သစ်သစ်နှင့် ချစ်ဒုက္ခများ

11

Category:

ခုတလော… သစ်သစ်တစ်ယောက် အလုပ်များနေသည်။ အလုပ်ထဲမှာ အလုပ်များခြင်းတော့ မဟုတ်၊ အလုပ်နားနေချိန်မှာ မိတ်ဆွေသူငယ်ချင်းများ၏ ဆိုင်ရာကိစ္စများအတွက် ကူညီအကျိုးဆောင်ပေးနေရသောကြောင့်ဖြစ်သည်။ မြန်မာပြည်ရှိ သူငယ်ချင်းများမှအစ၊ ခြင်္သေ့ကျွန်းရောက် သူငယ်ချင်းများအလယ်၊ ကနေဒါနိုင်ငံမှသူငယ်ချင်းအဆုံး သစ်သစ် အကူအညီပေးခဲ့ဖူးသည်။ နှုတ်၏ဆောင်မခြင်းဖြင့် ဖြစ်စေ၊ ကိုယ်တိုင်ကိုယ်ကျ သွားလာလှုပ်ရှားခြင်းဖြင့်ဖြစ်စေ၊ အွန်လိုင်းမှတစ်ဆင့်ဖြစ်စေ မတူညီသော ကိစ္စမျိုးစုံအဖုံဖုံကို ကူညီဆောင်ရွက်ပေးရတတ်သည်။ သူတစ်ပါးအကျိုးဆောင်၍ ရံဖန်ရံခါ ပင်ပန်းမှုများရှိသော်လည်း သူငယ်ချင်းများ အဆင်ပြေစိတ်ချမ်းသာသွားသည်ကိုမြင်လျှင် သစ်သစ် ကျေနပ်ပျော်ရွှင်ရသည်။

အဲ… ချစ်ခြင်းမေတ္တာ၏ နောက်ဆက်တွဲအကျိုးဆက်နှင့်ပတ်သက်ပြီး ကူညီမိသော အချို့သောကိစ္စရပ်တွေမှာတော့ အပျိုကြီးသစ်သစ်အဖို့ အနည်းငယ် စိတ်ကသိကအောက်ဖြစ်စရာ ကြုံရလေသည်။


ချစ်ဒုက္ခ (၁)
“သစ်သစ်… နင်ရှေ့တစ်ပတ်ပြန်လာမယ်ဆို”

“အေး”

“ငါတစ်ခုလောက် မှာချင်လို့၊ ရတယ်မလား”

“ရပါတယ်၊ ပြောလေ”

“နင်.. ကျောင်းတုန်းက “ ချော” ကို သိတယ်မဟုတ်လား”

“အင်း… သိတယ်လေ”

“အေး… သူတလောကပဲ မိန်းကလေးမွေးတာ၊ ငါတောင် သွားမကြည့်ရသေးဘူး၊ ဖုန်းပဲဆက်လိုက်တာ၊ အဲဒါ သူက လူကြုံရှိရင် စင်္ကာပူက ပစ္စည်းမှာချင်လို့တဲ့”

“ဟုတ်လား… ဘာပစ္စည်းလဲ၊ ငါညနေရုံးဆင်းလို့ အဆင်ပြေရင် သွားကြည့်ပေးမယ်”

“သူ ကလေးကို နို့တိုက်ရတာ အခက်အခဲရှိနေလို့၊ ရေနွေးကပ် မှာချင်လို့တဲ့”

“အင်.. အဲဒါ ဟိုမှာ မရှိဘူးလား”

“သူပြောတာ ရိုးရိုးရေနွေးကပ် မဟုတ်ဘူးတဲ့၊ အစိမ်းရောင်၊ ခဲပြားအဆစ်လေးပါတယ်၊ လေးခေါက်ချိုးလို့ရတဲ့ဟာမျိုးလို့ ပြောတယ်၊ သူ့မိတ်ဆွေတစ်ယောက် စင်္ကာပူက ၀ယ်လာတာ မြင်ဖူးတယ်တဲ့”

“သြော်… အေး ငါ ရှာကြည့်လိုက်မယ်လေ”

ရုံးဆင်း၊ ညနေစာ စားပြီးသည်နှင့် သစ်သစ်တစ်ယောက် သူငယ်ချင်းအမှာတော်ပါးလိုက်သော ရေနွေးကပ် ရှာပုံတော် ဖွင့်ရလေတော့သည်။ နီးစပ်သမျှ Guardian၊ Watson၊ Unity အစရှိသော ဆိုင်များမှာ စုံစမ်းမေးမြန်းသော်လည်း ချောလိုချင်သော ခေါက်ချိုးရေနွေးကပ်မျိုးကား မရှိ။ ဆိုင်တိုင်းလိုလိုက နို့ချိုတိုက်ကျွေးသောမိခင်များ အသုံးပြုနိုင်သော အပူအအေး နှစ်မျိုးလုံးအသုံးပြုကပ်နိုင်သော ဂျယ်လ်အမျိုးအစား အိတ်များကိုသာ ညွှန်းလေသည်။ အရောင်းဝန်ထမ်းမေးသမျှကို ကာယကံရှင် မဟုတ်သော သစ်သစ်က “ငါ့အတွက်မဟုတ်ဘူး၊ သူငယ်ချင်းအတွက်မေးပေးတာ” ဟု အမောတကော ရှင်းပြပြီး ပြန်ဖြေရလေသည်။ သူငယ်ချင်းမှာသော ထိုပစ္စည်းကို ပြန်ခါနီးတစ်ရက်အလိုအထိ ရှာကြည့်ပေးသော်လည်း မတွေ့သဖြင့် ထိုအခေါက်က သစ်သစ် အကူအညီ အထမမြောက်ခဲ့။ ကလေးအမေဟု အထင်လွဲခံရခြင်းမှတော့ သီသီလေး ကင်းလွတ်ခဲ့ရလေသည်။

ချစ်ဒုက္ခ (၂)

ငယ်သူငယ်ချင်းတစ်ယောက်၏ ရင်ဖွင့်သံကို နားထောင်ရသော သစ်သစ်ခမျာ စိတ်မချမ်းမသာ ဖြစ်ရသည်။ အကြောင်းစုံကို ဖွင့်ပြောအပြီး သူငယ်ချင်းက

“နင်သာဆိုရင်ရော… ငါ့လိုပဲ ဆုံးဖြတ်မိမလား”

မိန်းမချင်းမို့ သူငယ်ချင်းဘက်က လိုက်၍ပြောခြင်းတော့ မဟုတ်၊ သစ်သစ် ရင်ထဲ ခံစားရသလိုပဲ အမှန်အတိုင်း ပြောလိုက်သည်။

“အေး… ငါလည်း နင့်လိုပဲ ဆုံးဖြတ်မိမှာ”

“ဒီကိစ္စ တခြားလူတွေ သိလို့မဖြစ်သေးဘူးဟာ၊ ဒီတော့ နင်ငါ့ကို တစ်ခုလောက် ကူညီပါ”

“အေးပါ… ငါကူညီပေးပါ့မယ်”

“ဟယ်လို… မေမေလား၊ ဟိုလေ… စင်္ကာပူက သမီးသူငယ်ချင်းတစ်ယောက် မြန်မာပြည်မှာ လက်ထပ်ထားတာ၊ အခု… နှစ်ဦးသဘောတူ ကွာရှင်းချင်လို့၊ သူငယ်ချင်းဘက်က အခိုင်အမာ ဆုံးဖြတ်ပြီးပြီဆိုတော့ ၀ိုင်းနားချမှာ စိုးရိမ်တာနဲ့ မိဘတွေကို ချက်ခြင်းအသိမပေးသေးဘူး။  အဲဒါ… ရန်ကုန်က တရားရုံးမှာ မေမေ့အသိ တရားသူကြီးတစ်ယောက်နဲ့ လက်မှတ်ထိုးဖို့ ကြိုစီစဉ်ပေးလို့ ရမလား။ သူတို့ လက်မှတ်ထိုးဖို့အတွက် ခဏပဲပြန်လာမှာ။ အချိန်ကန့်သတ်ချက်ရှိနေတော့ ဟိုဘက်က ကြိုချိတ်ထားမှ အဆင်ပြေမှာမို့လို့”

“………. ……………… ……………..”

