(က)
တိတ်ဆိတ်နေသော ဧည့်ခန်းအတွင်းက ဆိုဖာထိုင်ခုံရှည်ပေါ် ပင်ပန်းနွမ်းနယ်ခဲ့သမျှ အားပါးတရ ပစ်လှဲချလိုက်ရင်း အမောဖြေလိုက်သည်။ အမှတ်မထင် ဆိုဖာနောက်မှီပေါ်မှာ ရွှေဝါရောင် ဆံပင်ရှည်တစ်ချောင်းတွေ့မိတော့ သူ့ရင်ထဲ နာကျင်လွမ်းမောသွားသည်။
ခါတိုင်းလို အိမ်အပြန် တံခါးဖွင့်ဝင်လာချိန် ဆီးကြိုနေကျ အသံလွင်လွင်လေး မကြားရတော့သည်မှာ လအနည်းငယ်ပင် လွန်မြောက်ခဲ့ပြီ။ ညစာထမင်းဝိုင်းမှာ တိတ်ဆိတ်ခြောက်ကပ်စွာ တစ်ယောက်တည်း စားခဲ့ရသည့်ရက်များကို သူ မရေတွက်ချင်တော့။
သူမပြင်ဆင်ပေးသော ပြင်သစ်ကြက်သွန်နီဟင်းရည်၊ အမဲသားနှပ်နှင့် ပြင်သစ်အာလူးကြော်ကို တမ်းတမိသည်။ ခုလိုသောကြာနေ့ညခင်းများ သူမ သူ့အနားမှာရှိနေလျှင် ဘယ်မှမသွားတော့ဘဲ ညစာကောင်းကောင်းစားပြီးသည့်အခါ နှစ်အလိုက် ထူးချွန်ဆုရ ရုပ်ရှင်ကားများကို တစ်လှည့်စီရွေးပြီး ကြည့်ကြသည်။ စနေနေ့မနက်ကို နောက်ကျမှ အိပ်ရာကထပြီး နက်စ်ကော်ဖီခါးခါးတစ်ခွက်ကို အချိန်ဆွဲသောက်ရင်း သူမမျက်နှာကို တစိမ့်စိမ့်ကြည့်ရခြင်းသည် သူ့အတွက် ပြီးပြည့်စုံသော နံနက်ခင်းတစ်ခုကို ပိုင်ဆိုင်ခွင့်ရသွားခြင်းပင်ဖြစ်သည်။
အားလပ်ရက်နေ့လည်ခင်းများတွင် သူမနှင့်အတူ ဈေးဝယ်ထွက်ပြီး ပန်းချီပြခန်းတစ်ခုခု ဒါမှမဟုတ် ရုပ်ရှင်ကားသစ်တစ်ကားကို ၀င်ကြည့်ကြသည်။ ပြီးလျှင် သူနှင့်သူမထိုင်နေကျ ကော်ဖီဆိုင်သွား၍ ကော်ဖီသောက်ရင်း အစောပိုင်းက ကြည့်ခဲ့သော ပန်းချီကား သို့မဟုတ် ရုပ်ရှင်ကားအကြောင်း၊ ဇာတ်လမ်းဇာတ်ကောင် စရိုက်များအကြောင်း သူမနှင့်အတူ အမြင်ဖလှယ်ပြောဆိုကြသည့် အချိန်များကို သူခုံမင်တမ်းတသည်။ အရိုးသားဆုံး ၀န်ခံရလျှင် သူမနှင့်အတူရှိနေသော အချိန်တိုင်းကို မည်သည့်အရာနှင့်မျှမလဲနိုင်လောက်အောင် သူ မက်မောတွယ်တာ နှစ်သက်နေခဲ့မိသည်။
ယခုတော့ သူသည် ရှင်းလင်းမနေသော ဧည့်ခန်းထဲမှာ၊ သန့်ရှင်းမှုလိုအပ်နေသော ထမင်းစားခန်းနှင် မီးဖိုခန်းမှာ တစ်ယောက်တည်း ကြေကွဲစွာ သူမ၏အရိပ်များကို မေ့ဖျောက်ဖို့ ခက်ခဲပင်ပန်းစွာ ကြိုးစားအားထုတ်နေရသည်။ သူမနှင့်အတူ သွားနေကျနေရာများ၊ ကြည့်နေကျ ရုပ်ရှင်ရုံများသို့ မရောက်ဖြစ်သည်မှာတောင် ကြာခဲ့ပြီ။
