ငယ်ငယ်တုန်းက သူငယ်ချင်း

Category: ,

တစ်နေ့က မျက်နှာစာအုပ်ပေါ်မှာ ငယ်ငယ်က အတန်းတူခဲ့ဖူးသော အတန်းဖော်သူငယ်ချင်းတစ်ယောက်နှင့် အမှတ်မထင် ပြန်ဆုံမိကြသည်။ သူလည်း ကိုယ့်ကိုသိပ်မမှတ်မိ၊ ကိုယ်လည်း သူ့ကို သိပ်မသိပေမယ့် အတန်းလိုက်ရိုက်ထားသော ဓာတ်ပုံဟောင်းတွေမှတစ်ဆင့် နှုတ်ဆက်စကားပြောဖြစ်ကြသည်။ သူက လေးတန်းအထိသာ လသာ၂မှာ နေခဲ့ပြီး နောက်ပိုင်းကျောင်းပြောင်းသွားသူဖြစ်သည်။ ကိုယ်ကျောင်းစနေချိန်မှစ၍ အစောဆုံး ရင်းနှီးခင်မင်ခဲ့ဖူးသော ငယ်သူငယ်ချင်းများထဲမှ လေးတန်းအောင်ပြီးနောက် ကျောင်းပြောင်းသွားသူ၊ နိုင်ငံရပ်ခြားသို့ မိသားစုလိုက် ရွှေ့ပြောင်းသွားသူ သူငယ်ချင်းအချို့ကို သတိရမိသည်။

ကိုယ့်ဘ၀တွင် အမှတ်ရဆုံးသော ပထမဆုံး ကျောင်းနေဖက် ငယ်သူငယ်ချင်းနှစ်ယောက်ရှိခဲ့သည်။ “အေးနှင့်မြတ်”။ သူငယ်တန်းကနေ နှစ်တန်းအထိ တတွဲတွဲ မခွဲဘဲ တွဲခဲ့သော သူငယ်ချင်းသုံးယောက်လုံး၏ အမေများကလည်း သမီးများကြောင့် ခင်မင်ခဲ့ကြသည်။ အေးက နာမည်နှင့်လိုက်အောင် အေးသည်။ မြတ်က ၀၀လေးနှင့် ချစ်ဖို့ကောင်းသည်။ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းအဖြစ် ကိုယ့်ကို မျက်လုံးပြုးပြုးနှင့် ကောင်မလေးလို့ လူကြီးများက ချစ်စနိုး ခေါ်ကြသည်။ သူငယ်တန်းတုန်းက ကိုယ်တို့တတွေ မုန့်ဈေးတန်းက သရက်သီးနှင့် လျက်ဆားဗူးလေးတွေ ၀ယ်စားပြီး ပန်းမမတွေ ဖြစ်ခဲ့ကြဖူးသည်ကို အမှတ်ရသည်။

