သို့... မောင်

Category:

ရှစ်နှစ်ဆိုတဲ့ အချိန်ကာလဟာ ဘာမှမကြာလိုက်သလိုပါပဲ မောင်။ ပြန်လှည့်ကြည့်ခိုက်မှာသာ အချိန်တွေ အကုန်မြန်တယ် ထင်ရပေမယ့် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေက အများသားလား။

အမေ့ကျန်းမာရေးအခြေအနေကြောင့် ကျွန်မ ရန်ကုန်ပြန်ရောက်နေတာ ၁နှစ်တောင် ရှိသွားပြီ မောင်။ အိမ်အလုပ်တစ်ဖက်နဲ့ အမေ့ကိုပြုစုလာလိုက်တာ မြင်ရသူတိုင်း အရမ်းပိန်သွားတယ်လို့ မှတ်ချက်ချရလောက်အောင် ကျွန်မကိုယ်အလေးချိန်တွေကျသွားလို့ ဟိုတုန်းက ကျွန်မကို ၀ိတ်ကျစေချင်တဲ့ မောင်မြင်ရင် အံ့သြ၀မ်းသာနေမလားဘဲ။

စကားမစပ် ရန်ကုန်မြို့က အများကြီးပြောင်းလဲသွားပြီ မောင်။ ဆောက်လက်စ အထပ်မြင့်စီမံကိန်းတွေရယ်၊ ကားတွေကြပ်သိပ်နေတဲ့ လမ်းမတွေရယ်၊ စကတ်တို၊ ဘောင်းဘီတိုအ၀တ်များလာကြတဲ့ မိန်းကလေးတွေရယ်၊ ကြည့်လေရာရာ မှိုလိုပေါက်နေတဲ့ ဘီယာအရက်ဆိုင်တွေကြားမှာ ရန်ကုန်ဟာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပူလောင်နေပြီး၊ နေရာတကာ ရှောင်မလွတ်နိုင်အောင် တွေ့ရတဲ့ နီရဲရဲကွမ်းတံတွေးတွေကြောင့် ထပ်ဆင့်အရုပ်ဆိုးအကျည်းတန်နေရှာတယ် မောင်ရယ်။ ဘာတွေပဲဖြစ်နေနေပါ ရန်ကုန်မှာမွေးပြီး ရန်ကုန်မှာကြီးပြင်းခဲ့တဲ့ကျွန်မ ရန်ကုန်မြို့ကြီးကို ချစ်နေ၊ သံယောဇဉ်ကြီးနေဆဲပါ မောင်။

ရာသီဥတုတွေ ပူနွေးဖောက်ပြန်နေတဲ့ ဟောဒီကမ္ဘာကြီးပေါ်မှာ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကလည်း သိပ်ကြောက်စရာကောင်းတယ် မောင်။ လူအချင်းချင်းပေါ်ထားတဲ့ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုဟာ သိပ်ကိုစက်ဆုပ်ရွံ့ရှာစရာကောင်းတာ မောင်တွေ့ရင် တောက်တစ်ခေါက်ခေါက် ဖြစ်နေမလားဘဲ။ ကျွန်မလည်း ဒေါသတွေဖြစ်နေရင်းနဲ့က သူတို့လုပ်ရပ်တွေဟာ အ၀ီစိငရဲကို စောက်ထိုးဆင်းနေတာ မသိဘဲ အကုသိုလ်တွေ ပြုနေလိုက်ကြတာလို့ တွေးမိသွားတော့ သနားသွားတယ်၊ သံဝေဂလည်းရမိတယ် မောင်။ ရခဲလှတဲ့လူ့ဘ၀မှာ ကုသိုလ်၊ အကုသိုလ်မသိဘဲ လူဖြစ်ရတာလောက် ရှုံးတာမရှိတော့ဘူး မဟုတ်လား။ ရွှေပြည်တော် မျှော်တိုင်းဝေး ဆိုပေမယ့် ရတနာသုံးပါးတည်ရာမြေမှာ မွေးဖွားပြီး စစ်မှန်တဲ့ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်ခွင့်ရတာတစ်ခုတည်းနှင့်တင် ကျွန်မ သိပ်ကံကောင်းနေပါပြီ မောင်။

