ခရီးသွားဟန်လွှဲ
ရွှေပုဇွန်ခြံထဲရောက်တော့ ကားတွေပြည့်ကြပ်နေတာ တွေ့ရတယ်။ တနင်္ဂနွေလည်းဖြစ်၊ မင်္ဂလာဆောင်လည်းရှိနေတော့
ပန်းခြံလေးထဲ သိသိသာသာ လူစည်ကားနေတယ်။ အပြင်ဘက်မှာပဲ ထိုင်စရာနေရာလေး အပြေးရှာဝင်ထိုင်ပြီး
ကော်ဖီမှာထားချိန် ပတ်ဝန်းကျင်ကို အကဲခတ်မိတော့မှ မင်္ဂလာဧည့်ခံပွဲတင်မကဘဲ ဒီကနေ့ ဘွဲ့ယူကြတဲ့
ဘွဲ့ရကျောင်းသူများနှင့် မိသားစုဝင်တချို့ ရွှေပုဇွန်ဝင်းထဲမှာ ၀ိုင်းဖွဲ့စားသောက် အနားယူရင်း
ဓာတ်ပုံရိုက်နေကြတာ သတိပြုမိတယ်။ ကြိုးကြီးချိတ်အ၀ါရောင်တောက်တောက်ဝတ်ဆင်ထားတဲ့ အသက်၅၀ကျော်
အမျိုးသား၊ အမျိုးသမီးကြီးတွေကိုမြင်လိုက်တော့ သတို့သမီး၊ သတို့သားမိဘများထင်တယ်လို့
စိတ်မှန်းနှင့်တွေးကြည့်နေစဉ်မှာပဲ သမီး ဓာတ်ပုံရိုက်ဖို့
ဒီဘက်လာလေ လို့ ခေါ်သံကြားရာ လှမ်းကြည့်လိုက်မှ သူတို့တွေဟာ ဘွဲ့ရသမီးပျိုတစ်ဦးရဲ့
မိဘတွေဖြစ်မှန်း သိလိုက်ရတယ်။
မိတ်ကပ်ထူထူပေါ်မှာ နှုတ်ခမ်းနီရဲရဲဆိုးထားတဲ့ ပူပူနွေးနွေးဘွဲ့ရ သမီးပျိုလေးဟာ
သတို့သမီးအလား အထင်းသား။ ချိတ်လုံချည်အောက်က ဒေါက်ဖိနပ်အပျံစားက တော်တော်မြင့်သားလား။
ဒါကိုမြင်တော့ သူတစ်ခုသတိရပြီး ပြုံးသွားတယ်။ စနေ၊ တနင်္ဂနွေမနက်တိုင်း သူ့မောင်လေးဆီ
အင်္ဂလိပ်စာလာသင်တဲ့ တပည့်မလေးရှိတယ်။ သူလေးလည်း ဒီစနေ ဘွဲ့ယူရမှာမို့လို့ မလာနိုင်ကြောင်း၊
တနင်္ဂနွေမှ လာမယ့်အကြောင်း ဆရာ့ကို ဖုန်းဆက်ပြီး အကြောင်းကြားထားတယ်။ တနင်္ဂနွေမနက်ရောက်တော့
သူလေးဆီက ဖုန်းထပ်လာတယ်။ မနေ့က ဘွဲ့နှင်းသဘင်မှာ ဒေါက်မြင့်ဖိနပ်စီးလိုက်လို့ ခြေထောက်တွေအရမ်းနာနေလို့
မလာဖြစ်တော့တဲ့အကြောင်း… ပြန်ကြားရတဲ့သူက ပြုံးမိတာ။
မြန်မာပြည်မှာ
ဘွဲ့ယူတဲ့ကိစ္စနှင့်ပတ်သက်ပြီး သူငယ်ချင်းတွေပြောတာကြားဖူးတယ်။ ချဲ့ရင်ချဲ့သလောက် ကုန်တဲ့အကြောင်း၊
တချို့များဆို သတို့သမီးစရိတ်နီးနီး ကုန်ကျစရိတ်ကြီးမားကြောင်းတွေ။ ငယ်ငယ်က ဖတ်ဖူးတဲ့ဝတ္ထုတိုလေးတစ်ပုဒ်မှာ
(စာရေးဆရာက လယ်တွင်းသားစောချစ်လား၊ သုမောင်လား မမှတ်မိတော့ဘူး၊ တခြားတစ်ယောက်လည်း ဖြစ်နိုင်တယ်)
သမီးတစ်ယောက် ခြိုးခြိုးခြံခြံ ချွေချွေတာတာနှင့် ဘွဲ့ယူနိုင်ဖို့ ကုန်ကျစရိတ်တွေ အဖေဖြစ်သူက
တွက်ချက်နေချိန်မှာ တစ်ဖက်လမ်းက ဘွဲ့ယူမယ့် မိန်းကလေးတစ်ယောက် အလှပြင်ဆိုင်မှာ သူပန်ချင်တဲ့
