ကျွန်မ
ဒသမတန်းနှစ်က အတန်းတင်စာမေးပွဲကြီးမှာ ရွေးချယ်ဖြေဆိုခဲ့သော မြန်မာစာ စာစီစာကုံးမှာ
“ခရီးသွားခြင်း” ဖြစ်သည်။ ကျွန်မတို့နှစ်က ရေပန်းစားသော၊ ပါနိုင်သည်ဟု ကျောင်းသူကျောင်းသားများ
ခန့်မှန်းသော စာစီစာကုံးမှာ နွေရာသီ၊ ဒါမှမဟုတ် ခါနွေဦး သို့မဟုတ် နွေဦးရာသီ တစ်ခုခု
ဖြစ်သည်။ ကျွန်မ နွေရာသီအက်ဆေးအတွက်လည်း ပြင်ဆင်ခဲ့သည်။
တကယ်လည်း စာမေးပွဲကြီးမှာ မေးခဲ့ပါသည်။ ခရီးသွားခြင်းကတော့ မြန်မာ့ခရီးသွားနှစ်မို့
ကျောင်းမှ မြန်မာစာဆရာမက မှန်းပေးခဲ့ခြင်းဖြစ်သည်။ မြန်မာစာကို အပြင်ကျူရှင်မယူသောကျွန်မ
ကျောင်းမှပေးသောနုတ်စ်နှင့်သာ ကျက်မှတ်ဖြေဆိုခဲ့ပါသည်။ တကယ်တမ်း စာမေးပွဲခန်းမထဲရောက်တော့
ကျွန်မ ဘယ်စာစီစာကုံးကို ရွေးချယ်ဖြေဆိုရမည်မှန်း ချက်ခြင်း မဆုံးဖြတ်နိုင်ခဲ့ပါ။ သုံးပုဒ်လုံး
ကျွန်မ ပြင်ဆင်ခဲ့သည် အထဲမှာပါသည်။ ခါနွေဦးနှင့် ခရီးသွားခြင်းကိုတော့ ကျွန်မ ပိုအားသန်သည်။
နောက်တစ်ပုဒ်က အချိန်နှင့် ပတ်သက်သော စကားပုံတစ်ခု။ ကျွန်မ အတိအကျ မမှတ်မိတော့သော်လည်း
လသာတုန်း၊ ဗိုင်းငင်လို ခပ်ဆင်ဆင်မျိုး။
ကျောင်းသားတော်တော်များများ
နွေရာသီနှင့် ပတ်သက်သော အက်ဆေးကို ဖြေဆိုလိမ့်မည်ဟု ခံစားမိသောကျွန်မ ခရီးသွားခြင်းကိုသာ
ရေးဖို့ဆုံးဖြတ်လိုက်သည်။ ကျွန်မ ခါနွေဦးလို စာမျိုးကို အတန်းငယ်တွေမှာ မကြာခဏဖြေဆိုခဲ့ဖူးသည်။
ခရီးသွားခြင်းနှင့် ပတ်သက်သော အကြောင်းအရာ စာတစ်ပုဒ်ကို အထက်တန်း မြန်မာစာစာမေးပွဲမှာ
ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် ဖြေဆိုခွင့် တစ်ကြိမ်သာရမည်။ ခရီးသွားနှစ်နှင့်
တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေ၍သာ ပါလာခြင်းဖြစ်သည်၊ နောက်ပြီး ကျွန်မအမှန်တကယ် စိတ်ဝင်စားသော
အကြောင်းအရာတစ်ခုလည်း ဖြစ်နေသည်။ အဲဒီ့အချက်တွေနှင့်ကျွန်မ အမှတ်လျော့နည်းမှာ၊ ဂုဏ်ထူးမထွက်မှာ
စိုးရိမ်စိတ်တွေကို ဖုံးကွယ်ပြီး ကျွန်မ ခရီးသွားခြင်းအက်ဆေးကိုပဲ ကျေကျေနပ်နပ် ချရေးလိုက်သည်။
စာဖြေခန်းထဲက ထွက်လာပြီး သူငယ်ချင်းများနှင့် အပြန်အလှန် တွေ့ဆုံမေးမြန်းကြသောအခါ အားလုံးလိုလိုက
