အရင်နှစ်က 31st August Blog Day ကျော်သွားမှ သိခဲ့တာမို့ ဒီနှစ်တော့ အချိန်မီ ဘလော့ဂ်ဒေးအတွက် တစ်ခုခုရေးချင်တဲ့ ဆန္ဒဖြစ်မိပါတယ်။ ဘာရေးရင် ကောင်းမလဲ စဉ်းစားလိုက်တော့ စင်္ကာပူဘလော့ဂ်ရွာထဲက မောင်နှမတွေနဲ့ အကြောင်းတိုက်ဆိုင်လို့ ဆုံတွေ့ခင်မင်ခဲ့ကြပုံကို အမှတ်ရသွားပါတယ်။
ရေစက်ရှိလို့ ဆုံရတယ်တဲ့။ ဟုတ်မှာပါ…. မြန်မာဘလော့ဂါတွေ အများကြီးထဲမှာမှ ကိုယ်တိုင်ကိုယ်ကျ ဆုံတွေ့ခင်မင်ရသူတွေက လက်ချိုးရေတွက်လို့ ရမယ်ထင်ပါတယ်။ ဒါပေမဲ့ ဒီပို့စ်ထဲမှာ ခင်မင်ရင်းနှီးခွင့် မရခဲ့ပေမယ့်လည်း တွေ့ဖူး၊ မြင်ဖူးသမျှ ဘလော့ဂါမောင်နှမများအားလုံးကို မှတ်မိသလောက် ချရေးသွားမှာပါ။ (ကျန်ခဲ့ရင်လည်း သတိပေးပါဦး)
ကိုယ်တိုင် ဘလော့ဂ်မရေးသေး၊ သူတို့လည်း ဘလော့ဂ်မလုပ်ခင်ကတည်းက ရင်းနှီးခင်မင်ခဲ့ရသူတွေက သူငယ်ချင်း ညိုလေး၊ မဒီ၊ မမင်းနဲ့ ကိုမိုးကုတ်သားတို့ ဖြစ်ပါတယ်။ ကိုမိုးကုတ်သားကိုတော့ မှတ်မှတ်ရရ သူ့ရဲ့ ၃၃နှစ်မြောက် မွေးနေ့မှာ တွေ့ဆုံခင်မင်ခွင့် ရခဲ့တာပါ။
စာဖတ်သူတစ်ယောက်အနေနဲ့ အပတ်စဉ် တနင်္ဂနွေနေ့ မြန်မာစာ လုပ်အားပေးသင်တန်းကျောင်းအတွက် အီးမေးလ်ကတစ်ဆင့် ဆက်သွယ်ပြီး သွားရောက်ဆုံတွေ့ခဲ့သူက ဘလော့ဂ်တာ မမသီတာပါ။ အိမ်ပြန်ရောက်ရောက်ချင်း ပြောမိတာက မမသီတာ ချောလိုက်တာလို့။ မမသီတာကတစ်ဆင့် ကိုဧရာနဲ့အတူ ချစ်စရာကောင်းတဲ့ ရေချမ်း၊ ရေစင်တို့နဲ့ ဆုံတွေ့ခွင့်ရခဲ့တာကလည်း မင်္ဂလာတစ်ပါးပါပဲ။
၂၀၀၉ ဒီဇင်ဘာမှာ ဖိုးစိန်တစ်ယောက် စင်္ကာပူအလည်ရောက်တော့ သွားတွေ့ရင်းနဲ့ ကိုယ်မမြင်ဘူးတဲ့ ဘလော့ဂါတွေ အများကြီးကို ထပ်မံတွေ့ဆုံရပါတယ်။ မမပြာ (ကောင်းကင်ပြာ)၊ မေလေး၊ မိုးခါး၊ မေသူ၊ မြရေလျဉ်၊ မက်မက်၊ ရီနိုမာန်၊ ရေတမာ၊ တောင်ပေါ်သား၊ သက်ပိုင်သူ၊ ကိုစည်သူ၊ ဖိုးသင်္ကြန် စတဲ့မောင်နှမတစ်ပြုံကြီးကို တစ်ခါတည်း တွေ့ဖူးလိုက်တာပါ။ ဒါတောင် နာမည်မမှတ်မိလိုက်တဲ့သူတွေ ကျန်ပါသေးတယ်။ အဲ့ဒီအချိန်က ဘလော့ဂ်မဖွင့်ရသေးတော့ ဇွန်မိုးစက်ရယ်လို့ မသိခဲ့ဘူးပေါ။့ နောက်တစ်ရက် ဖိုးစိန်လက်ရာ ဂရိနေ့လည်စာသွားစားတော့ အမှတ်မထင်တွေ့ဆုံပြီး သူငယ်ချင်းတစ်ယောက်လို ခင်မင်ရင်းနှီးသွားခဲ့သူက ကြယ်ပြာပါ။ ဆောင်းချမ်းမိုး၊ တလနွန်နဲ့ ပွင့်မြူဇင်ကိုလည်း အဲ့ဒီနေ့မှာပဲ တွေ့ဖူးလိုက်ပါတယ်။
တစ်ခါ စင်္ကာပူရောက် ဘလော့ဂါများနဲ့ စာဖတ်သူမောင်နှမတစ်စုရဲ့ နေ့ဆွမ်းအလှူကို ဒီဇင်ဘာ ၂၅ရက်နေ့မှာ ဆမ်ဘောင်ဝမ်းက ဓမ္မဥယျာဉ်ကျောင်းမှာ ပြုလုပ်ကျင်းပခဲ့တာကို တက်ရောက်ပြန်တော့ ကဗျာဆရာမလှလှလို့ နာမည်ကြီးနေတဲ့ မအိန္ဒြာနဲ့ တွေ့ဆုံမိတ်ဆက်ခွင့် ရခဲ့ပါတယ်။ အလှူရက်မတိုင်ခင်ကတည်းက အဲ့ဒီပွဲကို မမဒြာလာရင် မိတ်ဆက်ပေးဖို့ ကိုမိုးကုတ်သားကို အပူကပ်ထားခဲ့တာပါ။ ;) ဖိုးစိန်ရောက်ပြီးနောက် တွေ့ဖူးသူတွေထဲမှာ ပူးတေမောင်နှံ၊ ဆောင်းချမ်းမိုး၊ ကိုသီဟသစ်၊ TnTနဲ့ မိုးတို့လည်း ပါပါတယ်။ သူ့ပရိသတ်ဖြစ်ခဲ့ပြီး လူချင်းအရင်တွေ့ဖူးပေမယ့် သူမှန်းမသိခဲ့တဲ့ ဘလော့ရွာသားလေး (၀ိုင်တီယူ) ကိုတော့ အတန်ကြာမှ လူနဲ့နာမည်နဲ့တွဲပြီး သိခဲ့တာပါ။ ဇွန့်ကိုတွေ့တဲ့အခါ တခုတ်တရ လာနှုတ်ဆက်ဖော်ရတဲ့သူ့ကို ကျေးဇူးတင်ရပါတယ်။
