ကင်ဘာရာသွားပြီး နောက်တစ်နေ့မှာ မိုးမရွာဘဲ ရာသီဥတု သာယာနေတာကြောင့် အသိမိတ်ဆွေအစ်မတစ်ယောက်က နာမည်ကျော် Manly Beach ကို လိုက်ပို့ပေးပါတယ်။ Sydney Circular Quay ကနေ Manly ကို ferry နဲ့ နာရီဝက်ကြာ စီးရပါတယ်။ Manly ferry ride က world's famous ferry ride မှာ ထိပ်ဆုံးက ပါပါတယ်။ :)
Sydney downtown ကို Manly အသွား ဖယ်ရီပေါ်ကနေ နောက်ပြန်လှမ်းပြီး ရိုက်ထားတာပါ။
ခပ်လှမ်းလှမ်းမှာ ကျန်ရစ်ခဲ့တဲ့ ဆစ်ဒနီရဲ့ အထင်ရှားဆုံး Landmark ဖြစ်တဲ့ Sydney Opera House ပါ
ဒီနေရာကို Sydney Head လို့ ခေါ်ပါတယ်။ Manly Ferry Ride နာမည်ကြီးရခြင်းအကြောင်းက Sydney Head ကြောင့်ဆိုရင် မမှားပါဘူး။ အပေါ်ပုံမှာ မြင်ရတဲ့ အ၀ကနေ သမုဒ္ဒရာရေစီးကြောင်း ၀င်ရာနေရာမို့ ဒီနေရာကိုဖြတ်သွားအခါ လှိုင်းကြီးပြီး ဖယ်ရီက လူးကနဲ၊ လွန့်ကနဲ ဖြစ်သွားတာ အသည်းအေးစရာပါ။ လှိုင်းကအတော်ကြီးပြီး ဖယ်ရီအပေါ်ဦးပိုင်းထိ ရေစင်ပါတယ်။ ဇွန်လည်း ဖယ်ရီစီးခဲ့သမျှ အခေါက်တိုင်း တစ်ခါမှ အထဲမှာ ၀င်ပြီး မစီးခဲ့ပါဘူး။ အပြင်ဘက်ဘေးကပဲဖြစ်ဖြစ်၊ ဦးပိုင်းကပဲဖြစ်ဖြစ် လေအေးအေးနဲ့ လှိုင်းလွန့်တွေကြား အနည်းငယ် ရင်ဖိုစွာနဲ့ စီးခဲ့တာပါ။ ဒီလို အရသာမျိုးက အမြဲ မရနိုင်ဘူး မဟုတ်လား။ ;)
လှိုင်းကြီးတယ်နော်၊ သတိထား....
ရွက်လှေလေးတွေက သမုဒ္ဒရာလှိုင်းကို အံတုပြီး လွှင့်နေဆဲ
ဟော... ရောက်ပါပြီ... အခုမှပဲ သက်ပြင်းချလို့ ရင်တုန်ပြေသွားတယ်။
နွေဦးရဲ့ ပြယုဂ်ဖြစ်တဲ့ Jazz ဂီတဖျော်ဖြေပွဲတွေကို Manly အနှံ့ တွေ့နေရပါပြီ။
ကဲ... ကမ်းခြေတော့ ရောက်လုပြီ
နွေဦးရဲ့ နေသာတဲ့နေ့မို့ ကမ်းခြေမှာ အပန်းဖြေလာတဲ့သူတွေ၊ ရေလှိုင်းစီးသူတွေ ရှိနေပါပြီ။
ကျယ်ပြောတဲ့ကောင်းကင်ပြာအောက် သမုဒ္ဒရာရေပြာထိစပ်နေတဲ့ ရှည်လျားလှပတဲ့ ကမ်းခြေမဲန်လေ
ရေလှိုင်းစောင့်ဆိုင်းနေကြသူများ
ဟော..ဟိုမှာ surfer တစ်ယောက်၊ ရိုက် ... ရိုက်.... အမြန်ရိုက်
မကြောက်နဲ့.... တစ်ခုခုဖြစ်ရင် သူတို့ လာကယ်လိမ့်မယ်
့
Manly ကမ်းခြေအဆုံးကနေ ပြန်လှည့်မသွားဘဲ ဟိုဘက်မှာမြင်နေရတဲ့ ကမ်းခြေအသေးလေးအထိ မမောတမ်း လမ်းလျှောက် ခရီးဆက်ခဲ့ပါတယ်။
နာမည်မေ့သွားတဲ့ ကမ်းခြေအသေးလေးပေါ်အရောက် ရေငုပ်လေ့ကျင့်ပြီး ပြန်တက်လာတဲ့သူတို့ကိုလည်း အလစ်မပေးပါဘူး။ ဘလော့ဂါဆိုတော့ တွေ့ရာ မှတ်တမ်းတင်တဲ့ အကျင့်ပါနေတာကိုး။
