ညို…
ဘာလိုလိုနဲ့ မနက်ဖြန်ဆို မြန်မာနှစ်ဆန်း
ရောက်တော့မယ်နော်။ ငါမြန်မာပြည်ပြန်ရောက်နေတာတောင် ရက်သတ္တငါးပတ် ရှိသွားပြီ။ မကြုံတာကြာတဲ့ သင်္ကြန်နဲ့
ဒီတစ်ကြိမ်ဆုံရပေမယ့် ငါ မနွှဲနိုင်ပါဘူးဟာ။ အိမ်အလုပ်လုပ်တွေ လုပ်ရင်း၊ အမေ့ကိုပြုစုရင်း
အိမ်ထဲမှာပဲ တစ်ရက်ပြီးတစ်ရက် အချိန်တွေကုန်သွားတာ။ အနီးအပါးက ဈေးလေးဘာလေးတော့ သွားဝယ်ဖြစ်တာပေါ့။
ဈေးဆိုလို့ နင့်ကိုပြောပြရဦးမယ်။ ငါတို့အိမ်ရှေ့လမ်းမကို ကူးလိုက်ရင် အသောကဈေးကို
ရောက်တယ်လေ။ မနက်ခင်းဆို ဈေးသည်တွေ၊ ၀ယ်သူတွေနဲ့ အမြဲစည်ကားနေတာ။ ငါလေ… နိုင်ငံရပ်ခြား
စူပါမားကတ်ထဲက တစ်နေ့တစ်နေ့ အမျိုးအစားထပ်နေတဲ့ အသီးအရွက်နဲ့ အသားတွေပဲ မြင်ခဲ့ရ၊ ၀ယ်ခဲ့ရလို့လား
မသိဘူး၊ အသောကဈေးထဲက များပြားလှတဲ့ ဟင်းရွက်အမယ်တွေ၊ ရေချိုငါးမျိုးစုံတွေ ပြန်တွေ့ရတော့
ပျော်လိုက်တာဟယ်။ ချက်စားချင်စရာ၊ ၀ယ်စားချင်စရာတွေ များလွန်းလို့ ငါ့မှာ ပိုက်ဆံအိတ်လေးကိုင်ပြီး
ဘာဝယ်ရမှန်း မသိအောင် ဖြစ်ခဲ့ရသေးတာ။ ဘုရားပန်းတင်ဖို့ ပန်းတွေကလည်း အများကြီး။ ရွှေ၊
ငွေ၊ စံပယ်၊ ကြက်ရုံးဆို ငွေ ၁၀၀ဖိုးကို ၁၀ကုံးတောင်ရတာ။ ကြည့်လိုက်တိုင်း ဘ၀င်မကျစရာတွေ
များနေတဲ့ ကိုယ့်ပြည်မှာ အကျေနပ်ဆုံးအရာက သားငါးသီးရွက် စုံလင်လှတဲ့ ဈေးခင်းကြီးထဲမှာ
မနက်ဈေးဝယ်ထွက်ရတာပဲလို့ပြောရင် နင်ပြုံးနေမှာ။
ငါ့အတွက်တော့ ဒီနှစ်နွေဟာ သိပ်ရှည်လျားတယ်
ညို။ သြစတြေးလျမှာ နွေဦးနဲ့နွေရာသီကို ခြောက်လတာ ဖြတ်သန်းခဲ့ပြီးမှ မြန်မာပြည်ပြန် ပြန်ရောက်ချိန်က
တပေါင်းလဖြစ်နေတော့ ငါ့မှာ နောက်ထပ် နွေရာသီဆက်သွားတာပေါ့။ တို့ရန်ကုန်နွေကလည်း သိပ်ပူတာပဲဟာ။
ကမ္ဘာကြီးပူနွေးလာတာလည်း တစ်ကြောင်းပေါ့၊ ဒါပေမယ့် မြို့တော်ရန်ကုန်က လူတွေ၊ တိုက်တွေ၊
ကားတွေသာ တိုးပွားများပြားနေတာ အပင်အရေအတွက်က ဟိုတုန်းကနဲ့ယှဉ်ရင် နဲသွားပြီဆိုတော့
အပူဒဏ်ကို သိပ်မကာကွယ်နိုင်တော့တာ နင်လည်း သိမှာပါ။ ဒီနှစ်နွေက လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က