တစ်တန်းတုန်းက အမှတ်မထင် မြတ်ရဲ့ ခဲတံက ကိုယ့်မျက်လုံးကို လာထိုးမိသည်။ အပေါ်ယံလျှပ်ထိသွားခြင်းဖြစ်၍ ဘာမှ မဖြစ်လိုက်ပေမယ့် ကိုယ်က သူတမင်လုပ်သည်ထင်၍ သူ့စာအုပ်ကို ဆွဲယူပြီး စာမျက်နှာပြည့် ခဲတံနှင့် ပြန်ခြစ်လိုက်သည်။ အဲသည်မှာ သူက စိတ်ဆိုးပြီး ဆရာမကို သွားတိုင်သည်။ ကိုယ်ကလည်း ကိုယ့်မျက်လုံးကို သူ့ခဲတံနှင့်ထိုးကြောင်း ဆရာမကို ပြန်ပြောသည်။ အလွန်အေး၍ သဘောကောင်းသော အတန်းပိုင်ဆရာမ ဒေါ်ခင်ခင်ဝင်းက ကိုယ်တို့နှစ်ယောက်လုံးကို မဆူမရိုက်ဘဲ သူငယ်ချင်းအချင်းချင်း ရန်မဖြစ်ဘဲ ချစ်ချစ်ခင်ခင်နေကြဖို့၊ မြတ်က ကိုယ့်ကို တမင်လုပ်တာမဟုတ်ဘဲ မတော်တဆ ထိမိတာဖြစ်လို့ ခွင့်လွှတ်ဖို့အကြောင်း လေသံအေးအေးဖြင့် ချော့မော့ပြောဆိုပြီး နေရာပြန်လွှတ်လိုက်သည်။ အရင်က ကိုယ်၊ မြတ်၊ အေး ယှဉ်ထိုင်ရာမှ ဆရာမဆီမှ ပြန်လာပြီးသောအခါ အေးကို အလည်မှာထားပြီး ထိုင်လိုက်ကြသည်။ ကိုယ်နဲ့မြတ်နှစ်ယောက်လုံး စကားမပြောကြ။ နေ့လည် မုန့်စားဆင်းချိန်အပြီးမှာ အေးက သူ့မှာ ပါလာသော ပန်းသီးနီနီတစ်လုံးကို သုံးယောက်အတူ စားကြရအောင်ဟုဆိုကာ သူအရင်တစ်ကိုက်ကိုက်ပြီး ကိုယ်တို့ နှစ်ယောက်ကို တစ်လှည့်စီ ပေးကိုက်သည်။ ပန်းသီးစားအပြီး ကိုယ်တို့သုံးယောက် အရင်အတိုင်း ပြန်ဖြစ်သွားသည်။ မြတ်နှင့် ကိုယ်လည်း နောက်ထပ် ရန်မဖြစ်ကြတော့။

တစ်ဦးတည်းသောသမီး မြတ်၏ဖေဖေက လေယာဉ်မှုး၊ သမီးသုံးယောက်မှာ (ထိုစဉ်က) အငယ်ဆုံးဖြစ်သော အေး၏ ဖေဖေက ဆရာဝန်ဖြစ်ပြီး အေး မေမေက သူနာပြု။ သူတို့နှစ်ယောက်လုံး၏အိမ်မှာ ကိုယ်တစ်လှည့်စီ သွားနေ၊ ဆော့ကစားဖူးသည်။ ကိုယ်အမှတ်မမှားဘူးဆိုလျှင် မြတ်အိမ်က ရွှေဘုံသာလမ်းရှိ တိုကျိုကြက်ကြော်ဆိုင် အပေါ်ထပ်က တိုက်ခန်းကျယ်မှာ။ သူ့အိမ်မှာ တစ်နေ့ခင်းလုံးဆော့ကစားပြီး မောမောနှင့် သူ့မေမေဖျော်တိုက်သော နို့မလိုင်ဖတ်များနှင့် စတော်ဘယ်ရီလက်ဖျော်ကို အားပါးတရ သောက်ခဲ့ကြသည်ကို ကိုယ်မမေ့ခဲ့။