ကမ်းခြေတစ်ဆုံး လမ်းလျှောက်လို့ မောပြီ။ ပြန်ကြရအောင်။ တနင်္လာနေ့ပေမယ့် မေဒေး အလုပ်သမားရုံးပိတ်ရက်မို့ လူစည်တယ်ထင်ပါ့
စင်မြင့်ဖျော်ဖြေပွဲတွေသာမက ဒီလို စင်အောက် ဖျော်ဖြေတင်ဆင်မှုတွေလည်း ရှိတယ်
Circular Quay သို့ အပြန်
Sydney Opera House ရဲ့ ဒီဇိုင်းဟာ တစ်နေရာကကြည့်ရင် တစ်မျိုး၊ နောက်တစ်နေရာကနေကြည့်ရင် တစ်ဖုံ... မတူညီဘဲ ပုံသဏ္ဍာန်မျိုးစုံ ပေါ်ပါတယ်။ ထူးခြားလှပတဲ့ ဗိသုကာလက်ရာတစ်ရပ်ပါပဲ။ ဒါကြောင့်လည်း နာမည်ကျော်ပေတာကိုး။
အနီးကပ် ရိုက်ချက်တစ်ချို့
အော်ပရာဟောက်စ်ကနေ လှမ်းမြင်ရတဲ့ circular quay ပါ။ ကမ္ဘာလှည့်ခရီးသွားတွေ အစည်ကားဆုံးနေရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
Sydney Harbor Bridge နဲ့အတူ တွေ့ရတဲ့ လူစည်ကားလှတဲ့ Circular Quay ရဲ့ မြင်ကွင်းတစ်ရပ်။ အဲ့ဒီ့နေရာမှာ လမ်းလျှောက်ရတာကို ဇွန်သိပ်နှစ်ခြိုက်မိတာပါပဲ
Harbor Bridge ဟာလည်း ခန့်ညားလှပတဲ့ ဗိသုကာလက်ရာမြောက် တံတားကြီးပါ။ ရထား၊ ကား၊ စက်ဘီးနဲ့ လူသွားလမ်း လေးမျိုးစလုံး မောင်းနှင်ခရီးသွားလို့ ရပါတယ်။ ဆစ်ဒီနီ မြောက်ပိုင်းနဲ့ မြို့ထဲကို ဆက်စပ်ပေးထားတဲ့ အဓိကကျတဲ့ တံတားကြီးတစ်ခုပါ။
ကမ္ဘာကျော် Opera House နဲ့ Harbor Bridge ကို Hyde Park ထဲကနေ လှမ်းရိုက်ထားတာပါ။
သြစတြေးလျရဲ့ မူလကနဦးတိုင်းရင်းသားမျိုးနွယ်စုဖြစ်တဲ့ အဘိုးရီဂျင်း လူမျိုးတစ်ဦးပါ။ သူတို့နဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်လို့ရပါတယ်။ အနယ်နယ်အရပ်ရပ်က ကမ္ဘာလှည့်ခရီးသွားတွေစုံတဲ့ circular quay လို နေရာမျိုးမှာ သူတို့ရဲ့ တူရိယာပြောင်းရှည်နဲ့အတူ တီးမှုတ်ဖျော်ဖြေနေတာကို တွေ့ရပါတယ်။ တောရဲတိရစ္ဆာန်သားကောင်တွေရဲ့ အသံတုတွေ ဖန်တီးနိုင်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သူတို့ရဲ့ ဂီတစီဒီတစ်ချပ်ကို ဒေါ်လာတစ်ဆယ်နှုန်းနဲ့ ၀ယ်ယူအားပေးနိုင်ပါသေးတယ်။
ဒါကတော့ လမ်းသွားလမ်းလာများကို သူ့နည်းသူ့ဟန်နဲ့ ဆွဲဆောင်ဖျော်ဖြေနေတဲ့ တစ်ကိုယ်တော်အော်စီရဲ့ one man road show ပါ။
အဲ့ဒီဘူဖောင်းအနီကို မျိုချပြနေတာပါ။ စိတ်ဝင်စားတာမို့ သူမျိုချပြီးတဲ့ အထိ စောင့်ကြည့်လိုက်ပါတယ်။
ဟယ်... တကယ် မျိုချပြတယ်။ ဘူဖောင်းတစ်ခုလုံး ၀င်သွားပါတယ်။ ပြီးရင် ပြန်ထုတ်ပြမယ်ဆိုလို့ ဆက်စောင့်ကြည့်တာ မထုတ်ပြဘဲ ပိုက်ဆံ အလှူခံသွားပါတယ်။
