သြဂုတ်လ မကုန်ခင် စာအသစ်လည်း မတင်နိုင်တာမို့ လွန်ခဲ့တဲ့ ၅နှစ်၊ ၂၀၀၆ခု သြဂုတ်လထုတ် အနုပညာ မြင်ကွင်းမဂ္ဂဇင်းမှာ ပါခဲ့ဖူးတဲ့ (ဘလော့မှာလည်း တင်ခဲ့ဖူးတဲ့) ၀တ္ထုတိုလေးတစ်ပုဒ်ကိုပဲ ပြန်တင်လိုက်ပါတယ်။
မှတ်မှတ်ရရ ရန်ကုန်မှာရှိနေတုန်း အလုပ်ကနေ ဆေးခွင့်ယူပြီး နားတဲ့နေ့မှာ ဒီဝတ္ထုတိုလေး ရေးဖြစ်သွားတာပါ။ နေ့လည်ခင်းမှာပဲ တစ်ထိုင်တည်း ရေးပြီးသွားခဲ့တယ်။ အဲဒီ့အချိန်က မြန်မာလို သိပ်မရိုက်တတ်သေးတော့ နောက်နေ့ရုံးကို ယူလာပြီး typist ကိုပဲ စာစီဖို့ ပေးလိုက်ပါတယ်။
ဆယ်တန်းပြီးခါစ ၀တ္ထုတိုလေးတွေရေးပြီး ဇွန်တစ်ယောက် စာမူလေးတွေကိုင်လို့ မဂ္ဂဇင်းတိုက်တွေဆီ ချီတက်ခဲ့ဖူးပါတယ်။ အများဆုံးသွားခဲ့တဲ့တိုက်က အပျိုစင်ပါ။ တစ်အုပ်လုံးမှာမှ ၀တ္ထုတိုတစ်ပုဒ်လောက်သာ ပါလေ့ရှိတဲ့နေရာမှာပဲ ကိုယ်ရေးထားတဲ့ဝတ္ထုလေး ပါစေချင်ခဲ့တာ ဘယ်လိုအတ္တမျိုးလို့ ခေါ်ဆိုရမလဲ မပြောတတ်ပါဘူး။ စာရေးတာကို အားပေးတဲ့အမေက သူ့အသိသူငယ်ချင်း မဂ္ဂဇင်းတိုက်ကို ပို့ပေးရမလား မေးခဲ့ပေမယ့် ဇွန်က လက်မခံခဲ့ပါဘူး။ တစ်စုံတစ်ယောက်နဲ့ သိကျွမ်းမှုကြောင့် ကိုယ့်စာမူကို ထည့်ပေးလိုက်ရတာထက် အယ်ဒီတာက အမှန်တကယ် နှစ်သက်သဘောကျလို့ လက်ခံလိုက်တာမျိုးပဲ ဖြစ်စေချင်တာကိုး။ အဲဒါက ဟိုး ၉၇၊ ၉၈ ကာလများဆီက အတွေးပါ။
ဒါပေမဲ့ အဲ့ဒီစိတ်ကလေးက ၂၀၀၆ခုနှစ်အထိ ရှိနေသေးတာကြောင့် ရေးပြီးသွားတဲ့ ၀တ္ထုတိုလေးကိုလည်း ကိုယ်နဲ့ပတ်သက်မှုလုံးဝမရှိတဲ့ မဂ္ဂဇင်းတိုက်ကိုပဲ ပို့မယ်လို့ ဆုံးဖြတ်ပြီး ရုံးအနားက သွားလာရေးလည်းလွယ်ကူ၊ ကိုယ်နဲ့သိကျွမ်းသူလည်း လုံးဝမရှိတဲ့ “အနုပညာမြင်ကွင်း” မဂ္ဂဇင်းကိုပဲ သွားပို့ဖြစ်သွားပါတယ်။ တကယ်တော့ အဲ့ဒီမဂ္ဂဇင်းမှာလည်း ၀တ္ထုတိုလေးတွေက တစ်ပုဒ်စ၊ နှစ်ပုဒ်စလောက်ပဲ ပါလေ့ရှိတာပါ။
