သုဝဏ္ဏဘူမိကို ဖြတ်၍ - ၂

Category: ,


ဒီတစ်ခေါက် လေဆိပ်အကြိုရော အပို့ပါ မိသားစုဝင်တစ်ယောက်မှ မပါဘဲ ငါတစ်ယောက်တည်း ပြန်သွားပြန်လာလုပ်ခဲ့ရတာလောက် ခြောက်ကပ်ကပ်နိုင်တာရှိဦးမလား ညိုရယ်။ ငါပြန်လာမယ့်နေ့မှာ အမေဆေးရုံကဆင်းပြီး ဆေးခန်းပြန်ပြရမယ့်ရက်နဲ့ တိုက်နေလို့ ဆေးခန်းကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ အမေ့ကို နှုတ်ဆက်၊ သူ့မျက်ရည်စကို လျစ်လျူရှုပြီး ငါထွက်လာခဲ့ရတယ်။ အဖေ့သူငယ်ချင်းက ငါ့ကို လေဆိပ်မှာချပေးတယ်။ လေဆိပ်ကို အစောကြီးရောက်သွားတဲ့ငါ နေ့လယ်စာ စားဖို့တောင် သတိမရခဲ့ဘူး။ လေယာဉ်က နေ့လည် ၂နာရီ၄၅မှ ထွက်မှာဆိုတော့ လေယာဉ်ပေါ်မတက်ခင် တစ်ခုခု စားမှဖြစ်မယ်ဆိုတာ သတိရသွားတယ်။ ဆေးရုံနဲ့အိမ်၊ အိမ်နဲ့ဆေးရုံကြား ဗျာများပြီး ဘယ်မှမရောက်ခဲ့တဲ့ငါ၊ အမေ့ကျန်းမာရေးကလွဲပြီး ကျန်တာ သတိမရခဲ့တဲ့ငါ၊ အိတ်ထဲမှာ ဒေါ်လာဆောင်ခဲ့ဖို့၊ ပိုက်ဆံထည့်ခဲ့ဖို့မေ့တာ ဘယ်ဆန်းပါ့မလဲနော်။ ငါ့ပတ်စ်ပို့ထည့်တဲ့ အိတ်လေးထဲက လက်ကျန် မြန်မာငွေခြောက်ထောင်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲက တစ်ခုတည်းသော ဆိုင်လေးရှေ့သွားပြီး ဘာဝယ်စားလို့ရနိုင်မလဲ အရင်သွားကြည့်ရသေးတယ်။ တော်သေးတာပေါ့ အသားညှပ်ပါမုန့်တစ်ခုနဲ့ ရေတစ်ဗူး ကောင်းကောင်း ၀ယ်သောက်လို့လောက်တဲ့အပြင် နှစ်ထောင်တောင် ပိုသေးတယ်။ အစစဈေးအရမ်းကြီးတဲ့နိုင်ငံမှာ နေလိုက်ရလို့လားမသိဘူး၊ မြန်မာပြည်က အတော်သက်သာတာပဲလို့ တွေးလိုက်မိတယ်။ ဒါပေမယ့် တို့ပြည်က  အိမ်၊ ခြံမြေဈေးကျတာ့ ကမ္ဘာ့ဈေးအကြီးဆုံးနိုင်ငံတွေနဲ့ နင်လားငါလား ဖြစ်နေပြန်ရောနော်။

လေယာဉ်ပျံပေါ် မတက်ရမချင်း ထွက်ခွာဂိတ်နားက ထိုင်ခုံမှာပဲ သွားထိုင်နေလိုက်တယ်။ သြော်… ငါ check-in မ၀င်ခင်လေးမှာ အရှင်ဆေကိန္ဒကိုဖူးခဲ့ရသေးတယ် သိလား။ ဆရာတော်က စင်္ကာပူကို  ကြွမလို့ ထင်တယ်။ နောက်ပြီး အဲဒီ့နေ့က တိုက်တိုက်ဆိုင်ဆိုင် ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့တစ်ဖွဲ့နဲ့လည်း သွားဆုံတယ်။ သူတို့က အိန္ဒိယလေကြောင်းလိုင်းနဲ့သွားမှာ၊ အချိန်က ဆယ်မိနစ်ပဲကွာပြီး ဂိတ်ကလည်း ကပ်ရပ်ပဲ။ ခရီးသွားရဟန်းတွေရယ်၊ ယောဂီဝတ်စုံနဲ့ ဘုရားဖူးဧည့်သည်တွေ လေယာဉ်တစ်စင်းစာပဲဟ။ ဘုရားဖူးအဖွဲ့ရဲ့ ၀န်ဆောင်မှုက တော်တော်ကောင်းပုံရတယ်။ လေယာဉ်ပေါ်မှာ အိမ်သာတံခါးကို ဘယ်လိုဖွင့်ပြီး ဘယ်လိုပိတ်ရတယ်ဆိုတာကအစ လူအားလုံးကြားအောင် မိုက်နဲ့သေချာအော်ပြီး ရှင်းပြပေးနေတာ။ ငါလည်း ဖိုးလေးကို ပြန်ပြရအောင် ကဒါတ်စိန်သွားတုန်းက ရိုက်ခဲ့တဲ့ပုံလေးတွေကို ဓာတ်ပုံစာအုပ်ထဲ သေချာစီပြီး ထည့်နေလိုက်တယ်။ ဓာတ်ပုံတွေထည့်ပြီးသွားတော့ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ အလှူခံပုံးလေးမှာ လက်ကျန်မြန်မာငွေလေး သွားထည့်လိုက်တယ်။ ငါ့ရှေ့မှာထိုင်နေတဲ့ လူဖြူဦးလေးကြီးတစ်ယောက်ကလည်း သူ့အိတ်ကပ်ထဲက ဒေါ်လာထုတ်ပြီး အလှူငွေ လိုက်ထည့်တာမြင်တော့ စိတ်ထဲ ၀မ်းသာသွားတယ်။ ဒီတစ်ခါ ငါသတိထားမိတဲ့ ခရီးသွားအုပ်စုက အသက်ခြောက်ဆယ်ကျော်ဝန်းကျင်ရှိတဲ့ အီတာလျံတွေပဲ။