၂၀၁၀ ဖေဖော်ဝါရီ တရုတ်နှစ်ကူးကာလ မလေးရှားနိုင်ငံ ကိုတာတင်ဂီမြို့မှာ ပြုလုပ်ခဲ့တဲ့ မြစိမ်းတောင် တရားစခန်းအသွား ချိန်းဆိုမထားပါဘဲ အစ်မချစ် (ချစ်ကြည်အေး) နဲ့ ဆုံတွေ့ခဲ့တာကလည်း အမှတ်ရစရာပါ။ အစ်မချစ်နဲ့ ရှေ့နောက်ခုံထိုင်လျက်သားဆိုတာ မသိကြပါဘူး။ စင်္ကာပူအင်မီဂရေရှင်းဖြတ်အပြီး ကားပေါ်တက်ပြီး လူစောင့်နေခိုက် မချစ်က ဇွန့်ဘေးက သူငယ်ချင်းကို ဇွန်မိုးစက်ကိုသိလားဆိုပြီး မေးပါတယ်။ တကယ်တော့ သူငယ်ချင်းက ဇွန်မိုးစက်ဘယ်သူဆိုတာ မသိပါဘူး။ အမေနဲ့ဖုန်းပြောနေတဲ့ ဇွန်တစ်ယောက် လက်ထောင်ပြရင်း ခေါင်းညိတ်ပြလိုက်ရပါတယ်။ တော်ကြာ မချစ်က ဇွန်မိုးစက်ဘယ်သူဆိုတာ မသိရမချင်း တစ်ကားလုံးကို လိုက်မေးမှာ စိုးရိမ်လို့ပါ။ :D
မချစ်နဲ့ ဆက်စပ်ပြီးမှ တွေ့ဆုံခင်မင်ခဲ့ရသူတွေက နာမည်ကျော်ကိုတီ (တီဇက်အေ) နဲ့အင်ကြင်းသန့်ပါ။ နောက်ပိုင်း မိုးနဲ့အတူ ညီမအင်ကြင်းကလည်း တနင်္ဂနွေကျောင်းမှာ လာရောက်လုပ်အားပေးခဲ့ပါတယ်။ မချစ်အိမ်သွားလည်တုန်း ပုလုကွေးဆိုတဲ့ ဘလော့ဂါကိုလည်း မြင်ဖူးခဲ့ပါတယ်။ ၂၀၁၀ ဇူလိုင်လထဲမှာ မွေးနေ့ဆွမ်းကပ်ဖြစ်တဲ့အခါ သတိတရနဲ့ ဖိတ်မိတာ ရီတာ့ကိုပါ။ ရီတာနဲ့အတူ ခရေဖြူလည်း လိုက်လာခဲ့ပါတယ်။ ခွေဖြူ...ခွေဖြူနဲ့ ကိုတီ့ဘလော့မှာ ကော်မန့်ပေးသွားတာ သူကိုးလို့ အဲဒီ့ကျမှ အတိအကျ သိလိုက်ရပါတယ်။ :)
၂၀၁၀ စက်တင်ဘာ စာပေဟောပြောပွဲမှာ တစ်စုံတစ်ယောက်ရဲ့ကျေးဇူးနဲ့ မြင်ဖူးလိုက်တဲ့ ဘလော့ဂ်ညီအစ်မတတွေက မသက်ဝေ၊ မပန် (ပန်ဒိုရာ)၊ မတန်ခူးနဲ့ ရွှန်းမီပါ။ အမျိုးသားတွေထဲမှာတော့ ဆင်တဲကဖေးက ချိုကျကို စာပေဟောပြောပွဲ မတိုင်မီကတည်းက မြင်ဖူးပေမယ့် ဘလက်ကော်ဖီကိုတော့ စာပေဟောပြောပွဲနေ့မှ မြင်ဖူးပါတယ်။ ၂၀၁၁ ဇန်န၀ါရီလထဲမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကိုတီရဲ့ မင်္ဂလာပွဲကို လာရောက်အားပေးကြတဲ့အထဲက မြနေနေနိုင်၊ ကိုဒီဘီနဲ့ဇနီး၊ ကိုဘွိုက်စ်နဲ့ချစ်သူစုံတွဲတို့ကို မှတ်မိလိုက်ပါတယ်။ မျက်နှာစာအုပ်ကနေ ခင်မင်ခဲ့ပြီးမှ ၂၀၁၁ စာပေဟောပြောပွဲမှာ လူချင်းဆုံမိတာ မောင်လေးအောင်ဖြိုးပါ။ မိုးပန်းချီကိုလည်း မြင်ဖူးပါတယ်။ ညီမရွှေပြည်သူကို ဖျတ်ခနဲတွေ့လိုက်တယ်လို့ ထင်ခဲ့ပေမယ့် မမှတ်မိပါဘူး။
ဇွန်မတွေ့ဖူးသေးတဲ့ ဘလော့ဂါတွေ၊ တွေ့ချင်သေးတဲ့ ဘလော့ဂါတွေ ကျန်နေပါသေးတယ်။ လူချင်းမတွေ့ရဘဲ ဖုန်းထဲကသာ အသံချိုချိုလေးကြားရတဲ့ မမခင်ဦးမေ၊ ဟိုး… ရပ်ဝေးမြေက မလေး (အိမ့်ချမ်းမြေ့)၊ ဂျာမနီက အစ်မရှင်လေး၊ အဲလ်ပ်စ်တောင်တန်းတွေကြားက ကိုညီလင်းသစ်နဲ့မိသားစု၊ အမေရိကားက မမိုးချိုသင်းနဲ့ မမွန်၊ အင်္ဂလန်က နန္ဒာ (သူနဲ့က ဥရောပခရီးထွက်ရင် ဆုံနိုင်ချေရှိပါတယ်) တို့ပါ။ ခုချိန်ထိ အပြင်မှာ ဆုံတွေ့ဖူးတဲ့ ရေမြေခြားက ဘလော့ဂါတစ်ယောက်ပဲ ရှိခဲ့ပါတယ်။ သူက ဇွန်ငယ်ငယ်ကတည်းက လေးစားအထင်ကြီး အားကျခဲ့ရတဲ့ မနုသွဲ့ပါ။
တလောကမှ ပူပူနွေးနွေး ဆုံတွေ့ခွင့်ရခဲ့တဲ့ ဘလော့ဂ်ရွာသူ၊ ရွာသားနှစ်ဦးက ညီမမေဇင် (နောင့်)၊ နဲ့ မောင်လေး Turn On Ideas တို့ဖြစ်ပါတယ်။ ဘလော့ဂါမဟုတ်ဘဲ ဘလော့ဂ်တွေကို ၀င်ရောက်ဖတ်ရှုအားပေးကြတဲ့ စာဖတ်သူ သူငယ်ချင်းဇာဇာ၊ ညီမဖြူမေ၊ ကလျာတို့နဲ့ တရင်းတနှီး ဆုံတွေ့ခွင့်ရလို့လည်း ၀မ်းသာမိပါတယ်။