ခါနွေဦးကိုသာ ဖြေဆိုကြသည်။ တစ်ယောက်သော သူငယ်ချင်းသာ စကားပုံနှင့် စာစီစာကုံး ရွေးဖြေသည်ကို တွေ့ရသည်။
ကျွန်မဘယ်အချိန်ကတည်းက
ခရီးသွားလာရခြင်းကို စိတ်ဝင်တစား ရှိခဲ့မိမှန်း အတိအကျ မမှတ်မိသော်လည်း ဟိုးခပ်ငယ်ငယ်…
သုံးလေးနှစ်သမီးအရွယ်လောက်ကတည်း ရန်ကုန်-ဒလ ခရီးကို သဘောင်္နှင့်ကူး၊ နောက်ထပ် ဂျစ်ကားတစ်ဖန်စီးပြီးမှ
ရောက်သွားရသော အဖွားနှင့်ဦးလေးနေထိုင်ရာ တွံတေးမြို့ကို ရေတစ်တန်၊ ကုန်းတစ်တန်ဖြင့်
သွားရတော့မည်ဟု အမေကပြောလျှင် သိပ်ပျော်သည်။ သဘောင်္စီးပြီး ဇင်ယော်များကြည့်ရသည်ကို
သဘောကျသည်။ ထိုစဉ်အခါ လမ်းကြမ်းသော်လည်း ကားလမ်းဘေးတစ်လျှောက်က လယ်ကွင်းစိမ်းစိမ်းစိုစို၊
ရွေ့လျားနေသော တိမ်လိပ်များနှင့် ကောင်းကင်ပြာကို တမေ့တမော ကြည့်ရသည်ကို နှစ်သက်သည်။
ပြည်တွင်းခရီးစဉ်များ ဘယ်သွားသွား ကျွန်မ ပျော်သည်။
ကျွန်မ၏
မြန်မာနိုင်ငံပြင်ပမှ အခြားနေရာဒေသများသို့ သွားရောက်လည်ပတ်ကြည့်ရှုချင်စိတ်ကို လှုံ့ဆော်ပေးသည့်အရာမှာ
ကျောင်းသင်ခန်းစာမှ စတင်ခဲ့သည်။ ပထမဆုံး ကျွန်မသွားချင်သည့်နေရာမှာ ပဉ္စမတန်း ကမ္ဘာ့သမိုင်းမှာ
သင်ကြားခဲ့ရသော အန်ကောဝပ်ကျောင်းတော် တည်ရှိရာ ကမ္ဘောဒီးယား ဖြစ်သည်။ နောက် ဆဌမတန်း
ကမ္ဘာ့သမိုင်းထဲက ပေါ်တူဂီလူမျိုး ဗာစကိုဒဂါးမား နေရာသစ်ရှာဖွေသည်ကို အကြောင်းပြု၍ သိမှတ်ရသော
ဂွတ်ဟုတ်ပ်အငူ (Good Hope Cape) ရှိရာ တောင်အာဖရိက။
ဆဌမတန်းစာမေးပွဲအပြီး
နွေရာသီကျောင်းပိတ်ရက်မှာ ဖတ်ခွင့်ကြုံသည့် ဂယ်ရစ်ဆင်ကိုင်လွှာ၏ ဝေါဘီဂွန်မြို့ငယ်ငယ်
လွမ်းဘွယ်နေ့များထဲမှာပါသည့် အမေရိကန်ပြည်ထောင်စုရှိ မင်နီစိုတာပြည်နယ်က နော်ဝေးဇာတိဘိုးဘွားများ
အခြေချရာ ဝေါဘီဂွန်မြို့လည်းပါသည်။ ကျွန်မ ထိုစာအုပ်ကိုဖတ်ပြီး ဝေါဘီဂွန် (သို့မဟုတ်)
နယူးအယ်လ်ဘီယွန်မြို့ တကယ်ရှိသည်ဟု ထင်မှတ်သွားကာ မြေပုံပေါ်မှာ လက်ညှိုးထောက်ပြီး လိုက်ရှာသော်လည်း
မတွေ့ခဲ့။ ပရေရီမြက်ခင်းလွင်ပြင်တွေကိုတော့ တွေ့ရသည်။ စိန့်ကလောက်နှင့် စိန့်ပေါလ်မြို့ကိုလည်း
ရှာတွေ့သည်။ ဝေါဘီဂွန်မြို့ကိုကား မတွေ့ခဲ့။ နောင် အကြိမ်ကြိမ်ထပ်ဖတ်မှ စာရေးဆရာ၏ စိတ်ကူးနှင့်
