အပိုင်း (၁) ပျောက်နေခြင်း မဟုတ်ပါ။ ဤ နေရာမှာ သွားရောက်ဖတ်ရှုနိုင်ပါသည်။ :D
အပိုင်း (၂)
မနက်
၆နာရီ နှိုးစက်အမြည်မှာ စောင်ပုံထဲမှ ကမန်းကတန်းထ၊ ရေချိုး။ ချွေတာရန်အလို့ငှာ တကူးတက
သယ်ယူလာသော ခေါက်ဆွဲဗူးဖောက်၊ ဟောလစ်သောက်၊ ပေါင်မုန့်ကျွတ်စား၊ ငှက်ပျောသီးနှစ်လုံး
အိတ်ထဲထည့်၍ ဟိုတယ်အောက်သို့ အပြေးဆင်းကြသည်။ ထိုနေ့ခရီးစဉ်မှာ တိုကျိုမြို့၏ မြောက်ဘက်တွင်ရှိသော၊
ကားဖြင့်သုံးနာရီကြာမောင်းရသော ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် နီကိုး (Nikko) ဖြစ်လေသည်။
အနှီခရီးသွားနှစ်ယောက်ကား ဂျပန်စကား မပြောတတ်သည်ကတစ်ကြောင်း၊ ရုံးဖွင့်ရက်ဖြစ်သည့်အားလျော်စွာ
မိတ်ဆွေသူငယ်ချင်းများ အလုပ်ဖျက်ပြီး တကူးတကလိုက်ပို့ခိုင်းရမှာ အားနာသည်ကတစ်ကြောင်းနှင့်
အင်္ဂလိပ်စကားပြောဧည့်လမ်းညွှန်ပါပြီး နေ့လည်စာပါ တစ်ပါတည်း ဧည့်ခံကျွေးမွေးမည့် တစ်ရက်ခရီးစဉ်ကို
ခရီးမထွက်ခင် သုံးရက်အလိုက အွန်လိုင်းမှ ကြိုတင်ဝယ်ယူထားခဲ့လေသည်။
ကားနံပါတ် ၈၀၄ (စင်္ကာပူမှာ သုံးလုံးထီမရှိတာ နာသကွာ)
ဟိုတယ်ရှေ့အရောက်လာခေါ်သော
ဘတ်စ်ကားကြီးသည် သတ်မှတ်ထားသော ဟိုတယ်အသီးသီးမှ ဧည့်သည်များအား လိုက်ကြိုပြီး အဝေးပြေးဂိတ်ကဲ့သို့စုရပ်၌
လက်မှတ်လဲစေသည်။ ထိုမှတစ်ဆင့် ကားပြောင်းစီးပြီးသကာလ ၉နာရီတိတိမှာ နီကိုးခရီးစဉ် စတင်လေသည်။
ကားပေါ်တွင် အတူပါလာသူတို့ကား အင်္ဂလိပ်စကားမပြောသော အနောက်တိုင်းသား မျက်နှာဖြူများဖြစ်သည်။
အာရှတိုက်သားဟူ၍ ပြေးကြည့်စရာမလိုဘဲ ဘေးချင်းကပ်ထိုင်နေသော သူတို့နှစ်ယောက်သာရှိလေသည်။ အရှေ့တွင် အီတာလျံဟုမှတ်ယူရသော သားအဖ၊
ဘေးတွင် စပန်းနက်ရှ်ခ်ျဟုထင်ရသော ချောချောလှလှစုံတွဲ၊ အနောက်တွင် နိုင်ငံမခန့်မှန်းတတ်သော