ကိုယ်တိုင်စာမူသွားပေးပြီး နှစ်လလောက်ကြာတဲ့အခါ ဖုန်းဆက်မေးကြည့်ပါတယ်။ အရွေးခံရတဲ့အထဲများ ပါသလား၊ ပယ်စာမူများ ဖြစ်သွားသလား သိချင်တာကိုး။ တကယ်လို့ အပယ်ခံရတယ်ဆိုရင် စာမူပြန်သွားယူမယ့် စိတ်ကူးနဲ့ပါ။ သူတို့က အတိအကျ မပြောပေမယ့် စာအုပ်ထွက်ရင် စောင့်ကြည့်လိုက်ပါဆိုတဲ့ ပုံစံမျိုးပြောလို့ ဇွန်တစ်ယောက် မျှော်လင့်ချက်ရောင်ခြည်လေး ရှိနေပြီလို့ စိတ်ထဲမှာ သိလိုက်ပါတယ်။ နောက်လထုတ် မဂ္ဂဇင်းထွက်တဲ့အခါ ၄၈ လမ်းထိပ် စီးတီးမတ်က စာအုပ်ကောင်တာသွားပြီး စာအုပ်ရှေ့ မာတိကာကိုလှန်လှောလို့ ကိုယ့်စာမူပါမပါ အပြေးအလွှား ကြည့်မိတယ်ဆိုရင်ပဲ… ဇွန်မိုးစက်တစ်ယောက် သိပ်ပျော်သွားခဲ့ပါပြီ။ ပုံနှိပ်စာလုံးပေါ်က ကိုယ့်ကလောင်နာမည်ကို မြင်ရလို့ ၀မ်းသာပီတိဖြစ်မိတဲ့အပြင် ၀တ္ထုရဲ့သရုပ်ဖော်ပုံလှလှလေးက ပန်းချီမောင်မောင်သိုက်လက်ရာဖြစ်လို့ ကျေနပ်ခဲ့ရပါတယ်။ ဆရာကွယ်လွန်ခဲ့ပေမယ့် ဆရာ့ရဲ့ပန်းချီလက်ရာတစ်ခု ဇွန်မိုးစက်ရဲ့ ၀တ္ထုတိုလေးနဲ့အတူ ယှဉ်တွဲဖော်ပြခွင့်ရခဲ့တာ တကယ့်ကို အမှတ်တရပါ။
အယ်ဒီတာက စာတစ်လုံးမှဖြတ်တောက်ခြင်း မပြုဘဲ ဒီအတိုင်း ထည့်ပေးထားလို့ ၀မ်းသာကျေနပ်ခဲ့ရပေမယ့် ပြန်ဖတ်ကြည့်တဲ့အခါ တစ်ချို့စာလုံးလေးတွေ ထပ်နေတာ တွေ့ရလို့ အခုပြန်တင်တဲ့အခါ လိုသလောက်လေး ကိုယ့်ဖာသာ ပြန်တည်းဖြတ်ထားပါတယ်။ နောင်တစ်ချိန် ဇွန်မိုးစက်ရဲ့ စာစုလေးတွေ စာအုပ်ထုတ်ဖြစ်တဲ့အခါ ထပ်မပြင်တော့ဘဲ ဒီအတိုင်းလေးပဲ ပြန်ထည့်မယ်လို့ စိတ်ကူးထားပါတယ်။ ဇာတ်လမ်းလေးက သိပ်တိုတာပဲလို့ ဖတ်မိတဲ့ သူငယ်ချင်းတွေက ပြောကြတယ်။ ဒါပေမဲ့… ဘယ်အချိန်ပြန်ဖတ်ဖတ် ကိုယ်ကိုယ်တိုင် နှစ်သက်ခဲ့ရတဲ့ စာတစ်ပုဒ်မို့ တိုတိုလေးပေမယ့် ကြိုက်ပါတယ်။း)
ပတ်ဝန်းကျင်သည် တိတ်ဆိတ်ခြောက်သွေ့လျက်ရှိသည်။ လေပြင်းပြင်းအဝှေ့တွင် ရွက်ခြောက်များ ဝေ့၀ဲလွင့်ပျံ့လျက် ရှိချိန်မှအပ အရာရာသည် ဆိတ်ငြိမ်လွန်းနေသည်ဟု သူမထင်မြင်မိသည်။ သူမရောက်ရှိရာ ဒေသအတွင်း အမိုးချွန်စောက်သောအိမ်လေးများ လှပစွာ စီရရီရှိနေသည်။ ဆီးနှင်းများထူထပ်စွာ ကျရောက်ပါက နှင်းများ အိမ်အမိုးပေါ် တင်ကျန်မနေစေရန် အမိုးစောက်စောက် အသုံးပြု ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း လွန်ခဲ့သောခုနစ်နှစ်က ဤဒေသသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သော သူမကို သူပြောပြခဲ့ဖူးသည်။
