သစ်သစ်နှင့် ချစ်ဒုက္ခများ

Category:

ခုတလော… သစ်သစ်တစ်ယောက် အလုပ်များနေသည်။ အလုပ်ထဲမှာ အလုပ်များခြင်းတော့ မဟုတ်၊ အလုပ်နားနေချိန်မှာ မိတ်ဆွေသူငယ်ချင်းများ၏ ဆိုင်ရာကိစ္စများအတွက် ကူညီအကျိုးဆောင်ပေးနေရသောကြောင့်ဖြစ်သည်။ မြန်မာပြည်ရှိ သူငယ်ချင်းများမှအစ၊ ခြင်္သေ့ကျွန်းရောက် သူငယ်ချင်းများအလယ်၊ ကနေဒါနိုင်ငံမှသူငယ်ချင်းအဆုံး သစ်သစ် အကူအညီပေးခဲ့ဖူးသည်။ နှုတ်၏ဆောင်မခြင်းဖြင့် ဖြစ်စေ၊ ကိုယ်တိုင်ကိုယ်ကျ သွားလာလှုပ်ရှားခြင်းဖြင့်ဖြစ်စေ၊ အွန်လိုင်းမှတစ်ဆင့်ဖြစ်စေ မတူညီသော ကိစ္စမျိုးစုံအဖုံဖုံကို ကူညီဆောင်ရွက်ပေးရတတ်သည်။ သူတစ်ပါးအကျိုးဆောင်၍ ရံဖန်ရံခါ ပင်ပန်းမှုများရှိသော်လည်း သူငယ်ချင်းများ အဆင်ပြေစိတ်ချမ်းသာသွားသည်ကိုမြင်လျှင် သစ်သစ် ကျေနပ်ပျော်ရွှင်ရသည်။

အဲ… ချစ်ခြင်းမေတ္တာ၏ နောက်ဆက်တွဲအကျိုးဆက်နှင့်ပတ်သက်ပြီး ကူညီမိသော အချို့သောကိစ္စရပ်တွေမှာတော့ အပျိုကြီးသစ်သစ်အဖို့ အနည်းငယ် စိတ်ကသိကအောက်ဖြစ်စရာ ကြုံရလေသည်။


ချစ်ဒုက္ခ (၁)
“သစ်သစ်… နင်ရှေ့တစ်ပတ်ပြန်လာမယ်ဆို”

“အေး”

“ငါတစ်ခုလောက် မှာချင်လို့၊ ရတယ်မလား”

“ရပါတယ်၊ ပြောလေ”

“နင်.. ကျောင်းတုန်းက “ ချော” ကို သိတယ်မဟုတ်လား”

“အင်း… သိတယ်လေ”

“အေး… သူတလောကပဲ မိန်းကလေးမွေးတာ၊ ငါတောင် သွားမကြည့်ရသေးဘူး၊ ဖုန်းပဲဆက်လိုက်တာ၊ အဲဒါ သူက လူကြုံရှိရင် စင်္ကာပူက ပစ္စည်းမှာချင်လို့တဲ့”

“ဟုတ်လား… ဘာပစ္စည်းလဲ၊ ငါညနေရုံးဆင်းလို့ အဆင်ပြေရင် သွားကြည့်ပေးမယ်”

“သူ ကလေးကို နို့တိုက်ရတာ အခက်အခဲရှိနေလို့၊ ရေနွေးကပ် မှာချင်လို့တဲ့”

“အင်.. အဲဒါ ဟိုမှာ မရှိဘူးလား”

“သူပြောတာ ရိုးရိုးရေနွေးကပ် မဟုတ်ဘူးတဲ့၊ အစိမ်းရောင်၊ ခဲပြားအဆစ်လေးပါတယ်၊ လေးခေါက်ချိုးလို့ရတဲ့ဟာမျိုးလို့ ပြောတယ်၊ သူ့မိတ်ဆွေတစ်ယောက် စင်္ကာပူက ၀ယ်လာတာ မြင်ဖူးတယ်တဲ့”

