တက်စီတစ်ခေါက် အလည်ရောက် - ၂

Category:

လာဗန်ဒါပန်းခင်းကနေ အပြန်မှာ Launceston မြို့ထဲဝင်၊ နေ့လယ်စာစားပြီး အဲဒီမြို့ရောက်ရင် သွားဖြစ်အောင်သွားပါလို့ ရောက်ဖူးသူတိုင်း ညွှန်လေ့ရှိတဲ့ Catarach Gorge ကို သွားလိုက်ပါတယ်။ မိုးစဲသွားပေမယ့် တိမ်တွေက ထူနေတုန်းမို့ တစ်နေ့ကလို နေမသာဘဲ ကောင်းကင်လည်း မပြာတော့ပါဘူး။

သဘာဝသစ်တောနဲ့ ကျောက်တောင်တွေကြား မြစ်ဖျားခံ စီးဆင်းလာတဲ့ အိစ်ခ်မြစ်ရယ်၊ ခပ်ဝေးဝေးမှာ မြင်ရတဲ့ သက်တမ်း တစ်ရာ့တစ်ဆယ်ရှိပြီဖြစ်တဲ့ အလက်ဇန္ဒားကြိုးတံတားရယ်ဟာ ထင်ရှားတဲ့ Cataract Gorge ရဲ့ မြင်ကွင်းတစ်ခုပါပဲ။ ပတ်ပတ်လည် သစ်တောနဲ့ ကျောက်ကမ်းပါးကနေ ကြိုးတံတားအထိ လမ်းလျှောက်လို့ရပါတယ်။ ဟိုဘက်ထိပ် ဒီဘက်ထိပ် အပြန်အလှန် Chairlift တွေလည်း စီးလို့ရပါတယ်။ ဇွန်တို့ကတော့ လူသက်သာအောင် တစ်ဘက်ကို လမ်းလျှောက်ပြီး တစ်ဘက်ကို chairlift စီးလိုက်ပါတယ်။

များသောအားဖြင့် သြစတြေးလျမှာ တိရစ္ဆာန်လေးတွေကို ဘေးမဲ့ပေးထားသလိုမျိုး အနှောင့်အယှက်မပေးဘဲ လွတ်လွတ်လပ်လပ် ထားကြတာ ဇွန်သတိထားမိပါတယ်။ ဒါကြောင့်လည်း အကောင်လေးတွေဟာ လူမကြောက်၊ ကားမကြောက်ဘဲ လမ်းပေါ်ထွက်ပြီး သွားလာနေတာကို မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ပန်းခြံနဲ့ သစ်တောထဲက အကောင်လေးတွေကိုလည်း အကာအရံ အတားအဆီးမရှိစေဘဲ သဘာဝအတိုင်းပဲ စောင့်ရှောက်ထားရှိပါတယ်။ ငှက်မျိုးစုံ၊ ဒေါင်းနဲ့၊ သားပိုက်ကောင် အပါအ၀င် သစ်တောကြိုးဝိုင်းဧရိယာအတွင်းက တိရစ္ဆာန်တွေအားလုံး သဘာဝအတိုင်းပဲ သွားလာနေထိုင် ကျက်စားကြတာကို တွေ့ရပါတယ်။

ကြိုးတံတားဖြတ်လျှောက်ဖို့အသွား လမ်းမှာတွေ့ရတဲ့ ချစ်စရာ သစ်လုံးတဲလေးပါ။ အဲဒါလေးကိုမြင်တော့ တောကြီးမျက်မည်းမှာ လမ်းပျောက်သွားတဲ့ ဂျာမန်ပုံပြင်ထဲက မောင်နှမနှစ်ယောက် သတိရမိသေးတယ်။ မြင်လိုက်ရင် ကိုက်စားချင်စရာ ချော့ကလက်တွေနဲ့လုပ်ထားတဲ့ စုန်းမကြီးရဲ့ အိမ်မျိုးတော့ မတွေ့ခဲ့ပါဘူး။ :D

