ဆုံခဲ့ဖူးတဲ့ ဘလော့ရွာသူ၊ ရွာသားများ (ဘလော့ဂ်ဒေး အမှတ်တရပို့စ်)

Category:

အရင်နှစ်က 31st August Blog Day ကျော်သွားမှ သိခဲ့တာမို့ ဒီနှစ်တော့ အချိန်မီ ဘလော့ဂ်ဒေးအတွက် တစ်ခုခုရေးချင်တဲ့ ဆန္ဒဖြစ်မိပါတယ်။ ဘာရေးရင် ကောင်းမလဲ စဉ်းစားလိုက်တော့ စင်္ကာပူဘလော့ဂ်ရွာထဲက မောင်နှမတွေနဲ့ အကြောင်းတိုက်ဆိုင်လို့ ဆုံတွေ့ခင်မင်ခဲ့ကြပုံကို အမှတ်ရသွားပါတယ်။

ရေစက်ရှိလို့ ဆုံရတယ်တဲ့။ ဟုတ်မှာပါ…. မြန်မာဘလော့ဂါတွေ အများကြီးထဲမှာမှ ကိုယ်တိုင်ကိုယ်ကျ ဆုံတွေ့ခင်မင်ရသူတွေက လက်ချိုးရေတွက်လို့ ရမယ်ထင်ပါတယ်။ ဒါပေမဲ့ ဒီပို့စ်ထဲမှာ ခင်မင်ရင်းနှီးခွင့် မရခဲ့ပေမယ့်လည်း တွေ့ဖူး၊ မြင်ဖူးသမျှ ဘလော့ဂါမောင်နှမများအားလုံးကို မှတ်မိသလောက် ချရေးသွားမှာပါ။ (ကျန်ခဲ့ရင်လည်း သတိပေးပါဦး)

ကိုယ်တိုင် ဘလော့ဂ်မရေးသေး၊ သူတို့လည်း ဘလော့ဂ်မလုပ်ခင်ကတည်းက ရင်းနှီးခင်မင်ခဲ့ရသူတွေက သူငယ်ချင်း ညိုလေး၊ မဒီ၊ မမင်းနဲ့ ကိုမိုးကုတ်သားတို့ ဖြစ်ပါတယ်။ ကိုမိုးကုတ်သားကိုတော့ မှတ်မှတ်ရရ သူ့ရဲ့ ၃၃နှစ်မြောက် မွေးနေ့မှာ တွေ့ဆုံခင်မင်ခွင့် ရခဲ့တာပါ။

စာဖတ်သူတစ်ယောက်အနေနဲ့ အပတ်စဉ် တနင်္ဂနွေနေ့ မြန်မာစာ လုပ်အားပေးသင်တန်းကျောင်းအတွက် အီးမေးလ်ကတစ်ဆင့် ဆက်သွယ်ပြီး သွားရောက်ဆုံတွေ့ခဲ့သူက ဘလော့ဂ်တာ မမသီတာပါ။ အိမ်ပြန်ရောက်ရောက်ချင်း ပြောမိတာက မမသီတာ ချောလိုက်တာလို့။ မမသီတာကတစ်ဆင့် ကိုဧရာနဲ့အတူ ချစ်စရာကောင်းတဲ့ ရေချမ်း၊ ရေစင်တို့နဲ့ ဆုံတွေ့ခွင့်ရခဲ့တာကလည်း မင်္ဂလာတစ်ပါးပါပဲ။

