အချစ်နှင့်သူမတို့ နှစ်ဦးသဘောတူ ရွေးချယ်တည်ဆောက်ခဲ့သော
အိမ်ကလေးသည် ချစ်ခြင်းတို့ဖြင့် ထုံမွှမ်းလျက်ရှိသည်။ ကောင်းကင်ပြာကိုချစ်သော သူမနှင့်
ပင်လယ်ပြာကို ရင်ခုန်သောအချစ်၏ အိမ်ကလေးကို အဖြူရောင်ဆေးသုတ်ထားသည်။ အိမ်ရှေ့မျက်နှာစာ
ခြံဝန်းမှာ သူမ တယုတယ စိုက်ပျိုးထားသော နှင်းဆီပင်များကို အချစ်က ဂရုတစိုက် ရေလောင်းပေါင်းသင်းပေးလေ့ရှိသည်။
နှင်းဆီနီများ ဝေနေအောင် ပွင့်ကြသည့်အခါ သူမက တစ်ပွင့်ချင်း ကတ်ကြေးဖြင့် ကိုက်ဖြတ်ပြီး
ဧည့်ခန်းထဲက ပန်းအိုးမှာ၊ အိပ်ခန်းထဲက စာကြည့်စားပွဲမှာ၊ မီးဖိုချောင်အနီးက ထမင်းစားစားပွဲပေါ်မှာ
လှလှပပ ထိုးထားတတ်သည်။ ဧည့်ခန်းထောင့်မှာ သူမ စိတ်ဖိစီးမှုရသည့်အခါတိုင်း တီးခတ်လေ့ရှိသော
တစ်ပတ်နွမ်း ယမဟာအမျိုးအစား ပီယာနိုတစ်လုံးရှိပြီး၊ အချစ်စိတ်အထုံပါစဉ် ရေးဆွဲထားသော
လက်ရာမြောက် ပန်းချီကားချပ်တစ်ချို့မှာ နံရံပေါ်တွင်
ချိတ်ဆွဲနေရာယူထားသည်။
ကမ်းခြေသို့ လမ်းလျှောက်လျှင် မိနစ်အနည်းငယ်သာ ကွာဝေးသော
ထိုအိမ်လေးရှိ အိပ်ခန်းမှနေ၍ တိတ်ဆိတ်သော ညချမ်းချိန်ခါတွင် ပင်လယ်ရေလှိုင်းပုတ်သံကို
နားစွင့်ပြီး အိပ်ယာဝင်ရသည်ကို သူမတို့နှစ်ဦးလုံး ကြည်နူးနှစ်သက်ကြသည်။ စာကြည့်ခန်းသီးသန့်ဖွဲ့ရန် လုံလောက်သောနေရာကျယ်မရသည့်အတွက် နံရံကပ်အ၀တ်ဗီရိုနှင့်တွဲလျက် နံရံကပ်စာအုပ်စင်ကို
သူမတို့အိပ်ခန်းအတွင်းမှာပင် ပြုလုပ်ထားရှိခဲ့သည်။ လူနှစ်ယောက်စာ ၀င်သာသော နောက်ဖေးမီးဖိုချောင်ကလေးကိုတော့
သူမစိတ်တိုင်းကျ ပြုပြင်မွမ်းမံထားသည်။ သူမ၏ မိန်းကလေးဖော်သူငယ်ချင်းများ လာရောက်လည်ပတ်သည့်အခါတိုင်း
ချစ်စရာကောင်းသော ထိုမီးဖိုချောင်လေးကို ချီးကျူးထောမနာပြုလေ့ရှိကြသည်။ နေ့တာရှည်သော
နွေရာသီရက်များရောက်လျှင် ကမ်းခြေသို့ အပန်းဖြေထွက်လာသော သူမနှင့်အချစ်၏ မိတ်ဆွေသူငယ်ချင်းများ
ခရီးသွားဟန်လွှဲရောက်ရှိလာတတ်ပြီး အိမ်နောက်ဘက်က မြေကွက်လပ်မှာ ပင်လယ်စာနှင့်အသားများကင်ပြီး တပျော်တပါး ညနေစာစားလေ့ရှိကြသည်။
xxx
တစ်ခုသောနွေဦးရာသီတွင် ထိုအိမ်ကလေးသို့
သူမ ပြန်လည်ရောက်ရှိလာခဲ့သည်။ လူမနေခဲ့သည်မှာ နှစ်အနည်းငယ်ကြာပြီ ဖြစ်သော အဖြူရောင်အိမ်လေးက မှုန်မှိုင်းစွာဖြင့် သူမကို ဆီးကြိုနေခဲ့သည်။ ပြုစုပေါင်းသင်သူမဲ့နေသော နှင်းဆီနီတို့ မပွင့်အာနိုင်သည်မှာလည်း ကြာခဲ့ပြီ။ ပြတင်းတံခါးအဖွင့်မှာ တိုက်ခတ်လာသောလေကြောင့် ခန်းဆီလိုက်ကာများ
တလွင့်လွင့်လူးကာ လှုပ်ခတ်သွားသည်။ အနက်ရောင် ပီယာနိုအပေါ် လွှမ်းခြုံထားသော ပိတ်ဖြူစကို
ဖယ်လိုက်စဉ် သူမနှာခေါင်းဆီသို့ အလုအယက် တိုးဝင်လာသော ဖုန်မှုန့်များကြောင့် သူမ နှာတစ်ချက်ချေမိသွားသည်။
သိပ်မကြာခင်မှာပင် လွမ်းခြင်းထုံသော ဂီတသံတစ်ခု အိမ်လေးထဲမှ ထွက်ပေါ်လာသည်။ တစ်နေ့ပေါ်လာနိုးနှင့်
စောင့်မျှော်ခဲ့ရသော အချစ်သည် သူမဆီ ပြန်မလာနိုင်တော့ဟု စိတ်မှာ သေချာထင်မှတ်သွားသည့်အချိန်မှစပြီး
ထိုအိမ်ကလေးမှ သူမ ပြောင်းရွှေ့ခဲ့သည်။ အချစ်ပြန်ရောက်လာသည်ဟု အိပ်မက်မက်သည့်အခါများတွင်တော့
သူမလက်ရှိနေထိုင်ရာတိုက်ခန်းမှ လေးဆယ့်ငါးမိနစ်ခန့်မောင်းရသော ထိုအိမ်ကလေးသို့ တကူးတက လာရောက်ကြည့်ရှုရင်း အလွမ်းဖြေခဲ့သည်။
xxx
အချစ်နှင့်သူမ အတူတကွ ပိုင်ဆိုင်မွမ်းမံခဲ့သော
ထိုအချစ်အိမ်လေးကို သူမအသက်ရှင်နေသမျှ ကာလပတ်လုံး စောင့်ရှောက်ထိန်းသိမ်းမည်ဟု ဆုံးဖြတ်ခဲ့သောကြောင့်
အသိမိတ်ဆွေများက ထိုအိမ်ကလေးကို ငှားရမ်း၊ ရောင်းချဖို့ ပြောဆိုအကြံပြုကြသည့်တိုင် သူမလက်မခံခဲ့ပါ။
သို့သော်… ပြောင်းလဲကျပ်တည်းလာသော စီးပွားရေးအခြေအနေက ထိုအိမ်လေးကို အပြီးတိုင်စွန့်လွှတ်ဖို့ရာ
တွန်းအားပေးလာသည့်အခါ သူမ စိတ်မကောင်းစွာနှင့်ပင် အိမ်ရောင်းဝယ်ကိုယ်စားလှယ်များကို
