်တွယ်တတ်တဲ့ ချစ်ခြင်းမေတ္တာ သမုဒယသစ္စာကို အရင်းခံပြီး ဒုက္ခသစ္စာ ရလာကြတာ မဟုတ်လား။ ကိုကို့ဆုံးဖြတ်ချက်ကို ဘာမဆိုလေးစားယုံကြည့်တဲ့ ငါ့အဖို့ ကိုကို ဘာကြောင့် သာသနာ့ဘောင်ကို အပြီးတိုင်ဝင်ရောက်သွားသလဲဆိုတဲ့ အကြောင်းပြချက်ကို လိုက်ရှာလေ့လာရင်းနဲ့ ငါတွေ့ခဲ့တဲ့ အချစ်ရဲ့ အဓိပ္ပာယ်ပေါ့ဟာ။ အချစ်ကြောင့် ငါဟာ ရင်ခုန်ကြည်နူးခဲ့ဖူးတယ်။ ၀မ်းနည်းငိုကြွေးခဲ့ဖူးတယ်။ အချစ်ကြောင့်ပဲ သစ္စာတရားလေးပါးရဲ့ အနက်အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒါကြောင့် ငါကိုကို့အပေါ်ထားခဲ့တဲ့ ချစ်ခြင်းကို ဒီဘ၀မှာပဲ အပြီးတိုင် စွန့်လွှတ်လိုက်ပြီ” သော့်စကားအဆုံးမှာ သူငယ်ချင်းသုံးယောက် အတွေးကိုယ်စီဖြင့် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ထွဋ်က အတန်ငယ်အေးစပြုနေသော ကော်ဖီတစ်ကျိုက်အမော့မှာ ခပ်တိုးတိုးပျံ့လွင့်လာသော သီချင်းသံ တစ်ပိုင်းတစ်စက သူမတို့ သုံးယောက်လုံးရဲ့ အကြားအာရုံကို ရိုက်ခတ်သွားသည်။
...တကယ်ဆိုရင်… အချစ်ဟာ ဖြေရှင်းမရတဲ့ ပြဿနာ၊ အချစ်ဟာ အဖြေရှာမရတဲ့ ပုစ္ဆာ… ငါကိုယ်တိုင် အချစ်ဟာ ဘာလဲမသိတော့ပါ… တခါတရံမှာ အချစ်ဆိုတဲ့အရာနဲ့ ဆုံဆည်းလိုက်ချင်လည်း တခါတရံတော့ အချစ်နဲ့ ဝေးချင်တယ်...
ဇွန်မိုးစက်
--------------------------------------------------------------------------------------------------------------------------------
ဒီစာစုလေး ခေါင်းထဲမှာရှိပြီး ရေးမယ်လို့ ကြံစည်ခဲ့တာ လွန်ခဲ့တဲ့ ၆လလောက်ကပါ။ ခေါင်းစဉ်ကိုလည်း အခုအတိုင်းပေးမယ်လို့ စဉ်းစားထားပေမယ့် ချမရေးဖြစ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့လကမှ အစ်မသက်ဝေက ချစ်ခင်စွာနဲ့ မျက်နှာစာအုပ်မှာ အချစ်အကြောင်း ပြောရအောင် ခေါင်းစဉ်နဲ့ ပို့စ်ရေးပြီး တဂ်လိုက်တော့မှ အဲဒါလေးကိုရေးဖို့ သတိရသွားပါတယ်။ ဒီစာစုလေး တကယ်ချရေးဖြစ်သွားတဲ့အတွက် အစ်မသက်ဝေကို ချစ်ခင်စွာနဲ့ ကျေးဇူးတင်ပါတယ်။း)
မနက်စောစောထပြီး လမ်းလျှောက်မယ်၊ လေ့ကျင့်ခန်းလုပ်မယ်နဲ့ ကြံစည်ထားတာ ကြာနေပြီ၊ ခုထိ အကောင်အထည် မဖော်နိုင်သေးတာကို မကြိုက်ဘူး
မနက်တိုင်း ရထားပေါ် အလုအယက် တွန်းတွန်းတိုက်တိုက် တိုးတိုးဝှေ့ဝှေ့ တက်ရတာ မကြိုက်ဘူး
ရထားတွေ delay ဖြစ်ပြီး ရုံးကို နောက်ကျရောက်သွားရတာ မကြိုက်ဘူး
ရုံးရောက်ရောက်ချင်း ph. call တွေ ကိုင်ရတာ၊ မန်နေဂျာရဲ့ သြ၀ါဒတွေ အခြွေခံရတာ မကြိုက်ဘူး
နေ့လည်ထမင်းစားခါနီးနဲ့ ရုံးဆင်းခါနီးမှ အစည်းအဝေးတက်ရတာ မကြိုက်ဘူး
တစ်နေကုန် ကွန်ပျူတာကြည့်ပြီး အလုပ်လုပ်နေရတာ မကြိုက်ဘူး
နေ့စဉ်နဲ့အမျှ တစ်ခုမဟုတ်တစ်ခု သတိမေ့တတ်လာတာကို မကြိုက်ဘူး
ကိုယ်အလေးအချိန်လျှော့ချဖို့ ကြိုးစားနေတဲ့ကြားက stress ဖြစ်ရင် fast food စားမိတဲ့ အကျင့်ဆိုးကို မကြိုက်ဘူး
အလုပ်ထဲမှာ ထိန်းချုပ်နေတဲ့ကြားက ဒေါသထွက်ထွက်သွားတာကို မကြိုက်ဘူး
တစ်နေကုန်လို့ ၁၅ မိနစ်လောက်မှ တရားမထိုင်ဖြစ်ဘဲ ကွန်ပျူတာရှေ့ကျ နာရီပေါင်းများစွာ အချိန်တွေပေးနေမိတာကို သိသိကြီးနဲ့ မကြိုက်ဘူး