လေက ပြင်းသထက်ပြင်းလာသောကြောင့် သူမခြေလှမ်းတို့ကို ပို၍သွက်လိုက်ပြီး ကိုယ်ကိုမယိုင်လဲစေရန် အားထုတ်၍ လျှောက်လာခဲ့သည်။ ကမ်းခြေနှင့်နီးသောကြောင့်လည်း ဖြစ်မည်ထင်ပါသည်၊ လေက အတော့်ကို ထန်လျက်ရှိနေသည်။ အင်္ကျီထူထူထဲ လက်နှိုက်ထားရင်း လေကြောင့် ဝေ့၀ဲဖွာစပြုနေသော ဆံပင်တို့ကိုပင် သူမ မသပ်အား။
ရောက်ခဲ့ပြန်ပြီပေါ့…။ တစ်ချိန်က သူနှင့်သူမတို့အတူနေထိုင်ခဲ့ဖူးသော၊ အခြားနိုင်ငံရပ်ခြားမှ ကျောင်းသူ ကျောင်းသားပေါင်းများစွာတို့ ပညာသင်ယူစဉ်က စုဝေးနေထိုင်ခဲ့ဖူးသော ရိပ်မြုံတစ်ခုသို့ ပြန်လည်ရောက်ခဲ့ပါပြီ။ သူမကို ယခုထက်တိုင် မှတ်မိနေဆဲဖြစ်သော အိမ်ရှင်က ဆီးကြိုနှုတ်ဆက်သည်။ "အလည်လာတာလား" ဟူသော အမေးကိုမေးရင်း သူမကိုဧည့်ခံသည်။ သူမမျှော်လင့်ထားသလိုပင် သူ့ကိုမေးသည်၊ သူ့အကြောင်းမေးပါသည်။ သူမနှင့်သူတို့ လူမျိုးဘာသာတူ၊ သွားအတူ၊ စားအတူ၊ ပညာသင်ကြားရာအတူတူဖြစ်ခဲ့သောကြောင့် သူမကိုမြင်၍ သူ့အကြောင်းမေးခြင်းမှာ အထွေအထူး အံ့သြစရာမရှိပါ။ သူမက ၀တ်ကျေတန်းကျေ ပြန်လည်ဖြေဆိုလိုက်ပါသည်။
ထို့နောက် အိမ်ရှင်ဇနီးမောင်နှံနှင့်အတူ စကားလက်ဆုံ ကျသွားသည်။ ယခုမူ သူတို့အိမ်ကလေးကို မငှားတော့ကြောင်း၊ သူတို့သမီးရှိရာ အခြားနိုင်ငံသို့ ပြောင်းရွှေ့လိုက်ပါတော့မည်ဖြစ်ကြောင်း၊ ထိုဒေသမှာ ယခုထက်ပို၍ နေရောင်ရပြီး ရာသီဥတု အတန်အသင့် နွေးထွေးကောင်းမွန်ကြောင်း စသည်ဖြင့် အထီးကျန်ဖြစ်နေသော သက်ကြီးရွယ်အိုတို့၏ ဓမ္မတာအတိုင်း သူတို့ရင်တွင်းရှိသမျှ ပြောပြကြသည်။ "မင်းနေခဲ့တဲ့အခန်းကြည့်ချင်သေးလား၊ ဒီမှာသော့ရှိတယ်" အိမ်ရှင်ကပြောပြောဆိုဆိုပင် သော့ယူ၍ သူကိုယ်တိုင် ဦးဆောင်ကာ အပေါ်ထပ်ရှိရာသို့တက်ရန် ဟန်ပြင်သည်။ သူမကလည်း ခေါင်းမခါဘဲ အလိုလို သူ့နောက် လိုက်ပါသွားမိသည်။
