နှုတ်ဆက်လိုက်တယ် ၂၀၀၉

10

Category:

အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ဆုံတွေ့ကြတိုင်း အများဆုံးပြောဖြစ်တဲ့ စကားလုံးလေးက “အချိန်တွေ အကုန်မြန်လိုက်တာ” တဲ့။ “စကာင်္ပူမှာ အချိန်တွေ သိသိသာသာအကုန်မြန်လိုက်တာ၊ မြန်မာပြည်မှာဆို အဲလောက်မမြန်သလိုပဲ” တဲ့။ မြန်ဆို စလုံးကလည်း ဟောင်ကောင်နဲ့ အချိန်တူအောင်ညှိထားကိုး..နော်။ တကယ်လည်းမြန်တယ်။ တစ်နေ့တစ်နေ့ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ် ပတ်ချာလည်နေရင်း ဟော..တစ်နှစ်၊ ဟော..တစ်နှစ်နဲ့ ကုန်သွားလိုက်တာ အခုလည်း ကုန်ပြန်တော့မယ်။

နှစ်တစ်ကုန်တိုင်း ကိုယ်ဖာသာပြန်ဆန်းစစ်တတ်တဲ့ အလေ့အကျင့်ရှိခဲ့တာ စင်္ကာပူရောက်ပြီးမှပါ။ ၂၀၀၉ ကတော့ ကိုယ်ဖြတ်သန်းခဲ့တဲ့ဘ၀ခရီးတစ်လျှောက် အားအရဆုံးနဲ့ အကျေနပ်ဆုံး နှစ်တစ်နှစ် ဖြစ်နေခဲ့ပါတယ်။

ပြန်တွေးကြည့်တော့ ဒီနှစ်ထဲမှာ ရက်ရှည်တရားစခန်းနှစ်ခါ၊ ရက်တို တရားစခန်းတစ်ခါ ၀င်ဖြစ်ခဲ့တယ်။ သဒ္ဓါဆွမ်းနဲ့ မိသားစုဝင်တွေရဲ့ မွေးနေ့တွေအတွက် ရည်စူးပြီး အလှူတွေလည်း လုပ်ဖြစ်ခဲ့တယ်။ အဘိဓမ္မာ တရားတော်၊ ၀ိသုဒ္ဓိမဂ္ဂနဲ့ ပဋ္ဌာန်းတရားတော်တွေလည်း သင်ကြားခွင့် ရခဲ့တယ်။

ဒါ့အပြင် မထင်မှတ်ဘဲ ဘလော့တွေလိုက်ဖတ်ရာက  ဆက်စပ်မိပြီး ကိုယ်ဆန္ဒရှိဖူးတဲ့ လုပ်အားပေး စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ခွင့် ရခဲ့တယ်။ အဲဒီအတွက် မသီတာနဲ့ မနုသွဲ့ကို  ကျေးဇူတင်ပါတယ်။ အဲဒီကနေဆက်ပြီး စီမံကိန်းလေးတစ်ခုလည်း အကောင်အထည်ဖော်ဖို့ အခွင့်ကြုံခဲ့တယ်။ ကိုယ်ကိုယ်တိုင်လည်း ဘလော့လေးလုပ်ဖြစ်တော့ အမှတ်တရ ဖြစ်သွားတယ်။ မိတ်ဆွေသူငယ်ချင်းတွေလည်း အများကြီးတိုးပွားခဲ့တဲ့ နှစ်တစ်နှစ်ပါ။ ဓမ္မမိတ်ဆွေ၊ လုပ်အားပေးကျောင်း မိတ်ဆွေတွေအပြင် ဘလော့ဂါမိတ်ဆွေတွေလည်း ရခဲ့တယ်လေ။း)

စိတ်ပျက်စရာမကြုံခဲ့ဘူးလားမေးရင် ကြုံခဲ့တာပေါ့။ အဖေကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင်တဲ့ အချိန်မှာ အိမ့်တာဝန်တစ်ခုလုံး ကိုယ့်ပုခုံးမှာ တင်ထားရသလို ဖြစ်ခဲ့လို့ သောကတွေ ဝေခဲ့ရပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းဦးဥက္ကံပြောတဲ့ ကောင်းတာလုပ်ရင် ကောင်းတာတွေပဲဖြစ်မယ်ဆိုတာလေးကို နှလုံးသွင်းပြီး ခက်ခဲတဲ့အချိန်တွေ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ (ကိုယ်အခက်အခဲကြုံခဲ့ချိန်မှာ အကူအညီပေးခဲ့ကြတဲ့ သူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါရစေ)။ ကိုယ့်ဆီ သူငယ်ချင်းမိတ်ဆွေတွေက အကူအညီ တောင်းလာရင်လည်း တတ်စွမ်းနိုင်သလောက် ကူညီခဲ့ပါတယ်။ နှစ်စကတည်းက ရည်မှန်းပြီး မလုပ်နိုင်၊ မလုပ်ဖြစ်ခဲ့တာက အဘိဓမ္မာစာမေးပွဲဖြေဖို့ပါ။ အတန်းတက်ချိန်ပဲရပြီး စာကျက်ချိန်မရလိုက်ဘူး။ ဒါကြောင့် ဒီနှစ်တော့ အဘိဓမ္မာဖြေမယ်ဟေ့လို့ မကြုံးဝါးရဲတော့ပါဘူး။ :D