ဒါနဲ့လေ… ၂၀၁၄ ဇွန်လကစပြီး ကျွန်မရေးဖြစ်တဲ့ စာနဲ့ဆောင်းပါးတွေ သတင်းစာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းတချို့မှာ ဖော်ပြခံရတယ် သိလား။ ဆရာဝန်နဲ့စာရေးဆရာဆိုရင် လက်မထပ်ဘူးလို့ ပြောခဲ့တဲ့မောင့်ကို ကျွန်မသာ စာရေးဆရာလုပ်မယ်လို့ အရင်ကတည်းက ကြွေးကြော်မိခဲ့ရင် မောင်နဲ့ဟိုးအစောကြီးကတည်းက လမ်းခွဲခဲ့ရမယ် ထင်တယ်နော်။ အဲလိုဖြစ်ခဲ့ရင်တောင် ကျွန်မ နောင်တရမိမယ် မထင်ပါဘူးလေ။ ကျွန်မ ခေါင်းမာတတ်တာ မောင်အသိဆုံးပါ။

သြော်… မောင်ရေ ကိုဝင်းကြီးတောင် ကလေးနှစ်ယောက်အဖေ ဖြစ်သွားပြီ။ သူ့ဇနီးက ကျွန်မကို သိပ်ခင်တာ မောင်ရဲ့။ အမေ့သတင်း ဒီနေ့ညကြားတယ်ဆိုရင်ပဲ နောက်နေ့မနက် အိမ်ကို တစ်မိသားစုလုံး ရောက်လာကြတာ။ သူ့သားလေးနှစ်ယောက်က သိပ်ဆော့လို့ အမေဖြစ်သူက တစ်ချိန်လုံး လိုက်ဆွဲနေရတာကိုကြည့်ပြီး ကျွန်မမှာ မောလိုက်ရတာ။  ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ စည်ကားဆူညံနေတဲ့ မိသားစုလေးကို ကြည့်ရတာ ပျော်စရာသိပ်ကောင်းတယ် မောင်။

စိတ်မကောင်းစရာသတင်းတစ်ခုလည်း မောင့်ကိုပြောပြချင်တယ်။ မောင်နဲ့သူငယ်တန်းကတည်းက ခင်ခဲ့တဲ့ မောင့်အချစ်ဆုံးသူငယ်ချင်းရဲ့နာရေးကို မနှစ်က သတင်းစာထဲမှာ တွေ့လိုက်တယ်။ သူဆုံးခဲ့တာ သင်္ကန်းကျွန်းစံပြဆေးရုံမှာဆိုတော့ ရောဂါဝေဒနာတစ်ခုခုကြောင့် ဆုံးပါးသွားတာဖြစ်မယ်လို့ ကျွန်မကောက်ချက်ချမိတယ် မောင်။ သူ့အမျိုးသမီး ကလေး၃ယောက်နဲ့ကျန်ခဲ့တာကိုတွေးပြီး စိတ်ပူမိသေးတယ်။ ၃၅နှစ်ဆိုတဲ့ အရွယ်ဟာ လူ့လောကထဲက ထွက်ခွာဖို့ စောပါသေးတယ်လေ။ အဲလိုတွေးမိတော့ သူ့ထက် ၇နှစ်စောပြီး ထွက်ခွာသွားတဲ့ မောင်ဟာ သိပ်ကို စောလွန်းတာပေါ့ကွယ်။

မောင် ကျွန်မဘေးမှာ မရှိတော့တဲ့ အချိန်ကစပြီး ခုချိန်ထိ ကျွန်မတစ်ယောက်တည်း ဖြတ်သန်းခဲ့တာ ဆယ်စုနှစ်နီးပါးတောင် ရှိတော့မယ်နော်။ တစ်ယောက်တည်းဘ၀မှာ ကျွန်မ ကျင့်သားရရုံတင်မက ပျော်လို့တောင်နေတယ် မောင်ရဲ့။ တခါတလေတော့လည်း လောကဓံလှိုင်းပုတ်ဒဏ်အောက်မှာ ကျွန်မ အားငယ်မိတာ ၀န်ခံပါတယ်။ ဒါပေမယ့် အဲဒါတွေကို ကျွန်မ အားတင်းပြီး ကျော်ဖြတ်နိုင်ခဲ့တယ် မောင်။ မောင် မနာလိုဖြစ်အောင် ပြောရမယ်ဆိုရင်လေ ပြီးခဲ့တဲ့ နှစ်ကာလတွေမှာ ကျွန်မကို ချစ်ခွင့်၊ လက်ထပ်ခွင့် တောင်းခဲ့သူတွေ တစ်ယောက်မက ရှိခဲ့တယ် မောင်။ ကျွန်မကို တစ်ယောက်တည်း အထီးကျန်နေမှာစိုးလို့ ကောင်းနိုးရာရာ ယောကျာ်းတွေနဲ့ မိတ်ဆက်ပေးတဲ့ သူငယ်ချင်းတွေလည်း ရှိခဲ့တယ်။ ဦးနှောက်နှင့်စဉ်းစားရင် သင့်တော်တဲ့သူတွေဖြစ်ပေမယ့် ကျွန်မနှလုံးသားက လက်မခံနိုင်တော့ ငြင်းပယ်လိုက်ရတာပေါ့လေ။ အင်း… ကျွန်မနှင့် ချစ်သူဖြစ်ခွင့်မရသူတွေဟာ သိပ်မကြာခင်နှစ်တွေမှာပဲ တခြားသူတွေနှင့် လက်ထပ်သွားတာကို မြင်ရတော့ မောင်တို့ယောကျာ်းတွေဟာ တစ်ကိုယ်တည်းမနေနိုင်ကြတဲ့အမျိုးပါလားလို့တွေးပြီး ပြုံးမိသေးတယ်။