အရာရာကို နားလည်သဘောပေါက်လွယ်သော မေမေက လိုအပ်သည်များကို မေးမြန်းမှာကြားပြီး အစစအဆင်ပြေအောင် ကူညီစီစဉ်ပေးခဲ့ပါသည်။

သစ်သစ်က ဟင်း…ခနဲ သက်ပြင်းတစ်ချက်ချလိုက်ရင်း အချစ်ဆိုတာ အခန့်မသင့်လျှင်၊ အတိုင်းအတာတစ်ခုကို ကျော်လွန်၍ သည်းခံပြီးလျှင် ပျောက်ကွယ်တတ်သောအရာဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ချစ်ဒုက္ခ (၃)

မျက်နှာစာအုပ်မှတစ်ဆင့် ၀င်နေသော မက်ဆေ့ခ်ျလေးကို သစ်သစ်ဖတ်လိုက်သည်။

သစ်သစ်
နေကောင်းလား၊ အလုပ်အကိုင်ရော အဆင်ပြေရဲ့လား။ ငါတစ်ခုလောက် အကူအညီ တောင်းချင်လို့။ နင်အဆင်ပြေရင် ငါ့ကို စာအုပ်တစ်အုပ် ရှာပေးပါဟယ်။ စာအုပ်နာမည်က ‘Pregnancy Miracle’ တဲ့၊ ရေးသူက ‘…… ..............’  တကယ်လို့ အွန်လိုင်းကနေ ebook ကို download လုပ်လို့ရရင် လုပ်ထားပေးနော်။ နင်သိပါတယ်… ငါတို့ဆီမှာ ကွန်နက်ရှင်က နှေးတော့လေ။

ချစ်တဲ့
မေ

မိနစ်အနည်းငယ်အကြာ သစ်သစ် စူးစမ်းရှာဖွေပြီး သကာလ…

မေ…
နင်ပြောတဲ့စာအုပ်က ပိုက်ဆံမပေးဘဲ ဒေါင်းလုပ်လုပ်လို့မရဘူးဟ၊ သူက လင့်ခ်ပေးထားပေမယ့် တကယ်တမ်း ကလစ်နှိပ်လိုက်ရင် ငွေပေးချေရမယ့်နေရာ ရောက်ရောက်သွားတာ။
သစ်သစ် မေ့ကိုစချင်စိတ်ပေါ်လာသဖြင့် စာသားထပ်ဖြည့်လိုက်သည်။ ဘာလဲ… နင် ကလေးယူတော့မယ်ပေါ့… ဟုတ်လား။

မေ့ဆီက မက်ဆေ့ခ်ျပြန်လာသည်…

သစ်သစ်…
ငါ ကလေးယူတော့မှာ မဟုတ်ဘူး၊ မရသေးလို့ ယူဖို့ကြိုးစားနေတာ၊ ငါပြောတဲ့စာအုပ်က ဆေးတွေဘာတွေ မသောက်ဘဲ သဘာဝအတိုင်းကလေးယူနိုင်တဲ့နည်းတွေ ရေးထားတာဟ၊ အဲဒါကြောင့် ငါဖတ်ချင်တာ။ နင် သိတဲ့အတိုင်း ငါက တစ်ဦးတည်းသော သမီးလေ၊ ငါ့အတွက် မျိုးဆက်က အရမ်းအရေးကြီးတယ်။ ငါ ဆရာဝန်ပေးတဲ့ဆေးတွေတော့ စားနေတယ်။ ဒါပေမယ့် အဲဒီ့ဆေးတွေက စားပါများရင် သားဥအိမ်ကင်ဆာ ဖြစ်တတ်တယ်တဲ့။ နောက်ပြီး ငါ့ကိုယ်အလေးချိန်ကို ထိန်းဖို့ခက်နေတာ အဲဒါတွေကြောင့်လည်း ပါတယ်၊ ငါတအားဝနေတာ ပြီးခဲ့တဲ့အခေါက် နင်ပြန်လာတုန်းက မြင်တဲ့အတိုင်းပဲ။ နင်ကူညီပြီး ရှာပေးပါဦးနော်… သူငယ်ချင်း။

အေးပါ မေရယ်၊ ငါထပ်ရှာကြည့်လိုက်ပါ့မယ်၊ တကယ်လို့ အွန်လိုင်းမှာ ရှာမတွေ့ရင် စာအုပ်ဆိုင်မှာ သွားကြည့်ပေးမယ်နော်…။

သို့နှင့် တစ်ခုသောစနေညနေခင်းမှာ သစ်သစ်တစ်ယောက် စာအုပ်ဆိုင်ဘက်သို့ ခြေဦးလှည့်ရလေသည်။ ကိုယ်ရှာနေကျ စာအုပ်အမျိုးအစား မဟုတ်၍ (အထင်လွဲခံရမှာ စိုးရိမ်သော်လည်း) သတင်းကောင်တာသွားပြီး မေးရသေးသည်။ စာအုပ်စင်ရှေ့ရောက်တော့ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သမျှ စာအုပ်တွေထဲ သစ်သစ် ခေါင်းထိုးကာ ကြည့်ရှုရှာဖွေရလေသည်။ ဒီဘက်အခြမ်းက ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုစားသောက်သွားလာလှုပ်ရှားနေထိုင်ရမယ်ဆိုတာတွေ… မဟုတ်သေးဘူး၊ ဒီမှာက ကလေးကို ဘယ်လိုပြုစုစောင့်ရှောက်ရမယ်ဆိုတာ… ဒါလည်း ဟုတ်သေးဘူး။ မျက်နှာချင်းဆိုင်က စာအုပ်စင်ကို လှမ်းကြည့်မိတော့ ဘာလို့ခုချိန်ထိ တစ်ကိုယ်တည်းဖြစ်နေရတာလည်း ခေါင်းစဉ်ဖြင့် စာအုပ်ကို တွေ့လိုက်၍ သစ်သစ် စိတ်ဝင်စားသွားသည်။ စာအုပ်ဆီ လက်လှမ်းမည်အပြု သတိဝင်လာသည်။ အင်း… ခုနေ ယူကြည့်လို့တော့ မဖြစ်သေးပါဘူး၊ ငါလာတဲ့ ရည်ရွယ်ချက်က သဘာဝကျကျ ကိုယ်ဝန်ဆောင်ခြင်း ဆိုတဲ့စာအုပ်ကိုရှာဖို့ပါ။ သို့နှင့် တစ်ဘက်ခြမ်းက စာအုပ်စင်ကို ပြန်လှမ်းပြီး အသေအချာ စူးစူးစိုက်စိုက် ထပ်ရှာရသည်။

ဟော… တွေ့ပြီ… စာအုပ်တွေကတော့ အများကြီးပဲ၊ မေ လိုချင်တဲ့ စာအုပ်အတိအကျတော့ မရှိဘူး။ တကယ်လို့ သူက မဖြစ်မနေတစ်အုပ်လိုချင်တယ်လို့ ပြောလာရင် ၀ယ်ပေးနိုင်အောင် ခုကတည်းက ကြည့်ထားဦးမှ။ သစ်သစ်တစ်ယောက် စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် လှန်လှောကာ မာတိကာတွေဖတ်လိုက်၊ အတွင်းက စာသားတွေ တစ်ချက်တစ်ချက် ၀င်ဖတ်ကြည့်လိုက်နှင့်… အိမ်ထောင်ရေး ဗဟုသုတအချို့ပင် ရသွားသည်။ တစ်ချို့များ ကိုယ်ဝန်ရတာ သိပ်လွယ်သိပ်မြန်ပြီး၊ တစ်ချို့ကျတော့လည်း ခက်နေလိုက်တာ။ အပျိုကြီးသစ်သစ် အချို့သောစာသားတွေဖတ်ရင်း မျက်ခုံးလေးရှုံ့လိုက်၊ မျက်လုံးလေးပြူးလိုက်နှင့် သြော်… ကိုယ်ဝန်ဆောင်နိုင်အောင် ဒီလိုနေ၊ ဒီလိုထိုင်ရမှာတဲ့လား။ သစ်သစ် ဘေးဘီကို ၀ဲကြည့်လိုက်ပြီး စာအုပ်ပြန်ပိတ်လိုက်သည်။ တော်ကြာ ငါ့ကို ကာယကံရှင်လို့ ထင်သွားဦးမယ်၊ ဒီလောက်သုတေသနပြုပြီးပြီပဲ၊... တော်လောက်ပါပြီ။