ငါသိခဲ့တဲ့နွေနဲ့ မတူဘဲ ပြောင်းလဲနေပြီ ညို။ လမ်းထဲမှာ ဈေးသည်တွေ အော်ရောင်းတဲ့ နွေရာသီစာမုန့်တွေဟာ
စူပါဆေးသကြားတွေသုံးလို့ အချိုကဲနေတာ၊ ပဲဆီအသွင်ပြောင်းထားတဲ့ စားအုန်းဆီတွေ ဖောဖောသီသီ
ရောင်းပြီး တိုက်ကြီး၊ ကားကြီးနဲ့ သူ ဌေးတွေ ဖြစ်နေတာ၊ ကလေးအလုပ်သမားဦးရေဟာ ထင်မှတ်ထားတာထက်
အဆမတန် ပိုများနေတာ၊ စပွန်ဆာရဲ့ အထောက်အပံ့နဲ့ ရပ်တည်ရှင်သန်ကြတဲ့ မိန်းမပျိုလေးတွေရဲ့
ကြေးနှုန်းတွေ သိသိသာသာ မြင့်တက်နေတာ၊ အရေးပေါ်လူနာတင်ယာဉ်ကားကို လမ်းဖယ်ပေးဖို့ မစဉ်းစားဘဲ
အတင်းဝင်လုဖြတ်ကြတာ… အံ့သြလောက်အောင် ပြောင်းလဲနိမ့်ကျသွားတဲ့ လူတွေရဲ့ အသိဉာဏ်၊ စိတ်ဓာတ်နဲ့ ယဉ်ကျေးမှုတွေကြောင့်ပဲ
နွေဟာ ပိုပူသွားသလား မသိပါဘူးဟာ။
သြော်… ဒါနဲ့လေ၊ တပေါင်းလတုန်းက ငါ
ကိုကိုနဲ့ ဆုံဖြစ်သေးတယ်။ ပြောင်းလဲမှုတွေထဲမှာ ကိုကိုလည်း ပါတယ် ညို။ ငါဆိုလိုချင်တာ
သူ့ရဲ့ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်သွင်ပြင် အချိုးအစားထက် တခြားအခြေအနေနဲ့ စိတ်ကိုပါ။
မောင်အေးကဖီးထဲမှာ ငါ့ကို အကြာကြီးပွေ့ဖက်ထားပြီး သတိရလွမ်းဆွတ်နေတဲ့အကြောင်း ပြောပြခဲ့တဲ့
ကိုကို့ကိုမြင်တော့ ငါ အံ့သြသွားခဲ့တယ် ညို။ ကွဲကွာခဲ့တဲ့ ဆယ့်လေးနှစ်အတွင်းမှာ ငါအများကြီးရင့်ကျက်ပြောင်းလဲသွားတယ်လို့
ကိုကိုက မှတ်ချက်ပေးတယ်။ ဟိုတုန်းက ငါသိခဲ့တဲ့ ကိုကို့နေရာကို ငါရောက်သွားပြီး၊ ငါ့နေရာမှာ
ကိုကိုက ပြန်ရောက်နေသလိုမျိုး ဖြစ်သွားတာကိုး။ ကိုကို့တောင်းဆိုချက်နဲ့ ငါရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့
ဘ၀အခက်အခဲ အခြေအနေတွေ၊ အထိုက်အလျောက် သိထားတဲ့ တရားသဘောတွေ ပြောပြဖြစ်တယ်။ ကိုကိုကတော့
ငါ့ကို ဟိုမှာပဲ အခြေချစေချင်တယ်။ ဒါပေမယ့် ငါ အမေ့ကိုပြုစုဖို့ ပြန်လာတာမို့ သူထပ်ပြီး
မပြောသာခဲ့ဘူး။ ကိုကို့ဇနီးနဲ့ သမီးလေးနှစ်ယောက်နဲ့လည်း တွေ့ခဲ့တယ် ညို။ သမီးလေးတွေက