ကုန်လွန်ခဲ့တဲ့နှစ်တွေမှာ ကျွန်မအတွက် ထူးခြားဖြစ်စဉ်တွေ သိပ်မရှိခဲ့ပါဘူး မောင်။ ကျွန်မ ငယ်ငယ်ကတည်းက သိပ်ရောက်ဖူးချင်တဲ့ အီတလီနိုင်ငံက ဗင်းနစ်မြို့ကို လွန်ခဲ့တဲ့ ၂နှစ်လောက်က မမျှော်လင့်ဘဲ ရောက်သွားခဲ့တာလေးက လွဲရင်ပေါ့။ နောက်တစ်ခုပြောရမယ်ဆိုရင် ကျွန်မကံကြမ္မာကို တနည်းတဖုံ ပြောင်းလဲစေခဲ့တဲ့ အမေ့ကျန်းမာရေးပေါ့။ အမေ့အတွက် အနစ်နာခံစွန့်လွှတ်ခဲ့ရတာတွေရှိပေမယ့် သမီးကြီးတစ်ယောက်အနေနဲ့ အတတ်နိုင်ဆုံး၊ အကောင်းဆုံး မိသားစုအပေါ်မှာ တာဝန်ကျေခဲ့လို့ ကိုယ့်ကိုယ်ကို ကျေနပ်တယ်လို့ပဲ ကျွန်မပြောပါရစေ မောင်။

ကျွန်မ မြန်မာပြည်မှာရှိနေခိုက် ကျမ်းပြုအကျော် အရှင်ဇနကာဘိဝံသရဲ့ တစ်ဘ၀ သံသရာစာအုပ်ကို ဖတ်ခွင့်ရလိုက်လို့ ကျွန်မ သိပ်ဝမ်းသာမိတယ်။ ဆရာတော်ဘုရားက သိပ်ကြည်ညိုစရာကောင်းလွန်းလို့ ဆရာတော်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖူးခွင့်မရလိုက်တာကိုတွေးပြီး ၀မ်းနည်းရသေးတယ်။ ကျွန်မ တတ်နိုင်တဲ့တစ်နေ့မှာ တောင်မြို့အမရပူရက မဟာဂန္ဓာရုံကျောင်းတိုက်မှာ နှစ်ထပ်ဆွမ်းသွားကပ်ဖို့ ရည်စူးထားတယ် မောင်။ ပရိယတ်၊ ပဋိပတ် တစ်ခုခုမှာ ထူးချွန်ပေါက်မြောက်မယ့် သာသနာ့အာဇာနည်အလျောင်းအလျာ ရဟန်းတစ်ပါးကို မွေးစားထောက်ပံ့ပြီး ရဟန်းအမအဖြစ်လည်း ခံယူချင်သေးတယ်။ မောင်မရှိတော့တဲ့နောက်ပိုင်းမှာ ကောင်းမှုကုသိုလ်တွေ ဆထက်တိုးပြီး ပြုလုပ်ဖြစ်ခဲ့လို့ မောင်မရှိခြင်းအကြောင်းက ကျွန်မရှိခြင်းအကျိုးကို အထောက်အပံ့ဖြစ်စေပါလားလို့ ပဌာန်းတရားတော်ထဲက အတ္တိပစ္စယောနှင့် နတ္တိပစ္စယောရဲ့ အဓိပ္ပာယ်နှင့်ယှဉ်ပြီး ဆင်ခြင်မိတယ် မောင်။