“သြော်… အေး ငါ ရှာကြည့်လိုက်မယ်လေ”

ရုံးဆင်း၊ ညနေစာ စားပြီးသည်နှင့် သစ်သစ်တစ်ယောက် သူငယ်ချင်းအမှာတော်ပါးလိုက်သော ရေနွေးကပ် ရှာပုံတော် ဖွင့်ရလေတော့သည်။ နီးစပ်သမျှ Guardian၊ Watson၊ Unity အစရှိသော ဆိုင်များမှာ စုံစမ်းမေးမြန်းသော်လည်း ချောလိုချင်သော ခေါက်ချိုးရေနွေးကပ်မျိုးကား မရှိ။ ဆိုင်တိုင်းလိုလိုက နို့ချိုတိုက်ကျွေးသောမိခင်များ အသုံးပြုနိုင်သော အပူအအေး နှစ်မျိုးလုံးအသုံးပြုကပ်နိုင်သော ဂျယ်လ်အမျိုးအစား အိတ်များကိုသာ ညွှန်းလေသည်။ အရောင်းဝန်ထမ်းမေးသမျှကို ကာယကံရှင် မဟုတ်သော သစ်သစ်က “ငါ့အတွက်မဟုတ်ဘူး၊ သူငယ်ချင်းအတွက်မေးပေးတာ” ဟု အမောတကော ရှင်းပြပြီး ပြန်ဖြေရလေသည်။ သူငယ်ချင်းမှာသော ထိုပစ္စည်းကို ပြန်ခါနီးတစ်ရက်အလိုအထိ ရှာကြည့်ပေးသော်လည်း မတွေ့သဖြင့် ထိုအခေါက်က သစ်သစ် အကူအညီ အထမမြောက်ခဲ့။ ကလေးအမေဟု အထင်လွဲခံရခြင်းမှတော့ သီသီလေး ကင်းလွတ်ခဲ့ရလေသည်။

ချစ်ဒုက္ခ (၂)

ငယ်သူငယ်ချင်းတစ်ယောက်၏ ရင်ဖွင့်သံကို နားထောင်ရသော သစ်သစ်ခမျာ စိတ်မချမ်းမသာ ဖြစ်ရသည်။ အကြောင်းစုံကို ဖွင့်ပြောအပြီး သူငယ်ချင်းက

“နင်သာဆိုရင်ရော… ငါ့လိုပဲ ဆုံးဖြတ်မိမလား”

မိန်းမချင်းမို့ သူငယ်ချင်းဘက်က လိုက်၍ပြောခြင်းတော့ မဟုတ်၊ သစ်သစ် ရင်ထဲ ခံစားရသလိုပဲ အမှန်အတိုင်း ပြောလိုက်သည်။

“အေး… ငါလည်း နင့်လိုပဲ ဆုံးဖြတ်မိမှာ”

“ဒီကိစ္စ တခြားလူတွေ သိလို့မဖြစ်သေးဘူးဟာ၊ ဒီတော့ နင်ငါ့ကို တစ်ခုလောက် ကူညီပါ”

“အေးပါ… ငါကူညီပေးပါ့မယ်”

“ဟယ်လို… မေမေလား၊ ဟိုလေ… စင်္ကာပူက သမီးသူငယ်ချင်းတစ်ယောက် မြန်မာပြည်မှာ လက်ထပ်ထားတာ၊ အခု… နှစ်ဦးသဘောတူ ကွာရှင်းချင်လို့၊ သူငယ်ချင်းဘက်က အခိုင်အမာ ဆုံးဖြတ်ပြီးပြီဆိုတော့ ၀ိုင်းနားချမှာ စိုးရိမ်တာနဲ့ မိဘတွေကို ချက်ခြင်းအသိမပေးသေးဘူး။  အဲဒါ… ရန်ကုန်က တရားရုံးမှာ မေမေ့အသိ တရားသူကြီးတစ်ယောက်နဲ့ လက်မှတ်ထိုးဖို့ ကြိုစီစဉ်ပေးလို့ ရမလား။ သူတို့ လက်မှတ်ထိုးဖို့အတွက် ခဏပဲပြန်လာမှာ။ အချိန်ကန့်သတ်ချက်ရှိနေတော့ ဟိုဘက်က ကြိုချိတ်ထားမှ အဆင်ပြေမှာမို့လို့”

“………. ……………… ……………..”