သဇင်ပန်းတွေဝေနေအောင် မပန်ရလို့ ငိုတဲ့အကြောင်း သမီးက ပြန်ပြောပြတာကို တအံ့တသြ နားထောင်လိုက်ရတဲ့အဖေရဲ့
ခံစားချက်ကို မြင်ယောင်လိုက်သလိုပဲ။ ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ရင်း ဂုဏ်ယူပျော်ရွှင်နေတဲ့
မိန်းမပျိုလေးတွေကို ကြည့်နေရင်း သူ့အတွေးဆီကို အတိတ်နေ့ရက်ဆီက အာရုံတစ်ခု ရိုက်ခတ်လာခဲ့တယ်။
၂၀၀၃ခုနှစ်
အောက်တိုဘာလ ၃၁ရက်ဟာ သူ ဘွဲ့ယူခဲ့ရတဲ့နေ့လေးပေါ့။ ရပ်ဝေးမြေမှာ မိသားစုဆွေမျိုးသားချင်းမပါဘဲ
သူဘွဲ့နှင်းသဘင်တက်ခဲ့ရတယ်။ ဒါပေမယ့် သူ့နံဘေးမှာ ချစ်သူတစ်ယောက်တော့ ရှိနေခဲ့တယ်။
တကယ်ဆို အဲဒီအချိန်က သူတို့နှစ်ယောက်လုံး ငွေရေးကြေးရေး ကြပ်တည်းနေကြတယ်။ ကျောင်းပြီးကာစ
အာရှတိုက်သားကျောင်းသားတွေဟာ ယူကေနိုင်ငံမှာ တရားဝင်အချိန်ပြည့်အလုပ်လုပ်ခွင့်ပါမစ်ရဖို့
ခက်ခဲချိန်၊ အချိန်ပိုင်းအလုပ်ကရတဲ့ဝင်ငွေနဲ့ နေစရိတ်၊ စားစရိတ်ကို အတော်ခြိုးခြံချွေတာပြီး
ရုန်းကန်နေရချိန်မှာ ဘွဲ့နှင်းသဘင်တက်ရောက်ဖို့ အကြောင်းကြားစာလာတော့ တက်သင့်မတက်သင့်
အတော်စဉ်းစားခဲ့ရတယ်။
ဘယ်အရာမဆို အပိုမကုန်ချင်တဲ့သူဟာ ချစ်သူရဲ့အတင်းတိုက်တွန်းမှုကြောင့်
လူကိုယ်တိုင်တက်ရောက်မယ့်အကြောင်း ပြန်စာပို့လိုက်တယ်။ ဘွဲ့နှင်းသဘင်မှာဝတ်ဆင်ဖို့
တစ်စုံတည်းရှိတဲ့ မြန်မာဝတ်စုံကို ၀တ်ကြည့်ချိန်မှာ စိတ်ညစ်သွားခဲ့ရတယ်။ တိုးလာတဲ့သူ့ကိုယ်အလေးချိန်ကြောင့်
ရှေ့ခွဲအင်္ကျီကြယ်သီး ဘယ်လိုမှစေ့အောင် တပ်လို့မရတော့ဘူး။ ထမီကွင်းလည်း ရှိရင်းစွဲထက်
ပိုကျဉ်းသွားသလို ခံစားရတယ်။ ပိုက်ဆံအကုန်အကျမများချင်ပါဘူးဆိုမှ ၀တ်ဖို့ရည်ရွယ်ထားတဲ့တစ်စုံက
ဝတ်မရဖြစ်နေလို့ အတော်လေး စိတ်ပျက်သွားခဲ့တယ်။
နောက်တော့ ကျောင်းအီးမေးလ်ကပို့လာတဲ့ dress
code မှာ ကော်လံနှင့်ကြယ်သီးပါတဲ့ အင်္ကျီဖြစ်ရမယ်ဆိုလို့ ရှိတဲ့အင်္ကျီတွေထဲ မွှေနှောက်ရှာကြည့်ရပြန်တယ်။
ကံကောင်းစွာနှင့် ကော်လံနှင့်ကြယ်သီးပါတဲ့ အကျီဖြူတစ်ထည်တွေ့တယ်၊ လက်တော့မရှည်ဘူး။
အဲဒါလေးကိုပဲ ရှိပြီးသား စတိုင်လ်ဘောင်းဘီအနက်ရောင်နှင့်တွဲဝတ်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။
Clarks မှာ discount ချတုန်းက ၀ယ်ထားတဲ့ ခွာသိပ်မမြင့်တဲ့ လေဒီရှူးဖိနပ်အသည်းကွဲရောင်လှလှလေး