ကာတာရက် ဂေါ့ခ်ျကနေပြန်တော့ နောက်ထပ် ဥရောပအငွေ့အသက်နဲ့ ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတစ်နေရာကို ၀င်ကြည့်ကြပါတယ်။ အပေါ်ပုံမှာ မြင်ရတဲ့ တာမာတောင်ကြား အပန်းဖြေစခန်းရောက်တဲ့အချိန်မှာ ရာသီဥတုက သာသာယာယာ ပြန်ဖြစ်သွားလို့ ၀မ်းသာရပါတယ်။ အဲဒီအပန်းဖြေစခန်းက ဆွစ်ဇာလန်အသွင် ရွာငယ်နဲ့အဆောက်အဦးလေးတွေ၊ အမှတ်တရပစ္စည်း၊ အစားအသောက်ဆိုင်လေးတွေနဲ့ ခင်းကျင်းဖွင့်လှစ်ထားတာမို့ တက်စီကနေ ဝေဟင်ခရီးနှင်စရာမလိုဘဲနဲ့ ဥရောပရောက်သွားတဲ့ ခံစားမှုမျိုးပေးပါတယ်။

ပြန်အထွက်မှာမှ ရိုက်ခဲ့တဲ့ Swiss Shopping Village ရဲ့ အ၀င်ဝပါ။

နောက်တစ်ရက်မှာတော့ တစ်ကျွန်းလုံးရဲ့ ငါးပုံတစ်ပုံနေရာယူထားတဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိပ်ဆုံးဆယ်ခုထဲက စာရင်းဝင်တစ်ခုအဖြစ် ကျော်ကြားတဲ့ Cradle တောင်နဲ့ စိန့်ကလဲလ် အမျိုးသားဥယျာဉ်ကို သွားလိုက်ပါတယ်။ ဒယ်ဗွန်ပို့ကနေ တောင်ရှိရာအသွား နံရံပန်းချီနဲ့နာမည်ကျော်တဲ့ Sheffield မြို့လေးမှာ တစ်ထောက်နားပါတယ်။
 
ရှက်ဖ်ဖီးလ်မြို့ထဲက ကုန်စုံဆိုင်မှာ ရောင်းချတဲ့ ဒေသထွက် အသီးအနှံတွေပါ။ တက်စီဟာ ကျွန်းမကြီးနဲ့လှမ်းတဲ့အတွက် စိုက်လို့ရသမျှ စားသောက်ကုန်အသီးအရွက်တွေကို ကျွန်းပေါ်မှာပဲ စိုက်ပျိုးပြီး ပြန်ရောင်းချပါတယ်။ ခရီးသွားခဲ့တဲ့လမ်းတစ်လျှောက် အာလူးခင်းတွေ၊ ဖရုံခင်းတွေ အမြောက်အမြား တွေ့ရပါတယ်။ ထူးခြားတဲ့ စိုက်ခင်းတစ်မျိုးလည်း တွေ့ခဲ့ပါတယ်။ အဲဒါကတော့ ဘိန်းစိုက်ခင်းတွေပါ။ ကမ္ဘာပေါ်မှာ တရားဝင်ဘိန်းစိုက်ပျိုးခွင့်ရတဲ့ ဒေသသုံးခုထဲက တစ်ခုက တက်စ်မေးနီးယားဖြစ်ကြောင်း အဲဒီတော့မှ သိလိုက်ရပါတယ်။ အဖြူရောင်ဘိန်းပန်းတွေနဲ့ သိပ်လှနေတဲ့ ဘိန်းစိုက်ခင်းတွေကိုတော့ ဓာတ်ပုံရိုက်ခွင့် မရခဲ့ပါဘူး။