ဥရောပတစ်နိုင်ငံက သားအမိသုံးယောက်။ ကျန်အများစုမှာ ရောမတိုက်သား ခရီးသွားများ ဖြစ်ကြလေသည်။
အာရှတိုက်သူနှစ်ယောက် စိတ်အ၀င်စားဆုံး ခရီးသွားကား ဘေးချင်းကပ်ထိုင်ခုံက ကင်မရာအကြီးကြီးနှင့်
ခန့်ခန့်ညားညား စပိန်သားဖြစ်ချေသည်။
နီကိုးသို့ သွားနေပြီ
အပြုံးချိုချိုဖြင့်
ချစ်ခင်စရာကောင်းသော ဧည့်လမ်းညွှန် ဂျပန်မလေး ဟိရိုက အင်္ဂလိပ်စကားကို ဂျပန်သံဝဲ၀ဲနှင့်
ပြောရာ အစပိုင်းတွင် အတော်နားစိုက်ထောင်လိုက်ရသေးသည်။ သို့သော် တခဏအကြာ နားယဉ်သွားပြီး
သူမလေသံကို ဖမ်းတတ်သွား၍ အဆင်ပြေသွားသည်။ ဟိရိုစံကိုမြင်တော့ Seven Nights in
Japan ဇာတ်ကားကို သွားသတိရမိသေး၏။
သောကြာလိုမနက်ခင်းမှာပင်
traffic အနည်းငယ်ကြပ်နေ၍ ဒရိုင်ဘာက အဝေးပြေးလမ်းကြောင်းကို ပြောင်းပြီး မောင်းရသည်။
ဟိရိုက လမ်းတစ်လျှောက် သွားရမည့် ခရီးစဉ်နီကိုးအကြောင်း၊ တိုကျိုမြို့အကြောင်း စိတ်ရှည်လက်ရှည်
ရှင်းပြ၊ ပြောပြရှာသည်။ သူပြောတာလည်း နားထောင်ရ၊ လမ်းဘေးက ရှုခင်းတွေလည်း ကြည့်ရ၊ ဓာတ်ပုံလည်း
တဖျတ်ဖျတ်ရိုက်ရမို့ မအားကြရှာ။ ဟိုးမှာ မြင်နေရတာ… ဖူဂျီယာမလို့ ပြောသံကြားသည်နှင့်
တစ်ကားလုံး ခေါင်းထောင်လာကာ ကင်မရာတွေ ထုတ်ကြ၊ ချိန်ကြသည်။ သို့သော်… ဖူဂျီတောင်ကား
အမှန်တကယ်မမြင်သေး။ ကားကတရိပ်ရိပ်ပြေး၊ ဖူဂျီကလည်း တိုက်တွေ၊ တိမ်တွေကြားကွယ်ကွယ်သွား၍
အမိအရ မရိုက်လိုက်နိုင်။ အို… မနက်ဖြန် ဖူဂျီခရီးကို သပ်သပ်သွားဦးမှာကို၊ မနက်ဖြန်အနားရောက်မှ
တောင်ကြီးကို အနီးကပ် ဇုန်းမ်းဆွဲပြီး ရိုက်လိုက်ဦးမယ်။ ခုတော့ နေနှင့်ဦးပေါ့။ စိတ်ထဲမှာ
ကြိတ်၍ကြုံးဝါးလိုက်ကြလေသည်။
ဟိုကျောက်တိုင်လို ရှည်ရှည်အဆောက်အဦဘေးကပ်ရပ်မှာ ဖူဂျီတောင်လေ... မြင်ရလား?