အိမ်ပြန်ရောက်တော့… မေ့ဆီကို အကြောင်းပြန်လိုက်သည်။ သူရှာခိုင်းသော စာအုပ်မတွေ့သော်လည်း၊ အခြားစာအုပ်တွေရှိကြောင်း၊ သူမ တကယ်လိုအပ်နေသည်ဟုဆိုလျှင် အကောင်းဆုံး၊ အသင့်တော်ဆုံး စာတစ်အုပ်ဝယ်ပြီး သပြေနုနှင့် ပို့ပေးလိုက်မည်ဖြစ်ကြောင်း… ။

မေက ၀မ်းသာအားရအကြောင်းပြန်လာသည်။ နင်ကောင်းမယ်ထင်တဲ့ စာအုပ်သာပို့ပေးလိုက်ပါ၊ ဘယ်လောက်ကျကျ ငါပြန်ပေးပါ့မယ်။ ဒီပိတ်ရက်ကျရင် နင့်အိမ်ကို ပိုက်ဆံသွားပေး ပေးမယ်နော်…။

ရက်အနည်းငယ်ကြာသော် ဆရာဝန်သူငယ်ချင်းမကိုအဖော်ခေါ်၍ စာအုပ်ဆိုင်သို့တစ်ခေါက် ရောက်ရပြန်သည်။ ထိုသူငယ်ချင်းက စာအုပ်မကြည့်ခင် မေးခွန်းများ စေ့စေ့စပ်စပ်မေးနေ၍ ပြန်ဖြေရသေးသည်။ “ဟဲ့...အဲဒါတော့ ကာယကံရှင်မဟုတ်တော့ ငါလည်း မသိဘူးဟာ၊  သူငါ့ကိုပြောပြသလောက် နင့်ကိုငါပြန်ပြောလိုက်တာပဲ။ ဆရာဝန်နဲ့ သူပြထားပြီးပြီ။ သူက စာအုပ်ဖတ်ရမှ ကျေနပ်မယ့်သဘောရှိလို့ သူစိတ်ချမ်းသာအောင် ငါဝယ်ပေးလိုက်ချင်တာပါ။” သစ်သစ်ကူညီချင်သည့် ဆန္ဒကိုသိသွားသော သူငယ်ချင်းက ထပ်မမေးတာ့ဘဲ မေ့အတွက် အသင့်တော်ဆုံး စာတစ်အုပ်ကို အတည်ပြုရွေးပေးလိုက်သည်။ ထိုနေ့က စာအုပ်ဝယ်ပြီး အိမ်ပြန်ရောက်သော် ကင်မရာထုတ်ကာ စာအုပ်ရှေ့ဖုံးနှင့် နောက်ကျောဖုံးကို ဓာတ်ပုံရိုက်ပြီး မေ့ဆီပို့ပေးလိုက်သည်။

မေ့ဆီက ၀မ်းသာအားရ ကျေးဇူးတင်စကားတွေ ပြန်လာသည်။ သူစိတ်ကျေနပ်သွားအောင် ကူညီလိုက်ရသည့်အတွက် သစ်သစ်ဝမ်းသာပါသည်။

သြော်… ခက်တယ်၊ လောကကြီးက။ ကိုယ့်အပူကိုယ်မရှာချင်လို့ တစ်ယောက်တည်းနေပါတယ်ဆိုမှ ဘယ့်နှယ်… သူများရှာတဲ့ချစ်ဒုက္ခတွေနဲ့ လာပြီး ပတ်သက်ရုံတင်မကဘူး၊ ကြားထဲက၀င်ပြီး ကူညီအကျိုးဆောင်လိုက်ရသေး။ အို… ဘယ်လိုပဲဖြစ်ဖြစ် ကူညီတယ်ဆိုတာ ကောင်းတဲ့အလုပ်ပဲဟာ၊ လူတိုင်းလုပ်ပေးနိုင်တာမှ မဟုတ်ဘဲ။ သစ်သစ်က ညည်းညည်းညူညူလေး ပြောလိုက်ရင်း ကိုယ့်ကိုယ်ကို အမှတ်ပြန်ပေးလိုက်သည်။

သစ်သစ်ခေါင်းထဲ မေးခွန်းလေးတွေ ဖျတ်ခနဲ ပေါ်လာသေးသည်။ သစ်သစ်တစ်ယောက် ကိုယ်ကျိုးထက် တစ်ခြားသူကိစ္စတွေ လိုက်အကူအညီပေးရလွန်းသဖြင့် မအားလပ်ဘဲ ရည်စားတောင် မထားနိုင်တာလား၊ တစ်ကိုယ်တည်းသမားဟူသော ဂုဏ်ပုဒ်ကြောင့် သူငယ်ချင်းတွေက အားလပ်သည်ဟုထင်ပြီး အားကိုးတကြီး အကူအညီတောင်းကြတာလား။ ဒါမှမဟုတ် သူတို့ကို ကူညီပေးလိုက်သည့်အတွက် ကျိန်းကျေသွား၍ တစ်ယောက်တည်း ဖြစ်နေရခြင်းလား...။ 

ကိုယ့်အမေးကိုယ် ပြန်မဖြေနိုင်ခင်မှာပင် အပျိုကြီးသစ်သစ်တစ်ယောက် (သဘာဝကျကျ) ကိုယ်ဝန်အမြန်ဆောင်နည်း ဟူ၍ ခေါင်းစဉ်တပ်ထားသောစာအုပ်ကို မေ့ဆီသို့ပေးပို့ရန် ပင်နီဆူလာသို့ ခြေလှမ်းများကို ဦးတည်လိုက်ပြီးဖြစ်သည်။ ကံကောင်းလျှင် မေတစ်ယောက် သူမပို့သောစာအုပ်ဖတ်ပြီး သုံးလအတွင်း ကိုယ်ဝန်ဆောင်နိုင်ပေလိမ့်မည်။


ဇွန်မိုးစက်





ကျောပိုးအိတ်နဲ့ ဂျင်းပန်အပြာ

6

Category:

♫♪ မြို့ထဲမှာ လမ်းလျှောက်ရင် ဂျင်းပန်နဲ့ ငါကြိုက်တာ ဂျင်းပန်အပြာ
နွေမိုးနဲ့ဆောင်းရောက်ရင် ၀တ်နေမှာပဲ ဖြူရော်နေပစေ ၀တ်နေမယ့်ဂျင်း ♪♫

သူမ ခပ်ငယ်ငယ် ထိုသီချင်းကို ကြားကာစက သိပ်ဘ၀င်မကျ။ ဂျင်းဘောင်းဘီတစ်ထည်တည်းကို ဥတုသုံးလီ မပြောင်းလဲဘဲ နှစ်ခြိုက်စွာဝတ်ဆင်မယ်တဲ့။ နောက်ဆက်တွဲ စာသားက ဂျင်းဘောင်းဘီအပြာကို အမြဲဝတ်သလို မိန်းကလေးတစ်ယောက်တည်းကို စွဲစွဲမြဲမြဲ ချစ်မယ်ဆိုတဲ့အကြောင်းလည်းပါသည်။ ခုချိန်မှာတော့ အဲဒီသီချင်းရဲ့ အဓိပ္ပာယ်ကို သူမ ကောင်းစွာနားလည် သဘောပေါက်သွားပြီဖြစ်သည်။ အထူးသဖြင့် ဂျင်းပန်အပြာနှင့်ပတ်သက်သော သီချင်းစာသား…။

