အချစ်နှစ်ထောင်ပေါင်းများစွာ

6

Category:

နှလုံးခုန်နှုန်းမြန်ဆန်နေ
အရောင်အသွေးများနဲ့ကတိက၀တ်တွေကြား
အရာရာကို ရင်ဆိုင်သတ္တိမွေးလို့
စိုးရွံ့စွာနဲ့ချစ်တတ်ဖို့ရာ ကြိုးစားနေတုန်း…
မင်းကိုကြည့်မိတဲ့ အခိုက်တန့်လေးမှာပဲ
သံသယအားလုံး ရုတ်တရက် ပျောက်ဆုံးသွားခဲ့

တစ်လှမ်းချင်း… နီးကပ်လာခဲ့ပြီ…

မင်းကိုစောင့်နေရင်းနဲ့ ကိုယ်ဟာ နေ့စဉ်နေ့တိုင်း သေဆုံးခဲ့
အချစ်ရေ… မကြောက်စမ်းနဲ့
ကိုယ်ဟာ မင်းကို ချစ်မိခဲ့တာ နှစ်ထောင်ပေါင်းများစွာ
မင်းကို ချစ်နေဦးမှာ အဆပေါင်း ထောင်သောင်းမကပါ

ပြီးပြည့်စုံသော သူမရဲ့အလှတရားများကြောင့်
အချိန်ကာလလည်း မရွေ့တော့ 
ကိုဟာ သတ္တိတွေရှိလာခဲ့ပြီ...
ကိုယ့်ရှေ့မှောက်မှာ ရပ်နေတဲ့အရာတစ်ခု
ဘယ်သူကမှ ယူသွားခွင့်မရစေဖို့ ...
နာရီစက္ကန့်တိုင်းဝင်သက်ထွက်သက်တိုင်းဟာ
ဒီအချိန်လေးအတွက် ရောက်လာခဲ့တယ်

တစ်လှမ်းချင်း… နီးကပ်လာခဲ့ပြီ...

မင်းကိုစောင့်နေရင်းနဲ့ ကိုယ်ဟာ နေ့စဉ်နေ့တိုင်း သေဆုံးခဲ့
အချစ်ရေ… မကြောက်စမ်းနဲ့
ကိုယ်ဟာ မင်းကို ချစ်မိခဲ့တာ နှစ်ထောင်ပေါင်းများစွာ
မင်းကို ချစ်နေဦးမှာ အဆပေါင်း ထောင်သောင်းမကပါ

မင်းကိုရှာတွေ့ဖို့ရာ
ဘ၀တစ်လျှောက်လုံး စွဲမြဲစွာနဲ့ ယုံကြည်ခဲ့တယ်
မင်းရဲ့နှလုံးသား ကိုယ့်ဆီအရောက်လာဖို့
အချိန်ကာလက ဆောင်ကြဉ်းပေးခဲ့တယ်
ကိုယ်ဟာ မင်းကို ချစ်မိခဲ့တာ နှစ်ထောင်ပေါင်းများစွာ
မင်းကို ချစ်နေဦးမှာ အဆပေါင်း ထောင်သောင်းမကပါ

တစ်လှမ်းချင်း… နီးကပ်လာခဲ့ပြီ...

တစ်လှမ်းချင်းပဲ… နီးကပ်လာခဲ့ပြီ...

မင်းကိုစောင့်နေရင်းနဲ့ ကိုယ်ဟာ နေ့စဉ်နေ့တိုင်း သေဆုံးခဲ့
အချစ်ရေ… မကြောက်စမ်းနဲ့
ကိုယ်ဟာ မင်းကို ချစ်မိခဲ့တာ နှစ်ထောင်ပေါင်းများစွာ
မင်းကို ချစ်နေဦးမှာ အဆပေါင်း ထောင်သောင်းမကပါ

မင်းကိုရှာတွေ့ဖို့ရာ
ဘ၀တစ်လျှောက်လုံး စွဲမြဲစွာနဲ့ ယုံကြည်ခဲ့တယ်
မင်းရဲ့နှလုံးသား ကိုယ့်ဆီအရောက်လာဖို့
အချိန်ကာလက ဆောင်ကြဉ်းပေးခဲ့တယ်
ကိုယ်ဟာ မင်းကို ချစ်မိခဲ့တာ နှစ်ထောင်ပေါင်းများစွာ
မင်းကို ချစ်နေဦးမှာ အဆပေါင်း ထောင်သောင်းမကပါ…။

တေးဆို - ခရစ္စတီးနားပယ်ရီ
တေးရေး - ဒေးဗစ်ဟာ့ဂျက်စ်၊ ခရစ္စတီးနားပယ်ရီ

--------------------------------------------------------------------------------------------------------------------------------------------------
Twilight Saga Breaking Dawn – Part I ထဲက ဇာတ်ဝင်သီချင်းလေးကို အရမ်းကြိုက်လို့ ဆီလျော်အောင် ကြိုးစားပြီး မြန်မာလို ပြန်ထားတာပါ။ အမှန်တော့ ဒီသီချင်းလေးကို ဇွန် သေသေချာချာနားထောင်မိတာ အပိုင်း ၂ ဇာတ်သိမ်းပြီး စာတန်းထိုးတဲ့အချိန်ကျမှပါ။ အပိုင်း ၁ မှာတော့ ခရစ္စတီးနားပယ်ရီတစ်ယောက်တည်း ဆိုသွားပေမယ့် အပိုင်း ၂ မှာ စာသားဖြည့်ထည့်ပြီး စတိဗ်ကာဇီနဲ့ နှစ်ယောက်တွဲဆိုထားပါတယ်။ နှစ်ပုဒ်လုံး ကောင်းပါတယ်။ သီချင်းလေးနဲ့ ခရစ္စတီးနားအသံနဲ့ အရမ်းလိုက်ဖက်မှု ရှိတယ်လို့ ခံစားရပါတယ်။ သူ့နေရာမှာ တစ်ခြားတစ်ယောက်ဆိုရင်တောင် အဲလောက်နားထောင်လို့ ကောင်းချင်မှ ကောင်းမှာလို့ ဇွန် တွေးမိပါတယ်။ မူရင်းအင်္ဂလိပ်သီချင်းစာသားရော၊ You Tube က ဗွီဒီယိုလင့်ခ်လေးပါ ထည့်ပေးထားပါတယ်။ ချစ်သူများနေ့အတွက် အမှတ်တရပေါ့။း)

Happy Valentine's Day to you all!