သူမ နှုတ်မဆက်ဘဲ၊ အကျိုးအကြောင်းတစ်စုံတစ်ရာ အသိပေးခြင်းမရှိဘဲ သူ့အနားမှ တိတ်တဆိတ် ထွက်ခွာသွားခြင်းသည် သူ့ကို ပြတ်ပြတ်သားသားပြော၍ လမ်းခွဲခြင်းထက် အဆပေါင်းများစွာပို၍ ထိခိုက်ခံစားစေခဲ့ကြောင်း သူမကို သိစေချင်ပါသည်။ သူမတစ်နေ့ ပြန်လာနိုးနှင့် စောင့်မျှော်ရင်း နေ့ရက်များ အေးခဲခြောက်သွေ့စွာ လွန်မြောက်သွားသည့်တိုင် သူမ သူ့ဆီ ပြန်မလာခဲ့ပါ။
(ခ)
အဲဒီနေ့က သူဆွဲရမည့် ပန်းချီကားအတွက် ကိုယ်ဟန်ပြမယ်တစ်ဦးလိုအပ်နေချိန် ကျောင်းသားတစ်ယောက်က သူမကို ခေါ်လာပြီး မိတ်ဆက်ပေးခြင်းဖြစ်သည်။ “သူ့နာမည်က မာရီယာတဲ့၊ အချိန်ပိုင်း ကျောင်းသူတစ်ဦးပါ။ ဆရာ့အတွက် ကိုယ်ဟန်ပြမယ်လိုအပ်နေတယ်ဆိုလို့ ကူညီချင်ပါတယ်တဲ့” ဆံပင်ရွှေရောင်အဆင်းနှင့် ကျော့ရှင်းပြေပြစ်သော ကိုယ်ဟန်သည် သူ့ပန်းချီကားအတွက်ထက် သူ့စိတ်အာရုံကိုပို၍ ဆွဲဆောင်နိုင်ခဲ့သည်။ မိန်းကလေးများနှင့် အရောတ၀င်ဆက်ဆံလေ့မရှိသောသူသည် သူမကို စိတ်ဝင်စားသော်လည်း အလုပ်သဘောအရ တည်တည်တံ့တံ့ပင် ပြောဆိုဆက်ဆံခဲ့သည်။
မာရီယာကမူ သူ့ကို ဟိုးအရင်ကတည်းက တွေ့ဖူးမြင်ဖူးနေသူလိုပင် တရင်းတနှီးဆက်ဆံသည့်အတွက် သူစိတ်သက်သာရာရသွားပြီး သူမနှင့်ရင်းနှီးမှု ရခဲ့သည်။ အချို့သောညနေခင်းများတွင် သူ့အတန်းပြီးဆုံးသည့်အခါ မာရီယာရောက်လာပြီး သူမနှင့်အတူ ညစာစားဖို့ လာခေါ်တတ်သည်။ ပါရီမြို့တွင် သူ မရောက်ဖူးသော နေရာများ၊ ဆိုင်များကို သူမကပင် ဦးဆောင်ခေါ်သွားလေ့ရှိသည်။ တဖြည်းဖြည်းနှင့် မာရီယာသည် ခြောက်သွေ့ အထီးကျန်ဆန်သော သူ့နေ့ရက်များကို စိုပြည်ပျော်ရွှင်စရာကောင်းအောင် ပြုလုပ်ဖန်တီးပေးခဲ့သည်။ ထို့အတွက် သူ မာရီယာ့ကို ကျေးဇူးလည်းတင်၊ ချစ်လည်း ခင်ခဲ့ရသည်။
တကယ်တမ်း မိမိမွေးဖွားကြီးပြင်းရာဒေသနှင့် အဝေးကြီးမှာ ရောက်နေသော သူ့နေ့ရက်များသည် သူမနှင့် မတွေ့ခင် အချိန်ထိ အထီးကျန်ခဲ့ရသည်။ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအ၀ိုင်းမှာ မွေးဖွားလာသောသူ့ကို မိဘဆွေမျိုးများက အဆင့်မြင့်အတန်းပညာသင်ယူပြီး ဘိုးစဉ်ဘောင်ဆက် အောင်မြင်ခဲ့သော မိသားစု စီးပွားရေးလုပ်ငန်းကို ဦးစီးလုပ်ကိုင်စေချင်ကြသော်လည်း သူက အားလုံးကိုဆန့်ကျင်၍ သူစိတ်ပါဝင်စားရာ ပန်းချီအနုပညာ ဘာသာရပ်ကိုသာ အေးအေးလူလူ သင်ယူလိုသည်။ ထို့အတွက်ကြောင့်ပင် ဆွေမျိုးအသိုင်းအ၀ိုင်းများနှင့်ဝေးရာ ပါရီမြို့ရှိ နာမည်ကျော် အနုပညာကျောင်းမှာ လာရောက်အပ်နှံ သင်ယူခဲ့ခြင်းဖြစ်သည်။ ပန်းချီဒီဇိုင်း အနုပညာနှင့် ပတ်သက်လျှင် ပါရီမြို့ထက်ပို၍ကောင်းသော နေရာမရှိနိုင်ဟု သူယူဆမိသောကြောင့်လည်း ဖြစ်နိုင်ပါသည်။