သူမကိုယ်တိုင်က ဂျင်းပန်အပြာကို စွဲစွဲမြဲမြဲ ၀တ်မှန်းမသိ ၀တ်တတ်သူတစ်ယောက်ဖြစ်နေခဲ့တာ ဆယ်စုနှစ်တစ်ခုမက ကြာခဲ့ပြီ။ ကျောင်းသူဘ၀မှာလည်း ဂျင်းပန်အပြာကိုပဲ ၀တ်ခဲ့သည်။ အလုပ်ခွင်ဝင်တော့ နေ့စဉ်ဝတ်ဆင်၍မရသည့်တိုင် ဂျင်းဘောင်းဘီဝတ်ခွင့်ရှိသည့် သောကြာလိုနေ့မျိုးမှာ ဂျင်းပန်အပြာကို တီရှပ်နှင့်တွဲ၍ ၀တ်ဆင်ခဲ့သည်။ ဟော… စနေ၊ တနင်္ဂနွေလို အားလပ်ရက်တွေမှာ ဟိုနားဒီနားပဲဖြစ်ဖြစ် ဝေးဝေးလံလံပဲဖြစ်ဖြစ် အပြင်ထွက်သည့်အခါ ဂျင်းပန်အပြာကိုပဲ ၀တ်ဆင်ပြန်သည်။ အပေါ်ပိုင်းက အင်္ကျီတွေသာ ပြောင်းချင်ပြောင်းသွားမည်၊ ဂျင်းဘောင်းဘီဖက်ရှင်ကတော့ မပြောင်းလဲခဲ့။ ၀တ်နေကျအရောင်မှာလည်း အပြာရောင်သာ။ ဂျင်းအမည်းတစ်ထည်ရှိသော်လည်း သိပ်မ၀တ်ဖြစ်ခဲ့။ နှစ်တွေကြာလာတာနှင့်အမျှ သူမ၀တ်နေကျ ဂျင်းပန်အပြာရင့်လေးက တဖြည်းဖြည်းအရောင့်လွင့်ပြယ်လာကာ အပြာနုရောင်အသွင်သို့ ပြောင်းလဲတော့မည့်အလား…။ အောက်ခြေအနားစလေးတွေမှာ တမင်အဆန်းထွင်ပြီး ဖွာရာကျဲထားသည့်အလား…။ သို့သော်… သူမက ထိုဂျင်းပန်အပြာလေး ၀တ်ရတာကိုပဲ နှစ်ခြိုက်နေမိသည်။

သူမ ခရီးသွားသည့်အခါတိုင်း ဂျင်းပန်အပြာကိုပဲ ၀တ်ဆင်သည်။ ဂျင်းသားက အကြမ်းခံ၊ အပေအတေခံသည်၊ ရက်ရှည်ဝတ်လို့ရသည်၊ လုံခြုံမှုနှင့် အနွေးဓာတ်လည်းပေးသည်၊ ဂျင်းပန်တစ်ထည်နှင့်ဆို တောလမ်းခရီးပဲသွားသွား၊ တောင်ပေါ်ပဲတက်တက်၊ မြေပြန့်မှာပဲလျှောက်လျှောက် အဆင်ပြေသည်။ ဖုန်မထဘဲ အေးမြသောဥတုရာသီရှိရာ ဒေသများတွင် မကြာခဏဖွတ်လျှော်စရာမလိုဘဲ လနှင့်ချီပြီး ၀တ်ချင်ဝတ်နိုင်သည်။ ဒီလိုအကြောင်းတွေနှင့်ပဲ ဂျင်းဘောင်းဘီသည် သူမအတွက် မရှိမဖြစ်၊ မ၀တ်မဖြစ် စာရင်းထဲ ပါနေတာဖြစ်နိုင်သည်။ ယခုလက်ရှိဝတ်နေသော ဂျင်းပန်တစ်ထည် ၀တ်မရအောင် ဟောင်းနွမ်းစုတ်ချာသွားပြီဆိုလျှင်တော့ နောက်ထပ် ဂျင်းပန်အပြာရောင်တစ်ထည် အစားထိုးဝယ်ရမည်။ သေချာသည်မှာ… အသစ်အသစ်သော ဂျင်းပန်အပြာသည်လည်း နှစ်ရှည်လများ အရောင်များလွင့်ပြယ်သွားသည်အထိ သူမ၏ စွဲစွဲမြဲမြဲ ၀တ်ဆင်ခြင်းကို ခံရဦးမှာဖြစ်သည်။

နောက်ထပ် သူမ ခရီးသွားတိုင်း မဖြစ်မနေ သယ်ပိုးယူဆောင်သွားသည့်အရာမှာ ကျောပိုးအိတ်ဖြစ်သည်။ ကျောပိုးအိတ်နှင့်စတင် ရင်းနှီးခဲ့ချိန်က သူမ ကျောင်းနေခါစ ငါးနှစ်သမီးအရွယ်မှာ။ ပထမတန်းတုန်းက သူငယ်ချင်းတစ်ယောက်လွယ်ခဲ့သော အကွက်လေးများပါသည့် အနီရောင်ကျောပိုးအိတ်ကို သူမ အတော်လေး နှစ်သက်သဘောကျခဲ့ဖူးသည်။  အဆင်အကွက်တူ အပြာရောင် ကျောပိုးအိတ်ကို လွယ်ထားသော ထိုသူငယ်ချင်း၏အစ်မက ညီမဖြစ်သူကို အတန်းထဲအထိ လိုက်ပို့တတ်တာကိုလည်း သူမ သတိပြုမိသည်။ အထက်တန်းကျောင်းမှာ သူမ နှစ်အလိုက် လွယ်ပိုးခဲ့သည့် ကျောပိုးအိတ်များ၏ အရောင်အသွေး၊ ဒီဇိုင်းတွေ အသေအချာ မမှတ်မိတော့သော်လည်း ဗေဒါရောင်နှင့် ဂျင်းသားဆန်ဆန် ကျောပိုးအိတ်တစ်လုံး ပိုင်ဆိုင်ခဲ့ဖူးသည်ကိုတော့ အမှတ်ရသည်။ တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူဘ၀မှာ Levi's factory outlet ကို အလည်အပတ်သွားရင်း  ဂျင်းသားအပြာရင့်ရောင်နှင့် ကျောပိုးအိတ်တစ်လုံး ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနေသည်ကို တွေ့ရ၍ သူမ၀မ်းသာအားရ ၀ယ်ယူပိုင်ဆိုင်ခဲ့သေးသည်။ ကလေးဘ၀မှစတင်ကာ နှစ်ရှည်လများ စွဲမြဲစွာ ဆောင်လွယ်ခဲ့သော ကျောပိုးအိတ်သည် ခုချိန်မှာတော့ သူမနောက် တကောက်ကောက်လိုက်ပါရရှာသော ခရီးသွားဖော်တစ်ယောက်ပမာ ဖြစ်လာခဲ့သည်။

ကျောပိုးအိတ်နှင့်ဆိုလျှင် ပစ္စည်းတွေ အများကြီးထည့်လို့ရသည်။ လက်ဆွဲခရီးဆောင်သေတ္တာအငယ်လေးတွေမှာ ထပ်ထည့်ဖို့ အခက်အခဲရှိနေသည့်အခါမျိုးမှာဖြစ်ဖြစ်၊ ကီလိုတွေပိုစွန်းနေသည့်အခါဖြစ်ဖြစ် ကျောပိုးအိတ်ထဲကို မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ ပြောင်းထည့်ယူ၍ ရသည်။ လက်ပ်တော့ပ်လို အလေးချိန်ရှိသော ပစ္စည်းမျိုးတွေကို ကျောပိုးအိတ်နှင့် လွယ်ပိုးသယ်ဆောင်ခြင်းက သူမလို အလေးအပင် များများမဆွဲနိုင်သူအတွက် အတော်လေး အဆင်ပြေသည်။ သူမ အလေးခံလွယ်ထားသည့် ကျောပိုးအိတ်၏ အလေးချိန် မည်မျှရှိမရှိကို မည်သည့်လေကြောင်းလိုင်းအရာရှိကမှ အရေးတယူ စစ်ဆေးမေးမြန်းခြင်း မပြုခဲ့။

