ယွန်းခဲ့သည် အရှေ့စွန်း နေ၀န်း၏ ကျွန်းမြေဆီ (၅)

0

Category:

အလွဲများ မရှိတော့တဲ့ ခရီးစဉ် အပိုင်း (၅) ကို ညိုလေးနေက ဒီမှာ ရေးထားပါတယ်။း)



ဇွန်မိုးစက်

ယွန်းခဲ့သည် အရှေ့စွန်း နေ၀န်း၏ ကျွန်းမြေဆီ (၄)

3

Category:

စတုတ္ထမြောက်နေ့ အစီအစဉ်ကား ယခင်က မျက်နှာစာအုပ်မှာသာ ခင်မင်ပြီး အပြင်မှာ တစ်ခါမှမတွေ့ဖူးသေးသော သူငယ်ချင်းနှင့်တွေ့ဆုံပြီး ကာမာကုရရှိ ဗုဒ္ဓဆင်းတုတော်ကြီးရှိရာသို့ သွားရောက် လည်ပတ်ရန် ဖြစ်သည်။ လောဘကြီးတတ်သော ခရီးသွားနှစ်ယောက်သည် ကာမာကုရသာမက အနီးနားရှိ အဲနိုရှီးမားဟု အမည်တွင်သော ကျွန်းကလေးပါ သွားလည်ချင်သည့်အပြင် တနင်္ဂနွေနေ့ဖြစ်သောကြောင့် အပြန်တွင် တိုကျိုမြို့ရှိ နာမည်ကျော် ဟာရာဂျူကုရပ်ကွက်ကို ၀င်ရောက် ကြည့်ရှုချင်သည့် ဆန္ဒလည်းရှိပေသည်။

တွေ့ဆုံရန် ရည်ရွယ်ထားသည့် မျက်နှာစာအုပ်မှ သူငယ်ချင်းမှာ အရေးကြီးကိစ္စကြောင့် မနက်ပိုင်းသွားစရာတစ်ခုပေါ်လာ၍ လိုက်မပို့နိုင်တော့သော်လည်း သဘောကောင်းသော သူမ၏ အခြားသူငယ်ချင်းတစ်ယောက်ကို လိုက်ပို့ပေးရန် အကူအညီတောင်းထားသည်ဟု အကြောင်းကြားလေသည်။ ထိုအခါ ခရီးသွားနှစ်ယောက်မှာ မမြင်ဖူးသေးသော သူငယ်ချင်းက စီစဉ်ပေးလိုက်သည့် တစ်ခါမှ မသိကျွမ်းသေးသော သူငယ်ချင်းဆိုသူအား အားအနာကြီး နာနေမိတော့သည်။
 
အပြင်မှာလည်း မမြင်ဘူး၊ ယခင်ကလည်း သိထားခြင်းမရှိသော လိုက်ပို့မည့် ထိုမောင်ငယ်လေးနှင့် ချိန်ဆိုထားသည့် ရှင်ဂျူကုဘူတာရုံမှာ ချက်ခြင်းမတွေ့ဆုံနိုင်ဘဲ အစပိုင်းမှာ အနည်းငယ်လွဲနေကြသေး၏။ ဖုန်းမက်ဆေ့ခ်ျနှင့် အပြန်အလှန်ပို့ပြီးကာမှ လူချင်းတွေ့ဆုံကြလေတော့သည်။ သူငယ်ချင်း၏ မိတ်ဆွေဖြစ်သူ မောင်ငယ်လေးက ဖော်ရွေပြုံးရွှင်သည့်မျက်နှာဖြင့် နှုတ်ဆက်သည်ကိုမြင်မှ ခရီးသွားနှစ်ယောက်၏ အားနာစိတ်မှာ လျော့ပါးသွားလေသည်။ ကာမာကုရခရီးစဉ်လက်မှတ်ဝယ်ပြီး ဘူတာရုံသို့ရောက်သော် ထိုတစ်နေ့တာ၏အလွဲကို စတင်ကြုံတွေ့ရလေတော့သည်။
 
ရထားစက်ချို့ယွင်း၍ မထွက်နိုင်တော့သောကြောင့် ရထားပေါ်တက်မည့်လူများ ပြန်ထွက်လာကာ မတက်ရသေးသူများကလည်း ဘူတာရုံအရာရှိအား မေးမြန်းရန် စီတန်းစောင့်ဆိုင်းနေကြသည်ကိုမြင်သော် ခရီးသွားသုံးယောက်သား စိတ်ပူကြသည်။ လက်မှတ်ဝယ်ပြီးသူများ အသစ်ထပ်ဝယ်စီးစရာမလိုဘဲ အခြားလိုင်းက ပြောင်းစီး၍ရအောင် ဂျပန်စာများဖြင့်ရေးထားသော ကတ်ပြားလေးတစ်ခု ထုတ်ပေးလိုက်၏။ ထိုကတ်ပြားလေးပြ၍ ကျန်တိုကျိုတွင်း ရထားခရီးစဉ်အဆင့်ဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သော်လည်း အချိန်ကား မှန်းထားသည်ထက် နောက်ကျသွားတော့သည်။ 

အေးချမ်းဆိတ်ငြိမ်သော ကာမာကုရမြို့လေး

ကာမာကုရသို့ ရောက်သော် မိုနိုမီးရထားဘူတာမှ ဆယ်မိနစ်ခန့်လမ်းလျှောက်အပြီး ဘုရားကြီးကို ဖူးမြော်ခွင့်ရလေသည်။ ဘုရားကိုယ်တွင်းမှာ အခေါင်းပေါက်ဖြစ်၍ အတွင်းထဲသို့ ယန်းအနည်းငယ်ထပ်ပေး၍ ၀င်ကြည့်ခဲ့သေးသည်။
 
 ဘုရားကြီးကို ဦးခိုက်ခွင့်ကြုံပြီ
 
ပြီးသော် ဘုရားကျောင်းများရှိရာ လှပသော ဥယျာဉ်ခြံတစ်ခုသို့ သွားကြသည်။ အဖော်မိတ်ဆွေလေးက ကာမကူရအနီးတစ်ဝိုက်စုံအောင် အေးအေးလူလူ လှည့်လည်ကြည့်ရှုချင်ပါက အဲနိုရှီးမားကျွန်းကလေးသို့ မသွားဘဲနေနိုင်ကြောင်း ရှင်းပြပြောဆိုခဲ့သော်လည်း ခေါင်းမာသော နှစ်ယောက်မှာ ထိုကျွန်းကလေးသွားဖို့အရေးသာ တွင်တွင်ပြောဆိုလေသည်။
 