အရင်ကလောက် စာအုပ်ဖတ်အား မကောင်းတော့တာ၊ စာဖတ်နှုန်း သိသိသာသာ ကျဆင်းသွားတာကို မကြိုက်ဘူး
အရင်ကလောက် စာအုပ်ဖတ်အား မကောင်းတော့တာ၊ စာဖတ်နှုန်း သိသိသာသာ ကျဆင်းသွားတာကို မကြိုက်ဘူး
စာတွေရေးချင်ရက်နဲ့ အချိန်မပေးနိုင်လို့ မရေးဖြစ်တာကို မကြိုက်ဘူး
ရေးလက်စ စာတစ်ပုဒ် အဆုံးမသတ်ရသေးဘဲ လနဲ့ချီ ကြာနေတာကို မကြိုက်ဘူး
စောစောအိပ်မယ်...စောစောအိပ်မယ် ကြွေးကြော်ပြီး ညစဉ်၁၂နာရီထိုးပြီးမှ အိပ်ရာဝင်ဖြစ်နေတာကို မကြိုက်ဘူး
ညအိပ်ရာဝင်ခါနီးမှ ဗိုက်ဆာလာတာကို မကြိုက်ဘူး
ညအိပ်ခါနီးတိုင်း ဆေးတွေသောက်ရ၊ လိမ်းရတာကို မကြိုက်ဘူး
စောစောမအိပ်နိုင်လို့ စောစောမထဖြစ်တာကိုတော့ တကယ်မကြိုက်ဆုံးပါပဲ။
ဇွန်မိုးစက်
---------------------------------------------------------------------------------------------------------------------------------------------------
အစ်မသက်ဝေရဲ့ တဂ်အိမ်စာ ကျန်တဲ့နှစ်ပုဒ်ထဲက တစ်ပုဒ်ပါ။ နေ့စဉ်ဖြစ်ရပ်ထဲက မကြိုက်မိတာလေးတွေကို ဦးစားပေးပြီး ရေးလိုက်ပါတယ်။
ဇွန်မြန်မာပြည်ခရီးက ပြန်ရောက်ပြီး ရုံးပြန်တက်တဲ့အခါ ဇွန်တို့ဌာနမှာ ရုံးအကူဝန်ထမ်းအသစ်တစ်ဦး ရောက်နေပါတယ်။ သူက စလုံးပေါက် တရုတ်လူမျိုး ရိုင်ယန် (Ryan) ပါ။ ဖော်ရွေသွက်လက်တဲ့ လူငယ်တစ်ဦးလို့ မှတ်ချက်ပေးလို့ရပါတယ်။ သူ့စကားသံကြားမိတဲ့အခါမှာတော့ သူဟာ ပုံမှန်မဟုတ်ဘူးဆိုတာ စိတ်ထဲက အလိုလို သိနေပါတယ်။ အမှန်တကယ်လည်း သူရဲ့ဉာဏ်ရည်က သာမန်ထက် သိသာစွာ နည်းပါးနေပါတယ်။ သူ့ကို အများကြီးအလုပ်ပေးလို့ မရပါဘူး။ တစ်ခါပြောပြပြီးရင် ခဏလေးနဲ့ မေ့သွားတတ်လို့ ခဏခဏပြန်မေး၊ အခေါက်အခေါက်အခါခါ ရှင်းပြနဲ့ အတော်စိတ်ရှည်ရပါတယ်။ သူလိုလူမျိုးကိုမှ ဘာကြောင့်ခန့်ထားတာလဲလို့ မေးကြည့်မိတဲ့အခါ၊ ခန့်ထားတာ မဟုတ်ဘဲ… သူ့မိဘများက သူ့သားတစ်ခြားမှာ အလုပ်သွားဝင်ရင် အနိုင်ကျင့်ခံရမှာစိုးတဲ့အတွက် သူတို့နဲ့ ခင်မင်ရင်းနှီးတဲ့ ဇွန်တို့ သူဌေးရဲ့ ကုမ္ပဏီမှာ လာအပ်ထားတဲ့ သဘောပါ။ ရေရှည်မဟုတ်ဘဲ ယာယီအနေနဲ့ လက်ခံထားတာလို့ သိရပါတယ်။
တကယ်တော့ သူ့မိဘများဟာ အလွန်ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေပါပဲ။ လုပ်ဖော်ကိုင်ဖက်တစ်ချို့က သူနဲ့ထမင်းအတူသွားစားရင်း၊ စကားပြောရင်းနဲ့ သူ့အကြောင်းတွေ သိလာတဲ့အခါ ဇွန့်ကို ပြန်ပြောပြကြပါတယ်။ သူ့အိမ်က Botanical Garden အနီးက Tanglin ရပ်ကွက်မှာ ရှိပါတယ်။ သူက ဟော်ကာစင်တာ (Hawker center) တွေမှာ ထမင်းစားလေ့မရှိဘဲ သူ့မိဘတွေနဲ့အတူတူ restaurant တွေမှာပဲ အမြဲစားနေကြမို့ food court က အစားအသောက်တွေ မကြိုက်ဘူးပါတဲ့။ သူ့အမေက Ferrari မောင်းပြီး၊ သူ့အဖေက Rolls-Royce စီးပါတယ်။ ကားတွေကို ဖုန်းကင်မရာကတစ်ဆင့် ဇွန်တို့ကို ပြပါသေးတယ်။ စင်္ကာပူမှာ ဒီလို ကား၂စင်းပိုင်တဲ့ အနေအထားမှာ သူတို့ကြွယ်ဝမှုအတိုင်းအတာကို ခန့်မှန်းလို့ ရပါတယ်။ ဒါတောင် သူ့ဘေးခြံက အိမ်နီးချင်းက Porsche မောင်းတာကို သူက အားကျနေသေးတာတဲ့။ လာမယ့်မေလကျရင် ဥရောပကို ဟောလီးဒေးလ်ခရီးထွက်ဦးမယ်လို့ ပြောပါတယ်။ သူ့ကို ကြည့်ရတာ ဘ၀ကို မပူမပင် မကြောင့်မကျနဲ့ အေးအေးဆေးဆေး ဖြတ်သန်းနေရလို့ တစ်ခြား S’porean Colleague တွေကတောင် သူ့လိုဘ၀မျိုး ရချင်လိုက်တာလို့ ပြောလာကြတဲ့အထိပါပဲ။