ထို့နောက် အိမ်ရှင်ဇနီးမောင်နှံနှင့်အတူ စကားလက်ဆုံ ကျသွားသည်။ ယခုမူ သူတို့အိမ်ကလေးကို မငှားတော့ကြောင်း၊ သူတို့သမီးရှိရာ အခြားနိုင်ငံသို့ ပြောင်းရွှေ့လိုက်ပါတော့မည်ဖြစ်ကြောင်း၊ ထိုဒေသမှာ ယခုထက်ပို၍ နေရောင်ရပြီး ရာသီဥတု အတန်အသင့် နွေးထွေးကောင်းမွန်ကြောင်း စသည်ဖြင့် အထီးကျန်ဖြစ်နေသော သက်ကြီးရွယ်အိုတို့၏ ဓမ္မတာအတိုင်း သူတို့ရင်တွင်းရှိသမျှ ပြောပြကြသည်။ "မင်းနေခဲ့တဲ့အခန်းကြည့်ချင်သေးလား၊ ဒီမှာသော့ရှိတယ်" အိမ်ရှင်ကပြောပြောဆိုဆိုပင် သော့ယူ၍ သူကိုယ်တိုင် ဦးဆောင်ကာ အပေါ်ထပ်ရှိရာသို့တက်ရန် ဟန်ပြင်သည်။ သူမကလည်း ခေါင်းမခါဘဲ အလိုလို သူ့နောက် လိုက်ပါသွားမိသည်။
တစ်ချိန်က ဤလှေကားအတက်အဆင်းကို အခေါက်ပေါင်းများစွာ ပြုလုပ်ဖူးသည်။ သူမ လှေကားပေါ်မှ ခြေချော်၍ ပြုတ်ကျတုန်းက သူက အလန့်တကြား ဆီးပွေ့ဖူးသည်။ သော့ဖွင့်သံကြားမှ သူမအတွေးတို့ ရပ်တန့်သွားသည်။ အခန်းထောင့် စာကြည့်စားပွဲမှအပ ကော်ဇောအပြည့်ခင်းထားသော အခန်းမှာ ဖုန်မရှိဘဲ ရှင်းလင်းနေသည်။ သစ်သီးနံ့တစ်မျိုးရသည်ဟု သူမစိတ်တွင်း ခံစားမိသည်။ လွန်ခဲ့သော ခုနစ်နှစ်က စာကြည့်စားပွဲနှင့်ထိုင်ခုံသည် ပျက်စီးယိုယွင်းမှုမရှိပါ။ သူမနောက်တွင် အခြားကျောင်းသူကျောင်းများလည်း နေထိုင်သွားခဲ့သည်ပဲ။ အနီရောင် ကော်ဇောပေါ်လျှောက်လှမ်းစဉ် လွမ်းဆွတ်ဖွယ်ကောင်းသော ခံစားမှုက ရင်တွင်းတစ်နေရာမှာ ပျော်ဝင်လျက်ရှိသည်။ "ကျွန်မ သူ့အခန်းရော ကြည့်လို့ရမလား" ခွင့်တောင်းသံစွက်သည့် သူမအမေးကို အိမ်ရှင်က ခေါင်းညိတ်ရင်း သော့ပေးသည်။ သူ့အခန်းမှာ သူမနှင့် မျက်နှာချင်းဆိုင် မကျတကျ အခန်းဖြစ်သည်။ သူ့အခန်းကို သူမကိုယ်တိုင် သော့ဖွင့်ဝင်ရခြင်းက ရန်ခုန်သံကို အနည်းငယ် နွေးထွေးစေပါသည်။
တစ်ချိန်က အလွန်တရာ ပွရှုပ်နေခဲ့သော၊ သူမ မကြာခဏ ရှင်းလင်းခဲ့ရဖူးသော အခန်းကလေးသည် ယခုတော့ တိတ်ဆိတ်သန့်ရှင်းလို့နေသည်။ အခန်းထောင့်တစ်နေရာက စက္ကူပစ်သော ကြိမ်ခြင်းကလေးကို အမှတ်မထင် တွေ့လိုက်ရသည်။ ဒါ သူဝယ်ခဲ့တဲ့ ခြင်းကလေးပဲ။ အခုထက်ထိရှိနေဆဲပဲ။ သူမရင်မှာ နာကျင်မှုတို့ ရောပြွမ်းသော လွမ်းဆွတ်ခြင်းကို ခံစားလိုက်ရသည်။ " ကျွန်မ ဒါလေး ယူသွားလို့ရမလား၊ ဒါ သူဝယ်ခဲ့တဲ့ ပစ္စည်းလေးတစ်ခုပါ" အိမ်ရှင်က သူမ စကားကိုကြားတော့ အတန်ငယ် အံ့သြသွားကာ "ရတယ်လေ၊ အခု ဘယ်သူမှလည်း အသုံးပြုကြတော့တာ မဟုတ်ဘူး၊၊ ဒါနဲ့ မင်းကြည့်ရတာ '.....' နဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု ဖြစ်ခဲ့ပုံပဲ" "ဟုတ်ကဲ့၊ ကျွန်မတို့ လမ်းခွဲခဲ့ကြတယ်" "အို..." ဟူသော အာမေဍိတ်နောက်တွင် သူမ၏ ခံစားချက် အနည်းအကျဉ်းကို ရိပ်မိသွားဟန်တူသော မျက်လုံးအစုံကို တွေ့မြင်လိုက်ရသည်။ "အရာရာတိုင်းက ပြောင်းလဲနေတာပဲ" ဟု အိမ်ရှင်က ရေရွတ်ယင်း အခန်းတံခါး ပြန်ပိတ်ဖို့ပြင်သည်။
သူမ အောက်ရောက်တော့ ယခုတိုင် မခွဲမခွာချစ်ခင်နေထိုင်လျက်ရှိသော အိမ်ရှင်ဇနီးမောင်နှံအား နှုတ်ဆက်၍ ထွက်ခွာလာခဲ့သည်။ ဆောင်းဝင်ခါစဖြစ်သော်လည်း သူမအဖို့ ချမ်းလွန်းနေသည်။ ဈေးဝယ်အိတ်ကြီးကြီးထဲ ထည့်လာသော ကြိမ်ခြင်းပါသော အိတ်ကိုဆွဲ၍ သူမဆက်လျှောက်လာသည်။ လေကထန်ဆဲ…။
လမ်းတစ်ဖက်တစ်ချက်ရှိ အိမ်ကလေးများမှာ မီးရောင်မြင်စပြုပြီ။ ရှေ့မှာ သူမတို့မကြာခဏ ၀ယ်လေ့ရှိခဲ့သော ကုန်စုံဆိုင်လေးကို တွေ့ရသည်။ သူ့ဘေးကပ်လျက်ကဆိုင်မှာ သူမတို့ထမင်းဟင်းချက်ဖို့ပျင်းလျှင် ဖုန်းဖြင့် ဒါမှမဟုတ် လူကိုယ်တိုင် မကြာခဏ ၀ယ်ယူမှာစားခဲ့ဖူးသော အရှေ့တိုင်းစားသောက်ဆိုင်လေးက ယခင်အတိုင်းပင် ရှိနေသည်။ သူမက အတွေးများစွာနှင့် ဖြတ်လျှောက်လာရင်းနှင့်ပင် ဘူတာရုံသို့ ရောက်တော့မည်။ ဘူတာရုံနှင့်မလှမ်းမကမ်းတွင် ရုပ်ရှင်ရုံနှင့် ဈေးဆိုင်ခန်းများစွာရှိသည်။ ဟယ်ရီပေါ်တာကား ရုံစတင်သောနေ့က အိပ်ရေးပျက်ခံ၍ သူနှင့်သူမတို့ အစောကြီးထပြီး ရုပ်ရှင်ရုံသို့ လာကြသည်။ ကိုယ့်ထက်ပင်ဦးစွာရောက်ရှိနေသော လူကြီးများနှင့်ကလေးများမှာ မနည်းလှ။ ရှည်လျားသော လူတန်းကြီးကို စိတ်ရှည်စွာစောင့်ရင်း ကြည့်ခဲ့ရသည်ကို မမေ့နိုင်သေး။ အို...ဘယ်နေရာသွားသွား သူနှင့်သူမတို့ အမြဲတတွဲတွဲပါလား။ သူမကြည့်လေရာ ပတ်ဝန်းကျင်ကတော့ ယခင်အတိုင်းမပြောင်းလဲဘဲ ဘာဖြစ်လို့များ သူမတို့ကျမှ...။