သူမက ဈေးသွားလျှင်တောင် လက်ဖြင့်အထုပ်တွေ အများကြီးမဆွဲချင်သဖြင့် ကျောပိုးအိတ်ယူသွားတတ်သည့်သူမျိုးဖြစ်သည်။ တခါတရံ တစ်ညအိပ် ဒါမှမဟုတ် နှစ်ညအိပ် ခရီးတိုလေးတွေသွားရသည့်အခါ အခြားလက်ဆွဲအိတ်ယူစရာမလိုဘဲ ကျောပိုးအိတ်တစ်လုံးတည်းနှင့်ပင် ကိစ္စပြီးသွားတတ်သည်။ ခရီးမှအပြန် လက်ဆောင်တွေ ၀ယ်ဖြစ်သည့်အခါ အားနေသော လက်နှစ်ဖက်ဖြင့် ဟိုဘက်ဒီဘက်တစ်ထုပ်စီ ကောင်းကောင်းဆွဲလို့ရသေးသဖြင့် သူမ ကျေနပ်သည်။ သို့သော် ပစ္စည်းပစ္စယများ အထည့်လွန်ပြီး ချုပ်ရိုးပြေသွားသော ကျောပိုးအိတ်အဟောင်းတစ်လုံးအတွက် သူမ ၀မ်းနည်းခဲ့ရဖူးသည်။ ထိုကျောပိုးအိတ်လေး၏ သက်တမ်းမှာ ငါးနှစ်လောက်တော့ရှိပြီ။ မဖြစ်မနေ အသစ်တစ်လုံး ထပ်ဝယ်လိုက်ရသော်လည်း သူမက ထိုမီးခိုးရောင်ကျောပိုးအိတ်လေးကို နှစ်ခြိုက်လွန်းသဖြင့် မပစ်ရက်သေး။ အိတ်အသားထောင့်စွန်းအချို့မှာ ပေါက်ပြဲစုတ်ရာများရှိနေသဖြင့် အများနှင့်ခရီးသွားသည့်အခါ မလွယ်ပိုးသင့်ကြောင်း သူမ သတိရှိသော်လည်း ဟိုနားဒီနား ဈေးဝယ်သွားလျှင်တော့ စတိုခန်းထဲက တခုတ်တရ ထုတ်ယူပြီး လွယ်ပိုးလိုက်သေးသည်။

ဂျင်းဘောင်းဘီဝတ်ပြီး ကျောပိုးအိတ်လွယ်ထားရခြင်းသည် မိန်းကလေးတစ်ယောက်အား လွတ်လပ်လှပသော စတိုင်ကျမှုကို မပေးစွမ်းနိုင်သော်လည်း လူသက်သာအဆင်ပြေမှုကို ဦးစားပေးသော သူမအတွက် ထိုအရာနှစ်ခုသည် အမှန်တကယ် အရေးပါအသုံးဝင်သော၊ အလွယ်တကူ မစွန့်ပစ်နိုင်သော၊ တန်ဖိုးရှိသည့် သက်မဲ့အရာဝတ္ထုများအဖြစ် တည်ရှိနေကြသည်မှာ အသေအချာပင်။


ဇွန်မိုးစက်

အောက်တိုဘာ ညနေခင်း

9

Category:


ကွန်ပျူတာမှန်သားပြင်ပေါ်မှ နာရီကို ကြည့်လိုက်တော့ ငါးနာရီခွဲရန် ငါးမိနစ်သာလိုတော့သည်။ လုပ်လက်စအလုပ်တွေ လတ်စသတ်ပြီး ဖွင့်ထားသော file တွေ၊ window တွေ တစ်ခုပြီးတစ်ခု ပိတ်လိုက်သည်။ နှင်း စိတ်တွေ မသိမသာ အနည်းငယ် လှုပ်ရှားနေသည်။ ကွန်ပျူတာကို shutdown လုပ်ပြီးချိန်မှာ ငါးနာရီ သုံးဆယ့်ငါး။ လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်းနှုတ်ဆက်နေသံ ကြားရသည်။ ဒီနေ့ သောကြာနေမို့ ငါးနာရီခွဲ ရုံးဆင်းသည်။ ခါတိုင်းလို shuttle bus စီး၍ အလျင်စလို အိမ်ပြန်စရာ မလိုသေးပါ။

ရုံးအဆောက်အဦထဲကထွက်၍ သိပ္ပံပန်းခြံလမ်းမကျယ်ကြီးအတိုင်း ဖြည်းဖြည်းပုံမှန် လျှောက်လာခဲ့သည်။ ရာသီဥတုက မပူမအေး၊ နေလည်းသိပ်မပြင်းပါဘဲ အလွန်သာယာနေသည်။ လေတိုက်လိုက်တိုင်း လမ်းဘေးတစ်လျှောက် ၀ဲကျကြွေဆင်းလာသော သစ်ရွက်ခြောက်များကိုကြည့်ရင်း ရင်ထဲမှာ ကြည်နူးမှုတွေ ဖြတ်စီးသွားသည်။ “အို...သာယာလိုက်တဲ့ ညနေခင်းရယ်” နှင်း နှုတ်မှ တိုးတိုးညင်သာ ရေရွတ်လိုက်မိသည်။

အမှတ် ၂ သိပ္ပံပန်းခြံဝန်းကြီးက တစ်သီးတစ်ခြားနိုင်သော်လည်း နှင်းက ဒီဝန်းထဲမှာ လုပ်ရတာ သဘောကျသည်။ လမ်းတစ်ဖက်တစ်ချက်စီမှာ ရာသီခွင် နာမည်ပေးထားသော ပုံစံတစ်မျိုးစီ ဆန်းသစ်နေသော ရုံးအဆောက်အဦတွေရှိသည်။ နှင်း အလုပ်လုပ်ရာ ရုံးဘေးတစ်ဖက်မှာ   တောအုပ်သဖွယ် သစ်ပင်တွေအုံ့ဆိုင်းနေပြီး လူလုပ်ရေတံခွန်ငယ်လေးရှိသည်။  လျှောက်လမ်းသဖွယ် ပတ်ကာရံထားသော သစ်သားတံတားအောက်က ရေကန်မှာ လိပ်ကလေးတွေ၊ ငါးကလေးတွေလည်းရှိသည်။ ၀ါးပင်ရုံလေးတွေ စီတန်းစွာပေါက်ရောက်နေသော ချစ်စရာ လူသွားလမ်းကလေးမှာ နှင်းအနှစ်သက်ဆုံးနေရာတစ်ခုဖြစ်သည်။ နေ့လည်ထမင်းစားပြီးတိုင်း ဤနေရာသို့လာ၍ အပန်းဖြေလမ်းလျှောက်ရသည်ကို နှင်းသဘောကျ ကြည်နူးလေ့ရှိသည်။

အခမဲ့အပို့အကြိုလုပ်ပေးသော shuttle bus တွေ၊ အများသုံးဘတ်စ်ကားတွေ၊ တက္ကစီအငှားယာဉ်တွေ နှင်းဘေးမှ ဥဒဟို ဖြတ်သန်းသွားလာနေကြသည်။ ကားတွေရှင်းတော့ လမ်းမတစ်ဘက်ခြမ်းသို့ ကူးလိုက်သည်။ “ကိုယ်ရောက်နေပြီ” ဆိုသော sms ရ၍ ခြေလှမ်းသွက်လိုက်သည်။ နှင်း သူနှင့် ညနေစာ အတူစားဖို့ ချိန်းထားခဲ့သည်လေ။