သူ့ကိုကြည့်ပြီး… ဇွန်တွေးမိလိုက်တာရှိပါတယ်။ သူဟာ အတိတ်ဘ၀က ဒါနအားကောင်းခဲ့လို့ ခုဘ၀မှာ ချမ်းချမ်းသာသာ နေထိုင်ရတယ်။ ဒါပေမဲ့ ဉာဏ်ရည်မှာတော့ အများနည်းတူမရှိဘဲ နိမ့်ကျနေတာ သူလှူခဲ့စဉ်အခါက ဉာဏ်ပညာမစိုက်ဘဲ ဒါနပြုခဲ့တဲ့အတွက်ကြောင့်ဆိုတာကိုပါ။ သူပြုခဲ့သော ဒါနများဟာ လောကအတွက်၊ သာသနာအတွက် ကျေးဇူးမများသော ဉာဏ်မယှဉ်တဲ့ ဒါနများဖြစ်ခဲ့အတွက် ယခုဘ၀မှာ ဥစ္စာပစ္စည်း ပြည့်စုံကုံလုံသော်ငြား ဉာဏ်နည်းပါးတဲ့ သူဖြစ်ရတယ်လို့ ဆရာတော် အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ) ရဲ့ “လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်” စာအုပ်မှာ ရေးသားထားတာကို အမှတ်ရမိပါတယ်။
ဒီလိုပုဂ္ဂိုလ်တွေဟာ ဒွိဟိတ်ဉာဏ်ယှဉ်ပြီး မွေးလာသူတွေဖြစ်တဲ့အတွက် ဒီဘ၀မှာ ဘယ်လောက်ပဲ ကြိုးစားအားထုတ်အားထုတ် တရားထူးတရားမြတ် မရနိုင်တော့ပါဘူး။ တစ်ဆက်တည်းမှာပဲ ဒါနပြုတဲ့အခါ ဉာဏ်ယှဉ်ပြီးလှူဖို့ အလွန်အင်မတန်မှ အရေးကြီးဆိုတာ ထပ်တွေးမိပါတယ်။ လှူတဲ့အခိုက်အတန့်လေးမှာ အများကြီးအာရုံစိုက်စရာမလိုဘဲ “နိဗ္ဗာန်နဿ ပစ္စယောဟောတု” လို့သာ အာရုံစိုက်လိုက်နိုင်ရင် ကိုယ်လှူလိုက်တဲ့ဒါနက နိဗ္ဗာန်ရောက်သည်အထိ အထောက်အပံ့ပေးသွားမှာပါ။ ဒီအချက်က သဒ္ဓါတရား အလွန်ထက်သန်ကြတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် အထူးဂရုပြုသင့်တဲ့အချက်လို့ ဇွန်မြင်ပါတယ်။ လှူတဲ့အခါမှာလည်း အများသူငါတိုက်တွန်းလို့ လှူရတာထက် ကိုယ်တိုင်ကိုယ်ကျ စေတနာသုံးတန်ပြဌာန်းပြီး စိတ်နှလုံးကြည်ကြည်လင်လင်နဲ့ နိဗ္ဗာန်ရောက်ကြောင်း ရည်စူးပြီးလှူဒါန်းနိုင်ရင်ဖြင့် အလှူရှင်အတွက် သိပ်ကိုအကျိုးများသွားမှာ အသေအချာပါ။
သူငယ်ချင်းမိတ်ဆွေ စာဖတ်သူများအားလုံးလည်း နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းကျန်းမာစွာဖြင့် ဉာဏ်ယှဉ်သော ဒါနများကို ပြုနိုင်ပါစေလို့ ဇွန်က ဒီပို့စ်လေးနဲ့ နှစ်သစ်ဆုတောင်းခြွေလိုက်ပါတယ်။
ဇွန်မိုးစက်
------------------------------------------------------------------------------------------------------------------------
ဒွိဟိတ်ပုဂ္ဂိုလ် - အလောဘနှင့်အဒေါသ ၂ပါးယှဉ်၍ ဒါနပြုခဲ့သော်လည်း အမောဟ (ပညာ) ဉာဏ် မစိုက်ခဲ့သူတိဟိတ်ပုဂ္ဂိုလ် - အလောဘ၊ အဒေါသ၊ အမောဟ (ပညာ) သုံးပါးယှဉ်၍ လှူဒါန်းခဲ့သူ (တိဟိတ်ပုဂ္ဂိုလ်များဟာ ယခုဘ၀မှာတင်ပဲ မဂ်ဖိုလ်နိဗ္ဗာန် တရားထူးရသည်အထိ အားထုတ်နိုင်သူများ ဖြစ်ပါတယ်)
ကျမ်းကိုး - အဘိဓမ္မာ
နှိုးစက်ပေးစရာမလိုဘဲ အလိုလိုအိပ်ရာက နိုးတတ်တာကို ကြိုက်တယ်
(မိုးမရွာတဲ့နေ့တွေမှာ) ကြည်စင်တဲ့ ကောင်းကင်ပြာကို မော့ကြည့်ပြီး သွားတိုက်ရတာကို ကြိုက်တယ်
မိတ်ကပ်ဘယ်တော့မှ မလိမ်းဖြစ်ဘဲ သနပ်ခါးပါးပါးလေး နေ့စဉ်လူးပြီး ရုံးသွားရတာကို ကြိုက်တယ်
ရုံးမသွားခင် ဘုရားစင်ရှေ့မှာ သရဏဂုံနဲ့၊ ငါးပါးသီလကို မမေ့မလျော့ဆောက်တည်ပြီးမှ အိမ်ကနေထွက်ရတာကို ကြိုက်တယ်
အိမ်ကနေရုံးရောက်တဲ့အထိ ဂုဏ်တော်ပွားများ၊ မေတ္တာသုတ်ရွတ်ပြီး အရပ်ဆယ်မျက်နှာကို တစ်ရက်မပျက် မေတ္တာပို့ရင်းနဲ့ သွားတတ်တဲ့ အလေ့အကျင့်ကို ကြိုက်တယ်
ရုံးရောက်မှ မိုင်လိုတစ်ငုံချင်းသောက်ပြီး အလုပ်အီးမေးလ်တွေ စစ်ရတာကို ကြိုက်တယ်
အလုပ်ချိန်မှာ ဂျီမေးလ်ကနေ ဘီးဇီးစတေးတပ်စ်နဲ့ ၀င်ထားရတာကို ကြိုက်တယ်
နေ့လည်ထမင်းစားချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထမင်းအတူစား၊ လက်ဖက်ရည်သောက်ပြီး အာလာပသလ္လာပ စကားတွေ ပြောရတာကို ကြိုက်တယ်
ထမင်းစားချိန် တစ်နာရီမပြည့်မချင်း ရုံးခန်းထဲ ပြန်မ၀င်တတ်တဲ့ ကိုယ့်အကျင့်ကို ကြိုက်တယ်
အိပ်ငိုက်တဲ့အခါ အင်တာနက်ထဲ ဟိုဟိုဒီဒီ ၀င်ဖတ်ပြီး မျက်လုံးကျယ်အောင် လုပ်ရတာ ကြိုက်တယ်
၆နာရီထိုးလို့ အလုပ်တွေ လက်စသတ်ပြီး ကွန်ပျူတာကို shut down လုပ်ရတာ ကြိုက်တယ်
အိမ်အပြန် ဘူတာရုံကဆင်းတဲ့အခါ စတုတ္တရိပ်သာပေါ်က လမ်းလျှောက်ပြီး ပြန်ရတာကို ကြိုက်တယ်
ရုံးအပြန်ညနေတိုင်း စာတိုက်ပုံးဖွင့်ပြီး စာယူရတာကို ကြိုက်တယ်
အခြားသူတွေထက် အိမ်ကိုစောပြန်ရောက်ပြီး ဘုရားပန်းအိုးနဲ့ သောက်တော်ရေလဲ၊ ဆီမီးခွက်ထဲ ဆီထည့်ပူဇော်ပြီး အေးအေးလူလူ ဘုရားကန်တော့ဖြစ်တဲ့ ညနေခင်းတွေကို ကြိုက်တယ်
ထမင်းစား၊ ရေမိုးချိုးအပြီးမှာ ကွန်ပျူတာခလုတ်လေး အွန်လိုက်ရတာကို ကြိုက်တယ်
ဂျီမေးလ်ထဲဝင်၊ မျက်နှာစာအုပ်ပေါ်တက်ပြီး လူမှုရေးကွန်ယက်ထဲ လမ်းသလားရတာကို ကြိုက်တယ်
တစ်နေကုန်ပင်ပန်းခဲ့သမျှ အိပ်ရာပေါ် ခြေဆန့်လက်ဆန့် ပစ်လှဲပြီး မွေ့ယာနဲ့ကျောပြင် ထိလိုက်တဲ့အခိုက်ကို ကြိုက်တယ်
ညစဉ် အိပ်ရာဝင်တိုင်း အနန္တော အနန္တငါးပါးကို မရှိခိုး၊ဦးမချရသေးရင် ဘယ်တော့မှ အိပ်မပျော်တတ်တဲ့အကျင့်ကို ကြိုက်တယ်
အိပ်မက်မက်ရင် အိပ်ရေးမ၀ဘူးလို့ ဆိုကြပေမယ့် ညစဉ်လိုလို အိပ်မက်တွေ မက်ရတာကို ကြိုက်တယ်
ကြောက်စရာ အိပ်မက်တွေ မက်ခဲ့ရင်တောင် ၂၄ပစ္စည်းနဲ့ သံဗုဒ္ဓေကို အိပ်မက်ထဲမှာ အော်ဆိုဖို့ သတိရတတ်တဲ့ မသိစိတ်ကိုလည်း ကြိုက်တယ်
ကုသိုလ်အကုသိုလ် ခွဲခြားသိပြီး ရိုးရှင်းမှန်ကန် အဓိပ္ပာယ်ရှိစွာနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနေတဲ့ လက်ရှိဘ၀ကို ကျေနပ်စွာနဲ့ ကြိုက်ပါတယ်။
-----------------------------------------------------------------------------------------------------------------------
အစ်မသက်ဝေရဲ့ တဂ်ပို့စ်လေးပါ။ Daily dislikes နဲ့ အချစ်အကြောင်းလည်း ပြောရဦးမှာဆိုတော့ တဂ်ကြွေးက နောက်ထပ် နှစ်ပုဒ်ကြီးများတောင် တင်နေပါသေးတယ်။
အစ်မရေ... ဖြည်းဖြည်းချင်း ရေးပေးမယ်နော်။ :D
ချစ်ခင်စွာဖြင့်
ညီမဇွန်