ပါရီမှာ ကျောင်းတက်ခွင့်ရဖို့အတွက် သူအခက်အခဲတွေ အများကြီးကျော်ဖြတ်ခဲ့ရသည်။ အရင်ဆုံး ပြင်သစ်ဘာသာကို လေ့လာသင်ယူရသည်။ ကျောင်းစရိတ်အတွက် အချိန်ပိုင်း အလုပ်များကို နေ့ဆိုင်းညဆိုင်းခွဲပြီးလုပ်ကာ ပိုက်ဆံစုခဲ့ရသည်။ မိဘဆွေမျိုးများ၏ ငြိုငြင်အမျက်ရှခြင်းကို ခံခဲ့ရသည်။ သူ့ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ဆုံးဖြတ်ချက်အတွက် မွေးရပ်မြေကို စွန့်ခွာပြီး တစိမ်းတရံ လူမျိုးခြားများအလည်မှာ ရပ်တည်ခဲ့ရသည်။
သူ၏ကြိုးစားအားထုတ်မှုနှင့် ဗီဇပါရမီအခံကြောင့် ဒုတိယနှစ်ရောက်သည့်အခါ ဆရာများနှင့် အတန်းဖော်များ၏ အသိအမှတ်ပြု အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ အမေရိကန်လူမျိုးဆိုလျှင် အနည်းငယ်ခွဲခြားဆက်ဆံတတ်သော ပြင်သစ်အတန်းဖော်တို့သည် သူ့ကိုတော့ ဖော်ရွေခင်မင်စွာ ပြောဆို ဆက်ဆံလာခဲ့ကြသည်။ တတိယနှစ် အရောက်မှာတော့ သူနှင့်ပါရီသည် အတော့်ကို အသားကျသွားခဲ့ပြီ။ လေးနှစ်တာကျောင်းပြီးဆုံးသည့်တိုင် ပါရီမှ သူမခွာချင်သေး။ ပါရီမြေသည် သူ့အတွက် လေ့လာဆည်းပူးစရာ မကုန်နိုင်အောင်ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် သူသင်ယူခဲ့ရာကျောင်း၌ပင် အချိန်ပိုင်း လက်ထောက်ပန်းချီဆရာအဖြစ် အလုပ်ဝင်ခဲ့သည်။ သူ့အတွက် ပုံမှန်လစာငွေ ရရှိသွား၍ အချိန်ကာလတစ်ခုအထိ ပါရီမှာပင် ဆက်လက်နေထိုင်လိုက်ဦးမည်ဟု ဆုံးဖြတ်ချက်ချအပြီးမှာ မာရီယာနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။ ပါရီသူ မာရီယာသာ သူ့ဘေးမှာ အမြဲရှိမည်ဆိုလျှင် သူ့ဘ၀၏ ကျန်ရှိသောနေ့ရက်များကို ပါရီ၌သာ ကုန်ဆုံးလွန်မြောက်တော့မည်ဟု သူဆုံးဖြတ်ခဲ့သည်အထိပင်။ အဲဒီလောက်အထိ သူမကို သူမြတ်နိုးခဲ့ရသည်။
(ဂ)
နွေဦးဝင်စ သာယာသော စနေနေ့ညနေခင်းတစ်ခုတွင် စိတ်ပြေလက်ပျောက် သူလမ်းလျှောက်ထွက်ခဲ့သည်။ စိန်းမြစ်ဖြင့် ခွဲခြားထားသော လက်ဖ်ဘင့်ခ်နှင့် ရိုက်ဘင့်ခ်မြို့နှစ်မြို့ကို သူ့စိတ်တွင်း နှိုင်းယှဉ်ကြည့်နေမိသည်။ လက်ယာကမ်းပါးက ရိုက်ဘင့်ခ်မြို့တွင် လူချမ်းသာများ နေထိုင်ကြပြီး လက်ဝဲကမ်းပါး လက်ဖ်ဘင့်ခ်မြို့တွင် ပညာဆည်းပူးနေသူ၊ ဘ၀ရည်မှန်းချက် အောင်မြင်ရေးအတွက် ရုန်းကန်လှုပ်ရှားနေသူ သူလိုလူအများစု နေထိုင်ကြခြင်းဖြစ်သည်။ လက်ဝဲကမ်းပါးရှိ စိန့်ဂျာမိန်းလမ်းပေါ်မှ ကဖေးဆိုင်များတွင် သူနှင့်ဘ၀တူကျောင်းသားများ မကြာခဏထိုင်လေ့ရှိကြသည်။ မာရီယာနှင့်လည်း ထိုင်ဖူးသည်။ ရူးဒက်စ်က နက်တေးလမ်းပေါ်မှ ဈေးချိုသော စားသောက်ဆိုင်၊ ဒါမှမဟုတ် တက္ကသိုလ်လမ်းက စားသောက်ဆိုင်များတွင် သူတို့သွားရောက်စားသောက်ခဲ့ဖူးသည်ကို အမှတ်ရသည်။
မာရီယာသည် အချိန်ပိုင်းလစာငွေရသောသူ့အား သက်သက်သာသာ သုံးစွဲစားသောက်နိုင်အောင် ဈေးချိုသော ဆိုင်များကို ညွှန်ပြမိတ်ဆက်ပေးလေ့ရှိသည်။ သူမကိုယ်တိုင်လည်း အချိန်အားရလျှင်ရသလို သူ့အတွက် ညနေစာကို ပြင်ဆင်ချက်ပြုတ်ပေးသည်။ သူ့အ၀တ်တွေ ကူလျှော်ပေးသည်။ ပန်းကန်တွေ ဆေးပေးသည်။ အိမ်သန့်ရှင်းရေးကို သူ မတောင်းဆိုရပါဘဲ တက်တက်ကြွကြွ လုပ်ဆောင်ပေးသည်။ သူ့အတွက်တော့ အိမ်ရှင်မကောင်းတစ်ယောက် ကောက်ရထားသလိုပင်။ သူမသိနားမလည်သေးသော ပြင်သစ်စာနှင့်စကားကိုလည်း စိတ်ရှည်လက်ရှည် ရှင်းပြပေးသေးသည်။ ပြီးခဲ့သောဆောင်းဦးရာသီ၏ ခြေခင်းလက်ခင်း သာယာသောနေ့တစ်နေ့တွင် မာရီယာတစ်ယောက် အထုတ်ဆွဲကာ သူ့အိမ်သို့ ပြောင်းရွှေ့လာခဲ့သည်။ သူအနည်းငယ် အံ့သြမိသော်လည်း ပျော်ရွှင်ခဲ့သည်။ သို့သော်... သူပျော်ရွှင်ရသော နေ့ရက်များသည် ဟေမာန်စိမ့်အေး နှင်းဖွေးဖွေးကျနေသော ဆောင်းရာသီ မကုန်ခင် နေ့တစ်ရက်မှာပင် ပျောက်ကွယ်ခဲ့ရသည်။
(ဃ)
“ဆရာ…”
ခေါ်သံတစ်ခုကြောင့် သူ့အတွေးနှင့်အတူ ခြေလှမ်းပါ ရပ်တန့်သွားသည်။ စိန့်မာတင်တူးမြောင်းဘေးက လျှောက်လမ်းပေါ်မှာ တွေ့မြင်ရသော မိန်းကလေးသည် သူ့အတန်းထဲမှ တပည့်တစ်ဦးဖြစ်ကြောင်း သိလိုက်သော်လည်း သူမနာမည်ကို သူ ရုတ်တရက် မေ့နေသည်။ သူမက အံ့သြ၀မ်းသာစွာဖြင့် လက်ကိုင်အိတ်ထဲမှ စာတစ်စောင်ထုတ်ပေးသည်။ သောကြာနေ့က ဆရာ့ကို ကျောင်းမှာ လိုက်ရှာသေးတယ်။ ဆရာ လူဗာပြတိုက်သွားတယ်ဆိုလို့…။ ဆရာ့နာမည်နဲ့ ဒီစာကို ကနေဒါက ကျွန်မမိတ်ဆွေတစ်ယောက်က ပေးခိုင်းလိုက်လို့ပါ။
စာအိတ်ပေါ်က သူ့နာမည်နှင့် ကျောင်းလိပ်စာရေးထားသော အင်္ဂလိပ်လက်ရေးခပ်သော့သော့ကို သူ မရင်းနှီးပါ။ တပည့်မလေးကို သူကျေးဇူးတင်စကားပြောလိုက်ပြီး စာကို လက်ခံယူလိုက်သည်။ နှုတ်ဆက်ခါနီးမှ တပည့်မလေးကပြုံးပြီး သူမနာမည်ကို ပြောသွားခဲ့သည်။ “ကျွန်မနာမည် ရှားလော့ပါဆရာ” တဲ့။ သြော်… ဟုတ်သားပဲ… ရှားလော့…ရှားလော့… သူ့စိတ်ထဲ ရေရွတ်နေယင်း တစ်ခါက သူ၊ မာရီယာနှင့် ရှားလော့တို့ စိန့်ဂျာမိန်းလမ်းပေါ်က ကော်ဖီဆိုင်မှာ တစ်ဝိုင်းထဲ အတူတူ သောက်ခဲ့ဖူးကြသည်ပဲ။ မာရီယာ ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံခဲ့သော ကျောင်းသူသည် ရှားလော့တစ်ယောက်သာ ရှိဖူးသည်ကို သူအမှတ်ရသွားသည်။ ဒီစာက မာရီယာနဲ့များ ပတ်သက်နေမလား…။
သူစာကို အလောတကြီး ဖောက်ဖတ်လိုက်သည်။
(င)
မောင်…
ကျွန်မနာမည်ရင်းက “ဗယ်လာရီ” ပါ။ “မာရီယာ” ဆိုတဲ့နာမည်ကို ပါရီရောက်မှ မှည့်ခေါ်သုံးစွဲခဲ့တာပါ။ ကျွန်မရဲ့ မိဘနှစ်ပါးက ကနေဒါမှာအခြေချခဲ့တဲ့ ပြင်သစ်နွယ်ဖွားဇာတိတွေပေါ့။ ဒါကြောင့် ကျွန်မ ပြင်သစ်စာ၊ စကား ကောင်းကောင်းတတ်ကျွမ်းခဲ့တဲ့အပြင် ပြင်သစ်ယဉ်ကျေးမှုနဲ့လည်း နီးစပ်ခဲ့ပါတယ်။ ပါရီကို မလာခင်က ကျွန်မဟာ ကနေဒါနိုင်ငံရဲ့ ကိုယ်ဟန်ပြမယ်အေဂျင်စီတစ်ခုမှာ အချိန်ပြည့် ကိုယ်ဟန်ပြမယ်လုပ်ခဲ့ပါတယ်။ ကျွန်မရဲ့ ရည်မှန်းချက်က တစ်နေ့မှာ အောင်မြင်ကျော်ကြားတဲ့ အပြည်ပြည်ဆိုင်ရာ ကိုယ်ဟန်ပြမယ်တစ်ဦး ဖြစ်ဖို့ပါ။ ဒါကြောင့် ကျွန်မလက်ရှိအနေအထားထက် ပိုအောင်မြင်လူသိများဖို့ အမေရိကားက နာမည်ကျော်အေဂျင်စီတစ်ခုမှာ ပြောင်းလျှောက်ခဲ့ပါတယ်။ အလုပ်လည်းလက်ခံရရှိခဲ့ပါတယ်။ ဒါပေမဲ့ ငွေကြေးအရရော၊ နေရာပေးမှု အနေအထားပါ ထင်သလောက် မရခဲ့ဘူး မောင်။
ကျွန်မစိတ်ဓာတ်ကျနေတဲ့အချိန်မှာပဲ မောင့်မေမေနဲ့တွေ့ခဲ့တယ်။ သူက ဒီအေဂျင်စီရဲ့ ၅၁ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူမို့ သူ့သြဇာအာဏာက အတော်လေးသက်ရောက်မှုရှိတယ် မောင်။ ကျွန်မကို ခေါ်တွေ့ပြီး သူ့ရဲ့ပုဂ္ဂိုလ်ရေးရာ ကိစ္စတစ်ခုမှာ အချိန်တစ်ခုအထိ အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ပြီးတာနဲ့ ကျွန်မကို အကြီးတန်းကိုယ်ဟန်ပြမယ်အဖြစ် ခန့်အပ်ပြီး နိုင်ငံတကာပွဲတွေအတွက် ၃နှစ် စာချုပ်ချုပ်ပေးပါမယ်တဲ့။ ကျွန်မလည်း သဘောတူလက်ခံခဲ့တယ် မောင်။ သူ့ကို အကူအညီပေးရမယ့်ကိစ္စက ကျွန်မအတွက်တော့ သိပ်မခက်ခဲပါဘူး။ တစ်ခုပဲ ပါရီသူ ပီသအောင် ပါရီမှာ ခြောက်လတိတိနေထိုင်ပြီး ပါရီသူတွေရဲ့ အပြောအဆို လေယူလေသိမ်း အမူအကျင့်တွေကို လေ့လာမှတ်သား ကျင့်ကြံရတာပါပဲ။ ပြီးတော့ မောင့်အကြောင်း အနည်းငယ်သိအောင် လေ့လာရပါတယ်။