မြန်မာလို နားလည်ပေမယ့် ပြန်မပြောတတ်တော့ မြန်မာစာသင်ပေးဖို့ ကိုကို့ကို ပြန်တိုက်တွန်းခဲ့ရသေးတယ်။
အဲဒီနေရာမှာတော့ အင်္ဂလိပ်စာဆရာဖြစ်တဲ့ ကိုကို့အဖေနဲ့ငါက တစ်သဘောတည်းပဲ သိလား။ ငါအမှတ်တရ
ပေးလိုက်တဲ့ သားပိုက်ကောင်နဲ့ ကွာလာ မွေးပွအရုပ်လေးတွေကို ကလေးနှစ်ယောက်လုံး သိပ်သဘောကျလို့
ဝမ်းသာရသေးတယ်။ ကိုကိုတို့မိသားစုလေးယောက်လုံး အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားပြီလို့
သိလိုက်ရချိန်မှာ ငါအရင်ဆုံးမြင်ယောင်မိတာ ကိုကို့အမေမျက်နှာကိုပဲ ညို။ တကယ်တော့
အန်တီကိုယ်တိုင် မမေးဖြစ်ခဲ့တဲ့ မေးခွန်းကို ငါမေးခဲ့မိတာ။
အင်းလေ… လူတိုင်းလူတိုင်းဟာ ကိုယ့်ဘ၀၊
ကိုယ့်အကြောင်းနဲ့ကိုယ် မဟုတ်လား။ တကယ်တော့ ကိုကိုတို့ ဟိုမှာဆောက်တည်ခဲ့တဲ့ မိသားစုဘ၀မျိုး ဒီမှာ ပြန်မရနိုင်တော့ဘူးဆိုတာ ငါနားလည်ပေးလို့ရပါတယ်။
ဘဏ်ကြီးတစ်ခုမှာ ငွေကြေးဆိုင်ရာ အကြီးတန်းအကြံပေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကိုကို့အတွက်တော့ ငါဂုဏ်ယူမိတယ်
ညို။ ကိုကို မပြန်ခင် ဖုန်းထဲကနေ နှုတ်ဆက်ပြီး ငါ တစ်ခုတော့ ထပ်မေးခဲ့တယ်။ တကယ်လို့များ
တစ်ချိန်ချိန်မှာ လိုအပ်မယ်ဆိုရင် မြန်မာပြည်အတွက်ပြန်ပြီး တစ်စုံတစ်ရာ အကူအညီပေးနိုင်မလားဆိုတာကိုလေ။
ကိုကိုက ပေးမှာပေါ့ ညီမလေးရယ်လို့ ရှောရှောရှူရှူ ပြန်ပြောတော့ ငါနဲနဲတော့ ကျေနပ်သွားတယ်။
ဘယ်နေရာရောက်ရောက် ကိုကိုတို့က ဗမာပဲလေလို့ ဆိုပေမယ့် ငါ့စိတ်ထဲမှာတော့ စည်းတစ်ခု ခြားသွားသလို
ခံစားလိုက်ရတယ်။ ကောင်းကင်ထက်က မြစ်တစ်စင်းရဲ့ စီးမျောဦးတည်ရာက အချိန်နဲ့အမျှ ပြောင်းလဲသွားခဲ့တာ
ဆယ့်လေးနှစ်အကြာမှာ သိလိုက်ရတယ်… ညို။
ငါကတော့ ဒီတစ်နွေရဲ့ ပြောင်းလဲမှုတွေ၊ အဆင်မပြေမှုတွေကြား
ကြိုးစားပြီး အသားကျအောင် နေနေရတယ်။ ရာသီဥတု၊ ပတ်ဝန်းကျင်၊ အနေအထား၊ နောက် သိသိသာသာ
ပြောင်းလဲဆုတ်ယုတ်လာတဲ့ မိဘတွေရဲ့ ကျန်းမာရေး။ အဲဒီ့အရေးတွေကြားမှာ စိတ်ဓာတ်မကျအောင်