ဇွန် ဒီလိုဆုံခဲ့ဖူးတဲ့အကြောင်းရေးတာဟာ အမှတ်တရဖြစ်ချင်တာထက်ပိုပြီး တခြားရည်ရွယ်ချက် မရှိပါဘူး။ ကိုယ်ဆုံဖူးတယ်ဆိုပေမယ့် တစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီးတော့ (သိခဲ့မယ်ဆိုရင်တောင်) အခြားတစ်ယောက်ကို ပြန်ပြောလေ့မရှိပါဘူး။ သူ့စည်းနဲ့သူမို့ နာမည်ရင်းကို သိနေပေမယ့် တစ်ချို့ (real identity) ကို လျှို့ဝှက်ထားချင်တဲ့သူများကို နားလည်စွာနဲ့ မျက်နှာစာအုပ်မှာ add မလုပ်ခဲ့ပါဘူး။
ဒါပေမယ့် ဆုံခဲ့ဖူးတဲ့ ဘလော့ရပ်ဝန်းထဲက မမများ စာရေးကောင်းသလို ဟင်းချက်လည်း ကောင်းကြတာ၊ ရယ်စရာဟာသလေးတွေ နှောပြီးရေးတတ်ပေမယ့် အပြင်မှာ တည်တည်တံ့တံ့နေတတ်တာ၊ ပို့စ်တွေဖတ်၊ ကော်မန့်ရေးတာတွေကြည့်ပြီး မှန်းထားတဲ့ပုံစံနဲ့ အပြင်မှာ ဆန့်ကျင်ဘက်ဖြစ်နေတာ၊ မွေးနေ့တွေနီး၊ အကြိုက်ချင်း တူနေတတ်တာ၊ ကိုယ်နဲ့ဝါသနာတူမို့ ကုလိုလ်ရေးတွေ အတူလုပ်ဖြစ်တာ၊ မလျှော့တဲ့ဇွဲနဲ့ ပရောဂျက်တစ်ခုကို အပြီးသတ်ဖို့ ကြိုးစားနေကြတဲ့သူတွေကြောင့် အားလုံးနဲ့ဆုံတွေ့ခင်မင်ခွင့်ရခဲ့တာ တကယ်ပဲ ၀မ်းသာကျေနပ်ရပါတယ်။
အားလုံးပဲ ဟက်ပီး ဘလော့ဂ်ဒေးပါ။း))
ဇွန်မိုးစက်
သြဂုတ်လ မကုန်ခင် စာအသစ်လည်း မတင်နိုင်တာမို့ လွန်ခဲ့တဲ့ ၅နှစ်၊ ၂၀၀၆ခု သြဂုတ်လထုတ် အနုပညာ မြင်ကွင်းမဂ္ဂဇင်းမှာ ပါခဲ့ဖူးတဲ့ (ဘလော့မှာလည်း တင်ခဲ့ဖူးတဲ့) ၀တ္ထုတိုလေးတစ်ပုဒ်ကိုပဲ ပြန်တင်လိုက်ပါတယ်။
မှတ်မှတ်ရရ ရန်ကုန်မှာရှိနေတုန်း အလုပ်ကနေ ဆေးခွင့်ယူပြီး နားတဲ့နေ့မှာ ဒီဝတ္ထုတိုလေး ရေးဖြစ်သွားတာပါ။ နေ့လည်ခင်းမှာပဲ တစ်ထိုင်တည်း ရေးပြီးသွားခဲ့တယ်။ အဲဒီ့အချိန်က မြန်မာလို သိပ်မရိုက်တတ်သေးတော့ နောက်နေ့ရုံးကို ယူလာပြီး typist ကိုပဲ စာစီဖို့ ပေးလိုက်ပါတယ်။
ဆယ်တန်းပြီးခါစ ၀တ္ထုတိုလေးတွေရေးပြီး ဇွန်တစ်ယောက် စာမူလေးတွေကိုင်လို့ မဂ္ဂဇင်းတိုက်တွေဆီ ချီတက်ခဲ့ဖူးပါတယ်။ အများဆုံးသွားခဲ့တဲ့တိုက်က အပျိုစင်ပါ။ တစ်အုပ်လုံးမှာမှ ၀တ္ထုတိုတစ်ပုဒ်လောက်သာ ပါလေ့ရှိတဲ့နေရာမှာပဲ ကိုယ်ရေးထားတဲ့ဝတ္ထုလေး ပါစေချင်ခဲ့တာ ဘယ်လိုအတ္တမျိုးလို့ ခေါ်ဆိုရမလဲ မပြောတတ်ပါဘူး။ စာရေးတာကို အားပေးတဲ့အမေက သူ့အသိသူငယ်ချင်း မဂ္ဂဇင်းတိုက်ကို ပို့ပေးရမလား မေးခဲ့ပေမယ့် ဇွန်က လက်မခံခဲ့ပါဘူး။ တစ်စုံတစ်ယောက်နဲ့ သိကျွမ်းမှုကြောင့် ကိုယ့်စာမူကို ထည့်ပေးလိုက်ရတာထက် အယ်ဒီတာက အမှန်တကယ် နှစ်သက်သဘောကျလို့ လက်ခံလိုက်တာမျိုးပဲ ဖြစ်စေချင်တာကိုး။ အဲဒါက ဟိုး ၉၇၊ ၉၈ ကာလများဆီက အတွေးပါ။
ဒါပေမဲ့ အဲ့ဒီစိတ်ကလေးက ၂၀၀၆ခုနှစ်အထိ ရှိနေသေးတာကြောင့် ရေးပြီးသွားတဲ့ ၀တ္ထုတိုလေးကိုလည်း ကိုယ်နဲ့ပတ်သက်မှုလုံးဝမရှိတဲ့ မဂ္ဂဇင်းတိုက်ကိုပဲ ပို့မယ်လို့ ဆုံးဖြတ်ပြီး ရုံးအနားက သွားလာရေးလည်းလွယ်ကူ၊ ကိုယ်နဲ့သိကျွမ်းသူလည်း လုံးဝမရှိတဲ့ “အနုပညာမြင်ကွင်း” မဂ္ဂဇင်းကိုပဲ သွားပို့ဖြစ်သွားပါတယ်။ တကယ်တော့ အဲ့ဒီမဂ္ဂဇင်းမှာလည်း ၀တ္ထုတိုလေးတွေက တစ်ပုဒ်စ၊ နှစ်ပုဒ်စလောက်ပဲ ပါလေ့ရှိတာပါ။
