ဆရာဖေမြင့်၏ စာအုပ်များနှင့် ကျွန်မ စတင်ရင်းနှီးခဲ့ချိန်သည် ဆယ်တန်းဖြေပြီးခါစ ဆယ့်ခုနစ်နှစ်အရွယ်သာသာမှာ။ ပထမဆုံးဖတ်ရှုမိသော စာအုပ်မှာ “နှလုံးသား အာဟာရ ရသစာများ” ဖြစ်သည်။ အဲသည့်အချိန်တုန်းက တက္ကသိုလ်ကျောင်းတွေလည်း ပိတ်ထားသော အချိန်ဖြစ်၍ စာအုပ်မျိုးစုံကို စိတ်တိုင်းကျ ဖတ်ရှုခွင့်ရနေချိန်လည်း ဖြစ်သည်။ အပျော်ဖတ်ဝတ္ထု၊ ဘာသာပြန်၊ တက်ကျမ်း အစရှိသော စာအုပ်အမျိုးအစားများထဲတွင် တက်ကျမ်းကို ကျွန်မ အလွန်နှစ်ခြိုက်သဘောကျပြီး စွဲစွဲမြဲမြဲ ဖတ်ဖြစ်ခဲ့သည်။ အရွယ်ကလည်း ဆယ်ကျော်သက်ရွယ်ဖြစ်ပြန်၊ စိတ်ကူးမျှော်လင့်ချက်များနှင့် ဘ၀ခရီးကို စတင်နှင်တော့မည်ဆိုသည့် ရည်ရွယ်ချက်များလည်း ရှိနေချိန်ဖြစ်၍ တက်ကျမ်းများကို ဖတ်ပြီးလျှင် ကျွန်မ စိတ်ဓာတ်ခွန်အားတွေ ထက်မြက်တက်ကြွပြီး အရာရာကို ရဲဝံ့စွန့်စားရန် အသင့်ဖြစ်နေခဲ့သည်။
တကယ်တော့ ဆရာ့စာအုပ်များထဲတွင် တက်ကျမ်းတွေသာမက စိတ်ခံစားမှု၊ နှလုံးသားခံစားမှုကိုပေးသော စာစုတွေလည်း အများကြီး ရှိပါသည်။ “ဘ၀ဒဿန ရသစာများ” ဆိုလျှင် ဘယ်နှစ်ကြိမ်ပြန်ဖတ်ဖတ် ကျွန်မအတွက် မရိုးနိုင်အောင် စိတ်နှလုံးနူံးညံ့ သိမ်မွေ့မှုတွေကို ပေးသည်။ ဆရာဘာသာပြန်ဆိုသည့် ရုရှားစာရေးဆရာကြီး ချက်ကော့ဗ်၏ “လူနာဆောင် အမှတ်ခြောက်” လို ဘာသာပြန်စာပေကိုလည်း နှစ်ခြိုက်သည်။ “စိန်မြေဧကပေါင်းများစွာ၊ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီးလား၊ ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ။ သင့်စိတ်သင့်အတွေးအကြံများ အတိုင်းသာ၊ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်၊ ဒေးလ်ကာနက်ဂျီ၊ စာဖတ်သမား၏ မှတ်စုများ” … အစရှိသည့် ဆရာပြန်ဆိုသော စာအုပ်တော်တော်များကို ၀ယ်ယူစုဆောင်း ဖြစ်ခဲ့သည်။ ကျွန်မနှင့်မောင်လေးက မုန့်ဖိုးများကို စုဆောင်းပြီး နှလုံးသာ အာဟာရစာအုပ်များကို ၀ယ်၍ အရင်းနှီးဆုံး သူငယ်ချင်းများကို လက်ဆောင်ပေးခဲ့သေးသည်။
ဆရာ့စာအုပ်တွေထဲမှာ ထူးထူးခြားခြား ကျွန်မနှင့်မောင်လေး အပါအ၀င် မိတ်ဆွေသူငယ်ချင်းတစ်ချို့ကို လွှမ်းမိုးခဲ့သော စာအုပ်မှာ “စိန်မြေဧကပေါင်းများစွာ” ဖြစ်သည်။ အဲသည်စာအုပ်ကို ညွန်းသူက ကျွန်မလေးစားအားကျမိသူတစ်ယောက်၊ စာအုပ်ကို ၀ယ်လာခဲ့သည်မှာ ကျွန်မမောင်လေး။ စာအုပ်ဖတ်အပြီး နှစ်ခြိုက်သဘောကျလွန်း၍ တစ်ယောက်က တစ်ယောက်ကို ပေးဖတ်ရင်း လက်ဆင့်ကမ်းခဲ့ကြသည်။ ငယ်ရွယ်ပျိုမြစ်တက်ကြွသော ဘ၀အစမှာ အဲသည့်စာအုပ်ကို ဖတ်ခွင့်ရခြင်းအတွက် ကျွန်မ သိပ်ကိုကျေနပ်မိပါသည်။ ကျွန်မဘ၀ကိုလည်း အထိုက်အလျောက် ပြောင်းလဲပေးခဲ့သည်။