နောက်ခဏအကြာမှာ စကားတပြောပြောနဲ့ လူရွယ်တစ်ယောက်ရယ်၊ လူကြီးတစ်ယောက်ရယ် ငါ့ဘေးနားက လွတ်နေတဲ့ခုံမှာ ၀င်ထိုင်ကြတယ်။ လူရွယ်က မုတ်ဆိတ်မွေးနဲ့ဆိုတော့ အရှေ့အလယ်ပိုင်းက တိုးရစ်များလားလို့တောင် ထင်လိုက်တာ။ နောက်သူ့စကားသံခပ်လေးလေးကို ကြားရတော့ တောင်အမေရိကတိုက်ကလို့ ထင်သွားပြန်ရော။ တကယ်တော့ ငါနားစွင့်မိတာ သူတို့ပြောနေတဲ့ ကိုယ့်တိုင်းပြည်အကြောင်းမို့လို့ပါ။ ပြီးတော့ သူတို့မှတ်ချက်တွေက စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့နှစ်ယောက်လည်း သိတာ သိပ်ကြာသေးပုံ မပေါ်ဘူး။ သူတို့ပြောရင်းနဲ့ လူရွယ်က ဥရောပတိုက်သားဆိုတာ သိလာရတယ်။ လူကြီးက ဂျာမန်။ ဂျာမန်လူကြီးစကားအရဆို သူက နေပြည်တော်ကိုလာပြီး အထက်လူကြီးတစ်ယောက်နဲ့ စီးပွားရေးကိစ္စတစ်ခု လာဆွေးနွေးတာ။ နောက်ထပ်လည်း လာဖို့ရှိသေးတယ်။ လူရွယ်ကတော့ အလည်သက်သက် လာတာ၊ မြန်မာပြည်မှာ ခြောက်ပတ်လောက် နေသွားတာ။ သူနေသမျှ ကာလပတ်လုံး ဗိုက်အောင့်တာတွေ ၀မ်းလျှောတာတွေ မဖြစ်ဘူးလားလို့ လူကြီးကမေးတော့ လူရွယ်က ဟင့်အင်း မဖြစ်ဘူးတဲ့၊ ကျွန်တော် ဆေးတစ်လုံးကို မနက်တိုင်းသောက်တယ်ဆိုပြီး သူသောက်နေကျ ဆေးဗူးလေး ပြလိုက်တယ်။ တစ်ခါ လူကြီးက မင်း ရန်ကုန်မြို့မှာ ညဘက်တစ်ယောက်တည်းလျှောက်သွားတော့ အန္တရာယ်မကြုံခဲ့ဖူးလား၊ ဟင့်အင်း… မကြုံခဲ့ဘူး၊ ကျွန်တော် တစ်ရက် ရွှေတိဂုံဘုရားပေါ် ညဘက်သွားကြည့်ပြီး လမ်းလျှောက်အပြန်မှာ လူတစ်စုနဲ့ မျက်နှာချင်းဆိုင်မိတယ်။  ကျွန်တော့်ကို ရန်ပြုမလားလို့ အစက ထင်လိုက်ပေမယ့် သူတို့ ဘာမှမလုပ်ပါဘူး။ ကျွန်တော့်ကို သေချာကြည့်ပြီး ကျွန်တော်က ပြုံးပြလိုက်တော့ သူတို့လည်း ပြန်ပြုံးပြတယ်။ တကယ်တော့ သူတို့က ကျွန်တော့်ကို နိုင်ငံခြားသားတစ်ယောက်မို့ စူးစမ်းတဲ့အကြည့်နဲ့ ကြည့်ကြတာ၊ နောက်ပြီး သူတို့အနေနဲ့လည်း နိုင်ငံခြားသားတစ်ယောက်ရဲ့ နှုတ်ဆက်အသိအမှတ်ပြုတာကို ခံချင်တဲ့ သဘောမျိုးရှိရုံသက်သက်ပါပဲ လို့ပြန်ဖြေတယ်။

ဒီလိုနဲ့ လူကြီးက မြန်မာပြည်နဲ့ပတ်သက်တဲ့ သူ့အမြင်ကိုမေးလိုက်၊ သူက ပြန်ဖြေလိုက်နဲ့ သူတို့နှစ်ယောက်စကားပြောတာ တော်တော်နဲ့မရပ်ဘူးဟ။ တကယ်တော့သူက ကရာတေးဆရာတဲ့။ ဥရောပနိုင်ငံတွေအများကြီးရောက်ဖူးပေမယ့် အာရှကိုတော့ ၂၀၀၉ခုနှစ်မှာ ဂျပန်ကလွဲပြီး တခြားမရောက်ဖူးသေးဘူးတဲ့။ မြန်မာပြည်ခရီးစဉ်က သူရဲ့ ဒုတိယအကြိမ်မြောက် အာရှခရီးစဉ်တဲ့။ ဂျပန်သွားတုန်းကတော့ သူ့ကိုသင်ပေးခဲ့တဲ့ ကရာတေးဆရာနဲ့အတူ လိုက်သွားခဲ့တာတဲ့။ မြန်မာပြည်ကိုတော့ တစ်ယောက်တည်းလာတာ။ ဒီကအပြန်မှာ ဘန်ကောက်ကို ခဏ၀င်လည်မယ်လို့ ပြောတယ်။ အင်းလေးက ရက်ကန်းရက်တဲ့ လက်မှုပညာကို သူတော်တော်အထင်ကြီးပြီး စိတ်ဝင်စားပုံရတယ်။ သူပြောတာတွေ နားထောင်နေရင်း ငါ သူနဲ့စကားပြောကြည့်ချင်စိတ်တွေ အရမ်းပေါ်လာတယ်။ အထူးသဖြင့် မြန်မာပြည်နဲ့ပတ်သက်တဲ့ သူ့အမြင်တွေ ငါနားထောင်ကြည့်ချင်တာ။ မြန်မာပြည်ကို ရောက်ဖူးတဲ့ နိုင်ငံခြားသား တစ်ဦးတစ်လေနဲ့တွေ့တိုင်း ငါမေးလေ့ရှိတယ်... မြန်မာပြည်ကို သူတို့ဘယ်လိုမြင်သလဲလို့။