ဘူတာရုံထဲရောက်တော့ သူမစီးရမည့်ရထားက ဆိုက်နှင့်နေပြီ။ သူမရထားပေါ်တက်၍ သိပ်မကြာမီပင် ရထားစထွက်သည်။ အချိန်တိကျလွန်းသည့်နိုင်ငံမို့ ရထားစထွက်ချိန်မှာ တစ်မိနစ်မျှပင်မလွဲ။ ဆိုက်ရောက်တော့လည်း အချိန်က တိကျသည်။ သူမသွားရမည့်ခရီးမှာ တစ်နာရီခန့်သာ ကြာပါသည်။ သူမတစ်ယောက်တည်း ခရီးသွားခြင်းမှာ သူနှင့်ခွဲခွာပြီးနောက် ပထမဆုံးအကြိမ်ဟုဆိုနိုင်ပါသည်။ သူမတို့နှစ်ယောက် ရထားစီး၍ ခရီးရှည်ကိုလည်း အတူသွားခဲ့ဖူးသည်။ အရာရာကို နှစ်ယောက်အတူ ရင်ဆိုင်ဖြတ်သန်းခဲ့သော သူသည်ရော သူမကို နည်းနည်းလောက်မျှ သတိရခြင်းမရှိတော့ဘူးလား။ တစ်စုံတစ်ယောက်ကများ သူ့ကို သူမကြောင်းမေးလာခဲ့ရင် သူဘယ်လိုဖြေမှာလဲ။ သူမက အတွေးတွေ တစ်ပုံကြီးနှင့်လိုက်ပါလာရင်း ခရီးတစ်ထောက် ပြန်ရောက်ခဲ့သည်။
ဘူတာရုံမှာ ပျားပန်းခတ်သောလူများ သွားလာလှုပ်ရှားလျက်ရှိသည်။ လေဆိပ်တစ်ခုအလား ကျယ်ဝန်းလှသဖြင့် လူကြားထဲပျောက်မသွားရအောင် သူမလက်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့ဖူးသော ယောက်ျားတစ်ယောက်သည် သူမနှင့်အတူ ဘ၀ခရီးရှည် လျှောက်လှမ်းရမည်ကိုတော့ ၀န်လေးခဲ့ပုံရသည်။ သူမ မဟုတ်သောအခြားတစ်ယောက်နှင့် လက်တွဲဖြတ်သန်းဖို့ သူကိုယ်တိုင်ရွေးချယ်ခဲ့သည်ပဲ။ ဒါကို ဘာလို့များ သူမက လွမ်းဆွတ်တသနေရမှာလဲ။ သူမကိုယ်သူမ နားမလည်နိုင်တော့ပါ။
သူမလက်ဆွဲအိတ်ထဲမှ ခြင်းကလေးကိုတော့ ယူသွားရမည်။ အိမ်ပြန်ရောက်လျှင် သူမ ခံစားရေးဖွဲ့ခဲ့သော အရာများအားလုံးကို ထိုခြင်းကလေးအတွင်းသို့ စွန့်ပစ်မည်။ ရင်တွင်းဝေဒနာများ အားလုံးကို ထိုခြင်းကလေးထဲသို့ ထည့်သွင်းစွန့်ပစ်တော့မည်။ ထိုအတွက်ကြောင့်ပင် သူမ မသိစိတ်က ဤခြင်းကလေးကို ယူဆောင်လာခြင်းလား။ သူမကိုယ်တိုင် မသိနိုင်စဉ်မှာပင် အေးစက်ထုံကျင်နေသော ပါးပြင်ပေါ်သို့ နွေးထွေးသော မျက်ရည်ပူက ကျဆင်းလာခဲ့လေသည်။
တစ်ချိန်က အမှတ်တရများစွာအတွက်...