လွန်ခဲ့တဲ့ ၂နှစ်လောက်က အတူနေသူငယ်ချင်းက သူရဲ့ စိတ်ကူးဆန္ဒကို အရင်းနှီးဆုံးသူငယ်ချင်းတစ်ချို့ကို ဖွင့်ဟပြောဆိုခဲ့ရာမှ ဒီကုသိုလ်မှတ်တမ်းလေး အစပြုခဲ့ပါတယ်။ ၂၀၀၈ခုနှစ် မေလမှာဝင်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ဒေသက မိဘမဲ့ကလေးတွေကို ရှင်ပြုပေးချင်တဲ့ သူ့ဆန္ဒကို အကောင်အထည် ဖော်နိုင်ဖို့အတွက် သူငယ်ချင်းတစ်ယောက်က စီးပွားရေးတက္ကသိုလ်မှာ ခင်မင်ခဲ့ရတဲ့ ဘိုကလေးနယ်ခံ သူငယ်ချင်းတစ်ယောက်ကို ရှာဖွေဆက်သွယ်ပြီး၊ ကိုယ်တိုင်ဘိုကလေးထိဆင်းလို့ မိဘမဲ့နဲ့ ဆင်းရဲနွမ်းပါး ကလေးအများစု ပညာသင်ကြားရာ မင်္ဂလာကံသာ ဘုန်းတော်ကြီးသင်ပညာရေးမူလွန်ကျောင်းကို ရှာဖွေတွေ့ရှိ ဆက်သွယ်နိုင်ခဲ့ပါတယ်။
ဒီအလှူကို အကောင်အထည်ဖော်မယ်လို့ ဆုံးဖြတ်ပြီးတဲ့အချိန်ကစလို့ လစဉ်ပမာဏတစ်ခုဖယ်ထားပြီး စုသူကစု၊ စနေတနင်္ဂနွေမှာ အချိန်ပိုင်းလုပ်ပြီး အလှူအတွက်သက်သက် ပိုက်ဆံစုသူကစုနဲ့ တွေးကြည့်တိုင်း ပီတီဖြစ်စရာ ကောင်းလှပါတယ်။ ရှင်အပါး ၂၀ဆယ်စာ သတ်မှတ်ပြီး စင်္ကာပူက သူငယ်ချင်းလေးယောက် ကိုယ်နိုင်သလောက် မျှခံကြမယ်လို့ ရည်စူးခဲ့ပါတယ်။ ၂၀၁၀ အောက်တိုဘာ သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ရွေးကောက်ပွဲဘာဘာညာညာ သတင်းများကြောင့် ရက်ကိုနောက်ဆုတ်ရင်း ၂၀၁၁ ဖေဖော်ဝါရီ သို့မဟုတ် မတ်လ နွေရာသီ အတန်းတင်စာမေးပွဲအပြီးမှာ ပြုလုပ်ဖို့ ၂၀၁၀ ဒီဇင်ဘာလမှာ အတည်ပြုလိုက်နိုင်ပါတယ်။ လေးယောက်စလုံး အတူပြန်ပြီး အလှူလုပ်နိုင်မယ့်ရက်ကို ညှိလိုက်တဲ့အခါ မတ်လ ၂၀ရက် တနင်္ဂနွေနေ့ (တပေါင်းလပြည့်ကျော်တစ်ရက်) က အဆင်ပြေဆုံးဖြစ်နေလို့ အဲဒီ့နေ့ကိုပဲ ရွေးချယ်သတ်မှတ်လိုက်ပါတယ်။
ဒီအလှူကို သူငယ်ချင်းတစ်စုပဲ လုပ်ကြမယ်လို့ ရည်ရွယ်ထားခဲ့ပေမယ့် ခင်မင်နီးစပ်တဲ့ မိတ်ဆွေသူငယ်ချင်းတွေကို မတ်လထဲမှာ ရှင်ပြုအလှူတစ်ခုလုပ်ဖို့အတွက် ခဏပြန်ဖြစ်မယ်ဆိုတဲ့အကြောင်း ပြောပြမိတဲ့အခါ နားထောင်ရတဲ့သူတွေက သဒ္ဓါပေါက်သွားပြီး အလှူငွေထည့်ဝင်ချင်ပါတယ်လို့ ဆိုလာတဲ့အတွက် အလှူငွေများကို ၀မ်းမြောက်စွာနဲ့ လက်ခံလိုက်ကြပါတယ်။ အလှူငွေထည့်ဝင်သူများရှိလာတဲ့အတွက် ရှင်အပါး ၂၀ကနေ ၂၅ပါးကို တိုးလိုက်ပါတယ်။
လေယာဉ်လက်မှတ်ဝယ်ပြီးတဲ့အချိန်ကတည်းကစလို့ သူငယ်ချင်းတစ်သိုက် စိတ်လှုပ်ရှားပျော်ရွှင်နေလိုက်တာ အလှူပြီးမြောက်သွားတဲ့ အထိပါပဲ။ အလှူအတွက် တိုင်ပင်ပြောဆိုကြတဲ့ အီးမေးလ်တွေ အပြန်အလှန် ရေးပို့ကြတာလည်း နေ့စဉ်အကြိမ်ပေါင်း မနည်းပါဘူး။ ရှင်ပြုအလှူအတွက်ပြန်ရင်း ဆင်းရဲနွမ်းပါးတဲ့ ချင်းပြည်နယ်ကျောက်ကွင်းရွာအတွက်လှူဖို့ အ၀တ်အစားတွေကလည်း တပါးတည်း သယ်သွားချင်ကြသေးတာလေ။ SilkAir နဲ့ တစ်ယောက်ကို ကီလို၃၀နှုန်းရတဲ့အတွက် ၁၀ကီလိုလောက်ပဲ ကိုယ့်အတွက်သယ်ပြီး ကျန်တဲ့ ကီလို၂၀ ကို လှူမယ့်အ၀တ်တွေ သယ်သွားပေးနိုင်ခဲ့ပါတယ်။ အလှူအတွက် ဖားအောက်တောရက ဘုန်းဘုန်းဦးဥက္ကံ လှူလိုက်တဲ့ သင်္ကန်း ၁၅စုံကိုတော့ သပြေနုကနေပဲ ကီလိုဝယ်ပြီး ပို့ထားနှင့်ပါတယ်။
ကျောက်ကွင်းရွာအတွက် ပေးလှူမယ့်အ၀တ်ထုပ်တွေပါ။ ကားပေါ်မှာ နှစ်ထုပ်ကျန်ပါသေးတယ်။