ကိုယ်တိုင်စာမူသွားပေးပြီး နှစ်လလောက်ကြာတဲ့အခါ ဖုန်းဆက်မေးကြည့်ပါတယ်။ အရွေးခံရတဲ့အထဲများ ပါသလား၊ ပယ်စာမူများ ဖြစ်သွားသလား သိချင်တာကိုး။ တကယ်လို့ အပယ်ခံရတယ်ဆိုရင် စာမူပြန်သွားယူမယ့် စိတ်ကူးနဲ့ပါ။ သူတို့က အတိအကျ မပြောပေမယ့် စာအုပ်ထွက်ရင် စောင့်ကြည့်လိုက်ပါဆိုတဲ့ ပုံစံမျိုးပြောလို့ ဇွန်တစ်ယောက် မျှော်လင့်ချက်ရောင်ခြည်လေး ရှိနေပြီလို့ စိတ်ထဲမှာ သိလိုက်ပါတယ်။ နောက်လထုတ် မဂ္ဂဇင်းထွက်တဲ့အခါ ၄၈ လမ်းထိပ် စီးတီးမတ်က စာအုပ်ကောင်တာသွားပြီး စာအုပ်ရှေ့ မာတိကာကိုလှန်လှောလို့ ကိုယ့်စာမူပါမပါ အပြေးအလွှား ကြည့်မိတယ်ဆိုရင်ပဲ… ဇွန်မိုးစက်တစ်ယောက် သိပ်ပျော်သွားခဲ့ပါပြီ။ ပုံနှိပ်စာလုံးပေါ်က ကိုယ့်ကလောင်နာမည်ကို မြင်ရလို့ ၀မ်းသာပီတိဖြစ်မိတဲ့အပြင် ၀တ္ထုရဲ့သရုပ်ဖော်ပုံလှလှလေးက ပန်းချီမောင်မောင်သိုက်လက်ရာဖြစ်လို့ ကျေနပ်ခဲ့ရပါတယ်။ ဆရာကွယ်လွန်ခဲ့ပေမယ့် ဆရာ့ရဲ့ပန်းချီလက်ရာတစ်ခု ဇွန်မိုးစက်ရဲ့ ၀တ္ထုတိုလေးနဲ့အတူ ယှဉ်တွဲဖော်ပြခွင့်ရခဲ့တာ တကယ့်ကို အမှတ်တရပါ။
အယ်ဒီတာက စာတစ်လုံးမှဖြတ်တောက်ခြင်း မပြုဘဲ ဒီအတိုင်း ထည့်ပေးထားလို့ ၀မ်းသာကျေနပ်ခဲ့ရပေမယ့် ပြန်ဖတ်ကြည့်တဲ့အခါ တစ်ချို့စာလုံးလေးတွေ ထပ်နေတာ တွေ့ရလို့ အခုပြန်တင်တဲ့အခါ လိုသလောက်လေး ကိုယ့်ဖာသာ ပြန်တည်းဖြတ်ထားပါတယ်။ နောင်တစ်ချိန် ဇွန်မိုးစက်ရဲ့ စာစုလေးတွေ စာအုပ်ထုတ်ဖြစ်တဲ့အခါ ထပ်မပြင်တော့ဘဲ ဒီအတိုင်းလေးပဲ ပြန်ထည့်မယ်လို့ စိတ်ကူးထားပါတယ်။ ဇာတ်လမ်းလေးက သိပ်တိုတာပဲလို့ ဖတ်မိတဲ့ သူငယ်ချင်းတွေက ပြောကြတယ်။ ဒါပေမဲ့… ဘယ်အချိန်ပြန်ဖတ်ဖတ် ကိုယ်ကိုယ်တိုင် နှစ်သက်ခဲ့ရတဲ့ စာတစ်ပုဒ်မို့ တိုတိုလေးပေမယ့် ကြိုက်ပါတယ်။း)
ပတ်ဝန်းကျင်သည် တိတ်ဆိတ်ခြောက်သွေ့လျက်ရှိသည်။ လေပြင်းပြင်းအဝှေ့တွင် ရွက်ခြောက်များ ဝေ့၀ဲလွင့်ပျံ့လျက် ရှိချိန်မှအပ အရာရာသည် ဆိတ်ငြိမ်လွန်းနေသည်ဟု သူမထင်မြင်မိသည်။ သူမရောက်ရှိရာ ဒေသအတွင်း အမိုးချွန်စောက်သောအိမ်လေးများ လှပစွာ စီရရီရှိနေသည်။ ဆီးနှင်းများထူထပ်စွာ ကျရောက်ပါက နှင်းများ အိမ်အမိုးပေါ် တင်ကျန်မနေစေရန် အမိုးစောက်စောက် အသုံးပြု ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း လွန်ခဲ့သောခုနစ်နှစ်က ဤဒေသသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သော သူမကို သူပြောပြခဲ့ဖူးသည်။
လေက ပြင်းသထက်ပြင်းလာသောကြောင့် သူမခြေလှမ်းတို့ကို ပို၍သွက်လိုက်ပြီး ကိုယ်ကိုမယိုင်လဲစေရန် အားထုတ်၍ လျှောက်လာခဲ့သည်။ ကမ်းခြေနှင့်နီးသောကြောင့်လည်း ဖြစ်မည်ထင်ပါသည်၊ လေက အတော့်ကို ထန်လျက်ရှိနေသည်။ အင်္ကျီထူထူထဲ လက်နှိုက်ထားရင်း လေကြောင့် ဝေ့၀ဲဖွာစပြုနေသော ဆံပင်တို့ကိုပင် သူမ မသပ်အား။
ရောက်ခဲ့ပြန်ပြီပေါ့…။ တစ်ချိန်က သူနှင့်သူမတို့အတူနေထိုင်ခဲ့ဖူးသော၊ အခြားနိုင်ငံရပ်ခြားမှ ကျောင်းသူ ကျောင်းသားပေါင်းများစွာတို့ ပညာသင်ယူစဉ်က စုဝေးနေထိုင်ခဲ့ဖူးသော ရိပ်မြုံတစ်ခုသို့ ပြန်လည်ရောက်ခဲ့ပါပြီ။ သူမကို ယခုထက်တိုင် မှတ်မိနေဆဲဖြစ်သော အိမ်ရှင်က ဆီးကြိုနှုတ်ဆက်သည်။ "အလည်လာတာလား" ဟူသော အမေးကိုမေးရင်း သူမကိုဧည့်ခံသည်။ သူမမျှော်လင့်ထားသလိုပင် သူ့ကိုမေးသည်၊ သူ့အကြောင်းမေးပါသည်။ သူမနှင့်သူတို့ လူမျိုးဘာသာတူ၊ သွားအတူ၊ စားအတူ၊ ပညာသင်ကြားရာအတူတူဖြစ်ခဲ့သောကြောင့် သူမကိုမြင်၍ သူ့အကြောင်းမေးခြင်းမှာ အထွေအထူး အံ့သြစရာမရှိပါ။ သူမက ၀တ်ကျေတန်းကျေ ပြန်လည်ဖြေဆိုလိုက်ပါသည်။