-------------------------------------------------------------------------------------------------------------------------------------
ဆစ်ဒနီ ခရီးစဉ်က မပြီးသေးလို့ ဆက်ရပါဦးမယ်။ အစက ပို့စ်တင်ဖို့အတွက် စုစုပေါင်း ပုံတစ်ထောင်ကျော် ရိုက်လာတဲ့အထဲက ၇၅ ပုံပဲ အကျဉ်းချုံးတင်ဖို့ ရွေးထားတာပါ။ ဒါပေမယ့် တင်ရင်းတင်ရင်းနဲ့ ရွေးထားတဲ့ ပုံတွေတင်မကဘဲ အခြားပုံတွေပါ တင်ချင်တာနဲ့ ထပ်ထည့်လိုက်တာ ခရီးက မှန်းတာထက် ရှည်သွားပါတယ်။ ဘော်ဘော်ကိုတီလို ပုံများများ စာနည်းနည်းနဲ့ အပိုင်းတွေ အများကြီး ဖြစ်သွားမလားလို့ စိုးရိမ်မိသေးတယ်။ :D ခရီးစဉ်ကို အရမ်းချုံ့ပြီးတော့လည်း မတင်ချင်ဘူး။ ဒီတော့ အားပေးသူများရှိရင် ဆက်တင်ပါ့မယ်။ ခုတော့ ဇွန်မိုးစက် ခါးညောင်းသွားလို့ နားပါဦးမယ်။
ဇွန်မိုးစက်
ကင်ဘာရာက Parliament House နဲ့ War Memorial က ဓာတ်ပုံမှတ်တမ်းအချို့ကျန်နေသေးတာမို့ ဆက်တင်လိုက်ပါတယ်။ အောက်ပုံက ပါလီမန်အိမ်တော်ရာ ရှေ့မျက်နှာစာပါ။ ပြာလဲ့နေတဲ့ ကောင်းကင်ကျယ်နဲ့ တိမ်ဖြူဖြူတွေကို မြင်ရတာ ဇွန်သိပ်သဘောကျပါတယ်။ ကုန်းမြင့်ပေါ်မှာမို့ လေတိုက်ပြီး အေးနေလို့ ဓာတ်ပုံကို လက်တုန်တုန်နဲ့ ရိုက်ခဲ့ရပါတယ်။
မာဘယ်လ်ကျောက်များနဲ့ ဖွဲ့စည်းအလှဆင်ထားတဲ့ ပါလီမန်အိမ်တော်ရာ မြေညီထပ်ပါ။
လှေကားများကို တက်ပြီးတဲ့အခါ ကော်ရစ်ဒါတစ်လျှောက် ခေတ်အဆက်ဆက်က သြစတြေးလျပါလီမန်အမတ်များ၊ နိုင်ငံရေးနယ်ပယ်သြဇာလွှမ်းမိုးခဲ့သူများရဲ့ ပန်းချီ၊ ပန်းပုပုံများကို ပြသခင်းကျင်းထားပါတယ်။
အနောက်တိုင်းသားလူဖြူတို့က သြစတြေးလျသမိုင်းမှာ အရုပ်ဆိုးအကျည်းတန်စွာ ပြုမူဆောင်ရွက်ခဲ့တဲ့ 'Stolen Generation' အတွက် ဒေသခံ အဘိုးရီးဂျင်း (Aborigines) များရဲ့ မိသားစုဝင်နဲ့ဆွေမျိုးများကို တရားဝင် တောင်းပန်ထုတ်ပြန်ခဲ့တဲ့စာပါ။ ဇွန်မှတ်မိသလောက် ဒီအကြောင်းနဲ့ပတ်သက်ပြီး မငယ်နိုင်က သူ့ပို့စ်တစ်ပုဒ်မှာ ရေးခဲ့ဖူးပါတယ်။ Nicole Kidman နဲ့ Hugh Jackman တို့ ပါဝင်သရုပ်ဆောင်တဲ့ 'Australia' ဇာတ်ကားထဲမှာ လူဖြူတွေက အဘိုးရီးဂျင်းရဲ့ ကလေးတွေကို လိုက်ဖမ်း၊ မိဘနဲ့ အတင်းအကြပ်ခွဲထုတ်ပြီး ခရစ်ယာန်သာသနာပြုအဖွဲ့ထဲ သွတ်သွင်းခဲ့တာ၊ အချို့သောအနောက်နိုင်ငံတွေဆီပို့လိုက်တာ၊ သားသမီးမရှိတဲ့ လူဖြူတွေ မွေးစားဖို့ ပေးပစ်လိုက်တဲ့ Aborigines နဲ့ Stolen Generation အကြောင်း ရိုက်ပြထားတာကို ကြည့်ဖူးပါတယ်။