ဖန်တီးထားသော မြို့ဖြစ်မှန်း ကိုယ့်ကိုယ်ကို ယုံကြည်အောင် နှလုံးသွင်းရသည်။ အကယ်၍များ
မြောက်အမေရိတိုက်သို့ ကျွန်မရောက်ဖြစ်ခဲ့လျှင် မင်နီစိုတာပြည်နယ်အထိ ခရီးနှင်ပြီး စာအုပ်ကထဲမြို့နှင့်
အနီးစပ်ဆုံးတည်ရှိသော စိန့်ကလောက်မြို့အထိတော့ ရောက်အောင်သွားကြည့်မည်ဟု စိတ်ကူးထားလိုက်သေးသည်။
ကျွန်မ
သတ္တမတန်းရောက်သောအခါ နောက်ထပ်သွားချင်သော နေရာတစ်ခု တိုးလာသည်။ တက်ဆုကို ကူရိုရာနာဂီရေးသားပြီး
မြသိန်းမြန်မာပြန်ဆိုထားသည့် တော့တိုး-ကျန် “ပြတင်းပေါက်နားက မိန်းကလေး” စာအုပ်ထဲက
တိုမိုအဲရထားတွဲစာသင်ကျောင်းကလေးတည်ရှိခဲ့ရာ တိုကျိုမြို့အနောက်တောင်ဘက်တစ်နေရာ။
လွန်ခဲ့သော
ဆယ့်နှစ်နှစ်က လက်ဆောင်ရဖူးသော မှတ်စုစာအုပ်သေးသေးလေးထဲမှာ ခဲတံဖြင့် အောက်ကအတိုင်းကျွန်မ
ချရေးထားခဲ့ဖူးသည်။
“တိုးယော်ကော
မီးရထားလိုင်း
ဂျီယူဂါအိုကာဘူတာ
(၃ မိနစ်ခန့်)
ရွှေဥဒေါင်းကုန်တိုက်နှင့်
ကားရပ်နားရာစခန်း”
ကျွန်မ
တစ်နေ့နေ့ တိုကျိုရောက်လျှင် အရောက်သွားရမည့် နေရာတစ်ခုအဖြစ်နှင့်။
အောက်ဘက်မှာ…
ဆက်ရေးထားသည်က
“အနောက်ဘော်စတွန်နယ်မြေ၊
မင်နီစိုတာပြည်နယ်၏ တံခါးဝမြို့တော်
စိန့်ကလောက်၊
စိန့်ဂျိုးဇက်၊ အေဗွန်၊
အယ်လ်ဘင်နီ၊
ဖရီပို့၊ လစ်တီးလ်ပေါ့”
နောက်စာမျက်မှာတော့
“မော်စကို
ရင်ပြင်နီ၊ ကရင်မလင်နန်းတော်
စတာရိုင်ရှိုပီ
အယ်လက်ဇင်
ဒရိုဗစ္စကီ
ဗိုကိုလီနီကီ၊
ဇာမော့၊ နက်စကူးချီးနီးပန်းခြံ
ကူဇနက်စကီ
နိုမိုဒဲဗစ်ခ်ျင်္သချိုင်း”
ဆိုဗီယက်ပြည်ထောင်စုခေတ်
ရုရှားနိုင်ငံမှ နိုင်ငံအတွက် အသက်ပေးလှူခဲ့ကြသော သူရဲကောင်းမောင်နှမ ဇိုယာနှင့်ရှုရာအကြောင်း
ကျွန်မဖတ်ပြီးသောအခါ သွားရောက်ကြည့်ရှုလိုသည့် သူတို့နှစ်ယောက်အုတ်ဂူရှိရာ မော်စကိုမြို့နှင့်
နေရာတစ်ချို့ကို ချရေးထားခြင်းဖြစ်သည်။
အဲဒီ့စာအုပ်သုံးအုပ်က
ကျွန်မဆယ်ကျော်သက်ဘ၀၏ စာဖတ်ခြင်းကို တစ်နည်းတစ်ဖုံ လွှမ်းမိုး အထောက်အကူပြုခဲ့သည်ဟုဆိုလျှင်လည်း
မမှားပါ။
အရီဇိုးနားပြည်နယ်က
ဂရင်းကင်ညွှန်လို၊ နယူးဇီလန်နိုင်ငံက ရေမြေတောတောင် သဘာဝအလှနေရာမျိုးတွေကျတော့ ရုပ်ရှင်ကားတွေမှ