 A Thousand Years


Heart beats fast
Colors and promises
How to be brave
How can I love when I'm afraid to fall
But watching you stand alone
All of my doubt suddenly goes away somehow

One step closer

[Chorus:]
I have died everyday waiting for you
Darling don't be afraid I have loved you
For a thousand years
I'll love you for a thousand more

Time stands still
Beauty in all she is
I will be brave
I will not let anything take away
What's standing in front of me
Every breath
Every hour has come to this

One step closer

[Chorus:]
I have died everyday waiting for you
Darling don't be afraid I have loved you
For a thousand years
I'll love you for a thousand more

And all along I believed I would find you
Time has brought your heart to me
I have loved you for a thousand years
I'll love you for a thousand more

One step closer
One step closer

[Chorus:]
I have died everyday waiting for you
Darling don't be afraid I have loved you
For a thousand years
I'll love you for a thousand more

And all along I believed I would find you
Time has brought your heart to me
I have loved you for a thousand years
I'll love you for a thousand more

Lyrics by David Hodges, Christina Perri 

"A Thousand Years" 
(from 'The Twilight Saga: Breaking Dawn - Part 1' Soundtrack) 



ဇွန်မိုးစက်

သို့… ဖေဖေ

7

Category: ,

နေသာရဲ့လား ဖေဖေ…။

တလောက ဆေးစစ်ချက်အဖြေထွက်လာတာနဲ့ ပတ်သက်ပြီး ဖေဖေ စိတ်ဓာတ်များ ကျနေမလား။ မကျပါနဲ့ ဖေဖေ…. ခန္ဓာရှိတဲ့သတ္တ၀ါတိုင်း အိုနာသေကို မလွဲမသွေကြုံကြရတာပါ။ သမီးတို့ ထမင်းစားနေကျကင်တင်းမှာ ပန်းကန်တွေလိုက်သိမ်းပြီး စားပွဲတွေသန့်ရှင်းရေးလုပ်နေကြတဲ့ အဖိုးအို၊ အဖွားအိုတွေ တွေ့တိုင်း သမီးဆင်ခြင်မိတာက ငါလဲ သူတို့လို တစ်နေ့အိုရမယ်၊ နာရမယ်၊ သေရမယ် ဆိုတာကိုပါပဲ။

လူ့ဘ၀ဆိုတာ တိုတိုလေးပါ ဖေဖေ။ အဲဒီ့ထက်ပိုပြီးဖြည့်ပြောရရင် လူ့ဘ၀ဆိုတာ ဧည့်သည်လိုပါပဲတဲ့။ ရခဲလှတဲ့ဘ၀မှာ ယောကျာ်းလည်း ဖြစ်ခွင့်ရ၊ ရဟန်းလည်း ပြုခွင့်ရ၊ မြတ်ဗုဒ္ဓရဲ့ တရားဓမ္မလည်း နားကြားခွင့်ရ၊ ဘာဝနာလည်း အားထုတ်ခွင့်ရမို့ ဘယ်လောက်ကံကောင်းလိုက်သလဲ ဖေဖေ။ အသက်ရာကျော်ရှည်တာ မရှည်တာထက် တစ်မနက်၊ တစ်ရက်တာ အသက်ရှင်နေခိုက်လေးမှာ တရားဘာဝနာအားထုတ်ခွင့်ရတာလောက် လူဖြစ်ရကျိုးနပ်တာ မရှိဘူးဆိုတဲ့အကြောင်း မဟာစည်ဆရာတော်ဘုရားကြီးက လင်္ကာလေးနဲ့ ဒီလို မိန့်ကြားခဲ့တယ် ဖေဖေ။

“ဖြစ်ပျက်နှစ်ဖြာ၊ မမြင်ပါဘဲ

တစ်ရာအသက်၊ ရှည်သည်ထက်လည်း

ဖြစ်ပျက်နှစ်တန်၊ ရုပ်နှင့်နာမ်ကို

အမှန်မြင်လျက်၊ ဉာဏ်စဉ်တက်၍

တစ်ရက်တာမျှ၊ သက်ရှင်ရသော်

လောကလူ့ရွာ၊ ကောင်းမြတ်သာသည်

မြတ်စွာဗုဒ္ဓ၊ မိန့်ခွန်းတည်း။”

ဖေဖေ့ကျန်းမာရေးအတွက်တော့ စိတ်မပျက်ပါနဲ့ဖေဖေ။ အရေးကြီးဆုံးက ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးမှန်မှန်သောက်ပြီး ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး ဂရုစိုက်ပြီးနေဖို့ပါ။ နောက်ပြီး အချိန်ရတိုင်း တရားဓမ္မနာကြားပြီး ဘာဝနာအားထုတ်ပေးပါ ဖေဖေ။ သမီးက ဆရာလုပ်တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် သမီးအဝေးကိုရောက်နေချိန်မှာ စာထဲကတစ်ဆင့် မိဘကျေးဇူးကို တရားအသိလေးနဲ့ဆပ်ဖို့ ကြိုးစားနေတယ်လို့ပဲ မှတ်ယူပေးပါ ဖေဖေ။ ရွှေမြင့်မိုရ်ဆရာတော်ကလည်း ဒီလိုရေးစပ်ပြီး သတိပေးထားပြန်တယ် ဖေဖေရဲ့။

“အမြဲနှစ်လို ထိုခန္ဓာကို

ထိုထိုဝတ်စား ဆေးဝါးများနှင့်

မခြားနေ့ည ပြုစုကြလည်း

မရဏမင်း သူ့ခံတွင်းသို့

သက်ဆင်းလိုက်ကာ ပါရရှာ၏

အသေမဦးခင်၊ မြတ်မဂ္ဂင်ကို

အသင်ကြိုးစား ရှုမှတ်ပွားလော့” တဲ့။

ဒါကြောင့် အို၊ နာ၊ သေအတွက်တော့ ဖေဖေ ဘယ်တော့မှ မကြောင့်ကြပါနဲ့။ အသက်ရှင်စဉ်အခိုက်အတန့်လေးမှာ ဒါန၊ သီလ၊ ဘာဝနာသာ ခိုင်မြဲအောင်သာ ကြိုးစားပါ။ သမီးတို့ မောင်နှမနှစ်ယောက်အတွက်လည်း စိတ်မပူပါနဲ့ ဖေဖေ။ နှစ်ယောက်စလုံး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ကြပြီမို့ ဖေဖေ အထူးတလည် ကြောင့်ကြစရာ မလိုတော့ပါဘူး။ သမီးတို့မိသားစုကို ဖေဖေ သူများအောက်မကျအောင် ထားပေးခဲ့၊ ရှာဖွေကျွေးမွေးခဲ့တဲ့ ကျေးဇူးကိုလည်း အမြဲအောက်မေ့သတိရပါတယ်။ ခုဆို ဖေဖေ အလုပ်ကအနားယူလိုက်နိုင်တဲ့အတွက်လည်း ၀မ်းသာမိတယ် ဖေဖေ။