၂၀၀၉ ဒီဇင်ဘာမှာ ဖိုးစိန်တစ်ယောက် စင်္ကာပူအလည်ရောက်တော့ သွားတွေ့ရင်းနဲ့ ကိုယ်မမြင်ဘူးတဲ့ ဘလော့ဂါတွေ အများကြီးကို ထပ်မံတွေ့ဆုံရပါတယ်။ မမပြာ (ကောင်းကင်ပြာ)၊  မေလေး၊ မိုးခါး၊ မေသူ၊ မြရေလျဉ်၊ မက်မက်၊ ရီနိုမာန်၊ ရေတမာ၊ တောင်ပေါ်သား၊ သက်ပိုင်သူ၊ ကိုစည်သူ၊ ဖိုးသင်္ကြန် စတဲ့မောင်နှမတစ်ပြုံကြီးကို တစ်ခါတည်း တွေ့ဖူးလိုက်တာပါ။ ဒါတောင် နာမည်မမှတ်မိလိုက်တဲ့သူတွေ ကျန်ပါသေးတယ်။ အဲ့ဒီအချိန်က ဘလော့ဂ်မဖွင့်ရသေးတော့ ဇွန်မိုးစက်ရယ်လို့ မသိခဲ့ဘူးပေါ။့ နောက်တစ်ရက် ဖိုးစိန်လက်ရာ ဂရိနေ့လည်စာသွားစားတော့ အမှတ်မထင်တွေ့ဆုံပြီး သူငယ်ချင်းတစ်ယောက်လို ခင်မင်ရင်းနှီးသွားခဲ့သူက ကြယ်ပြာပါ။ ဆောင်းချမ်းမိုး၊ တလနွန်နဲ့ ပွင့်မြူဇင်ကိုလည်း အဲ့ဒီနေ့မှာပဲ တွေ့ဖူးလိုက်ပါတယ်။

တစ်ခါ စင်္ကာပူရောက် ဘလော့ဂါများနဲ့ စာဖတ်သူမောင်နှမတစ်စုရဲ့ နေ့ဆွမ်းအလှူကို ဒီဇင်ဘာ ၂၅ရက်နေ့မှာ ဆမ်ဘောင်ဝမ်းက ဓမ္မဥယျာဉ်ကျောင်းမှာ ပြုလုပ်ကျင်းပခဲ့တာကို တက်ရောက်ပြန်တော့ ကဗျာဆရာမလှလှလို့ နာမည်ကြီးနေတဲ့ မအိန္ဒြာနဲ့ တွေ့ဆုံမိတ်ဆက်ခွင့် ရခဲ့ပါတယ်။ အလှူရက်မတိုင်ခင်ကတည်းက အဲ့ဒီပွဲကို မမဒြာလာရင် မိတ်ဆက်ပေးဖို့ ကိုမိုးကုတ်သားကို အပူကပ်ထားခဲ့တာပါ။ ;) ဖိုးစိန်ရောက်ပြီးနောက် တွေ့ဖူးသူတွေထဲမှာ ပူးတေမောင်နှံ၊ ဆောင်းချမ်းမိုး၊ ကိုသီဟသစ်၊ TnTနဲ့ မိုးတို့လည်း ပါပါတယ်။ သူ့ပရိသတ်ဖြစ်ခဲ့ပြီး လူချင်းအရင်တွေ့ဖူးပေမယ့် သူမှန်းမသိခဲ့တဲ့ ဘလော့ရွာသားလေး (၀ိုင်တီယူ) ကိုတော့ အတန်ကြာမှ လူနဲ့နာမည်နဲ့တွဲပြီး သိခဲ့တာပါ။ ဇွန့်ကိုတွေ့တဲ့အခါ တခုတ်တရ လာနှုတ်ဆက်ဖော်ရတဲ့သူ့ကို ကျေးဇူးတင်ရပါတယ်။

၂၀၁၀ ဖေဖော်ဝါရီ တရုတ်နှစ်ကူးကာလ မလေးရှားနိုင်ငံ ကိုတာတင်ဂီမြို့မှာ ပြုလုပ်ခဲ့တဲ့ မြစိမ်းတောင် တရားစခန်းအသွား ချိန်းဆိုမထားပါဘဲ အစ်မချစ် (ချစ်ကြည်အေး) နဲ့ ဆုံတွေ့ခဲ့တာကလည်း အမှတ်ရစရာပါ။ အစ်မချစ်နဲ့ ရှေ့နောက်ခုံထိုင်လျက်သားဆိုတာ မသိကြပါဘူး။ စင်္ကာပူအင်မီဂရေရှင်းဖြတ်အပြီး ကားပေါ်တက်ပြီး လူစောင့်နေခိုက် မချစ်က ဇွန့်ဘေးက သူငယ်ချင်းကို ဇွန်မိုးစက်ကိုသိလားဆိုပြီး မေးပါတယ်။ တကယ်တော့ သူငယ်ချင်းက ဇွန်မိုးစက်ဘယ်သူဆိုတာ မသိပါဘူး။ အမေနဲ့ဖုန်းပြောနေတဲ့ ဇွန်တစ်ယောက် လက်ထောင်ပြရင်း ခေါင်းညိတ်ပြလိုက်ရပါတယ်။ တော်ကြာ မချစ်က ဇွန်မိုးစက်ဘယ်သူဆိုတာ မသိရမချင်း တစ်ကားလုံးကို လိုက်မေးမှာ စိုးရိမ်လို့ပါ။ :D