ဆက်သွယ်လိုက်ရတော့သည်။ နောက်ထပ်ရက်သတ္တပတ်ကြာလျှင် သူမဆန္ဒအရ အိမ်ကလေးကို လေလံတင်ပြီး
ရောင်းချတော့မည်။ ထို့ကြော့င်ပင် နောက်ဆုံးအနေဖြင့် အိမ်လေးကို နှုတ်ဆက်ရန် လာရောက်ခဲ့ခြင်းဖြစ်သည်။
နံရံထက်က ပန်းချီကားကို မော့ကြည့်ရင်း သူမမျက်လုံးတွေေ၀၀ါးလာခဲ့သည်။ အိမ်ထဲမှ ပြန်ထွက်ခဲ့ပြီး
ကမ်းခြေသွားရာ လမ်းအတိုင်း လျှောက်လာခဲ့သည်။ ကမ်းစပ်မှာ နေပူစာလှုံလာကြသော၊ ရေစိမ်ရေကူး
ဆော့ကစားရန် လာကြသော လူငယ်လူရွယ်၊ ကလေးသူငယ်၊ မိသားစုဝင်တို့ဖြင့် စည်ကားလျက်ရှိသည်။
လူအနည်းငယ်ပါးသော မြောက်ဘက်စွန်းက ကမ်းခြေငယ်တစ်ခုတိုင်အောင် သူမ လျှောက်သွားပြီး ကမ်းစပ်အနီးက
ကျောက်တုံးပေါ်မှာထိုင်ရင်း အဆုံးအစမဲ့ ပင်လယ်ပြင်နှင့် ကောင်းကင်ပြာကို ငေးမော့ကြည့်နေမိသည်။
ရေလွှာလျှောစီးသင်နေသော ကလေးငယ်များကိုတွေ့တော့
အချစ်နှင့်သူမတို့နှစ်ဦး ဆုံဆည်းခဲ့ကြပုံကို ပြန်ပြောင်းသတိရသွားသည်။ အချစ်သည် အပျော်တမ်းရေလွှာလျှောစီးချန်ပီယံတစ်ဦးဖြစ်ခဲ့ပြီး
ထိုအချိန်က ကလေးငယ်များ၏ ရေလွှာလျှောစီးနည်းပြဆရာတစ်ဦးလည်း ဖြစ်သည်။ သူမ၏တူမငယ်လေးအတွက်
ရေလွှာလျှောစီးသင်တန်းအပ်ချိန်မှာ အချစ်နှင့်တွေ့ခဲ့သည်။ ရေမနစ်ရုံသာ ကူးတတ်သော၊ ရေကြောက်တတ်သော
သူမကို အချစ်က ရေထဲဆွဲခေါ်ပြီး စနောက်လေ့ရှိသည်။ သူမလို သေးသွယ်ပိန်ညိုသော အရှေ့တိုင်းသူကလေးကို
အရပ်ခြောက်ပေ၊ နေလောင်ထားသော အသားနီနီနှင့် ကုပ်ထိအောင် ရှည်လျားကောက်ကွေ့သော ရွှေဝါရောင် ဆံပင်ပိုင်ရှင်အချစ်က
စွေ့ကနဲ ပွေ့ချီကောက်ယူပြီး ရေထဲပစ်ချသောအခါ သူမကြောက်လန့်စိတ်ဆိုးချင်သော်လည်း ပျော်ရွှင်ခဲ့မိသည်။
စနေ၊ တနင်္ဂနွေညနေခင်းများတွင် ကမ်းစပ်ရှိသဲပြင်မှာထိုင်ပြီး ကလေးငယ်များအား ရေလွှာလျှောစီးသင်ပေးနေသော
အချစ်ကိုတစ်လှည့်၊ တိမ်ကင်းစင်သော ကောင်းကင်ပြာကိုတစ်လှည့် တငေးတမော ထိုင်ကြည့်ရသောအချိန်များကို
သူမ အတိုင်းမသိ မက်မောခဲ့ရသည်။ ပင်လယ်ပြာကို ငယ်ပေါင်းကြီးဖော်သူငယ်ချင်းလို ချစ်ခင်တွယ်တာသော အချစ်က “ကိုယ်က
ပင်လယ်ပြာနဲ့ဝေးဝေးမှာ မနေနိုင်သလိုမျိုးပဲ မင်းနဲ့ဝေးဝေးမှာလည်း မနေနိုင်ဘူး” ဟု ဆိုလာချိန်မှာ
သူမကိုယ်တိုင်လည်း အချစ်နှင့်မခွဲချင်တော့ပါ။ သည်လိုနှင့် သူမတို့နှစ်ဦးသဘောတူ
ရှာဖွေတွေ့ရှိထားသော၊ ပင်လယ်နှင့်နီးသော ထိုအိမ်လေးမှာပဲ အသက်ထက်ဆုံး အခြေချနေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
xxx
သူမ အလုပ်များနေသော ညနေခင်းတစ်ခုမှာ
အချစ်က အမေရိကမှ ရေလွှာလျှောစီးဖော်သူငယ်ချင်းနှင့် ကမ်းခြေသို့ ထွက်သွားခဲ့သည်။ သူမ
ပြင်ဆင်ချက်ပြုတ်ထားသော ညနေစာကို စားရန် အချစ် ပြန်ရောက်မလာခဲ့ပါ။ ကမ်းခြေမှာ စုရုံးနေသော
အသက်ကယ်လှေတစ်ချို့နှင့်လူများသည် ရေလွှာလျှောစီးရင်း ဧရာမလှိုင်းကြီးတစ်ခုအောက်မှာ ပျောက်ဆုံးသွားသော အချစ်ကို ရှာဖွေနေသူများဖြစ်ကြောင်း
သူမ နောက်ကျမှ ရိပ်မိသိရှိခဲ့ရသည်။ အချစ်နှင့် သူ့သူငယ်ချင်းတို့ ရေလွှာလျှောစီးပြိုင်ကြရင်း
လှိုင်းလုံးကြီးတစ်ခုအောက်ပြန်အကျမှာ အချစ်ပျောက်သွားကြောင်း၊ သူငယ်ချင်းဖြစ်သူက လိုက်ရှာသော်လည်း
မတွေ့တော့သောကြောင့် ကမ်းစပ်မှ အသက်ကယ်ဌာနကို အကြောင်းကြားပြီး ထပ်မံရှာဖွေနေကြောင်း စိုးရိမ်ပူပန်စွာဖြင့် ငိုကြွေးနေသော သူမအား ရဲအရာရှိတစ်ဦးက ရှင်းလင်းပြောပြခဲ့သည်။
အချစ်စီးနေကျ လိမ္မော်ရောင်လျှောပြားကို နောက်တစ်နေ့မနက်ရောက်မှ ရေမိုင်အတော်ဝေးဝေးမှာ ရှာတွေ့ကြသည်။ လှိုင်းခတ်ရာ ကမ်းခြေတစ်လျှောက်နှင့်
ရေစီးအတိုင်း မျောပါသွားနိုင်သော ပင်လယ်ရေပြင်ထဲ ရက်အတန်ကြာသည်အထိ ရှာဖွေခဲ့ကြသော်လည်း