ဒီကနေ့ဆို ဖေဖေ ၆၃နှစ် ပြည့်ပြီပေါ့။ ဖေဖေ့မွေးနေ့ကို ရည်စူးပြီး မနေ့က ဖားအောက်တောရမှာ သမီးနေ့ဆွမ်းကပ်လှူခဲ့တယ်။ ဖေဖေ သာဓုခေါ်ပါနော်။ ဘာဝနာအားထုတ်ရင်းနဲ့ ဖေဖေ့ရောဂါတွေ သက်သာပျောက်ကင်းသွားရင် ဒီ့ထက်ပိုပြီး အသက်ရှည်ရှည်နေခွင့်ရဦးမှာပါ။ ဒါကြောင့် ဒီစာလေးကို ဖေဖေ့မွေးနေ့အမှတ်တရ သမီး ရေးလိုက်တာ။

သြော်…ဖေဖေရေ… နောက်ထပ်သမီးကြိုက်ပြီး စိတ်ထဲက ခဏခဏရွတ်ဆိုမိတဲ့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ သံဝေဂလင်္ကာလေးကိုလည်း မွေးနေ့လက်ဆောင်အနေနဲ့ ထည့်ရေးပေးလိုက်တယ်။ ဖေဖေလည်း မကြာခဏ ရွတ်ဆိုပေးပါ။ ဒါမှ သံဝေဂအသိကနေ အကျင့်ဖြစ်အောင် အားထုတ်ဖို့ အမှတ်ရပြီး အထောက်အကူဖြစ်သွားအောင်လို့ပါ။ သမီးရွတ်ပြမယ်… ဖေဖေနားထောင်နော်…

၁။ ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်။
၂။ တဏှာစေရာ မနေသာ ဖွေရှာ ဆက်ရသည်။
၃။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွာသွားရမည်။
၎။ တကယ့်အရေး တကယ့်ဘေး ဘယ်သွေး ဘယ်သား မကယ်ပြီ။
၅။ ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ။
၆။ ခဏမစဲ အိုစမြဲ ကိုယ်လဲသေဘက် နီးခဲ့ပြီ။
၇။ ဇရာမီးတောင် ကိုယ်တည်းလောင် သေအောင်မြှိက်တော့သည်။
၈။ မသေရခင် သွားလမ်းစဉ် ကြိုတင် ပြင်သင့်ပြီ။
၉။ ဒါန၊ သီလ၊ ဘာဝနာ လမ်းသာ ထွင်လိမ့်မည်။
၁၀။ မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။

ကဲ…ဖေဖေရ မဂ္ဂင်ယာဉ်ကြီး အမြန်စီးပြီး ခရီးထွက်ဖို့ အချိန်တန်ပြီလို့ သမီး ထပ်ပြီး သတိပေးပါရစေ။ ဖေဖေ့အပေါ် သမီး ပြောမှားဆိုမှားရှိခဲ့တာတွေအတွက်လည်း ခွင့်လွှတ်ပေးပါ ဖေဖေ။

ဖေဖေ ကျန်းမာရွှင်လန်းပြီး အသက်ရှင်သမျှနေ့ရက်တိုင်းမှာ ကောင်းမှုကုသိုလ်တွေ ဆထက်တိုးလို့ ပြုလုပ်ဆောင်ရွက်နိုင်ပါစေလို့ သမီးဆုတောင်းပေးနေပါတယ်။

ပျော်ရွှင်မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောမွေးနေ့ ဖြစ်ပါစေ... ဖေဖေ။


ဆုမွန်ကောင်းများစွာဖြင့်
ချစ်သမီးကြီး
ဇွန်မိုးစက်

ရေစီးထဲက နှောင်ကြိုး

3

Category:

(က)

ထိုညနေက ရှားလဲ့တစ်ယောက် ရုံးချုပ်သို့ အစီရင်ခံစာသွားမတင်ရလျှင် သူနှင့် တွေ့ဖြစ်ချင်မှ တွေ့ဖြစ်မည်။ ဝေဒနာဟောင်းလည်း ပြန်ပေါ်လာစရာ အကြောင်းမရှိ။ သို့သော် ရုံးချုပ်ဘေးကပ်ရပ်က ဟိုတယ်မှာ အလုပ်ကိစ္စဖြင့် ရက်သတ္တပတ်ခန့် လာရောက်တည်းခိုသောသူနှင့် မျက်နှာချင်းဆိုင် ဆုံဖြစ်အောင် ဆုံခဲ့မိသည်။

သံယောဇဉ် ဖြတ်တောက်ထားပြီး ဖြစ်သော်လည်း တကယ်တမ်းပြန်ဆုံကြသည့်အခါ အနည်းငယ်မျှ စိတ်လှုပ်ရှားမိသေးသည်ကို ရှားလဲ့ ၀န်ခံပါသည်။ ငါးနှစ်ကြာကွဲကွာနေခဲ့သော သူတို့နှစ်ယောက်ကြားက ပြောင်းလဲမှုသည် တစ်ဖက်တည်းမှာသာ ရှိသေးသည်။ သမီးကလေးတစ်ယောက်ရပြီး နောက်ထပ်သားလေးရဖို့ မျှော်လင့်နေကြောင်း အပြုံးချိုချိုဖြင့် ပြောပြခဲ့သည့် သူ့မျက်ဝန်းများကို ရှားလဲ့ ဘယ်လိုရင်ဆိုင် တုံ့ပြန်ခဲ့သလဲ မမှတ်မိတော့။ ရှားလဲ့ မှတ်မိတာ တစ်ခုပဲ ရှိသည်၊ အခုချိန်ထိ တစ်ယောက်တည်းပဲလားဟူသော သူ့ဆီမှ မေးခွန်းကို ပြန်ဖြေအပြီးမှာ မြင်လိုက်ရသော အံ့သြရိပ်စွက်သည့် အကြည့်တစ်စုံဖြစ်သည်။ ယခုချိန်ထိ ရှားလဲ့တစ်ယောက်တည်း ဖြစ်နေရခြင်းမှာ သူ့ပယောဂမပါကြောင်း ပြောပြချင်၍ ညစာအတူစားဖို့ ဖိတ်ခေါ်ချက်ကို လက်ခံလိုက်သည်။ ရှားလဲ့ အဆင်ပြေလျှင် သူမပြန်ခင် တစ်ခေါက်ထပ်တွေ့ဖို့ ပြောသည်ကိုတော့ နောက်မှအကြောင်းပြန်လိုက်မည်ဟုသာ ပြောဖြစ်ခဲ့သည်။ ထိုညက ရှားလဲ့ အိပ်တစ်ဝက်၊ နိုးတစ်ဝက်ဖြင့် မနက်လင်းခဲ့ရသည်။