အေး အိမ်က ၆မိုင်ခွဲက အင်းလေးရိပ်သာမှာ ရှိသည်။ အတန်းတင် စာမေးပွဲကြီးအပြီး နွေရာသီကျောင်းပိတ်ရက်တွင် ကျရောက်သော အေး မွေးနေ့ကို သူငယ်ချင်းတွေ ခေါ်ပြီး သူ့အိမ်အကြီးကြီးမှာ တပျော်တပါး ကျင်းပကြသည်။ ကိုယ်က မေမေ၏ခွင့်ပြုချက်၊ အေး၏တောင်းဆိုချက်ဖြင့် သူ့အိမ်မှာ ၄၊ ၅ညလောက်အထိ အိပ်ပြီး ကျန်နေခဲ့သည်။ အေးအထက်က အစ်မနှစ်ယောက်သာမက အခြားဝမ်းကွဲအစ်မများလည်း ရှိသဖြင့် အေးတို့အိမ်သည် ကလေးတစ်သိုက်နှင့် ဆူညံပျော်ရွှင်စရာ ကောင်းသည်။ မြေအောက်ထပ်ရှိ ကွယ်လွန်သွားပြီဖြစ်သော အေးအဖိုး၏ အခန်းထဲက စပရိန်မွေ့ယာပေါ်တက်ပြီး ခုန်ကြသည်။ ခြံနောက်ဘက်ရှိ မှို့ပင်များက မှို့သီးများကို သွားခူးပြီး ကစားကြသည်။ ခြံထွက်ပိန္နဲသီးစားပြီး အေးတစ်ယောက် ဗိုက်နာ၍ အိမ်သာတက်သည်ကို ကိုယ်က စောင့်ပေးရသည်။ ခြံရှေ့က ဒန်းပေါ်အတူစီးပြီး အနားမှာရှိသော အပင်ကသီးသော လိမ္မော်သီးသေးသေးကလေးများကိုလည်း ဆွတ်ယူစားခဲ့ကြသေးသည်။ မှတ်မှတ်ရရ ကိုယ်သွားနေသော အဲဒီ့အချိန်ကာလလေးအတွင်း အေးမေမေမှာ ကိုယ်ဝန်ရှိကြောင်း သိခဲ့တာဖြစ်သည်။ အေးက သူအငယ်ဆုံး မဟုတ်တော့ဘူးဆိုတာ သိပေမယ့် ပျော်သည်။ မိန်းကလေးတွေချည်းဖြစ်သော သူတို့မိသားစုက ကိုယ့်လိုပဲ မောင်လေးတစ်ယောက် လိုချင်နေကြတာဖြစ်သည်။ ဒါပေမဲ့ အေးတစ်ယောက် မောင်လေးအစား ညီမလေးတစ်ယောက် ထပ်ရသွားသည်။

သုံးတန်းရောက်တော့ ကိုယ်တို့ တစ်ယောက်တစ်ခန်းစီ ကွဲသွားသည်။ ကိုယ်တို့အားလုံးထဲမှာ အတော်ဆုံးဖြစ်သော အေးက အေတန်းမှာ ဆက်လက်ရှိနေခဲ့ပြီး ကိုယ်နှင့်မြတ်က ဘီနှင့်စီ ရောက်သွားသည်။ လေးတန်းမှာ ကိုယ် အေခန်းပြန်ရောက်ပေမယ့် မြတ်က ဘီတန်းမှာ ကျန်ခဲ့သည်။ အေးက အခြားသူငယ်ချင်းတစ်ယောက်နှင့် ခင်မင်နေခဲ့ပြီ။ စာစီစာကုံးမှာ အခင်ဆုံးသူငယ်ချင်းအကြောင်းရေးပါဆိုတော့ အေးအကြောင်းပဲ ကိုယ်ရေးလိုက်သည်။ လေးတန်းနှစ် မပြီးသေးခင်မှာပင် အေးဖေဖေက တောင်ကြီးသို့ ဆေးရုံအုပ်အဖြစ် ပြောင်းပာင်းရွှေ့တာဝန်ထမ်းဆောင်ရတော့
 အေးတို့မိသားစုလည်း လိုက်ပြောင်းသွားသည်။ မြတ်နှင့်လည်း အတန်းမတူတော့သောကြောင့် အရင်ကလောက် မတွဲဖြစ်တော့။ မြတ်လည်း ကိုယ့်ထက်ပိုခင်ရမယ့်သူ ရှိသွားခဲ့ပြီ။