မြို့လေးအတွင်းမှာရှိတဲ့ မြောက်မြားစွာထဲက နာမည်အကြီးဆုံး နံရံပန်းချီတစ်ခုပါ။ Cradle mountain နဲ့ အနီးပတ်ဝန်းကျင်ကို တက်စမေးနီးယားမှာသာမက ကမ္ဘာကပါ ဂရုတစိုက်နဲ့ အာရုံပြုလာအောင် လုပ်ဆောင်ပေးခဲ့တဲ့ ရုက္ခဗေဒနဲ့သဘာဝပညာရှင် သြစတြီးယားလူမျိုး Gustav Weindorfer ရဲ့ ပုံကို ဂုဏ်ပြုပြီး ရေးဆွဲထားတာ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ကြောင့် ဥရောပလူမျိုးသူ့ကို သူလျှိုလို့ တက်စ်မေးနီးယန်းတွေက အစပိုင်းမှာ အထင်လွဲခဲ့ကြတာပါ။ သူ့အားထုတ်မှုကြောင့် Cradle mountain နဲ့ စိန့်ကလဲလ် အမျိုးသားဥယျာဉ်ဟာ ကမ္ဘာ့ယဉ်ကျေးမှု စာရင်းဝင်ဖြစ်ခဲ့တဲ့ နောက်ပိုင်းမှာတော့ ဒေသခံလူတွေရဲ့ ယုံကြည်လေးစားမှုကို ရခဲ့ပါတော့တယ်။ သဘာဝတရားကို ချစ်မြတ်နိုးသူ Gustav ဟာ ကွယ်လွန်ချိန်အထိ တောင်ခြေနားက သစ်လုံးအိမ်လေးမှာ နေထိုင်သွားခဲ့ပါတယ်။

ရှက်ဖ်ဖီးကနေ တစ်နာရီလောက် မောင်းပြီးတဲ့အခါ Cradle တောင်နဲ့ သူ့ခြေရင်းက Dove ရေကန်ကို လှမ်းမြင်ရပါပြီ။ အဲဒီ့နေ့ကလည်း ရာသီဥတု သိပ်မသာယာခဲ့ပြန်ပါဘူး။ ဇွန်တို့ တောင်ပေါ်ရောက်ချိန်ခဏလေးပဲ နေပွင့်ခဲ့တာပါ။ ပုံမှာမြင်ရတဲ့ Dove ရေကန်စပ်က တဲလေးမှာ တစ်ချိန်က Gustav ရဲ့ လှေကို ထားလေ့ရှိတယ်လို့ သိရပါတယ်။ ရေကန်ကနေ တောင်ခြေကို တစ်ပတ်ပြည့်အောင် လမ်းလျှောက်ချိန်က နှစ်နာရီကြာပါတယ်။ ကန်ဘေးပတ်လည်လမ်းဖြစ်ပေမယ့် တစ်ချို့လမ်းတွေကတော့ မိုးသစ် တောအောက်ထဲ ဖြတ်လျှောက်ရပါတယ်။ ကန်ရဲ့ညာဘက်ကနေ စလျှောက်ပြီး သိပ်မကြာခင်မှာပဲ မိုးသီးကြွေတာနဲ့ ကြုံပါတယ်။ အနားကတွေ့ရာ အပင်လေးအောက် ခိုနေရပါတယ်။ အပူချိန်က သုညဒီဂရီနားကပ်လောက်အောင် အေးနေခဲ့ပါတယ်။ အပေါ်ဘက်နားမှာတော့ နှင်းတွေကျခဲ့တယ်လို့ ဘယ်ဘက်ခြမ်းက စလျှောက်လာသူတွေနဲ့ လမ်းမှာဆုံမိတဲ့အခါ ပြောသံကြားရပါတယ်။

ဒီပုံလေးရိုက်ပြီး သိပ်မကြာခင်မှာပဲ မိုးရွာခဲ့တာပါ။ တောင်ထွတ်နားကို ပီပီပြင်ပြင်ရိုက်ချင်ပေမယ့် ညာဘက်မှာတွေ့ရတဲ့အတိုင်း ခရေဒယ်လ်တောင်ထိပ်ပိုင်းကို တိမ်တွေ အုပ်နေတာကြောင့် စိတ်တိုင်းကျ ပုံမရခဲ့ပါဘူး။