အရာရာကို နားလည်သဘောပေါက်လွယ်သော မေမေက လိုအပ်သည်များကို မေးမြန်းမှာကြားပြီး အစစအဆင်ပြေအောင် ကူညီစီစဉ်ပေးခဲ့ပါသည်။

သစ်သစ်က ဟင်း…ခနဲ သက်ပြင်းတစ်ချက်ချလိုက်ရင်း အချစ်ဆိုတာ အခန့်မသင့်လျှင်၊ အတိုင်းအတာတစ်ခုကို ကျော်လွန်၍ သည်းခံပြီးလျှင် ပျောက်ကွယ်တတ်သောအရာဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ချစ်ဒုက္ခ (၃)

မျက်နှာစာအုပ်မှတစ်ဆင့် ၀င်နေသော မက်ဆေ့ခ်ျလေးကို သစ်သစ်ဖတ်လိုက်သည်။

သစ်သစ်
နေကောင်းလား၊ အလုပ်အကိုင်ရော အဆင်ပြေရဲ့လား။ ငါတစ်ခုလောက် အကူအညီ တောင်းချင်လို့။ နင်အဆင်ပြေရင် ငါ့ကို စာအုပ်တစ်အုပ် ရှာပေးပါဟယ်။ စာအုပ်နာမည်က ‘Pregnancy Miracle’ တဲ့၊ ရေးသူက ‘…… ..............’  တကယ်လို့ အွန်လိုင်းကနေ ebook ကို download လုပ်လို့ရရင် လုပ်ထားပေးနော်။ နင်သိပါတယ်… ငါတို့ဆီမှာ ကွန်နက်ရှင်က နှေးတော့လေ။

ချစ်တဲ့
မေ

မိနစ်အနည်းငယ်အကြာ သစ်သစ် စူးစမ်းရှာဖွေပြီး သကာလ…

မေ…
နင်ပြောတဲ့စာအုပ်က ပိုက်ဆံမပေးဘဲ ဒေါင်းလုပ်လုပ်လို့မရဘူးဟ၊ သူက လင့်ခ်ပေးထားပေမယ့် တကယ်တမ်း ကလစ်နှိပ်လိုက်ရင် ငွေပေးချေရမယ့်နေရာ ရောက်ရောက်သွားတာ။
သစ်သစ် မေ့ကိုစချင်စိတ်ပေါ်လာသဖြင့် စာသားထပ်ဖြည့်လိုက်သည်။ ဘာလဲ… နင် ကလေးယူတော့မယ်ပေါ့… ဟုတ်လား။

မေ့ဆီက မက်ဆေ့ခ်ျပြန်လာသည်…

သစ်သစ်…
ငါ ကလေးယူတော့မှာ မဟုတ်ဘူး၊ မရသေးလို့ ယူဖို့ကြိုးစားနေတာ၊ ငါပြောတဲ့စာအုပ်က ဆေးတွေဘာတွေ မသောက်ဘဲ သဘာဝအတိုင်းကလေးယူနိုင်တဲ့နည်းတွေ ရေးထားတာဟ၊ အဲဒါကြောင့် ငါဖတ်ချင်တာ။ နင် သိတဲ့အတိုင်း ငါက တစ်ဦးတည်းသော သမီးလေ၊ ငါ့အတွက် မျိုးဆက်က အရမ်းအရေးကြီးတယ်။ ငါ ဆရာဝန်ပေးတဲ့ဆေးတွေတော့ စားနေတယ်။ ဒါပေမယ့် အဲဒီ့ဆေးတွေက စားပါများရင် သားဥအိမ်ကင်ဆာ ဖြစ်တတ်တယ်တဲ့။ နောက်ပြီး ငါ့ကိုယ်အလေးချိန်ကို ထိန်းဖို့ခက်နေတာ အဲဒါတွေကြောင့်လည်း ပါတယ်၊ ငါတအားဝနေတာ ပြီးခဲ့တဲ့အခေါက် နင်ပြန်လာတုန်းက မြင်တဲ့အတိုင်းပဲ။ နင်ကူညီပြီး ရှာပေးပါဦးနော်… သူငယ်ချင်း။