 ဥယျာဉ်တွင်းမှ ချစ်စရာ့ရေကန်
 
 ဒီမှာလဲ wishing well တစ်ခု တွေ့ရပြန်ပြီ...။ ဆုတောင်းပြည့်လိုပြည့်ငြား ပိုက်ဆံအ ကြွေတွေ ပစ်ချပြီး ဆုတောင်းလိုက်သည်။
 
 ဥယျာဉ်၏ အထက်ဘက်ရှိ ရုပ်ပွားငယ်လေးများ
 
လူနေရပ်ကွက်တွင်း ဖောက်လုပ်ထားသော (mono rail) မီးရထားလမ်းနှင့် ဘူတာရုံ
  
အချိန်ကား သိပ်မရ။ ဥယျာဉ်ခြံမှထွက်ပြီး ကျွန်းပေါ်မလည်ခင် နေ့လည်စာအရင် စားမည်ဟု တညီတညွတ်တည်း သဘောတူကြသည်။ ခရီးသွားတစ်ယောက်မှာ ဂျပန်ရှိ ပင်လယ်စာများနှင့်ပီဇာ တမူထူးခြားသည်ဟု စာထဲ ဖတ်ဖူးသဖြင့် စားကြည့်ချင်သော်လည်း ဆိုင်အပြင်အဆင်က အနည်းငယ်ဈေးကြီးမည့်ပုံပေါက်နေ၍ မ၀င်ဖြစ်။ ဆိုင်အတော်ကြာရွေးပြီးမှ နောက်ဆုံး နေ့လည်စာအစုံစုံကို ယန်းတစ်ထောင်ဖြင့် ရောင်းချသော ဆိုင်ကလေးမှာ ၀င်စားဖြစ်တော့သည်။ ထမင်းပါသော set menu သုံးစုံရှိရာ လှယ်စား၍ရအောင် တစ်ယောက်တစ်မျိုးစီမှာပြီး တစ်ထောင်ဖြင့် သုံးမျိုးလုံးစားရအောင် ကြံလိုက်ရာ အတော်ဟန်သွားလေသည်။
 
 နောက်နှစ်မျိုးမှာ တန်ပူရာကြော်နှင့် ဆရှိမိဖြစ်သည်ကို စိတ်ကူးဖြင့် မြင်ယောင် ကြည့်ကြပါကုန် :P
 
အရသာကောင်းမွန်သော ယန်း၁,၀၀၀တန် ဆိုင်လေးအား ဤသို့မှတ်တမ်းတင်ခဲ့သည်
 
နေ့လည်စားသုံးဆောင်ပြီးသော် နေ့ဝက်ကျိုးနေပြီဖြစ်သည်။ ထိုနေ့ကား နေသာ၍ ကောင်းကင်ပြာပြီး လှပသည့်နေ့ဖြစ်ရာ ခရီးသွားတို့ အနွေးထည်ထူထူ ချွတ်ခွင့်ရလေသည်။ ကျောပိုးအိတ်ကမူ အနွေးထည်ထူထူအား ခေါက်ထည့်ခံထားရ၍ ဖောင်းကားနေတော့သည်။
 
အဲနိုရှီးမားသို့ ရောက်ရန် ၆၈၀မီတာသာ လိုတော့သည်
 
ကျွန်းရှိရာသို့ ခင်းထားသော လမ်းမအကျယ်ကြီး၌ လျှောက်လှမ်းလာစဉ် ဘေးတစ်ဖက်ခြမ်းမှာ လူးလာခေါက်တုံ့ပြေးဆွဲနေသော မော်တော်ဘုတ်ယာဉ်ငယ်လေးအား သုံးယောက်သား မျက်စပစ်မိကြသည်။ မော်တော်လေးစီးပြီး သွားလိုက်လျှင် ကျွန်းလေးပေါ်သို့ အချိန်တိုအတွင်း ရောက်ရှိသွားကာ လူလည်း သက်သာမည်ဟူသော အတွေးကိုယ်စီဖြင့်။ ထိုအတွေးသည် လွဲမှားကြောင်း မသိကြရှာသော သနားစရာ အနှီခရီးသွားတို့သည် မော်တော်ပေါ်တွင် အပြန်အလှန်ဓာတ်ပုံရိုက်ကာ ပင်လယ်ပြင်နှင့် ကောင်းကင်ပြာကြား ပျော်ရွှင်မဆုံး တပြုံးပြုံး ဖြစ်နေကြလေတော့သည်။
 
ဘုတ်ပေါ်မှ မြင်ရသော မျှော်စင်နှင့် ကျွန်းကလေး

ကျွန်းပေါ်ရောက်ပြီ

ဂူထဲမှာ

ကျွန်းပိုင်ရှင် နဂါးကြီး ဓာတ်လုံးပေးနေခြင်းလော
 
ကျွန်းပေါ်ရှိ ဂူထဲသို့ ၀င်ကြေးပေးပြီး ဖယောင်းတိုင်ခွက်များကိုင်၍ ခါးတို့ညွတ်ကာ ဟိုဝင်ဒီထွက် လေ့လာကြသည်။ တစ်ချိန်က မြွေနဂါးတို့အောင်းခဲ့ရာ ဂူဖြစ်သည်ဟု သိရသည့်သကာလ ခရီးသွားထဲမှ တစ်ယောက်သည် ထိုကျွန်းပေါ်သို့ အဆက်ရှိ၍ ရောက်လာရခြင်းဖြစ်သည်ဟု တစ်ထစ်ချ ယုံကြည်မိလေတော့သည်။
 
 သဘာဝအတိုင်း ဖြစ်ပေါ်နေသော ရောင်စုံကျောက်တုံးငယ်များ 
 
 ဂူထဲကနေ အပြင်ကို လှမ်းရိုက်ထားတာ (လှတယ်ဟုတ်)
 
 နဂါးရှိရာ ကူးခတ်သွားနေသော ကျောက်လိပ်ကြီး
 
 ကျောက်လိပ်လည်း မကျန်ရအောင် ရိုက်ယူ
 
ဂူတို့သည် ကျွန်း၏ဘေးပတ်လည်တွင်ရှိရကား ကျွန်းပေါ်မှပြန်ထွက်ချင်သော် ကျွန်းအပေါ်သို့ လှေကားထစ်ပေါင်းများစွာ ဖြတ်သန်းပြီးမှ ပြန်တက်ရလေရာ ဒူးနာတတ်သော ခရီးသွားတစ်ယောက် ဒုက္ခလှလှတွေ့လေတော့သည်။ လမ်းတစ်ဝက်တွင် မျက်စိပျက် မျက်နှာပျက် ချွေးတို့နှင့် ရွှဲနစ်ကာ လမ်းဆက်မလျှောက်နိုင်တော့၍ မကြာခဏနားရ၏။ အဖော်လိုက်ပို့ရှာသော မောင်ငယ်လေးမှာ ထိုခရီးသွားကို သနားသဖြင့် ကျောပိုးအိတ်ဖောင်းဖောင်းကို ကူလွယ်ပေးရှာသည်။  ကျွန်းပေါ်၌ အခြားကြည့်စရာ နဂါးဘုရားကျောင်းများနှင့် အချစ်ခေါင်းလောင်းတို့ရှိသည်ဟု လမ်းညွှန်မြေပုံတွင် ဖော်ပြထားရာ အချစ်ခေါင်းလောင်းရှိရာ သွားကြည့်ပြီးလျှင် ပြန်ဆင်းမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
 
 အချစ်ခေါင်းလောင်း တဲ့လားကွယ်....
 
အချစ်ခေါင်းလောင်းရှိရာသို့ ရောက်သော် အနည်းငယ်ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့ရသည်။ ခေါင်းလောင်းတည်ရာ မျက်နှာစာရှေ့က စည်ရိုးသဖွယ်ဖြစ်နေသော တိုင်များပေါ်မှာ အသည်းပုံပူးရက် သော့ပေါင်းမြောက်မြားစွာ ခတ်ထားခြင်းဖြစ်သည်။ ထိုအကြောင်းကို အသေအချာသိရအောင် ရှင်းပြမည့် မောင်မယ်ဧည့်လမ်းညွှန်ဟိရို မပါလာသော်လည်း ရောင်စုံအသည်းပုံများအပေါ်တွင် ချစ်သူများက နာမည်အသီးသီးရေးကာ ထိုတိုင်မှာ လာရောက်ချိတ်ခတ်ထားခြင်းဖြင့် မကွဲမကွာ ထာဝရပေါင်းစည်းကြသည်ဟူသော အယူရှိကြခြင်းဖြစ်မည်ဟု  တွေးထင်လိုက်ကြသည်။ 
 
“အသည်းနှလုံးကို သော့ခတ်ခြင်း” ဟု ခေါင်းစဉ်ပေးလျှင် မသင့်လော?
 
အပြန်တွင် လှေကားထစ်က အဆင်းဖြစ်၍ အသက်ရှုချောင်သွားသော်လည်း တစ်နေရာသို့ရောက်သော် ဖြစ်ရလေခြင်းဟု သုံးယောက်သား စိတ်မကောင်းစွာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြလေသည်။ အကြောင်းရင်းမှာ ကျွန်းပေါ်သို့ ခရီးသွားများ သက်တောင့်သက်တာ လာရောက်နိုင်ရန် စက်လှေကားများ တပ်ဆင်ထားပေးသောကြောင့် ဖြစ်သည်။ အကယ်၍ မော်တော်ဘုတ်ကို အသွားမစီးဘဲ ကျွန်းရှိရာသို့ လမ်းလျှောက်လာခဲ့လျှင် စက်လှေကားစီးခွင့် တည့်တည့်ကြီး ကြုံရမည်ဖြစ်သည်။ ကျွန်းပေါ်လျှောက်သွားပြီးမှ ပြန်အဆင်းတွင် ဘုတ်စီး၍ ဒီဘက်ကမ်းကို ပြန်လာလိုက်လျှင် ယခုလောက် ပင်ပန်းရမည်မဟုတ်။ ခုတော့ အသွားအပြန် အဆင်းအတက်တွေ တလွဲကြီးလွဲကာ အားကုန်လျှာထွက် မောပန်းဒူးနာပြီးမှ ဒီဘက်ကမ်းသို့ ပြန်ရောက်လာရလေသည်။ 
 
 ကျွန်းပေါ်မှ ပြန်ဆင်းပြီ (သြော်... အတက်လမ်းကို အဆင်းနှင့်လွဲရလေခြင်း)
 
မနက်က မတွေ့လိုက်ရသည့် သူငယ်ချင်းနှင့် ချိုန်းဆိုထားသည့် ဟာရဂျူကုသို့ရောက်သော် ခရီးသွားနှစ်ယောက်မှာ အတော်ပင် နွမ်းနယ်လျက်ရှိသော်လည်း ရှိသမျှ အားကုန်ထုတ်၍ ဆက်လျှောက်ကြလေသည်။ တစ်နေကုန်လိုက်ပို့ရှာသော မိတ်ဆွေမောင်ငယ်လေးမှာ ညစာပင်အတူမစားနိုင်တော့ဘဲ နှုတ်ဆက်ပြီး ပြန်ရှာသည်။ သြော်... သူ့ခမျာလည်း တနင်္ဂနွေပိတ်ရက်မှာ မနားရဘဲ တကူးတက လိုက်ပို့ပေးရသည့်အပြင် ကျောပိုးအိတ်ပါ အဆစ်ကူလွယ်လိုက်ရသည်မို့ နားချင်ရှာပေလိမ့်မည်။ 
 
 လူစည်ကားနေသော ဟာရာဂျူကု
 
ဟာရာဂျူကုမှာ ဈေးအနည်းငယ်ဝယ်ပြီး ရှင်ဂျူကုသို့ ဆက်သွားကြသည်။ ရှင်ဂျူကုတွင် ညစာစားပြီး အမှတ်တရ အလှဓာတ်ပုံဝင်ရိုက်ကြသည်။ ထွက်လာသည့်ဓာတ်ပုံတွင် သုံးယောက်လုံး လှလွန်းနေ၍ ရင်သပ်ရှုမောဖြစ်ရသည်။ ကိုယ့်ပုံမှ ဟုတ်ရဲ့လား သံသယဖြစ်သော်လည်း ကြည့်မ၀ကြချေ။ ပြီးလျှင် အီလက်ထရောနစ်မားကတ်သို့သွားကာ ကင်မရာ ရှာကြသည်။ ခရီးသွားတစ်ယောက်၏ ကင်မရာပျက်သွားသည့်အတွက် အသစ်တစ်လုံး ထပ်ရှာဝယ်ခြင်းဖြစ်သည်။ ဂျပန်တို့၏ ၀န်ဆောင်မှုကား ခြင်္သေ့ကျွန်းနှင့် တစ်ခြားစီ၊ ကောင်းလွန်း၍ အံ့သြရသည်။ တစ်ခုပဲရှိသည်၊ သူတို့ဘာသာစကားသာ တတွတ်တွတ်ပြော၍ အနှီဝယ်သူမှာ နားမလည်။ အတူပါလာသော သူငယ်ချင်းက ဘာသာပြန်ပေး၍သာ တော်တော့သည်။ 
 
 ဆူညံလှုပ်ရှား အသက်ဝင်နေသော ရှင်ဂျူကု၏ ညအလှ
 
 စားဖူးသမျှ ခေါက်ဆွဲထဲမှာ အကောင်းဆုံး Ramen (အိုအိရှိ!)
 
ဟိုတယ်သို့ ပြန်ရောက်သော် ဒူးကိုဆေးပတ်တီးကပ်၊ နာနေသော ခြေဖ၀ါးတွေကို ဆေးအထပ်ထပ်လိမ်း၍ အိပ်ရာဝင်ရလေသည်။ နောက်တစ်နေ့အတွက် အားမွေးရဦးမည်။ အလွဲတွေနှင့် ထပ်မံမကြုံရပါစေနှင့်ဟု တိတ်တိတ်ဆုတောင်း၍ မျက်လုံးစုံမှိတ်ကာ အိပ်စက်လိုက်တော့သည်။ 
 
 
ဇွန်မိုးစက်
အလွဲများနှင့် ခရီးသွားတစ်ယောက်ရေးမည့် အပိုင်း (၅) ကို ဆက်လက်အားပေးကြပါဦးနော့။
 

အဆိုးဆုံးကို အကောင်းဆုံးဖြစ်အောင်

3

Category:




လွန်ခဲ့သောဆယ်စုနှစ်အတွင်း အမေရိကတိုက်မှ မာယာလူမျိုးတို့၏ ပြက္ခဒိန်အရ ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၁ရက်တွင် ကမ္ဘာပျက်မည်ဟု ဟောကိန်းထွက်လာသဖြင့် ကမ္ဘာတ၀ှမ်းမှလူများ လှုပ်လှုပ်ရွရွ  စိတ်ပူသွားကြသေးသည်။ ဒီကြားထဲ ၂၀၀၉ခုနှစ် နိုဝင်ဘာတွင် “၂၀၁၂” ဟူသော အမည်ဖြင့် ဟောလီးဝုဒ်ရုပ်ရှင်တစ်ကား  ထွက်လာပြန်ရာ ကမ္ဘာပျက်လျှင် ဘာတွေဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲဟု သိချင်သူများက စိတ်ဝင်တစား စောင့်စားကြည့်ရှုခဲ့ကြသေးသည်။ ဘလော့ဂ်ရပ်ဝန်းတွင်လည်း ကမ္ဘာပျက်ခါနီးတစ်လလောက်အလိုဟု ကဗျာဆရာမလှလှတစ်ယောက်က အစပြုလိုက်ရာမှ တဂ်ပို့စ်တွေ တစ်ပုဒ်ပြီးတစ်ပုဒ် တက်လာကြသည်။

အကယ်၍များ ယခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် အမှန်တကယ် ကမ္ဘာပျက်မည်ဟုဆိုပါက ယနေ့သည် ကမ္ဘာပျက်ခါနီး တစ်လတိတိအလိုဖြစ်သည်။ ကျွန်မတို့ ဘာတွေ ပြင်ဆင်ထားခဲ့ပြီးပြီလဲ။ စာတွေမှာ ရေးခဲ့ကြသလို ချစ်သောသူများနှင့်အတူတကွ နောက်ဆုံးအချိန်ကို ကျော်ဖြတ်သွားဖို့ အဆင်သင့်ဖြစ်နေပြီလား။ နှစ်အနည်းငယ်ကြာခဲ့ပြီဖြစ်၍ အချို့က မေ့လျော့ကောင်း မေ့လျော့နေကြမည်။ မည်သို့ပင်ဖြစ်စေ ထိုဟောကိန်းသည် မမှန်ကန်ကြောင်း သိပ္ပံပညာရှင်တို့ဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ရေးသားတင်ပြချက်တွေ ထွက်လာသောအခါ ကမ္ဘာ့လူသားတို့ သက်ပြင်းချနိုင်ခဲ့ကြသည်။ မြတ်ဗုဒ္ဓ၏ တရားတော်များအရဆိုလျှင်လည်း ကမ္ဘာပျက်ဖို့ အဝေးကြီး လိုပါသေးသည်။  

ကမ္ဘာပျက်တော့မည်ဆိုသည့် ကြိုတင်ဟောကိန်းဖြစ်နိုင်၊ မဖြစ်နိုင်မှ အစချီကာ  ကမ္ဘာပျက်ပုံ၊ ကမ္ဘာတည်ပုံမှသည် နောက်ဆုံး ဆယ်နှစ်တမ်းမြင်ကွင်းအထိ အရှင်ဝိဇယာလင်္ကာရမှ ဘာသာဋီကာ ကျမ်းပြုအကျော် ကျေးဇူးရှင် ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ရေးသားတော်မူခဲ့သော သဂြိုလ်ဘာသာဋီကာ၊ သုတ်ပါထေယျပါဋ္ဌိ အဋ္ဌကထာနှင့် သုတ်မဟာဝါပါဋ္ဌိ အဋ္ဌကထာတို့အား မှီငြမ်း၍ စိတ်ဝင်စားဖွယ် စုံစုံလင်လင် ရေးသားဖော်ပြထားသည့် အထက်ပုံပါစာအုပ်ကို ကျွန်မနှစ်ခြိုက်မိသည်။

စာဖတ်သူများအတွက် စာရေးသူအရှင်၏ မွန်မြတ်သောစိတ်စေတနာဖြင့် ပေးချင်သော ကြောင်းကျိုးသတင်းကို ဖတ်ရှုပြီးသောအခါ ကမ္ဘာအမှန်တကယ်ပျက်ခဲ့မည်ဆိုလျှင်တောင် ကျွန်မတို့ ကြောက်လန့်နေဖို့မလိုကြောင်း၊ ကြိုသိခွင့်ရလျှင် ကြိုတင်ပြင်ဆင်ခွင့်ရသည့်အတွက်ကြောင့် ကံကောင်းလှသည်ဟု သဘောပေါက် သိမြင်လာရသည်။ ဟုတ်ပါသည်၊ သိပ်မကြာသော တစ်လအတွင်း ကမ္ဘာပျက်မည်ဟုဆိုဦးတော့ မမေ့မလျော့သော သတိသံဝေဂဖြင့် ကျွန်မတို့ ကုသိုလ်တရားတွေ ပွားများအားထုတ်ကြပြီး အဆိုးဆုံးကို အကောင်းဆုံးဖြစ်အောင် ပြောင်းလဲရယူဖို့ အခွင့်အရေး အပြည့်အ၀ ရှိနေသည့်အတွက် စိုးရိမ်ပူပန်စရာမလိုပါ။

ကျွန်မတို့ အမှန်တကယ်ကြောက်သင့်သည့်အချိန်မှာ ဆုတ်ခေတ်၌ လူဖြစ်ရခြင်းဖြစ်သည်။ သတ္တ၀ါလူသားတိုင်း လောဘ၊ ဒေါသ လောင်မြိုက်နေသော ထိုအချိန်အတွင်းမှာ လူဖြစ်ခဲ့လျှင် သုဂတိဘုံသို့ ပြန်လည်ရောက်ရှိဖို့ရာ ခဲယဉ်းသွားပေလိမ့်မည်။ မဂ်၊ ဖိုလ် နိဗ္ဗာန်နှင့်လည်း လွန်စွာမှ ဝေးကွာသွားပေလိမ့်မည်။ ထို့ကြောင့်ပင် ကျွန်မတို့ ဧည့်သည်အဖြစ်နှင့် တခဏတာလာရောက်ခွင့်ရသော ယခုလူ့ဘ၀မှာ ရသမျှအချိန်လေးကို ဒါန၊ သီလ၊ ဘာဝနာတရားတို့ဖြင့် အတတ်နိုင်ဆုံး ကြိုးစားစောင့်ထိန်းပြီး နေထိုင်သွားသင့်ကြောင်း ဆရာတော်ဝိဇယာလင်္ကာရမှ မေတ္တာဖြင့် သတိပေးထားသည်ကို ထပ်ဆင့် မျှဝေလိုက်ရပါသည်။ 


ဇွန်မိုးစက်

ယွန်းခဲ့သည် အရှေ့စွန်း နေ၀န်း၏ ကျွန်းမြေဆီ (၃)

0

Category:

အပိုင်း (၃) ကို ညိုလေးနေက ဆက်ရေးထားပါတယ်ရှင်။ ဒီမှာ သွားဖတ်ပေးပါနော်။း)




ဇွန်မိုးစက်

ယွန်းခဲ့သည် အရှေ့စွန်း နေ၀န်း၏ ကျွန်းမြေဆီ (၂)

12

Category:


အပိုင်း (၁) ပျောက်နေခြင်း မဟုတ်ပါ။ ဤ နေရာမှာ သွားရောက်ဖတ်ရှုနိုင်ပါသည်။ :D


အပိုင်း (၂)

မနက် ၆နာရီ နှိုးစက်အမြည်မှာ စောင်ပုံထဲမှ ကမန်းကတန်းထ၊ ရေချိုး။ ချွေတာရန်အလို့ငှာ တကူးတက သယ်ယူလာသော ခေါက်ဆွဲဗူးဖောက်၊ ဟောလစ်သောက်၊ ပေါင်မုန့်ကျွတ်စား၊ ငှက်ပျောသီးနှစ်လုံး အိတ်ထဲထည့်၍ ဟိုတယ်အောက်သို့ အပြေးဆင်းကြသည်။ ထိုနေ့ခရီးစဉ်မှာ တိုကျိုမြို့၏ မြောက်ဘက်တွင်ရှိသော၊ ကားဖြင့်သုံးနာရီကြာမောင်းရသော ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် နီကိုး (Nikko) ဖြစ်လေသည်။ အနှီခရီးသွားနှစ်ယောက်ကား ဂျပန်စကား မပြောတတ်သည်ကတစ်ကြောင်း၊ ရုံးဖွင့်ရက်ဖြစ်သည့်အားလျော်စွာ မိတ်ဆွေသူငယ်ချင်းများ အလုပ်ဖျက်ပြီး တကူးတကလိုက်ပို့ခိုင်းရမှာ အားနာသည်ကတစ်ကြောင်းနှင့် အင်္ဂလိပ်စကားပြောဧည့်လမ်းညွှန်ပါပြီး နေ့လည်စာပါ တစ်ပါတည်း ဧည့်ခံကျွေးမွေးမည့် တစ်ရက်ခရီးစဉ်ကို ခရီးမထွက်ခင် သုံးရက်အလိုက အွန်လိုင်းမှ ကြိုတင်ဝယ်ယူထားခဲ့လေသည်။

 
ကားနံပါတ် ၈၀၄ (စင်္ကာပူမှာ သုံးလုံးထီမရှိတာ နာသကွာ)

ဟိုတယ်ရှေ့အရောက်လာခေါ်သော ဘတ်စ်ကားကြီးသည် သတ်မှတ်ထားသော ဟိုတယ်အသီးသီးမှ ဧည့်သည်များအား လိုက်ကြိုပြီး အဝေးပြေးဂိတ်ကဲ့သို့စုရပ်၌ လက်မှတ်လဲစေသည်။ ထိုမှတစ်ဆင့် ကားပြောင်းစီးပြီးသကာလ ၉နာရီတိတိမှာ နီကိုးခရီးစဉ် စတင်လေသည်။ ကားပေါ်တွင် အတူပါလာသူတို့ကား အင်္ဂလိပ်စကားမပြောသော အနောက်တိုင်းသား မျက်နှာဖြူများဖြစ်သည်။ အာရှတိုက်သားဟူ၍ ပြေးကြည့်စရာမလိုဘဲ ဘေးချင်းကပ်ထိုင်နေသော သူတို့နှစ်ယောက်သာရှိလေသည်။ အရှေ့တွင် အီတာလျံဟုမှတ်ယူရသော သားအဖ၊ ဘေးတွင် စပန်းနက်ရှ်ခ်ျဟုထင်ရသော ချောချောလှလှစုံတွဲ၊ အနောက်တွင် နိုင်ငံမခန့်မှန်းတတ်သော ဥရောပတစ်နိုင်ငံက သားအမိသုံးယောက်။ ကျန်အများစုမှာ ရောမတိုက်သား ခရီးသွားများ ဖြစ်ကြလေသည်။ အာရှတိုက်သူနှစ်ယောက် စိတ်အ၀င်စားဆုံး ခရီးသွားကား ဘေးချင်းကပ်ထိုင်ခုံက ကင်မရာအကြီးကြီးနှင့် ခန့်ခန့်ညားညား စပိန်သားဖြစ်ချေသည်။

နီကိုးသို့ သွားနေပြီ

အပြုံးချိုချိုဖြင့် ချစ်ခင်စရာကောင်းသော ဧည့်လမ်းညွှန် ဂျပန်မလေး ဟိရိုက အင်္ဂလိပ်စကားကို ဂျပန်သံဝဲ၀ဲနှင့် ပြောရာ အစပိုင်းတွင် အတော်နားစိုက်ထောင်လိုက်ရသေးသည်။ သို့သော် တခဏအကြာ နားယဉ်သွားပြီး သူမလေသံကို ဖမ်းတတ်သွား၍ အဆင်ပြေသွားသည်။ ဟိရိုစံကိုမြင်တော့ Seven Nights in Japan ဇာတ်ကားကို သွားသတိရမိသေး၏။

သောကြာလိုမနက်ခင်းမှာပင် traffic အနည်းငယ်ကြပ်နေ၍ ဒရိုင်ဘာက အဝေးပြေးလမ်းကြောင်းကို ပြောင်းပြီး မောင်းရသည်။ ဟိရိုက လမ်းတစ်လျှောက် သွားရမည့် ခရီးစဉ်နီကိုးအကြောင်း၊ တိုကျိုမြို့အကြောင်း စိတ်ရှည်လက်ရှည် ရှင်းပြ၊ ပြောပြရှာသည်။ သူပြောတာလည်း နားထောင်ရ၊ လမ်းဘေးက ရှုခင်းတွေလည်း ကြည့်ရ၊ ဓာတ်ပုံလည်း တဖျတ်ဖျတ်ရိုက်ရမို့ မအားကြရှာ။ ဟိုးမှာ မြင်နေရတာ… ဖူဂျီယာမလို့ ပြောသံကြားသည်နှင့် တစ်ကားလုံး ခေါင်းထောင်လာကာ ကင်မရာတွေ ထုတ်ကြ၊ ချိန်ကြသည်။ သို့သော်… ဖူဂျီတောင်ကား အမှန်တကယ်မမြင်သေး။ ကားကတရိပ်ရိပ်ပြေး၊ ဖူဂျီကလည်း တိုက်တွေ၊ တိမ်တွေကြားကွယ်ကွယ်သွား၍ အမိအရ မရိုက်လိုက်နိုင်။ အို… မနက်ဖြန် ဖူဂျီခရီးကို သပ်သပ်သွားဦးမှာကို၊ မနက်ဖြန်အနားရောက်မှ တောင်ကြီးကို အနီးကပ် ဇုန်းမ်းဆွဲပြီး ရိုက်လိုက်ဦးမယ်။ ခုတော့ နေနှင့်ဦးပေါ့။ စိတ်ထဲမှာ ကြိတ်၍ကြုံးဝါးလိုက်ကြလေသည်။

 ဟိုကျောက်တိုင်လို ရှည်ရှည်အဆောက်အဦဘေးကပ်ရပ်မှာ ဖူဂျီတောင်လေ... မြင်ရလား?

ခရီးလမ်းတစ်ဝက်ကျော်ကျော်တွင် အပေါ့အပါးသွားခြင်းအလို့ငှာ၊ အညောင်းပြေ၊ အညာပြေ ခြေလက်ဆန့်ခြင်းအလို့ငှာ၊ မုန့်ဝယ်စား၍ ဗိုက်ဖြည့်တင်းစေခြင်းအလို့ငှာ မိနစ်၂၀ခန့် ကားရပ်ပေးလေသည်။ အသစ်အဆန်းမှန်သမျှ စမ်းသပ်ချင်သော ခရီးသွားနှစ်ယောက်သည် လက်ထဲရှိသမျှ အကြွေအကုန်ထုတ်ကာ သူတို့တစ်လုံးတစ်ပါဒမှ နားမလည်သည့်စာဖြင့် ရေးထားသော စက်ထဲက မုန့်နှင့်ကော်ဖီကို ဂျောက်ဂျက်ဂျောက်ဂျက်နှိပ်ကာ မထွက်ထွက်လာအောင်လုပ်ကြတော့သည်။ မှတ်တမ်းတင်ဓာတ်ပုံကလည်း ရိုက်ရသေးသည်။ ကိစ္စ၀ိစ္စများပြီးသော် ကားပေါ်အမြန်ပြန်တက်ပြီး နီကိုးခရီးသို့ ဆက်လက်နှင်ခဲ့ကြသည်။

စက်အားကိုး၍ ၀ယ်ခဲ့သော အာလူးကြော်နှင့် ကော်ဖီ

နီကိုးရောက်ခါနီးလေ၊ မြင်ကွင်းတွေကား ပိုလှလာလေလေ၊ လက်မှ ကင်မရာလည်း မချနိုင်တော့လေလေ ဖြစ်တော့သည်။ အရောင်ပြောင်းစပြုနေပြီဖြစ်သော မေပယ်လ်ရွက်များအား နီကိုးခရီးမှာမှ ထင်ထင်ရှားရှားမြင်ရတော့သည်။ တိုကျိုမြို့၌ သစ်ရွက်တွေ အရောင်မပြောင်းသေး။ အနှီခရီးသွားတို့အတွက် ဤခရီးစဉ်သည် လွန်စွာအရေးကြီးလေသည်။ ချယ်ရီပွင့်ချိန်နွေဦးမှာ အရောက်မလာနိုင်ခဲ့သလို နှင်းကျသည့်ဆောင်းကို ကြောက်သည့်အတွက် အအေးပေါ့သော ဆောင်းဦးမှာမှ မေပယ်လ်ဝေစည်ချိန်နှင့်ကိုက်ပြီး အရောက်လာခဲ့ခြင်းဖြစ်ရာ မေပယ်လ်ရွက်နီနီများတွေ့ရမှ ထိုခရီးစဉ်သည် ရာနှုန်းပြည့် အထမြောက်မည်ဟု ခံယူထားကြသောကြောင့်ဖြစ်သည်။ လမ်းတစ်လျှောက် အရောင်ပြောင်းနေသော သစ်ပင်မြင်မြင်သမျှ လှမ်းငေးရ၊ ကင်မရာလေးနှင့်လည်း ဖမ်းဆွဲရမို့ ဟိရိုစံပြောပြသော နီကိုးသမိုင်းပင် နားထဲမှာ မကြားတစ်ချက်၊ ကြားတစ်ချက်။ 

 နိကို ရဲ့ ကနဦးအစ အက္ခရာ ဒီလိုရေးခဲ့ပါသတဲ့

နီကိုးအား ဂျပန်အသံထွက်ဖြင့် နိကို ဟု ဟိရိုကထွက်သည်။ “နေရောင်ခြည်” ဟု အဓိပ္ပာယ်ရသည်။ နိကိုနှင့်ပတ်သက်ပြီး ဆိုရိုးစကားရှိခဲ့သည်မှာ “အလှတရားဆိုသော စကားလုံးအား နိကိုမြို့သို့ မရောက်သေးခင် မပြောပါနဲ့” ဟူ၍ ဖြစ်သည်။ အမှန်တကယ်ပင် အေးချမ်းပြီး လှပသော မြို့ကလေးဖြစ်ကြောင်း တွေ့ရှိရသည်။ အေဒီ ၇၀၀ရာစုဝန်းကျင်က ဆောက်လုပ်ထားခဲ့သော ဂျပန်ဘုရားကျောင်းများ၊ ငါးထပ်ဘုရား၊ သုံးထပ်ကျောင်းဆောင်၊ ဂိတ်ဝများ၊ အုတ်ဂူ အစရှိသဖြင့် ကြည့်စရာစုစုပေါင်း ၁၅ခုတိတိရှိလေသည်။ ဂျပန်သမိုင်းတွင် အကျော်ကြားဆုံးနှင့် ပထမဆုံး ရှိုးဂန်းဆက်ဖြစ်သော တိုဂုဂါဝါ၏ အုတ်ဂူလည်း ရှိလေရာ နိုင်ငံခြားသားများသာမက အနယ်နယ်အရပ်ရပ်က ဂျပန်လူမျိုးများပါ တကူးတကလာရောက်ကြည့်ရှုကြသော အထင်ကရနေရာတစ်ခုဖြစ်နေတော့သည်။


အမှန်တကယ် သာယာလှပေသည်

 
ငါးထပ်ဘုရား (Five-story Pagoda)

ပညာရှိ မျောက်သုံးကောင် ဘုရားကျောင်းမှ



“ငိုနေသောနဂါး” ကျောင်းဆောင်



ကျောက်သားဖြင့် ထုဆစ်ထားသော ဂိတ်ကြီးတစ်ခု (ဂိတ်တွေ အများကြီးရှိသည်)


ဘုရားကျောင်းများပေါ်သို့လာရာ လမ်းမကျယ်

ဘုရားကျောင်းများအား လည်ပတ်ပြီးသောအခါ နေ့လည် ၂နာရီခန့် ရှိနေပြီဖြစ်သည်။ နေ့လည်စာ စားသောက်ရန် မြို့ထဲက ဆိုင်တစ်ဆိုင်မှာ စီစဉ်ပေးထားပါသည်။ ဂျပန်အစားအစာဖြစ်၍ အချို့သောအနောက်တိုင်းသားများ မစားနိုင်သော်လည်း အနှီပုဂ္ဂိုလ်နှစ်ယောက်မှာ ကျွေးသမျှစား၍  ချပေးသမျှ ၀ါးလိုက်သည်မှာ ပန်းကန်များသာကျန်လေသည်။ 


 ရေပုံးထဲက ခေါက်ဆွဲ စားလို့သိပ်ကောင်းပါသည်

ဗိုက်ဖြည့်ပြီးသော် အီဒိုခေတ် တိုဂုဂါဝါမင်းဆက်၏ နွေရာသီစံအိမ်တော်နှင့် ဥယျာဉ်ခြံကို သွားရောက်လည်ပတ်ကြလေသည်။


 နွေရာသီစံအိမ်တော်မျက်နှာစာ

 စာဖတ်သူများ စိတ်ဝင်စားလျှင် ကိုယ်တိုင်ဖတ်ကြည့်နိုင်ရန် ဘာသာမပြန်တော့ပါ :P



 အပြင်မှလှမ်းကြည့်လျှင် ကျောင်းဆောင်တစ်ခုသာ မြင်ရသော်လည်း အတွင်း၌မူ ကြီးမားရှည်လျားလှပေသည်

 မူလအသုံးပြုခဲ့သော ဂျပန်လက်ရာ ဆွဲတံခါးများ

 စံအိမ်ဒီဇိုင်းမှာ ရိုးရှင်းသော်လည်း လှပသေသပ်သည်

 ဂျပန်စတိုင် ကန်ထဲဝင်စိမ်၍ ရေချိုးခြင်းသည် ရှေးယခင် အီဒိုခေတ်ကတည်းက ရှိခဲ့ကြောင်း သဘောပေါက်ခဲ့လေပြီ


 ရိုက်ချက်က မိုက်တယ်နော်

ဘာအတွက် စောင့်ကြရမှန်း မခန့်မှန်းတတ်သော်လည်း အမျိုးသမီးတို့ ခေတ်အဆက်ဆက် စောင့်ခဲ့ရသည်မှာ ယနေ့ထက်တိုင်ပေ

စံအိမ်ထဲရှိ ဥယျာဉ်ကား အရောင်ပြောင်းနေသော မေပယ်လ်ရွက်တွေဖြင့် အလှကြီးလှနေကာ ဓာတ်ပုံရိုက်မဆုံးနိုင်အောင် ဖြစ်နေတော့သည်။ ဖြစ်နိုင်လျှင် ထိုပန်းခြံထဲမှ ပြန်မထွက်ချင်။ ကင်မရာကဘက်ထရီအတုံးလေးတွေက တစ်ထစ်ထစ်နှင့် အောက်ကိုလျော့ဆင်းနေ၍ စိတ်ပူရသေးသည်။ တစ်ယောက်သောသူက အိုင်ဖုန်းလေးထုတ်၍ ဆက်ရိုက်ပေးရှာသည်။ ထိုအချိန် ခရီးသွားတစ်ယောက်၏ စိတ်ထဲ ကင်မရာအကြီးကြီးကိုင်သော ဓာတ်ပုံဆရာမျိုးနှင့် အတူတွဲပြီး မလာနိုင်ခဲ့ရခြင်းကို အကြီးအကျယ် စိတ်မကောင်းဖြစ်နေလေတော့သည်။

 
 စံအိမ်ထဲမှ လှမ်းမြင်ရသော ဥယျာဉ် (ဘယ်ဘက်က ချယ်ရီပင်ရဲ့ ပင်စည်ကြီးပါ)



 အို...မေပယ်လ် သင့်အား အကျွန်ုပ် အမိအရ ရိုက်ယူနိုင်ခဲ့ပြီ


တောလမ်းတစ်ဖက်မှ လှမ်းမြင်ရသော တစ်ဆက်တည်းစံအိမ်တော်

စံအိမ်တော်မှ ပြန်ထွက်အပြီး ဂျပန်နိုင်ငံရှိ အလှဆုံးရေတံခွန်စာရင်းဝင် ကိရိဖူရိရေတံခွန်ရှိရာသို့ အပြေးအလွှားသွားရောက်ကြလေသည်။ တောလမ်းဖြစ်၍ ရာသီဥတုသည် အလွန်တရာမှ အေးစိမ့်လှသည်။

 လှေကားထစ်များအား ကွေ့ပတ်တက်အပြီးမှာ ခေတ္တမျှ အသက်ရှု ရပ်တန့်သွားသည်။ ခပ်လှမ်လှမ်းက နီဝါညိုစိမ်းရောင်ယှက်ဖြာနေသော မေပယ်လ်တောအုပ်များကြားထဲမှ တသွင်သွင် စီးကျနေသော ရေတံခွန်နှစ်ခုကို ရင်သပ်ရှုမော မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ 


အမှန်အတိုင်းပြောရမည်ဆိုလျှင် ထိုမြင်ကွင်းအား ဓာတ်ပုံမရိုက်ဘဲ ပကတိမျက်စိနှင့် တစိမ့်စိမ့် စိုက်ကြည့်ပစ်လိုက်ချင်မိသည်။ ဒါပေသည့် ထိုမျှလှပသောမြင်ကွင်းအား မရိုက်ဖြစ်ခဲ့လျှင် ထိုခရီးအတွက် နှမြောစရာဖြစ်မည်၊ ထို့ထက်ပို၍ နောင်တရမိလိမ့်မည်။ ထို့ကြောင့် လက်ကျန်ဘက်ထရီလေးနှင့် ရသလောက် ကြုံးရုံး ရိုက်ခဲ့တော့သည်။

ရေတံခွန်မှ အပြန်လမ်း

မြေခနေသော  မေပယ်လ်ရွက်ကြွေများ

တိုးဘတ်စ်ကြီးသည် တိုကျိုမြို့ထဲသို့ ည၈နာရီခွဲမှာ ပြန်လည်ဝင်ရောက်လာလေသည်။ အပြန်ချပေးသောနေရာနှစ်ခုရှိရာ ရှင်ဂျူကုမှာ ဆင်းရမည်လား၊ ဂင်ဇာမှာဆင်းရမည်လား ဝေခွဲမရချေ။ နောက်ဆုံး ဟိုတယ်နှင့်ပိုနီးရာ ဂင်ဇာရပ်ကွက်မှာသာ ဆင်းမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ဂင်ဇာသည် စင်္ကာပူရှိ နာမည်ကြီးလမ်းမဖြစ်သော အော့ချက်နှင့်တူသည်ဟု ကြားဖူးနားဝရှိသည်အလျောက် ဂင်ဇာလမ်းတစ်လျှောက် တည့်တည့်ကြီးလျှောက်မည်ဟု တိုင်ပင်ကြသည်။ 

 ဂင်ဇာလမ်းကျယ်တစ်နေရာ

သို့သော်… ဂင်ဇာရှိ တစ်ခုမကသော လေးဖက်လေးတန် လမ်းမအကြီးကြီးများကြောင့် ခရီးသွားနှစ်ယောက်ကား မျက်စိလည်ချေပြီ။ လမ်းချိုးတိုင်းလိုလို ရှော့ပင်းစင်တာအကြီးကြီးတွေ၊ ကုန်တိုက်တွေ၊ ဘရန်းဒတ်ဆိုင်တွေချည်းသာ ဖြစ်နေတော့သည်။ 

 ဆိုနီအဆောက်အဦ (နေ့ဘက်ဆို ဧည့်သည်တွေ အထဲကို ၀င်ကြည့်လို့ရတယ်လို့ လမ်းညွှန်စာအုပ်မှာ ရေးထားပါတယ်)

စတင်ထွက်လာခဲ့သောနေရာမှာ ဘူတာရှိသည်ဖြစ်ရာ ထိုနေရာသို့ မဖြစ်မနေရောက်အောင် ပြန်သွားရတော့မည်။ ဗိုက်ကဆာသည်၊ ခြေထောက်လည်း ညောင်းပြီ။ သြော်… တစ်နေ့တာ အဆင်ပြေခဲ့ပြီဟု ထင်မှတ်ထားသမျှ အဆုံးသတ်မှာ နဲနဲလေးတော့ လွဲဖြစ်အောင် လွဲလိုက်သေးသည်။

အပိုင်း (၃) အား ခရီးသွားနှစ်ယောက်ထဲမှ တစ်ယောက် ဆက်ရေးပါလိမ့်မည်။ စောင့်ဖတ်ကြပါကုန်။



ဇွန်မိုးစက်