နောက်တစ်နေ့ ရုံးရောက်တော့ ခါတိုင်းလို ရွှင်ပျမနေဘဲ ငေးငေးငိုင်ငိုင်ဖြစ်နေသော သူမကို စင်ဒီက မက်ဆင်ဂျာမှနေ၍ လှမ်းမေးသည်။

“ဟေး… ဘာဖြစ်နေတာလဲ၊ နေမကောင်းဘူးလား”

“ကောင်းပါတယ်၊ မနေ့က ကိုယ့်အဆက်ဟောင်းနဲ့ မမျှော်လင့်ဘဲ ပြန်တွေ့လို့”

“သြော်… ရှားပြောပြဖူးတဲ့ ဟိုတစ်ယောက်လား”

“အင်း…”

“ပျော်ပျော်နေစမ်းပါကွာ… စိတ်မညစ်နဲ့ ဒီနေ့ သောကြာလေကွယ်။ စိတ်ပြေလက်ပျောက် ဖြစ်အောင် ဒီညနေ ကိုယ်နဲ့ကလပ် လိုက်ခဲ့ပါလား”

“စဉ်းစားလိုက်ဦးမယ်”

“စဉ်းစားမနေပါနဲ့၊ ရှား တစ်ခါမှ မရောက်ဖူးသေးလို့ စိုးရိမ်နေတာ မဟုတ်လား၊ ကိုယ်တစ်ယောက်လုံး ပါနေတာပဲ။ ဟိုရောက်ရင် ပျော်သွားမှာ… ”

“အင်းပါ… ဒါဆိုလည်း လိုက်ခဲ့မယ်လေ”

“ဟေး… ဒါမှ ရှားလဲ့ကွ…”

(ခ)

မရင်းနှီးသောတေးသွားများကြား၊ အနှောင့်အသွားမလွတ်သော စကားသံများကြား၊ နီတစ်ချီ ပြာတစ်လှည့် မီးရောင်များအောက်မှာ ရှားလဲ့ အနေရခက်နေသည်။ အများတကာလို မူးယစ်ရီဝေတတ်သောအရည်များကို မသောက်ဘဲ သာမန်အချိုရည် အအေးတစ်ခွက်ကို ရှာဖွေမှာကြားနေသော ရှားလဲ့ကို စင်ဒီက အံ့သြတစ်ကြီး လှမ်းကြည့်သည်။ သူအခါခါ အထပ်ထပ်ခေါ်၍ ရှားလဲ့လိုက်လာခဲ့ခြင်းကြောင့်သာ ဒါသောက်ရကောင်းလားဟူ၍ စောဒကမတက်ခြင်းဖြစ်သည်။ စင်ဒီက လာနေကျဖြစ်မှန်း သူ့ကိုဖော်ရွေခင်မင်စွာ နှုတ်ဆက်ကြသော ကလပ်ဝန်ထမ်းများကိုကြည့်ပြီး သိနိုင်သည်။

ရုံးက အချို့မိန်းကလေးများက စင်ဒီ့ကို သိပ်မတွဲကြ။ စင်ဒီက သွက်လက်ချက်ချာ၊ မဟုတ်မခံ ဘုဘောက်ပြောတတ်သောကြောင့်ဖြစ်မည်ဟု အစောပိုင်းက ရှားလဲ့ ထင်ထားသော်လည်း တကယ်တမ်း သူတို့ ရှောင်ဖယ်ဖယ် လုပ်ကြသည့်အကြောင်းရင်းမှာ စင်ဒီ့ကိုယ်ကျင့်သိက္ခာပိုင်းနှင့် ပတ်သက်ကြောင်း နောင်မှ သိခဲ့ရသည်။ ဖခင်နှင့်ကွဲကွာနေတာချင်းတူ၊ မွေးချင်းညီအစ်မနှစ်ယောက်မှာ အကြီးဆုံးဖြစ်တာချင်းလည်းတူ၊ လုပ်ငန်းဌာနပိုင်းမှာလည်း အတူတွဲပြီး လုပ်ရသည်မို့ ရှားလဲ့အလုပ်ဝင်ပြီး သိပ်မကြာခင်မှာပဲ စင်ဒီနှင့် နေ့လည်စာအတူသွားစားဖော်သွားစားဖက် ဖြစ်ခဲ့ကြသည်။ ရုံးပိတ်ရက်အချို့မှာ ဈေးဝယ်အတူထွက်ကြသည်။ ရုပ်ရှင်ကြည့်ကြသည်။ ဒါပေမယ့် သောကြာနေ့ ညနေတိုင်း စင်ဒီသွားသွားနေသော ကလပ်များကိုတော့ တစ်ခါမှ လိုက်မသွားဖူးခဲ့။ စင်ဒီ့ ကိုယ်ကျင့်တရားနှင့် ပတ်သက်ပြီးလည်း သံသယမ၀င်မိခဲ့။ လူလွတ်တစ်ယောက်အနေဖြင့် ယောက်ျားလေးများနှင့်တွဲခြင်းကို အထူးတလည် အပြစ်ဆိုစရာဟု ရှားလဲ့ မမြင်ခဲ့။ ထိုညက ကလပ်သို့ လိုက်မသွားဖြစ်ခဲ့လျှင် အများငြူစူကြသော စင်ဒီ့ခံယူချက်နှင့် သဘောထားကို ရှားလဲ့သိခွင့်ကြုံဦးမဟုတ်။ သို့သော်…

(ဂ)

အအေးခွက်ထဲက ရေခဲတုံးများကို တစ်တုံးချင်း ဆယ်ယူပြီး ၀ါးနေမိသည်။ စင်ဒီက သူမဘေးမှာဝင်ထိုင်ရင်း

“ဟေ့… ယူ့ကို တို့မိတ်ဆွေတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်၊ ခဏနေသူလာတော့မှာ”

ရှားလဲ့က အင်းမလုပ် အဲမလုပ်။

“တကယ်လို့ ကိုယ်ဒီည ယူနဲ့အတူပြန်မလိုက်နိုင်ရင် စိတ်မဆိုးနဲ့နော်”

ဒီတော့မှ ရှားလဲ့ခေါင်းမော့ကြည့်ပြီး “ဟင်… ဘာဖြစ်လို့လဲ”

“တို့…ချိန်းထားတာရှိတယ်။ အိမ်ကိုပြန်အိပ်ဖြစ်မှာ မဟုတ်ဘူး” “ဟော… ဟိုမှာ… သူလာနေပြီ”

ရုပ်ရည်သန့်ပြန့်သော်လည်း အနည်းငယ်ထိပ်ပြောင်ပြီး သူမတို့နှစ်ဦးလုံးထက် ဆယ်နှစ်ခန့်ပိုကြီးမည်ဟု ခန့်မှန်းရသော လူတစ်ယောက် လျှောက်လာနေသည်ကို ရှားလဲ့မြင်လိုက်ရသည်။ သူဝတ်စားပုံကိုကြည့်ခြင်းအားဖြင့် ရုံးတစ်ခု၏ စီမံခန့်ခွဲမှုအထက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသောအရာရှိဖြစ်ကြောင်း ရှားလဲ့မှန်းဆလိုက်သည်။

“ဂျော့ခ်ျ… ဒါက တို့လုပ်ဖော်ကိုင်ဖက် ရှား” ထိုသူက လက်ကမ်းပေးသဖြင့် ရှားလဲ့ မငြင်းသာဘဲ လက်ဆွဲနှုတ်ဆက်လိုက်ရသည်။

စင်ဒီက သွားကလိုက်ဦးမည်ဟုဆိုကာ ထသွားသည်။ ဂျော့ခ်ျနှင့် နှစ်ယောက်တည်း ကျန်ခဲ့သဖြင့် ရှားလဲ့စိတ်ထဲ ကသိကအောက် ဖြစ်ရသော်လည်း အားနာတတ်၍ ထိုသူမေးသမျှ အလုပ်အကြောင်း၊ မွေးရပ်ဇာတိမြေအကြောင်းကို ၀တ်ကျေတန်းကျေ ပြန်လည်ဖြေကြားပေးနေလိုက်သည်။

“မင်းက စင်ဒီ့လိုဘဲ အနှောင်အတွယ်တွေ မကြိုက်ဘူးလား?” ဂျော့ခ်ျမေးခွန်းကိုကြားတော့ ရှားလဲ့ ကြောင်အမ်းအမ်းဖြစ်သွားသည်။ “ဒီလိုပါပဲ… ကျွန်မ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေရတာကို ကြိုက်လို့ပါ။” ရှားလဲ့က ခပ်ဆတ်ဆတ်ပြောပြီး ရေခဲတုံးလက်ကျန်များမှ ရေတို့ပျော်ဝင်နေသော အချိုအရသာပျောက်ဆုံးနေပြီဖြစ်သည့် အအေးခွက်ကို မော့ချလိုက်သည်။ သူ့ကို ရုတ်တရက် သတိရမြင်ယောင်သွားပြီး ရင်ထဲမှာ ကျင်ခနဲဖြစ်သွားသည်။ သူ့အပေါ် ရှားလဲ့သံယောဇဉ် မပြတ်သေးပါလား။ အို… သစ္စာမစောင့်စည်းနိုင်တဲ့သူ့ကို လမ်းခွဲခဲ့တာ ငါ့အမှားမဟုတ်ဘူး။ ရှားလဲ့ တစ်ကိုယ်လုံး နုံးခွေလာသလို ခံစားလိုက်ရသည်။ ဖြစ်နိုင်လျှင် သည်အခန်းထဲက ထွက်သွားပြီး ပင်လယ်ကမ်းစပ်တစ်ခုမှာ သွားထိုင်နေလိုက်ချင်သည်။ တွယ်ရာမဲ့သော သူမ၏စိတ်များ တစ်စုံတစ်ရာမှာ ငြိတွယ်ခိုဝင်ချင်လာသည်။

(ဃ)

ဂျော့ခ်ျက သူမအနားကိုကပ်၍ သူ့လက်ကိုကမ်းပေးပြီး “ကိုယ်တို့ခဏလောက် တွဲကကြရအောင်လား? ခုအနှေးဂီတပြောင်းဖွင့်နေတယ်။” ဂျော့ခ်ျပြောမှ ဆူညံမြူးကြွသောဂီတသံ မဟုတ်တော့မှန်း ရှားလဲ့ သတိပြုမိသွားသည်။  စောစောက စည်းချက်အလိုက် သွက်လက်မြူးတူးစွာကခုန်နေသူများမှာ ခုတော့လည်း မီးကိုရေနှင့် ငြှိမ်းသတ်လိုက်သလို ငြိမ်သက်သွားပြီး တူစုံတွဲကာ ဖြည်းဖြည်းချင်း ကနေကြသည်။ သူမစိတ်တွေ အနည်းငယ်ရှုပ်ထွေးနေသော်လည်း ဂျော့ခ်ျဆီသို့ သူမလက်တစ်ဖက်ကို ကမ်းမိရက်သားဖြစ်သွားသည်။ ဂီတအနှေးနဲ့ပဲဖြစ်ဖြစ် အမြန်နဲ့ပဲဖြစ်ဖြစ် ရှားလဲ့ မကတတ်ပါ။ တစ်ခါတုန်းနှင့် သူနှင့်နှစ်ယောက်တွဲ၍တော့ ကဖူးသည်။ အို… ဘာပဲဖြစ်ဖြစ် သူ့ကို မေ့ရမည်။ ဂျော့ခ်ျ၏ ပခုံးပေါ်ကို သူမမေးဖျားတင်လိုက်ပြီး တင်းကြပ်နေသောစိတ်များကို ဖြေလျော့ချလိုက်သည်။ တေးသွားမဆုံးခင် ဂျော့ခ်ျ၏ လက်နှစ်ဖက်ကို ရုတ်တရက်ဆုပ်ကိုင်မိချိန်မှာ တစ်စုံတစ်ရာကို သတိပြုမိသွားသည်။ သူမညာလက်ဖြင့် ထိကိုင်မိသော ဂျော့ခ်ျဘယ်လက်သူကြွယ်က လက်ထပ်လက်စွပ်သည် ရှားလဲ့ကို အတိတ်၏အရိပ်အောက်သို့ ခေါ်ဆောင်သွားသည်။