အေးပါ မေရယ်၊ ငါထပ်ရှာကြည့်လိုက်ပါ့မယ်၊ တကယ်လို့ အွန်လိုင်းမှာ ရှာမတွေ့ရင် စာအုပ်ဆိုင်မှာ သွားကြည့်ပေးမယ်နော်…။

သို့နှင့် တစ်ခုသောစနေညနေခင်းမှာ သစ်သစ်တစ်ယောက် စာအုပ်ဆိုင်ဘက်သို့ ခြေဦးလှည့်ရလေသည်။ ကိုယ်ရှာနေကျ စာအုပ်အမျိုးအစား မဟုတ်၍ (အထင်လွဲခံရမှာ စိုးရိမ်သော်လည်း) သတင်းကောင်တာသွားပြီး မေးရသေးသည်။ စာအုပ်စင်ရှေ့ရောက်တော့ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သမျှ စာအုပ်တွေထဲ သစ်သစ် ခေါင်းထိုးကာ ကြည့်ရှုရှာဖွေရလေသည်။ ဒီဘက်အခြမ်းက ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုစားသောက်သွားလာလှုပ်ရှားနေထိုင်ရမယ်ဆိုတာတွေ… မဟုတ်သေးဘူး၊ ဒီမှာက ကလေးကို ဘယ်လိုပြုစုစောင့်ရှောက်ရမယ်ဆိုတာ… ဒါလည်း ဟုတ်သေးဘူး။ မျက်နှာချင်းဆိုင်က စာအုပ်စင်ကို လှမ်းကြည့်မိတော့ ဘာလို့ခုချိန်ထိ တစ်ကိုယ်တည်းဖြစ်နေရတာလည်း ခေါင်းစဉ်ဖြင့် စာအုပ်ကို တွေ့လိုက်၍ သစ်သစ် စိတ်ဝင်စားသွားသည်။ စာအုပ်ဆီ လက်လှမ်းမည်အပြု သတိဝင်လာသည်။ အင်း… ခုနေ ယူကြည့်လို့တော့ မဖြစ်သေးပါဘူး၊ ငါလာတဲ့ ရည်ရွယ်ချက်က သဘာဝကျကျ ကိုယ်ဝန်ဆောင်ခြင်း ဆိုတဲ့စာအုပ်ကိုရှာဖို့ပါ။ သို့နှင့် တစ်ဘက်ခြမ်းက စာအုပ်စင်ကို ပြန်လှမ်းပြီး အသေအချာ စူးစူးစိုက်စိုက် ထပ်ရှာရသည်။

ဟော… တွေ့ပြီ… စာအုပ်တွေကတော့ အများကြီးပဲ၊ မေ လိုချင်တဲ့ စာအုပ်အတိအကျတော့ မရှိဘူး။ တကယ်လို့ သူက မဖြစ်မနေတစ်အုပ်လိုချင်တယ်လို့ ပြောလာရင် ၀ယ်ပေးနိုင်အောင် ခုကတည်းက ကြည့်ထားဦးမှ။ သစ်သစ်တစ်ယောက် စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် လှန်လှောကာ မာတိကာတွေဖတ်လိုက်၊ အတွင်းက စာသားတွေ တစ်ချက်တစ်ချက် ၀င်ဖတ်ကြည့်လိုက်နှင့်… အိမ်ထောင်ရေး ဗဟုသုတအချို့ပင် ရသွားသည်။ တစ်ချို့များ ကိုယ်ဝန်ရတာ သိပ်လွယ်သိပ်မြန်ပြီး၊ တစ်ချို့ကျတော့လည်း ခက်နေလိုက်တာ။ အပျိုကြီးသစ်သစ် အချို့သောစာသားတွေဖတ်ရင်း မျက်ခုံးလေးရှုံ့လိုက်၊ မျက်လုံးလေးပြူးလိုက်နှင့် သြော်… ကိုယ်ဝန်ဆောင်နိုင်အောင် ဒီလိုနေ၊ ဒီလိုထိုင်ရမှာတဲ့လား။ သစ်သစ် ဘေးဘီကို ၀ဲကြည့်လိုက်ပြီး စာအုပ်ပြန်ပိတ်လိုက်သည်။ တော်ကြာ ငါ့ကို ကာယကံရှင်လို့ ထင်သွားဦးမယ်၊ ဒီလောက်သုတေသနပြုပြီးပြီပဲ၊... တော်လောက်ပါပြီ။

အိမ်ပြန်ရောက်တော့… မေ့ဆီကို အကြောင်းပြန်လိုက်သည်။ သူရှာခိုင်းသော စာအုပ်မတွေ့သော်လည်း၊ အခြားစာအုပ်တွေရှိကြောင်း၊ သူမ တကယ်လိုအပ်နေသည်ဟုဆိုလျှင် အကောင်းဆုံး၊ အသင့်တော်ဆုံး စာတစ်အုပ်ဝယ်ပြီး သပြေနုနှင့် ပို့ပေးလိုက်မည်ဖြစ်ကြောင်း… ။

မေက ၀မ်းသာအားရအကြောင်းပြန်လာသည်။ နင်ကောင်းမယ်ထင်တဲ့ စာအုပ်သာပို့ပေးလိုက်ပါ၊ ဘယ်လောက်ကျကျ ငါပြန်ပေးပါ့မယ်။ ဒီပိတ်ရက်ကျရင် နင့်အိမ်ကို ပိုက်ဆံသွားပေး ပေးမယ်နော်…။

ရက်အနည်းငယ်ကြာသော် ဆရာဝန်သူငယ်ချင်းမကိုအဖော်ခေါ်၍ စာအုပ်ဆိုင်သို့တစ်ခေါက် ရောက်ရပြန်သည်။ ထိုသူငယ်ချင်းက စာအုပ်မကြည့်ခင် မေးခွန်းများ စေ့စေ့စပ်စပ်မေးနေ၍ ပြန်ဖြေရသေးသည်။ “ဟဲ့...အဲဒါတော့ ကာယကံရှင်မဟုတ်တော့ ငါလည်း မသိဘူးဟာ၊  သူငါ့ကိုပြောပြသလောက် နင့်ကိုငါပြန်ပြောလိုက်တာပဲ။ ဆရာဝန်နဲ့ သူပြထားပြီးပြီ။ သူက စာအုပ်ဖတ်ရမှ ကျေနပ်မယ့်သဘောရှိလို့ သူစိတ်ချမ်းသာအောင် ငါဝယ်ပေးလိုက်ချင်တာပါ။” သစ်သစ်ကူညီချင်သည့် ဆန္ဒကိုသိသွားသော သူငယ်ချင်းက ထပ်မမေးတာ့ဘဲ မေ့အတွက် အသင့်တော်ဆုံး စာတစ်အုပ်ကို အတည်ပြုရွေးပေးလိုက်သည်။ ထိုနေ့က စာအုပ်ဝယ်ပြီး အိမ်ပြန်ရောက်သော် ကင်မရာထုတ်ကာ စာအုပ်ရှေ့ဖုံးနှင့် နောက်ကျောဖုံးကို ဓာတ်ပုံရိုက်ပြီး မေ့ဆီပို့ပေးလိုက်သည်။