အချစ်ကို ပြန်မတွေ့တော့ပါ။ သူမ၏ ရေးရေးရှိသော မျှော်လင့်ချက်သည်လည်း တဖြေးဖြေး ပါးလွင့်သွားခဲ့တော့သည်။
ရက်မှလ၊ လမှနှစ်တိုင် ကူးပြောင်းသွားခဲ့သော်လည်း သူမရင်ထဲက အလွမ်းမီးများကို မငြှိမ်းသတ်နိုင်ခဲ့ပါ။
“သတိရတိုင်း လွမ်းတယ်” လှိုင်းကျသွားသော သဲပြင်ပေါ်မှာ ခရုံခွံလေးဖြင့် ရေးခြစ်မိသည်။
သူမပါးပြင်နှစ်ဖက်ပေါ်က လိမ့်ဆင်းသွားသော မျက်ရည်နှစ်စက် သူမခြေရင်းသို့ ပြေးတက်ရိုက်ခတ်လာသော လှိုင်းငယ်နှင့်အတူ ရောပါသွားသည်။
သူမ ကားရှိရာသို့ ပြန်လျှောက်လာခဲ့သည်။
xxx
နောက်တစ်ပတ် သူမ၏အိမ်လေးကို လေလံတင်ကြတော့
သူမ အိမ်နားက ကမ်းခြေမှာပဲ သွားထိုင်နေလိုက်သည်။ လေလံပွဲပြီးလျှင် သူမကို ဖုန်းဆက်အကြောင်းကြားရန်
အိမ်ကိုယ်စားလှယ် မက်ဆီကို မှာထားခဲ့သည်။ သူမက အိမ်လေးကို မပြင်မဆင်ဘဲ အရှိအတိုင်းရောင်းချခြင်းဖြစ်၍
သင့်တင့်သောဈေးနှုန်းကိုသာ သတ်မှတ်ပေးထား၊ မျှော်လင့်ထားသည်။ တကယ်တမ်း လေလံဆွဲပြီးသည့်အခါ
ရလာသည့် ဈေးမှာ သူမထင်မှတ်ထားသည်ထက် အဆပေါင်းများစွာ ပိုနေခဲ့သည်။ “ဘုရားရေ… ကျွန်မ
အိမ်ဟောင်းလေးက အဲသလောက်တောင် တန်နေပြီတဲ့လား” သူမက အံ့သြတကြီး မက်ဆီကို ပြန်ပြောမိသည်။
အိမ်ပိုင်ရှင်အသစ်နှင့် ထိုအိမ်လေးထဲမှာပဲ စာချုပ်ချုပ်ပြီး လွှဲပြောင်းရသည့်နေ့က သူမ
ရင်ထဲ အတိုင်းအဆမရှိ နာကျင်နေခဲ့သည်။ အချစ်ကို ဆုံးရှုံးရသည့်အခါ၊ အချစ်အိမ်ကို ထပ်မံစွန့်လွှတ်ရသည့်အခါ…
သူမ ဟန်မဆောင်နိုင်အောင်ပင် ၀မ်းပန်းတနည်း ငိုရှိုက်မိသည်။
ကြမ်းတမ်းသော်လည်း ညင်သာသောအတွေ့ဖြင့်
လက်ဖ၀ါးတစ်စုံက သူမ ပုခုံးနှစ်ဘက်ကို ဖွဖွလာဖျစ် နှစ်သိမ့်သည်။ မယုံကြည်နိုင်သော်လည်း
သူမ တွေဝေသွားခဲ့သည်။ ဟင့်အင်း… မဖြစ်နိုင်ပါဘူးဟု စိတ်ကငြင်းဆန်လျက် ခေါင်းမော့ကြည့်မိသည်။
သုံးနှစ်ကြာ ပျောက်ဆုံးသွားခဲ့သော အချစ်သည် သူမရှေ့မှာ ခြေစုံရပ်အုပ်မိုးကာ ပြုံးကြည့်နေသည်။
အံ့သြမင်သက်စွာဖြင့် တစ်ခွန်းမှ စကားမဆိုနိုင်သော်လည်း အချစ်သူမရှေ့က ထပ်မံပျောက်ဆုံးသွားမှာ
စိုးကြောက်သည့်အလား တင်းကြပ်စွာ ဖက်ထားလိုက်မိသည်။ အချစ် အသက်ရှင်ရက်နဲ့ပြန်လာမယ်မှန်းသိခဲ့ရင်
ဟောဒီအိမ်ကလေးကို သူမ ဘယ်ရောင်းချမိလိမ့်မလဲကွယ်။ ခုတော့…။
သူမ ပါးပြင်ပေါ်က မျက်ရည်စများကို လက်မဖြင့်
ဖယ်ရှားပေးရင်း အချစ်က ဆိုသည်။ “မငိုပါနဲ့… ကလေးရယ်၊ ခုချိန်ကစပြီး ဒီအိမ်လေးမှာ ကိုယ်နဲ့အတူ
အရင်ကလိုပဲ ပြန်နေခွင့်ရဦးမှာပါ”
xxx
အားပြင်းသော လှိုင်းတံပိုးရိုတ်ခတ်မှုအောက်မှာ
မျောပါပျောက်ဆုံးသွားခဲ့သော အချစ်ကို လူသူအရောက်အပေါက်နည်းသော တောင်ပစိဖိတ် သမုဒ္ဒရာထဲက
ကျွန်းလေးတစ်ကျွန်းမှ ကျွန်းသားငါးဖမ်းသမားများက ကယ်ဆယ်တွေ့ရှိခဲ့ပုံ၊ လပေါင်းအတန်ကြာအောင်
ဖျားနာခဲ့ပြီး အတိတ်ကို သတိမေ့သွားခဲ့သော်လည်း အချစ်အိမ်လေးကို မကြာခဏ အိပ်မက်မက်ခဲ့ပုံ၊
နှစ်နှစ်ခွဲအကြာမှာ အချစ်ကို ရေလွှာလျှောစီးချန်ပီယံအဖြစ် သိကျွမ်းဖူးသော ကျွန်းမကြီးမှ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ချို့ ထိုကျွန်းလေးသို့ ရောက်ရှိလာရာမှ သူတို့အကူအညီဖြင့်
ပြန်လာနိုင်ခဲ့ပုံ၊ ကျွန်းမကြီးမှ ဆရာဝန်များ၏ ပြုစုကုသမှုဖြင့် ခြောက်လအတွင်း အတိတ်က
အဖြစ်အပျက် အကြောင်းရာများကို တစ်စစီပြန်လည်ဆက်စပ်နိုင်ခဲ့ပြီး
သတိရလာပုံတို့ကို အချစ်က သူမနှင့်မက်ဆီကို ပြန်ပြောင်း ပြောပြနေခဲ့သည်။
“တကယ်တော့ ဒီအိမ်ကို လေလံဆွဲတဲ့သူက
တခြားသူမဟုတ်ပါဘူး၊ ကိုယ့်အတိတ်ကို ပြန်သတိရလာအောင် စွမ်းဆောင်ကုသပေးခဲ့တဲ့ ဆရာဝန်ကြီးပါပဲ။
ကိုယ် အတိတ်ကို သတိရအောက်မေ့တာနဲ့ တပြိုင်နက် မင်းနဲ့အချစ်အိမ်ရှိရာကို အပြေးလာခဲ့တာ။
ဒါပေမယ့် အိမ်ရောင်းဖို့ ဆိုင်ထားလိုက်ပြီဆိုတာ သိလိုက်ရတော့ ကိုယ် တော်တော်စိတ်ထိခိုက်သွားခဲ့တယ်။