အမျိုးသမီးများရဲ့ အခန်းကဏ္ဍတစ်ရပ်
ဒါကတော့ ပါလီမန်လွှတ်တော် အစည်းအဝေး ကျင်းပရာ ခန်းမကြီးပေါ့။
Parliament House ကနေ ဟိုးတစ်ဘက်မှာ လှမ်းမြင်နေရတာက War Memorial ပါ။
ပါလီမန်အိမ်တော်ရာမှထွက်ပြီး အပိုင်း - ၁ မှာ ပါခဲ့တဲ့ ပန်းပြပွဲကို ဆက်သွားခဲ့ပါတယ်။
ပန်းပြပွဲမှာ ဓာတ်ပုံတွေ တစ်ဝရိုက်၊ နေ့လည်စာစားပြီးမှ War Memorial ကို ထွက်ခဲ့တော့ နေ့လည်စောင်းနေပါပြီ။ ပြတိုက်အ၀င်မှာ မိုးက ရွာနေတာမို့ အ၀င်ဝကနေ ဓာတ်ပုံမရိုက်ခဲ့လိုက်ရပါဘူး။ အောက်ပုံက ပြတိုက်ထဲ ၀င်ပြီးမှ တွေ့ရတာပါ။ ဘေးနံရံနှစ်ဘက်လုံးမှာ ကမ္ဘာ့စစ်မှာ ပါဝင်ခဲ့တဲ့ နိုင်ငံအမည်များ အသီးသီးကို ရေးထိုးထားပါတယ်။
Burma လို့ အရင်က ခေါ်ဝေါ်သုံးစွဲခဲ့တဲ့ မြန်မာနိုင်ငံလည်း အပါအ၀င်ပါ။ သစ်ပင်ဘေးကပ်ရပ်ညာဘက်က Syria ဖြစ်ပြီး သူ့ဘေးက Burma ပါ။ အောက်က မြင်ရတဲ့ ကန်ထဲမှာတော့ အကြွေစေ့တွေ ပစ်ထားတာ ဖွေးလို့။ အင်္ဂလန်နိုင်ငံ Bath မြို့က ရှေးဟောင်းရောမရေနွေးကန်မှာလည်း ဒီလိုပဲ နိုင်ငံစုံက ပိုက်ဆံနဲ့အကြွေတွေ ပစ်ထည့်ထားတာ မြင်ခဲ့ဖူးတာကို သွားသတိရမိပါတယ်။
စစ်ပွဲဝင် သြစတြေးလျနိုင်ငံအကြောင်း တစေ့တစောင်း
ဒီပြတိုက်မှာလည်း ကြည့်စရာတွေ များပေမယ့် စုံအောင် မရောက်ခဲ့ပါဘူး။ စစ်ဝတ်စစ်စားတွေ၊ သေနတ်တွေ၊ တိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ စစ်ဗိုလ်စစ်သားတွေရဲ့ ပုံနဲ့တကွ သူတို့အကြောင်းလေးတွေကို အတူယှဉ်တွဲရေးသား ပြသထားပါတယ်။ ကြည်း၊ ရေ၊ လေ ကဏ္ဍအလိုက် အခန်းတွေ သီးခြားခွဲပြီး ကြည့်နိုင်ပါတယ်။
ဒီစာကတော့ အပေါ်က ဂျာမန်စစ်သားတစ်ယောက်ဆီက ဖမ်းဆီးရမိတဲ့သေနတ်နဲ့ ပတ်သက်ခဲ့တဲ့အကြောင်းတစ်စွန်းတစ်စပါ။
ကြည်းတပ်ပြခန်းထဲက မြင်ကွင်းတစ်ခု။
စစ်ပွဲမှာ အသက်ပေးကျဆုံးသွားသူများရဲ့ အမည်များကို ရေးထိုးဖော်ပြထားတာပါ။ ကွယ်လွန်သွားတဲ့ ကိုယ့်ဘိုးဘေးဆွေမျိုးများအတွက် အမှတ်တရ ဂုဏ်ပြုပန်းပွင့်လေးတွေ စိုက်လို့ရပါတယ်။ တကယ်တော့ ချစ်စရာပန်းနီနီလေးတွေက သက်သက်အလှဆင်ထားတာ မဟုတ်ဘူးဆိုတာ အနီးရောက်မှ သိပါတော့တယ်။
ဒါက War Memorial ကနေ စောစောက သွားခဲ့တဲ့ Parliament House ကို ပြန်လှမ်းရိုက်ထားတာပါ။
စစ်သမိုင်းပြတိုက်ကအထွက် ၀င်းကျယ်ကြီးထဲမှာ မြင်ရတဲ့ ချစ်စရာ ယုန်လေးတွေ...