၂၀၀၉ ခုနှစ်ထဲမှာ အမှတ်ရစရာတွေကတော့ ကိုယ့်အခင်ဆုံး မိန်းကလေး သူငယ်ချင်းတွေနဲ့ မလက္ကာတစ်ရက်ခရီး သွားခဲ့တာရယ်၊ ထီတစ်ခါပေါက်ဖူး လိုက်တာရယ်၊ အမြဲနေထိုင်ခွင့်ကျခဲ့တာရယ်၊ မရည်ရွယ်ဘဲ ဆရာမဖြစ်ခဲ့တာရယ်၊ အမှတ်တရစာအုပ်မှာ ဆရာမဂျူးရဲ့လက်မှတ် ရလိုက်တာလေးတွေရယ်ပါ။ ဖိုးစိန် အပါအ၀င် အခြားအခြားသော ဘလောဂါမောင်နှမများနဲ့ ဆုံတွေ့ခွင့်ရခဲ့တာလည်း ချန်လှပ်ထားလို့ ဘယ်ရမလဲ နော့။း)

နှစ်တစ်နှစ်ရဲ့ သုံးပုံတစ်ပုံကို တစ်ပတ်ခုနှစ်ရက်လုံးလုံး မနားဘဲ အကျိုးရှိရှိ အသုံးချခွင့်ရခဲ့တာတော့ ကိုယ်အကျေနပ်ဆုံးပါ။ သူငယ်ချင်းတွေက မေးကြ၊ ပြောကြတယ် နင်ပင်ပန်းနေမှာပေါ့တဲ့။ တကယ်လည်း ကိုယ်ပင်ပန်းတာပေါ့၊ စက်တင်ဘာလဆန်းကစပြီး စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်နှစ်ရက်လုံး ကိုယ်မနား ခဲ့ပါဘူး။ ဒါပေမယ့်လည်း တစ်နေ့တာ ကိုယ်လုပ်ခဲ့တာလေးတွေးပြီး အမောဖြေလိုက်နိုင်ပါတယ်။ ကိုယ့်ရဲ့နေ့ရက်တွေကို အကျိုးရှိစွာ အသုံးချခွင့် ရလိုက်တယ်ဆိုရင်ပဲ ကိုယ်ဖြတ်သန်းခဲ့ရတဲ့နေ့တွေက ကိုယ့်အတွက် အဓိပ္ပာယ် ရှိသွားခဲ့ပါတယ်။ အဲလိုနေ့လေးတွေ စုစည်းလိုက်တော့ ကိုယ့်ရဲ့ ၂၀၀၉ က နေပျော်ခဲ့ပါတယ်။

ဒီနှစ် ဒီလိုနေထိုင်နိုင်ခဲ့ပေမယ့် နောက်တစ်နှစ်က အဲလိုဖြစ်ချင်မှဖြစ်မှာ။ ဖြစ်နိုင်မယ်ဆိုရင် ၂၀၁၀ ကိုလည်း ၂၀၀၉ တုန်းကလိုပဲ အကျိုးရှိစွာ၊ အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းချင်ပါတယ်။ ဖြတ်သန်းခွင့်ရအောင်လည်း ကြိုးစားရပါအုံးမယ်။

နောက်ပြန်မသွားတော့တဲ့ အချိန်တွေထဲ ၂၀၀၉ ကိုလည်း နှုတ်ဆက်ရ ပြန်တော့မယ်။ တရားစခန်းသိမ်းပွဲမှာ ဆရာတော် ပြောလေ့ရှိတဲ့ နှုတ်ဆက်ခြင်းမျိုးနဲ့ပဲ ကိုယ်လည်း နှုတ်ဆက်ချင်ပါတယ်။ မကောင်းတဲ့ အကုသိုလ်စိတ်တွေ နှစ်ဟောင်းမှာ ဖယ်ရှား ထုတ်နှုတ်ခဲ့ပြီး၊ ကောင်းတဲ့ ကုသိုလ်စိတ်တွေနဲ့ အတူ နှစ်သစ်ကို ဆက်ကြရအောင်။

အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံနိုင်ကြပါစေ။ ပျော်ရွှင်ရတဲ့ ၂၀၁၀ ဖြစ်ပါစေ။ :)


ဆန္ဒမွန်များစွာနဲ့
ဇွန်မိုးစက်


ဆရာမဂျူးနဲ့ အမှတ်တရ

9

Category:

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က စကာင်္ပူနိုင်ငံမှာ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ စာပေဟောပြောပွဲကို ကိုယ်တက်ရောက်ခဲ့ပါတယ်။ ကိုယ့်ဘ၀မှာ ပထမဆုံးအကြိမ် တက်ရောက်ဖူးတဲ့ စာပေဟောပြောပွဲပါ။ ကိုယ့်သူငယ်ချင်းက ကြော်ငြာစာရွက် တွေ့တွေ့ချင်း ၀မ်းသာအားရ ကိုယ့်ကို အကြောင်းကြားလို့ ကိုယ်လည်း လက်မှတ်စရောင်းပြီဆိုကတည်းက အစောကြီးဝယ်ထားလိုက်တယ်။ ပါဝင်ဟောပြောမယ့် စာရေးဆရာတွေက ဆရာနေ၀င်းမြင့်၊ ဆရာမဂျူးနဲ့ ဆရာချစ်ဦးညိုပါ။

အမှန်အတိုင်းပြောရရင် စာရေးဆရာသုံးယောက်မှာ ဆရာမဂျူးရဲ့စာတွေနဲ့ အရင်းနှီးဆုံးပါ။ ဆရာမရဲ့ဆောင်းပါးတိုင်း၊ စာအုပ်တိုင်း ကိုယ်ဖတ်ဖူးပေမယ့် ကျန်တဲ့ဆရာနှစ်ယောက်ရဲ့ စာအုပ်အနည်းငယ်သာ ဖတ်ဖူးတာပါ။ ကိုယ့်အကြိုက်ဆုံးစာရေးဆရာကို လူကိုယ်တိုင် တွေ့ရတော့မယ်ဆိုတာတွေးရင်း ပီတိဖြစ်မိပါတယ်။

တကယ်တော့ ဆရာမနဲ့ လွန်ခဲ့တဲ့၃နှစ်ခွဲလောက်က သိပ္ပံမဂ္ဂဇင်း ၂၆နှစ်ပြည့် အထူးထုတ်အတွက် စာမူသွားတောင်းဖူးလို့ လူချင်းဆုံဖူးပါတယ်။ အဲဒီတုန်းက ဆရာမဆောင်းပါးပါစေချင်တာနဲ့ ကိုယ့်ဖာသာ ဆရာမစာအုပ်ထဲကလိပ်စာအတိုင်း ရောက်အောင်သွားပြီး စာမူတောင်းခဲ့ပါတယ်။ ဆရာမကအပြင်သွားဖို့အထွက်၊ လှေကားအတက်အဆင်းမှာဆုံလို့ လိုရင်းပဲပြောပြီး ပြန်လာခဲ့ရတယ်။

နောက်တစ်ခေါက် ဆရာမဆီ စာမူသွားယူတော့ ဆရာမ ပြန်မရောက်လာသေးလို့ ဆရာမအိမ်မှာ တော်တော်ကြာကြာစောင့်ခဲ့ရပါသေးတယ်။ ဆရာမအဖေ ဘဘက ကိုယ်နဲ့လုပ်ဖော်ကိုင်ဖက်ညီမလေးကို စကားတွေပြောပြီးဧည့်ခံခဲ့တာ ကိုယ်မမေ့ပါဘူး။ ဘဘကအရမ်းသဘောကောင်းပါတယ်။
ကျန်းမာရေး အလွန်ကောင်းသူဖြစ်ပြီး အသက်ရှစ်ဆယ်အရွယ်ထိတိုင်အောင် တစ်ခါမှ ခေါင်းမူးခေါင်းကိုက်တောင် မဖြစ်ဖူးပါဘူးလို့ ပြောပါတယ်။ လှေကားအတက်အဆင်းလည်း ကောင်းကောင်းလုပ်နိုင်ပါတယ်တဲ့။ သမီးဖြစ်သူနှစ်ယောက်က အဖေ့ကိုစိတ်ပူလို့ လက်တွဲပြီး ဆင်းရင်တောင် သူကမကြိုက်ချင်ပါဘူး။