မောင်ဆုံးသွားတာနှင့် ပတ်သက်ပြီး မောင့်သူငယ်ချင်းက ကျွန်မကို ပြောဖူးတယ်။ မောင် ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားလို့ မောင့်ကိုနှမြောတာထက် မောင့်ရဲ့ထက်မြက်ထူးချွန်တဲ့ဦးနှောက်ကို သိပ်နှမြောတာပဲတဲ့။ ကျွန်မကတော့ အသက်ရှင်ခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ခဲ့ပါရက်နဲ့ အဘိဓမ္မာတရားတော်အကြောင်း သိသွားခွင့်မရတဲ့ မောင့်ကို သိပ်နှမြောမိတာ။ ဒါပေမယ့် မောင်က ဒါနအားကောင်းသူတစ်ယောက်ဖြစ်ခဲ့လို့ ကျွန်မ ဖြေသာပါတယ်လေ။ ဒါနဆိုလို့ မောင်ရေ… ၂၀၀၈ခုနှစ်ကစလို့ ကျွန်မ ပြုခဲ့သမျှ ကောင်းမှုဒါနအစုစုကို စာအုပ်လေးထဲမှာရေးပြီး မှတ်သားတဲ့ အကျင့်လုပ်ထားတယ်။ ကျွန်မ စင်ကာပူမှာ အချိန်ပြည့်အလုပ်လုပ်ခဲ့တဲ့ ၆နှစ်တာကာလအတွင်း ရခဲ့တဲ့လစာထဲက မိသားစုကို တစ်ဖက်တစ်လမ်း ထောက်ပံ့ရင်း မြန်မာပြည်အတွက် လိုအပ်တဲ့နေရာစုံမှာ ဒါနပြုလှူဒါန်းခဲ့တာ စုစုပေါင်းဒေါ်လာ ၇,၀၀၀ ကျော်တောင် ရှိခဲ့တယ် မောင်။ ကျွန်မကောင်းမှုတစ်ခုပြုပြီးတိုင်းလည်း မောင့်ကို မမေ့မလျော့ အမျှဝေခဲ့ပါတယ်။

မနှစ်က မောင်ကွယ်လွန်တဲ့ ၇နှစ်မြောက်အဖြစ် အိမ်နားက ဘုန်းကြီးကျောင်းမှာ အရုဏ်ဆွမ်းသွားကပ်ခဲ့တယ်။ ဒီနှစ်တော့ အဖေက ခရီးထွက်သွားတာနဲ့ အိမ်မှာ အမေ့ကိုစောင့်ပေးမယ်လူမရှိလို့ ဘုန်းကြီးကျောင်းမှာ ကျွန်မ သီးခြားဆွမ်းသွားမကပ်ဖြစ်တော့ဘူး။ ဒါပေမယ့် ကျွန်မ ပြုခဲ့သမျှဒါနအစုစုအတွက် အမျှပေးဝေဦးမှာဖြစ်လို့ ရောက်ရာအရပ်က မောင် သာဓုခေါ်ပါနော်။

ကောင်းဆိုးနှစ်တန် လောကဓံကြားမှာ ကြံ့ကြံ့ခံပြီး ရပ်တည်နိုင်တဲ့ လူတော်တစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ ကျွန်မကို စိတ်မပူပါနှင့်လို့ နောက်ဆုံးအနေနဲ့ မှာချင်ပါတယ် မောင်။

13/03/2015
12:15AM

Comments ( 12 )

အမရယ်....း(

ဖတ်ပြီးစိတ်မကောင်းလိုက်တာ ။ အမရဲ့ မောင် ဆီးရီးကိုအရမ်းသဘောကျတာ. ခဏခဏပြန်ဖတ်ဖြစ်တယ်..။ အမချစ်သူလည်းမြင့်မြတ်တဲ့ဘုံမှာ....အေးချမ်းသာယာနေမှာပါ ။ ဒီထက်ပိုမပိန်စေနဲ့တော့နော်...။ မိသားစုအပေါ်မှာ တာဝန်ကျေသလို ကိုယ့်ကိုကိုယ်လည်းဂရုစိုက်ပါလို့..။

i believe he will be getting the deeds done for him while watching over you from the above...
take care...
-m

So sorry for your beloved Maung!