သစ္စာမဲ့သောလင်ယောက်ျားအား မျက်ရည်စက်လက်နှင့် အပြီးအပိုင်ကွာရှင်းပြတ်စဲပြီး သမီးနှစ်ယောက်ကို အရွယ်ရောက်သည်အထိ ခက်ခဲပင်ပန်းစွာ ပြုစုပျိုးထောင်ခဲ့ရသော မိခင်။ လူမမယ်ကလေးနှစ်ယောက်နှင့် ငယ်ချစ်ဦးကို အဆုံးရှုံးခံပြီး အခြားမိန်းမပျိုတစ်ယောက်နှင့်အတူ အိမ်ထောင်သစ်ထူထောင်ခဲ့သော ဖခင်။ နောက်… သူမ၏မိခင် အမြဲမှာကြားခဲ့သော စကားတစ်ခွန်း… “သမီးတို့ အရွယ်ရောက်လို့ မေတ္တာမျှတဲ့အခါ ကိုယ့်ကြောင့် သူများအိမ်ထောင်ရေးပြိုကွဲပျက်စီးရတဲ့ အနေအထားမျိုး ဘယ်တော့မှ အရောက်မခံနဲ့။ မေမေက ၀ဋ်ကြွေးရှိလို့ ခံရတယ်မှတ်ပေမယ့် သမီးနှစ်ယောက်လုံးကိုတော့ အဲလိုအဖြစ်မျိုး ထပ်ပြီး မကြုံစေချင်ဘူး။ သမီးတို့ ဘယ်နေရာရောက်ရောက် ကိုယ့်ကိုယ်ကျင့်သိက္ခာနဲ့တန်ဖိုးကို ထိန်းသိမ်းပါ။” ရှားလဲ့ ရုတ်တရက် အိပ်မက်မှလန့်နိုးသူတစ်ယောက်လို ဖြစ်သွားပြီး ဂျော့ခ်ျ၏လက်များကို အလန့်တကြား ဖြုတ်ချလိုက်သည်။

(င)

သူမနှင့် မနီးမဝေးမှာ လူတစ်ယောက်နှင့် တွဲကနေသော စင်ဒီကို လက်ပြ၍ လှမ်းခေါ်လိုက်သည်။

“စင်ဒီ… ကိုယ်ပြန်တော့မယ်ကွာ”

“ဟင်… မင်းဂျော့ခ်ျနဲ့ အဆင်မပြေဘူးလား၊ သူမင်းကို ဘာလုပ်လိုက်သေးလဲ”

“ဘာမှ မလုပ်ပါဘူး၊ တွဲကရုံသက်သက်ပါ။ ဒါပေမယ့် ကိုယ်စိတ်မသန့်ဘူး”

“အို… ဘာဖြစ်လို့လဲ… သူလူကောင်းပါ”

“သူကောင်းချင်ကောင်းမယ်၊ ကိုယ့်အတွက်တော့ မကောင်းဘူး၊ သူဟာ နှောင်ကြိုးတွေနဲ့လူတစ်ယောက် ဖြစ်နေလို့ပဲ။”

စင်ဒီ ရုတ်တရက် နှုတ်ဆိတ်သွားပြီး တစ်ခုခုပြန်ပြောမည်ပြင်စဉ်မှာပင် ရှားလဲ့က

“စင်ဒီ… မင်းကို ကိုယ်တစ်ခု မေးချင်တယ်။ မင်း… ကလပ်ရောက်တိုင်း ဒီလိုလူတွေနဲ့ အမြဲတွဲတာလား။”

အယ်လ်ကိုဟောတို့၏ အရှိန်ဖြင့် ရီဝေနေပြီဖြစ်သော စင်ဒီက…

“ရှား မေးတော့လည်း ကိုယ်ဖြေရတာပေါ့။ ကိုယ် ရှားကို မလိမ်ချင်ပါဘူး။ ဟုတ်တယ်… ကိုယ်နှောင်ကြိုးမဲ့လူတွေနဲ့ မတွဲဘူး။ ကိုယ် ယောက်ျားတွေကို မယုံဘူးကွာ။ သူတို့လိုချင်တာရပြီးလို့ နောက်အသစ်တွေ့ရင် ထားသွားမှာပဲ။ ပြီးတော့ ကိုယ်က အချုပ်အနှောင်တွေ၊ စည်းမျဉ်းတွေ မကြိုက်ဘူး။ အိမ်ထောင်လည်း မပြုချင်ဘူး။ ဒါကြောင့် ကိုယ်… နှောင်ကြိုးရှိပြီးသား သူတွေနဲ့ပဲတွဲတယ်။ ကိုယ်တို့တစ်ညတာလောက် အတူရှိပြီး မနက်ရောက်ရင် သူတို့မိသားစုဆီ ပြန်သွားမှာ။ နောက်ထပ် ကိုယ်တို့ပတ်သက်စရာ အကြောင်း မရှိတော့ဘူး။ နှောင်ကြိုးမဲ့သူတွေလို ကိုယ့်ကို တကျီကျီနဲ့ရစ်ပြီး နောက်ကလိုက်နေမှာလည်း မဟုတ်ဘူး။ ပြီးတော့ ကိုယ်က ဟိုကောင်တာကလို ၀န်ဆောင်မှုပေးနေတဲ့ မနူးမနပ် အတွေ့အကြုံမရှိတဲ့ ကောင်လေးတွေကို သဘောမကျဘူး သိလား” စင်ဒီက ပြောပြီး တဟားဟား အော်ရယ်သည်။

စင်ဒီ့စကားလုံးများသည် ရှားလဲ့ရင်သို့ မြားအစင်းစင်းခွင်းသွားသည့်အလား…။

“ဟင့်အင်း… စင်ဒီ မင်းမှားနေပြီ၊ အဲလို မတွေးရဘူး။ ဒီမှာ…. ကိုယ်ပြောပြမယ်”

“စင်ဒီ… ကိုယ်တို့သွားကြရအောင်” စောစောက စင်ဒီနှင့် တွဲကနေသူက ရှားလဲ့ရှေ့မှာရှိနေသည်ကို အရေးမစိုက်သည့်အလား အပြင်သို့ တစ်ခါတည်း ဆွဲခေါ်ပြီးထွက်သွားသည်။ ဂျော့ခ်ျလည်း ရှားလဲ့နား ရောက်လာသည်။ စင်ဒီမရှိသော ဒီဝန်းကျင်မှာ ရှားလဲ့တစ်ယောက်တည်း ဆက်နေ၍ မဖြစ်တော့။ ရှားလဲ့ ဂျော့ခ်ျကို နှုတ်ဆက်စကားဆိုပြီး ပြန်မယ်ဟုခြေလှမ်းပြင်တော့ သူလိုက်ပို့ပေးရမလားဟု မေးသည်။ “ဟင့်အင်း ကျွန်မတစ်ယောက်တည်းပဲ ပြန်မယ်။ ရှင်လိုက်မပို့ပါနဲ့” အသံမာမာနှင့် ပြန်ပြောလိုက်သော ရှားလဲ့စကားကြောင့် ဂျော့ခ်ျ၏ မျက်ခုံးထူထူ တစ်ချက် ရှုံ့သွားသည်။ “အိုကေလေ ဂရုစိုက်နော်… ကိုယ်တို့နောက်တစ်ခါ ဆုံကြဦးမှာပါ”