ဒီအိမ်လေးနဲ့ မင်းအပေါ်ထားရှိခဲ့တဲ့ ကိုယ့်စွဲလန်းမှုချစ်ခြင်းမေတ္တာကို သိနေခဲ့တဲ့ ဆရာက
တခြားသူလက်ထဲမရောက်သွားရအောင် အမြင့်ဆုံးဈေးနဲ့ လေလံပေးဝယ်ခဲ့တာ။ အိမ်ရှင်အနေနဲ့ မဟုတ်တော့ပေမယ့်
အိမ်ငှားအနေနဲ့ ကိုယ်တို့ ဟောဒီအချစ်အိမ်လေးမှာပဲ တစ်သက်လုံး ဆက်နေသွားလို့ရအောင် သူကူညီနိုင်ပါတယ်။”
အချစ်စကားအဆုံးမှာ ဆရာဝန်ကြီးက စာချူပ်နှင့်အိမ်သော့ကို သူမလက်ထဲ ထည့်ပေးလိုက်သည်။ မျက်ရည်စများနှင့်သူမ ဆရာဝန်ကြီးကို ကျေးဇူးတင်စကား အထပ်ထပ် ဆိုမိသည်။
xxx
ကြည်စင်ပြာလဲ့နေသော ကောင်းကင်အောက်က
ဖြူလွလွ သဲပြင်ပေါ်မှာ အချစ်နှင့်သူမ၏ ခြေရာတို့ အတူယှဉ်တွဲ ထင်ချန်ခွင့်ရခဲ့ပြီ။ ပင်လယ်ကမ်းစပ်က
တစ်ဖန်ပြန်ကြည့်လျှင် ပျပျမြင်ရသော အဖြူရောင်အိမ်လေးမှာ သူမတို့နှစ်ဦး ဟိုအရင်ကလိုပဲ
ပြန်လည်နေထိုင်ခွင့်ရခဲ့ပြီ။ နှင်းဆီနီများကိုလည်း အသစ်တစ်ဖန် ပြန်လည်စိုက်ပျိုးခွင့်ရခဲ့ပြီ။
အချစ်၏လက်ကို မြဲမြဲဆုပ်ကိုင်ရင်း အချစ်အိမ်၏ နူးညံ့ နွေးထွေးလှသော ကော်ဇောပေါ်မှာ ဖွဖွညင်သာ လျှောက်လှမ်းခွင့်ရခြင်းထက်ပို၍
ပြီးပြည့်စုံသောအရာ သူမကမ္ဘာမှာ မရှိနိုင်တော့ပါ။
xxxxx
ဇွန်မိုးစက်
လာဗန်ဒါပန်းခင်းကနေ အပြန်မှာ Launceston မြို့ထဲဝင်၊ နေ့လယ်စာစားပြီး အဲဒီမြို့ရောက်ရင် သွားဖြစ်အောင်သွားပါလို့ ရောက်ဖူးသူတိုင်း ညွှန်လေ့ရှိတဲ့ Catarach Gorge ကို သွားလိုက်ပါတယ်။ မိုးစဲသွားပေမယ့် တိမ်တွေက ထူနေတုန်းမို့ တစ်နေ့ကလို နေမသာဘဲ ကောင်းကင်လည်း မပြာတော့ပါဘူး။
သဘာဝသစ်တောနဲ့ ကျောက်တောင်တွေကြား မြစ်ဖျားခံ စီးဆင်းလာတဲ့ အိစ်ခ်မြစ်ရယ်၊ ခပ်ဝေးဝေးမှာ မြင်ရတဲ့ သက်တမ်း တစ်ရာ့တစ်ဆယ်ရှိပြီဖြစ်တဲ့ အလက်ဇန္ဒားကြိုးတံတားရယ်ဟာ ထင်ရှားတဲ့ Cataract Gorge ရဲ့ မြင်ကွင်းတစ်ခုပါပဲ။ ပတ်ပတ်လည် သစ်တောနဲ့ ကျောက်ကမ်းပါးကနေ ကြိုးတံတားအထိ လမ်းလျှောက်လို့ရပါတယ်။ ဟိုဘက်ထိပ် ဒီဘက်ထိပ် အပြန်အလှန် Chairlift တွေလည်း စီးလို့ရပါတယ်။ ဇွန်တို့ကတော့ လူသက်သာအောင် တစ်ဘက်ကို လမ်းလျှောက်ပြီး တစ်ဘက်ကို chairlift စီးလိုက်ပါတယ်။
များသောအားဖြင့် သြစတြေးလျမှာ တိရစ္ဆာန်လေးတွေကို ဘေးမဲ့ပေးထားသလိုမျိုး အနှောင့်အယှက်မပေးဘဲ လွတ်လွတ်လပ်လပ် ထားကြတာ ဇွန်သတိထားမိပါတယ်။ ဒါကြောင့်လည်း အကောင်လေးတွေဟာ လူမကြောက်၊ ကားမကြောက်ဘဲ လမ်းပေါ်ထွက်ပြီး သွားလာနေတာကို မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ပန်းခြံနဲ့ သစ်တောထဲက အကောင်လေးတွေကိုလည်း အကာအရံ အတားအဆီးမရှိစေဘဲ သဘာဝအတိုင်းပဲ စောင့်ရှောက်ထားရှိပါတယ်။ ငှက်မျိုးစုံ၊ ဒေါင်းနဲ့၊ သားပိုက်ကောင် အပါအ၀င် သစ်တောကြိုးဝိုင်းဧရိယာအတွင်းက တိရစ္ဆာန်တွေအားလုံး သဘာဝအတိုင်းပဲ သွားလာနေထိုင် ကျက်စားကြတာကို တွေ့ရပါတယ်။
ကြိုးတံတားဖြတ်လျှောက်ဖို့အသွား လမ်းမှာတွေ့ရတဲ့ ချစ်စရာ သစ်လုံးတဲလေးပါ။ အဲဒါလေးကိုမြင်တော့ တောကြီးမျက်မည်းမှာ လမ်းပျောက်သွားတဲ့ ဂျာမန်ပုံပြင်ထဲက မောင်နှမနှစ်ယောက် သတိရမိသေးတယ်။ မြင်လိုက်ရင် ကိုက်စားချင်စရာ ချော့ကလက်တွေနဲ့လုပ်ထားတဲ့ စုန်းမကြီးရဲ့ အိမ်မျိုးတော့ မတွေ့ခဲ့ပါဘူး။ :D
ကာတာရက် ဂေါ့ခ်ျကနေပြန်တော့ နောက်ထပ် ဥရောပအငွေ့အသက်နဲ့ ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတစ်နေရာကို ၀င်ကြည့်ကြပါတယ်။ အပေါ်ပုံမှာ မြင်ရတဲ့ တာမာတောင်ကြား အပန်းဖြေစခန်းရောက်တဲ့အချိန်မှာ ရာသီဥတုက သာသာယာယာ ပြန်ဖြစ်သွားလို့ ၀မ်းသာရပါတယ်။ အဲဒီအပန်းဖြေစခန်းက ဆွစ်ဇာလန်အသွင် ရွာငယ်နဲ့အဆောက်အဦးလေးတွေ၊ အမှတ်တရပစ္စည်း၊ အစားအသောက်ဆိုင်လေးတွေနဲ့ ခင်းကျင်းဖွင့်လှစ်ထားတာမို့ တက်စီကနေ ဝေဟင်ခရီးနှင်စရာမလိုဘဲနဲ့ ဥရောပရောက်သွားတဲ့ ခံစားမှုမျိုးပေးပါတယ်။
