ညိုရေ…
ငါ နင့်ဆီစာမရေးဖြစ်တာ တော်တော်တောင်
ကြာသွားပြီနော်။ ဟိုတုန်းကဆို ခရီးတစ်ခုက ပြန်လာပြီတိုင်း နင်ရောငါပါ တွေ့ကြုံရသမျှကို
ညမအိပ်နိုင်ဘဲ တစ်လှည့်စီပြောပြခဲ့ကြတာနော်။ ဒီတစ်ခါတော့ နင့်အနား ငါပြန်မရောက်နိုင်ခဲ့တော့
အရင်လို ပေါက်ပေါက်ဖောက်သလို ပြောခွင့်မရလို့ စာနဲ့ရေးပြီး ပြောလိုက်တယ်ပဲ သဘောထားပေါ့ဟာ။
ကိစ္စ ထွေထွေထူးထူး ရှိတယ်လို့ရယ်လည်း မဟုတ်ပါဘူးဟယ်။ ခရီးသွားအတွေ့အကြုံလေးတွေ ဝေမျှချင်တဲ့
ငါ့အကျင့်လေးကြောင့်သာ ရေးမိသွားတာပါ။ ပြီးတော့ နင့်အတွက် စိတ်ဝင်စားစရာလေးတွေ
ရှိကောင်းရှိနေနိုင်မယ်လို့ ငါယုံကြည်နေတာလည်း တစ်ကြောင်းပေါ့။
အမေ့အော်ပရေးရှင်းအမှီရောက်ဖို့ ရုတ်တရက်ကြီး
ညလယ်ခေါင် လေယာဉ်လက်မှတ် ထ၀ယ်ပြီး ပြန်ရတဲ့အဖြစ်ကို နင်သိပြီးသားပါ။ ဆစ်ဒနီကနေ ရန်ကုန်ကို နေ့ချင်းရောက်ဖို့၊
ခုည၀ယ်ပြီး နောက်နေ့မနက်ဖလိုက်နဲ့လိုက်ဖို့ဆိုတာ သိပ်မလွယ်ပေမယ့် ထိုင်းလေကြောင်းလိုင်းက
ငါ့အခက်အခဲကို အချိန်မှီ ဖြေရှင်းပေးသွားနိုင်လို့ ဆစ်ဒနီကနေ မနက် ၁၀နာရီထွက်ပြီး မြန်မာစံတော်ချိန်
ညနေ ၆နာရီ၃၀မှာ ရန်ကုန်ကို အရောက်သွားနိုင်ခဲ့တယ်။ ဘန်ကောက်မှာတော့ နှစ်နာရီခွဲလောက် ထရန်စစ်ဝင်ရသေးတာပေါ့ဟာ။
နင့်သူငယ်ချင်းက နိုင်ငံတွေ အများကြီးရောက်ဖူး၊
နိုင်ငံတကာအဲလိုင်းတွေ အများကြီး စီးဖူးခဲ့ပေမယ့် ကိုယ့်အိမ်နီးချင်း ထိုင်းနိုင်ငံကို
မရောက်ဖူး၊ ထိုင်းအဲဝေးကိုလည်း တစ်ခါမှ မစီးခဲ့ဖူးဘူး။ ကပ်ကျော်ဆိုတာ အဲဒါမျိုးထင်ပါရဲ့။ ဟိုတုန်းက ယူကေမှာ ကျောင်းသွားတက်တဲ့
မြန်မာကျောင်းသားတော်တော်များများ ထိုင်းအဲဝေးနဲ့ သွားကြတာ။ ငါက စင်္ကာပူကနေသွားတော့
တခြားအဲလိုင်းနဲ့ပဲ သွားခဲ့ပြန်ခဲ့တာဆိုတော့ စီးဖို့မကြုံခဲ့တာကြောင့်လည်းပါတယ်။ သူတို့တွေ
ပြောပြောနေတဲ့ ထိုင်းလေကြောင်းလိုင်း ကောင်းတယ်ဆိုတဲ့အကြောင်း ငါကြားပဲကြားခဲ့ရတယ်။
ကိုယ်တွေ့ကြုံတာကတော့ အခုတစ်ခေါက်မှပေါ့ဟယ်။ တကယ်လည်း ကောင်းပါတယ်။ ၀န်ဆောင်မှုရော၊ အစားအသောက်ပါ ကောင်းတယ်။