မေ့ဆီက ၀မ်းသာအားရ ကျေးဇူးတင်စကားတွေ ပြန်လာသည်။ သူစိတ်ကျေနပ်သွားအောင် ကူညီလိုက်ရသည့်အတွက် သစ်သစ်ဝမ်းသာပါသည်။

သြော်… ခက်တယ်၊ လောကကြီးက။ ကိုယ့်အပူကိုယ်မရှာချင်လို့ တစ်ယောက်တည်းနေပါတယ်ဆိုမှ ဘယ့်နှယ်… သူများရှာတဲ့ချစ်ဒုက္ခတွေနဲ့ လာပြီး ပတ်သက်ရုံတင်မကဘူး၊ ကြားထဲက၀င်ပြီး ကူညီအကျိုးဆောင်လိုက်ရသေး။ အို… ဘယ်လိုပဲဖြစ်ဖြစ် ကူညီတယ်ဆိုတာ ကောင်းတဲ့အလုပ်ပဲဟာ၊ လူတိုင်းလုပ်ပေးနိုင်တာမှ မဟုတ်ဘဲ။ သစ်သစ်က ညည်းညည်းညူညူလေး ပြောလိုက်ရင်း ကိုယ့်ကိုယ်ကို အမှတ်ပြန်ပေးလိုက်သည်။

သစ်သစ်ခေါင်းထဲ မေးခွန်းလေးတွေ ဖျတ်ခနဲ ပေါ်လာသေးသည်။ သစ်သစ်တစ်ယောက် ကိုယ်ကျိုးထက် တစ်ခြားသူကိစ္စတွေ လိုက်အကူအညီပေးရလွန်းသဖြင့် မအားလပ်ဘဲ ရည်စားတောင် မထားနိုင်တာလား၊ တစ်ကိုယ်တည်းသမားဟူသော ဂုဏ်ပုဒ်ကြောင့် သူငယ်ချင်းတွေက အားလပ်သည်ဟုထင်ပြီး အားကိုးတကြီး အကူအညီတောင်းကြတာလား။ ဒါမှမဟုတ် သူတို့ကို ကူညီပေးလိုက်သည့်အတွက် ကျိန်းကျေသွား၍ တစ်ယောက်တည်း ဖြစ်နေရခြင်းလား...။ 

ကိုယ့်အမေးကိုယ် ပြန်မဖြေနိုင်ခင်မှာပင် အပျိုကြီးသစ်သစ်တစ်ယောက် (သဘာဝကျကျ) ကိုယ်ဝန်အမြန်ဆောင်နည်း ဟူ၍ ခေါင်းစဉ်တပ်ထားသောစာအုပ်ကို မေ့ဆီသို့ပေးပို့ရန် ပင်နီဆူလာသို့ ခြေလှမ်းများကို ဦးတည်လိုက်ပြီးဖြစ်သည်။ ကံကောင်းလျှင် မေတစ်ယောက် သူမပို့သောစာအုပ်ဖတ်ပြီး သုံးလအတွင်း ကိုယ်ဝန်ဆောင်နိုင်ပေလိမ့်မည်။


ဇွန်မိုးစက်





Comments ( 11 )

ပြုံးသွားတယ်..။

ခေါင်းစဉ်ဖတ်လိုက်တော့ ဘလော့ရေးတဲ သစ်သစ် ကိုပြောတယ် မှတ်နေတာ.. :P


pifpif

အတ္တနဲ့ ပရ လွန်ဆွဲနေသူ တစ်ယောက်ရဲ့ စိတ်ကလေး မြင်လိုက်ရတယ်၊ အတ္တအတွက် တခါတခါ ပိုပြီး အချိန်ပေးချင် ပေမယ့်လည်း ပရနဲ့ ပတ်သက်လာရင် ငြင်းပယ်ဖို့ ဝန်လေးတတ်သူ လို့ ခံစားနားလည် ရပါတယ်...၊