စာအုပ်ထဲတွင် အခွင့်အရေးဆိုသည်မှာ အဝေးကြီးမှာ သွားရှာစရာမလို၊ မြင်တတ်လျှင် လမ်းတစ်ကမ်းမှာပင် ရှိကြောင်းကို ဖြစ်ရပ်မှန် ပုံတိုပတ်စ ဥပမာများပေးကာ စိတ်ဝင်စားဖွယ် ရေးသားထားသည်။ စာအုပ်ထဲမှာပါသည့် ရပ်ဆယ်ကွန်းဝဲလ်ဆိုသော လူကိုလည်း သိပ်သဘောကျမိသည်။ လူချမ်းသာတစ်ယောက် မဟုတ်ပါဘဲ သူ့အစွမ်းအစကြောင့် အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ဆောက်ဖြစ်ခဲ့သည် ဆေးရုံတွေ၊ ကျောင်းတွေက မနည်း။ တစ်နေ့ ၂၄နာရီမှာ လူနှစ်ယောက်စာအတွက် အလုပ်လုပ်သွားသော သူ့ကို အားကျမိသည့်အတွက် ကျွန်မ ကျောင်းနှစ်ခု တစ်ပြိုင်တည်း တက်ဖြစ်သွားသည်။ ပညာရပ်နှစ်ခုအတွက် စာမေးပွဲကို တစ်လအတွင်းမှာ ရက်တွေမခြားဘဲ တပြိုင်နက်တည်း ဆက်တိုက်ဖြေနိုင်ခဲ့သည်။ အဲသည့်အချိန်တုန်းက ရရှိခဲ့သည့် exam result များသည် အခြားအချိန်တွေမှာ ပညာရပ်တစ်ခုတည်းအတွက် ဖြေရသော ရလဒ်များထက် ပို၍ အမှတ်တွေ၊ grade တွေ ကောင်းခဲ့သည်။ တကယ်တော့ လူတစ်ယောက်၏ စွမ်းရည်သည် ကိုယ်မြှင့်လျှင် မြှင့်တင်နိုင်သလောက် အဆတိုးကြောင်း ကျွန်မလက်တွေ့ သိခွင့်ရလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သောတစ်ပတ်က ကျင်းပခဲ့သော စင်္ကာပူနိုင်ငံ တတိယအကြိမ် စာပေဟောပြောပွဲမှာ ဆရာက “ဘ၀တိုးတက်ဖို့ စာဖတ်ကြစို့” ခေါင်းစဉ်ဖြင့် စာဖတ်ခြင်းကြောင့် ရလာသည့် အကျိုးကျေးဇူးများ၊ စာအုပ်တစ်အုပ်ကြောင့် ခေတ်စနစ်ပြောင်းလဲသွားပုံများအကြောင်းကို အားပါးတရ ဟောပြောသွားသည်။ ဆရာ့ဟောပြောချက်များကို နားထောင်ရသည်မှာ ဆရာ့စာအုပ်များကို ဖတ်သောအခါ ရရှိသည့် ခံစားချက်နှင့် အတူတူပင်ဖြစ်သည်။
စာအုပ်ဖတ်ကြခြင်း အကြောင်းအရင်း ၄မျိုးကို ဆရာက ပရောဂျက်တာဖြင့် ဖွင့်ဆိုပြောပြသွားသည်။ သတင်းအချက်အလက်တွေ သိရှိဖို့ (Information)၊ စိတ်ပင်ပန်းမှုကို အနားယူဖြေဖျောက်ဖို့ (Entertainment/ Relaxation)၊ ရင်ထဲက အစိုင်အခဲ၊ မကျေနပ်မှုတွေ ချေဖျက်ပေါ့ပါးဖို့ (Sublimation)၊ စိတ်အားတက်ကြွလှုံ့ဆော်မှုတွေရဖို့ (Inspiration) စသည်တို့ ဖြစ်သည်။ တစ်ပတ်ငါးရက် လုပ်ငန်းခွင်ဝင်နေရသော ကျွန်မအဖို့ ယခုအခါ စာအုပ်ကိုင်မိလျှင် အခြားအကြောင်းရင်းတွေထက် အလယ်နှစ်ချက်ကြောင့် ဖတ်မိသည်က ပိုများသည်။