တစ်ဆင့် ကျွန်မကို သွားရောက်ချင်အောင် လှုံ့ဆော်ခဲ့တာဖြစ်သည်။ အီဂျစ်ပြည်က ပိရမစ်တွေကိုတော့
ငယ်စဉ်ဘ၀မှာ သုတစွယ်စုံလို စာအုပ်မျိုးကတစ်ဆင့် ဖတ်ပြီး ကျွန်မ စိတ်ဝင်စားခဲ့၊ မျက်စိဖြင့်
တပ်အပ်မြင်ချင်ခဲ့သည်။
တစ်ခါက
ကိုရီးယားဇာတ်လမ်းတွဲထဲမှာပါသည့် နေရာတစ်ခုကို မကာအိုရောက်ခိုက် ကျွန်မအရောက်သွားလိုက်သည်။
တီဗီဖန်သားပြင်မှတစ်ဆင့် မြင်ခဲ့ရသော နေရာတစ်ခုကို ကိုယ်တိုင် ခြေအစုံဖြင့်ရပ်နင်းပြီး
မျက်စိဖြင့်တပ်အပ်မြင်ရခြင်းသည် တစ်စုံတစ်ရာသော ကြည်နူးမှုအရသာကို ပေးစွမ်းပါသည်။
ကျွန်မ
ခရီးတစ်ခုသွားလျှင် ကြည့်ချင်၊ ရောက်ချင်သည့်နေရာတွေကို ရက်အလိုက်စာရင်းပြုစုတတ်သည်မှာ
ဝါသနာတစ်ခုလို ဖြစ်နေတတ်သည်။ လွန်ခဲ့သောနှစ်ပတ်ခန့်က တိုကျိုမြို့သို့ အလျင်စလို သွားခွင့်ကြုံကြိုက်လာသောအခါ
ကျွန်မခေါင်းထဲအရင်ဆုံးဝင်လာသောနေရာတစ်ခုက တော့တိုးကျန် ခေါ် တက်ဆုကို တက်ရောက်ခဲ့သော
ရထားတွဲကျောင်းကလေး ရှိခဲ့ရာနေရာ။ တိုကျိုမြို့၏ ဘယ်နေရာမှာရှိရှိ ကျွန်မရောက်အောင်သွားမည်ဟု
အလိုလိုဆုံးဖြတ်ထားပြီး ဖြစ်နေသည်။
ခရီးစဉ်၏ ပထမဦးဆုံးရက်
ဒါမှမဟုတ် နောက်ဆုံးတစ်ရက်မှာ သွားရန်ကြံစည်ထားလိုက်သည်။ ကျွန်မက ရှိဘူရနှင့် ရှင်ဂျူကုကို
အမှတ်မှားပြီး ကျောင်းကလေးရှိသောနေရာက ရှင်ဂျူကုဟု စွဲထင်နေသည်။ များပြားရှုပ်ထွေးလှသော
တိုကျိုမြို့၏ မြေအောက်မြေပေါ် မီးရထားလိုင်းတွေ၏ မြေပုံပေါ်မှာ တိုးယော်ကောဘူတာကို လိုက်ရှာကြည့်နေမိသည်။
ဂူဂဲလ်မြေပုံပေါ်ကတစ်ဆင့်လည်း ကျွန်မရှာထားသည်။ သို့သော်ရပ်ကွက်အမည်လွဲနေသဖြင့် တိုက်ရိုက်ရှာမတွေ့။
ကာမာကူရာကအပြန် ရထားစီးလာမှ မြေပုံစာရွက်ပေါ်မှာ ထိုဘူတာလေးကို ရှာတွေ့သွားသဖြင့် ကျွန်မ
ပျော်ရွှင်သွားခဲ့သည်။
နောက်တစ်ရက်မှာ
ငယ်သူငယ်ချင်းတစ်ယောက်နှင့်သွားတွေ့ကာ ခရီးစဉ်ဆွဲပြီး ထိုဘူတာရုံမှ သုံးမိနစ်ခန့်လျှောက်လျှင်ရောက်သော
ရွှေဥဒေါင်းကုန်တိုက်နှင့် ကားရပ်နားရာစခန်းရှိရာသို့ ကျွန်မတို့ ချီတက်ကြသည်။ ကျွန်မကို လိုက်ပို့ပေးသော