ခရီးလမ်းတစ်ဝက်ကျော်ကျော်တွင်
အပေါ့အပါးသွားခြင်းအလို့ငှာ၊ အညောင်းပြေ၊ အညာပြေ ခြေလက်ဆန့်ခြင်းအလို့ငှာ၊ မုန့်ဝယ်စား၍
ဗိုက်ဖြည့်တင်းစေခြင်းအလို့ငှာ မိနစ်၂၀ခန့် ကားရပ်ပေးလေသည်။ အသစ်အဆန်းမှန်သမျှ စမ်းသပ်ချင်သော
ခရီးသွားနှစ်ယောက်သည် လက်ထဲရှိသမျှ အကြွေအကုန်ထုတ်ကာ သူတို့တစ်လုံးတစ်ပါဒမှ နားမလည်သည့်စာဖြင့်
ရေးထားသော စက်ထဲက မုန့်နှင့်ကော်ဖီကို ဂျောက်ဂျက်ဂျောက်ဂျက်နှိပ်ကာ မထွက်ထွက်လာအောင်လုပ်ကြတော့သည်။
မှတ်တမ်းတင်ဓာတ်ပုံကလည်း ရိုက်ရသေးသည်။ ကိစ္စ၀ိစ္စများပြီးသော် ကားပေါ်အမြန်ပြန်တက်ပြီး
နီကိုးခရီးသို့ ဆက်လက်နှင်ခဲ့ကြသည်။
စက်အားကိုး၍ ၀ယ်ခဲ့သော အာလူးကြော်နှင့် ကော်ဖီ
နီကိုးရောက်ခါနီးလေ၊
မြင်ကွင်းတွေကား ပိုလှလာလေလေ၊ လက်မှ ကင်မရာလည်း မချနိုင်တော့လေလေ ဖြစ်တော့သည်။ အရောင်ပြောင်းစပြုနေပြီဖြစ်သော
မေပယ်လ်ရွက်များအား နီကိုးခရီးမှာမှ ထင်ထင်ရှားရှားမြင်ရတော့သည်။ တိုကျိုမြို့၌ သစ်ရွက်တွေ
အရောင်မပြောင်းသေး။ အနှီခရီးသွားတို့အတွက် ဤခရီးစဉ်သည် လွန်စွာအရေးကြီးလေသည်။ ချယ်ရီပွင့်ချိန်နွေဦးမှာ
အရောက်မလာနိုင်ခဲ့သလို နှင်းကျသည့်ဆောင်းကို ကြောက်သည့်အတွက် အအေးပေါ့သော ဆောင်းဦးမှာမှ
မေပယ်လ်ဝေစည်ချိန်နှင့်ကိုက်ပြီး အရောက်လာခဲ့ခြင်းဖြစ်ရာ မေပယ်လ်ရွက်နီနီများတွေ့ရမှ
ထိုခရီးစဉ်သည် ရာနှုန်းပြည့် အထမြောက်မည်ဟု ခံယူထားကြသောကြောင့်ဖြစ်သည်။ လမ်းတစ်လျှောက်
အရောင်ပြောင်းနေသော သစ်ပင်မြင်မြင်သမျှ လှမ်းငေးရ၊ ကင်မရာလေးနှင့်လည်း ဖမ်းဆွဲရမို့
ဟိရိုစံပြောပြသော နီကိုးသမိုင်းပင် နားထဲမှာ မကြားတစ်ချက်၊ ကြားတစ်ချက်။
နိကို ရဲ့ ကနဦးအစ အက္ခရာ ဒီလိုရေးခဲ့ပါသတဲ့
နီကိုးအား
ဂျပန်အသံထွက်ဖြင့် နိကို ဟု ဟိရိုကထွက်သည်။ “နေရောင်ခြည်” ဟု အဓိပ္ပာယ်ရသည်။ နိကိုနှင့်ပတ်သက်ပြီး
ဆိုရိုးစကားရှိခဲ့သည်မှာ “အလှတရားဆိုသော စကားလုံးအား နိကိုမြို့သို့ မရောက်သေးခင် မပြောပါနဲ့”
ဟူ၍ ဖြစ်သည်။ အမှန်တကယ်ပင် အေးချမ်းပြီး လှပသော မြို့ကလေးဖြစ်ကြောင်း တွေ့ရှိရသည်။
အေဒီ ၇၀၀ရာစုဝန်းကျင်က ဆောက်လုပ်ထားခဲ့သော ဂျပန်ဘုရားကျောင်းများ၊ ငါးထပ်ဘုရား၊ သုံးထပ်ကျောင်းဆောင်၊
ဂိတ်ဝများ၊ အုတ်ဂူ အစရှိသဖြင့် ကြည့်စရာစုစုပေါင်း ၁၅ခုတိတိရှိလေသည်။ ဂျပန်သမိုင်းတွင်
အကျော်ကြားဆုံးနှင့် ပထမဆုံး ရှိုးဂန်းဆက်ဖြစ်သော တိုဂုဂါဝါ၏ အုတ်ဂူလည်း ရှိလေရာ နိုင်ငံခြားသားများသာမက
အနယ်နယ်အရပ်ရပ်က ဂျပန်လူမျိုးများပါ တကူးတကလာရောက်ကြည့်ရှုကြသော အထင်ကရနေရာတစ်ခုဖြစ်နေတော့သည်။
အမှန်တကယ် သာယာလှပေသည်
ငါးထပ်ဘုရား (Five-story Pagoda)
ပညာရှိ မျောက်သုံးကောင် ဘုရားကျောင်းမှ
“ငိုနေသောနဂါး” ကျောင်းဆောင်
ကျောက်သားဖြင့် ထုဆစ်ထားသော ဂိတ်ကြီးတစ်ခု (ဂိတ်တွေ အများကြီးရှိသည်)
ဘုရားကျောင်းများပေါ်သို့လာရာ လမ်းမကျယ်
ဘုရားကျောင်းများအား
လည်ပတ်ပြီးသောအခါ နေ့လည် ၂နာရီခန့် ရှိနေပြီဖြစ်သည်။ နေ့လည်စာ စားသောက်ရန် မြို့ထဲက ဆိုင်တစ်ဆိုင်မှာ
စီစဉ်ပေးထားပါသည်။ ဂျပန်အစားအစာဖြစ်၍ အချို့သောအနောက်တိုင်းသားများ မစားနိုင်သော်လည်း
အနှီပုဂ္ဂိုလ်နှစ်ယောက်မှာ ကျွေးသမျှစား၍ ချပေးသမျှ ၀ါးလိုက်သည်မှာ
ပန်းကန်များသာကျန်လေသည်။
ရေပုံးထဲက ခေါက်ဆွဲ စားလို့သိပ်ကောင်းပါသည်
ဗိုက်ဖြည့်ပြီးသော် အီဒိုခေတ် တိုဂုဂါဝါမင်းဆက်၏ နွေရာသီစံအိမ်တော်နှင့်
ဥယျာဉ်ခြံကို သွားရောက်လည်ပတ်ကြလေသည်။
နွေရာသီစံအိမ်တော်မျက်နှာစာ
စာဖတ်သူများ စိတ်ဝင်စားလျှင် ကိုယ်တိုင်ဖတ်ကြည့်နိုင်ရန် ဘာသာမပြန်တော့ပါ :P
အပြင်မှလှမ်းကြည့်လျှင် ကျောင်းဆောင်တစ်ခုသာ မြင်ရသော်လည်း အတွင်း၌မူ ကြီးမားရှည်လျားလှပေသည်
မူလအသုံးပြုခဲ့သော ဂျပန်လက်ရာ ဆွဲတံခါးများ
စံအိမ်ဒီဇိုင်းမှာ ရိုးရှင်းသော်လည်း လှပသေသပ်သည်
ဂျပန်စတိုင် ကန်ထဲဝင်စိမ်၍ ရေချိုးခြင်းသည် ရှေးယခင် အီဒိုခေတ်ကတည်းက ရှိခဲ့ကြောင်း သဘောပေါက်ခဲ့လေပြီ
ရိုက်ချက်က မိုက်တယ်နော်
ဘာအတွက် စောင့်ကြရမှန်း မခန့်မှန်းတတ်သော်လည်း အမျိုးသမီးတို့ ခေတ်အဆက်ဆက် စောင့်ခဲ့ရသည်မှာ ယနေ့ထက်တိုင်ပေ
စံအိမ်ထဲရှိ ဥယျာဉ်ကား အရောင်ပြောင်းနေသော မေပယ်လ်ရွက်တွေဖြင့်
အလှကြီးလှနေကာ ဓာတ်ပုံရိုက်မဆုံးနိုင်အောင် ဖြစ်နေတော့သည်။ ဖြစ်နိုင်လျှင် ထိုပန်းခြံထဲမှ