ခုနစ်တန်းနှစ်မှာ မြတ်တို့မိသားစု နိုင်ငံရပ်ခြားသို့  ပြောင်းရွှေ့ထွက်ခွာသွားသည်။ အေးဖေဖေက စ၀်စံထွန်းဆေးရုံမှာ တာဝန်ထမ်းဆောင်နေစဉ် ရုတ်တရက် ကွယ်လွန်သွား၍ အေးမေမေနှင့် အေးတို့ ညီအစ်မလေးယောက် ရန်ကုန်ကို ပြန်ပြောင်းလာပြီဆိုသည့်သတင်းကြားတော့ ကိုယ်ဝမ်းနည်းဝမ်းသာဖြစ်ရသည်။ ဒါပေမဲ့ ကိုယ်မျှော်လင့်ထားသလို သူတို့ညီအစ်မတတွေ လသာ၂ ကို ပြန်ရွှေ့မလာဖြစ်ဘဲ ဒဂုံ-၁ မှာပဲ ဆက်တက်ဖြစ်သွားသည်။ ကိုးတန်းရောက်မှ ကျူရှင်အတူတက်သော ဒဂုံ-၁ မှ သူငယ်ချင်းတစ်ယောက်ကတစ်ဆင့် အေးနှင့် စာအဆက်အသွယ် ပြန်ရသည်။ သူ ဒုတိယနှစ် ဆေးကျောင်းတက်နေချိန် ကိုယ်နှင့် ဘီစီမှာ တစ်ခါချိန်းပြီး တွေ့ကြသည်။ ပြင်ပြင်ဆင်ဆင်နှင့် လှပသွက်လက်နေသော အေးနှင့်ကိုယ် ၁၀နှစ်ကြာပြီးမှ ပြန်တွေ့ရခြင်းဖြစ်သည်။ မြတ်နှင့်တော့ လုံးဝအဆက်အသွယ် ပြတ်သွားခဲ့သည်မှာ ယနေ့တိုင်။ 

ကိုယ်အဝေးရောက်သွားပေမယ့် အေးနှင့် စာအဆက်အသွယ် မပြတ်ခဲ့။ ကိုယ်ကျောင်းအပြီး မြန်မာပြည်ပြန်သွားတော့ အေးနှင့်တစ်ခေါက်ထပ်တွေ့ပြီး သူ့အိမ်မှာ တစ်ညလိုက်အိပ်ဖြစ်သည်။  အယ်လ်ဘမ်တွေထုတ်ကြည့်ရင်း ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ပြောင်းပြောကြသည်။ နောက်တစ်နှစ်အကြာမှာ ကုန်သည်ကြီးများဟိုတယ်၌ ကျင်းပပြုလုပ်သော သူ့မင်္ဂလာပွဲကို ကိုယ်တက်ရောက်ခဲ့သည်။ ခုတော့ အေးသည် ရောဂါဗေဒအထူးပြု ဆရာဝန်မကြီးအဖြစ်နှင့် သားတစ်ယောက် မိခင်ဘ၀ကို ပိုင်ဆိုင်နေခဲ့ပြီ။ 

အေးနှင့်မြတ်တို့နောက်ပိုင်း ကိုယ်ခင်မင်ခဲ့ဖူးသော ငယ်သူငယ်ချင်းတွေ ရှိပါသေးသည်။  လေးတန်းနှင့်ငါးတန်းမှာ “တင်” နှင့် “ချော” ဟူသော သူငယ်ချင်းနှစ်ယောက်ထပ်မံရရှိခဲ့သော်လည်း ငါးတန်းအရောက်မှာ တင်က စင်္ကာပူသို့ မိသားစုလိုက် ထွက်ခွာသွားခဲ့ရာမှ သူနှင့်လည်း အဆက်အသွယ် ပြတ်သွားခဲ့သည်။ ကျန်ခဲ့သော ကိုယ်နှင့်ချော အတော်လေး ခင်လိုက်သေးသည်။ ချောက ကိုယ့်မွေးနေ့မှာ ကိုယ့်အိမ်လိုက်ပြီး ၃ရက်လောက် အတူနေ၊ ကစား၊ စာအုပ်တွေဖတ်ကြသည်။ ကိုယ်လည်း သူ့အိမ်မှာ လိုက်အိပ်ဖူးသည်။ ချောအထက်မှာ အစ်မချောချောသုံးယောက်ရှိပြီး ချောက အငယ်ဆုံး။ ခုနစ်တန်းနှစ်မှာ ချော အချစ်တော်ထားသည့်ကိစ္စနှင့် ပတ်သက်ကာ ကိုယ်နှင့်သူ သဘောထားချင်း ကွဲလွဲပြီးနောက်ပိုင်း သိပ်မခေါ်ပြောဖြစ်တော့။ ချောလည်းပဲ ဆေးကျောင်းတက်ခွင့်ရသည်။ ငယ်ငယ်က အလွန်စိတ်ကူးယဉ်တတ်သော ချောသည် ပထမအိမ်ထောင်နှင့် အဆင်မပြေ၍လမ်းခွဲလိုက်ပြီး ဒုတိယ အိမ်ထောင်ထပ်ပြုကာ အန်ဂျီအိုအဖွဲ့တစ်ခုမှာ တာဝန်ထမ်းဆောင်နေကြောင်း ကိုယ်ကြားသိလိုက်ရသည်။