သူငယ်ချင်းက အထူးအဆန်းဖြစ်နေသည်။ ကျွန်မ သွားချင်သောနေရာသည် ကမ္ဘာလှည့်ခရီးသွားများကို
ဆွဲဆောင်သော နေရာလည်းမဟုတ်၊ ထိုနေရာမှာ အထင်ကရ လူပုဂ္ဂိုလ်၊ ပြတိုက်၊ အဆောက်အဦ ဘာမှမရှိ။ ကျွန်မ ဘာကြောင့်
ထိုနေရာကို မဖြစ်မနေ သွားချင်နေမှန်း သူရိပ်မိသော်လည်း စပ်စပ်စုစုမမေးပါ။ တကယ်တော့
ကီမိုနိုသွားဝယ်ရာ နီပိုရီနှင့် တိုးယော်ကောခရီးသည် မနီးလှ။ ရထားနှစ်ဆင့် ပြောင်းစီးရသည်။
ခန့်မှန်းခြေမိနစ်လေးဆယ်လောက်ကြာသည်။ ကျွန်မအတွက်တော့ ဘယ်လောက်ကြာကြာ နေ့ချင်းသွားနိုင်သည့် အကွာအဝေးဖြစ်လျှင် မရောက်ရောက်အောင် သွားမည့်နေရာတစ်ခုဖြစ်သည်။
တိုးယော်ကောဘူတာကနေ
အမှန်တကယ် သုံးမိနစ်သာလျှောက်ရပါသည်။ လမ်းလည်းဖြောင့်သည်။ မြေပုံမှာ ကြည့်ထားပြီးဖြစ်၍
တန်းတန်းမတ်မတ်ရောက်သွားပါသည်။ လမ်းအချိုးမှာ မြင်ရသော ကားရပ်နားရာအဆောက်အဦနှင့် ဥဒေါင်းကုန်တိုက်ကို
မျက်ဝါးထင်ထင်တွေ့မြင်ရသောကျွန်မ ဖော်မပြတတ်အောင် ၀မ်းသာကြည်နူးရသည်။ တစ်ချိန်က တိုမိုအဲရထားတွဲကျောင်းကလေးရှိရာသည်
ဤနေရာပါလားဟု ကျွန်မ တစိမ့်စိမ့်တွေးရင်း ကျေနပ်နေမိသည်။ ကျောင်းအုပ်ကြီး မစ္စတာကိုဘာရာရှီနှင့်
ပြတင်းပေါက်နားမှာထိုင်သော မိန်းကလေးငယ်ငယ် တော့တိုးကျန်၊ နောက် … သူ့အတန်းဖော်များ…
ကျွန်မ စိတ်ကူးထဲမှာ မြင်ယောင်ကြည့်ရင်း တစ်စုံတစ်ရာကို လွမ်းဆွတ်လာသည်။
အပြန်လမ်းမှာ
ကျွန်မကို လိုက်ပို့သော သူငယ်ချင်းက စိတ်ဝင်တစား တစ်ခေါက်ထပ်မေးပါသည်။ နင်ဘာဖြစ်လို့
ဒီနေရာကို လာချင်ရတာလဲတဲ့။ ကျွန်မ ထိုစာအုပ်လေးအကြောင်း အကျဉ်းချုံး၍ ပြောပြလိုက်သည်။
သူမက ထိုစာအုပ်ကို မဖတ်ဖူးကြောင်း ပြန်ပြောရင်း ကျွန်မတို့ ထိုနေရာကလေးကို နှုတ်ဆက်၍ ဘူတာရုံရှိရာသို့
ခြေဦးတည်လိုက်ပါသည်။
စာအုပ်တွေထဲပါသော
နေရာတိုင်း ကျွန်မ တကူးတကသွားကြည့်ဖို့ စိတ်မ၀င်စားသော်လည်း ကျွန်မ ချရေးခဲ့ဖူးသည့်
ထိုနေရာသုံးခုကိုတော့ ကျွန်မ အရောက်သွားကြည့်ဖို့ စိတ်ဝင်စားပါသည်။ သင်ခန်းစာထဲမှတစ်ဆင့်
ရောက်ဖူးချင်သော အန်ကောဝပ်နှင့် ဂွတ်ဟုပ်အငူရှိရာ အာဖရိကတိုက်ကိုလည်း ကျွန်မ မရောက်ဖြစ်သေးပါ။
ကျွန်မအတွက် အန်ကောဝပ်က မဝေးသောအနာဂတ်မှာ နီးစပ်သွားရောက်နိုင်သည့် နေရာတစ်ခုဖြစ်လာနိုင်သည်။