ကြိုတင်ရည်ရွယ်ထားခြင်းမရှိပါဘဲ သူနှင့်ညနေစာစားဖို့ သဘောတူခဲ့သည်မှာ မှန်သလား၊ မှားသလား နှင်းမဝေခွဲတတ်ခဲ့။ မနက်က ကားပေါ်မှာ ခါတိုင်းလိုပဲ ထွေရာလေးပါးပြောရင်း သူက ကောက်ကာငင်ကာ “ကိုယ်တို့ ဒီညနေ dinner အတူစားကြရအောင်လား” လို့ မေးလိုက်တော့ နှင်း ရုတ်တရက် ပြန်မဖြေဖြစ်သေး။  နှင်းစဉ်းစားလိုက်တော့ ဒီညနေတစ်ခြားသူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ ချိန်းဆိုထားခြင်းလည်းမရှိ။ သောကြာနေ့ညနေခင်းတွေကို ပျင်းရိစွာတစ်ယောက်တည်း ကျော်ဖြတ်ခဲ့ရသော နှင်း တခါတလေတော့လည်း အပြောင်းအလဲဖြစ်ချင်သည့် ဆန္ဒကို လိုက်လျော၍ “အိုကေ” ဟု ပြောဖြစ်ခဲ့သည်။

နှင်းနဲ့သူ ခင်မင်ခဲ့တာ လပိုင်းမျှသာ ရှိသေးသည်။ သူနှင့်နှင်းက အလုပ်အသွားအပြန် ဘတ်စကားနံပါတ် ၁၅၁ စီးရတာခြင်းတူသည်။ နှင်းအိမ်မှရုံးသို့ ၁၅၁ စီး၍ စင်္ကာပူနိုင်ငံအမျိုးသားတက္ကသိုလ်သို့ အရင်သွားရသည်။ ကျောင်းစာကြည့်တိုက်မှတ်တိုင်မှဆင်း၍ အမှတ်၂ သိပ္ပံပန်းခြံသို့သွားသော shuttle bus ကို စောင့်စီးရသည်။ ဘတ်စ်တစ်စီးနှင့်တစ်စီး ၁၅မိနစ်မှ မိနစ်၂၀ထိကြာတတ်သည်။ တစ်ကားလွတ်သွားလျှင် နောက်တစ်ကားကို မှတ်တိုင်မှာထိုင်စောင့်ရင်း၊ ရပ်လာသမျှကားပေါင်းစုံမှ ကျောင်းသူကျောင်းသားလူရွယ်စုံကို ကြည့်ပြီး စိတ်ထဲမှာ ထင်မြင်ချက်တွေပေးရင်း ကိုယ်စီးရမည့်ကားကို စောင့်ဖြစ်သည်။ အဲလိုစောင့်ရင်းကပင် ဘတ်စ်အတူစီးရသောသူများနဲ့ စကားပြောမိတ်ဖွဲ့ကြရင်း ခင်မင်ခဲ့ရသူများရှိသည်။ သူသည်လည်း ဘတ်စ်ကားစောင့်ရင်း နှင်း မျက်မှန်းတန်းမိလာသောသူတွေထဲက တစ်ယောက်ဖြစ်သည်။

နှင်းသူ့ကို သတိထားခဲ့မိသည်မှာ ကြာပြီ။ မြင့်မားသောသူ့အရပ်နှင့် ကွဲပြားခြားနားသော သူ့အသားအရောင်သည် အခြားသူများထက် ထူးခြားစွာထင်ရှားနေတတ်သည်။ ကျောပိုးအိတ်ကို နှစ်ဖက်အမြဲလွယ်တတ်ပြီး၊ ၀န်ထမ်းကတ်ပြားကို လည်ပင်းမှာ ဆွဲထားလေ့ရှိသည်။ သူဝတ်ဆင်လေ့ရှိသော ရှပ်အင်္ကျီ လက်တိုအကွက်စင်းများသည် များသောအားဖြင့် သူ့အသားအရောင်နှင့် လိုက်ဖက်ညီနေသည်။ သူ့ကို နှင်းသတိထားမိသလို သူကလည်း နှင်းကို သတိထားမိ၍ ခင်မင်အောင်လုပ်ယူခဲ့သည်ကို နောက်ကျမှ နှင်း ရိပ်စားမိခဲ့သည်။

အိမ်က ပုံမှန်အချိန်ထွက်လျှင် နှင်းစီးရမည့်ကားတွင် သူပါလာတတ်သည်။ နှင်းနှင့်အမှတ်မထင် စကားစမြည်ပြောဆို၍ ရင်းနှီးသွားသည့်နောက်ပိုင်းတွင် သူအိမ်မှစောထွက်၍ နှင်းစီးနေကျ ကားဂိတ်မှာ လာစောင့်ပြီး နှင်းနှင့်အတူ ၁၅၁ စီးသည်။ တကယ်တမ်း နှင်းနဲ့သူ တွေ့ရချိန်စုစုပေါင်းမှာ မိနစ်သုံးဆယ် သာသာမျှသာဖြစ်သည်။ သူက မကာရရာသီခွင်အမည်ပေးထားသော အဆောက်အဦးရှိ သုတေသနဌာနတစ်ခုမှ သုတေသနအင်ဂျင်နီယာဖြစ်၍ shuttle bus စီးသည့်အခါ သူအရင်ဆင်းရပြီး နောက်နှစ်မှတ်တိုင်မြောက်မှာမှ နှင်းကဆင်းရသည်။

ရှေ့နားက လက်လှမ်းပြနေသောသူ့ကို တွေ့လိုက်ရတော့ နှင်းတွေးလက်စအတွေးတွေ ပြတ်တောက်သွားသည်။   တောင်အမေရိကတိုက်သား သူက ဘောလုံးဝါသနာကြီးသူပီပီ သောကြာနေ့ညနေတိုင်း  ရုံးစောစောဆင်း၍ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အမြဲဘောလုံးကန်လေ့ရှိသည်။ ဘောလုံးကန်ရာမှ ပြန်လာပြီး ရေမိုးချိုး၍ လန်းဆန်းလတ်ဆတ်နေသော သူ့ကိုမြင်တော့ နှင်းကိုယ်နှင်း အနည်းငယ် မလုံမလဲဖြစ်သွားမိသည်။ ရုံးဆင်းတုန်းက ဆံပင်ကို လက်နှင့်ဖွဖွသပ်ခဲ့ရုံမျှအပ အထူးတလည် ပြင်ဆင်ခြယ်သထားခြင်း
မရှိသော နှင်းမျက်နှာ အနည်းငယ်အဆီပြန်နေမလားဟုတွေးရင်း စိုးရိမ်စိတ်ဝင်သွားသေးသည်။ သူ့ရှေ့ရောက်တော့ အစွမ်းကုန်ပြုံးပြလိုက်ပြီး စားသောက်ဆိုင်ရှိရာ လမ်းလေးအတိုင်း လျှောက်သွားလိုက်သည်။ ဒီဆိုင်က အမှတ်၂သိပ္ပံပန်းခြံရဲ့ တစ်ခုတည်းသော စားသောက်ဆိုင်ဖြစ်သည်။ အနောက်တိုင်းအစားအစာနှင့် အသားကင်များကို အဓိက serve လုပ်သည်။ ညပိုင်းဆို bar နှင့် တီးဝိုင်းလည်းရှိသည်။ အရင်က နှင်းလုပ်ဖော်ကိုင်ဖက်တစ်ယောက်၏ နှုတ်ဆက်ပွဲလုပ်တုန်းက တစ်ခါရောက်ဖူးခဲ့သေးသည်။

“အထဲမှာ ထိုင်မလား၊ အပြင်မှာ ထိုင်မလား” စားပွဲထိုးလေးက မေးတော့ နှင်းက အပြင်ကိုပဲ ရွေးချယ်လိုက်သည်။ ဒီလိုသာယာတဲ့ညနေခင်းမှာ ကန်ရေပြင်ကိုဖြတ်တိုက်လာတဲ့ လေပြေနဲ့အတူ ညနေစာစားခွင့်ကြုံချင်သည်လေ။  Menu လာချပေးတော့ သူက ၀ိုင်နီတစ်ခွက်မှာသည်။ နှင်းက လိမ္မော်ရည်တစ်ခွက်မှာသည်။ “ကိုယ်က သိပ်များများသောက်လို့မရဘူး၊ ကိုယ့်မျက်နှာက နဲနဲလောက်သောက်လိုက်ရင်တောင် နီလာတာ၊ များများသောက်မိရင် မျက်နှာတစ်ခုလုံးရဲသွားတာ”၊ “အို..ဟုတ်လား။ နှင်းက ၀ိုင်နီသိပ်ကြိုက်ပေမယ့် ငါးပါးသီလယူထားလို့ alcohol ရှောင်လိုက်တာ” လို့ နှင်းပြောတော့ “ကောင်းတာပေါ့” လို့ သူက ကျေကျေနပ်နပ်ပြုံးလို့ ပြန်ဖြေသည်။ သူက အီတာလျံ ခေါက်ဆွဲမှာပြီး နှင်းက ကြက်သားဘာဘီကျူးတစ်ပွဲ မှာလိုက်သည်။

အညိုရောင်ဖျော့ဖျော့မျက်လုံးတစ်စုံအကြည့်အောက်မှာ တိတ်ဆိတ်ကြာရှည်စွာမနေနိုင်သူ နှင်းက တစ်ခုခုပြောဖို့ စကားလုံးတွေ စီနေစဉ်မှာပင် သူက စပြောသည်။ “ဒီနိုင်ငံရောက်ပြီးမှ ကိုယ် date လုပ်တာ ပထမဆုံးအကြိမ်ပဲ။” ဘုရားရေ.. 'date' တဲ့။ နှင်းက မြန်နှုန်းမြင့်သွားသောရင်ခုန်သံကို လျစ်လျူရှုယင်း “ဟင့်အင်း ... နှင်းအတွက်တော့ သာမန်မိတ်ဆွေတစ်ယောက်နဲ့ ညနေစာအတူစားတယ်လို့ပဲ သဘောထားတာ” လို့ ပြန်ပြောတော့ သူက ခပ်ဖွဖွရယ်မောသည်။

နှင်းနှင့်သူ တိုင်းပြည်နှစ်ခု၏ မတူညီကွဲပြားခြားနားသော ဓလေ့ယဉ်ကျေးမှုစရိုက်တွေအကြောင်း ပြောဖြစ်ကြသည်။ နှင်း စိတ်ဝင်စားစွာမေးမြန်းမိသော သူ့မွေးရပ်ဇာတိမြေနှင့်လူမျိုးအကြောင်းတွေကို သူက စိတ်ပါလက်ပါပြောပြသည်။ “ကိုယ်တို့ ဘိုးဘေးတွေက အီတာလျံနွယ်ဖွားတွေလေ၊ သိပ်စည်းကမ်းကြီးပြီး ဘာသာတရားကိုင်ရှိုင်းတယ်။  ကိုယ့်အဖွားဆို ကိုယ်တို့ကို လူမည်းမိန်းကလေးတွေနဲ့ date လုပ်ခွင့်မပေးဘူး။ ကျန်တဲ့လူမျိုးတွေနဲ့ဆိုရင်တော့ ရပါတယ်။” သြော်... သူတို့လည်း အသားအရောင်ခွဲခြားတဲ့ မိသားစုမျိုးရိုးက ဆင်းသက်လာသူတစ်ယောက်ပဲလို့ နှင်းစိတ်ထဲက ကောက်ချက်ချလိုက်သည်။

“ရှင့်နိုင်ငံရဲ့ဘောလုံးအသင်းအတွက်တော့ ရှင်အမြဲဂုဏ်ယူမိမှာပေါ့။” “သိပ်သေချာတာပေါ့၊ ကိုယ်ကိုယ်တိုင်လည်း ဘောလုံးကစားရတာ သိပ်ကြိုက်တယ်၊ တလောကပဲ အပတ်စဉ် တနင်္ဂနွေတိုင်း ကစားလေ့ရှိတဲ့ဘောလုံးအသင်းမှာ ကိုယ်ဝင်ထားတယ်။ အခွင့်အရေးရရင် ရသလို ကိုယ်က ဘောလုံးကန်တယ်။ ကိုယ် တက္ကသိုလ် မတက်ခင်လေးတင်မှာပဲ ကိုယ်တို့မြို့ကို ကိုယ်စားပြုတဲ့ ဘောလုံးအသင်းမှာ ပါဝင်ဖို့ ရွေးချယ်ခံရတယ်။ အဲဒီတုန်းက ကိုယ်တို့မြို့အသင်း ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်သူတွေအထဲမှာ ကိုယ်လည်းတစ်ယောက် အပါအ၀င်ပေါ့။ နောက်ဆုံးနေ့ ဗိုလ်လုပွဲမှာ လူအယောက် ၂၀၀၀ ကျော်လာအားပေးခဲ့သလို ရေဒီယိုကလည်း တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တဲ့ အဲဒီ့ပွဲက ပြန်တွေးမိတိုင်း ကိုယ့်အတွက် ဂုဏ်ယူ အမှတ်ရစရာ ဖြစ်ခဲ့တယ်။” အို... သူ့မျက်ဝန်းညိုတွေက ပြုံးရွှင်တောက်ပလို့။
“မင်းတစ်ခါလောက်တော့ ကိုယ်ကစားတာ လာကြည့်သင့်တယ်”  “နှင်း... ကြိုးစားကြည့်မယ်လေ”

သူနှင့်နှင်းအတူ စကားလက်ဆုံပြော၍ စားတာချင်းအတူတူ သူက အရင်ပြီးသည်။ နှင်းက အနောက်တိုင်းစာကို နှစ်သက်သော်လည်း ဘာကြောင့်မှန်းမသိ ဒီနေ့သိပ်မစားနိုင်။ သူက မကုန်နိုင်တဲ့ နှင်းပန်းကန်ကိုကြည့်ပြီး ကိုယ်ရှင်းပေးမယ်ပြောတော့ နှင်း အံ့သြမိသွားသည်။ နှင်းပန်းကန်ထဲမှ ကျန်သော ကြင်ကင်တစ်ခြမ်း၊ အာလူးပြုတ်ချေတစ်ဝက်နှင့် အသီးအရွက်အချို့ သူ့ပန်းကန်ထဲ ပြောင်းထည့်ပြီး ယူစားသည်ကို မျက်လုံးအ၀ိုင်းသားနှင့် ကြည့်နေမိသည်။ သူက ရယ်ရယ်မောမောနှင့် ပြောလိုက်သေးသည်။ “ကိုယ်က  first date ဆို သိပ်သဘောကျတာ၊ ဘာလို့လဲသိလား။ ကိုယ့်အတွေ့အကြုံအရ အဲဒီနေ့ဆို မိန်းကလေးတွေက စိတ်လှုပ်ရှားနေလို့ ထင်ပါရဲ့ ဘယ်တော့မှ ကုန်အောင်မစားနိုင်ဘူး။ ဒါကြောင့် ကိုယ်ပိုစားရတယ်။” ဘုရားရေ...လာပြန်ပြီ first date တဲ့။ နှင်းရင်ထဲမှာ အာမေဋိတ်သံထွက်သွားသော်လည်း အပြင်သို့ထွက်မလာခဲ့ပါ။