သွားမယ့်အချိန်က နွေရာသီဆိုတော့ အင်္ကျီအပါးလက်တိုလေးတွေ ရွေးထည့်ထားတုန်း မပြန်ခင် ၃၊၄ရက်အလိုမှာ နွေခေါင်ခေါင်မုန်တိုင်းကျပြီး ရာသီဥတုအလွန်အမင်းအေးစိမ့်နေတယ်ဆိုလို့ အင်္ကျီလက်ရှည်နဲ့ အနွေးထည်တွေပြန်ရှာ ထည့်ရပြန်ပါတယ်။
ရန်ကုန်နဲ့ဘိုကလေးက မိသားစုသူငယ်ချင်းတွေ စိတ်ပူနေကြတာပေါ့။ အလှူနဲ့ လေကြီးမိုးကြီးနဲ့မိတော့မယ်ဆိုပြီး...။ စင်္ကာပူက သူငယ်ချင်းတစ်စုကတော့ ကုသိုလ်ကောင်းမှုသွားလုပ်မှာမို့ စိတ်ထဲမှာ အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိကြဘဲနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီအလှူကို ဖြစ်အောင်သွားလုပ်မယ်ဆိုတဲ့စိတ်ပဲ ကြီးစိုးနေကြတာပါ။ ဒါပေမယ့် ဘိုကလေးကို သင်္ဘောနဲ့သွားမယ့် အစီအစဉ်ဖျက်လိုက်ပြီး ကားနဲ့ပဲသွားတော့မယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။
မတ်လ ၁၈ရက်နေ့ မနက် ၇နာရီ ၅၀မိနစ် လေယာဉ်နဲ့ ရန်ကုန်ကိုပြန်၊ ရန်ကုန်ရောက်ပြီး ညနေ ၃နာရီမှာ အိမ်ကနေထွက်ပြီး စုရပ်ပန်းဆိုးတန်းဆိပ်ကမ်းမှာ ၃နာရီခွဲဆုံဖို့ ချိန်းလိုက်ကြပါတယ်။ လိုက်မယ် မလိုက်ဘူး မသေချာဖြစ်နေတဲ့ ရန်ကုန်က သူငယ်ချင်းနှစ်ယောက်လည်း အနီးကပ်မှာ လိုက်ဖြစ်သွားပါတယ်။ ရန်ကုန်ကနေ စုစုပေါင်းလိုက်မယ့်သူက ၄ယောက်ဆိုတော့ စုစုပေါင်း ၈ယောက်ပါ။ အားလုံးမိန်းကလေးတွေချည်းပါပဲ။ ဇွန်မိုးစက်တစ်ယောက် လမ်းတစ်ဝက်အရောက်မှာမှ နောက်ဆုံးလက်ကျန်လွှဲလိုက်တဲ့ အလှူငွေထုပ် မေ့ကျန်ခဲ့တာ သတိရလို့ အိမ်တစ်ခေါက်ပြန်ယူလိုက်ရပြီး ပန်းဆိုးတန်းဆိပ်ကမ်းကို ၄နာရီမှ ရောက်သွားပါတယ်။
သင်္ဘောအဆိုက်နဲ့တိုးလို့ တခါတည်း ဒလဘက်ကို ဆက်ကူးပြီး သူငယ်ချင်းရဲ့အစ်ကို ငှားထားပေးတဲ့ ဆူပါရုဖ်ဗန်ကား ၂စီးမှာ ၄ယောက်တစ်စီးနှုန်းနဲ့ ညနေ၄နာရီခွဲမှာ ဒလ-ဘိုကလေး ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲဒေသများကို ဖြတ်ကျော်ပြီး ည၇နာရီမှာ ဖျာပုံရောက်ပါတယ်။ ဖျာပုံမှာ ညနေစာထမင်းဝင်စားကြပြီး ၇နာရီခွဲလောက်ကနေ ဆက်ထွက်လာခဲ့တာ ည၈နာရီခွဲမှာ ဘိုကလေးကို အဆင်ပြေချောမော အန္တရာယ်ကင်းစွာနဲ့ ရောက်ရှိသွားပါတော့တယ်။
လမ်းအစ၊ လမ်းအဆုံးနဲ့ တံတားကြီးနှစ်ခုမှာသာ လမ်းတွေကောင်းပြီး ကျန်တဲ့လမ်းတွေ အထူးသဖြင့် ဒေးဒရဲ- ဖျာပုံ-ဘိုကလေးလမ်းတွေမှာတော့ တွန့်ခေါက်ချိုင့်ခွက်တွေများပြီး ကြမ်းတမ်းပါတယ်။ ကားတွေကလည်း အတော်အကြမ်းခံနိုင်တယ်လို့ ပြောရမှာပဲ။ တစ်စီးကို လေးသောင်းခွဲပေးရတာ ကားနာတာနဲ့ ယှဉ်ကြည့်ရင် ဈေးတန်တယ်လို့ ဆိုနိုင်ပါတယ်။ ကားလမ်းတွေသာ ကောင်းခဲ့ရင် ဒလ-ဘိုကလေးကို နှစ်နာရီခွဲနဲ့ မောင်းလို့ရတယ်လို့ ကားဆရာကြီးက ပြောပြပါတယ်။ ဇွန်တို့သွားခဲ့တဲ့ခရီးက ထမင်းစားချိန် နာရီဝက်နုတ်လိုက်ရင် တောက်လျှောက်မောင်းချိန် ၄နာရီ ရှိပါတယ်။