သူကိုင်ထားတဲ့ boarding pass ပေါ်က ထိုင်ခုံနံပါတ်ကို ငါ မသိမသာကြည့်လိုက်တယ်။ တစ်တန်းထဲကျရင် ငါသူနဲ့စကားပြောခွင့် ရချင်ရနိုင်တယ်လေ။ အဲ… ကပ်ပြီးလွဲသွားတယ်၊ သူနဲ့ငါ ရှေ့နောက်ပဲ၊ ငါ့ထိုင်ခုံက သူ့ရှေ့တန်းရဲ့ ပြတင်းပေါက်ခြမ်းမှာ၊ သူကတော့ ငါ့နောက်တန်းရဲ့ အစွန်ဘက်ခြမ်းမှာ။ ငါ့ဘေးမှာ ကိုးရီယားမလေးတစ်ယောက်၊ အစွန်မှာ အနောက်တိုင်း အမျိုးသမီးတစ်ယောက်ထိုင်တယ်။ သူ့ဘယ်လက်မှာ ၀တ်လာတဲ့ ယွန်းလက်ကောက်ကြီးကို မကြာခဏ ကိုင်ကြည့်တတ်တဲ့ ကိုးရီးယားမလေးက ဘာမှမစားဘူး၊ ကော်ဖီပဲသောက်တယ်။ ရန်ကုန်-ဘန်ကောက်ခရီးစဉ်မှာလည်း နောက်ထပ်ကိုးရီးယားခရီးသွားအုပ်စုတစ်စုကို တွေ့ရပြန်တယ်။
နောက်တန်းမှာတော့ အော်စီတစ်ယောက်ရယ်၊ စောစောက အမေးအမြန်းထူတဲ့ ဂျာမန်လူကြီးရယ်၊ မေးသမျှအားလုံး ကျကျနနပြန်ဖြေတတ်တဲ့ ဟိုလူရွယ်ရယ်။ တစ်လမ်းလုံးလည်း သူတို့နှစ်ယောက်စကားပြောတာမရပ်ဘူး။ 

အဲဒီလူရွယ်က မြန်မာပြည်အကြောင်း တော်တော်နှံ့နှံ့စပ်စပ် လေ့လာထား၊ သိထားပုံပေါ်တယ်။ ဘုရားနဲ့စေတီ ခြားနားတဲ့အကြောင်း သူကောင်းကောင်းပြောနိုင်တယ်။ ဓမ္မစေတီလမ်းမှာ တစ်နာရီ ငွေသုံးထောင်နဲ့ အနှိပ်ခန်းကောင်းကောင်း ရှိတာလည်း သူသိတယ်။ (သူပြောတဲ့ အနှိပ်ခန်းက ရိုးရိုးအနှိပ်ခန်းပါ) နောက်တစ်ခါ ဂျာမန်လူကြီး မြန်မာပြည်လာရင်သွားအနှိပ်ခံဖို့ သူက လိပ်စာတောင် ပြန်ညွှန်ပေးလိုက်သေးတယ်။ နောက်ပြီး ကျိုက်ထီးရိုးသွားတဲ့အခါ သူအံ့သြမိတာ တစ်ခုရှိကြောင်း၊ ယောက်ျားတွေက ဘုရားနားအထိသွားပြီး ဖူးမြော်ခွင့်ရ၊ ရွှေကပ်ခွင့်ရပေမယ့် အမျိုးသမီးတွေ သွားခွင့်မရှိကြောင်း၊ အဲလို ခွဲခြားထားတာ ဘာကြောင့်လည်းဆိုတာ သူသိပ်သိချင်ကြောင်း ပြောတာတွေကြားတဲ့အခါ ငါသူ့ကို ပြောပြချင်စိတ်တွေ တဖွားဖွားပေါ်လာတာ ပြောမနေပါနဲ့တော့။ ဒါပေမယ့် ဘယ်လိုမှ အခွင့်မသာခဲ့တော့ မပြောနိုင်ခဲ့ပါဘူး။

လေယာဉ်ဆိုက်မှ ကယ်ဘင်ပေါ်က ကျောပိုးအိတ်ဆွဲယူရင်း သူ့ကို သေချာကြည့်မိတယ်။ အစိမ်းရောင်မျက်လုံးနဲ့သူက ငါတို့မြင်ဖူးနေကျ အီတာလျံရုပ်မျိုးတော့ မထွက်ဘူးဟ။ ဒါပေမယ့် သူ အီတာလျံဆိုတာရယ်၊ သူတို့နိုင်ငံကလူတွေက ငါတို့နိုင်ငံအကြောင်း စိတ်ဝင်တစားရှိကြ၊ သိကြတာတွေရယ် သူပြောတဲ့အထဲမှာ အားလုံးပါသွားတယ်လေ။ ဘာပဲပြောပြော သူ့အနေနဲ့ မြန်မာပြည်နဲ့လူတွေကို အပြုသဘောဆောင်ပြီး မြင်သွားလို့ ငါကျေနပ်တယ်။ သူ့ကိုတွေ့ပြီး သူပြောတာတွေ ကြားလိုက်ရတာဟာ ဘက်ဂျီယိုရဲ့ ငါတို့မြန်မာလူမျိုးနဲ့နိုင်ငံအပေါ်ထားတဲ့ သံယောဇဉ်ကို မြင်ရလိုက်သလိုပဲ ငါခံစားလိုက်ရတယ်လို့ ပြောရင် နင်အံ့သြမလားဘဲ။

ဒီလိုနဲ့ သုဝဏ္ဏဘူမိလေဆိပ်ကို တစ်ခေါက်ပြန်ရောက်ခဲ့တယ် ဆိုပါတော့ဟယ်။ ဒီတစ်ခါ ဆစ်ဒနီကို ပြန်ချိတ်ရမယ့် ဂိတ်ကိုကြည့်လိုက်တော့ အဝေးကြီးပဲဟ။ တော်တော့်ကို လျှောက်ယူရတယ်။ ငါလည်း လေဆိပ်ထဲဖြတ်လျှောက်နေရင်း အတွေးဝင်မိပြန်တယ်။ လေယာဉ်ခရီးစဉ်တစ်နာရီလောက်အကွာမှာရှိတဲ့ ဖွံ့ဖြိုးဆဲ တိုင်းပြည်နှစ်ခုက မြို့ကြီးနှစ်မြို့ရဲ့အခြေအနေဟာ သိပ်ကိုကွာခြားနေတဲ့အကြောင်းပေါ့။ စဉ်းစားရင်း ရင်ပူလာပြီး ဗိုက်ဆာလာသလိုလို၊ ရေငတ်လာသလိုလိုရှိတော့မှ ငါ့မှာ ဒေါ်လာပါမလာတာကို သတိရသွားတယ်။ ဒါနဲ့ အေတီအမ်ရှိတဲ့နေရာမေးပြီး စက်ရှေ့ရောက်သွားတော့ ငါ မထုတ်ချင်တော့ဘူး။ မတူညီတဲ့ဒေါ်လာကို နှစ်ဆင့်ခံပြီး လဲလိုက်ရင် နဲနဲနစ်နာသွားမှာစိုးတာနဲ့ မလဲဖြစ်တော့ဘူး။ ခက်တော့လည်း ခက်သား၊ ရေကလည်း အရမ်းငတ်နေပြီ။ ရေဗူးအခွံလွတ်တောင် ပေးမသယ်တော့ ရေဖြည့်ပြီးလည်း သောက်လို့မရ။ တစ်ချို့ဆိုင်တွေမှာ ဗီဇာပါတဲ့ ကတ်နဲ့ပေးလို့ရတယ်လို့ စာတမ်းလေးတွေ ကတ်ထားတာတွေ့တယ်။ အဲဒါနဲ့ ငါ့မှာရှိတဲ့ကတ်တွေထဲက ဗီဇာပါတဲ့ ကတ်တစ်ကတ်ရှာပြီး ကောင်တာကို သေချာအောင် အရင်သွားမေးလိုက်တယ်။ ဒီကတ်နဲ့ ပေးလို့ရမလားဆိုတော့ ထိုင်းသံဝဲ၀ဲနဲ့ ကောင်မလေးက ရတယ်၊ ဗီဇာလိုဂို အတူတူပဲလေတဲ့။ ငါလည်း အဲဒီကတ်လေးနဲ့ မုန့်တစ်ခုနဲ့ရေတစ်ဗူး ၀ယ်လိုက်နိုင်တယ် ဆိုပါတော့။

မုန့်စားရေသောက်ရင်း ၀င်အံ့ဆဲဆဲနေလုံးကြီးမြင်တော့ ကင်မရာထုတ်ပြီးရိုက်လိုက်တယ်။ ဒီတစ်ခါတော့ နင်သေချာမြင်ရမှာပါ။ ခရီးသည်တစ်ယောက်ကို စောင့်နေရလို့ လေယာဉ်ပေါ်တက်ခွင့် ကြန့်ကြာမယ်ဆိုတဲ့အကြောင်း ကြေငြာသံထွက်လာတယ်။ ဘာရယ်မဟုတ် ငါဝတ်ထားတဲ့ ဆွယ်တာအင်္ကျီအိတ်ကပ်ထဲ အမှတ်မထင် လက်နှိုက်မိတယ်။ တိုက်တန်းနစ်ကားထဲလို စိန်လည်ဆွဲထွက်မလာဘဲ ပဲစေ့လေးတွေ ငါ့လက်ထဲပါလာတာ။ အဲတော့မှ တမြန်နေ့က သွားခဲ့တဲ့ ကဒါတ်စိန်ခရီးကို ပြန်သတိရသွားတယ်။ အဲဒီ့အကြောင်းလည်း နင့်ကို ရေးပြီး ပြောပြချင်သေးတယ်ဟာ။ လေယာဉ်ပေါ်တက်ဖို့သွားနေတုန်း အစောပိုင်းက ငါ့ကို ရယ်ပြတဲ့ ထိုင်းနဲ့အော်စီစပ်ထားတဲ့ ဆယ်ကျော်သက်ကောင်လေးက ငါ့နား ကပ်ပြီးပါလာတယ်။ ငါ့ကို သူနဲ့ရွယ်တူ ဆယ်ကျော်သက် ကောင်မလေးများ အောက်မေ့လို့လား မသိပါဘူး၊ သီချင်းလေးညည်းပြီး ငါ့ကိုကြည့်လိုက်၊ ပြုံးပြလိုက်နဲ့၊ သူ့အဖေအော်စီနဲ့ သူ့အမေထိုင်းက ရှေ့မှာ။ လေယာဉ်ပေါ်ရောက်တဲ့ထိ သူက ငါနဲ့ဘေးချင်းကပ်ယှဉ်ပြီး လျှောက်လာတာ။ ငါ့သူ့ကို ထပ်မရယ်ပြတော့ဘူး။ တော်သေးတာပေါ့၊ သူတို့သုံးယောက်က ငါ့နောက်က တစ်တန်းကျော်မှာမို့လို့။