ထို့နောက် အိမ်ရှင်ဇနီးမောင်နှံနှင့်အတူ စကားလက်ဆုံ ကျသွားသည်။ ယခုမူ သူတို့အိမ်ကလေးကို မငှားတော့ကြောင်း၊ သူတို့သမီးရှိရာ အခြားနိုင်ငံသို့ ပြောင်းရွှေ့လိုက်ပါတော့မည်ဖြစ်ကြောင်း၊ ထိုဒေသမှာ ယခုထက်ပို၍ နေရောင်ရပြီး ရာသီဥတု အတန်အသင့် နွေးထွေးကောင်းမွန်ကြောင်း စသည်ဖြင့် အထီးကျန်ဖြစ်နေသော သက်ကြီးရွယ်အိုတို့၏ ဓမ္မတာအတိုင်း သူတို့ရင်တွင်းရှိသမျှ ပြောပြကြသည်။ "မင်းနေခဲ့တဲ့အခန်းကြည့်ချင်သေးလား၊ ဒီမှာသော့ရှိတယ်" အိမ်ရှင်ကပြောပြောဆိုဆိုပင် သော့ယူ၍ သူကိုယ်တိုင် ဦးဆောင်ကာ အပေါ်ထပ်ရှိရာသို့တက်ရန် ဟန်ပြင်သည်။ သူမကလည်း ခေါင်းမခါဘဲ အလိုလို သူ့နောက် လိုက်ပါသွားမိသည်။
ထို့နောက် အိမ်ရှင်ဇနီးမောင်နှံနှင့်အတူ စကားလက်ဆုံ ကျသွားသည်။ ယခုမူ သူတို့အိမ်ကလေးကို မငှားတော့ကြောင်း၊ သူတို့သမီးရှိရာ အခြားနိုင်ငံသို့ ပြောင်းရွှေ့လိုက်ပါတော့မည်ဖြစ်ကြောင်း၊ ထိုဒေသမှာ ယခုထက်ပို၍ နေရောင်ရပြီး ရာသီဥတု အတန်အသင့် နွေးထွေးကောင်းမွန်ကြောင်း စသည်ဖြင့် အထီးကျန်ဖြစ်နေသော သက်ကြီးရွယ်အိုတို့၏ ဓမ္မတာအတိုင်း သူတို့ရင်တွင်းရှိသမျှ ပြောပြကြသည်။ "မင်းနေခဲ့တဲ့အခန်းကြည့်ချင်သေးလား၊ ဒီမှာသော့ရှိတယ်" အိမ်ရှင်ကပြောပြောဆိုဆိုပင် သော့ယူ၍ သူကိုယ်တိုင် ဦးဆောင်ကာ အပေါ်ထပ်ရှိရာသို့တက်ရန် ဟန်ပြင်သည်။ သူမကလည်း ခေါင်းမခါဘဲ အလိုလို သူ့နောက် လိုက်ပါသွားမိသည်။
တစ်ချိန်က ဤလှေကားအတက်အဆင်းကို အခေါက်ပေါင်းများစွာ ပြုလုပ်ဖူးသည်။ သူမ လှေကားပေါ်မှ ခြေချော်၍ ပြုတ်ကျတုန်းက သူက အလန့်တကြား ဆီးပွေ့ဖူးသည်။ သော့ဖွင့်သံကြားမှ သူမအတွေးတို့ ရပ်တန့်သွားသည်။ အခန်းထောင့် စာကြည့်စားပွဲမှအပ ကော်ဇောအပြည့်ခင်းထားသော အခန်းမှာ ဖုန်မရှိဘဲ ရှင်းလင်းနေသည်။ သစ်သီးနံ့တစ်မျိုးရသည်ဟု သူမစိတ်တွင်း ခံစားမိသည်။ လွန်ခဲ့သော ခုနစ်နှစ်က စာကြည့်စားပွဲနှင့်ထိုင်ခုံသည် ပျက်စီးယိုယွင်းမှုမရှိပါ။ သူမနောက်တွင် အခြားကျောင်းသူကျောင်းများလည်း နေထိုင်သွားခဲ့သည်ပဲ။ အနီရောင် ကော်ဇောပေါ်လျှောက်လှမ်းစဉ် လွမ်းဆွတ်ဖွယ်ကောင်းသော ခံစားမှုက ရင်တွင်းတစ်နေရာမှာ ပျော်ဝင်လျက်ရှိသည်။ "ကျွန်မ သူ့အခန်းရော ကြည့်လို့ရမလား" ခွင့်တောင်းသံစွက်သည့် သူမအမေးကို အိမ်ရှင်က ခေါင်းညိတ်ရင်း သော့ပေးသည်။ သူ့အခန်းမှာ သူမနှင့် မျက်နှာချင်းဆိုင် မကျတကျ အခန်းဖြစ်သည်။ သူ့အခန်းကို သူမကိုယ်တိုင် သော့ဖွင့်ဝင်ရခြင်းက ရန်ခုန်သံကို အနည်းငယ် နွေးထွေးစေပါသည်။
တစ်ချိန်က အလွန်တရာ ပွရှုပ်နေခဲ့သော၊ သူမ မကြာခဏ ရှင်းလင်းခဲ့ရဖူးသော အခန်းကလေးသည် ယခုတော့ တိတ်ဆိတ်သန့်ရှင်းလို့နေသည်။ အခန်းထောင့်တစ်နေရာက စက္ကူပစ်သော ကြိမ်ခြင်းကလေးကို အမှတ်မထင် တွေ့လိုက်ရသည်။ ဒါ သူဝယ်ခဲ့တဲ့ ခြင်းကလေးပဲ။ အခုထက်ထိရှိနေဆဲပဲ။ သူမရင်မှာ နာကျင်မှုတို့ ရောပြွမ်းသော လွမ်းဆွတ်ခြင်းကို ခံစားလိုက်ရသည်။ " ကျွန်မ ဒါလေး ယူသွားလို့ရမလား၊ ဒါ သူဝယ်ခဲ့တဲ့ ပစ္စည်းလေးတစ်ခုပါ" အိမ်ရှင်က သူမ စကားကိုကြားတော့ အတန်ငယ် အံ့သြသွားကာ "ရတယ်လေ၊ အခု ဘယ်သူမှလည်း အသုံးပြုကြတော့တာ မဟုတ်ဘူး၊၊ ဒါနဲ့ မင်းကြည့်ရတာ '.....' နဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု ဖြစ်ခဲ့ပုံပဲ" "ဟုတ်ကဲ့၊ ကျွန်မတို့ လမ်းခွဲခဲ့ကြတယ်" "အို..." ဟူသော အာမေဍိတ်နောက်တွင် သူမ၏ ခံစားချက် အနည်းအကျဉ်းကို ရိပ်မိသွားဟန်တူသော မျက်လုံးအစုံကို တွေ့မြင်လိုက်ရသည်။ "အရာရာတိုင်းက ပြောင်းလဲနေတာပဲ" ဟု အိမ်ရှင်က ရေရွတ်ယင်း အခန်းတံခါး ပြန်ပိတ်ဖို့ပြင်သည်။
သူမ အောက်ရောက်တော့ ယခုတိုင် မခွဲမခွာချစ်ခင်နေထိုင်လျက်ရှိသော အိမ်ရှင်ဇနီးမောင်နှံအား နှုတ်ဆက်၍ ထွက်ခွာလာခဲ့သည်။ ဆောင်းဝင်ခါစဖြစ်သော်လည်း သူမအဖို့ ချမ်းလွန်းနေသည်။ ဈေးဝယ်အိတ်ကြီးကြီးထဲ ထည့်လာသော ကြိမ်ခြင်းပါသော အိတ်ကိုဆွဲ၍ သူမဆက်လျှောက်လာသည်။ လေကထန်ဆဲ…။
လမ်းတစ်ဖက်တစ်ချက်ရှိ အိမ်ကလေးများမှာ မီးရောင်မြင်စပြုပြီ။ ရှေ့မှာ သူမတို့မကြာခဏ ၀ယ်လေ့ရှိခဲ့သော ကုန်စုံဆိုင်လေးကို တွေ့ရသည်။ သူ့ဘေးကပ်လျက်ကဆိုင်မှာ သူမတို့ထမင်းဟင်းချက်ဖို့ပျင်းလျှင် ဖုန်းဖြင့် ဒါမှမဟုတ် လူကိုယ်တိုင် မကြာခဏ ၀ယ်ယူမှာစားခဲ့ဖူးသော အရှေ့တိုင်းစားသောက်ဆိုင်လေးက ယခင်အတိုင်းပင် ရှိနေသည်။ သူမက အတွေးများစွာနှင့် ဖြတ်လျှောက်လာရင်းနှင့်ပင် ဘူတာရုံသို့ ရောက်တော့မည်။ ဘူတာရုံနှင့်မလှမ်းမကမ်းတွင် ရုပ်ရှင်ရုံနှင့် ဈေးဆိုင်ခန်းများစွာရှိသည်။ ဟယ်ရီပေါ်တာကား ရုံစတင်သောနေ့က အိပ်ရေးပျက်ခံ၍ သူနှင့်သူမတို့ အစောကြီးထပြီး ရုပ်ရှင်ရုံသို့ လာကြသည်။ ကိုယ့်ထက်ပင်ဦးစွာရောက်ရှိနေသော လူကြီးများနှင့်ကလေးများမှာ မနည်းလှ။ ရှည်လျားသော လူတန်းကြီးကို စိတ်ရှည်စွာစောင့်ရင်း ကြည့်ခဲ့ရသည်ကို မမေ့နိုင်သေး။ အို...ဘယ်နေရာသွားသွား သူနှင့်သူမတို့ အမြဲတတွဲတွဲပါလား။ သူမကြည့်လေရာ ပတ်ဝန်းကျင်ကတော့ ယခင်အတိုင်းမပြောင်းလဲဘဲ ဘာဖြစ်လို့များ သူမတို့ကျမှ...။
ဘူတာရုံထဲရောက်တော့ သူမစီးရမည့်ရထားက ဆိုက်နှင့်နေပြီ။ သူမရထားပေါ်တက်၍ သိပ်မကြာမီပင် ရထားစထွက်သည်။ အချိန်တိကျလွန်းသည့်နိုင်ငံမို့ ရထားစထွက်ချိန်မှာ တစ်မိနစ်မျှပင်မလွဲ။ ဆိုက်ရောက်တော့လည်း အချိန်က တိကျသည်။ သူမသွားရမည့်ခရီးမှာ တစ်နာရီခန့်သာ ကြာပါသည်။ သူမတစ်ယောက်တည်း ခရီးသွားခြင်းမှာ သူနှင့်ခွဲခွာပြီးနောက် ပထမဆုံးအကြိမ်ဟုဆိုနိုင်ပါသည်။ သူမတို့နှစ်ယောက် ရထားစီး၍ ခရီးရှည်ကိုလည်း အတူသွားခဲ့ဖူးသည်။ အရာရာကို နှစ်ယောက်အတူ ရင်ဆိုင်ဖြတ်သန်းခဲ့သော သူသည်ရော သူမကို နည်းနည်းလောက်မျှ သတိရခြင်းမရှိတော့ဘူးလား။ တစ်စုံတစ်ယောက်ကများ သူ့ကို သူမကြောင်းမေးလာခဲ့ရင် သူဘယ်လိုဖြေမှာလဲ။ သူမက အတွေးတွေ တစ်ပုံကြီးနှင့်လိုက်ပါလာရင်း ခရီးတစ်ထောက် ပြန်ရောက်ခဲ့သည်။
ဘူတာရုံမှာ ပျားပန်းခတ်သောလူများ သွားလာလှုပ်ရှားလျက်ရှိသည်။ လေဆိပ်တစ်ခုအလား ကျယ်ဝန်းလှသဖြင့် လူကြားထဲပျောက်မသွားရအောင် သူမလက်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့ဖူးသော ယောက်ျားတစ်ယောက်သည် သူမနှင့်အတူ ဘ၀ခရီးရှည် လျှောက်လှမ်းရမည်ကိုတော့ ၀န်လေးခဲ့ပုံရသည်။ သူမ မဟုတ်သောအခြားတစ်ယောက်နှင့် လက်တွဲဖြတ်သန်းဖို့ သူကိုယ်တိုင်ရွေးချယ်ခဲ့သည်ပဲ။ ဒါကို ဘာလို့များ သူမက လွမ်းဆွတ်တသနေရမှာလဲ။ သူမကိုယ်သူမ နားမလည်နိုင်တော့ပါ။