ရှားလဲ့စိတ်ထဲမှာတော့ ဟင့်အင်း… ကျွန်မ ဒီနေရာကို နောက်တစ်ခေါက် ရောက်စရာအကြောင်း မရှိတော့ဘူး။

(စ)

စင်ဒီ့စကားသံများက ရှားလဲ့နားထဲမှာ တ၀ဲလည်လည်…။ ညည့်အတော်နက်နေပြီမို့ အိမ်ကို ဘယ်လိုပြန်ရင် ကောင်းမလဲဟု စဉ်းစားရင်း ကလပ်ရှိရာ လမ်းချိုးထဲမှ လမ်းမပေါ်ရောက်အောင် လျှောက်လာလိုက်သည်။ နောက်က ခြေသံကြား၍ ထိတ်ခနဲဖြစ်သွားသော်လည်း သူမနာမည်ခေါ်သံကြောင့် ခြေလှမ်းတို့ တွန့်ဆုတ်သွားသည်။

“ရှားလဲ့…”

လှည့်ကြည့်လိုက်တော့ စောစောက စင်ဒီလက်ညှိုးထိုးပြီး ပြောသွားသည့် ဘားကောင်တာမှ လူငယ်လေး ဖြစ်နေသည်။

အနီးရောက်မှ သူ့မျက်နှာကို မြင်ရတော့ ရင်းနှီးနေသလိုလို…

“ကျွန်တော့်ကို မမှတ်မိဘူးလား ရှားလဲ့၊ ကျွန်တော် ဈေးကွက်ဖော်ဆောင်ရေးဌာနက ဒဲရစ်ပါ”

သူပြောမှ ရှားလဲ့ ပြန်စဉ်းစားပြီး အမှတ်ရသွားသည်။ သူမထက် အတော်အတန်ပိုငယ်သော ထိုကောင်လေးသည် သူမနှင့်တစ်ရုံးတည်းဝန်ထမ်း ဖြစ်နေသော်လည်း အလုပ်သဘောအရ ပတ်သက်ဆက်ဆံမှု မရှိသောကြောင့် မျက်မှန်းတမ်းမိရုံသာ။

“ဟင်…ဒါဆို ဒီမှာလုပ်နေတာက…”

“သောကြာနဲ့စနေညမှာ သူငယ်ချင်းတစ်ယောက်အစား ကျွန်တော်အချိန်ပိုင်း လာလုပ်ပေးတာ။ ကျောင်းတက်တုန်းကတည်းက ဟိုတယ်က ဘားကောင်တာတွေမှာ အချိန်ပိုင်း ၀င်လုပ်ဖူးတယ်လေ၊ ကျွန်တော် ဒီလိုနေရာတွေမှာ ၀န်ဆောင်မှုအတွေ့အကြုံရှိမှန်း သူသိနေတော့ အကူအညီတောင်းတာနဲ့ လုပ်ဖြစ်သွားတာ။ ဒါပေမယ့် ဒီလကုန်ထိပါပဲ။ သူပြန်ရောက်ရင် ကျွန်တော့်သောကြာညခင်းတွေ ပြန်အပိုင်စားရပြီ”

အပြုံးချိုချိုနှင့် ဒဲရစ်၏ စကားသံများသည် ညစ်ညူးနေသော သူမစိတ်အစဉ်ကို ခဏတာပြေပျောက်သွားစေတာကတော့ အမှန်ပင်။
 
“ရှားလဲ့ တက္ကစီနဲ့ ပြန်မှာလား”

“ကိုယ် စဉ်းစားနေတုန်းပဲ… အမှန်တော့ အိမ်မပြန်ချင်သေးဘူး။ တစ်နေရာရာမှာ သွားထိုင်ချင်တာ။ ဒါပေမယ့် သိပ်ညဥ့်နက်နေပြီ”

“ဒါဖြင့် ကျွန်တော်တို့ ၂၄နာရီဖွင့်တဲ့ဆိုင်တစ်ဆိုင်မှာ ကော်ဖီသောက်ရင်း စကားပြောကြရအောင်လား”

“အင်း… ကောင်းသားပဲ”

သူက ဖုန်းလေးထုတ်ပြီး အနီးဆုံး ဆိုင်ခွဲရှိရာနေရာကို လှမ်းရှာသည်။

“ဒီကနေဆို…နောက်ထပ် ၁၅မိနစ်လောက် လမ်းလျှောက်ရင်ရောက်မယ့် နေရာမှာရှိတယ်။ အဆင်ပြေတယ် မဟုတ်လား“

“ပြေပါတယ်”

ရှားလဲ့တို့ လမ်းလျှောက်သွားကြသည့်အခါ ဒဲရစ်တစ်ယောက်သာ စကားတွေ မရပ်မနား ပြောလာသည်။

အတော်… စကားများတဲ့ ကောင်လေးဟု ရှားလဲ့စိတ်ထဲ ကြိတ်ပြီး မှတ်ချက်ပေးမိသည်။

(ဆ)

ဒဲရစ်နှင့်အတူကော်ဖီသောက်ပြီး စကားပြောနေချိန်သည် အဆက်ဟောင်းနှင့် ပြန်တွေ့ပြီး ထမင်းစားတုန်းကလို၊ ဂျော့ခ်ျနှင့်အတူတွဲပြီး ကစဉ်တုန်းကလို စိတ်ထဲမှာ တစ်စုံတစ်ရာ မလွတ်လပ်၊ကျဉ်းကြပ်နေသော ခံစားချက်မျိုး စိုးစဉ်းမျှမဖြစ်ပေါ်ဘဲ လွတ်လပ်ပေါ့ပါးနေသည်မှာ ရှားလဲ့အတွက် အံ့သြစရာကောင်းနေသည်။  

“ကျွန်တော် အမှန်အတိုင်း ရင်းရင်းနှီးနှီး ပြောရမယ်ဆိုရင်လေ… ရှားလဲ့ကို စင်ဒီ့လိုပဲ အောက်မေ့ခဲ့တာ။ ရုံးမှာလည်း ရှားလဲ့တို့နှစ်ယောက်က အမြဲမြဲတတွဲတွဲ မဟုတ်လား။ ကလပ်မှာ တွေ့လိုက်တော့ ရှားလဲ့လည်း တစ်ယောက်ယောက်နဲ့ လာတွေ့ဖို့လို့ ထင်လိုက်တာ။ စောစောက အဖြစ်အပျက်တွေ ကျွန်တော် အားလုံးမြင်တယ်။ ရှားလဲ့က ကျွန်တော်ထင်ထားသလို မဟုတ်ဘူးဆိုတာ သိလိုက်ရတော့ ကျွန်တော် ပျော်သွားတယ်”