ပြန်အထွက်မှာမှ ရိုက်ခဲ့တဲ့ Swiss Shopping Village ရဲ့ အ၀င်ဝပါ။
နောက်တစ်ရက်မှာတော့ တစ်ကျွန်းလုံးရဲ့ ငါးပုံတစ်ပုံနေရာယူထားတဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိပ်ဆုံးဆယ်ခုထဲက စာရင်းဝင်တစ်ခုအဖြစ် ကျော်ကြားတဲ့ Cradle တောင်နဲ့ စိန့်ကလဲလ် အမျိုးသားဥယျာဉ်ကို သွားလိုက်ပါတယ်။ ဒယ်ဗွန်ပို့ကနေ တောင်ရှိရာအသွား နံရံပန်းချီနဲ့နာမည်ကျော်တဲ့ Sheffield မြို့လေးမှာ တစ်ထောက်နားပါတယ်။
ရှက်ဖ်ဖီးလ်မြို့ထဲက ကုန်စုံဆိုင်မှာ ရောင်းချတဲ့ ဒေသထွက် အသီးအနှံတွေပါ။ တက်စီဟာ ကျွန်းမကြီးနဲ့လှမ်းတဲ့အတွက် စိုက်လို့ရသမျှ စားသောက်ကုန်အသီးအရွက်တွေကို ကျွန်းပေါ်မှာပဲ စိုက်ပျိုးပြီး ပြန်ရောင်းချပါတယ်။ ခရီးသွားခဲ့တဲ့လမ်းတစ်လျှောက် အာလူးခင်းတွေ၊ ဖရုံခင်းတွေ အမြောက်အမြား တွေ့ရပါတယ်။ ထူးခြားတဲ့ စိုက်ခင်းတစ်မျိုးလည်း တွေ့ခဲ့ပါတယ်။ အဲဒါကတော့ ဘိန်းစိုက်ခင်းတွေပါ။ ကမ္ဘာပေါ်မှာ တရားဝင်ဘိန်းစိုက်ပျိုးခွင့်ရတဲ့ ဒေသသုံးခုထဲက တစ်ခုက တက်စ်မေးနီးယားဖြစ်ကြောင်း အဲဒီတော့မှ သိလိုက်ရပါတယ်။ အဖြူရောင်ဘိန်းပန်းတွေနဲ့ သိပ်လှနေတဲ့ ဘိန်းစိုက်ခင်းတွေကိုတော့ ဓာတ်ပုံရိုက်ခွင့် မရခဲ့ပါဘူး။
မြို့လေးအတွင်းမှာရှိတဲ့ မြောက်မြားစွာထဲက နာမည်အကြီးဆုံး နံရံပန်းချီတစ်ခုပါ။ Cradle mountain နဲ့ အနီးပတ်ဝန်းကျင်ကို တက်စမေးနီးယားမှာသာမက ကမ္ဘာကပါ ဂရုတစိုက်နဲ့ အာရုံပြုလာအောင် လုပ်ဆောင်ပေးခဲ့တဲ့ ရုက္ခဗေဒနဲ့သဘာဝပညာရှင် သြစတြီးယားလူမျိုး Gustav Weindorfer ရဲ့ ပုံကို ဂုဏ်ပြုပြီး ရေးဆွဲထားတာ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ကြောင့် ဥရောပလူမျိုးသူ့ကို သူလျှိုလို့ တက်စ်မေးနီးယန်းတွေက အစပိုင်းမှာ အထင်လွဲခဲ့ကြတာပါ။ သူ့အားထုတ်မှုကြောင့် Cradle mountain နဲ့ စိန့်ကလဲလ် အမျိုးသားဥယျာဉ်ဟာ ကမ္ဘာ့ယဉ်ကျေးမှု စာရင်းဝင်ဖြစ်ခဲ့တဲ့ နောက်ပိုင်းမှာတော့ ဒေသခံလူတွေရဲ့ ယုံကြည်လေးစားမှုကို ရခဲ့ပါတော့တယ်။ သဘာဝတရားကို ချစ်မြတ်နိုးသူ Gustav ဟာ ကွယ်လွန်ချိန်အထိ တောင်ခြေနားက သစ်လုံးအိမ်လေးမှာ နေထိုင်သွားခဲ့ပါတယ်။
ရှက်ဖ်ဖီးကနေ တစ်နာရီလောက် မောင်းပြီးတဲ့အခါ Cradle တောင်နဲ့ သူ့ခြေရင်းက Dove ရေကန်ကို လှမ်းမြင်ရပါပြီ။ အဲဒီ့နေ့ကလည်း ရာသီဥတု သိပ်မသာယာခဲ့ပြန်ပါဘူး။ ဇွန်တို့ တောင်ပေါ်ရောက်ချိန်ခဏလေးပဲ နေပွင့်ခဲ့တာပါ။ ပုံမှာမြင်ရတဲ့ Dove ရေကန်စပ်က တဲလေးမှာ တစ်ချိန်က Gustav ရဲ့ လှေကို ထားလေ့ရှိတယ်လို့ သိရပါတယ်။ ရေကန်ကနေ တောင်ခြေကို တစ်ပတ်ပြည့်အောင် လမ်းလျှောက်ချိန်က နှစ်နာရီကြာပါတယ်။ ကန်ဘေးပတ်လည်လမ်းဖြစ်ပေမယ့် တစ်ချို့လမ်းတွေကတော့ မိုးသစ် တောအောက်ထဲ ဖြတ်လျှောက်ရပါတယ်။ ကန်ရဲ့ညာဘက်ကနေ စလျှောက်ပြီး သိပ်မကြာခင်မှာပဲ မိုးသီးကြွေတာနဲ့ ကြုံပါတယ်။ အနားကတွေ့ရာ အပင်လေးအောက် ခိုနေရပါတယ်။ အပူချိန်က သုညဒီဂရီနားကပ်လောက်အောင် အေးနေခဲ့ပါတယ်။ အပေါ်ဘက်နားမှာတော့ နှင်းတွေကျခဲ့တယ်လို့ ဘယ်ဘက်ခြမ်းက စလျှောက်လာသူတွေနဲ့ လမ်းမှာဆုံမိတဲ့အခါ ပြောသံကြားရပါတယ်။
ဒီပုံလေးရိုက်ပြီး သိပ်မကြာခင်မှာပဲ မိုးရွာခဲ့တာပါ။ တောင်ထွတ်နားကို ပီပီပြင်ပြင်ရိုက်ချင်ပေမယ့် ညာဘက်မှာတွေ့ရတဲ့အတိုင်း ခရေဒယ်လ်တောင်ထိပ်ပိုင်းကို တိမ်တွေ အုပ်နေတာကြောင့် စိတ်တိုင်းကျ ပုံမရခဲ့ပါဘူး။