မချစ်နဲ့ ဆက်စပ်ပြီးမှ တွေ့ဆုံခင်မင်ခဲ့ရသူတွေက နာမည်ကျော်ကိုတီ (တီဇက်အေ) နဲ့အင်ကြင်းသန့်ပါ။ နောက်ပိုင်း မိုးနဲ့အတူ ညီမအင်ကြင်းကလည်း တနင်္ဂနွေကျောင်းမှာ လာရောက်လုပ်အားပေးခဲ့ပါတယ်။ မချစ်အိမ်သွားလည်တုန်း ပုလုကွေးဆိုတဲ့ ဘလော့ဂါကိုလည်း မြင်ဖူးခဲ့ပါတယ်။ ၂၀၁၀ ဇူလိုင်လထဲမှာ မွေးနေ့ဆွမ်းကပ်ဖြစ်တဲ့အခါ သတိတရနဲ့ ဖိတ်မိတာ ရီတာ့ကိုပါ။ ရီတာနဲ့အတူ ခရေဖြူလည်း လိုက်လာခဲ့ပါတယ်။ ခွေဖြူ...ခွေဖြူနဲ့ ကိုတီ့ဘလော့မှာ ကော်မန့်ပေးသွားတာ သူကိုးလို့ အဲဒီ့ကျမှ အတိအကျ သိလိုက်ရပါတယ်။ :)

၂၀၁၀ စက်တင်ဘာ စာပေဟောပြောပွဲမှာ တစ်စုံတစ်ယောက်ရဲ့ကျေးဇူးနဲ့ မြင်ဖူးလိုက်တဲ့ ဘလော့ဂ်ညီအစ်မတတွေက မသက်ဝေ၊ မပန် (ပန်ဒိုရာ)၊ မတန်ခူးနဲ့ ရွှန်းမီပါ။ အမျိုးသားတွေထဲမှာတော့ ဆင်တဲကဖေးက ချိုကျကို စာပေဟောပြောပွဲ မတိုင်မီကတည်းက မြင်ဖူးပေမယ့် ဘလက်ကော်ဖီကိုတော့ စာပေဟောပြောပွဲနေ့မှ မြင်ဖူးပါတယ်။ ၂၀၁၁ ဇန်န၀ါရီလထဲမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကိုတီရဲ့ မင်္ဂလာပွဲကို လာရောက်အားပေးကြတဲ့အထဲက  မြနေနေနိုင်၊ ကိုဒီဘီနဲ့ဇနီး၊ ကိုဘွိုက်စ်နဲ့ချစ်သူစုံတွဲတို့ကို မှတ်မိလိုက်ပါတယ်။ မျက်နှာစာအုပ်ကနေ ခင်မင်ခဲ့ပြီးမှ ၂၀၁၁ စာပေဟောပြောပွဲမှာ လူချင်းဆုံမိတာ  မောင်လေးအောင်ဖြိုးပါ။ မိုးပန်းချီကိုလည်း မြင်ဖူးပါတယ်။ ညီမရွှေပြည်သူကို ဖျတ်ခနဲတွေ့လိုက်တယ်လို့ ထင်ခဲ့ပေမယ့် မမှတ်မိပါဘူး။