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာထဲက ကုသိုလ်၊ ပညာ၊ ဥစ္စာရဖို့ သင့်ရာဒေသ အမြဲနေဆိုတာလေးကို မပြတ်နှလုံးသွင်းထားရတယ်။
ငါ့အတွက် ဒီအချိန်၊ ဒီနေရာမှာ ပညာနဲ့ဥစ္စာ မရနိုင်ပေမယ့် ကုသိုလ်တော့ ရနေသေးတာပဲ မဟုတ်လား။
စိတ်သစ်လူသစ်ထက် စိတ်ဟောင်းလူဟောင်းကိုပဲ
ကြိုက်တဲ့ နင့်အတွက် ကုသိုလ် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေလို့ပဲ ဆုတောင်းပေးလိုက်တယ်နော်။
ဆုမွန်ကောင်းများစွာဖြင့်
ဇွန်
ညို ဖတ်စရာလေးဟာ
ရသစာပေ တစ်ပုဒ်ပါပဲ ဇွန်။
ညို ဖတ်စရာစာလေးက ချစ်စရာလေး...း)
ညီမနေကောင်းလား။ Happy new year...to you and your family.
မင်္ဂလာနှစ်သစ်ပါ အစ်မပြုံး၊ အစ်မသက်ဝေနဲ့ အစ်မရှင်လေး... ဇွန်နေကောင်းပါတယ်။း)
ရှည်လျားတဲ့ နွေအပူတွေကို ပြင်ပကရှောင်လို့မရပေမယ့် အတွင်းထိတော့ မရောက်စေချင်ဘူးဇွန်။
ငါကြိုက်တဲ့ စိတ်ဟောင်းလူဟောင်းတွေထဲမှာ ထိပ်ဆုံးကရှိတဲ့နင် နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာပြီး ရေးစရာအတွေး အသစ် အသစ်တွေ ရပါစေ။
ညို့ဆီရေးတဲ့စာတွေကို ဆက်ပြီးမျှော်နေမယ်နော်။
အပူဒဏ်တွေ မခံနိုင်တော့ဘူး။
ပိုဆိုးတာက လက်နှစ်ဘက်က allergy တွေ...ပူရင် ထ လာလို့
အသာလေး ငြိမ်ကုပ်နေရတယ်...။
ဒီအမကြီး တွေ့ရင် ညီးတာပဲလို့ ထင်ရော့ ဇွန်ရေ...
ညို့ကို ပေးစာလေးတွေ ထပ်ရေးပါဦး
ဖတ်လို့ကောင်းတယ် :))
thuthu
ရေးစရာအတွေးတွေ ခေါင်းထဲဝင်လာနေပေမယ့် အချိန်သိပ်မရလို့ စိတ်ရှိတိုင်း ချမရေးနိုင်ဘူး ဖြစ်နေတယ် ညို။ ဟိုတစ်ခါ ညို တောင်းဆိုထားတဲ့ ခွန်သီတို့အကြောင်း ရေးရင်ကောင်းမလားလို့ စိတ်ကူးနေတယ်။း)
ငြိမ်နေတဲ့ မမသီတာဆီက စာအသစ်တွေ တက်လာတာ တွေ့တယ်နော်။ ;) ညည်းတယ်လို့တော့ မထင်ပါဘူး မရယ်၊ ဇွန်ကိုယ်တိုင်က စာတစ်တန် ပေတစ်တန်နဲ့ ညည်းထားမှကိုး။ :D
အဲ... သူသူလည်း ညို့ဆီပေးစာတွေကို အားပေးတယ်ပေါ့။ အချိန်ရရင် ကြိုးစားပြီး ရေးကြည့်မယ်နော်။း)