အီဂျစ်ပ်နှင့် တောင်အာဖရိကကတော့ အနည်းငယ် ဝေးနေဦးမည်လား မပြောတတ်ပါ။ သို့သော် ကျွန်မ
တစ်နေ့အရောက်သွားနိုင်ဖို့ ကြိုးစားကြည့်ချင်ပါသေးသည်။
ကျွန်မ
ဖတ် (ခဲ့ဖူးသော) စာ များထဲက နေရာသို့ ခရီးနှင်ရခြင်းကို ကျွန်မ စာရေးခြင်းနှင့်ထပ်တူ ခုံမင်နှစ်သက်ပါသည်။
စာအုပ်ထဲက နေရာတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ခြေအစုံရပ်၍ ရောက်ပြီးသည့်အခါ ရရှိသောခံစားချက်သည် ဆယ်တန်းစာမေးပွဲမှာ စာစီစာကုံးကို ကိုယ့်စိတ်ကြိုက်ရွေးချယ်ဖြေဆိုခဲ့သော မြန်မာစာဘာသာရပ်မှာ
ဂုဏ်ထူးရ၍ ကျေနပ်ပျော်ရွှင်သည့် ခံစားမှုနှင့်တူညီကြောင်း ကျွန်မပြောပြချင်ပါသည်။
ဇွန်မိုးစက်
သတ္တမတန်း ကတည်းက မက်ခဲ့တဲ့ အိပ်မက်ကလေးတစ်ခု နောက်ဆုံးမှာ အကောင်အထည် ပေါ်သွားလို့ ဝမ်းသာမိပါတယ်ဗျာ၊ ပြက္ခဒိန်တွေသာ တစ်ရွက်ပြီး တစ်ရွက် ပြောင်းသွားပေမယ့် တသမတ်တည်း ရှိနေတဲ့ စွဲမြဲခိုင်ကျည်မှုနဲ့ အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းတတ်ခြင်းက နောက်ဆုံးမှာ ရင်ဘတ်ထဲ တသိမ့်သိမ့် ဖြစ်စေတဲ့ ခရီးလေးကို လက်ဆောင် ပြန်ပေးခဲ့တယ်လို့ မြင်လိုက်မိတယ်..၊
ဇွန့်ရဲ့ အမှတ်အသားကောင်းပုံ၊ လက်တွေ့ကျပုံနဲ့ ပြင်းပြတဲ့ ယုံကြည်ခြင်းတွေက ကျန်တဲ့ခရီးတွေကိုလည်း ဆက်ပြီး ခေါ်ဆောင်သွားမှာ ကျနော့်အနေနဲ့ နည်းနည်းမှ သံသယ မဖြစ်မိပါဘူး၊ ကြည်နူးစရာ အက်ဆေးလေးကိုလည်း နှစ်ခြိုက်မိတယ်...။
အားကျမိပါရဲ့....
ငါ့အစ်မကျန်းမာပျော်ရွှင်စွာနဲ့ နောက်ထပ်သွားလိုတဲ့
နေရာတွေကို ခြေဆန့်နိုင်ပါစေ...း)
ချစ်တဲ့
ဂျင်း
အစ်မဇွန်ရဲ့ ဇွဲနဲ့ယုံကြည်မှုတွေက ခေါ်ဆောင်သွားမယ့် နောက်ထပ်ခရီးတွေကိုလည်း အစ်မရဲ့လှပတဲ့အရေးအသားနဲ့အတူ လိုက်ပါခွင့် ရချင်ပါသေးတယ် အစ်မရေ..း)
ဖတ်ပြီးသဘောကျလိုက်တာမရေ..
ညလေးလဲ ခရီးသွားရတာ ၀ါသနာပါတယ်..
နဲနဲအပင်ပန်းမခံနိုင်တာပဲခက်တယ်..
ခရီးဝေးသွားရင် လမ်းမှာ မမူးအောင်..မအန်အောင်
လုပ်လို့ရရင်သိပ်ကောင်းမှာပဲနော်...
ညလေးလဲ သွားချင်တဲ့ နေရာတွေအများကြီးရှိတယ်
သွားဖြစ်အောင်ကိုသွားမှာ..