ထိုင်းလူမျိုးတွေ သိပ်ယဉ်ကျေးတယ်ဆိုတာလည်း ဟုတ်တယ်။ ငါ့ဘေးမှာ အသက်လေးဆယ်ကျော်ငါးဆယ်ဝန်းကျင်ရှိတဲ့
ထိုင်းအန်တီကြီးတစ်ယောက်ထိုင်တယ်။ သူရဲ့ညာခြမ်းပြတင်းပေါက်ကပ်ရပ်မှာတော့ အော်စီမိန်းမကြီးတစ်ယောက်ထိုင်တယ်။
နင်သိတယ် မဟုတ်လား… ငါက ခရီးရှည်သွားရင်
အပေါ့အပါးသွားတတ်သူဆိုတော့ အမြဲအစွန်မှာပဲ ထိုင်တယ်လေ။ ၈နာရီခွဲ-၉နာရီကြာတဲ့ခရီးမှာ
အနည်းဆုံး သုံးခါလောက်တော့ သွားရတာပဲ။ လေယာဉ်ပေါ်ရောက်ရင် ကျွေးတာစားပြီး အိပ်မယ်လို့
အားခဲထားခဲ့ပေမယ့် ငါ့ဘေးကအန်တီနှစ်ယောက် တစ်ယောက်တစ်လှည့်စီ အိမ်သာသွားလို့ ထပေးရတာနဲ့ပဲ
တစ်လမ်းလုံး ကောင်းကောင်း မအိပ်ခဲ့ရဘူးဟာ။ အစက ထိုင်းအန်တီကြီးက ငါ့ကို ထိုင်းမှတ်ပြီး
ထိုင်းလိုတွေလာပြောတယ်။ ငါက မဟုတ်ဘူး၊ မြန်မာဆိုတာ သိသွားတော့မှ သူဆက်မပြောနိုင်တော့တာ။
သူက အင်္ဂလိပ်လိုမှ မပြောတတ်တာကိုး။ အဲ…တစ်လုံးတော့ ပြောတတ်လို့ သူပြောတယ်။ အဲဒါ
beautiful တဲ့။ ပြီးတော့ ငါ့ကို ပြောလိုက်သေးတယ်၊ You’re very beautiful တဲ့… အဟဲ…ဟဲ။ ငါ သူ့ကို တော်တော်သဘောကျသွားတယ်။
ငါ့ကို လှတယ်လို့ ပြောလို့မဟုတ်ပါဘူး၊ သူတတ်ထားတဲ့တစ်ခွန်းကို ကောင်းကောင်းအသုံးချတတ်လို့
စိတ်ထဲက ချီးကျူးမိသွားတာ။
ဘန်ကောက်ကို လေယာဉ်ဆိုက်တော့ ငါ့ကို
သေချာနှုတ်ဆက်သွားတယ်။ ငါလည်း သူ့ကို နှုတ်ဆက်ပြီး ရန်ကုန်ထွက်မယ့် လေယာဉ်ရှိတဲ့ဂိတ်ကို
ရှာရတော့တာပေါ့ဟာ။ သုဝဏ္ဏဘူမိလေဆိပ်က ငါထင်ထားတာထက်ကို အများကြီး ကြီးတာပဲဟ။ အင်း… နိုင်ငံတစ်နိုင်ငံရဲ့အ၀င်မှာတင်
မြင်သူကို အထင်တကြီးဖြစ်စေလောက်တဲ့ ပြယုဂ်တစ်ခုပါပဲ။ ငါလည်း ရန်ကုန်ရောက်ဖို့ စိတ်စောနေလို့
အချိန်ရပေမယ့် ဘယ်မှလျှောက်မကြည့်ခဲ့ဘူး။ ငါစီးရမယ့်ဂိတ်ကိုရောက်တော့ စောနေသေးလိုက်တာ
ရှေ့က မကာအိုသွားမယ့် ခရီးသည်တွေတောင် လေယာဉ်ပေါ်မရောက်သေးဘူး။ ငါလည်း ခပ်တည်တည်နဲ့
သူတို့နဲ့ ရောထိုင်နေလိုက်တယ်။ သူတို့ထွက်သွားပြီးမှ ရန်ကုန်လိုက်မယ့် ခရီးသည်တွေ တဖြည်းဖြည်းနဲ့
ဝင်လာကြတာ တွေ့ရတယ်။ ငါသတိထားလိုက်မိတာ အယောက်နှစ်ဆယ်ကျော်ရှိတဲ့ ကိုးရီးယားခရီးသွားတွေပါပဲ။
ကိုးရီးယားစကားသံတွေဆူလို့ညံလို့။ သူတို့စကားသံတွေထဲမှာ ကိုးရီးယားသံနဲ့ မြန်မာ မြန်မာ
ဆိုတာ ခဏခဏကြားရတာ အရသာရှိသလိုပဲ။ နောက်ပြီးတော့ ဂျပန်လူကြီးသုံးယောက်ကလည်း ဂျပန်လိုရေးထားတဲ့
မြန်မာ့ခရီးသွားလမ်းညွှန်စာအုပ်ကိုင်ပြီး အပြန်အလှန်ကြည့်နေ ပြောနေလိုက်ကြတာ။ ကျိုက်ထီးရိုးကို
သူတို့သွားချင်နေပုံပါပဲ။
ကိုးရီးယားတွေက ကိုးရီးယားအဲလိုင်းနဲ့လာ၊
ဂျပန်တွေက အန်နာအဲလိုင်းနဲ့လာ (ဟိုတစ်ခေါက် နင်နဲ့ငါ ဂျပန်သွားလည်တုန်းက အန်နာအဲလိုင်းနဲ့ပဲနော်)၊
အနောက်တိုင်းသားတွေက ဥရောပလေကြောင်းလိုင်းနဲ့လာ၊ အဲလိုနဲ့ပဲ လေယာဉ်ကြီးတွေ မဆင်းနိုင်တဲ့၊
ဆင်းဖို့ လမ်းကြောင်း အလုံအလောက် မရှိခဲ့တဲ့ တို့ရွှေပြည်က ရန်ကုန်လေဆိပ်ငယ်လေးကို အကြောင်းပြုလို့
ထိုင်းနဲ့စင်္ကာပူလေဆိပ်တွေ၊ ထရန်စစ်လေကြောင်းလိုင်းတွေ တော်တော်အလုပ်ဖြစ်ခဲ့တာ ဘယ်နှစ်ရာစုတောင်
ရှိသွားပြီလဲလို့ ငါတွေးမိတာ မကြာခဏပဲ။ နောင် ဟံသာဝတီလေဆိပ်ကြီးပြီးသွားတဲ့အခါကျရင်တော့
နိုင်ငံတကာက ဘိုးအင်းနဲ့အဲဘတ်စ်လေယာဉ်ကြီးတွေ တိုက်ရိုက်ဆင်းသက်နိုင်တော့မှာပါလို့ ဖြေတွေးလိုက်တော့မှ စိတ်သက်သာရာ ရသွားတယ်။
ဘန်ကောက်-ရန်ကုန်ကျတော့ လေယာဉ်အသေးဖြစ်သွားလို့
ငါက ပြတင်းပေါက်ဘက်မှာထိုင်ပြီး ငါ့ဘေးမှာ အမျိုးသားတစ်ယောက်ထိုင်တယ်။ ငါ အစက သူ့ကို
မြန်မာလို့ ထင်နေတာ၊ နောက်ကျတော့ သူက ထိုင်းသတင်းစာယူပြီး ဖတ်တာတွေ့တော့မှ ယိုးဒယားမှန်း
သိသွားတာ။ ဆိုက်ရောက်ဖောင်ဖြည့်ဖို့အတွက် ငါ့ဘောပင်က ကယ်ဘင်ပေါ်တင်ထားတဲ့ ကျောပိုးအိတ်ထဲရောက်နေတာနဲ့
ချက်ခြင်းဖြည့်မရဘူး။ သူက အဲဒါကိုရိပ်မိသွားတော့ သူ့ဘောပင်ပေးပြီး ငါ့ကိုအရင်ဖြည့်ပါတဲ့။
သူ့အင်္ဂလိပ်လေသံကတော့ အမေရိကန်အသံထွက်ပဲ။ ငါ့စိတ်ထဲတော့ ဒီထိုင်းက အင်္ဂလိပ်လို တော်တော်ကောင်းတာပဲလို့
မှတ်ချက်ပေးမိတယ်။ သူ့ကြည့်ရတာ မြန်မာပြည်ကို စီးပွားရေးကိစ္စနဲ့ မကြာခဏ ၀င်ထွက်နေပုံပါပဲ။
ဆိုင်ရောက်ဖောင်ဖြည့်တာများ ဒေါက်ခနဲ၊ ဒေါက်ခနဲ… ငါ့ထက်တောင် မြန်သေးတယ်။
