Posted by
ဇွန်မိုးစက်
|
Posted on
Thursday, July 14, 2011
Category:
Memoirs
,
Travel
အမ်စတာဒမ်က စကီးဖူးလ်လေဆိပ်မှာ သုံးနာရီကြာ တစ်ထောက်နားပြီးမှ ကာဒစ်ဖ်သွားမယ့် လေယာဉ်အသေးကို ပြောင်းစီးကြရပါတယ်။ ဟိုဘက်ဒီဘက်နှစ်ခုံစီနဲ့ တစ်တန်းမှာ လေးယောက်သာ စီးနင်းလိုက်ပါခွင့်ရတဲ့ လေယာဉ်ငယ်လေးက လူ၅၀လောက်ပဲ ဆံ့ပါတယ်။ လေယာဉ်ငယ်ပေါ်မှာ ဇွန်တို့လို ကျောင်းသားတစ်ချို့နဲ့ ကျန်တဲ့ခရီးသည်အများစုက ဥရောပတိုင်းသားအမျိုးသားတွေပါ။ အားလုံးက အရေးတကြီး အစည်းအဝေး သွားတက်မယ့်ပုံစံနဲ့ ကျကျနန၀တ်ဆင်ပြီး နက်ခ်တိုင်နဲ့ ဆုကေ့ခ်ျတွေ ကိုယ်စီဆွဲလို့။ အချိန်ကလည်း မနက်ပိုင်းဆိုတော့ အလုပ်ကိစ္စနဲ့ သွားကြတဲ့ပုံတွေပါပဲ။
ဒီတစ်ခါ စီးရတဲ့ခရီးက သိပ်မကြာလိုက်ပါဘူး၊ မိနစ် ၄၀၊ ၄၅ မိနစ်သာသာပါ။ လေယာဉ်မယ်တွေက အရေးပေါ် အသက်ကယ်အခြေအနေကျရင် ဘာတွေဘယ်လို လုပ်ရမယ်ဆိုတာကို ဘာသာစကားသုံးလေးမျိုးနဲ့ ပါးစပ်ကပြောပြီး လက်ကလုပ်ပြသွားတာ မနည်းလိုက်နားထောင် ကြည့်ယူရပါတယ်။ အင်္ဂလိပ်၊ ဒတ်ခ်ျ၊ ဂျာမန်နဲ့ ပြင်သစ်လိုတွေ ပြောသွားတယ်လို့ ထင်တာပါပဲ။ ဖျော်ရည်နဲ့ သူတို့ဒေသထွက် ရိုးရာမုန့်အချိုလေးတွေကို ဗန်းလေးထဲထည့်ပြီး လိုက်ဝေပါတယ်။ ဗန်းလေးရှေ့နားချပြီး ကိုယ်ကြိုက်တာရွေးယူပေါ့။ မုန့်က နှစ်မျိုး၊ သုံးမျိုးပါတယ်။ ဇွန်က ဟိုဟာလေးလည်း စားကြည့်ချင်၊ ဒီဟာလေးလည်း စားကြည့်ချင်နဲ့ ဘာရွေးရမှန်း မသိဘူး။ နောက်ဆုံးတော့ ကောင်းမယ်ထင်တာလေး ရွေးယူလိုက်တယ်။ စိတ်ထဲမှာတော့ နောက်တစ်ခေါက် အပြန်ကျရင် အခုတစ်ခေါက် မရွေးလိုက်တဲ့မုန့်ကို ရွေးပြီးစားမယ်လို့ တေးမှတ်ထားလိုက်တယ်။
ဗြိတိန်ကျွန်းမကြီးအပေါ် လေယာဉ်ဖြတ်ပျံနေပြီလို့ သိတဲ့အခိုက်မှာ ရင်တွေတလှပ်လှပ်ခုန်လာတယ်။ ကိုယ်သိပ်ရောက်ဖူးချင်တဲ့၊ စာထဲမှာလည်း သင်ခဲ့ရတဲ့ ဗြိတိန်ကျွန်းနိုင်ငံကို ရောက်ရတော့မှာပါလားဆိုတဲ့အသိနဲ့ လေယာဉ်ပြတင်းပေါက်ကနေ အောက်ကိုငုံ့ကြည့်နေမိတယ်။ ဝေလပြည်နယ်ရောက်ပြီး လေယာဉ်ဆင်းခါနီးမှာ အေမီနဲ့ဆူရီရာက တစ်ယောက်တစ်ပေါက် ငြင်းခုန်နေကြတယ်။ ခပ်လှမ်းလှမ်းအောက်မှာ တွေ့ရတဲ့ အကောင်သေးသေးလေးတွေကို တစ်ယောက်က မြင်း၊ တစ်ယောက်က သိုးဆိုပြီးတော့။ ဇွန်လည်း သေသေချာချာ ကြည့်လိုက်တယ်။ အကောင်လေးတွေက အဖြူရောင်လေးတွေပါ… ဘယ့်နှယ့်လုပ်ပြီး မြင်းဖြစ်နိုင်ပါ့မလဲ။ ဒါနဲ့ ဇွန်လည်း သိုးဖြစ်ကြောင်း တကယ်သိသလိုလိုနဲ့ အေမီ့ဘက်က ၀င်ထောက်တယ်။
အမှန်တော့ မှန်းကြည့်ပြီး ကိုယ်လေ့လာထားသမျှ ဗဟုသုတနဲ့ ပေါင်းစပ်ပြီးပြောလိုက်တာ တကယ်လည်း အဲဒါသိုးတွေ ဖြစ်နေကြောင်း ကျောင်းကလာကြိုတဲ့ကားပေါ်မှာ လမ်းညွှန်အမျိုးသမီးကြီးက ဝေလပြည်နယ်အကြောင်း အကျဉ်းချုံးပြောပြတဲ့အခါ သိလိုက်ရတယ်။ ဝေလပြည်မှာ လူဦးရေထက် သိုးကောင်ရေ ပိုများကြောင်း ဘေးကဖြတ်သွားတဲ့ လယ်ကွင်းကျယ်တွေမှာ အုပ်လိုက်ကျက်စားနေတဲ့ သိုးတွေကို လက်ညှိုးညွှန်ပြီး ပြောပြသွားတယ်။ ဇွန်နဲ့အေမီလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြတယ်။ နွေဦးကာလမို့ အဖြူအ၀ါအလေ့ကျပန်းလေးတွေ ရောနှောပေါက်ရောက်နေတဲ့ လမ်းတစ်လျှောက်က မြက်ခင်းစိမ်းစိမ်းတွေကို ကြည့်ရတာ သိပ်ကိုကြည်နူးစရာ ကောင်းခဲ့တာပါလား...။ တကယ်မမေ့နိုင်တဲ့ အမှတ်တရ တစ်လခရီးပါပဲ။
အပြန်ကျတော့ ကာဒစ်ဖ်ကနေ အမ်စတာဒမ်ကို တစ်ခေါက်ပြန်စီးကြရတယ်။ အဲဒီ့မှာ အလာတုန်းက အပြန်မှာ မစားလိုက်ရတဲ့ နောက်မုန့်တစ်မျိုးကို ရွေးစားမယ်လို့ စိတ်ကူးထားတဲ့ ဇွန်တစ်ယောက် လေယာဉ်မယ် မုန့်ဗန်းလာချမယ့် အချိန်ကို စောင့်နေတာပေါ့။ သြော်…. အတော်အတွေးခေါင်လိုက်တဲ့ ကိုယ်ပါလားဆိုတာ မုန့်ဗန်းမြင်မှပဲ သိတော့တယ်။ ဒီတစ်ခါ သူတို့ကျွေးတာ နောက်ထပ်အမျိုးအစားမတူတဲ့ မုန့်တွေဖြစ်နေပါရောလား။ အသွားတုန်းက မစားကြည့်လိုက်ရတဲ့ မုန့်အတွက်ပဲ နှမြောမိသလိုလို ဖြစ်သွားသေးတာ။ ဒီတစ်ခါတော့ အဲလိုမဖြစ်ခံဘူးဆိုပြီး မုန့်နှစ်မျိုးစလုံး ယူခဲ့လိုက်တာပေါ့။ ဘာရမလဲ…ဟွန်း။
အမ်စတာဒမ်ရောက်တော့ ငါးနာရီကြာ transit ၀င်ပြီးမှ လေယာဉ်ထပ်စီးရပါတယ်။ ဒီတစ်ခါ ကိုယ်ထိုင်တဲ့ထိုင်ခုံနား အဆော့သန်တဲ့ ကလေးတွေများ ပါလာဦးမလားလို့ အနည်းငယ်ပူပန်စိတ် ရှိခဲ့ကြပေမယ့် အလယ်တန်းမှာ ပါလာတဲ့ ကလေးနှစ်ယောက်က သိပ်မဂျီလို့ ကံကောင်းသွားပါတယ်။ ဇွန့်ရှေ့တည့်တည့်မှာထိုင်တဲ့ လူဖြူတစ်ယောက်ကတော့ လေယာဉ်ထိုင်ခုံအောက်မှာထားတဲ့ သူ့ကျောပိုးအိတ်ထဲကနေ စူပါဟီးရိုးရုပ်ပြစာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထုတ်ထုတ်ပြီးဖတ်တာ တစ်လမ်းလုံးပါပဲ။ အသွားတုန်းကလို လေယာဉ်မောင်ချောချောလေးများ ပါလာမလား စောင့်ကြည့်ပေမယ့် မတွေ့ရပါဘူး။ ဒီလိုနဲ့ပဲ အမ်စတာဒမ်-စင်္ကာပူ ဝေဟင်ခရီးဟာ အမှတ်တရများစွာနဲ့ ပြီးဆုံးခဲ့ပါတယ်။
(၄)
နောက်နှစ်လအကြာမှာ ဗြိတိသျှလေကြောင်းလိုင်းနဲ့ ဇွန်တစ်ယောက် လန်ဒန်ဟီးသရိုးလေဆိပ်ကို ၁၃နာရီကြာစီးပြီး တစ်ယောက်တည်း သွားရပါတယ်။ လေယာဉ်ပေါ်မတက်ခင် နားနေခန်းမှာကတည်းက ကိုယ်နဲ့အတူစီးမယ့် ခရီးသွားတွေကို ဟိုဟိုဒီဒီ လိုက်အကဲခတ်ကြည့်မိတော့ အင်္ဂလိပ်တစ်ယောက်ရဲ့ အမျိုးသမီး တရုတ်မလေးတစ်ယောက်ကလွဲလို့ ကျန်တဲ့ခရီးသည်တွေအားလုံး အနောက်တိုင်းသားတွေချည်းပါပဲ။ ဇွန့်စိတ်ထဲ အားငယ်သလိုလိုတောင် ဖြစ်မိပါတယ်။ နေရာကျတော့လည်း နောက်ဆုံးနားက နှစ်ယောက်ခုံမှာ။ အတွင်းဘက်မှာထိုင်တဲ့ အင်္ဂလိပ်မလေးက အသက်သိပ်မကြီးသေးပေမယ့် အတော်လေးဝပြီး ထွားကျိုင်းပါတယ်။ လေယာဉ်မယ်တွေက အာရှလေကြောင်းလိုင်းကလို ငယ်ငယ်သွယ်သွယ်လေးတွေ မဟုတ်ဘဲ အသက်ကြီးကြီး ၀၀ဖိုင့်ဖိုင့်တွေ ဖြစ်နေတာကို အံ့သြစွာနဲ့ တွေ့ရပါတယ်။ လေယာဉ်မောင်ကလည်း ခပ်ဖြောင့်ဖြောင့်ပေမယ့် အသက်တော့ မငယ်ပါဘူး။ မျက်နှာထားကလည်း တည်လိုက်တာမှ သူ့လုပ်စာ စားနေရတဲ့အတိုင်း။ ဒတ်ခ်ျအဲလိုင်းက လေယာဉ်မောင်နဲ့များကွာပါ့လို့ စိတ်ထဲမှာပဲကြိတ်ပြီး ဝေဖန်လိုက်ပါတယ်။
ကံကောင်းထောက်မစွာနဲ့ ဇွန်တို့လေယာဉ်နောက်ပိုင်းကို serve လုပ်တဲ့ လေယာဉ်မယ်လေးက မျက်နှာချိုချိုနဲ့ တရုတ်မလေး ဖြစ်နေပါတယ်။ လေယာဉ်အဆင်းအတက် အရေးပေါ်အခြေအနေများအတွက် အင်္ဂလိပ်၊ တရုတ်ဘာသာစကား နှစ်မျိုးနဲ့ ပြောပြပေးတာကြားရမှ ဗြိတိသျှလေကြောင်းလိုင်းမှာ တရုတ်လေယာဉ်မယ် လိုက်ပါစီးနင်းရခြင်း အကြောင်းကို သဘောပေါက်သွားပါတယ်။ အစားအသောက်ချင်း ယှဉ်ကြည့်ပြန်တော့လည်း ဒတ်ခ်ျအဲလိုင်းက သာတာပါပဲ။ ကိုယ်စားနေကျမဟုတ်တဲ့ အရွက်သုပ်ဆဲလတ်တွေ ဘာတွေကျတော့ ဘေးက အင်္ဂလိပ်မလေးက ဘယ်အထုပ်ကိုဖောက်ပြီး ဘယ်လိုထည့် ဘယ်လိုနယ်သလဲဆိုတာ မသိမသာကြည့်လိုက်ပြီး သူစားတဲ့အတိုင်းပဲ လိုက်စားလိုက်တယ်။
လမ်းသွားရင် ရေငတ်တတ်တဲ့ဇွန်က သွားလေရာ ရေဗူးသယ်ပါတယ်။ (အဲဒီအချိန်က လေယာဉ်ပေါ် ရေဗူးသယ်ခွင့် ရပါသေးတယ်) တစ်ညလုံးအိပ်ပြီးလိုက်လာတဲ့ဇွန် လေယာဉ်မဆင်းခင် လေးဆယ့်ငါးမိနစ်လောက်အလိုမှာ ရေဆာလာပါတယ်။ ပါလာတဲ့ရေဗူးက ရေလည်း ကုန်သွားပြီမို့ လေယာဉ်မယ်လေးကို ရေတောင်းပါတယ်။ လေယာဉ်မယ်လေးက ဟုတ်ကဲ့လို့ပြောပြီး ပေါ်မလာခဲ့ပါဘူး။ နှုတ်ခမ်းတွေခြောက်နေပြီး ရေအလွန်ငတ်နေတဲ့ ဇွန်တစ်ယောက် ရေဆာတဲ့ဒဏ်ကို ကြိတ်မှိတ်သည်းခံပြီး... လေဆိပ်ရောက်မှပဲ သောက်တော့မယ်လို့ စိတ်တင်းလိုက်ပါတယ်။ ရေဆာဆာနဲ့ လေယာဉ်ကို မြန်မြန်ဆင်းစေချင်ပါပြီ။ လေယာဉ်ဘီးချပြီး ပြေးလမ်းပေါ်
ရောက်တဲ့အချိန်မှာ စိတ်နဲနဲသက်သာရာ ရသွားပါတယ်။ ရေသောက်ရတော့မယ်လေ။ အဲဒီအချိန်မှာပဲ လေယာဉ်မယ်လေးက စောစောက ရေမှာထားတာ မင်းမဟုတ်လား၊ ဆောရီးနော်လို့ တောင်းပန်ပြီး ရေတစ်ခွက်လာပေးပါတယ်။ လေယာဉ်မဆင်းခင် မမေ့မလျော့နဲ့ ရေလာပေးတဲ့သူ့ကို ကျေးဇူးတင်ပြီး ဆာဆာနဲ့ သောက်လိုက်ပါတယ်။ တကယ်လို့များ လေယာဉ်မယ်လေးသာ ရေယူပေးဖို့ မေ့လျော့သွားရင် ဒီအဲလိုင်းကို နောက်ထပ်စီးချင်စိတ် ရှိပါဦးမလားလို့ သံသယဖြစ်မိပါတယ်။
(၅)
နောက် ၂နှစ်အကြာမှာ လန်ဒန်ဟီးသရိုးကနေ စင်္ကာပူချန်ဂီ၊ အဲ့ဒီကနေမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စင်္ကာပူလေကြောင်းလိုင်းနဲ့ ပြန်လာခဲ့ပါတယ်။ ဒီတစ်ခါ အိမ်ပြန်တော့ သူနဲ့အတူ နှစ်ယောက်ပါ။ အဲဒီ့တစ်ခေါက်ပဲ ဇွန်နဲ့သူ နှစ်ယောက်အတူ လေယာဉ်စီးပြီး ခရီးသွားဖူးလိုက်ပါတယ်။ ရန်ကုန်လေဆိပ်ရောက်ရင်ပြဖို့ အရေးကြီး စာရွက်စာတမ်းတွေထည့်ထားတဲ့ဖိုင်ဟာ ဘတ်ဂေခ်ျ့လုပ်တဲ့အထဲပါသွားလို့ ဇွန်သူ့ကိုစိတ်ဆိုးပြီး လေယာဉ်ပေါ်မှာ စကားလုံးဝမပြောခဲ့ပါဘူး။ ကိုယ့်မျက်နှာရှေ့တည့်တည့်က တီဗွီမျက်နှာပြင်ပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ အဲဒီ့အချိန်က ပြတဲ့ရုပ်ရှင်ကားတွေက နာမည်ကြီးကားကောင်းတွေဖြစ်နေတော့ ဟိုကားလည်းကြည့်ချင်၊ ဒီကားလည်းကြည့်ချင်နဲ့၊ ကိုရီးယား၊ ဂျပန်လိုင်းတွေလည်းပါနေတော့ ချန်နယ်တွေ တစ်ခုပြီးတစ်ခုပြောင်းပြီး ၀င်ကြည့်ပါတယ်။ တစ်လမ်းလုံး ဟိုလိုင်းပြောင်းကြည့်လိုက်၊ ဒီလိုင်းပြောင်းကြည့်လိုက်နဲ့ နောက်ဆုံး ဘယ်ကားမှ မိမိရရ မကြည့်ဖြစ်လိုက်ပါဘူး။ သူကတော့ ‘Troy’ တစ်ကားနဲ့ ဟယ်ရီပေါ်တာကြည့်လိုက်တယ်လို့ နောက်မှပြန်ပြောပြပါတယ်။ ဇွန်လေယာဉ်စီးတဲ့အချိန်တိုင်း ဟယ်ရီပေါ်တာ တစ်ကားကားပြတာနဲ့ ကြုံတတ်တာကို သတိပြုမိပါတယ်။ သူနဲ့နှစ်ယောက်အတူသွားခဲ့တဲ့ တစ်ခုသော ဝေဟင်ခရီးက ဇွန့်အတွက်တော့ အမှတ်တရပါပဲ။
(၆)
နောက်ပိုင်းမှာ စင်္ကာပူ၊ ရန်ကုန်ကို ဂျက်စတား၊ ဆခ်အဲတို့နဲ့ အပြန်ပြန် အလှန်လှန်စီးဖြစ်ပေမယ့် ထွေထွေထူးထူး အမှတ်ရစရာ သိပ်မရှိခဲ့ပါဘူး။ တစ်ခါက ဂျက်စတားမှာ တာဝန်ထမ်းဆောင်လိုက်ပါလာတဲ့ ကရင်လူမျိုး မြန်မာလေယာဉ်မောင် ချောချောလေးတစ်ယောက်ကို သတိပြုမိတယ်။ ဒီလောက်ပါပဲ။
၂၀၀၇ စက်တင်ဘာမှာ staff retreat အနေနဲ့ မကာအိုကို တိုင်းဂါးအဲဝေးနဲ့ သွားရပါတယ်။ ဘတ်ဂျတ်အဲလိုင်း ဖြစ်လေတော့ ၄နာရီနီးပါးခရီးမှာ အသွားမှာ ရေတစ်ဗူး၊ အပြန်မှာ ရေတစ်ဗူးနဲ့ ဘာဂါတစ်လုံးကို အပြင်ဈေးထက် အဆပေါင်းများစွာပေးပြီး ၀ယ်စားလိုက်ရတော့ အင့်ကနဲ ဖြစ်သွားပါတယ်။ ပြောတော့ ဘတ်ဂျတ်အဲလိုင်းတဲ့… ကြီးလိုက်တဲ့ဈေး။ လက်စသပ်တော့ ဘတ်ဂျတ်အဲလိုင်းဆိုတာ အစာမကျွေး၊ ရေမပေးဘဲ လိုက်ပါစီးနင်းရတဲ့ခရီးကိုးလို့ သဘောပေါက်လိုက်ပါတယ်။ ခရီးနီးရင် စီးရတာတန်ပါတယ်။ လေးငါးခြောက်နာရီလောက် စီးရမယ့်ခရီးဆို ဇွန့်လို မကြာခဏ ရေဆာ၊ ဗိုက်ဆာတတ်တဲ့သူအဖို့ သိပ်မကိုက်ပါဘူး။
(၇)