ဒါကတော့ ကန်ဘေးပတ်လည်က လမ်းလေးပါ။ ခရေဒယ်လ်တောင်နဲ့အမျိုးသားဥယျာဉ်တစ်ခုလုံးကို လမ်းလျှောက်မယ်ဆိုရင် ခြောက်ရက်ကြာပါတယ်။ အဲလိုခြောက်ရက်ခရီးကို တစ်ယောက်တည်းလျှောက်ကြတဲ့ တစ်ကိုယ်တော်ခရီးသွားတွေလည်း မနည်းပါဘူး။ ကိုယ့်မှာတော့ နှစ်နာရီလျှောက်ရတာ တော်တော့်ကို ပင်ပန်းသွားပါတယ်။ နာတတ်တဲ့ဒူးကို ညှာရင်း ဖြေးဖြေးချင်းလျှောက်တော့ လူကွဲသွားပြီး တောလမ်းထဲမှာ တစ်ယောက်တည်းဖြစ်ခဲ့ပါသေးတယ်။ လမ်းတစ်လျှောက်မှာ ဥရောပက ခရီးသွားတွေကို အများဆုံးတွေ့ရပါတယ်။ အထူးသဖြင့် ဂျာမန်တွေပါ။ နှစ်နာရီကျော်ကြာအောင် ကန်ကို တစ်ပတ်ပြည့်အောင် ပတ်ပြီးတဲ့အခါမှာတော့ ငါတစ်ခုတော့ လုပ်နိုင်ခဲ့ပြီဆိုတဲ့ ပီတိလေး ရလိုက်ပါတယ်။
အပြန်လမ်းမှာ Wilmot ရွာနဲ့ တာမာစပျစ်ခင်းတွေကြားက ဖြတ်ပြန်ခဲ့ပါတယ်။ အပြန်လမ်းတစ်လျှောက် ရွာငယ်လေးတွေကို ဖြတ်သွားတဲ့အခါ တစ်အိမ်နဲ့တစ်အိမ် မတူညီဘဲ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စာတိုက်ပုံးလေးတွေ ထားရှိတာကို သတိပြုမိပါတယ်။ စာတိုက်ပုံးကို ခွေးပုံလေး လုပ်ထားရုံမက စာထည့်ဖို့အတွက် စာပို့သမားအရုပ်လေးပါ ထားထားတဲ့အိုင်ဒီယာကို သဘောကျမိတာနဲ့ အမှတ်တရ ရိုက်ခဲ့တာပါ။
တက်စ်မေးနီးယားမှာ အလုပ်လက်မဲ့ ခြောက်ရာခိုင်နှုန်းကျော်ရှိတဲ့အတွက် မသေးလှပါဘူး။ အဲ့ဒီအတွက် လက်ရှိပြည်နယ်အစိုးရကို အပြစ်တင်ကြပါတယ်။ လက်ရှိပြည်နယ်အစိုးရဟာ အစိမ်းရောင်များလို့ အမည်ရပြီး သဘာဝစိမ်းလန်းစိုပြေ ထိန်းသိမ်းရေးကို ဦးစားပေးတဲ့အတွက် ဟိုနေရာ၊ ဒီနေရာ ဒါမဆောက်ရ၊ ဟိုစီးပွားရေးမလုပ်ရ ကန့်ကွက်လွန်းတဲ့အတွက် စက်ရုံလုပ်ငန်းအခွင့်အလမ်းများ နည်းပါးပြီး အလုပ်လုပ်ခွင့် ဆုံးရှုံးရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နောင်နှစ်မဲပေးတဲ့အခါ အစိုးရပြောင်းပေးမယ်လို့လည်း ဒေသခံတစ်ချို့က ဆန္ဒဖော်နေပါတယ်။
ခရီးသွားလုပ်ငန်းကို အဓိကစီးပွားရေးအဖြစ် အားထားကြရတဲ့ အနေအထားမျိုးမှာ လမ်းတစ်လျှောက်က မြို့ငယ်ရွာငယ်တွေဟာ တတ်နိုင်သလောက် ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် သူ့နည်းသူဟန်နဲ့ နည်းလမ်းရှာဖွေ ကြံဆလုပ်ဆောင်ကြပါတယ်။ ဥပမာ ပင်လယ်ကမ်းခြေ၊ အခြား သဘာဝအလှအပတွေနဲ့ အလှမ်းဝေးပြီး ခရီးသွားဧည့်သည် အရောက်နည်းခဲ့တဲ့ ရှက်ဖ်ဖီးလ်မြို့ဟာ နံရံပန်းချီများနဲ့ ကျော်ကြားအောင် လုပ်ဆောင်နိုင်ခဲ့သလို အနီးအနားက မြို့တွေကလည်း သစ်ပင်ပန်းမန်တွေမှာ ပုံဖော်ပြီး အလှဆင်ထားတာမျိုး၊ ဒီဇိုင်းမျိုးစုံနဲ့ စာတိုက်ပုံးတွေထားပြီး တိုးရစ်တွေ တကူးတက လာကြည့်ရအောင် လုပ်ထားတာမျိုးတွေပါ။
လေးရက်မြောက်နေ့မှာတော့ ခရေဒယ်လဲမောင်တိန်မှာ အနည်းငယ်ပြင်းထန်တဲ့ ရာသီဥတုနဲ့ ကြုံခဲ့ပြီး လမ်းတော်တော်ကြာ လျှောက်ခဲ့တဲ့ဒဏ်ကြောင့် ခရီးပန်းပြီး ဘယ်မှမသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါတောင် အိမ်နဲ့မြို့ထဲကို လေးဆယ့်ငါးမိနစ်တစ်ကြောင်း လမ်းလျှောက်လိုက်ပါသေးတယ်။ ဒယ်ဗွန်ပို့မြို့ထဲကနေ အိမ်အပြန် လမ်းမှာတွေ့ခဲ့တဲ့ ရောင်စုံပန်းဥယျာဉ်လေးနဲ့ ချစ်စရာအိမ်လေးကို အမှတ်တရ ရိုက်ယူခဲ့ပါတယ်။
၂၀၁၃ခုနှစ်အတွက် တက်စီခရီးဟာ နောက်ဆုံးဖြစ်ခဲ့သလို စုဆောင်းခဲ့တဲ့ အမှတ်တရ ပစ္စည်းလေးတွေထဲမှာလည်း ဒီအကောင်ပုံလေးက နောက်ဆုံးပါပဲ။ အပြင်မှာ မတွေ့ခဲ့ရတဲ့ တက်စ်မေးနီးယန်းဒီဗဲလ်ကို ပုံလေးပဲဝယ်ပြီး အမှတ်တရ သိမ်းထားလိုက်ပါတယ်။ တစ်နေ့နေ့ အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ ရေခဲသေတ္တာပေါ်မှာ ကပ်ဖြစ်မှာပေါ့လေ။
ဇွန်မိုးစက်
အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ။ ဒီဇင်ဘာလဆန်းက
သွားဖြစ်ခဲ့တဲ့ ခရီးလေးအကြောင်း နှစ်မကုန်ခင် ရေးတင်မယ်လို့ စိတ်ထဲရှိခဲ့ပေမယ့် မရေးနိုင်ခဲ့ပါဘူး။
နွေရာသီကျောင်းပိတ်ရက်မှာ စာတွေရေးမယ်လို့ အားခဲထားခဲ့ပေမယ့် တကယ်တမ်းကျ မရေးဖြစ်ပြန်ပါဘူး။
ဒါပေမယ့် စာရေးချင်တဲ့စိတ်ကလေး လုံးလုံးလျားလျား မပျောက်သေးတာရယ်၊ ခရီးသွားတိုင်း ကိုယ်တွေ့မြင်သိခွင့်ရတဲ့