အဓိကကတော့ မောင့်နှလုံးသားကို ကျွန်မဆီပါအောင်လုပ်ပြီး မောင့်ကို အသည်းခွဲခဲ့ဖို့၊ မောင် ပါရီမှာ စိတ်ပျက်လက်ပျက်ဖြစ်ပြီး အမေရိကားပြန်ဖို့ တွန်းအားတစ်ခုဖြစ်အောင် မောင့်မေမေက ကျွန်မကို မောင့်ထံအရောက် ကြံစည်စေလွှတ်ခဲ့တာပါ။ မောင် တတိယနှစ် ကျောင်းမစခင်ကတည်းက ကျွန်မ ပါရီမှာ ရောက်နေခဲ့ပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရတာပါ။ ခုလောက်ဆို မောင်ကျွန်မကို သိပ်စိတ်ဆိုးနာကျည်း နေလောက်ရောပေါ့။
တကယ်တမ်း မောင်နဲ့အနီးကပ်ဆက်ဆံရမှ မောင်ဟာ ကျွန်မထင်သလို ရေပေါ်ဆီလူစားမျိုးမဟုတ်ဘဲ ကိုယ်စိတ်ပါဝင်စားရာ အနုပညာတစ်ခုအတွက် အခက်အခဲတွေ ရင်ဆိုင်ကျော်ဖြတ်ပြီး ကိုယ့်အားကိုယ်ကိုး ကြိုးစားနေသူတစ်ယောက်ဆိုတာ သိလာရလို့ မောင့်ကို ကျွန်မ စိတ်ထဲက လေးစားမိပါတယ်။ နောက်ပြီး…. ကျွန်မ… မောင့်ကို…. ချစ်မိခဲ့ပါတယ်။ မောင့်မေမေ့က စာချုပ်မှာ ကျွန်မကို အချိန်ကန့်သတ်ပေးထားတာကြောင့် ပြီးခဲ့တဲ့ဆောင်းရာသီမှာ ကျွန်မ မောင့်ကိုချစ်ပါလျက်နဲ့ အကြောင်းပြချက်မပေးဘဲ လမ်းခွဲခဲ့ရတာပါ မောင်ရယ်။
အချိန်အတိုင်းအတာတစ်ခု လွန်မြောက်ရင် ကျွန်မ မောင့်ကို မေ့သွားမယ်ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ မောင့်ကို တစ်ရက်မှ မေ့မရခဲ့ပါဘူး။
ကျွန်မ မောင့်မေမေနဲ့သဘောတူထားတဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီး အေဂျင်စီကနေလည်း နှုတ်ထွက်လိုက်ပါပြီ။ မောင့်မေမေက ဒီကိစ္စအတွက် မောင့်ကို မရိပ်မိစေချင်၊ ကျွန်မကို နှုတ်လုံစေချင်ပေမယ့် မောင့်ယုံကြည်မှုကို ကျွန်မပြန်ရဖို့အတွက် မောင့်ကိုပြောပြလိုက်တာပါ။ ဒါပေမဲ့ သားအတွက် အတ္တကြီးခဲ့တဲ့ အမေတစ်ယောက်ရဲ့ ခံစားချက်နဲ့လုပ်ရပ်ကို မောင်နားလည်ခွင့်လွှတ်ပေးလိုက်ပါ။ ကျွန်မကတော့ မောင်နဲ့တွေ့ခွင့်ပေးခဲ့တဲ့သူ့ကို ကျေးဇူးတင်ပါတယ်။ အားလုံးကိုမေ့ပစ်ပြီး မောင်ချစ်တဲ့ပါရီမှာပဲ ကျွန်မတို့နှစ်ယောက် အေးအတူပူအမျှ နေသွားကြရအောင်လို့ ကျွန်မတောင်းဆိုချင်ပါတယ်။
နွေဦးမကုန်ခင်တစ်ရက်မှာ မောင့်ဆီကို ကျွန်မ ပြန်လာခဲ့ပါ့မယ်။ ကျွန်မတို့နှစ်ယောက် ဆုံနေကျ ကော်ဖီဆိုင်လေးမှာပဲဖြစ်ဖြစ်၊ အခြားသွားဖူးနေကျ နေရာတစ်ခုမှာပဲဖြစ်ဖြစ် ကျွန်မ မောင့်ကို လာတွေ့ပါ့မယ်။ အဲဒီ့အခါကျမှ မောင်ကြိုက်သလို ဆုံးဖြတ်ပါနော်။
မောင့်ကိုလွမ်းတဲ့
မာရီယာ
(စ)