ထုံးစံအတိုင်း ခရီးဝေးစီးရမှာဆိုတော့ ငါ့ထိုင်ခုံက အစွန်မှာ။ ဘေးမှာ ထိုင်းကောင်လေးနဲ့ ကောင်မလေးတစ်ယောက်။ သူတို့လည်း ငါ့ကို ထိုင်းထင်ပြီး ထိုင်းလိုပြောကြ၊ နှုတ်ဆက်ကြနဲ့ ငါ ထိုင်းမဟုတ်မှန်း သိသွားတော့ ဆက်မပြောတော့ပေမယ့် ရယ်ပြတယ်။ သူတို့နှစ်ယောက်ကို အကဲခတ်လိုက်တာနဲ့ တစ်ခါမှ နိုင်ငံခြားခရီးမသွားဖူးမှန်း၊ ဒါသူတို့ရဲ့ ပထမဆုံးလေယာဉ်စီးတဲ့ ရပ်ဝေးခရီးပဲဆိုတာ သိလိုက်တယ်။ ဘန်ကောက်မြို့သူမြို့သားတွေတောင် ဟုတ်ဟန်မတူဘူး။ လေယာဉ်ထိုင်ခုံနောက်မှီချတာ၊ နားကြပ်တပ်တာ အားလုံး ငါလုပ်သလို အကုန်လိုက်လုပ်တယ်။ ထိုင်ခုံလက်ရန်းမှာ ကပ်ထားတဲ့ အဝေးထိန်းခလုပ် ဘယ်လိုဆွဲထုတ်ရမှန်း မသိလို့ ငါထုတ်ပေးရတယ်။ ကုန်ကုန်ပြောရရင် လေယာဉ်မယ်ကို အစားအသောက်မှာတာကအစ ငါမှာတဲ့အတိုင်း လိုက်မှာတယ်ဟ။ လေယာဉ်မယ်ကလည်း ငါ့ကို ထိုင်းလို့ပဲထင်ပြီး ဘာမေးမေး ထိုင်းလိုချည်းလာမေးတယ်။ ငါကလည်း နောက်မှာ သူတို့အင်္ဂလိပ်လိုမေးတာကြားထားတော့ နားမလည်ပေမယ့် သူဘာမေးမယ်ဆိုတာ သိနေတော့ သူထိုင်းလိုမေးလိုက် ငါကအင်္ဂလိပ်လိုပြန်ဖြေလိုက်နဲ့ အလုပ်တော့ ဖြစ်သွားတာပဲ။ အဲ… အလုပ်သိပ်မဖြစ်လိုက်တာ ဘေးကနှစ်ယောက်နဲ့ပဲ။ သူတို့နှစ်ယောက်ကြောင့်ပဲ ငါ့မှာ ဆစ်ဒနီ မရောက်ခင် ဒရာမားတစ်ဖြစ်ပြီး ငိုရတော့မလို ဖြစ်ခဲ့ရတာ။

နှစ်ဖက်ဖြည့်ရတဲ့ လိမ္မော်ရောင် အင်မီဂရေးရှင်းကတ်လေးတွေ လာဝေတော့ ငါချက်ခြင်းမဖြည့်သေးဘဲ နောက်နေ့မနက် မနက်စာစားပြီးတော့မှ ဖြည့်မယ်လို့ ကြံစည်ပြီး သိမ်းထားလိုက်တယ်။ ဒီတစ်ခါတော့ ဘောပင်က ငါ့ပတ်စ်ပို့ထည့်ထားတဲ့အိပ်ရှည်လေးထဲမှာ ရှိနေလို့ ကယ်ဘင်ပေါ်က ကျောပိုးအိတ်ကို တကူးတက ယူနေစရာမလိုတော့ဘူး။ အဲဒီမှာ ငါ့ဘေးက ထိုင်းကိုယ်တော်က ငါ့ကို ဖယ်ခိုင်းရမှာ အားနာလို့ ထင်ပါတယ်၊ ငါ့ခေါင်းပေါ်က ကယ်ဘင်ကို သူ့ခုံပေါ်ကနေ မတ်တပ်ရပ်၊ အတင်းဖွင့်၊ အိတ်ယူပြီး ဘောပင်ရှာပုံတော် ဖွင့်တော့တာပဲ။ သူရှာတဲ့အိတ်ထဲမတွေ့တော့ နောက်တစ်အိတ်ဆွဲပြီး ထပ်ရှာ၊ အဲဒါလည်း တွေ့ပုံမပေါ်ဘူး။ ဒါနဲ့ပဲ ငါက ငါ့ဘောပင်ကို ပေးပြီး နင်တို့ ဖြည့်ပါလို့ အင်္ဂလိပ်လိုပဲ ပြောလိုက်တယ်။ သူတို့လည်း ၀မ်းသာသွားပြီး နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး ဖြည့်နေလိုက်တာ တော်တော်ကြာတယ်။ အဲဒီအချိန်မှာ ငါစဉ်းစားမိတယ်၊ သူတို့အင်္ဂလိပ်လို မတတ်ဘဲ ဆိုက်ရောက်ဖောင်ကို ဘယ်လို ဖြည့်ကြမလဲလို့။ စာအုပ်တစ်အုပ်ကို ဖွင့်ဖွင့်ကြည့်နေတာတွေ့တော့ ထိုင်း-အင်္ဂလိပ် အဘိဓာန်စာအုပ် ထင်တယ်လို့၊ နောက် တော်တော်ကြာတော့မှ ငါ့ကို ဘောပင်လေး လက်နှစ်ဖက်နဲ့ ရိုရိုသေသေပြန်ပေး၊ ခေါင်းလေးညွတ်ပြီး ခေါ့ဘ်ခွန်ခကို သုံးကြိမ်မကပြောတယ်။