ဒေသန္တရ အတွေ့အကြုံလေးတွေ ဝေမျှချင်တဲ့စိတ်အခံရှိနေတာရယ်၊ အကြောင်းမဆုံရင် လူတိုင်းမရောက်ဖြစ်တဲ့
သဘာဝအတိုင်း လှပနေတဲ့ တက်စ်မေးနီးယားကျွန်းကို ရောက်ခဲ့တာရယ်ပေါင်းပြီး ရေးဖြစ်သွားပါတယ်။
သြစတြေးလျနိုင်ငံရဲ့ စုစုပေါင်းပြည်နယ်ရှစ်ခုမှာ ဒုတိယအသေးဆုံးပြည်နယ်ဖြစ်တဲ့
တက်စ်မေးနီးယားရဲ့ ဧရိယာအကျယ်အ၀န်းက အိုင်ယာလန်နိုင်ငံနဲ့ အတူတူပါပဲ။ တစ်ပြည်နယ်လုံးရဲ့ လေးဆယ်ရာခိုင်နှုန်းနီးပါးက ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ယဉ်ကျေးမှုအမွေအနှစ်
စာရင်းဝင်နေရာတွေဖြစ်ပြီး အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက ကမ်းခြေတော်တော်များများကလည်း
လူဝင်လူထွက် နည်းပါးတာမို့ သန့်ရှင်းပြီး ပျက်စီးယိုယွင်းတာတွေ သိပ်မရှိဘဲ တစ်ကျွန်းလုံးနီးပါး သဘာဝအတိုင်း
လှနေပါတယ်။ ကျွန်း တောင်နဲ့မြောက်ကိုပဲဖြစ်ဖြစ်၊ အရှေ့နဲ့အနောက်ကိုပဲဖြစ်ဖြစ် သုံးနာရီကျော်ကျော်မောင်းလိုက်ရင်ပဲ ခရီးရောက်လို့ ကားနဲ့သွားရတာ သိပ်အဆင်ပြေပါတယ်။
သြစတြေးလျကျွန်းမကြီးလို ပူပြင်းခြောက်သွေ့တဲ့ရာသီဥတု
မရှိတဲ့အတွက် ကြည့်လိုက်တိုင်း စိမ်းစိုနေတဲ့ လယ်ကွင်းနဲ့ တောင်စဉ်တောတန်းတွေ မျက်စိတစ်ဆုံးတွေ့ရပါတယ်။
ဥရောပရာသီဥတု အထူးသဖြင့် နေသိပ်မပွင့်ဘဲ တစ်နှစ်ပတ်လုံးနီးပါး အေးတတ်တဲ့ အင်္ဂလန်ရာသီဥတုနဲ့ တူတယ်လို့ ပြောစမှတ်ပြုကြပါတယ်။ တကယ်လည်း
ဇွန်ရောက်သွားခိုက် အဲလိုရာသီဥတုမျိုးနဲ့ ကြုံခဲ့ပါတယ်။ စိတ်ထဲမှာလည်း ကိုယ့်ကိုယ်ကို
ဥရောပရောက်သွားသလိုပဲ ထင်မိပါတယ်။ သြစတြေးလျန်းတွေဟာ ဖော်ရွေခင်မင် ကူညီတတ်ကြပါတယ်။
အဲဒီထဲမှာမှ တက်စ်မေးနီးယန်းတွေက ဖော်ရွေအကူညီတတ်ဆုံးလို့ လူသိများထင်ရှားပါတယ်။
၅ညအိပ်၎ရက်ခရီးပဲ ဖြစ်ခဲ့တာမို့ ကျွန်းတောင်ပိုင်းကို
မရောက်ခဲ့ပါဘူး။ မြောက်ပိုင်းမှာတော့ အတော်နှံ့ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တစ်ကျွန်းလုံးအနှံ့
ကားလေးနဲ့ အေးအေးဆေးဆေး မောင်းပြီးသွားမယ်ဆိုရင် နှစ်ပတ်ဆယ်ရက်လောက် အချိန်ပေးသင့်တယ်လို့
ခရီးသွားဆောင်းပါးတစ်ချို့က ညွှန်းပါတယ်။ အချို့ကလည်း တစ်ပတ်ဆိုရင်ပဲ ရောက်သင့်ရောက်ထိုက်တဲ့
နေရာမှန်သမျှ ရောက်တယ်လို့ ဆိုကြပါတယ်။ ဇွန့်အနေနဲ့ ရက်နည်းပေမယ့် ရတဲ့ရက်မှာ ရောက်ခဲ့တဲ့နေရာတိုင်းကို
ကျေနပ်ပါတယ်။ ဘယ်နေရာရောက်ရောက် ဘယ်သွားသွား အားလုံးက လှနေလို့ပါ။ ရာသီဥတု၊ သဘာဝမြေနေရာတော်တော်များများက
နယူးဇီလန်နဲ့ ဆင်တူတာကြောင့် နယူးဇီလန်ဒါများကလည်း တက်စီကို သဘောကျလေ့ရှိတယ်လို့ သိရပါတယ်။
နောက်တစ်နေ့မနက် ခရီးမစခင် Latrobe မြို့လေးဘက်အရင်ဝင်ပြီး ဘယ်လ်ဂျီယမ်လူမျိုး Igor Van Gerwen လာရောက် တည်ထောင်ဖွင့်လှစ်ခဲ့တဲ့ Anvers ချော့ကလက်စက်ရုံရဲ့ ကော်ဖီဆိုင်လေးမှာ မနက်စာစားရင်း ချော့ကလက်ပူပူတစ်ခွက် သောက်ခဲ့ပါတယ်။ အခုချိန်ထိ သောက်ဖူးသမျှ ချော့ကလက်ပူပူထဲမှာ အကောင်းဆုံးပါပဲ။
ပန်းတွေမြင်ရင် ဓာတ်ပုံမရိုက်ဘဲ မနေနိုင်တဲ့ဇွန်ဟာ ချော့ကလက်စက်ရုံဝင်းဥယျာဉ်ထဲက ပန်းလေးတွေကိုလည်း အလွတ်မပေးခဲ့ပါဘူး။
ဆစ်ဒနီက ကမ္ဘာ့နာမည်ကြီး စာရင်းဝင် ကမ်းခြေတွေ ရောက်ဖူးခဲ့ပေမယ့် အခုမြင်ရတဲ့ Boat Harbour ကမ်းခြေငယ်လေးကို ရောက်တဲ့အခါမှာတော့ ရင်သပ်ရှုမောဖြစ်သွားပါတယ်။ ကြည်လင်စိမ်းမြနေတဲ့ ပင်လယ်ပြင်၊ ဖြူလွလွသဲသောင်ပြင်နဲ့ ပြာလွင်နေတဲ့ကောင်းကင်ဟာ လိုက်ဖက်ညီစွာ သိပ်လှနေခဲ့တာပါ။ တစ်ရက်တည်းမှာပဲ ဥတုလေးမျိုးရှိတတ်တဲ့ တက်စီဟာ အဲ့ဒီနေ့မှာတော့ ထူးခြားစွာနဲ့ တစ်နေကုန်နေပွင့်ခဲ့ပြီး နွေရာသီဖြစ်ခဲ့တာကြောင့် ဇွန့်အတွက် ကံကောင်းသွားတယ်လို့ ဆိုနိုင်ပါတယ်။