ဒါကတော့ ကန်ဘေးပတ်လည်က လမ်းလေးပါ။ ခရေဒယ်လ်တောင်နဲ့အမျိုးသားဥယျာဉ်တစ်ခုလုံးကို လမ်းလျှောက်မယ်ဆိုရင် ခြောက်ရက်ကြာပါတယ်။ အဲလိုခြောက်ရက်ခရီးကို တစ်ယောက်တည်းလျှောက်ကြတဲ့ တစ်ကိုယ်တော်ခရီးသွားတွေလည်း မနည်းပါဘူး။ ကိုယ့်မှာတော့ နှစ်နာရီလျှောက်ရတာ တော်တော့်ကို ပင်ပန်းသွားပါတယ်။ နာတတ်တဲ့ဒူးကို ညှာရင်း ဖြေးဖြေးချင်းလျှောက်တော့ လူကွဲသွားပြီး တောလမ်းထဲမှာ တစ်ယောက်တည်းဖြစ်ခဲ့ပါသေးတယ်။ လမ်းတစ်လျှောက်မှာ ဥရောပက ခရီးသွားတွေကို အများဆုံးတွေ့ရပါတယ်။ အထူးသဖြင့် ဂျာမန်တွေပါ။ နှစ်နာရီကျော်ကြာအောင် ကန်ကို တစ်ပတ်ပြည့်အောင် ပတ်ပြီးတဲ့အခါမှာတော့ ငါတစ်ခုတော့ လုပ်နိုင်ခဲ့ပြီဆိုတဲ့ ပီတိလေး ရလိုက်ပါတယ်။

အပြန်လမ်းမှာ Wilmot ရွာနဲ့ တာမာစပျစ်ခင်းတွေကြားက ဖြတ်ပြန်ခဲ့ပါတယ်။ အပြန်လမ်းတစ်လျှောက် ရွာငယ်လေးတွေကို ဖြတ်သွားတဲ့အခါ တစ်အိမ်နဲ့တစ်အိမ် မတူညီဘဲ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စာတိုက်ပုံးလေးတွေ ထားရှိတာကို သတိပြုမိပါတယ်။ စာတိုက်ပုံးကို ခွေးပုံလေး လုပ်ထားရုံမက စာထည့်ဖို့အတွက် စာပို့သမားအရုပ်လေးပါ ထားထားတဲ့အိုင်ဒီယာကို သဘောကျမိတာနဲ့ အမှတ်တရ ရိုက်ခဲ့တာပါ။ 

တက်စ်မေးနီးယားမှာ အလုပ်လက်မဲ့ ခြောက်ရာခိုင်နှုန်းကျော်ရှိတဲ့အတွက် မသေးလှပါဘူး။ အဲ့ဒီအတွက် လက်ရှိပြည်နယ်အစိုးရကို အပြစ်တင်ကြပါတယ်။ လက်ရှိပြည်နယ်အစိုးရဟာ အစိမ်းရောင်များလို့ အမည်ရပြီး သဘာဝစိမ်းလန်းစိုပြေ ထိန်းသိမ်းရေးကို ဦးစားပေးတဲ့အတွက် ဟိုနေရာ၊ ဒီနေရာ ဒါမဆောက်ရ၊ ဟိုစီးပွားရေးမလုပ်ရ ကန့်ကွက်လွန်းတဲ့အတွက် စက်ရုံလုပ်ငန်းအခွင့်အလမ်းများ နည်းပါးပြီး အလုပ်လုပ်ခွင့် ဆုံးရှုံးရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နောင်နှစ်မဲပေးတဲ့အခါ အစိုးရပြောင်းပေးမယ်လို့လည်း ဒေသခံတစ်ချို့က ဆန္ဒဖော်နေပါတယ်။ 