နောက်နေ့မနက်စာ စားပြီးတော့ ငါဖောင်ဖြည့်တယ်။ အသွားရောအပြန်ပါ ဟန်းကယ်ရီနဲ့ပဲ လာခဲ့တာမို့ ဒီကလဲလ်လုပ်စရာ ဘာမှ မရှိလို့ အားလုံး နိုး နိုးနဲ့ ခရော့စ် လုပ်လိုက်တယ်။ ငါလည်း ပြီးသွားရော ငါ့ဆီက ဘောပင်ကို ပြန်တောင်းလို့ ပေးလိုက်တယ်။ သူတို့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီး ထပ်ဖြည့်ကြတယ်။ နောက်တော့ ငါ့ကို သြစတြေးလျကို အင်္ဂလိပ်လို ပေါင်းပေးပါဆိုလို့ ငါ ပေါင်းပေးလိုက်တယ်။ သိပ်မကြာဘူး၊ ငါ့ကို သူတို့ကတ်လေးပေးပြီး ဖြည့်ပေးပါလို့ အကူအညီတောင်းလာတယ်။ ငါလည်း ၀မ်းသာအားရနဲ့ ဖြည့်ပေးမယ်ဆိုပြီး ကတ်ယူကြည့်လိုက်တော့… ထိုင်းဘာသာနဲ့ ဖြစ်နေပါရောလား။ ဒါနဲ့ ငါ့ကတ်ကို ထုတ်ပြီး သူတို့မဖြည့်တတ်တဲ့အကွက်နဲ့ တိုက်ကြည့်ပြီး ဘာဖြည့်ရတယ်ဆိုတာ ငါက ပြောပြ၊ သူတို့က နားမလည်။ သူတို့အမြဲနေထိုင်တဲ့နိုင်ငံမှာ သြစတြေးလျလို့မှားပြီး ဖြည့်ထားလို့ ငါက မဟုတ်ဘူး၊ ထိုင်းလန်း ဖြစ်ရမယ်လို့ ပြန်ပြော၊ ပေါင်းပြ။ အလုပ်အကိုင် အကွက်ကို လက်ညှိုးထိုးပြီး ရေးပေးပါဆိုတော့ ငါက ဘာအလုပ်လုပ်လဲလို့ လက်ဟန်ခြေဟန်နဲ့မေး၊ သူတို့က လက်ဟန်ခြေဟန်နဲ့ဖြေ၊ ကောင်လေးက ခေါင်းကို ပြပြီး ကတ်ကြေးညှပ်သလို ပုံစံလုပ်ပြတော့ ငါက hairdresser လားဆိုတော့ ကောင်မလေးက ခေါင်းညိတ်မလိုလို လုပ်ပြီးမှ မဟုတ်ဘူးဆိုပြီး ကောင်လေးကို ထိုင်းလိုတတွတ်တွတ်ပြော။ ငါကလည်း ကူညီချင်တာ အရမ်းပါ။ အင်္ဂလိပ်လိုဆို ငါကူပြီး ဖြည့်ပေးလိုက်တယ်။ ထိုင်းလိုဖြစ်နေတော့ ငါလည်း ကူမရ။ နောက်တော့ သူတို့ပြန်ငြိမ်သွားပြီး ကတ်ကိုတစ်လှည့်၊ စာအုပ်လေးကိုတစ်လှည့် ထုတ်ပြီး ကြည့်နေပြန်တယ်။

နောက်နာရီဝက်လောက်နေရင် လေယာဉ်ဆင်းတော့မှာဆိုတာနဲ့ ငါလည်း ခဏထသွားလိုက်တယ်။ တော်ကြာ ဟိုတစ်ခေါက်ကလို အင်မီဂရေးရှင်းမှာ လူတန်းအရှည်ကြီးစောင့်ရမှာစိုးတာနဲ့ ကြိုသွားထားလိုက်တာ။ ပြန်လာတော့ သူတို့နှစ်ယောက်က ခုနအခြေအနေအတိုင်းပဲ။ တစ်ခုပဲ ငါသတိပြုလိုက်မိတာ၊ ကောင်မလေး လက်ထဲကိုင်ထားတာ ငါ့ဘောပင်မဟုတ်ဘဲ နောက်ဘောပင်တစ်ချောင်းဖြစ်နေတာ။ ငါလည်း ခဏစောင့်နေလိုက်တယ်။ ဆင်းဖို့ကလည်း ဆယ့်ငါးမိနစ်လောက် လိုတော့တာ။ ဒါနဲ့ ငါလည်း ဘောပင်ပြန်တောင်းလိုက်တယ်။ ကောင်လေးက ငါဆိုလိုတာ သဘောပေါက်ပုံရတော့ လိုက်ရှာပေးတယ်။ ထူးဆန်းတယ်ဟာ… ငါ ခဏထသွားတဲ့ မိနစ်ပိုင်းအချိန်လေးအတွင်းမှာ ဘောပင်က ရှာမရအောင် ပျောက်သွားတာ။ ငါ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဆိုတာ ငါနားလည်ပေမယ့် စိတ်က ချက်ခြင်းမဖြေနိုင်ဘူး။ တစ်အချက်က အဲဒီဘောပင်လေးက ငွေရောင်ပတ်ကားတံဆိပ်အကောင်းစားလေး ဖြစ်နေတာ။ ဆိုင်းထိုးတဲ့အချိန်၊ တခြားဘောပင် အိတ်ထဲမှာပါမသွားတဲ့ အချိန်မှာမှ အဲဒါလေးကို ငါထုတ်သုံးဖြစ်တာ။ နောက်တစ်ချက်ကတော့ ငါဆစ်ဒနီမလာခင်မှာ ညီမလေး အင်ကြင်းသန့်က အမှတ်တရ ပေးခဲ့တာ။ ငါ့ပိုက်ဆံနဲ့ဝယ်ထားတဲ့ပစ္စည်းဆိုရင် ငါအဲလောက် နှမြောမိမှာ မဟုတ်ဘူး။ ဂျင်ဂျင်းပေးထားတဲ့ ဘောပင်လေးမို့ ပိုလို့စိတ်မကောင်းဖြစ်သွားတာ။ ငါတွေးလေ ၀မ်းနည်းလေ။ ငါသူများကို အမြဲကူညီခဲ့သမျှ ဒီတစ်ခါတော့… သွားပါပြီဆိုပြီး…။