သူစာဖတ်အပြီးမှာ ခံစားချက်ပေါင်းစုံဖြင့် တခဏမျှ ငေးငိုင်သွားသည်။ သြော်….မေမေ၊ မေမေ သူ့နှုတ်မှဖွဖွ ရေရွတ်မိသည်။ မာရီယာပြောသလို အားလုံးကို ဗွေမယူဘဲ မေ့ပစ်လိုက်ရမှာလား။ ဒါမှမဟုတ် ခုချက်ခြင်းပဲ ဖုန်းလှမ်းဆက်ပြီး…. မေမေ့အကြံတွေအားလုံး ကျွန်တော်သိခဲ့ပြီလို့ ပြောပစ်လိုက်ရမှာလား…။ သူဝေခွဲမရဘဲ သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။
ဟင့်အင်း… မဆက်တော့ပါဘူး။ မင်းသာ ကိုယ့်အနားပြန်ရောက်လာမယ်ဆိုရင် ဘယ်သူ့ကိုမှ အပြစ်တင်စရာ မလိုတော့ပါဘူးကွယ်။
မာရီယာ… မင်းတကယ် ကိုယ့်ဆီပြန်လာမှာလား။ နွေဦးမကုန်ခင် တကယ်ပဲ ကိုယ့်ဆီ အရောက်ပြန်လာမှာလား…။ သူ့အတွေးတွေ မဆုံးသေးခင်… သူ့ခြေလှမ်းတွေက ကော်ဖီဆိုင်လေးရှိရာကို…။ တကယ်ဆို နွေဦးကုန်ဖို့ ရက်အနည်းငယ်သာ လိုတော့ကြောင်း သူသတိရသွားသည်လေ...။
မာရီယာနှင့်သူ ပြန်လည်ဆုံတွေ့ကြသော ညနေခင်းတစ်ခုက ပါရီမြို့၏ ဆည်းဆာချိန်ခါသည် သူ့တစ်သက်တာတွင် အလှဆုံးဖြစ်ကြောင်း ထပ်မံပြောဆိုဖို့ လိုတော့မည်မထင်ပါ။
ဇွန်မိုးစက်
----------------------------------------------------------------------------------------------------------------------
စာရေးဆရာကြီး Sidney Sheldon ရဲ့ Master of the Game ၀တ္တုထဲက စတုတ္တအပိုင်းမှာပါတဲ့ တိုနီ့အကြောင်းကနေ ဆင့်ပွားခံစားပြီး ဒီစာစုလေး ရေးဖြစ်သွားတာပါ။ ရေးထားတာ အတော်ကြာခဲ့ပေမယ့် ဒီနေ့မှပဲ အပြီးသတ်နိုင်ပါတယ်။ ဒီစာရေးလက်စမှာပဲ ငယ်ငယ်ကကြိုက်ခဲ့ဖူးတဲ့ Savage Garden ရဲ့ Truly Madly Deeply Original Music Video ကို YouTube ကနေ အမှတ်မထင် ကြည့်ဖြစ်ပါတယ်။ တိုက်တိုင်ဆိုင်ဆိုင် သူ့သီချင်းနောက်ခံက ပဲရစ်မြို့မှာ ရိုက်ကူးထားတာဖြစ်လေတော့ အဲဒီ့ဗွီဒီယိုလင့်ခ်ကို ထည့်ချင်စိတ်ပေါ်သွားပြီး အဆုံးသတ်ကိုလည်း ဗွီဒီယိုလေးနဲ့ ဆက်စပ်မိသွားအောင် ရေးဖွဲ့လိုက်ပါတယ်။
စာဖတ်ပြီးမှ သီချင်းဗွီဒီယိုလင့်ခ်ကို ကြည့်လိုက်ရင် ပိုကောင်းမယ်လို့ ဇွန် အကြံပြုပါတယ်။း)
စာကြွင်း။ ။ ပါရီမြို့နဲ့ပတ်သက်တဲ့ အချက်အလက် နာမည်အခေါ်အဝေါ်များ မမှန်ကန်ခဲ့ရင် ဇွန်မိုးစက်ရဲ့ လိုအပ်ချက်သာ ဖြစ်ပါတယ်။
စစချင်း ဖတ်လိုက်စဉ်မှာပဲ
ဆွဲဆောင်ခေါ်ငင်သွားတယ်၊
ဘာသာပြန်၊ သို့မဟုတ် ရုပ်ရှင် လို့တောင် ထင်ထားမိတာ။
အပြုံးပြောသလိုပဲ...