လမ်းအစ၊ လမ်းအဆုံးနဲ့ တံတားကြီးနှစ်ခုမှာသာ လမ်းတွေကောင်းပြီး ကျန်တဲ့လမ်းတွေ အထူးသဖြင့် ဒေးဒရဲ- ဖျာပုံ-ဘိုကလေးလမ်းတွေမှာတော့ တွန့်ခေါက်ချိုင့်ခွက်တွေများပြီး ကြမ်းတမ်းပါတယ်။ ကားတွေကလည်း အတော်အကြမ်းခံနိုင်တယ်လို့ ပြောရမှာပဲ။ တစ်စီးကို လေးသောင်းခွဲပေးရတာ ကားနာတာနဲ့ ယှဉ်ကြည့်ရင် ဈေးတန်တယ်လို့ ဆိုနိုင်ပါတယ်။ ကားလမ်းတွေသာ ကောင်းခဲ့ရင် ဒလ-ဘိုကလေးကို နှစ်နာရီခွဲနဲ့ မောင်းလို့ရတယ်လို့ ကားဆရာကြီးက ပြောပြပါတယ်။ ဇွန်တို့သွားခဲ့တဲ့ခရီးက ထမင်းစားချိန် နာရီဝက်နုတ်လိုက်ရင် တောက်လျှောက်မောင်းချိန် ၄နာရီ ရှိပါတယ်။
အခုနောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီးလို့ ခေါ်ဝေါ်သုံးစွဲတာကို တွေ့ရပါတယ်
ဘိုကလေးရောက်တော့ သူငယ်ချင်းစီစဉ်ပေးထားတဲ့ တည်းခိုရိပ်သာမှာ အနားယူအိပ်စက်ပြီး ကျောင်းသားလေးများကို ဆံချပေးမယ့် နောက်တစ်နေ့ စနေနေ့အတွက် အားမွေးကြရပါတယ်။ ၁၉ရက်နေ့ စနေနေ့မနက်ပိုင်းမှာ သူငယ်ချင်းစီစဉ်ပေးထားတဲ့ ကားနဲ့ပဲ ဘိုကလေးမြို့မှာရှိတဲ့ အောင်စကြာဘုရားနဲ့ တာဝတိံသာဘုရားတို့ကို သွားရောက်ဖူးမြော်ပြီး လှေနဲ့နတ်ချောင်းတဘက်ကမ်းကိုကူးလို့ ပေါ်တော်မူကုန်းမြေရှိ ဘုရားစေတီများကိုလည်း သွားရောက်ဖူးမြော်ခွင့် ရခဲ့ပါတယ်။
ရှင်သာမဏေများအတွက် ပရိက္ခရာရှစ်ပါးနှင့် သင်္ကန်းများ
ကိုရင်များအတွက် ခေါင်းအုံးနှင့်ဖျာများ (ရှင် ၂၅ပါးစာ ခေါင်းအုံးစွပ်တွေကို စိတ်ရှည်လက်ရှည်နဲ့ ကိုယ်တိုင်ချုပ်ထားပေးတဲ့ ဘိုကလေးက သူငယ်ချင်းကို အရမ်းပဲ ကျေးဇူးတင်ရပါတယ်)
ပေါ်တော်မူကပြန်လာ၊ နေ့လည်စာစားပြီးတဲ့နောက် အလှူပြုလုပ်မယ့် မင်္ဂလာကံသာကျောင်းကို သွားချိန်မှာ ညနေ ၃နာရီမှာ ရှိပါပြီ။ လူစုံတဲ့အခါ ရှင်လောင်းများကို နတ်ပြ၊ ဆံချပြီး သင်္ကန်းစည်းပါတယ်။ ကျောင်းပေါ်အရောက် ဖြူစိမ်းဝတ်စုံကို ၀တ်ဆင်ထားပြီး သနပ်ခါးအဖွေးသားနဲ့ ကလေးငယ်များကို မြင်ရတဲ့အခါ ရင်ထဲမှာ လှိုက်ကနဲဖြစ်သွားပြီး ကြည်နူးပီတိဖြစ်တဲ့ ခံစားချက်က ဖော်ပြလို့မရအောင် ဖြစ်သွားတာ အမှန်ပါ။ မိဘမဲ့ကလေးတစ်ချို့ကို မြင်ရတဲ့အခါမှာတော့ ၀မ်းနည်းဝမ်းသာ ခံစားချက်နှစ်မျိုးလုံး ဖြစ်ပေါ်လာပါတယ်။ စနေနေ့ တပေါင်းလပြည့်နေ့ညနေစောင်းမှာပဲ ကလေးငယ် ၂၅ယောက်ဟာ ရှင်သာမဏေအဖြစ်နဲ့ အမြတ်ဆုံးသော သာ့သနာ့အမွေကို လက်ခံရယူနိုင်ခဲ့ပါတယ်။
မောင်ရင်လောင်းများ (သူတို့ကျောင်းပြန်ဖွင့်ရင် ကျောင်းဝတ်စုံအသစ်ပါရအောင်လို့ ဖြူစိမ်းများကို တူညီစွာ ၀တ်ဆင်ထားပေးခြင်းပါ)
နတ်မပြမီ
ဆံချပြီ
သင်္ကန်းတောင်းနေစဉ်
သင်္ကန်းစည်းပြီ
ရှင်သာမဏေအဖြစ် ခံယူနေကြစဉ်
အမြတ်ဆုံးသော သာသနာ့အမွေ ပေးအပ်ခြင်းခံရသော ကိုရင် ၂၅ပါး
၂၀ရက် တနင်္ဂနွေနေ့မနက်မှာ မုန့်ဟင်းခါးနဲ့အရုဏ်ဆွမ်းကပ်ပါတယ်၊ နေ့ဆွမ်းမကပ်မီ တနားတော်နာယူ ရေစက်ချ အမျှပေးဝေပါတယ်။ ဘုန်းဘုန်းက တရားပေးရာမှာ အသောကဘုရင်ကြီးဟာ ရေတွင်းရေကန်ပေါင်း၊ ကျောင်းစေတီပေါင်း ရှစ်သောင်းလေးထောင် အလှူပြုပြီးတဲ့အခါ ယခုသူပြုခဲ့တဲ့အလှူတွေက အမြတ်ဆုံးအလှူဖြစ်ပြီးလားလို့ မေးလျှောက်တဲ့အခါ အမြတ်ဆုံးသောအလှူ မမြောက်သေးကြောင်း သိရလို့ အမြတ်ဆုံးအလှူဖြစ်အောင် မိမိရင်မှဖြစ်သောသား၊ ဆွေမျိုးညီအစ်ကိုများကို ရှင်ပြုရဟန်းခံစေပြီး သာသနာ့ဘောင်ဝင်ရောက်စေခဲ့တယ်လို့ ဆိုပါတယ်။