ဇွန်မတွေ့ဖူးသေးတဲ့ ဘလော့ဂါတွေ၊ တွေ့ချင်သေးတဲ့ ဘလော့ဂါတွေ ကျန်နေပါသေးတယ်။ လူချင်းမတွေ့ရဘဲ ဖုန်းထဲကသာ အသံချိုချိုလေးကြားရတဲ့ မမခင်ဦးမေ၊ ဟိုး… ရပ်ဝေးမြေက မလေး (အိမ့်ချမ်းမြေ့)၊ ဂျာမနီက အစ်မရှင်လေး၊ အဲလ်ပ်စ်တောင်တန်းတွေကြားက ကိုညီလင်းသစ်နဲ့မိသားစု၊ အမေရိကားက မမိုးချိုသင်းနဲ့ မမွန်၊ အင်္ဂလန်က နန္ဒာ (သူနဲ့က ဥရောပခရီးထွက်ရင် ဆုံနိုင်ချေရှိပါတယ်) တို့ပါ။ ခုချိန်ထိ အပြင်မှာ ဆုံတွေ့ဖူးတဲ့ ရေမြေခြားက ဘလော့ဂါတစ်ယောက်ပဲ ရှိခဲ့ပါတယ်။ သူက ဇွန်ငယ်ငယ်ကတည်းက လေးစားအထင်ကြီး အားကျခဲ့ရတဲ့ မနုသွဲ့ပါ။

တလောကမှ ပူပူနွေးနွေး ဆုံတွေ့ခွင့်ရခဲ့တဲ့ ဘလော့ဂ်ရွာသူ၊ ရွာသားနှစ်ဦးက ညီမမေဇင် (နောင့်)၊ နဲ့ မောင်လေး Turn On Ideas တို့ဖြစ်ပါတယ်။ ဘလော့ဂါမဟုတ်ဘဲ ဘလော့ဂ်တွေကို ၀င်ရောက်ဖတ်ရှုအားပေးကြတဲ့ စာဖတ်သူ သူငယ်ချင်းဇာဇာ၊ ညီမဖြူမေ၊ ကလျာတို့နဲ့ တရင်းတနှီး ဆုံတွေ့ခွင့်ရလို့လည်း ၀မ်းသာမိပါတယ်။

ဇွန် ဒီလိုဆုံခဲ့ဖူးတဲ့အကြောင်းရေးတာဟာ အမှတ်တရဖြစ်ချင်တာထက်ပိုပြီး တခြားရည်ရွယ်ချက် မရှိပါဘူး။ ကိုယ်ဆုံဖူးတယ်ဆိုပေမယ့် တစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီးတော့ (သိခဲ့မယ်ဆိုရင်တောင်) အခြားတစ်ယောက်ကို ပြန်ပြောလေ့မရှိပါဘူး။ သူ့စည်းနဲ့သူမို့ နာမည်ရင်းကို သိနေပေမယ့် တစ်ချို့ (real identity) ကို လျှို့ဝှက်ထားချင်တဲ့သူများကို နားလည်စွာနဲ့ မျက်နှာစာအုပ်မှာ add မလုပ်ခဲ့ပါဘူး။

ဒါပေမယ့် ဆုံခဲ့ဖူးတဲ့ ဘလော့ရပ်ဝန်းထဲက မမများ စာရေးကောင်းသလို ဟင်းချက်လည်း ကောင်းကြတာ၊ ရယ်စရာဟာသလေးတွေ နှောပြီးရေးတတ်ပေမယ့် အပြင်မှာ တည်တည်တံ့တံ့နေတတ်တာ၊ ပို့စ်တွေဖတ်၊ ကော်မန့်ရေးတာတွေကြည့်ပြီး မှန်းထားတဲ့ပုံစံနဲ့ အပြင်မှာ ဆန့်ကျင်ဘက်ဖြစ်နေတာ၊ မွေးနေ့တွေနီး၊ အကြိုက်ချင်း တူနေတတ်တာ၊ ကိုယ်နဲ့ဝါသနာတူမို့ ကုလိုလ်ရေးတွေ အတူလုပ်ဖြစ်တာ၊ မလျှော့တဲ့ဇွဲနဲ့ ပရောဂျက်တစ်ခုကို အပြီးသတ်ဖို့ ကြိုးစားနေကြတဲ့သူတွေကြောင့် အားလုံးနဲ့ဆုံတွေ့ခင်မင်ခွင့်ရခဲ့တာ တကယ်ပဲ ၀မ်းသာကျေနပ်ရပါတယ်။

အားလုံးပဲ ဟက်ပီး ဘလော့ဂ်ဒေးပါ။း))


ဇွန်မိုးစက်

Comments ( 22 )