စိတ်ဝင်စားစရာ စာကြောင်းလေး တစ်ကြောင်းလည်း သတိထားမိ လိုက်တယ်၊ ̔ အချစ်ဆိုတာ ကာလတစ်ခုအထိ သည်းခံပြီးရင် ပျောက်ကွယ်တတ်တယ်... ̔ ဆိုတာလေ...၊ အချစ်စစ်ဆိုတာ တကယ်ပဲ အဲဒီလို ပျောက်ကွယ်သွားနိုင် သလား? ကာလ ရှည်ကြာစွာ သည်းခံနေခဲ့ရတယ် ဆိုကတည်းက အဲဒီအရာဟာ အချစ် ဖြစ်နိုင်သေးရဲ့လား? ..... ? ဆင့်ပွားတွေးစရာတွေ ရသွားခဲ့တယ် ဇွန်ရေ...။

:D တစ်ခါတစ်လေမှာ အဲ့လိုတွေ ဖြစ်တတ်ပါတယ် . :P

ခင်မင်လျှက်
ဆောင်းနှင်းရွက်

တကယ်.အဖြစ်အပျက်လားဟင်? :P

သစ်သစ် ကိုပြောလိုက်ပါနော်။ ကုသိုလ်တွေရသွားပြီလို့ ။

ကိုယ်တွေ့ အဖြစ်အပျက်ကို ပြန်ရေးထားတာလားဟင်..
ဟီး..ဟီး..
ခင်လို့ စ တာ..စိတ် မဆိုးရဘူး..
=)

ပြုံးသွားတဲ့ အစ်မစင်စင်... ဇာတ်ကောင်သစ်သစ်ပါ၊ ဘလော့ဂါသစ်သစ် ဟုတ်ဖူးရယ်။ :D

ဆင့်ပွားအတွေးတွေနဲ့ ကိုညီလင်းသစ်ရေ... အချစ်စစ်ပါပဲ။ အချစ်ထက် စိတ်က ကုန်သွားတာပါလို့ဖြေရရင် ပိုမှန်မလားပဲ။

ဟုတ်ပါတယ်... ဆောင်းနှင်းရေ၊ အဲလိုဖြစ်တတ်တဲ့အထဲ သစ်သစ်က ထိပ်ဆုံးကများ ပါနေလားလို့လေ။ ;)

@Lynsie အဲဒီ့ထဲက ဇာတ်ကောင်တွေကို သူငယ်ချင်းသိနေတယ်ဆိုရင် ပိုအံ့သြဦးမယ်။ ဒါပေမယ့် သစ်သစ်က မပြောရဘူးလို့ မှာထားတယ်။ :)

မရှင်လေးရေ... စိတ်ချ၊ သစ်သစ်ကို ပြန်ပြောလိုက်မယ်နော်။း)

အမည်မသိစာဖတ်သူရေ... စာရေးဆရာဆိုတာ ဒီလိုပါပဲကွယ်၊ ကိုယ်တွေ့ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာ မြင်ရတာပဲဖြစ်ဖြစ် ဇာတ်ကောင်ဖန်တီးပြီး ရေးဖွဲ့လိုက်ကြတာဆိုတော့... :P
စိတ်မဆိုးပါဘူး၊ အချိန်ပေးပြီး လာဖတ်တဲ့အတွက်တောင် ကျေးဇူးတင်ရဦးမှာ။ :)

ဖတ်ပြီး သဘောကျလွန်းလို့ အကြီးကြီး ပြုံးသွားတယ် ချစ်ညီမရေ...

ဒီတစ်ခါ မမသက်ဝေ အကြီးကြီးပြုံးသွားတယ်ဆိုလို့ ဇွန် ကျေနပ်သွားပြီ။း)

သဘောကျလို့ ပြုံးရုံတင်မက ရီသွားတယ် :D

ရေးထားတာလေးက ဖတ်လို့ကောင်းလိုက်တာ..