ဘဘက ရှေးကနာရီအကြီးကြီးတွေပြင်ရတာ ၀ါသနာပါ ပါတယ်။ တစ်ခြားလုပ်စရာမရှိရင် သူက နာရီပြင်နေရရင် အပျင်းပြေပြီး ပျော်ရွှင်ကျေနပ်နေသူပါတဲ့။ ဘာသာတရားနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေလည်း အများကြီး ပြောပြပါသေးတယ်။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး သူရေးထားတဲ့ စာအုပ်တစ်အုပ် စာပေစီစစ်ရေးက မကျသေးဘူးဆိုတဲ့ အကြောင်းလည်း ပြောပါတယ်။ ဆရာမညီမ ဧည့်ခံတဲ့ အအေးကိုသောက်ရင်း ဘဘပြောတဲ့အကြောင်းတွေနားထောင်နေရင်း အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ ဘဘက စကားပြော အလွန်ကောင်းသူ တစ်ယောက်ပါ။

ဆရာမပြန်ရောက်လာတော့ ကွန်ပျူတာအသင့်စီထားပြီးသား စာမူလေးပေးပါတယ်။ မီးပျက်နေလို့ ကွန်ပျူတာစာစီနောက်ကျသွားတဲ့အကြောင်း ပြောပါတယ်။ "သမီးက ဆရာမရဲ့ ပရိတ်သတ်ပါ" လို့ ကိုယ်ကပြောတော့ "သြော်... ၀မ်းသာပါတယ်ကွယ်၊ အားပေးတာကျေးဇူးတင်ပါတယ်" လို့ ဆရာမက ပြန်ပြောပါတယ်။ ဆရာမနဲ့တွေ့ရင် ပြောချင်တာတွေအများကြီးရှိပေမယ့် အချိန်မရလို့ အဲလောက်ပဲ ပြောဖြစ်ခဲ့ပြီး ရုံးကိုအပြေးပြန်ခဲ့ရပါတယ်။ ကိုယ့်ဘ၀မှာ အဲဒီအချိန်တုန်းက ဆရာမနဲ့ တွေ့လိုက်ရတာ တကယ့်ကို အမှတ်တရရှိခဲ့ပါတယ်။

ခုတစ်ခေါက်ကျတော့ ဆရာမကိုလည်းထပ်တွေ့ရ၊ ဟောပြောတာလည်း နားထောင်ရဦးမယ်ဆိုတော့ အတိုင်းမသိ ၀မ်းသာနေတာ အမှန်ပါ။ နောက်ပြီး လွန်ခဲ့တဲ့ ၁၃နှစ်လောက်က ၀ယ်ထားတဲ့ ဆရာမရဲ့ အမှတ်တရ စာအုပ်မှာ ဆရာမရဲ့လက်မှတ်ကို အမှတ်တရ တောင်းမယ်ဆိုပြီး ကိုယ့်စိတ်ထဲမှာ ကြံစည်ထားပါတယ်။ အမှတ်တရ၀တ္ထုနဲ့ပတ်သက်ပြီး ကိုယ်ငယ်ငယ်က အမှတ်ရခဲ့တာလေး ရှိပါတယ်။

ကိုယ် ၅တန်း ၆တန်းလောက်က နယ်က ကိုယ့်အဒေါ်တွေ အိမ်မှာလာတည်းတော့ စာအုပ်ဆိုင်သွားတိုင်း အမှတ်တရပဲငှားတာ ကိုယ်တွေ့တွေ့နေရပါတယ်။ အဲဒီအချိန် ကိုယ်က ၀တ္ထုမဖတ်သေးပါဘူး။ တစ်ခါလာလည်း ဒီစာအုပ်၊ တစ်ခါလာလည်း ဒီစာအုပ်ဆိုတော့ ကိုယ်တော်တော်  စိတ်ဝင်စားသွားပါတယ်။ စာအုပ်ကလည်း သေးသေးလေး၊ ဘာကြောင့် ဒီလောက်သူတို့ကြိုက်ရတာလဲ ဆိုပြီးတော့ တွေးမိပေမယ့် စာအုပ်တော့ မဖတ်ဖြစ်လိုက်ပါဘူး။ မေမေက အဲဒီအချိန်က ကိုယ့်ကို အချစ်ဝတ္ထုတွေ ပေးမဖတ်တာ ကြောင့်လည်း ပါပါတယ်။ နောက် ၈တန်းနှစ်လောက်ရောက်လာတဲ့ အခါကျတော့ "မရှိမဖြစ်မိုး" က ရုပ်ရှင်အဖြစ်နဲ့ နာမည်ကြီးနေချိန်၊ ကိုယ်လည်း အဲဒီဝတ္ထုကို ဖတ်မိပါတယ်။ ကိုယ်ပထမဆုံးