စတုတ္ထမြောက်နေ့
အစီအစဉ်ကား ယခင်က မျက်နှာစာအုပ်မှာသာ ခင်မင်ပြီး အပြင်မှာ တစ်ခါမှမတွေ့ဖူးသေးသော သူငယ်ချင်းနှင့်တွေ့ဆုံပြီး
ကာမာကုရရှိ ဗုဒ္ဓဆင်းတုတော်ကြီးရှိရာသို့ သွားရောက် လည်ပတ်ရန် ဖြစ်သည်။ လောဘကြီးတတ်သော
ခရီးသွားနှစ်ယောက်သည် ကာမာကုရသာမက အနီးနားရှိ အဲနိုရှီးမားဟု အမည်တွင်သော ကျွန်းကလေးပါ
သွားလည်ချင်သည့်အပြင် တနင်္ဂနွေနေ့ဖြစ်သောကြောင့် အပြန်တွင် တိုကျိုမြို့ရှိ နာမည်ကျော်
ဟာရာဂျူကုရပ်ကွက်ကို ၀င်ရောက် ကြည့်ရှုချင်သည့် ဆန္ဒလည်းရှိပေသည်။
တွေ့ဆုံရန် ရည်ရွယ်ထားသည့် မျက်နှာစာအုပ်မှ သူငယ်ချင်းမှာ အရေးကြီးကိစ္စကြောင့် မနက်ပိုင်းသွားစရာတစ်ခုပေါ်လာ၍
လိုက်မပို့နိုင်တော့သော်လည်း သဘောကောင်းသော သူမ၏ အခြားသူငယ်ချင်းတစ်ယောက်ကို လိုက်ပို့ပေးရန်
အကူအညီတောင်းထားသည်ဟု အကြောင်းကြားလေသည်။ ထိုအခါ ခရီးသွားနှစ်ယောက်မှာ မမြင်ဖူးသေးသော
သူငယ်ချင်းက စီစဉ်ပေးလိုက်သည့် တစ်ခါမှ မသိကျွမ်းသေးသော သူငယ်ချင်းဆိုသူအား အားအနာကြီး
နာနေမိတော့သည်။
အပြင်မှာလည်း
မမြင်ဘူး၊ ယခင်ကလည်း သိထားခြင်းမရှိသော လိုက်ပို့မည့် ထိုမောင်ငယ်လေးနှင့် ချိန်ဆိုထားသည့်
ရှင်ဂျူကုဘူတာရုံမှာ ချက်ခြင်းမတွေ့ဆုံနိုင်ဘဲ အစပိုင်းမှာ အနည်းငယ်လွဲနေကြသေး၏။ ဖုန်းမက်ဆေ့ခ်ျနှင့်
အပြန်အလှန်ပို့ပြီးကာမှ လူချင်းတွေ့ဆုံကြလေတော့သည်။ သူငယ်ချင်း၏ မိတ်ဆွေဖြစ်သူ မောင်ငယ်လေးက
ဖော်ရွေပြုံးရွှင်သည့်မျက်နြှာ ဖင့် နှုတ်ဆက်သည်ကိုမြင်မှ ခရီးသွားနှစ်ယောက်၏ အားနာစိတ်မှာ
လျော့ပါးသွားလေသည်။ ကာမာကုရခရီးစဉ်လက်မှတ်ဝယ်ပြီး ဘူတာရုံသို့ရောက်သော် ထိုတစ်နေ့တာ၏အလွဲကို
စတင်ကြုံတွေ့ရလေတော့သည်။
ရထားစက်ချို့ယွင်း၍
မထွက်နိုင်တော့သောကြောင့် ရထားပေါ်တက်မည့်လူများ ပြန်ထွက်လာကာ မတက်ရသေးသူများကလည်း ဘူတာရုံအရာရှိအား
မေးမြန်းရန် စီတန်းစောင့်ဆိုင်းနေကြသည်ကြို မင်သော် ခရီးသွားသုံးယောက်သား စိတ်ပူကြသည်။
လက်မှတ်ဝယ်ပြီးသူများ အသစ်ထပ်ဝယ်စီးစရာမလိုဘဲ အခြားလိုင်းက ပြောင်းစီး၍ရအောင် ဂျပန်စာများဖြင့်ရေးထားသော
ကတ်ပြားလေးတစ်ခု ထုတ်ပေးလိုက်၏။ ထိုကတ်ပြားလေးပြ၍ ကျန်တိုကျိုတွင်း ရထားခရီးစဉ်အဆင့်ဆင့်ကို
အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သော်လည်း အချိန်ကား မှန်းထားသည်ထက် နောက်ကျသွားတော့သည်။
အေးချမ်းဆိတ်ငြိမ်သော ကာမာကုရမြို့လေး
ကာမာကုရသို့
ရောက်သော်
မိုနိုမီးရထားဘူတာမှ ဆယ်မိနစ်ခန့်လမ်းလျှောက်အပြီး ဘုရားကြီးကို
ဖူးမြော်ခွင့်ရလေသည်။ ဘုရားကိုယ်တွင်းမှာ အခေါင်းပေါက်ဖြစ်၍ အတွင်းထဲသို့
ယန်းအနည်းငယ်ထပ်ပေး၍ ၀င်ကြည့်ခဲ့သေးသည်။
ဘုရားကြီးကို ဦးခိုက်ခွင့်ကြုံပြီ
ပြီးသော်
ဘုရားကျောင်းများရှိရာ လှပသော ဥယျာဉ်ခြံတစ်ခုသို့ သွားကြသည်။
အဖော်မိတ်ဆွေလေးက ကာမကူရအနီးတစ်ဝိုက်စုံအောင်
အေးအေးလူလူ လှည့်လည်ကြည့်ရှုချင်ပါက အဲနိုရှီးမားကျွန်းကလေးသို့
မသွားဘဲနေနိုင်ကြောင်း ရှင်းပြပြောဆိုခဲ့သော်လည်း ခေါင်းမာသော နှစ်ယောက်မှာ
ထိုကျွန်းကလေးသွားဖို့အရေးသာ တွင်တွင်ပြောဆိုလေသည်။
ဥယျာဉ်တွင်းမှ ချစ်စရာ့ရေကန်
ဒီမှာလဲ wishing well တစ်ခု တွေ့ရပြန်ပြီ...။ ဆုတောင်းပြည့်လိုပြည့်ငြား ပိုက်ဆံအ ကြွေတွေ ပစ်ချပြီး ဆုတောင်းလိုက်သည်။
ဥယျာဉ်၏ အထက်ဘက်ရှိ ရုပ်ပွားငယ်လေးများ
လူနေရပ်ကွက်တွင်း ဖောက်လုပ်ထားသော (mono rail) မီးရထားလမ်းနှင့် ဘူတာရုံ
အချိန်ကား
သိပ်မရ။ ဥယျာဉ်ခြံမှထွက်ပြီး ကျွန်းပေါ်မလည်ခင် နေ့လည်စာအရင် စားမည်ဟု
တညီတညွတ်တည်း သဘောတူကြသည်။ ခရီးသွားတစ်ယောက်မှာ ဂျပန်ရှိ
ပင်လယ်စာများနှင့်ပီဇာ တမူထူးခြားသည်ဟု စာထဲ ဖတ်ဖူးသဖြင့်
စားကြည့်ချင်သော်လည်း ဆိုင်အပြင်အဆင်က အနည်းငယ်ဈေးကြီးမည့်ပုံပေါက်ေ န၍
မ၀င်ဖြစ်။ ဆိုင်အတော်ကြာရွေးပြီးမှ နောက်ဆုံး နေ့လည်စာအစုံစုံကို
ယန်းတစ်ထောင်ဖြင့် ရောင်းချသော ဆိုင်ကလေးမှာ ၀င်စားဖြစ်တော့သည်။ ထမင်းပါသော
set menu သုံးစုံရှိရာ လှယ်စား၍ရအောင် တစ်ယောက်တစ်မျိုးစီမှာပြီး
တစ်ထောင်ဖြင့် သုံးမျိုးလုံးစားရအောင် ကြံလိုက်ရာ အတော်ဟန်သွားလေသည်။
နောက်နှစ်မျိုးမှာ တန်ပူရာကြော်နှင့် ဆရှိမိဖြစ်သည်ကို စိတ်ကူးဖြင့် မြင်ယောင် ကြည့်ကြပါကုန် :P
အရသာကောင်းမွန်သော ယန်း၁,၀၀၀တန် ဆိုင်လေးအား ဤသို့မှတ်တမ်းတင်ခဲ့သည်
နေ့လည်စားသုံးဆောင်ပြီးသော် နေ့ဝက်ကျိုးနေပြီဖြစ်သည်။ ထိုနေ့ကား နေသာ၍ ကောင်းကင်ပြာပြီး လှပသည့်နေ့ဖြစ်ရာ ခရီးသွားတို့ အနွေးထည်ထူထူ ချွတ်ခွင့်ရလေသည်။
ကျောပိုးအိတ်ကမူ အနွေးထည်ထူထူအား ခေါက်ထည့်ခံထားရ၍ ဖောင်းကားနေတော့သည်။
အဲနိုရှီးမားသို့ ရောက်ရန် ၆၈၀မီတာသာ လိုတော့သည်
ကျွန်းရှိရာသို့
ခင်းထားသော လမ်းမအကျယ်ကြီး၌ လျှောက်လှမ်းလာစဉ် ဘေးတစ်ဖက်ခြမ်းမှာ လူးလာခေါက်တုံ့ပြေးဆွဲနေသော
မော်တော်ဘုတ်ယာဉ်ငယ်လေးအား သုံးယောက်သား မျက်စပစ်မိကြသည်။ မော်တော်လေးစီးပြီး သွားလိုက်လျှင်
ကျွန်းလေးပေါ်သို့ အချိန်တိုအတွင်း ရောက်ရှိသွားကာ လူလည်း သက်သာမည်ဟူသော အတွေးကိုယ်စီဖြင့်။
ထိုအတွေးသည် လွဲမှားကြောင်း မသိကြရှာသော သနားစရာ အနှီခရီးသွားတို့သည် မော်တော်ပေါ်တွင်
အပြန်အလှန်ဓာတ်ပုံရိုက်ကာ ပင်လယ်ပြင်နှင့် ကောင်းကင်ပြာကြား ပျော်ရွှင်မဆုံး တပြုံးပြုံး
ဖြစ်နေကြလေတော့သည်။
ဘုတ်ပေါ်မှ မြင်ရသော မျှော်စင်နှင့် ကျွန်းကလေး
ကျွန်းပေါ်ရောက်ပြီ
ဂူထဲမှာ
ကျွန်းပိုင်ရှင် နဂါးကြီး ဓာတ်လုံးပေးနေခြင်းလော
ကျွန်းပေါ်ရှိ
ဂူထဲသို့ ၀င်ကြေးပေးပြီး ဖယောင်းတိုင်ခွက်များကိုင်၍ ခါးတို့ညွတ်ကာ ဟိုဝင်ဒီထွက် လေ့လာကြသည်။
တစ်ချိန်က မြွေနဂါးတို့အောင်းခဲ့ရာ ဂူဖြစ်သည်ဟု သိရသည့်သကာလ ခရီးသွားထဲမှ တစ်ယောက်သည်
ထိုကျွန်းပေါ်သို့ အဆက်ရှိ၍ ရောက်လာရခြင်းဖြစ်သည်ဟု တစ်ထစ်ချ ယုံကြည်မိလေတော့သည်။
သဘာဝအတိုင်း ဖြစ်ပေါ်နေသော ရောင်စုံကျောက်တုံးငယ်များ
ဂူထဲကနေ အပြင်ကို လှမ်းရိုက်ထားတာ (လှတယ်ဟုတ်)
နဂါးရှိရာ ကူးခတ်သွားနေသော ကျောက်လိပ်ကြီး
ကျောက်လိပ်လည်း မကျန်ရအောင် ရိုက်ယူ
ဂူတို့သည်
ကျွန်း၏ဘေးပတ်လည်တွင်ရှိရကား ကျွန်းပေါ်မှပြန်ထွက်ချင်သော် ကျွန်းအပေါ်သို့ လှေကားထစ်ပေါင်းများစွာ
ဖြတ်သန်းပြီးမှ ပြန်တက်ရလေရာ ဒူးနာတတ်သော ခရီးသွားတစ်ယောက် ဒုက္ခလှလှတွေ့လေတော့သည်။
လမ်းတစ်ဝက်တွင် မျက်စိပျက် မျက်နှာပျက် ချွေးတို့နှင့် ရွှဲနစ်ကာ လမ်းဆက်မလျှောက်နိုင်တော့၍
မကြာခဏနားရ၏။ အဖော်လိုက်ပို့ရှာသော မောင်ငယ်လေးမှာ ထိုခရီးသွားကို သနားသဖြင့် ကျောပိုးအိတ်ဖောင်းဖောင်းကို
ကူလွယ်ပေးရှာသည်။ ကျွန်းပေါ်၌ အခြားကြည့်စရာ
နဂါးဘုရားကျောင်းများနှင့် အချစ်ခေါင်းလောင်းတို့ရှိသည်ဟု လမ်းညွှန်မြေပုံတွင် ဖော်ပြထားရာ
အချစ်ခေါင်းလောင်းရှိရာ သွားကြည့်ပြီးလျှင် ပြန်ဆင်းမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
အချစ်ခေါင်းလောင်းရှိရာသို့ ရောက်သော် အနည်းငယ်ထူးဆန်းသော
မြင်ကွင်းတစ်ခုကို တွေ့ရသည်။ ခေါင်းလောင်းတည်ရာ မျက်နှာစာရှေ့က
စည်ရိုးသဖွယ်ဖြစ်နေသော တိုင်များပေါ်မှာ အသည်းပုံပူးရက်
သော့ပေါင်းမြောက်မြားစွာ ခတ်ထားခြင်းဖြစ်သည်။ ထိုအကြောင်းကို
အသေအချာသိရအောင် ရှင်းပြမည့် မောင်မယ်ဧည့်လမ်းညွှန်ဟိရို မပါလာသော်လည်း
ရောင်စုံအသည်းပုံများအပေါ်တွင် ချစ်သူများက နာမည်အသီးသီးရေးကာ ထိုတိုင်မှာ
လာရောက်ချိတ်ခတ်ထားခြင်းဖြင့် မကွဲမကွာ ထာဝရပေါင်းစည်းကြသည်ဟူသော
အယူရှိကြခြင်းဖြစ်မည်ဟု တွေးထင်လိုက်ကြသည်။
“အသည်းနှလုံးကို သော့ခတ်ခြင်း” ဟု ခေါင်းစဉ်ပေးလျှင် မသင့်လော?
ကျွန်းပေါ်မှ ပြန်ဆင်းပြီ (သြော်... အတက်လမ်းကို အဆင်းနှင့်လွဲရလေခြင်း)
မနက်က
မတွေ့လိုက်ရသည့်
သူငယ်ချင်းနှင့် ချိုန်းဆိုထားသည့် ဟာရဂျူကုသို့ရောက်သော်
ခရီးသွားနှစ်ယောက်မှာ
အတော်ပင် နွမ်းနယ်လျက်ရှိသော်လည်း ရှိသမျှ အားကုန်ထုတ်၍ ဆက်လျှောက်ကြလေသည်။
တစ်နေကုန်လိုက်ပို့ရှာသော
မိတ်ဆွေမောင်ငယ်လေးမှာ ညစာပင်အတူမစားနိုင်တော့ဘဲ နှုတ်ဆက်ပြီး ပြန်ရှာသည်။
သြော်... သူ့ခမျာလည်း တနင်္ဂနွေပိတ်ရက်မှာ မနားရဘဲ တကူးတက
လိုက်ပို့ပေးရသည့်အပြင် ကျောပိုးအိတ်ပါ အဆစ်ကူလွယ်လိုက်ရသည်မို့
နားချင်ရှာပေလိမ့်မည်။
လူစည်ကားနေသော ဟာရာဂျူကု
ဟာရာဂျူကုမှာ
ဈေးအနည်းငယ်ဝယ်ပြီး ရှင်ဂျူကုသို့ ဆက်သွားကြသည်။ ရှင်ဂျူကုတွင် ညစာစားပြီး အမှတ်တရ
အလှဓာတ်ပုံဝင်ရိုက်ကြသည်။ ထွက်လာသည့်ဓာတ်ပုံတွင် သုံးယောက်လုံး လှလွန်းနေ၍ ရင်သပ်ရှုမောဖြစ်ရသည်။
ကိုယ့်ပုံမှ ဟုတ်ရဲ့လား သံသယဖြစ်သော်လည်း ကြည့်မ၀ကြချေ။ ပြီးလျှင် အီလက်ထရောနစ်မားကတ်သို့သွားကာ
ကင်မရာ ရှာကြသည်။ ခရီးသွားတစ်ယောက်၏ ကင်မရာပျက်သွားသည့်အတွက် အသစ်တစ်လုံး ထပ်ရှာဝယ်ခြင်းဖြစ်သည်။
ဂျပန်တို့၏ ၀န်ဆောင်မှုကား ခြင်္သေ့ကျွန်းနှင့် တစ်ခြားစီ၊ ကောင်းလွန်း၍ အံ့သြရသည်။ တစ်ခုပဲရှိသည်၊
သူတို့ဘာသာစကားသာ တတွတ်တွတ်ပြော၍ အနှီဝယ်သူမှာ နားမလည်။ အတူပါလာသော သူငယ်ချင်းက ဘာသာပြန်ပေး၍သာ
တော်တော့သည်။
ဆူညံလှုပ်ရှား အသက်ဝင်နေသော ရှင်ဂျူကု၏ ညအလှ
စားဖူးသမျှ ခေါက်ဆွဲထဲမှာ အကောင်းဆုံး Ramen (အိုအိရှိ!)
ဟိုတယ်သို့
ပြန်ရောက်သော် ဒူးကိုဆေးပတ်တီးကပ်၊ နာနေသော ခြေဖ၀ါးတွေကို ဆေးအထပ်ထပ်လိမ်း၍ အိပ်ရာဝင်ရလေသည်။
နောက်တစ်နေ့အတွက် အားမွေးရဦးမည်။ အလွဲတွေနှင့် ထပ်မံမကြုံရပါစေနှင့်ဟု တိတ်တိတ်ဆုတောင်း၍
မျက်လုံးစုံမှိတ်ကာ အိပ်စက်လိုက်တော့သည်။
ဇွန်မိုးစက်
အလွဲများနှင့် ခရီးသွားတစ်ယောက်ရေးမည့် အပိုင်း (၅) ကို ဆက်လက်အားပေးကြပါဦးနော့။
ဒီတစ်ပိုင်းကိုလည်း သဘောကျတယ်၊ အလွဲတွေက နေ့တိုင်းလိုလို တွေ့နေရတယ်နော်...၊း)
ယန်း ၁၀၀၀ တန် ဆိုင်ကလေးရဲ့ ဓါတ်ပုံကို သဘောကျလိုက်တာ..၊ ဂျပန်ဆိုင်လေး တစ်ဆိုင်ရဲ့ အငွေ့အသက်လည်း ပါသလို တစောင်းကျနေတဲ့ နေရောင်ခြည်ရဲ့ အားနဲ့ အလင်းအမှောင်၊ အရိပ်တွေစုံပြီး အသက်ဝင်လှတယ်၊ ကျွန်းပိုင်ရှင် နဂါးကြီးရဲ့ မျက်နှာပေးကိုလည်း ကြိုက်တယ်၊ ကာတွန်းကားတွေထဲမှာ တွေ့ရလေ့ ရှိတဲ့ မြေခွေးတွေ၊ ဝံပုလွေတွေရဲ့ အပြုံးမျိုးနဲ့...၊း)
အချစ်ခေါင်းလောင်းက သော့ခလောက်တွေရဲ့ အိုင်ဒီယာလေးက ချစ်စရာ ကောင်းသလို ရှင်ဂျူကုရဲ့ ညအလှကလည်း ကြည့်မဝအောင်ပါပဲ၊ နောက်ဆုံးက ခေါက်ဆွဲကတော့ စားဖူးသမျှထဲမှာ အကောင်းဆုံးဆိုတာ ဟုတ်မှာပါလေ၊ ပုံမြင်ရတာနဲ့တင် လည်ချောင်းထဲမှာ ဂလုဆိုပြီး အသံအကျယ်ကြီး မြည်သွား ခဲ့သေးတာ...။း)
အရေးအသားလေးတွေကိုတော့ သဘောကျသနော်..
ဝါရင့်အရေးအသားလေးတွေလိုပဲ ခံစားမိတယ်...
နောက်ထပ် အပိုင်းတွေကိုလဲ စောင့်မျှော်လျက်ပါ..
ဒီတစ်ခါတော့ မိုးနတ်ဆီက မမတို့ပုံတွေကို မြင်ရ၀ူးရှင့်..
ဘာလို့လဲ မသိနော်
လိုက်လည်တယ်။ စားစရာတွေလည်းမြည်းကြည့်ခဲ့တယ်။
မမြင်ဖူးသေးတာတွေမြင်ရသိရလို့  ကျေးဇူးပါရှင်။