အစ်မရေ...
ဘလော့ဂ်ဒေး အမှတ်တရပိုစ့်လေး လာဖတ်သွားပါတယ်။ နောင်လဲ စာတွေ အများကြီး ဆက်ရေးသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကျေးဇူး............ အမြဲပျော်ရွင်နိုင်ပါစေ။

မဇွန်က လူချင်းဆုံဖူးတဲ့ သူတွေ တကယ့်ကို အများကြီးပဲ၊ ဘလော့ဂ်တွေ ဖတ်ပြီး သက်ဆိုင်ရာ ဘလော့ဂါကို အပြင်မှာ ဆုံဖူးရတာ ပျော်ဖို့ကောင်းမှာပါပဲ၊ ကျနော်ကတော့ (ဓါတ်ပုံတွေ တင်ထားတဲ့) ဘလော့ဂါ တချို့ကလွဲရင် ဘယ်သူ့ကိုမှ မမြင်ဖူး၊ မဆုံဖူးပါဘူး၊ အခုလို အမှတ်တရနေ့မှာ ကိုယ်ဆုံခဲ့ဖူး၊ ဆုံတွေ့ချင်တဲ့ သူတွေကို တန်းစီပြီး နှုတ်ဆက်ရတာ တကယ့်ကိုပဲ နွေးထွေးလှတယ်...။

ဒီပိုစ်လေးဖတ်ပြီး ပြုံးနေမိတယ်...
ဖျတ်ကနဲဖျတ်ကနဲ မြင်ရတာမျိုးက ဆယ်လစ်ဘရစ်တီတွေကို တွေ့ရသလိုမျိုး ခံစားရမှာပဲနော်....

ပျော်စရာရယ်...

ချစ်စရာကောင်းပြီး အေးချမ်းလှတဲ့ မဇွန်နဲ့ခင်မင်ခွင့်ရတဲ့အပြင် ရာသီဖွားချင်းလည်းတူ အကြိုက်တော်တော်များများပါတူနေတတ်ကြတာ ဂျင်းအတွက်တော့ထူးခြားတဲ့ရေစက်ပါ။

မမ နှစ်ပေါင်းမြောက်မြားစွာ ပျော်ရွှင်စွာ ဆက်လက်ဘလော့ဂင်းနိုင်ပါစေ....။

ချစ်တဲ့
ဂျင်း

"အသံချိုချိုလေးကြားရတဲ့ မမခင်ဦးမေ" မယုံဘူး ဘယ်တော့မှလဲ ဖုန်းနံပတ်ပေးဖူး အသက် ၃၀ ကျော်တဲ့  ကောင်လေး မို့ လို့ ပေးဘူးတဲ့ဗျာ နဲနဲလေး အစွန်းထွက် သွားတာကိုများ international callခေါ်ရမှာကို စိတ်နာတယ် ကြီးတော်ကို ကိုမဆလာနဲ့ တိုင်ဦးမယ် all the best ပါမဇွန်မိုးစက်ရေ

Happy Blog Day ပါမမ။

အေးချမ်းတည်ငြိမ်ပြီလေးစားစရာကောင်းတဲ့အမတစ်ယောက်နဲ့ဆုံခွင့်ရတာ ကံကောင်းခြင်းတခုပါပဲ။

ကိုယ်ရောစိတ်ပါကျမ်းမာပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

မဇွန်ကိုတော့ ညီမက ချစ်ပြီးသားပဲ ..း))
စိတ်လေးကိုရော မျက်နှာလေးကိုရော ..

ဟက်ပီးဘလော့ဂါဒေးပါး)

မဇွန် ကို တလောကမှ ပူပူနွေးနွေး မဟုတ်ပဲ ဟိုးစောကြီးထဲက မဇွန် ရယ်လို့ မသိပဲ အသံလေးကြားရုံ နဲ့ အသံလေး က ချစ်စရာလေးဆိုပီး မေးခဲ့ သိနှင့်ခဲ့ပါတယ်။း)
စာတွေ များကြီးဆက်ရေးနိုင်ပါစေနော်း)