အပိုင်း - ၃ မှာ ဆစ်ဒနီခရီးစဉ်ကို ဆက်ပ့ါမယ်။
ဇွန်မိုးစက်
ဖုန်တက်နေတဲ့ ဇွန်မိုးစက်ဘလော့ဂ်လေး ဖိနပ်တစ်ဖက်ပျောက်သွားမှပဲ အသက်ပြန်ဝင်လာပါတယ်။ ပျောက်သွားတဲ့ ဖိနပ်လည်း ပြန်မရဘူး။း( ခုတလော စိတ်တွေရှုပ်ပြီး အလုပ်ကလည်းများနေတာမို့ စိတ်အပန်းပြေသွားအောင်၊ ဘလော့ဂ်နဲ့လည်း အဆက်ပြတ်မသွားအောင် အောက်တိုဘာလဆန်းမှာ သွားခဲ့တဲ့ ခရီးတစ်ခုက အမှတ်တရ ပုံလေးတွေကို ပြန်တင်လိုက်ပါတယ်။
စက်တင်ဘာလ ၃၀ရက်နေ့ည သြစတြေးလျလေကြောင်းလိုင်းနဲ့ ဆစ်ဒနီကို ခရီးနှင်ခဲ့ပါတယ်။
အနှစ်အနှစ်အလလကတည်းက စီးဖို့ဆန္ဒရှိခဲ့တဲ့ Qantas လေကြောင်းလိုင်းဟာ တကယ်စီးကြည့်လိုက်တော့လည်း ၀န်ဆောင်မှုက သိပ်ကိုကျေနပ်စရာကောင်းပါတယ်။ ဒီ့ထက် ကျေနပ်စရာကောင်းတာက ဇွန့်ဘေးကပ်ရပ်က အရပ်မြင့်မြင့်နဲ့ ဥရောပတိုက်သားကောင်လေးက သိပ်ကို ချောပါတယ်။ လေယာဉ်တစ်စင်းလုံးမှာ အချောဆုံးယောက်ျားလေးတစ်ယောက်နဲ့ ဘေးချင်းကပ် ယှဉ်တွဲထိုင်ခွင့်ရတဲ့ငါဟာ သိပ်ကံကောင်းတာပါလားလို့ တွေးရင်း ပီတီတွေဝေပြီး ကျေကျေနပ်နပ်နဲ့ Qantas စီးခဲ့ရတာကိုက အမှတ်တရပါ။း))
အောက်တိုဘာလ ၁ရက်နေ့မနက်မှာ ဆစ်ဒနီကို ရောက်ခဲ့ပါပြီ။ လေယာဉ်ပြတင်းပေါ်က လှမ်းမြင်ရတဲ့ သမုဒ္ဒရာပင်လယ်ပြာနဲ့ ထိစပ်နေတဲ့ မြို့ဆစ်ဒနီဟာ သိပ်ကို လှပါတယ်။
နာမည်ကျော် Manly Beach ပါ။ ကမ်းခြေတစ်လျှောက် အဆုံးထိ လမ်းလျှောက်ခဲ့ပါတယ်။ ပျော်စရာလည်း ကောင်းခဲ့တာမို့ လိုက်ပို့ပေးတဲ့ မိတ်ဆွေအစ်မတစ်ယောက်ကို ကျေးဇူးတင်မိပါတယ်။
နောက်တစ်ရက်မှာ သြစတြေးလျရဲ့ မြို့တော် ကင်ဘာရာကို သွားဖြစ်ပါတယ်။ မြို့တော်မို့ ရောက်ဖူးလိုက်ချင်တာရော၊ နွေဦးပွဲတော်ပန်းပြပွဲလည်း ရှိနေတာကြောင့်ရော ဆစ်ဒနီကနေ ကင်ဘာရာကို ကားနဲ့ အသွား ၃နာရီ၊ အပြန် ၃နာရီကြာတဲ့ ခရီးကို လိုလိုချင်ချင် သွားလိုက်တာ အရမ်းမှန်သွားပါတယ်။ အရောင်စုံ၊ အသွေးစုံ ခတ္တာပန်းခင်းတွေကြားထဲ ဓာတ်ပုံရိုက်ခွင့်ရလိုက်တာနဲ့တင် ကင်ဘာရာခရီးစဉ်က တန်သွားပါပြီ။ ရုံးပိတ်ရက်မှာ မနက်အစောကြီးထလို့ ကားမောင်းပြီး တကူးတက လိုက်ပို့ပေးတဲ့အပြင် ဇွန့်ကင်မရာဘက်ထရီကုန်သွားလို့ သူယူလာတဲ့အုန်းသီးနဲ့ မညည်းမညူ ဓာတ်ပုံရိုက်ပေးခဲ့တဲ့ သူငယ်ချင်းကို ကျေးဇူးတွေ တစ်လှေကြီးတင်ပါတယ်။
ဟိုးအရင်က ဟော်လန်သွားမှ ဒီလို ခတ္တာပန်းခင်းနဲ့ ကြုံရမယ်လို့ထင်တာ ခုတော့ ဥရောပခရီးထိ တကူးတကသွားစရာမလိုဘဲ သြစတြေးလျမှာတင် ခရီးသွားဟန်လွှဲဆုံမိလို့ ပျော်ရွှင်ကျေနပ်စရာအတိပေါ့
ကင်ဘာရာမြို့လယ်က ရေကန် Lake Burley Griffin
Caption Cook Memorial ပါ
ရေစက်ရှိလို့ ဆုံရတယ်ပဲ ပြောမလား... လုံးဝမထင်မှတ်ထားဘဲ ကိုအန်ဒီတို့ မိသားစုနဲ့ ကင်ဘာရာက ပါလီမန်အိမ်တော်ရာရှေ့မှာ ဆုံမိပါတယ်။ အတူပါလာတဲ့ သူငယ်ချင်းက ကိုအန်ဒီ့စာဖတ်ပရိတ်သတ်ဖြစ်တဲ့အပြင် သူရော၊ ဇွန်ပါ ကိုအန်ဒီမိသားစုဓာတ်ပုံလည်း မြင်ဖူးထားတာကြောင့် မြန်မာစကားသံကြားလို့ လှည့်အကြည့်မှာ... ဟာ ကိုအန်ဒီတို့ မိသားစုပါလားဆိုပြီး ၀မ်းသာအားရ သွားနှုတ်ဆက်လို့ အမှတ်တရ ဓာတ်ပုံရိုက်ယူခွင့် ရခဲ့ပါတယ်။ ဆစ်ဒနီရောက် ဘလော့ဂါတွေထဲမှာ ကိုအန်ဒီနဲ့ မတီတီဆွိတို့ရှိမှန်း သိခဲ့ပေမယ့် သွားတဲ့ရက်ကနည်းပြီး တွေ့ရမယ့် အမျိုးတွေ များနေတဲ့အတွက် အကြောင်းမကြားဖြစ်လိုက်ပါဘူး။ ဒါပေမယ့် မမျှော်လင့်ဘဲ တွေ့ဆုံလိုက်ရတော့ ၀မ်းသာပျော်ရွှင်ရပြန်ပါတယ်။ မိသားစု ဓာတ်ပုံလေးတင်ဖို့ ခွင့်ပြုချက်ပေးတဲ့ We She Me ဘလော့ပိုင်ရှင် ကိုအန်ဒီနဲ့ မိသားစုကို ကျေးဇူးတင်ပါတယ်။း)
ဇွန်မိုးစက်
”စင်စင်” တစ်ယောက် မနက် ၇နာရီခွဲမှာ အပြေးအလွှားထ၊ ရေချိုးခန်းဝင်၊ မျက်နှာသစ်ပြီး ညက ရေခဲသေတ္တာထဲမှာ သိမ်းထားတဲ့ ထမင်းကြမ်းကို ကြက်ဥလေးနဲ့ အမြန်ကြော်၊ ပဲပြုတ်ဖြူးလို့ နံနက်စာ ထမင်းဗူးလေး ပြင်ဆင်ပြီး သွားတယ်။ ညနေရုံးအပြန်မှာ သူငယ်ချင်းတစ်ယောက်နဲ့ မင်္ဂလာညစာစားပွဲ သွားစရာကလည်း ရှိနေတာမို့ မီးပူတိုက်ပြီးသားထဲက အဖြူရောင်ဖဲသားအင်္ကျီနဲ့ ဘောင်းဘီတစ်ထည်ကိုပဲ ၀တ်လိုက်တယ်။ ရုံးသွားရုံးပြန် လွယ်နေကျအိတ်လေးက ရိုးတာမို့ ဘောင်းဘီအရောင်နဲ့လည်း လိုက်ဖက်တဲ့ မွေးနေ့လက်ဆောင်ရဖူးတဲ့ ခဲရောင်အိတ်လေးပဲ လွယ်သွားမယ်လို့ စိတ်ကူးပြီး ပစ္စည်းတွေကို ပြောင်းထည့်ရပြန်တယ်။ တစ်နေ့က ဘက်ထရီအားသွင်းရင်း ဖုန်းမေ့ကျန်ခဲ့လို့ ဗျာများခဲ့တာကို သတိရသွားပြီး ဖုန်းကို အိတ်ကပ်လေးထဲ မမေ့မလျော့ ထိုးသွင်းလိုက်ပြီးပြီဆိုရင် စင်စင်တစ်ယောက် ရုံးသွားဖို့ အဆင်သင့် ဖြစ်ပါပြီ။ ဒါတောင်… လေအေးပေးစက် အခန်းထဲရောက်နေရင် အလိုလိုချမ်းတတ်သူမို့ ညစာစားပွဲသွားတဲ့အခါ လိုရမယ်ရ အပေါ်ကထပ်ရုံဖို့ ပ၀ါ မေ့ကျန်နေတာ သတိရသွားလို့ ဧည့်ခန်းထဲရောက်ပြီးမှ အိပ်ခန်းထဲတစ်ခေါက် ပြန်ဝင်ယူလိုက်ရသေးတယ်။
တန်ဆောင်မုန်းလပြည့်နေ့ညက ၀ယ်ပြီးတင်ထားတဲ့ သစ်ခွပန်းပန်းဖြူဖြူလေးတွေနဲ့ ဘုရားစင်က ကြည်ညိုသပ္ပာယ်စရာကောင်းလိုက်တာလို့ တွေးရင်း ကြည်နူးစွာနဲ့ ဘုရားကန်တော့ပြီး အိတ်လွယ်လို့ အိမ်တံခါး ဖွင့်လိုက်တယ်။
“ဟင်….”
ဖိနပ်စင် အပေါ်ဆုံးကို လှမ်းအကြည့်မှာ စင်စင် တစ်ယောက် အံ့သြသွားတယ်။ စင်စင် ရုံးသွားတိုင်း စီးနေကျဖိနပ်က ဘယ်တစ်ရံပဲ ရှိတော့တယ်။ စင်ပေါ်က အောက်ကို ပြုတ်ကျစရာ အကြောင်းမရှိတာ သိနေပေမယ့် တွေ့လိုတွေ့ငြား ရှာကြည့်လိုက်တယ်။ မတွေ့ဘူး... လုံးဝကို မတွေ့ဘူး။ အဲဒါမှ… ပြဿနာပဲ။ နောက်ထပ်စီးစရာ အရံ formal ဖိနပ်က အဆင်သင့် ရှိမနေဘူး။ ၀တ်ထားတာက ဘောင်းဘီ၊ ညနေကျရင်လည်း ညစာစားပွဲ သွားရဦးမှာ။ ဒီဖိနပ်လေးက ရုံးသွားရုံးပြန်အပြင်၊ ပွဲနေပွဲထိုင် စီးလို့လည်း အဆင်ပြေတယ်။ လွန်ခဲ့တဲ့ သုံးလလောက်ကမှ ၀ယ်ထားတာ။ အရွတ်ပါးနေတဲ့ဒူးကြောင့် မြင့်လွန်း၊ နိမ့်လွန်းရင် စီးမရတဲ့ စင်စင်တစ်ယောက် ကိုယ့်ခြေထောက်နဲ့ သင့်တော်မယ့် ဖိနပ်ကို သေသေချာချာ အချိန်ပေးရှာထားတာ။ ကိုယ်ပုံမှန်သုံးနေကျတန်ဖိုးထက် အဆပေါင်းများစွာပေးရပေမယ့် ကိုယ့်ခြေထောက်နဲ့ သက်တောင့်သက်သာ အဆင်ပြေဖို့အတွက် မျက်စိမှိတ်ပြီး ၀ယ်ခဲ့ရတာ။ ၀ယ်တဲ့ဈေးနဲ့ထိုက်တန်အောင် အဆင်ပြေပြေစီးလို့ရပြီး ခြေထောက်လည်း မနာတော့တာမို့ ၀မ်းသာခဲ့ရတာ။
အတွေးတွေဆက်ပြီး စင်စင် ဒေါသတွေ ထွက်လာတယ်။ ဖိနပ်တစ်ဖက်တည်းကို ယူသွားတဲ့သူကိုလည်း အရမ်း စိတ်ဆိုးတယ်။ ဘယ်ညာနှစ်ရံလုံး ပျောက်ရင် လှူတယ်လို့ သဘောထားပြီး စိတ်ဖြေလို့ရတယ်။ ကိုယ်မစီးဖြစ်ရင်တောင် အခြားတစ်ယောက်စီးဖြစ်သွားတယ်ဆိုပြီး စိတ်ကျေနပ်လို့ ရသေးတယ်။ အခုဟာက…. တောက်!
လောလောဆယ် အတွေးတွေဖြတ်ပြီး ရုံးစီးသွားဖို့ ဖိနပ်ရှာရမယ်၊ ဟိုးအရင်က ၀ယ်ထားတဲ့ ဖိနပ်အမည်းတစ်ရံတော့ ရှိတယ်။ ဒါပေမဲ့ အဲဒါစီးလိုက်ရင် ခြေထောက်နာလို့ မစီးဖြစ်တာကြာပြီ၊ ဖုန်တွေတောင်တက်နေတယ်။ ကျန်တဲ့ဖိနပ်တွေကလည်း ရုံးစီးဖို့ အဆင်မပြေဘူး။ နောက်ဆုံးတော့ အိတ်ထဲက တစ်ရှူးကိုထုတ်၊ ဖုန်တက်နေတဲ့ ဖိနပ်ကိုသုတ်ပြီး ခြေထောက်နာနာနဲ့ပဲ ရုံးရောက်အောင် သွားခဲ့ရတယ်။ ဒီဖိနပ်ကိစ္စကြောင့် ရုံးကို ၁၅ မိနစ် နောက်ကျပြီးမှ ရောက်သွားတယ်။
တကယ်လို့များ ပျောက်သွားတဲ့ ဖိနပ်တစ်ဖက်ဟာ သာမန်ရိုးရိုးဖိနပ်တစ်ရံပဲ ဖြစ်ခဲ့မယ်ဆိုရင်၊ ဖိနပ်ပိုင်ရှင် စင်စင့်ခြေထောက်ဟာ ဘယ်ဖိနပ်ပဲဖြစ်ဖြစ် အဆင်ပြေပြေကောက်စီးလို့ရတဲ့၊ ဒူးနာဝေဒနာသာ မရှိခဲ့ဘူးဆိုရင်… စင်စင် အဲ့သည့်လောက်ထိ ခံစားရမှာ မဟုတ်ဘူး။ အခုတော့ ပြန်တွေးကြည့်တိုင်း တနုံနုံနဲ့ ခံစားနေရတယ်။
ဖိနပ်တစ်ဖက်ပဲကျန်တာ မြင်ကတည်းက စင်စင် သတိရလိုက်ပါတယ်။ ညက ကျီးမနိုးပွဲလုပ်ကြတယ်ဆိုတာ။ စင်စင်တို့နေတဲ့တိုက်မှာ မြန်မာတွေရှိတယ်။ ဒီကျီမနိုးပွဲကို ဖိနပ်တစ်ရံဝှက်ပြီး ဆင်နွှဲတယ်လို့ စင်စင့်စိတ်ထဲမှာ အသေအချာကို သိနေတယ်။ ဒါပေမယ့် တစ်ချို့ ရိုးရာယဉ်ကျေးမှုဓလေ့ဆိုတာ သူ့နိုင်ငံ၊ သူ့ရေမြေနဲ့ သင့်တော်ပေမယ့် တစ်ခြားတစ်နေရာအတွက် မသင့်တော်တာမျိုးတွေရှိတယ်။ မြန်မာပြည်က ကျီးမနိုးပွဲတွေမှာ ဖိနပ်တစ်ဖက်ကို လမ်းထိပ်မှာထားပြီး နောက်တစ်ဖက်ကို လမ်းဆုံးမှာ ထားလိုက်ရင် ပြန်ရသေးတယ်။ ဒါပေမယ့် စင်္ကာပူလိုနိုင်ငံလိုမျိုးမှာ တစ်ဖက်တည်းသော ဖိနပ်ကို တိုက်ရဲ့ထောင့်တစ်နေရာမှာ သွားထားလိုက်ရင် မနက်တိုင်း ရောက်လာတတ်တဲ့ သန့်ရှင်းရေး အလုပ်သမားတွေက အမှိုက်ပုံးထဲကို တန်းပြီး ပစ်ထည့်လိုက်မှာပဲ။
မနက်မိုးလင်းရင် အလုပ်ကို သုတ်သုတ်သွားရတဲ့ နိုင်ငံမှာ စီးနေကျ ဖိနပ်တစ်ဖက် ရုတ်တရက်ပျောက်သွားတာ အတော်ပဲ စိတ်ကသိကအောင့် ဖြစ်ရတယ်။ ဖိနပ်တစ်ရံရဲ့နောက်မှာ ယူသူမသိတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေရှိတယ်၊ ဖိနပ်ပိုင်ရှင်ဟာ နောက်ထပ်ဆင်တူအသစ်တစ်ရံ ထပ်ဝယ်ဖို့ အားထုတ်နိုင်သူ ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဈေးကြီးပေးပြီးမှ ၀ယ်ဖြစ်တဲ့ ဖိနပ်တစ်ရံရဲ့ နောက်ကြောင်းရာဇ၀င်ဆိုတာလည်းရှိတယ်။ ဖိနပ်ပိုင်ရှင်ရဲ့ သက်သာနေတဲ့ ခြေထောက်က အခြားအဆင်မပြေတဲ့ ဖိနပ်ပြောင်းစီးလိုက်ရလို့ ပြန်နာသွားတဲ့ အခြေအနေမျိုးလည်း ဖြစ်သွားနိုင်တယ်။ သူများစိတ်ဆင်းရဲပြီးမှ ပျော်ရတဲ့ ဒီလိုကျီးမနိုးပွဲမျိုးကိုတော့ စင်စင် မကြိုက်ဘူး။ တစ်စုံတစ်ယောက်ရဲ့တစ်နေ့တာ အစကနေ အဆုံး ဘယ်လောက်ထိ ထိခိုက်သွားရသလဲဆိုတာ… ကာယကံရှင် စင်စင်တစ်ယောက်ထက်ပိုပြီး ဘယ်သူသိနိုင်ဦးမှာလဲ။
ခုတော့ စင်စင်တစ်ယောက် ဖိနပ်လေးတစ်ဖက်ကိုင်လို့ ပျောက်တဲ့တစ်ဖက်ပဲ ရှာပုံတော် ဖွင့်မရလိုလို။ တစ်ခုတော့ရှိတယ်… ပျောက်သွားတဲ့ဘက်က ညာဆိုတော့ ဘယ်နဲ့ယှဉ်ရင် နဲနဲလေးတော့ ချောင်နေတယ်။ ဖိနပ်စွပ်လိုက်ရင် ကွက်တိဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ ဖိနပ်ပိုင်ရှင်က ကျီးမနိုးပွဲမှာ မထင်မှတ်ဘဲ ဖိနပ်တစ်ဖက်နဲ့ ကျန်ရစ်ခဲ့ရှာတဲ့ စင်ဒရဲလားတစ်ဖြစ်လဲ စင်စင်ဆိုတာ အသေအချာပါပဲ။
ဇွန်မိုးစက်
(၁၁ရက် ၁၁လ ၂၀၁၁ မှာ ပျောက်ဆုံးသွားသော ဖိနပ်တစ်ဖက်အတွက်)
Subscribe to:
Posts
(
Atom
)