မရဲ့ ပို့စ်လေးကို ဖတ်ပြီးအားလဲတက်မိတယ်
မကို လေးလဲလေးစားမိတယ်...
ကိုယ်ဖြစ်ချင်တဲ့အရာတွေ ရည်မှန်းချက်တွေကို
အချိန်တွေကြာသွားလဲ ပျောက်ပျက်မခံပဲ
အကောင်အထည်ဖော်နိုင်လို့ပါ..
မသွားချင်တဲ့ နေရာတွေ..သွားချင်တဲ့ခရီးတွေ
ဆက်လက်ပြီး သွားနိုင်ပါစေရှင်..
ညလေးဆုတောင်းပေးလိုက်တယ်နော်..
ချစ်တဲ့..မိုးနတ်ကြယ်စင်
ခရီးထွက်ရင်း ကျမတို့ ဘက်ကိုရောက်ခဲ့ရင်ဝင်လည်ပါနော်။
ခရီးသွားနှစ်မှာ ဆယ်တန်း ဖြေတယ်ဆိုတော့..
၉၆ ခုနှစ်လား..
အဲသဟာဆိုရင် အစ်မကြီး ဇွန်မိုးစက်လို့ ခေါ်ရမယ်..
=P
မြန်မာစာ ဂုဏ်ထူးအတွက် ဂုဏ်ယူပါတယ်..
-m
ဇွန် အမှတ်အသားကောင်းပုံ
ဇွဲရှိပုံကတော့
အမနဲ့ (နံ့သာဆီနဲ့ e လောက်) ကွာတယ်...:)
ဟိုတခါရေးဖူးတဲ့ ခရီးတွေသွားပြီး စာတွေပြန် ရေးချင်တယ်ဆိုတဲ့ ပို့စ်ကိုသတိရသွားတယ်...။
ခရီးသွားရင်း သီချင်းဆိုမယ်...ငှက်ကလေးများလိုကွယ် ဆိုတဲ့ သီချင်းလေးငြီးရင်း...ဇွန်လည်း ခရီးသွားရင်း စာတွေရေးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်
ကိုညီလင်းသစ်... ဇွန်ကိုယ်တိုင်လည်း နှစ်ရှည်လများ မက်ခဲ့တဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်လိုက်နိုင်လို့ ကြည်နူးမဆုံး ဖြစ်ရတယ်။း)
ဂျင်းရေ... ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါ။ ခရီးတွေသွားနိုင်ဖို့အတွက် ကျန်းမာရဦးမယ်။း)
ညီမပန်းချီ... နောက်ထပ်သွားဖြစ်တဲ့အခါ ထပ်ရေးဦးမှာပါ၊ စိတ်ချ။း)
ညလေး မိုးနတ်ကြယ်စင်... ခရီးသွားရင် မမူးအောင် သောက်တဲ့ဆေးရှိတယ်။ အဲလိုဆေးတွေက မသွားခင် သုံးလေးပတ်ထဲက ကြိုသောက်ရတယ်။ နီးမှသောက်ရင်တော့ အာနိသင်မရှိဘူးလို့ အစ်မသူငယ်ချင်း ဆရာဝန်ကပြောဖူးတယ်။ မဇွန်က ဘယ်သွားသွား ဘာစီးစီး သိပ်မမူးတတ်တော့ ဆေးသောက်စရာ မလိုဘူး။ ညီမလေး သောက်ချင်ရင် ဆေးနာမည် မေးထားပေးမယ်နော်။း)
အစ်မရှင်လေး... ဥရောပခရီးထွက်ဖြစ်ရင် အစ်မရှိရာကို ဆက်ဆက်လာခဲ့မှာ။း)
အမည်မသိ စာဖတ်သူရေ... ကျေးဇူးပါ။ အစ်မကြီးလို့ ခေါ်နိုင်ပါတယ်။ အစ်မအသက်က မငယ်တော့ပါဘူး။ :D
မမသီတာလည်း အမှတ်သညာကောင်းတယ်နော်။ ဇွန်အရင်က ရေးဖူးတဲ့ပို့စ်ကို မှတ်မိနေတယ်ဆိုတော့...။ အစ်မဆုတောင်းပေးသလို ခရီးတွေသွားရင်း စာတွေဆက်ရေးချင်ပါတယ်။း)