ပိန်တယ်လို့ ပြောတဲ့ အထဲမှာ ရီနိုလည်း ပါတယ်။
ဘာပဲဖြစ်ဖြစ် အစ်မ ကံကောင်းမှာပါ။

ရီနို

ကျေးဇူးပါ ညီမဆုမြတ်ရေ။ လူပိန်သွားပေမယ့် ကျန်းမာအောင်တော့ အစ်မ အတတ်နိုင်ဆုံး ဂရုစိုက်နေပါတယ်။ ဖိုးသူတော်အတွက် တောင်ဝှေးလဲလို့ မဖြစ်ဘူး ဆိုတော့လေ။

Yes, I am sure he is getting the good deeds I have done along the way. Thanks for your comment and visit my blog so far.

Thank you, anonymous. I've moved on since long time ago.

ကံကို သိပ်မယုံဝံ့ပေမယ့် ကံကောင်းခြင်းလက်ဆောင်ကိုတော့ မျှော်လင့်ချင်သေးတယ် ရီနိုရယ်။

I am sorry for your loss Ma.
- Adora

အမ
ပစ်အခုမှ လာဖတ်ဖြစ်တယ်..
facebook မှာတင်ထားတာတွေပေမဲ့ သေချာမဖတ်ဖြစ်ခဲ့ဘူး
ပစ်လည်းကျန်းမာရေးအခြေအနေကြောင့် ဆေးရုံရောက်နေတာလည်းပါတာပေါ့ ။

၈နှစ်တောင်ရှိသွားပီလား အမရယ်...
သွားတဲ့သူက ဘာမှမသိတော့ပေမဲ့
ကျန်ခဲ့တဲ့သူက တော့ တနင့်တပိုးခံစားနေရဆဲဆိုတာ
လက်ခံပါတယ်အမ။
အမနဲ့တွေ့ခဲ့စဉ်အချိန်အခါတုန်းက
မျက်မှန်ဖန်သားတွေအောက်က
အမမျက်ဝန်းတွေ အေးချမ်းလွန်းတယ်
ထင်မိတယ်..
အမ ဘဝထာဝရအေးချမ်းပါစေနော်...
ပစ်ရင်ထဲကနေ ဆုတောင်းတယ်သိလား...

Thank you, sis Adora.

ပစ်ရေ... ကျန်းမာရေးဂရုစိုက်ပါနော်။ ပစ်လေးရဲ့ ရင်ထဲကဆုတောင်းအတွက်လည်း မဇွန်က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။း)

အရင်က ကိုညီ့ဘလော့က ကော့မန့်မှာနာမည်ရင်းနှီးနေပေမယ့် မရင်းနှ်ီးဘူး အပြင်မှာဆုံပြီးမှပဲစာတွေလာဖတ်ဖြစ်တော့မယ် အစ်မရေ

စစချင်းဖတ်မိတဲ့စာကတော့စိတ်မကောင်းစရာနဲ့စမိပြီ အစ်မကိုတောင်မေးမိသေး အဲ့တာကဖြစ်ရပ်မှန်လားဆိုပြီးတော့လေ။

အချစ်ကိုတန်ဖိုးထားသူအမျိုးသမီးတစ်ဦးဟာ အပြင်မှာလည်းလှပြီးကျက်သရေရှိနေတာတော့အမှန်ပဲ တည်ငြိမ်တဲ့အလှပေါ့ဗျာာာ

ခုမှ ရောက်ဖြစ်တယ်။ အစအဆုံးကို နောက်တစ်ခေါက်သေချာပြန်ဖတ်မယ်။

ဖဘမှာလည်းဖတ်ဖြစ်တယ်။
ဘလော့မှာလည်းထပ်ဖတ်သွားတယ် မဇွန်။
ဖတ်တဲ့အကြိမ်တိုင်းလည်း မျက်ရည်ဝဲတယ်။ :(

ဇွန်လေးရေ... ဘလော့ဘက်ကိုမလှည့်ဖြစ်တဲ့ အချိန်ကာလတွေမှာ ဘလော့ဂါတွေရဲ့ ပို့စ်ကောင်းလေးတွေ အတော်များများ အခုမှပြန်ဖတ်ရတော့တယ်။ ဒီပို့စ်လေးကို ဖတ်ရတာ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ သက်ရှိသက်မဲ့ အရာအားလုံးဟာ အနတ္တသဘောပဲလေနော်။