ငါမျက်နှာမကောင်းဖြစ်သွားတာ သူတို့မြင်တော့ ငါ့ကို ကောင်မလေးလက်ထဲက ဘောပင်ရိုးရိုးလေးတစ်ချောင်း ပြန်ပေးတယ်၊ အစားပြန်ယူပါဆိုတဲ့ သဘော။ ငါက မယူဘူး ငြင်းလိုက်တော့ သူတို့လည်း စိတ်မကောင်း ဖြစ်သွားပုံပဲ။ ငါလည်း စိတ်ထဲမှာ သိပ်မကျေနပ်ချင်တော့ ထိုင်ခုံအောက်ကို ပြန်ကြည့်တယ်၊ သူတို့ခုံအောက်ကိုလည်း ပြန်ကြည့်တယ်။ မိနစ်ပိုင်းလေးအတွင်းမှာ သူတို့လက်ထဲကနေ ရုတ်တရက် ပျောက်သွားတာ စိတ်ထဲမှာ ထူးဆန်းနေတယ်။ နောက်တော့ စိတ်ကို လုံးလုံးလျှော့ချလိုက်တယ်။ လေယာဉ်လည်း ဆင်းဖို့မိနစ်ပိုင်းပဲလိုတော့တယ်။ အင်ကြင်းသာသိရင် စိတ်မကောင်းဖြစ်မှာလို့လည်း တွေးနေတယ်။ ကောင်လေးကလည်း ပျောက်သွားတာ ကျေနပ်ပုံမရတော့ ပြန်ရှာတယ်။ သူ့ဂျာကင်အိတ်ထဲ၊ သူ့လက်ဆွဲအိတ်ထဲထပ်ရှာတယ်။ ကောင်မလေး လက်ပွေ့အိတ်ကိုယူပြီး နောက်တစ်ခေါက် ထပ်ရှာတယ်။ အဲဒီမှာ … ငွေရောင်ပတ်ကားလေး ပြန်ထွက်လာတာပဲ။ 

ငါ့ကို ကောင်လေးက ၀မ်းသာအားရပြန်ပေးတယ်။ ငါလည်း ၀မ်းသာအားရနဲ့ ပြန်ယူလိုက်တယ်။ ကျေးဇူးတင်စကားလည်း လှိုက်လှိုက်လှဲလှဲ ပြောလိုက်တယ်။ ကောင်လေးက ကောင်မလေးကို တစ်ခုခုပြောတယ်။ ကောင်မလေး ငြိမ်ကျသွားတယ်။ ပြီးတော့ ငိုသံသဲ့သဲ့ ကြားလိုက်ရတယ်။ လေယာဉ်ဆိုက်တော့ ငါသူတို့ကို ကြည့်လိုက်တယ်။ မပြီးသေးတဲ့ ဆိုက်ရောင်ဖောင်ကို ဖြည့်ဖို့ သူတို့ကြိုးစားနေတုန်းပဲ။ သူတို့စိတ်ထဲ အဲဒါဖြည့်လို့မပြီးရင် အထဲကိုဝင်ခွင့်ရမှာမဟုတ်ဘူးလို့ ထင်နေပုံပါပဲ။ အင်မီဂရေးရှင်းအရာရှိနဲ့တွေ့ရင် ဘယ်လိုပြောဆိုဆက်ဆံကြမလဲလို့ ငါမှန်းကြည့်မိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ဘောပင်လေး ပြန်ရတာကိုပဲ ၀မ်းသာကျေးဇူးတင်ရတယ်။ အင်း… နောက်တစ်ခါ ခရီးသွားတဲ့အခါ ဘာဘာညာညာ ဖြည့်ဖို့ သာမန်ဘောပင်လေးတစ်ချောင်းပဲ ထည့်ထားလိုက်တော့မယ်။ ဒါမှ သူများကို ပေးဖြည့်လို့ ပျောက်သွားရင် နှမြောစရာ မလိုတော့အောင်လေ ညိုရယ်…နော့။

ငါ့စာအရှည်ကြီးဖတ်ပြီး နင်မျက်စိ တော်တော်ညောင်းသွားမှာပဲ။ ငါလည်း အပြန်ခရီးကို နှစ်ပိုင်းမခွဲချင်တာနဲ့ တစ်ဆက်တည်းရေးဖြစ်သွားတာပါ။ နင်လည်း နားလိုက်ဦး။ ငါလည်း အိပ်တော့မယ်။ နင်ထပ်ဖတ်ချင်သေးရင် ငါ ကဒါတ်စိန်ကို သွားခဲ့တဲ့ တစ်ရက်ခရီးအကြောင်း ရေးဦးမယ်။ အဲဒါလေးက တစ်မျိုးစိတ်ဝင်စားဖို့ကောင်းတယ်ဟ။ အဲဒါ ပြီးရင်တော့ နောက်ထပ်ရေးစရာမရှိတော့ပါဘူးဟယ်။ ဒါပဲနော်။

ချစ်သော ဇွန်

ပီ.အက်စ်. တိုက်ဆိုင်မှုပဲလားတော့ မသိဘူး၊ ငါရွေးထုတ်ပြီး ထည့်လိုက်တဲ့ပုံရဲ့ နံပါတ်စဉ်က IMG_9096 တဲ့။း) 

Comments ( 8 )

စာအရှည်ကြီးကို အားရပါးရ ဖတ်ပြီးသွားပြီ
နင်ခရီးရှည်သွားတိုင်း နားထောင်ရတတ်တဲ့ ခရီးသွားဇာတ်လမ်းလေးတွေကို အရင်ကလို အခန်းထဲက တစ်ယောက်တစ်ခုတင်စီမှာ မျက်နှာချင်းဆိုင် လှဲရင်း နားထောင်နေရသလိုပဲ ...
ဂျင်း ပေးတဲ့ဘောပင်လေး ပြန်ရလို့တော်သေးတာပေါ့
အီတာလျံတွေရဲ့ တိုင်းပြည်ကိုလည်း တို့နှစ်ယောက်အတူ သွားလေ့လာရဦးမယ်
ကဒါတ်စိန်ကို နင်သွားမယ်ဆို ကတည်းက ငါတအားစိတ်ဝင်စားနေတာ၊ စောင့်နေမယ် ။