ရှိတယ်။ အဲဒါဆို သူ့အတွက် ဘွဲ့တက်ယူဖို့ လုံလောက်အဆင်ပြေသွားပြီပေါ့။
အ၀တ်အစားကိစ္စပြီးတော့
သွားလာရေးကို စဉ်းစားရတယ်။ သူနေတဲ့မြို့က ဘွဲ့ယူမယ့်မြို့နှင့် အလှမ်းဝေးတယ်။ လက်မှတ်ဝယ်ပြီး
ရထားနှင့်သွားရမလား၊ အဝေးပြေးကားနှင့်သွားရမလား မဆုံးဖြတ်နိုင်သေးဘူး။ ဘွဲ့ယူခါနီးရောက်လေ၊
ပိုက်ဆံပြတ်ခါနီးလေ ဖြစ်လာတယ်။ မြန်မာပြည်ကိုလည်း ပိုက်ဆံလှမ်းမတောင်းချင်ဘူး။ ဒီဘွဲ့တစ်ခုရဖို့အတွက်
အမေတို့ခမျာ မြို့ထဲကတိုက်ခန်းကိုရောင်းပြီး သွားရေးလာရေးခက်ခဲတဲ့ မြို့သစ်မှာ အနစ်နာခံသွားနေပေးရကတည်းက
အိမ်ကိုတစ်ခါမှ ပြန်မတောင်းတော့တာ။ အင်္ဂလန်ကနေ ဝေလနယ်ထိ ရထားလက်မှတ်ဈေးက မသေးဘူး။ ဈေးသက်သာတဲ့အဝေးပြေးကားကျတော့
အဖော်လိုက်ပေးမယ့်ချစ်သူက ခေါင်းမူးတတ်လို့ အကြာမစီးနိုင်ဘူးဆိုတော့ ခက်သားလား။ ကားနှင့်သွားရတာချင်းအတူတူ
ခရီးစရိတ်အပိုကုန်စရာမလိုတဲ့ သူ့ရဲ့ပေါင်ကိုးရာတန် တစ်ပတ်ရစ်ဖို့ဒ်ကားလေးနဲ့ပဲ သွားကြရအောင်လို့
ချစ်သူကအဆိုပြုလာမှ နှစ်ယောက်သား အဆင်ပြေသွားတော့တယ်။ လမ်းမှာဆာရင်စားဖို့ ချွေတာရေးထမင်းနှင့်
လက်ဖက်သုတ်ကို ဘူးနှင့် ထည့်ယူသွားဖို့ သူက စီစဉ်လိုက်တယ်။ အဲဒီလိုနှင့် မြူခိုးဝေတဲ့ ဆောင်းဦးတစ်မနက်မှာ
ဘွဲ့နှင်းသဘင်ကျင်းပရာ Cardiff မြို့ကို ထွက်ခွာခဲ့ကြတယ်။ ဘေးကထိုင်ပြီး လမ်းညွှန်ပေးတဲ့
သူ့အမှားကြောင့် မြို့တစ်မြို့ကို လမ်းမှားပြီးဝင်သွားသေးတယ်။
ပွဲမစမီ
အနည်းဆုံး ၂နာရီကြိုစောပြီးရောက်အောင်လာပါလို့ ညွှန်ကြားထားလို့ နောက်အကျဆုံး မနက်၁၁နာရီရောက်အောင်
သွားရတယ်။ ကံကောင်းစွာနှင့် အချိန်မီရောက်သွားခဲ့တယ် ဆိုပါတော့။ ဘွဲ့ဝတ်စုံသွားယူပြီးဝတ်၊
ကိုယ်နှင့်တော်တဲ့ ဦးထုပ်ရွေးပြီးတာနှင့် ဓာတ်ပုံရိုက်ဖို့ သွားတန်းစီရတယ်။ အပျော်တမ်း
ဒစ်ဂျစ်တယ်လ်ကင်မရာလေးတွေ ခေတ်စားကာစ အဲဒီအချိန်မှာ ဘွဲ့ဓာတ်ပုံရိုက်ပေးတဲ့ ပရော်ဖက်ရှင်နယ်ကင်မရာကြီးတွေက
ဒစ်ဂျစ်တယ်လ်နှင့် ဖြစ်နေတာမြင်တော့ နှစ်ယောက်လုံး အံ့သြပြီး ကင်မရာကြီးကို ငေးခဲ့ရသေးတယ်။
ဓာတ်ပုံဆရာက ကိုယ်ပြုံးတဲ့ပုံ သိပ်အားမရလို့ ထပ်ခါထပ်ခါပြန်ရိုက်တယ်။ စဉ်းစားကြည့်လေ…
ဘွဲ့ယူချိန်မှာ မိသားစုဝင်တွေလည်းမရှိ၊ စရိတ်သက်သာအောင် ရှိတဲ့အင်္ကျီလေးဝတ်၊ ချွေတာရအောင်