ခရီးသွားလုပ်ငန်းကို အဓိကစီးပွားရေးအဖြစ် အားထားကြရတဲ့ အနေအထားမျိုးမှာ လမ်းတစ်လျှောက်က မြို့ငယ်ရွာငယ်တွေဟာ တတ်နိုင်သလောက် ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် သူ့နည်းသူဟန်နဲ့ နည်းလမ်းရှာဖွေ ကြံဆလုပ်ဆောင်ကြပါတယ်။ ဥပမာ ပင်လယ်ကမ်းခြေ၊ အခြား သဘာဝအလှအပတွေနဲ့ အလှမ်းဝေးပြီး ခရီးသွားဧည့်သည် အရောက်နည်းခဲ့တဲ့ ရှက်ဖ်ဖီးလ်မြို့ဟာ နံရံပန်းချီများနဲ့ ကျော်ကြားအောင် လုပ်ဆောင်နိုင်ခဲ့သလို အနီးအနားက မြို့တွေကလည်း သစ်ပင်ပန်းမန်တွေမှာ ပုံဖော်ပြီး အလှဆင်ထားတာမျိုး၊ ဒီဇိုင်းမျိုးစုံနဲ့ စာတိုက်ပုံးတွေထားပြီး တိုးရစ်တွေ တကူးတက လာကြည့်ရအောင် လုပ်ထားတာမျိုးတွေပါ။
 
 
လေးရက်မြောက်နေ့မှာတော့ ခရေဒယ်လဲမောင်တိန်မှာ အနည်းငယ်ပြင်းထန်တဲ့ ရာသီဥတုနဲ့ ကြုံခဲ့ပြီး လမ်းတော်တော်ကြာ လျှောက်ခဲ့တဲ့ဒဏ်ကြောင့် ခရီးပန်းပြီး ဘယ်မှမသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါတောင် အိမ်နဲ့မြို့ထဲကို လေးဆယ့်ငါးမိနစ်တစ်ကြောင်း လမ်းလျှောက်လိုက်ပါသေးတယ်။ ဒယ်ဗွန်ပို့မြို့ထဲကနေ အိမ်အပြန် လမ်းမှာတွေ့ခဲ့တဲ့ ရောင်စုံပန်းဥယျာဉ်လေးနဲ့ ချစ်စရာအိမ်လေးကို အမှတ်တရ ရိုက်ယူခဲ့ပါတယ်။


၂၀၁၃ခုနှစ်အတွက် တက်စီခရီးဟာ နောက်ဆုံးဖြစ်ခဲ့သလို စုဆောင်းခဲ့တဲ့ အမှတ်တရ ပစ္စည်းလေးတွေထဲမှာလည်း ဒီအကောင်ပုံလေးက နောက်ဆုံးပါပဲ။ အပြင်မှာ မတွေ့ခဲ့ရတဲ့ တက်စ်မေးနီးယန်းဒီဗဲလ်ကို ပုံလေးပဲဝယ်ပြီး အမှတ်တရ သိမ်းထားလိုက်ပါတယ်။ တစ်နေ့နေ့ အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ ရေခဲသေတ္တာပေါ်မှာ ကပ်ဖြစ်မှာပေါ့လေ။


ဇွန်မိုးစက်

Comments ( 5 )

ရောင်စုံပန်းဥယျာဉ်လေးနဲ့ အိမ်လေး ချစ်လိုက်တာ။ My dream house... :)

အတူတူပါပဲ နှစ်ရေ။ ဇွန်လည်း စိတ်ကူးထဲမှာ အဲလိုဥယျာဉ်လေးနဲ့ အိမ်လေးတစ်လုံး ပိုင်ချင်လိုက်တာလို့ တွေးနေမိခဲ့တာ။း)

တိမ်နှင့်တောင်တန်း ပုံတွေက အရမ်း လှတာပဲ။ တခြား ပုံ တွေ လည်း ကောင်း တယ်။ အပျော်ခရီး များများ ထွက် နိုင် ပါ စေ။

ပုံတွေလှတယ်ဆိုလို့ ဝမ်းသာပါတယ် Goldfish ရေ။ ဆုတောင်းပေးတဲ့အတွက်လည်း ကျေးဇူးတင်တယ်နော်။း)

ဇွန်ရေ... မရောက်ဖူးတဲ့နေရာပေမယ့် ဇွန်ရေးတာလေးဖတ်ပြီး ပုံလေးတွေကြည့်ပြီး ကိုယ်တိုင်ရောက်သွားသလိုခံစားကြည်နူးမိပါတယ်... တောတောင်ရေမြေသဘာဝအလှတွေနဲ့  နေခွင့်ရတာ ကံကောင်းခြင်းတမျိုးပါပဲ