ကောင်းကင်မှာ နေရောင်ပျောက်သွားခဲ့ပြီ။ “shuttle bus တွေလည်းမရှိတော့ဘူး၊ ကိုယ်တို့ အများသုံးဘတ်စ်နဲ့ပဲ ပြန်ရတော့မှာ၊ ကားမှတ်တိုင်က နည်းနည်းလှမ်းတယ်။ နှင်းလျှောက်နိုင်မလား။” “အို...ရတာပေါ့ ကျွန်မလမ်းလျှောက်ရတာ သိပ်ကြိုက်တယ်။ အထူးသဖြင့် ခုလို သာယာတဲ့ညနေခင်းဆို ပိုကြိုက်တယ်” “ အိုကေ”

ဘီလ်ရှင်းပြီးတော့  သိပ္ပံပန်းခြံလမ်းမတစ်လျှောက် သူနှင့်ဘေးချင်းကပ်လျှောက်လာယင်း နှင်းအရပ် တော်တော်ပုသွား သလို ခံစားလိုက်ရသည်။ ဟင့်အင်း...နှင်း မပုပါဘူး၊ သူက သိပ်မြင့်နေတာပါဟု ကိုယ့်ဖာသာ နှစ်သိမ့်လိုက်သည်။ သူက နှင်းလက်ကိုတွဲဖို့ ကြိုးစားသော်လည်း နှင်းညင်သာစွာ ငြင်းဆိုလိုက်တော့ သူက “ကိစ္စမရှိပါဘူး” ဟု အေးအေးဆေးဆေး ပြန်ပြောပြီး တွဲမယ့်ဆဲဆဲလက်ကို ပြန်ရုပ်လိုက်သည်။

သိပ္ပံပန်းခြံလမ်းမမှထွက်၍ ညာဘက်ချိုးပြီး ပါစီပန်ဂျန်း လမ်းပေါ်မှ ကလင်မသီလမ်းမသို့ စီး၍ ရနိုင်မည့် ကားမှတ်တိုင်အထိ နှင်းတို့ လမ်းလျှောက်ကြသည်။ ကားမှတ်တိုင်ရောက်တော့ ကားမလာသေး၍ စောင့်ရသည်။ သူ့ရဲ့မြင့်မားသောအရပ်နှင့် နှင်းကို ဆီးမိုးကြည့်ပြီး နှင်းနဖူးပေါ်က ဆံနွယ်လေးတွေကို လက်နှင့်သပ်တော့ နှင်းမျက်နှာ နွေးကနဲဖြစ်ပြီး ရှက်သွားသည်။ ဒီလို ကိုယ့်ချစ်သူလည်းမဟုတ်တဲ့ ယောက်က်ျားလေးမိတ်ဆွေတစ်ယောက်က အများမြင်သာသော ပတ်ဝန်းကျင်မှာ ကိုယ့်နဖူးပေါ်က ဆံစတွေ ပင့်သပ်ပေးတာ နှင်းတစ်ခါမှ မကြုံဖူးခဲ့။ သူက နှင်းမျက်နှာအရိပ်အကဲကို သိတတ်စွာပင် နှင်းကို ပြုံးကြည့်ရင်း သူ့လက်ကို ရုပ်သိမ်းပေးလိုက်သည့်အတွက် နှင်း သူ့ကို ကျေနပ်စွာ ကျေးဇူးတင် မိသွားသည်။

လူမျိုးမတူ၊ ဘာသာအယူဝါဒ ကွဲပြားခြားနားသောသူဖြစ်၍ သူ့အပြုအမူတွေ နှင်းနားလည်ပေးခဲ့ရသလို သူကလည်း နှင်းထားရှိသော စိတ်ဓါတ်ကို နားလည်ပေးနိုင်သူတစ်ဦးဖြစ်သည်။ ဘတ်စ်ကားပေါ် ရောက်တော့ တိတ်ဆိတ်နေသော နှင်းကို သူကစကားတစ်ချို့ဆက်ပြောသည်။ “ကိုယ့်ဘ၀မှာ မင်းဟာ ပထမဆုံးသိခွင့်ရတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပဲ”။ ဒီစကားကြားတော့ နှင်း အံ့သြ၀မ်းသာဖြစ်သွားသည်။ “မင်းနဲ့ခင်မင်ခွင့်ရတာ ကိုယ့်အတွက်သိပ်ကံကောင်းတာပဲ။ ကိုယ်မသိသေးတဲ့ အတွေးအခေါ် ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ မင်းပြောပြမှသိခွင့်ရတယ်။ ဒီကမ္ဘာပေါ်မှာ ကိုယ်မသိသေးတဲ့အရာတွေ အများကြီးရှိသေးတာပဲ။  မင်းနဲ့ ကိုယ်တို့ မတူညီမှုအစဉ်အလာတွေ အတွက်တော့ ကိုယ်တို့ကို bad people လို့ မမြင်လိုက်ပါနဲ့။ ကိုယ်အာရှကို သိပ်သဘောကျတယ်။ အာရှလူမျိုးတွေကို ကိုယ်စိတ်ဝင်စားတယ်။ နောက်ပြီး ကိုယ့်မျက်စိထဲမှာတော့ အာရှတိုက်သူတွေက သိပ်လှတယ်” နှင်းက သူ့စကားကြားတော့ ကျေနပ်စွာ ပြုံးရင်း “ကျေးဇူးတင်ပါတယ်” လို့ လှိုက်လှိုက်လှဲလှဲ ပြန်ပြောလိုက်သည်။ ညနေပိုင်းမှာလို ပြည့်သိပ်ကြပ်ညပ်မနေသော ကားက အိမ်နားရောက်ခါနီးပြီ။ “နှင်း ဆင်းရတော့မယ်နော်၊ ဒီနေ့ညနေစာအတွက် ကျေးဇူးတင်ပါတယ်” လို့ ထပ်ပြောလိုက်ရင်း သူ့ကို နှုတ်ဆက်လိုက်သည်။

တိုက်ရှေ့တည့်တည့်မှတ်တိုင်မှာ ရပ်သော ကားပေါ်က ဆင်းတော့ တိုက်ပေါ်ကို ချက်ခြင်းမတက်မိသေးဘဲ ကားလမ်းမဘက်ကို ဦးတည်ထားသည့် တိုက်ရှေ့က ထိုင်ခုံပေါ်မှာ ခဏထိုင်မိသည်။ လရောင်မတွေ့သော ကောင်းကင်ကို မော့ကြည့်ယင်း ကြယ်ကလေးတွေ တွေ့လိုတွေ့ငြား ရှာကြည့်လိုက်သေးသည်။ နှင်းရင်ထဲမှာ အမျိုးအမည်မခွဲနိုင်သော ဝေဒနာတစ်ခု ခံစားနေရသည်။ သူနှင့်အတူ ညနေစာစားတာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဖြစ်လိမ့်မည် ဆိုတာတော့ နှင်းစိတ်ထဲမှာ အလိုလိုသိနေသည်။ ဖြစ်နိုင်ချေနည်းပါးတဲ့ အနာဂတ်တစ်ခုအတွက် နှင်းမစွန့်စားပါရစေနဲ့။

ဒါပေမယ့်လေ အောက်တိုဘာလထဲက ဒီညနေခင်းတစ်ခုကိုတော့ နှင်းအမြဲအမှတ်ရနေမှာပါ။



ဇွန်မိုးစက်

************

ခုနောက်ပိုင်း စာလည်းအရေးကျဲ၊ ၀တ္တုလေးတွေတောင် မရေးဖြစ်တာကြာပြီမို့ ဟိုအရင် တင်ခဲ့ဖူးတဲ့ စာအဟောင်းလေးကိုပဲ ဓာတ်ပုံရှာထည့် ပေါလစ်ရှ်လုပ်ပြီး ပြန်တင်လိုက်တာပါ။ မဖတ်ရသေးတဲ့သူတွေအတွက်ကတော့ အသစ်ပေါ့နော်။း)

ပုံလေးကတော့ သာယာလှပတဲ့ အမှတ် ၂ သိပ္ပံပန်းခြံထဲက လမ်းချိုးတစ်ခုပါ။