နေ့လယ်စာကို လက်ဖက်သုပ်နှင့်ထမင်းစားပြီး ဓာတ်ပုံအရိုက်ခံရတဲ့သူဟာ ဟက်ဟက်ပက်ပက်၊ လွယ်လွယ်ကူကူ
ဘယ်ပြုံးနိုင်ပါ့မလဲ။ အကောင်းဆုံးပုံ ၃ပုံကူးပေးထားတဲ့ ကျောင်းတံဆိပ်နှင့် စီဒီခွေလက်ထဲရောက်လာမှသာ
သူ့ကိုအတင်းပြုံးခိုင်းပြီး စိတ်ကြိုက်မရမချင်း ဓာတ်ပုံရိုက်ပေးခဲ့တဲ့ ဓာတ်ပုံဆရာကို
ကျေးဇူးတွေ သိပ်တင်နေမိတော့တာ။
ဘွဲ့နှင်းသဘင်
အခမ်းအနားက အောင်အောင်မြင်မြင်နှင့်ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဘွဲ့ဝတ်စုံကိုတော့ ခေတ္တခဏငှားယူထားတာဖြစ်လို့
ပြန်အပ်ခဲ့တယ်။ ချစ်သူက အမှတ်တရ သိမ်းထားဖို့ဝယ်ဦးမလားမေးတော့ သူက ဟင့်အင်းလို့ တစ်ခါတည်း
ငြင်းလိုက်တယ်။ ဒါပေမယ့် သူ့နာမည်အပါအ၀င် ၂၀၀၃ခုနှစ်မှာ ဘွဲ့ရတဲ့ကျောင်းသားစာရင်းကို
နောက်ကျောမှာ ရိုက်နှိပ်ထားတဲ့ Jumper ခေါင်းစွပ်အင်္ကျီထူထူနွေးနွေးတစ်ထည်တော့ အမှတ်တရ ၀ယ်ခဲ့လိုက်တယ်။
ဘွဲ့နှင်းသဘင် တက်ရောက်လာတဲ့ ဧည့်သည်တွေကို တည့်ခင်းကျွေးမွေးတဲ့ လက်ဖက်ရည်နှင့်မုန့်
သုံးဆောင်အပြီးမှာ သူတို့နေထိုင်ရာမြို့လေးကို ပြန်လာခဲ့ကြတယ်။ ဘွဲ့ယူလာကြသူမိန်းကလေးများနှင့်
မိသားစုဝင်အမျိုးသမီးတွေဟာ အထိုက်အလျောက် ၀တ်စားဆင်ယင်ပြီး၊ မျက်နှာကို ကြည့်ကောင်းရုံ အတန်အသင့်သာ
ခြယ်သပြင်ဆင်ထားတာ သူသတိပြုမိခဲ့တယ်။ မြန်မာပြည်က ဘွဲ့နှင်းသဘင်တက်ရောက်သူတွေနှင့်
အနောက်နိုင်ငံက ဘွဲ့နှင်းသဘင်တက်ရောက်ပုံ အကွာကြီးကွာပုံကိုလည်း သူမြင်ခဲ့ရတယ်။
မျက်နှာပေါ်မှာနေဗီယာလေးလူး၊
ခရင်ပတ်ခ်လေးရိုက်၊ အရောင်မထွက်တဲ့နှုတ်ခမ်းအဆီလေးဆိုး၊ ပန်းမပန် ဆံထုံးမထုံး၊ ရှိတဲ့အ၀တ်အစားလေးဝတ်ပြီး
လက်ဝတ်လက်စား ပကာသနတစ်ခုမှမပါဘဲ ကုန်ကျစရိတ် မရှိသလောက်နီးပါး ဘွဲ့ယူခဲ့တဲ့သူ့ကို မြန်မာနိုင်ငံက ဘွဲ့နှင်းသဘင်မှာ ငွေသိန်းချီအကုန်အကျခံပြီး
အကယ်ဒမီပေးပွဲတက်ရောက်သည့်အလား ပြင်ဆင်ခြယ်သလို့ ဘွဲ့တက်ယူခဲ့သူေ တွ မြင်ကြရင်ဖြင့် တအံ့တသြဖြစ်နေမှာ
သိပ်ကိုသေချာပါတယ်။
ဘယ်သူတွေ
ဘယ်လိုဝေဖန်ဝေဖန်၊ ဓာတ်ပုံထဲက မိန်းကလေးက ကျေကျေနပ်နပ် ပြုံးနေဆဲပါပဲ။
ဇွန်မိုးစက်
15-2-2015
11:00
PM
ပြောစရာ စကားတွေအများကြီး ဖြစ်စေတဲ့ ပို့စ်လေး တပုဒ်ပဲ
သူငယ်ချင်းတယောက်ကတော့ ဘွဲ့ယူအခန်းအနားအတွက် ဖလင်လိပ် ဆယ်လိပ်လောက် ရိုက်နေခဲ့တာကို တအံ့တသြ ဖြစ်နေခဲ့ဖူးတဲ့ အချိန်ကိုသွားသတိရမိတယ်...