ပြန်မထွက်ချင်။ ကင်မရာကဘက်ထရီအတုံးလေးတွေက တစ်ထစ်ထစ်နှင့် အောက်ကိုလျော့ဆင်းနေ၍ စိတ်ပူရသေးသည်။
တစ်ယောက်သောသူက အိုင်ဖုန်းလေးထုတ်၍ ဆက်ရိုက်ပေးရှာသည်။ ထိုအချိန် ခရီးသွားတစ်ယောက်၏
စိတ်ထဲ ကင်မရာအကြီးကြီးကိုင်သော ဓာတ်ပုံဆရာမျိုးနှင့် အတူတွဲပြီး မလာနိုင်ခဲ့ရခြင်းကို
အကြီးအကျယ် စိတ်မကောင်းဖြစ်နေလေတော့သည်။
စံအိမ်ထဲမှ လှမ်းမြင်ရသော ဥယျာဉ် (ဘယ်ဘက်က ချယ်ရီပင်ရဲ့ ပင်စည်ကြီးပါ)
အို...မေပယ်လ် သင့်အား အကျွန်ုပ် အမိအရ ရိုက်ယူနိုင်ခဲ့ပြီ
တောလမ်းတစ်ဖက်မှ လှမ်းမြင်ရသော တစ်ဆက်တည်းစံအိမ်တော်
စံအိမ်တော်မှ
ပြန်ထွက်အပြီး ဂျပန်နိုင်ငံရှိ အလှဆုံးရေတံခွန်စာရင်းဝင် ကိရိဖူရိရေတံခွန်ရှိရာသို့
အပြေးအလွှားသွားရောက်ကြလေသည်။ တောလမ်းဖြစ်၍ ရာသီဥတုသည် အလွန်တရာမှ အေးစိမ့်လှသည်။
လှေကားထစ်များအား
ကွေ့ပတ်တက်အပြီးမှာ ခေတ္တမျှ အသက်ရှု ရပ်တန့်သွားသည်။ ခပ်လှမ်လှမ်းက နီဝါညိုစိမ်းရောင်ယှက်ဖြာနေသော မေပယ်လ်တောအုပ်များကြားထဲမှ
တသွင်သွင် စီးကျနေသော ရေတံခွန်နှစ်ခုကို ရင်သပ်ရှုမော မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
အမှန်အတိုင်းပြောရမည်ဆိုလျှင် ထိုမြင်ကွင်းအား ဓာတ်ပုံမရိုက်ဘဲ ပကတိမျက်စိနှင့် တစိမ့်စိမ့်
စိုက်ကြည့်ပစ်လိုက်ချင်မိသည်။ ဒါပေသည့် ထိုမျှလှပသောမြင်ကွင်းအား မရိုက်ဖြစ်ခဲ့လျှင်
ထိုခရီးအတွက် နှမြောစရာဖြစ်မည်၊ ထို့ထက်ပို၍ နောင်တရမိလိမ့်မည်။ ထို့ကြောင့် လက်ကျန်ဘက်ထရီလေးနှင့်
ရသလောက် ကြုံးရုံး ရိုက်ခဲ့တော့သည်။
ရေတံခွန်မှ အပြန်လမ်း
မြေခနေသော မေပယ်လ်ရွက်ကြွေများ
တိုးဘတ်စ်ကြီးသည်
တိုကျိုမြို့ထဲသို့ ည၈နာရီခွဲမှာ ပြန်လည်ဝင်ရောက်လာလေသည်။ အပြန်ချပေးသောနေရာနှစ်ခုရှိရာ
ရှင်ဂျူကုမှာ ဆင်းရမည်လား၊ ဂင်ဇာမှာဆင်းရမည်လား ဝေခွဲမရချေ။ နောက်ဆုံး ဟိုတယ်နှင့်ပိုနီးရာ
ဂင်ဇာရပ်ကွက်မှာသာ ဆင်းမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ဂင်ဇာသည် စင်္ကာပူရှိ နာမည်ကြီးလမ်းမဖြစ်သော
အော့ချက်နှင့်တူသည်ဟု ကြားဖူးနားဝရှိသည်အလျောက် ဂင်ဇာလမ်းတစ်လျှောက် တည့်တည့်ကြီးလျှောက်မည်ဟု
တိုင်ပင်ကြသည်။
ဂင်ဇာလမ်းကျယ်တစ်နေရာ
သို့သော်… ဂင်ဇာရှိ တစ်ခုမကသော လေးဖက်လေးတန် လမ်းမအကြီးကြီးများကြောင့်
ခရီးသွားနှစ်ယောက်ကား မျက်စိလည်ချေပြီ။ လမ်းချိုးတိုင်းလိုလို ရှော့ပင်းစင်တာအကြီးကြီးတွေ၊
ကုန်တိုက်တွေ၊ ဘရန်းဒတ်ဆိုင်တွေချည်းသာ ဖြစ်နေတော့သည်။
ဆိုနီအဆောက်အဦ (နေ့ဘက်ဆို ဧည့်သည်တွေ အထဲကို ၀င်ကြည့်လို့ရတယ်လို့ လမ်းညွှန်စာအုပ်မှာ ရေးထားပါတယ်)
စတင်ထွက်လာခဲ့သောနေရာမှာ ဘူတာရှိသည်ဖြစ်ရာ
ထိုနေရာသို့ မဖြစ်မနေရောက်အောင် ပြန်သွားရတော့မည်။ ဗိုက်ကဆာသည်၊ ခြေထောက်လည်း ညောင်းပြီ။
သြော်… တစ်နေ့တာ အဆင်ပြေခဲ့ပြီဟု ထင်မှတ်ထားသမျှ အဆုံးသတ်မှာ နဲနဲလေးတော့ လွဲဖြစ်အောင်
လွဲလိုက်သေးသည်။
အပိုင်း (၃) အား ခရီးသွားနှစ်ယောက်ထဲမှ တစ်ယောက် ဆက်ရေးပါလိမ့်မည်။ စောင့်ဖတ်ကြပါကုန်။
ဇွန်မိုးစက်
ဓါတ်ပုံတွေ အရမ်းလှတယ် ဇွန်....၊ ဘက်ထရီ အတုံးလေးတွေ တတိတိ လျော့ကျလာတဲ့ ကင်မရာလေးနဲ့ ရိုက်ထားပေမယ့် ရှုခင်းတွေရဲ့ အလှကို ခံစားလို့ ရပါတယ်၊ ဂျပန်မှာက အဖက်ဖက်မှာ ပြောစရာတွေ၊ ကြည့်စရာတွေ ကုန်နိုင်မယ် မထင်ဘူးနော်..၊ ဂဏန်းပေါင်းစက်ကို ကောင်းကောင်းကျွမ်းကျင်တဲ့ သူငယ်ချင်းရဲ့ စည်းရုံးမှုနဲ့ ပါသွားတဲ့ ခရီး ဆိုပေမယ့် ဒီရှုခင်းတွေကို လည်ပတ်နေချိန်မှာ တကယ်လာသင့်တဲ့ ခရီးပါတကားလို့ ဇွန် တွေးနေခဲ့မယ် ထင်တယ်နော်..၊း)
ဟိုဖက်ပြေးလိုက်၊ ဒီဖက် ပြန်ပြေးလာလိုက်နဲ့ ဖတ်ရတဲ့ ခရီးသွား ဆောင်းပါးလေးပေမယ့် ရှုခင်းတွေနဲ့ အတွေ့အကြုံတွေက မမောနိုင်၊ မပန်းနိုင် ဖမ်းစားထားတယ်၊ အခုလည်း ဘယ်မှာ လိုက်ဖတ်ရမယ်မှန်း မသိသေးတဲ့ အပိုင်း ၃ ကို စောင့်နေမယ်ဗျို့ ...။း))
မေပယ်လ်ဆို ကနေဒါအလံမှာ ပါတဲ့အရွက်လို့ပဲသိထားတာ။ ဂျပန်က မေပယ်လ်ရွက်ကတမျိုးနော်။
ဓာတ်ပုံတွေလှလိုက်တာ ဇွန်ရေ။ လူလိုပဲ :P အခုတော့မြင်ဘူးသွားပြီဆိုတော့ ပြောနိုင်ပြီလေး)
အဲဒီလိုခရီးမျိုးကို အချိန်ပေးပြီး အေးအေးဆေးဆေး အလည်သွားချင်တယ်။ မေပယ်လ်အရွက်လေးတွေ အရင်က မြင်ဘူးတာကြာပြီ အခုမှနာမည်သိတော့တယ်း) စိတ်ရှည်စွာနဲ့ ခရီးစဉ်လေးရေးသားသွားတာ ဖတ်လို့ကောင်းတယ် ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမရေ...ကြည်နူးစရာကောင်းလိုက်တာနော်..
ဒိထက်ပိုပြီး ဘာပြောရမှန်းတောင်ညလေးသိတော့ဝူး
ကိုယ်တိုင်မသွားရပေမဲ့ သွားတဲ့သူက ပြန်ဝေမျှပေး
တာလေးဖတ်ရတာ..ကြည့်ရတာတောင် ဒီလောက်ကြည်
နူးရတာ..ကိုယ်တိုင်သွားခဲ့ရတဲ့ မမဆို ပိုလို့တောင်
ကြည်နူးဝမ်းသာနေမှာနော်..ပြီးတော့လဲ ကိုယ်ငယ်ငယ်ကတည်းက သိပ်သွားချင်ခဲ့တဲ့နေရာမဟုတ်လား...
( ၃ ) ကိုမျှော်နေမယ်နော်မ....
ဟုတ်..မမ..ညလေးကို ဆေးနံမည်လေးမေးပေးပါနော်...ချစ်တဲ့ ညလေးမိုးနတ်
အတိအကျပါပဲ... ကိုညီလင်းရေ... လာသင့်တဲ့ ခရီးတစ်ခုလို့ တွေးခဲ့မိတာလေ။း)
ဟုတ်ပါတယ် အမည်မသိ စာဖတ်သူ။ ဇွန်လည်း သတိထားမိတယ်။ ဂျပန်က မေပယ်လ်အရွက်က ကနေဒါအရွက်ပုံစံနဲ့ မတူဘဲ ကွဲပြားနေတယ်။ ဂျပန်မှာပဲ နောက်ထပ် သဏ္ဍာန်ကွဲတဲ့ အရွက်မျိုးတွေလည်း တွေ့ခဲ့သေးတယ်။
ကျေးဇူးပါ တီတင့်ရေ။ တီတင့်လည်း ထင်ထားထက် အပြင်မှာ အများကြီး ပိုနုပျိုနေလို့ အံ့သြနေတာ။ စိတ်ရှည်လက်ရှည် လာဖတ်ပေးလို့ ကျေးဇူးပါနော်။း)
ညီမမိုးနတ်ကြယ်စင်ရေ... motion sickness ဆေးနာမည်တွေက အောက်ကအတိုင်းပါ။ လိုအပ်ရင် B6 နဲ့ပါ တွဲပြီးသောက်လို့ရတယ်။ ခရီးမသွားခင် တစ်လ၊ ဒါမှမဟုတ် သုံးပတ်လောက်ကတည်းက ကြိုပြီးသောက်မှ အာနိသင်ရှိတယ်နော်။
Stugeron --> once at night
Stematil --> twice per day
အပိုင်း (၃) ကို စောင့်မျှော်ဖတ်ရှုကြမယ့် စာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။း)
မရောက်ဖူးသေးတဲ့နေရာကို လိုက်လည်ခွင့်ရလို့ 
ကျေးဇူးတင်ပါတယ်ဇွန်။ အပိုင်း၃ စောင့်နေမယ်။
ခရီးသွားတိုင်း အမြဲလိုက်ပေးတဲ့ အစ်မရှင်လေးကိုလည်း ကျေးဇူးတင်ပါတယ်။ အပိုင်း (၃)ကို ညိုလေးနေက ဆက်ရေးထားပါတယ်။း)
The close up picture of red leave is not maple. Maple leave has 3 sharp points. Japanese maple leave is smaller than maple that we see in USA or Canada.
Hi sis,We are going to japan on next week and interested to buy this one day tour to nikko. I would like to know from which website you bought this tour package and cost how much.
Thanks
Hello, sis! We bought the Nikko one day tour package from City Discovery website. Please kindly look at below link:
http://www.city-discovery.com/tokyo/tour.php?id=1367
The price is stated in USD.
Hi Sint Si, Thanks a lot for the clarification. As we never saw Maple leave in person before, we thought it is a Maple leave. But I remember the real Maple tree as per your comment, where we could have a chance to take picture with red maple tree at Nikko. :-)
Thank your for your info sis