ဇွန်မိုးစက်
တကယ်ကောင်းတယ် ညီမဇွန်...။ ဘာဖြစ်လို့ နှစ်တွေအကြာကြီး စာတွေ ဆက်မရေးခဲ့တာလဲ ညီမရယ်။ ရေးလက်ရှိတဲ့ ကလောင်တွေ တပုဒ် နှစ်ပုဒ် ရေးပြီး ဆက်မရေးတော့ရင် သိတ်နှမျောမိတယ်...
ဟုတ်တယ်..၊ အရမ်းကောင်းတယ်ဗျာ၊ မဇွန် သူငယ်ချင်းတွေ ပြောသလိုပဲ...၊ နည်းနည်းတိုတယ်၊ ဒါပေမယ့် စကားလုံးတိုင်း၊ စာကြောင်းတိုင်းက ကျစ်လစ်လို့ ထိတယ်၊ အခုလို ပြန်တင်တော့ ဘလော့ဂ်လေးလည်း အသက်ဝင်သလို မဖတ်ရသေးတဲ့ ကျနော်တို့လို လူတွေအတွက်လည်း အဆင်ပြေတာပေါ့။
ဒီဝတ္ထုလေးအကြောင်းတွေးတိုင်း အံ့သြမိတယ်။
ဇာတ်လမ်းကလွဲလို့ ကလောင်နာမည်၊ မဂ္ဂဇင်း ဘာမှမမှတ်မိဘူး။
ဇွန် ရေးခဲ့တာကို ကိုယ် ဖတ်ဖူးခဲ့တာပဲ အံ့သြနေတယ်။
ဇွန်ရေ... ခေါင်းစဉ်ကို သိသာအောင် ပို့စ်မှာ ထည့်ရေးလိုက်ဦးလေ
ဆက်ရေး...ဆက်ရေး...လို့ ပြောရမှာ အားလည်းနာတယ်...ခင်လည်းခင်တယ် :)
မချစ်... နောက်၂လလောက်နေတော့ ဇွန် စင်္ကာပူပြန်ထွက်လာပြီးနောက်ပိုင်း ဆက်မရေးဖြစ်တော့တာ။
ဟုတ်တယ် ...ကိုညီလင်းသစ် ပြောသလိုပဲ ဘလော့လေးလည်း အသက်ဝင်၊ မဖတ်ရသေးသူတွေလည်း ဖတ်ဖြစ်သွားတာပေါ့။
ရီတာရေ...အဲဒါလည်း ကြိုမမြင်ရတဲ့ ရေစက်ဆုံမှုတစ်ခုလို့ ထင်တယ်နော်။
မသီတာ... ရေးချင်ပါတယ်၊ အချိန်သိပ်မပေးနိုင်တာ ခက်နေတယ်။ ခေါင်းစဉ်တပ်ဖို့ မေ့နေတာ သတိပေးလို့ ကျေးဇူးပါ ချစ်မ။ :D
အရင်ကတည်းက..အဲဒါလေးဖတ်ဖူးတယ်။ ထပ်ဖတ်တော့ ထပ်ဝမ်းနည်းတယ်။ အခုတလော..အသည်းနုနေလို့ ထင်ပါရဲ့။ :D
မမွန်
ဝတ္တုလေးက..ကောင်းတယ်
ခေါင်းစဉ်လေး ကပဲ..နဲနဲ ရိုးသွားသလားလို့..