နောင့်

မဇွန်ရေ..
ကောမန့်တွေ သိပ်မချန်ဖြစ်ပေမယ့် စာတွေမကြာမခဏလာဖတ်လေ့ရှိပါတယ်..မဇွန်ရေးတဲ့ ပါရီဆည်းဆာ ကိုသိပ်ကြိုက်ခဲ့ပါတယ်း)) ။ မြင်ဖူးတယ်ဆိုလို့ ဘယ်နေရာမှာများလဲလို့ စဉ်းစားခန်းဝင်နေတား))) နာမည်ရုတ်တရက်တွေ့လိုက်ရလို့ ကြည်နူးရပါတယ်ရှင်..။

ပျော်ရွှင်စရာဘလော့ဂ်နေ့ပါနော်..။ စာတွေဒိထက်မက အများကြီးရေးသားနိုင်ပါစေ။

လေးစားခင်မင်စွာ

ကျေးဇူး...
(နှာစေးလို့ ခေါင်းမြီးခြုံပြီး အိပ်နေပါသည်။)

တွေ့ရတာ ၀မ်းသာပါတယ် အစ်မ။း)

ကံကောင်းလိုက်တာ။ ကိုယ်ဆို မမကွမ်အသံ ခုထိ မကြားဖူးသေးဘူး။ =D

မဇွန် Europe ဖက်လာရင် တကယ် တွေ့ရမယ်နော်။ နန္ဒာ SG လာရင်လဲ အကြောင်းကြားပါ့မယ်။ မဇွန်နဲ့ လူချင်း တကယ်ဆုံချင်မိတာ။

မဇွန်ရဲ့ နွေးထွေးတဲ့ တုံ့ပြန်မှု့ ပိုစ့်အတွက် ကြည်နူးရပါတယ်။ ကျေးဇူးတင်ပါတယ်။

ချစ်ခင်စွာ
နန္ဒာ =)

တစ်စုံတစ်ယောက်ရဲ့ကျေးဇူးနဲ့ မြင်ဖူးလိုက်တယ်ဆိုတာ စိတ်ဝင်စားသွားတယ်... အဟီး...

လူလေးလို ချစ်စရာကောင်းတဲ့ စာလှလှလေးတွေ အများကြီး ဆက်ရေးနိုင်ပါစေ ညီမဇွန်...း))

မိုးစက်ကလေးရဲ့စာမျက်နှာကိုအလည်လာခဲ့ပါတယ်
ပျော်ရွှင်ပါစေနော်

ခင်တဲ့
မဒိုးကန်

အလိုလို.. နာမည်ကျော်ဆိုပါလား.. ကိုကိုကျော်တီလို့ ပြောင်းခေါ်ရင်ပိုကျော်စရာရှိတယ်၊ ဟဲဟဲ။ ဇွန်က မှတ်ဥာဏ်သိပ်ကောင်းတယ်၊ နာမည်တွေနဲ့ တွေ့ဆုံခဲ့ပုံတွေ အားလုံးကို သတိရနေတယ်၊ ကျနော်ကတော့ အဲသလောက်ကို မမှတ်မိနိုင်တာဗျာ။ မတွေ့တာတောင်ကြာပြီ၊ (အားလုံး အားကြတဲ့တနေ့) ထပ်တွေ့ကြတာပေါ့။

အစ်မဇွန်ရေ....အမှတ်တရနဲ့ ချိုကျကို ထည့်ရေးတဲ့အတွက် ကျေးဇူးပါ။ ခုတော့ ဖိုးချိုကြယ်ကျ ဖြစ်နေပြီ :P

ခင်တဲ့(ဖိုးကြယ်)

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။း)

ဇွန်ရေ .... ခုမှ ဒီပို့စ်လေးကိုဖတ်ဖြစ်တယ် ... ဘလော့တွေမလည်တာကြာလို့လေ.. ... ကြယ်ပြာလဲ သတိရနေပါတယ် ....

ဘယ်လိုဖြစ်လို့ တို့ link တွေ တန်းစီတက်သွားလဲမသိ. ဆော.ဆောရီးပါ။

အရှုပ်တွေလုပ်နေလို့ အတော်နောက်ကျသွားပါတယ်။ မဇွန်သိတာ အတော်များနေပြီနော် ဟင်းဟင်း (နှုတ်ပိတ်ချင်တဲ့အသံမဟုတ်၊ အားကျဝမ်းသာသောရီသံသာဖြစ်ပါကြောင်း) စာကောင်းတွေဒီထက်ပို၍ပို၍ ဖန်တီးအောင်မြင်ပါစေ။