လေယာဉ်ပြတင်းကနေ လှမ်းမြင်ရတဲ့ နေ၀င်သွားပုံက
သိပ်လှတာပဲဟာ။ ငါလည်း ဝေဟင်ပေါ်မှာ နေလုံးကြီးတဖြည်းဖြည်း တိမ်ထုအောက် တိုးဝင်သွားတာကို
ငေးကြည့်နေမိတာ ဓာတ်ပုံရိုက်ဖို့တောင် မေ့သွားတယ်။ ငါသတိရလို့ ဖုန်းကင်မရာအမြန်ထုတ်ပြီး လက်နဲ့ထိလိုက်ချိန်မှာတော့ နေလုံးနီနီတစ်စွန်းတစ်စနဲ့ အပေါ်က ပုံကိုပဲ ရလိုက်တယ်။
နင်မြင်ရရဲ့လား မသိဘူး။ သိပ်မကောင်းပေမယ့် အမှတ်တရပေါ့ဟယ်။ ရှေ့လေယာဉ်အကြာကြီး စီးခဲ့ရလို့ထင်တယ်၊ တစ်နာရီသာသာ ခရီးစဉ်ဟာ
ခဏလေးမှ တကယ့်ကို ခဏကလေး။ အိပ်စက်ခြင်းနဲ့ ကင်းဝေးခဲ့တဲ့ ငါ့အတွက် ပုံမှန်တစ်ရက် ၂၄နာရီထက်ပိုပြီး
၂၈နာရီခွဲ ဖြတ်သန်းခဲ့ရတဲ့ အဲဒီနေ့က မောမောပန်းပန်း မှတ်မှတ်ရရပါပဲ။
ခဏနားဦးမယ်ဟာ။ ညကျမှ ဆက်ရေးမယ်။
နင်စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာက အပြန်ခရီးမှ ပါမှဟ။ ငါနင့်ကို အဓိက ပြောပြချင်ခဲ့တာလည်း
အပြန်အကြောင်းပဲ။ ဒါပေမယ့် ခရီးတစ်ခုအကြောင်းရေးပြီဆိုမှဖြင့် အသွားအပြန် နှစ်ကြောင်းစလုံးအကြောင်းရေးမှ
ကောင်းတာ မဟုတ်လား။ ကျန်တာ နောက်တစ်စောင်မှ ဆက်ဖတ်နော်။း)
ချစ်သော ဇွန်
ဟိုတစဒီတစ နီလာသွားတယ်..
အင်း… ထိုင်းအန်တီကြီးက သူတတ်ထားတဲ့ တစ်ခွန်းတည်းသော အင်္ဂလိပ်စာကို တစ်ခွန်းပြော၊ တစ်ခွန်းမှန် ကွက်တိ အသုံးချနိုင် လိုက်တာ အဆင်ပြေသွားတာပေါ့…၊း))
လေယာဉ်ခရီးစဉ် ရိုးရိုးလေးအကြောင်းကို သူငယ်ချင်း စိတ်ဝင်စားအောင် ပြောပြသွားနိုင်လို့ ညိုမဟုတ်တဲ့ လူတွေတောင် အပြန်ခရီးကို စောင့်နားထောင်နေကြမှာ သေချာတယ်ဇွန်…။း)
အပြန်ခရီးကို စိတ်ဝင်စားသွားပြီ။ ;)
ခပ်သော့သော့ကလေး ရေးထားတဲ့ ရေးဟန်ကို သဘောတကျနဲ့ ဖတ်သွားပါတယ်...အပြန်ခရီးအကြောင်းကိုလည်း စောင့်မျှော်လျက်ပါ...
ဟိုတစ်စ ဒီတစ်စပေမယ့် ခြေရာချန်သွားတဲ့ နီ့ကို ကျေးဇူး..း)
း) အပြန်ခရီးကိုလည်း လာအားပေးပါဦး အစ်ကိုညီလင်း။
နှစ်ရေ... စာအရှည်ကြီးကို မျက်စိတညောင်း ဖတ်ရမှာနော် ;)
ဦးဟန်ကြည်... အပြန်ခရီးအကြောင်းကို မနေ့ညကပဲ အပြီးသတ်ရေးပြီး တင်လိုက်ပါပြီ။း)