ါ်)
အမြဲတစ်တွဲတွဲရှိခဲ့ပြီးမှ ဝေးကွာသွားရတဲ့ ခံစားချက်က ဆိုးဝါးလိုက်တာ။ မဇွန် အရေးအသားလေး ထိတယ်။ အားပေးနေတယ်နော်
နောင့်
စာလုံးလေးတွေ ကျစ်ကျစ်လစ်လစ်နဲ့ ချစ်စရာကောင်းတဲ့ ဝတ္ထုတိုလေး... နောက်လည်း အများကြီး ဆက်ရေးဖြစ်အောင် ရေးပါ ဇွန်...း))
အရေးအသား အစမှအဆုံး ဘာမှကိုပြောစရာမရှိအောင်ကောင်းလှပါ၏....
ဒါပေမယ့် အဲလိုဇာတ်လမ်းမျိုးတွေဆို ဖတ်ရတာဝမ်းနည်းပြီး ငိုချင်လာတယ်။
ဝတ္ထုတိုတွေမရေးတော့ဘူးလားမမ....လုပ်ပါဦး။ :)
ချစ်တဲ့
ဂျင်း
မမွန်...ဇွန်က အလွမ်းဓာတ်ခံရှိသူမို့ ထင်ပါရဲ့။ ရေးသမျှစာတွေက ဆွေးစရာတွေ ဖြစ်ဖြစ်သွားတာ။း(
လာဖတ်သွားတဲ့ မကေကို ကျေးဇူးပါ။ ခေါင်းစဉ်လေးက ကာရံမိအောင်ဆိုပြီး ပေးလိုက်တာ။ ရိုးသွားသလား သိပ်မစဉ်းစားလိုက်မိဘူး။ ခုမှပဲ ပြန်တွေးကြည့်နေမိတယ်။
ညီမမေဇင်ရေ...အားပေးလို့ ကျေးဇူးတင်ပါတယ်။
နောက်ထပ်ရေးဖြစ်အောင် ကြိုးစားပါ့မယ် မမသက်ဝေ။
ဂျင်းရေ... အချိန်လုပြီး ရေးကြည့်ပါဦးမယ်ကွယ်။
ခွဲခွါခြင်းတိုင်းရဲ့ နောက်ကွယ်မှာ သတိရခြင်း ဆိုတာက ရှိနေတတ်တာပါ အစ်မ။ ကိုယ်သတိရသလို သူလဲ ကိုယ့်ကို သတိရပါ့မလားလို့ တွေးတတ်မိတာကလဲ လူ့ သဘာဝပါပဲ။ အတိတ်ဆိုတာ သေဆုံးသွားတတ်တဲ့ အရာ မဟုတ်တော့ သူလဲ တိုက်ဆိုင်မှုတွေ ရှိတိုင်း သတိရနေမှာပါလေ...
အစ်မ ကျွန်တော်က ဆင်တဲကဖေးက ဘလက်ကော်ဖီပါ။ မှတ်မိမလား မသိဘူး ကျွန်ောတ်တို့ စာပေဟောပြောပွဲမှာ တွေ့ ဖူးတယ်လေ။ခု ညီရဲသစ် ဆိုတဲ့ နာမည်နဲ့ ဘလောဂ့်တစ်ခု လုပ်ထားပါတယ်။ အစ်မ လင့်လေးကိုလဲ ယူသွားပါတယ်။ အစ်မ အချိန်ရရင် လာလည်ဖို့ ကိုလဲ ဖိတ်ခဲ့ပါတယ်။