Devonport ကနေစထွက်ပြီး အနောက်ဘက်ကမ်းခြေလမ်းအတိုင်းမောင်းသွားတဲ့အခါ လမ်းတစ်လျှောက်က မြို့ငယ်လေးတွေဖြစ်တဲ့ Burnie, Wynyard တို့ကို ရောက်ခဲ့ပြီး Stanley အထိ ခရီးဆက်ခဲ့ပါတယ်။ ပုံမှာမြင်ရတဲ့ ကျောက်တောင်တစ်ဖြစ်လဲ မီးတောင်ဟောင်း The Nut ရှိတဲ့အတွက် မြို့ငယ်စတန်လေကို ခရီးသွားတွေ အရောက်များကြပါတယ်။
မြို့လေးသေးပေမယ့် လှပချစ်စရာကောင်းတာ အမှန်ပါပဲ။
စတန်လေကနေ ပြန်အထွက်မှာတော့ သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ Highfield ကို ရောက်ခဲ့ပါတယ်။ ၁၈၃၀ပြည့်နှစ်များက အစိုးရအိမ်တော်ဖြစ်ခဲ့ပြီး ဒေသခံ aboriginal လူမျိုးများကို အစုလိုက်အပြုံလိုက်သတ်ခဲ့ရာ နေရာလည်းဖြစ်ပါတယ်။ အခုနေခါမှာတော့ ပြတိုက်အဖြစ် ဖွင့်လှစ်ထားပါတယ်။
ဒီပုံကတော့ တက်စ်မေးနီးယားကျွန်းရဲ့ အနောက်မြောက်တည့်တည့် တည်နေရာမှာရှိတဲ့ Port Sorell မြို့အနီးက Hawley ကမ်းခြေပါ။ တကယ်တော့ အဲ့ဒီကမ်းခြေကို နှစ်ပိုင်းခွဲထားပါတယ်။ လူတွေအတွက်ရယ်၊ ခွေးတွေအတွက်ရယ်ပါ။ ရယ်စရာဖြစ်ခဲ့ပုံက ဇွန်တို့ရောက်ခဲ့တဲ့ဘယ်ခြမ်းအပိုင်းက ခွေးကျောင်းထွက်တဲ့ကမ်းခြေ ဖြစ်နေပါတယ်။ ပြန်အထွက်မှာမှ လူတွေအပန်းဖြေဆော့ကစားနေကြတဲ့ ညာခြမ်းကကမ်းခြေကို တွေ့ပါတော့တယ်။ အဲဒီကမ်းခြေက လိမ္မော်ရောင်စွန်းနေတဲ့ သဘာဝကျောက်တွေကြောင့်သာမကဘဲ ဂဏာန်းနီလေးတွေရှိတဲ့ ကမ်းခြေရယ်လို့လည်း လူသိများပါတယ်။ တကယ်လည်း သဲပြင်မှာ ခြေချစရာနေရာမရှိလောက်အောင် ဂဏာန်းနီလေးတွေနဲ့ သူတို့ရဲ့ သဲတွင်းလေးတွေ အပြည့်ပါ။ အရောင်စုံတဲ့ ခရုခွံလေးတွေကို မြင်ရတဲ့အခါမှာတော့ ဦးကြင်ဥရဲ့ ၀င်ကစွပ် ကဗျာလေးကို ရုတ်တရက် သတိရမိပါတယ်။
တက်စ်မေးနီးယားဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက မီးတောင်ဟောင်းဖြစ်ခဲ့တဲ့အတွက် ဟာဝိုင်အီလိုပဲ ကမ်းခြေတိုင်းက ကျောက်တုံးကျောက်ခဲတွေဟာ အေးခဲသွားတဲ့ချော်ရည်တွေကြောင့် အမဲရောင်အသွင်ဆောင်ကြတာကို တွေ့ရပါတယ်။
Devonport ကတော့ တက်စ်မေးနီးယားမြောက်ပိုင်းရဲ့ အရေးပါတဲ့ ဆိပ်ကမ်းမြို့တစ်မြို့ပါ။ မြို့တော် Hobart နဲ့ Launceston မြို့ပြီးရင် တတိယအကြီးဆုံး မြို့လည်း ဖြစ်ပါတယ်။ ပုံမှာမြင်ရတဲ့ ဖယ်ရီကတော့ မဲလ်ဘုန်းနဲ့ ဒယ်ဗွန်ပို့အကြား အပြန်အလှန် ညစဉ်ပြေးဆွဲပေးတဲ့ ဖယ်ရီပါ။ မြို့နှစ်မြို့ကနေ ညနေ၇နာရီခွဲပုံမှန်ထွက်ပြီး မနက်၆နာရီမှာ တစ်ဖက်ဆိပ်ကမ်းဆီ ဆိုက်ရောက်ပါတယ်။ များသောအားဖြင့် ကျွန်းမကြီးဘက်က အော်စီတွေဟာ ဟောလီးဒေးထွက်လာကြတဲ့အခါ ကားတွေပါ ဖယ်ရီနဲ့တစ်ပါတည်းသယ်လာပြီး ဒယ်ဗွန်ပို့ရောက်တဲ့အခါ တစ်ကျွန်းလုံးကို ကိုယ်ပိုင်ကားနဲ့ဆက်ပြီး ခရီးနှင်လေ့ရှိပါတယ်။
ဒယ်ဗွန်ပို့ရဲ့ အထင်ကရ မာစီမြစ်ကမ်းနံဘေးက The Spirit of the Sea ကြေးရုပ်ထုပါ
အဖြူမှာ အနီရောင်အစင်းနဲ့ရယ်လို့ ထင်ရှားတဲ့ Mersey Bluff မီးပြတိုက်ရဲ့သက်တမ်းက နှစ်တစ်ရာ့အစိတ်ရှိပါပြီ။ ဒီနေရာလေးဟာလည်း ခရီးသွားဧည့်သည်တွေအတွက် မရောက်မဖြစ် တစ်နေရာပါပဲ။
နောက်တစ်ရက်မှာတော့ Launceston မြို့ကနေ တစ်နာရီသာသာ မောင်းရင်ရောက်တဲ့ ဧက ၂၆၀ကျော် စိုက်ပျိုးထားတဲ့ လာဗန်ဒါ ပန်းခင်းတွေရှိတဲ့ Bridestowe Lavender Farm ကို သွားကြပါတယ်။ အဲဒီ့နေ့မှာတော့ ကံမကောင်းစွာနဲ့ မိုးတွေက ရွာနေခဲ့ပြီး ပန်းတွေက အကုန်အစင်မပွင့်သေးတဲ့အတွက် ခရမ်းပြာရောင်ပန်းခင်းကြီး မြင်ရမယ့်အခွင့်အရေး လက်လွတ်ခဲ့ရပါတယ်။ ဇွန်ရောက်သွားချိန်က ဒီဇင်ဘာအစမို့ နဲနဲစောသွားပါတယ်။ ဒီဇင်ဘာမကုန်ခင်နဲ့ဇန်န၀ါရီလလယ်ကြားချိန်မှာ တစ်ခင်းလုံးအပြည့် လာဗန်ဒါတွေ ပွင့်နေမှာကို စိတ်ကူးနဲ့ပဲ မြင်ယောင်ကြည့်လိုက်ရပါတော့တယ်။
အပိုင်း ၂ ဆက်ရန် ရှိပါသေးသည်။
ဇွန်မိုးစက်
Subscribe to:
Posts
(
Atom
)