မိမိရင်မှမဖြစ်သော်လည်း အခြားရင်မှဖြစ်သော သူတစ်ပါးတို့၏ ရင်သွေးငယ်များကို သာသနာ့အမွေပေးအပ်ခြင်းမှာ အလှူ့တကာ့အလှူတွင် အမြတ်ဆုံးသော အလှူဖြစ်ကြောင်း ဆရာတော်က အလှူရှင်များ ၀မ်းမြောက်ကုသိုလ်ယူနိုင်အောင် ဟောကြာပေးခဲ့ပါတယ်။ အလှူရှင်များအနေနဲ့လည်း အမြတ်ဆုံးသော သာသနာ့အလှူကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပေးလှူခွင့်ရတဲ့အတွက် အတိုင်းမသိ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ပြုခဲ့သမျှ ကောင်းမှုအစုစုအတွက်လည်း ၃၁ဘုံမှာ ကျင်လည်နေကြကုန်သော ဝေနေယျသတ္တ၀ါအားလုံးကို အမျှဝေပေးပါတယ်။ ယခုလိုကြီးမြတ်သော အလှူဒါနကြောင့် ကလေးများရဲ့ ကွယ်လွန်သူ မိဘဆွေမျိုးသားချင်းများအနေနဲ့လည်း ရောက်ရာဘုံဘ၀ကနေ သာဓုခေါ်နိုင်ပြီး အပ္ပါယ်လေးဘုံကနေ ကျွတ်လွတ်သွားမယ်လို့ ယုံကြည်ပါတယ်။
ဒီအလှူမှာ ပါဝင်လှူဒါန်းကူညီကြသူများအားလုံးကို ဇွန်နဲ့သူငယ်ချင်းများက ကျေးဇူးအများကြီး တင်ပါတယ်။ အလှူငွေပမာဏက မထင်မှတ်ထားလောက်အောင် များပြားခဲ့တဲ့အတွက် လက်ခံရရှိခဲ့တဲ့ အလှူငွေများအားလုံးကို ရှင်ပြုအလှူ၌သာမက မင်္ဂလာကံသာဘုန်းတော်ကြီး ပညာသင်ကျောင်း ပဒေဿပင်၊ မင်္ဂလာကံသာကျောင်းအတွက် န၀ကမ္မ၊ ဆွမ်းအခက်အခဲရှိနေတဲ့ ပေါ်တော်မူကုန်းမြေရှိ သီတဂူ ဓမ္မ၀ိဟာရစာသင်တိုက်အတွက် ဆွမ်းပဒေဿပင်၊ ကလေးငယ်များရဲ့ နှလုံးသားမှာ ဓမ္မတရားတော်နဲ့ယဉ်ကျေးမှု အစဉ်တည်တံ့စေဖို့ ပြုစုပျိုးထောင်ပေးနေတဲ့ ဘိုကလေးမြို့ရှိ တနင်္ဂနွေဓမ္မကျောင်း (Sunday School) နဲ့ ဆင်းရဲနွမ်းပါး ပညာရေးအခက်အခဲရှိနေတဲ့ ချင်းပြည်နယ်ကျောက်ကွင်းရွာနဲ့ ဆောက်လုပ်ဆဲစာကြည့်တိုက်အတွက်လည်း ထည့်ဝင်လှူဒါန်းနိုင်ခဲ့ပါတယ်။
ရန်ကုန်ကို ပြန်ရောက်တဲ့နေ့ကစလို့ ရာသီပုံမှန်ပြန်ဖြစ်သွားပြီး ခရီးစဉ်တစ်လျှောက် မိုးလေကင်းလွတ်ခဲ့တာ၊ အလှူအတွက် ကိုယ်တိုင်ဦးစီး ကြိုးပမ်းအားထုတ်ခဲ့သူများအားလုံးမှာ ယောက်ျားလေးတစ်ဦးတစ်ယောက်မှ မပါဘဲ မိန်းကလေးတွေချည်း ဖြစ်နေတာတွေက ဒီကုသိုလ်မှတ်တမ်းရဲ့ ထူးခြားချက်လို့ ထင်ပါတယ်။ လူကြီးများမပါဘဲ မိန်းကလေးသူငယ်ချင်းတစ်စုဦးစီးပြီး အလှူတစ်ခုလုပ်ကြမယ့်အကြောင်း အိမ်ကမိဘတွေကို အသိပေးပြောပြကြတော့ ဖြစ်ပါ့မလားလို့ တစ်ခွန်းမှမမေးဘဲနဲ့ ယုံကြည်စိတ်ချစွာ ကုသိုလ်ပြုခွင့်ပေးပြီး ပံ့ပိုးကူညီကြတဲ့ မိဘ၊မောင်နှမ၊ မိသားစုဝင်တွေကိုလည်း ကျေးဇူးတင်ရပါတယ်။
အစစအဆင်ပြေစွာနဲ့ အလှူပြီးမြောက်အောင်မြင်သွားလို့ တနင်္ဂနွေနေ့လည် ၃နာရီမှာ ဘိုကလေးကနေ ရန်ကုန်ကို ပြန်လည်ထွက်ခွာလာပြီး ခရီးပန်းသမျှ အမေ့အိမ်မှာ နားခိုအမောဖြေမယ့် မိန်းမပျိုတစ်သိုက်ရဲ့ ရင်ထဲမှာ ကုသိုလ်တွေ တစ်လှေကြီးပိုက်လို့ ၀မ်းသာကြည်နူးမှုတွေနဲ့ ပြည့်လျှံနေခဲ့တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ ဒီကုသိုလ်မှတ်တမ်းကို အဆုံးသတ်လိုက်ပါတယ်။
အားလုံးပဲ အမျှယူ သာဓုခေါ်နိုင်ကြပါစေ။
ဝမ်းမြောက်ကြည်နူးခြင်းများစွာဖြင့်
ဇွန်မိုးစက်
Subscribe to:
Posts
(
Atom
)