ပြီးခဲ့တဲ့မတ်လက သူငယ်ချင်းသုံးယောက်နဲ့အတူ အလှူကိစ္စအတွက် မြန်မာပြည်ကို Silk Air လေကြောင်းလိုင်းနဲ့ အတူတူ ပြန်ဖြစ်ခဲ့ကြတာလည်း အမှတ်တရ ဖြစ်ခဲ့ပါတယ်။ လေးယောက်ဖြစ်နေတော့ check-in အ၀င်မှာ နှစ်ယောက်တစ်တွဲစီ ထိုင်ခုံပေးဖို့ ပြောလိုက်တာ ဟိုဘက်ဒီဘက် emergency exit နှစ်ဖက်ရဲ့ရှေ့တည့်တည့်ထိုင်ခုံမှာ ကျသွားလို့ လေးယောက်သား တစ်လမ်းလုံး မတ်မတ်ကြီးစီးပြီး လိုက်ပါခဲ့ရပါတယ်။ အရင်က တစ်ခါမှ emergency exit seat မှာ မထိုင်ဖူးပါဘူး။ ဒါပေမယ့် နှစ်ယောက်တစ်တွဲစီ စကားတပြောပြောနဲ့ လိုက်ပါခဲ့ကြတာမို့ သုံးနာရီနီးပါး ခရီးစဉ်က အကုန်မြန်သွားပါတယ်။ တစ်ယောက်ထဲသာဆို နေရာကျယ်ပေမယ့် သက်တောင့်သက်သာမရှိတဲ့ ခုံမတ်မတ်မှာ စကားပြောဖော်မရှိဘဲ စီးရမှာ ပျင်းရိငြီးငွေ့စရာ သိပ်ကောင်းမှာပဲလို့ ထင်မိပါတယ်။ အပြန်ခရီးမှာ အေးအေးလူလူ နောက်မှီချပြီး စီးရတော့မယ်ထင်တာ…. တိုက်တိုက်ဆိုင်ဆိုင် အရေးပေါ်ထွက်ပေါက်နားက ခုံမှာပဲ ရပြန်ပါတယ်။ ဒီတစ်ခါလည်း သူငယ်ချင်းနဲ့ စကားတပြောပြော လိုက်ပါသွားတာမို့ ခံသာသွားပါတယ်။ အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ လေယာဉ်အတူတူ စီးခွင့်ရတာကြောင့်ရော၊ အသွားရောအပြန်ပါ အရေးပေါ် ထွက်ပေါက်ကပ်လျက် ထိုင်ခုံမှာကျတာကြောင့်ရော ဇွန်ကြုံဖူးသမျှ စင်္ကာပူ-ရန်ကုန် ဝေဟင်ခရီးစဉ်တွေထဲမှာ ၂၀၁၁ မတ်လခရီးက တကယ့်ကို အမှတ်တရဖြစ်ခဲ့ပါတယ်။
ဇွန်က ခရီးသွားရတာ၊ လေယာဉ်စီးရတာတွေ ကြိုက်ပါတယ်။ ခရီးသွားတဲ့ အခိုက်အတန့်မှာ တွေ့ရတဲ့ စရိုက်ကိုယ်စီနဲ့လူတွေ၊ လေကြောင်းလိုင်းတွေရဲ့ ၀န်ဆောင်မှုပေးပုံတွေကို စိတ်ဝင်စားပါတယ်။ အခုချိန်ထိ ဇွန်စီးဖူးသမျှ လေကြောင်းလိုင်းထဲမှာ တော်ဝင်ဒတ်ခ်ျလေကြောင်းလိုင်း (KLM–Royal Dutch Airlines) ကို သဘောအကျဆုံးပါပဲ။ အစားအသောက်၊ ၀န်ဆောင်မှု အားလုံးကောင်းပါတယ်။ ၂၀၀၄ခုနှစ် မေလမှာ ပြင်သစ်လေကြောင်းလိုင်းနဲ့ အကျိုးတူ ပူပေါင်းပျံသန်းပြီးတဲ့နောက် Air France–KLM ရယ်လို့လည်း ခေါ်တွင်ပါတယ်။
လေယာဉ်အကြာကြီးစီးရတဲ့ ခရီးရှည်တွေ မသွားဖြစ်တာ ကြာပါပြီ။ နောက်တစ်ခါ ဝေဟင်ခရီးရှည် သွားခွင့်ကြုံတဲ့အခါ၊ အမှတ်တရလေးတွေ ကြုံကြိုက်တဲ့အခါ ခုလိုပဲ စာစုလေးအဖြစ် ချရေးမိဦးမယ် ထင်ပါတယ်။
ဇွန်မိုးစက်