ဗွီဒီယိုလည်း ကြည့်လိုက်တယ်။
ဆန်းကျယ်တဲ့ ဆုံစည်းမှုတွေ...
ဟား ကြိုက်တယ် ကြိုက်တယ်
ဒါမျိုးလေးတွေလည်း ကြိုက်တယ်
ရေးတတ်လိုက်တာဇွန်။
ကြိုက်ပါတယ်။
ဘာသာပြန် အရမ်းကောင်းပါတယ်။ စာဖတ်သူကို ဇတ်လမ်း အစ ကနေ အဆုံးထိ ဆွဲခေါ်သွားတယ်။ ကျေးဇူးပဲ နောက်လည်းရှိသေးရင် တင်ပေးပါအုံး။
လာဖတ်ပေးတဲ့ အစ်မပြုံး၊ မမသီတာ၊ မမင်း၊ အစ်မရှင်လေးနဲ့ အနောနီးမတ်စ်တို့ကို ကျေးဇူးတင်ပါတယ်။
အနောနီးမတ်စ်ရေ... ဘာသာပြန်စစ်စစ်တော့ ဟုတ်ဘူးရယ်။ တကယ့်ဝတ္ထုထဲက ဇာတ်ကောင်ရယ်၊ ပါရီမြို့နောက်ခံရယ်နဲ့ သူနဲ့ပတ်သက်ခဲ့တဲ့ မိန်းကလေးဇာတ်ကောင်ကိုယူပြီး အခြားစိတ်ကူးတွေနဲ့ ပေါင်းစပ်ရေးဖွဲ့လိုက်တာပါ။း)
ကြက်သီးထ တယ် ဖတ်နေရင်း...
ပရင့်ထုတ် ဖတ်တာ...
အရမ်းဆွဲဆောင်မှု ရှိတယ် ဇွန်..
မလေး ရောက်တယ်။ ကွန့်မင့် မထားတာရယ်..
ဖဘ မှာ ဓာတ်ကျနေတာကော.. ပျင်းနေတာကော..
ခွင့်လွှတ်နိုင်မယ်ထင်သည် :P
ချစ်ခင်လျှက်...
မလေး
ပရင့်ထုတ်ပြီးဖတ်တဲ့ မလေးကို ခွင့်လွှတ်လိုက်ပါသည်။း)
ညီမဇွန်...ခုမှပဲ အသေအချာ လာဖတ်ရတယ်။ လှပသေသပ်တဲ့၊ အရေးအသား နိုင်နင်းတဲ့ အချစ်ဝတ္ထုလေးတပုဒ်ပါ.....:)
အရေးအသား သိပ်ညက်ညောတာပါပဲ အစ်မဇွန်း) ပါရီရဲ့ အငွေ့အသက်လေးတွေကိုပါ ရလိုက်သလိုပဲ...
အစ်မချစ်နဲ့ ညီမရွှေပြည်သူတို့ရဲ့ ကော်မန့်တွေကြောင့် အားတွေရှိသွားပြီ။း)
ရေး ထား ပုံ အ ရမ်း ကြိုက် ပါ သည်။ အဲ လို တည် ကြည် တဲ့ ချစ် သူ မျိုး လည်း ကြိုက် တယ် ဟဲ ဟဲ
ရေး ထား ပုံ အ ရမ်း ကြိုက် ပါ သည်။ အဲ လို တည် ကြည် တဲ့ ချစ် သူ မျိုး လည်း ကြိုက် တယ် ဟဲ ဟဲ
မထင်မှတ်တဲ့ အလှည့်လေးတစ်ခုနဲ့ လှလှပပ သိမ်းလိုက်တဲ့ ချစ်စရာ ဝတ္ထုလေး တစ်ပုဒ်....၊း)
စိန်းမြစ်ရဲ့ လက်ဝဲ၊ လက်ယာ ယဉ်ကျေးမှု၊ စိန့်ဂျာမိန်း၊ ပါရီ မြို့သူမြို့သားတွေရဲ့ ကွဲပြားတဲ့ လေယူလေသိမ်း... ဒါတွေဖတ်ရတော့ နေရာဒေသကို သေသေချာချာ လေ့လာထားပြီးမှ ရေးဖွဲ့ခဲ့တာမှန်း သိနိုင်ပါတယ်၊ ညီမလေးရဲ့ ညက်ညောတဲ့ အရေးအသားမှာ ပါရီနွေဦးထဲ ကိုယ်တိုင် မျောပါသွားခဲ့တော့တယ်....။း)