စာအုပ်ဖတ်ခြင်းကြောင့် သတင်းအချက်အလက် (Information) ၊ အတွေးအမြင် ဗဟုသုတ (Knowledge) ကြွယ်ဝပြီး အကျိုးအကြောင်း အဆိုးအကောင်း ပိုင်းခြားဆုံးဖြတ်နိုင်ကာ (Wisdom --> Judgement --> Decision Making --> Achievement – Success in Life) ဘ၀တွင် အောင်မြင်တိုးတက်မှုရသော အကြောင်း ၃မျိုးကို အမေရိကန်သမ္မတ အေဗရာဟင်လင်ကွန်းနှင့် ဥပမာပေးပြီး ဟောပြောသွားသည်။ စာဖတ်ခြင်းဖြင့် ဗဟုသုတကြွယ်ဝသူ၊ အမြင်ကျယ်သူ၊ နှိုင်းချိန်စဉ်းစားတတ်သူ၊ ဦးနှောက်ရော နှလုံးသားပါ ရင့်ကျက်ပြည့်ဝသူတစ်ယောက် ဖြစ်လာသည်ဟု ဆရာပြောသွားသည်ကို ကျွန်မပတ်ဝန်းကျင်တွင် စာဖတ်သူ၊ မဖတ်သူများ၏ အတွေးအမြင်ကွာခြားပုံကို နှိုင်းယှဉ်မိပြီး ထောက်ခံယုံကြည်သည်။
ကျွန်မဘ၀ကိုလည်း စာဖတ်ခြင်းက အတိုင်းအတာတစ်ခုအထိ ပြောင်းလဲမှုအကျိုးတရားတွေ ပေးခဲ့သည်။ တက်ကျမ်းစာအုပ် အမျိုးအစားများဖတ်ပြီးနောက်ပိုင်းတွင် အပျော်ဝတ္ထုများကို လုံးဝမဖတ်ချင်၊ မဖတ်ဖြစ်တော့အောင် စာဖတ်လမ်းကြောင်း သိသိသာသာ ပြောင်းလဲခဲ့သည်။ ထို့ပြင် ကျွန်မ ဘ၀တစ်စိတ်တစ်ပိုင်းနှင့် အတွေးအမြင်ကို သိသိသာသာ ပြောင်းလဲပေးခဲ့သော စာနှစ်အုပ်လည်း ရှိခဲ့သည်။ စိန်မြေဧကပေါင်းများစွာနှင့် ပေါ်လီယာနာ။ ပေါ်လီယာနာကြောင့် ကိစ္စအတော်အများများတွင် အနှုတ်လက္ခဏာအမြင်ရှိခဲ့သော ကျွန်မသည် အကောင်းမြင်ဝါဒ၊ အပေါင်းလက္ခဏာသဘောဆောင်ပြီး ကြည့်မြင်တတ်သူအဖြစ်သို့ ပြောင်းလဲသွားသည်။ ကျွန်မအသက် ၂၁နှစ်တွင် ဒီပလိုမာ ၇ခုရရှိခဲ့ပြီး၊ အသက် ၂၃တွင် ဒီပလိုမာ ၈ခုနှင့် ဘွဲ့တစ်ခု ရရှိခဲ့ခြင်းသည် “စိန်မြေဧကပေါင်းများစွာ” စာအုပ်၏ ကျေးဇူးတရားက အရင်းခံပါသည်။
ကျွန်မစိတ်ဓာတ်တွေကျနေချိန် စာအုပ်တွေက စိတ်ဓာတ်ခွန်အားကို ပေးသည်။ ကျွန်မရင်ထဲက အစိုင်အခဲတွေကို စာဖတ်ခြင်းဖြင့် သက်သာရာရစေသည်။ စာဖတ်ခြင်းသည် ကျွန်မဘ၀အတွက် မရှိမဖြစ် အရေးပါလှသည်။ ခုချိန်မှာတော့ ကျွန်မ အရင်ကလို စာအုပ်တွေ စွဲစွဲမြဲမြဲ မဖတ်ဖြစ်တော့တာကို တွေးမိတိုင်း ကျွန်မဘ၀မှာ တစ်ခုခုလိုနေသလိုလို၊ ကျေနပ်အားရမှုမရှိသလို ခံစားရသည်။ ဆရာဖေမြင့်၏ စာအုပ်များကိုတောင် မဖတ်ဖြစ်တာ ကြာသွားပြီ။ ကိုယ်တိုင်က စာဖတ်သူအဖြစ်မှနေ၍ စာရေးသူအဖြစ် ပြောင်းလဲကြိုးပမ်း အားလျော့နေခဲ့ချိန်မှာ ဆရာ့၏ “နာမည်တစ်လုံး ရမလာခင်တုန်းက” စာအုပ်ကို ဖတ်လိုက်ရတော့ ကျွန်မ၏ စာရေးခြင်းနှင့် ပတ်သက်သော စိတ်ကူးရည်မှန်းချက်လေးတွေ ပြန်လည်နိုးထ ရှင်သန်လာခဲ့သည်။ အဲသည့်စာအုပ်လေးကိုဖတ်ပြီး စိတ်ဓာတ် ခွန်အားတွေ တစ်ဖန်ပြန်လည် ရရှိခဲ့သည်။