သူ့စကားဆုံးတော့ ကျေးဇူးတင်ပါတယ်ဟူသော စကားတစ်ခွန်းကို ခပ်ယဲ့ယဲ့အပြုံးတစ်ခုနှင့်သာ ရှားလဲ့တုံ့ပြန်လိုက်နိုင်သည်။ စင်ဒီနှင့် ပတ်သက်ပြီး သူမရင်ထဲမှာ မတင်မကျဖြစ်မှုတွေ၊ စိတ်မကောင်းဖြစ်မှုတွေ ကြီးစိုးနေဆဲ။

(ဇ)

ဒဲရစ်က ရှားလဲ့မျက်နှာရိပ်ကို ဖတ်တတ်သည့်အလား စကားဆက်သည်။

“ရှားလဲ့က ဒီလိုဝန်းကျင်တွေနဲ့ မနီးစပ်တဲ့သူဖြစ်နေလို့ပါ။ တကယ်တော့ နှောင်ကြိုးရှိလူတွေနဲ့ သူတို့ရဲ့ညနေခင်းအချို့ကို အသုံးချတတ်တာ စင်ဒီတစ်ယောက်တည်း မဟုတ်ပါဘူး။ သူ့လိုပဲ တစ်ခြားတစ်ကိုယ်ရည်မိန်းကလေးတွေ အများကြီး မရှိဘူးဆိုရင်တောင် ရာခိုင်နှုန်းတစ်ခုအထိရှိတာ ကျွန်တော်တို့သိတယ်။ သူတို့ခံယူချက်၊ သူတို့ဆုံးဖြတ်ချက်နဲ့သူတို့ပေါ့။ ကျွန်တော်တို့က မြင်ပေမယ့် တားခွင့်မရှိဘူးလေ။ ပြီးတော့ ကျွန်တော်တို့ယောက်ျားတွေ ကိုယ်တိုင်က တစ်ရက်တစ်ညလောက်နဲ့ အိမ်ထောင်ရေးကို မထိခိုက်နိုင်ဘူးဆိုပြီး ကြည်ဖြူနေကြတာ မဟုတ်လား။ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာတဲ့အခါကျတော့ ရေစီးကြောင်းထဲမှာ အဆင်ပြေသလို လှော်ခတ်သွားကြတာ။ တကယ်တော့ သူတို့တွေက ခေတ်ရေစီးထဲမှာ လိုက်ပါမျောနေတဲ့ နှောင်ကြိုးမိသူတွေပေါ့… ရှားလဲ့”

ဖြေးဖြေးအေးအေးပြောသွားသည့် ဒဲရစ်စကားလုံးများနောက်မှာ ရှားလဲ့ သံယောင်လိုက်မိသည်။

ခေတ်ရေစီးထဲက နှောင်ကြိုးမိသူတွေတဲ့လား…

“ကျွန်တော့်သူငယ်ချင်းဆို ဘာပြောလဲသိလား။ ငါတို့လဲ အဲလိုမိန်းကလေးတွေရဲ့အချဉ်းကပ်ခံရအောင် လက်စွပ်ကလေးရှာပြီး စွပ်ထားဦးမှတဲ့” ဒဲရစ်က ရယ်ရယ်မောမော ပြောပြောဆိုဆို ကော်ဖီတစ်ကျိုက် မော့သောက်လိုက်သည်။

စင်ဒီကတော့ ဒဲရစ်လို မနူးမနပ် အတွေ့အကြုံမရှိသော ကောင်လေးကို မနှစ်သက်ကြောင်း ပြောသွားသည်။ ရှားလဲ့အမြင်မှာတော့ သူသည် ဖော်ရွေရင့်ကျက်ပြီး ခင်မင်စရာကောင်းသည့် လူငယ်လေးတစ်ဦးဖြစ်သည်။
ပြီးတော့ သူ့မျက်ဝန်းတွေက ဂျော့ခ်ျတို့၊ သူမ၏အဆက်ဟောင်းတို့လို အခွင့်ရေးရလျှင် တစ်စုံတစ်ရာကို ကွယ်ဝှက်သိမ်းဆည်းပြီး မျှော်လင့်တောင်းဆိုချင်သည့် အရိပ်များ မရှိဘဲ ပကတိကြည်လင်နေသည်။

 (စ်)

တနင်္လာနေ့ရောက်လျှင် စင်ဒီ့ကို ဖြောင်းဖြနားချဖို့ စကားလုံးတွေ သူမ ရွေးချယ်နေမိသည်။ စင်ဒီမကြိုက်ဘူးဆိုခဲ့ရင်တောင်မှ တစ်ကြိမ်လောက်တော့ ရှားလဲ့ ကြိုးစားပြီး ပြောပြချင်ပါသည်။

ကော်ဖီသောက်နေသော ဒဲရစ်ကို ငေးကြည့်နေရင်း တစ်စုံတစ်ခုကို သတိရသွားကာ ရှားလဲ့ဖုန်းထဲက နံပါတ်တစ်ခုကို ရှာပြီး စာပြန်လိုက်သည်။

သန်ဘက်ခါမပြန်ခင် မနက်ဖြန်ညစာအတူစားဖို့ ကိုယ် လာဖြစ်တော့မယ် မထင်ဘူး။ နောက်တစ်ခါ မိသားစုနဲ့လာမှ ဆုံမယ်လေ။ အန္တရာယ်ကင်းသော ဝေဟင်ခရီးဖြစ်ပါစေ။

ရှားလဲ့ ဖုန်းလေးကိုပိတ်ပြီး အိတ်ထဲ ပြန်ထည့်လိုက်သည်။

(ည)

ကော်ဖီဆိုင်အတွင်းက စကားသံနှင့် ရယ်မောသံအချို့သည် တိတ်ဆိတ်နေသောအမှောင်ညကို ထိုးဖောက်ပျံ့လွင့်သွားသည်။

နှောင်ကြိုးမဲ့သူထံပါး၌သာ လွတ်လပ်ပေါ့ပါးစွာ ငြိတွယ်ချင်သော ရေစီးထဲက ကြိုးကလေးတစ်မျှင်ဖြစ်ခဲ့သည်ကို ရှားလဲ့ကျေနပ်ရင်း သူမရှေ့တည့်တည့်က စကားတွေဖောင်ဖွဲ့အောင်ပြောနေသည့်ကောင်လေးကို လှိုက်လှိုက်လှဲလှဲ ပြုံးပြမိလိုက်သည်။


ဇွန်မိုးစက်