ကိုယ့်ဘ၀တွင် ခင်မင်ရသော သူငယ်ချင်းများ အမြောက်အမြားရှိခဲ့ပါသည်။ ထိုအထဲမှာမှ အေးနှင့်မြတ်သည် ကိုယ့်အတွက် အဦးဆုံးခင်မင်ရင်းနှီးခဲ့သော ငယ်သူငယ်ချင်းနှစ်ဦးဖြစ်ပြီး သူတို့နှင့်ပတ်သက်သော အကြောင်းအရာများသည် ကိုယ့်မှတ်ဉာဏ်ထဲမှာ ယခုတိုင်အောင် ရှိနေဆဲဖြစ်သည်။ အချိန်တွေကုန်လွန်ခဲ့ပြီး ကွဲပြားခြားနားသော နေရာဌာနတွေမှာ  ဘ၀ကိုယ်စီဖြင့် အသီးသီး ရပ်တည်ရှင်သန်နေကြပြီဖြစ်သော်လည်း ကိုယ်ငယ်ငယ်က ရင်းနှီးဖြူစင်စွာ ခင်မင်ခဲ့ရသော သူငယ်ချင်းများကို အခုထက်တိုင် သတိတရရှိနေဆဲပင်...။

 ဇွန်မိုးစက်

Comments ( 4 )

ငယ်သူငယ်ချင်းတွေကို အမြဲသတိရနေမိတယ်။ ငယ်ဘသကိုပြန်တွေး၊ပြန်ပြောမိတိုင်း သူတို့ အကြောင်း
တွေ အမြဲပါတယ်။
တနေ့ နေ့ တော့အားလုံးပြန်ဆုံချင်ပါတယ်။

မတွေ့တာ ၁၀နှစ်ရှိတဲ့သူငယ်ချင်းကို facebook ကျေးဇူ့းနဲ့ ပြန်တွေ့တယ်။ ပျော်ဖို့ သိပ်ကောင်းတယ် တစ်ယောက်နဲ့တစ်ယောက် စိမ်းမနေပဲ နွေးထွေးတုန်းပဲ။
mm

ဟုတ်တယ်၊
ကိုယ်လည်း နှစ်ပေါင်းနှစ်ဆယ်ကြာကွဲတဲ့ သူငယ်ချင်းတွေလည်းပြန်တွေ့တာပဲ၊

ဗာကျူရယ်လ်ကမ္ဘာမှာပဲပေါ့၊

ငယ်ငယ်တုန်းက သူငယ်ချင်း၊ အရမ်းချစ်ဖို့ကောင်းတယ် ဆိုတဲ့ သီချင်းလေးကို တိုးတိုးလေး ညည်းမိသွားတယ်

ဒီစာလေးက နွေးထွေးလိုက်တာ..
ဇွန့်စာတွေဖတ်ရင် မလေးကြက်သီးထတယ်..
ထူးဆန်းတယ်။ မလေး စာတွေအများကြီးဖတ်ဖူးပါတယ်။ ဒီလိုဖြစ်လေ့မရှိဘူး။ အချင်းချင်းမြှောက်တယ်ထင်နေမှာစိုးလို့ မလေး ဆက်မပြောတော့ဘူးနော်..။

ကိုယ့် ကိုးနတ်ရှင် (connection) နဲ့ကိုယ်ပေါ့လေ .. :P

မလေးလည်း သတိရနေတယ်..ဇွန်။