နှလုံးသား အာဟာရရသစာမှ စတင်ကာ နာမည်တစ်လုံး ရမလာခင်တုန်းကစာအထိ ဆရာ့စာအုပ်များသည် ကျွန်မကို ဆယ်ကျော်သက်စိတ်ကူးယဉ် လူငယ်ဘ၀မှနေ၍ လက်တွေ့ကျသောလူကြီးဘ၀အထိ ယခုချိန်တိုင်အောင် တစ်ထောင့်တစ်နေရာမှ အကျိုးပြုနေဆဲပင်ဖြစ်သည်။
ဇွန်မိုးစက်
ဇွန်မိုးစက်
ဖတ်ခဲ.တဲ.စာတွေကိုအကျိုးရှိရှိအသုံးချသွားတဲ.အတွက်အ၇မ်းကိုလေးစားမိပါတယ်..
A thoughtful ans applicable reader, proud you to obtain eight diplomas and a degree at age 23. Wishing you apply your study in suitable post.
BTW, in the West who gain many certificates is called "Tin Collector" by disagreed persons.
လာဖတ်ပေးတဲ့ အနောနီးမတ်စ်ကို ကျေးဇူးတင်ပါတယ်။
To Anonymous... The message of this post is how reading and a good book can change your concepts and assist to achieve in our lives somehow. There is no intention rather that. I'm sorry if you get it wrong by other way.
Anyway, Thanks for giving your time to read and drop a comment.
ကိုယ်ဖတ်လို့ ၊ကြားလို့ ၊မြင်လို့ ရလာတဲ့ အသိတရား ကို အကျိုးရှိအောင်ပြန်သုံးတတ်တာ အလွန် ကောင်းပါတယ်။ ဒီလိုနဲ့ ပဲ ကျမတို့ ရဲ့  အရည်အသွေး ကိုမြှင့်ပေးရမှာပါ။
တက်ကျမ်းတော့ ကျနော်လည်း ဖတ်ဖြစ်ပါတယ်။
ဆရာဖေမြင့်စာအုပ် တချို့ဆိုရရင်
၉ တန်းတုန်းက ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်
၁၀ တန်းရောက်တော့ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား
၁၀ တန်းအောင်ပြီး နောက်ပိုင်း ဘာကြောင့်ခုထိမချမ်းသာသေးတာလဲ၊ ဂျီးနိယပ်၊ နှလုံးသားအာဟာရ ၁ ၂ ၃၊ စသဖြင့် တခြား ဒီထဲမှာမပါသေးတာတွေလဲ ဖတ်ဖြစ်တယ်။
လူသုံးကုန်ပစ္စည်းရောင်းဝယ်သူများ ဖတ်အပြီးတော့ ဆရာဖေမြင့်ကို တက်ကျမ်းအပြင် ဝတ္ထုတိုတွေလည်း အရေးကောင်းတာပဲ မြင်မိတယ်။ ကိုယ့် စိတ်နေစိတ်ထား ပြောင်းလဲတဲ့အချက်တွေထဲမှာ ဒီစာအုပ်တွေကြောင့်လည်း ပါခဲ့တယ် ပြောရမယ်
=)
ဝတ္ထုတိုဆိုရင် ပထမဆုံးသတိရမိတဲ့ အကြိုက်ဆုံး အမျိုးသား စားရေးဆရာ ၃ ယောက်ထဲမှာ ဆရာဖေမြင့် အပါအဝင်ပေါ့။ သူပေးချင်တဲ့ မက်ဆေ့ဂ်ျကို နားလည်တာ မလည်တာ၊ သဘောတူတာ မတူတာထက် အခင်းအကျင်း အပို့အယူ စကားလုံးတွေကို လက်ဖျားမခါဘဲ မနေနိုင်အောင် ဖြစ်ရတယ်။ ဆရာ့ရဲ့ ပင်ကိုရေးတွေကို ပိုကြိုက်မိတယ်။