အမနဲ့ကျွန်တော်ဘဝတူတွေပဲ..
ပထမဆုံးဘွဲ့တစ်ခုပဲယူခဲ့ရတယ်။ချို့ချို့တဲ့တဲ့နဲ့ပေါ့။အဲ့တုန်းက ဘွဲ့ဓာတ်ပုံထဲကအပြုံးကလဲ ပူပင်မှုတွေနဲ့.. နောက်ထပ်ဘွဲ့လွန်တွေရတော့ မယူတော့ဘူး။ပြောချင်နေတဲ့စကားတွေ အကုန်အမစာထဲမှာဖတ်ရလို့ကျေနပ်တယ်။
ခင်မင်လျက်
Ahthu
ဒီပို့စ်လေးကိုဖတ်ရင်း အတွေးတစ်ခုဝင်လာတယ် တီတင့်ကကံကောင်းလို့ ဘွဲ့ဝတ်စုံဝတ်ခွင့်ရတာလို့ :P
တီတင့်ဘွဲ့ယူတဲ့နေ့က ခန်းမမှာ ဓာတ်ပုံ ၂ပုံပဲ ရိုက်ဖြစ်တယ် ယုံလားဟင်? ပို့စ်လေးဖတ်ရတာ ချစ်စရာ။
မျက်နှာလေးက ကြည်လင်အေးချမ်းလိုက်တာ။
ချစ်ဖို.အရမ်းကောင်းတဲ့ မျက်နှာလေးပဲ။
အခုမှမြင်ဘူးတယ်။
အမကတော့ ယူကေမှာ ဘွဲ့မယူခဲ့ရဘူး။ မြန်မာပြည်မှာ ယူခဲ့တဲ့ ဘွဲ့ ၂ ခုလုံးမှာတော့ ဘယ်မိတ်ကပ်ဆရာနဲ့မှ မပြင် လက်ဝတ်လက်စားလဲ မဝတ်ဘဲ ခပ်ရိုးရိုးသာ တက်ခဲ့ပါတယ် ညီမဇွန် ... ။
ညီမလေးရဲ့ ဘဲ့ဝတ်စုံနဲ့ အပြုံးလေးက အေးချမ်းတယ်။ ချစ်သူနဲ့ ဆိုတော့ တကယ့်အမှတ်တရ ပဲပေါ့။
Knowledge obtained is the main...
Costume and make-up are the fringe...
Hands down to the photographer for being able to capture the moment (youthful moment)...
Cheers!!!
-m
သူ့ အရပ်နဲ့ သူဇာတ်ပါဗျာ အခြေအနေနဲ့  အချိန် အခါ ကလည်း စကားပြောပါတယ် တကယ်ဆို မိဘတွေ လာဖို့  ဖိတ်သင့် ဒီအချိန်လေး ပဲ ဗီဇာ အလွယ်တကူရနိုင်တာ ချစ်သူနဲ့ အိုအောင်မင်းအောင်ပေါင်းရပါစေ
ဇွန့်ချစ်သူကို ရောပြီး လွမ်းသွားတယ်။ ဓါတ်ပုံထဲမှာ ဇွန်သိပ်ချစ်စရာကောင်းတာပဲ။
မမွန်