သူမလက်ဆွဲအိတ်ထဲမှ ခြင်းကလေးကိုတော့ ယူသွားရမည်။ အိမ်ပြန်ရောက်လျှင် သူမ ခံစားရေးဖွဲ့ခဲ့သော အရာများအားလုံးကို ထိုခြင်းကလေးအတွင်းသို့ စွန့်ပစ်မည်။ ရင်တွင်းဝေဒနာများ အားလုံးကို ထိုခြင်းကလေးထဲသို့ ထည့်သွင်းစွန့်ပစ်တော့မည်။ ထိုအတွက်ကြောင့်ပင် သူမ မသိစိတ်က ဤခြင်းကလေးကို ယူဆောင်လာခြင်းလား။ သူမကိုယ်တိုင် မသိနိုင်စဉ်မှာပင် အေးစက်ထုံကျင်နေသော ပါးပြင်ပေါ်သို့ နွေးထွေးသော မျက်ရည်ပူက ကျဆင်းလာခဲ့လေသည်။
တစ်ချိန်က အမှတ်တရများစွာအတွက်...
ဇွန်မိုးစက်
လွန်ခဲ့သောရက်များက ကျွန်မစာမရေးဖြစ်သော်လည်း အတွေးထဲမှာ တစ်ခုသော အကြောင်းအရာက နေ့စဉ်လိုလို ရှိနေခဲ့သည်။
“အကြမ်းဖက်မှု” ဆိုသော စကားစုနှင့် အကြောင်းအရာသည် မနက်တိုင်းလိုလို သတင်းများဖတ်ကြည့်ရင်းက ရသွားတာ ဖြစ်နိုင်သည်။ ဆရာမဂျူး၏ “ပိုချစ်ရသူ…” စာအုပ်မှ ဖမ်းယူကောက်နုတ်မိသော စာသားတစ်ခုထက်ပိုသော အတွေးစိတ်များကြောင့်လည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ်… ကျွန်မတို့ နေထိုင်ရာ အနီးအဝေး ပတ်ဝန်းကျင်မှာ ပြုမူဖြစ်ပျက်သွားသော ကိစ္စရပ်များကြောင့်လည်း ဖြစ်နိုင်သည်။ မည်သည့်အကြောင်းအရာကြောင့်ပဲဖြစ်ဖြစ် အကြမ်းဖက်မှုဆိုသော စကားစုနှင့် လုပ်ရပ်သည် မကောင်းသော အခြင်းအရာတစ်ခုအဖြစ် ကျွန်မတို့ ရှင်သန်နေထိုင်ရာ ဂြိုလ်ကမ္ဘာပေါ်မှာ အရင်ခေတ်ကာလကတည်းက ရှိခဲ့ဖြစ်ခဲ့၊ အခုလည်း ရှိဆဲဖြစ်ဆဲ၊ နောင်လည်း ရှိနေဖြစ်နေဦးမှာ သေချာသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။
အိမ်၊ ကား၊ ရုံးအဆောက်အဦ၊ လေဆိပ်၊ ဘူတာရုံ၊ မီးရထား၊ သင်္ဘော၊ လေယာဉ် နေရာဒေသမျိုးစုံမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားလျက်ရှိသည်။ တစ်ဦးတစ်ယောက်ချင်း အကြမ်းဖက်မှု၊ လူစုလူဝေးနှင့် အကြမ်းဖက်မှု၊ တစ်ဦးတစ်ယောက်တည်းကို လုပ်ကြံအကြမ်းဖက်မှု၊ လူအစုလိုက်အပြုံလိုက်ကို သေကြေသတ်ဖြတ် အကြမ်းဖက်မှု၊ လက်နက်သုံးပြီး အကြမ်းဖက်မှု၊ ကာယခွန်အားသုံး၍ အကြမ်းဖက်မှု၊ စိတ်ရောဂါမှတစ်ဆင့် အကြမ်းဖက်မှု၊ လူမှုရေး၊ ဘာသာရေးကို ခုတုံးလုပ်၍ အကြမ်းဖက်မှု… စသည့် ခေါင်းစဉ်အမျိုးမျိုးအောက်တွင် အကြမ်းဖက် ပြုမူနေကြသော်လည်း အကြမ်းဖက်ခံရသူများ၏ ကာယနှင့်စိတ္တ ချို့ယွင်းဆင်းရဲရခြင်းမှာတော့ အားလုံးအတူတူပင် ဖြစ်သည်။
ထိုထိုသော အကြမ်းဖက်ခံရသူများထဲတွင်မှ အရွယ်မရောက်သေးသော ကလေးသူငယ်နှင့် အမျိုးသမီးများ၏ အကြမ်းဖက်ခံရမှုသည် အခြားသော အကြမ်းဖက်မှုများထက် အရေအတွက် ပိုများနေမလားဟု ကျွန်မ သံသယ ဖြစ်မိသည်။
မိသားစုဝင် အချင်းချင်း အကြမ်းဖက်မှုတွေကတော့ သိပ်ကို အရုပ်ဆိုး အကျည်းတန်လှပါသည်။ သားဖြစ်သူက မိဘနှစ်ပါးလုံး၏ နောက်စေ့ကို တူဖြင့်ရိုက်သတ်ခဲ့သည့်သတင်းမှာ ထိတ်လန့်တုန်လှုပ်စရာ။ အဖေရင်းကိုယ်တိုင် ဆယ်ကျော်သက်ရွယ်သမီးငယ်ကို မတော်မတရားပြုကျင့်မှုများကလည်း မကြားဝံ့မနာသာ။ လင်ယောက်ျားကိုယ်တိုင် မိမိဇနီးသည်အား အခြားယောက်ျားများနှင့်အိပ်ရန် အတင်းအကြပ် စေခိုင်းခံရသော ကလေးသုံးယောက်မိခင်၏ ရင်ဖွင့်အကူအညီတောင်းခံသံ။ အဖွား၊ အဒေါ်နှင့် ဦးလေးတို့က ဗီရိုထဲ သော့ခတ်ထည့်ပြီး ဒဏ်ပေးရာမှ အသက်ဆုံးပါး ရရှာသော ဆယ်ကျော်သက်မိန်းကလေး။