ပီ.အက်စ်. IMG_9096 ကိုတော့ ငါ့ကိုလက်ဆောင်ပေးတာလို့ပဲ မှတ်လိုက်ပြီနော် ဇွန် :)

ခရီးသွား အီတာလျံ လူရွယ်ရဲ့ ပြောစကားတွေကို ဒီလောက် အများကြီး မှတ်နိုင်တယ်ဆိုပြီး အံ့သြနေတာ..၊ ဧကန္တ ဇွန့် ခေါင်းထဲမှာ integrated recorder လေး တစ်လုံးတော့ ရှိနေပုံ ပါပဲ…၊း)

ထိုင်းကောင်မလေးက မျက်လှည့်ပညာ သင်နေတာ ထင်တယ်နော်၊ အင်း.. သူ့ကောင်လေးက assistant မလုပ်တတ်တာကြောင့် ဇွန့် ဘောပင်လေး ပြန်ရခဲ့တာ…။း)

ဇွန်လေး ခရီးများများသွားပါစေလို့ ဆုတောင်းခဲ့တယ်။ စိတ်ဝင်စားစရာ ခရီးစဉ်လေးတစ်ခုပဲ စုံစုံစေ့စေ့နဲ့ မှတ်မိနေတာကို မောင်ညီလင်းမေးသလို မေးလိုက်ပါရဲ :)ဗုဒ္ဓဂါယာခရီးစဉ်ကို သွားတဲ့အဖွဲ့တွေမြင်တိုင်း ထပ်သွားချင်တယ် အားကျတယ်။

မေတ္တာဖြင့်
တီတင့်

တစိမ့်စိမ့်နဲ့ဖတ်လာပြီးမှ ဘောပင်လေးပျောက်သွားပြီထင်ပြီး တထိတ်ထိတ်နဲ့ဆက်ဖတ်....
နောက်ဆုံးကျမှ သက်ပြင်းချနိုင် .... ကိုယ်ပေးတဲ့လက်ဆောင်လေးကို အမြတ်တနိုးနဲ့ သုံးဖြစ်နေတာကို သိရလို့ ပီတိလည်းဖြစ်မိ လွမ်းလည်း လွမ်းမိ... မျက်ရည်ဝဲမိ....တစ်နေ့တော့ မျက်နှာချင်းဆိုင်တွေ့ပြီး စကားတွေ အားရပါးရပြောခွင့်ကြုံဦးမှာပါလို့ ယုံကြည်မိ...


ချစ်တဲ့
ဂျင်း

ခရီးသွားဆောင်းပါတွေကိုဖတ်ရတာ အင်မတန် အရသာရှိပါတယ်...ကိုယ်တိုင်သွားရသလို ခံစားမိစေတာမို့ နေ့စဉ်နဲ့အမျှ အလုပ်ပိနေရတဲ့ ဘ၀ရဲ့ ထွက်ပေါက်လို့တောင် ခံစားမိပါတယ်...ခရီးစဉ်တစ်ခုလုံးအကြောင်း ခရေစေ့တွင်းကျ ရေးပြသွားတာမို့ ကျေကျေနပ်နပ်နဲ့ ဘ၀င်ကျမိပါကြောင်း...

မျက်စိညောင်းဖို့တောင် သတိမရလိုက်ပါဘူး ဇွန်ရေ။ တစ်ဝကြီး ဖတ်သွားတယ်။
အသေးစိတ် အကုန်မှတ်မိတဲ့ ညဏ်လေးကို ချီးကျူးပါရဲ့။ :)

တော်ပါသေးရဲ့... ရင်တထိတ်ထိတ်နဲ့ ဖတ်လိုက်တာ အဆုံးမှာ ဘောပင်လေး ပြန်ရလိုက်လို့...။

အင်း... နင်ကဒါတ်စိန်အကြောင်း စိတ်ဝင်စားတယ်ဆိုလို့ ငါစရေးနေပြီ... ညို။ ဒါပေါ့ ပုံနှစ်ပုံလုံးက နင့်အတွက် အမှတ်တရ လက်ဆောင်ပဲဟာ။ :)

အစ်ကိုညီလင်း... ဇွန် အတိအကျ မှတ်မိသမျှ စကားလုံးတိုင်း ချရေးလိုက်ရင် စာဖတ်သူတွေ ထိုင်ငိုသွားမှာစိုးလို့ အားလုံးကိုခြုံပြီး လျှော့ရေးလိုက်တာ။ :D

ဆုတောင်းအတွက် ကျေးဇူးပါ တီတင့်ရေ။ ဗုဒ္ဓဂါယာက ဇွန်ရောက်ဖူးချင်တဲ့နေရာစာရင်းရဲ့ ထိပ်ဆုံးမှာ ပါတယ် တီတင့်။ တစ်နေ့ရောက်ဖို့တော့ အားခဲထားတာပဲ။ :)

ဂျင်းရေ... မဇွန်တို့ တွေ့ကြဦးမှာပါ။ ဘယ်နေရာရောက်ရောက် အဆက်အသွယ်ပြတ်မသွားဖို့က အရေးကြီးဆုံးပဲ မဟုတ်လား။ :)

ဘ၀င်တကျနဲ့ဖတ်သွားတယ်ဆိုလို့ ၀မ်းသာမိပါတယ် ဦးဟန်ကြည်။ :)

နှစ်ရေ... မှတ်ဉာဏ်ကောင်းတဲ့ သူငယ်ချင်းကို ဒီတစ်ခါတွေ့ရင် ပြုစုရမယ်နော်.. ;)

အစ်မမြသွေးရေ... ဖတ်ပြီး သက်ပြင်းတွေ ဘာတွေများ ချလိုက်မိသေးလား။ :)