ကမ္ဘာတစ်ဝှမ်း အပြစ်မရှိဘဲ နှိပ်စက်သတ်ဖြတ်ခံကြရသော ကလေးငယ်တွေကလည်း အမြောက်အမြား။ တလောက သတင်းကြီးခဲ့သည့် မြန်မာနိုင်ငံ ဟင်္သာတမြို့မှာ လူမဆန်စွာ ညှင်းပန်းအနှိပ်စက်ခံရသော မောင်ထိပ်ကွက်။ နယူးယောက်မြို့က ပန်းခြံတစ်ခုမှာ လမ်းပျောက်သွား၍ အိမ်ပြန်ပို့ပေးရန် အကူအညီတောင်းရာမှ အိမ်ပြန်ပို့ပေးသူက လိမ်လည်ခေါ်ဆောင်သတ်ဖြတ်ပြီး ခန္ဓာကိုယ်အပိုင်းပိုင်း ခုတ်ဖြတ်ခံရသော ကံဆိုးလှသည့် ၇နှစ်အရွယ် အပြစ်မဲ့ ကလေးငယ်။ ဒါတွေက လတ်တလော ကျွန်မခေါင်းထဲမှာ ရှိနေသော၊ သိပ်မကြာခင်ကမှ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု အနည်းအကျဉ်းမျှသာဖြစ်သည်။ တစ်နေ့တစ်နေ့ နိုင်ငံတစ်နိုင်ငံစီမှာ ဖြစ်ပွားနေသော အကြမ်းဖက်မှုနှုန်း အရေအတွက် ဘယ်လောက်များ ရှိနေပါသလဲဟု ကျွန်မ စိတ်ပူပန်စွာ တွေးတောမိသည်။
ကျွန်မ ယခုရောက်ရှိ နေထိုင်လျက်ရှိသော လုံခြုံဘေးကင်း၊ အကြမ်းဖက်မှုနည်းပါးသည့် မြို့နိုင်ငံလေးမှာတောင် လွန်ခဲ့သော လအနည်းငယ်က သီတင်းခုနစ်ပတ်အတွင်း အလောင်း ၇လောင်း ဆက်တိုက်တွေ့ရှိခဲ့ရသည့် သတင်းကြားတော့ အံ့သြမိခဲ့သည်။ အင်းလေ… အရာရာကို ယခင် ဆယ်နှစ်ကအတိုင်း အမြဲနှိုင်းယှဉ် တွက်ဆနေလို့တော့ ဘယ်ရနိုင်ပါ့မလဲ။ ပြောင်းလဲဖြစ်တည်မှုတွေက အများကြီးရှိနေပြီပဲ၊ ရာဇ၀တ်မှုတွေလည်း အထိုက်အလျောက်တော့ များလာနိုင်တာပဲဟု… ကျွန်မစိတ်ကို ပြန်နှစ်သိမ့်ရသည်။ ခုချိန်ထိတော့ မိန်းကလေးများအတွက် လုံခြုံအန္တရာယ်ကင်းသည့် နိုင်ငံတစ်ခုမှာ ရောက်ရှိနေခြင်းက ကျွန်မကိုယ်တိုင် အတွက်သာမက ရပ်ဝေးရှိ မိဘဆွေမျိုးများအနေနှင့်လည်း စိတ်သက်သာရာ ရစေပါသည်။
ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပွားနေသော အကြမ်းဖက်မှု သတင်းတွေကြားရ၊ ဖတ်ရသည့်အခါ ကျွန်မ၏အာရုံတွေ အနောက်တစ်နိုင်ငံက မြို့ကြီးတစ်မြို့ဆီ ရောက်သွားတတ်သည်။ အဲဒီမြို့မှာ ကျွန်မချစ်ခင်လေးစားရသော တစ်စုံတစ်ယောက်ရှိသည်။ သူ တစ်ခါက ကျွန်မကို ပြောပြဖူးတာ သွားသတိရသည်။ သူတို့ ကလေးရသည့်အခါ ယခုနေထိုင်သောမြို့ထက် ပိုပြီးဘေးကင်း၊ ရာဇ၀တ်မှုနည်းပါးသော မြို့တော်ကို ပြောင်းရွှေ့နေထိုင်ကြမည်တဲ့။ သို့သော်…အခုချိန်ထိ သူတို့မိသားစု မပြောင်းရွှေ့ဖြစ်သေး။ သမီးရင်သွေး တစ်ယောက်ကနေ နှစ်ယောက်ဖြစ်လာခဲ့ပြီ။ ဒီသမီးတွေ အရွယ်ရောက်သည့်တိုင် သူတို့အဲဒီမြို့မှာပဲ ဆက်လက်နေထိုင်ကြဦးမလား…။ ဒါကိုတော့ ကာယကံရှင် မိသားစုကိုယ်တိုင်သာ သိရှိဆုံးဖြတ်နိုင်သည်လေ။ ကျွန်မအနေနှင့် ၀င်ရောက်စွက်ဖက် အကြံပြုစရာလည်းမလို။
သို့သော်… ထိုမြို့တွင် ဖြစ်ပျက်သွားသော အကြမ်းဖက်မှု သတင်းတစ်ခုတလေကို ကြားမိတိုင်း စိုးရိမ်ပူပန်တတ်သော ကျွန်မ၏ စိတ်အစဉ်သည် သူ၏သမီးလေးနှစ်ယောက်ဆီသို့ ရောက်ရှိသွားတတ်ကြောင်း ကိုယ်ကိုယ်တိုင် အံ့သြရိုးသားစွာ ၀န်ခံမိသော်လည်း သူ့ကိုတော့ ဘယ်သောအခါမှ ပြောပြဖြစ်လိမ့်မည် မဟုတ်ပါ။
ဇွန်မိုးစက်
Subscribe to:
Posts
(
Atom
)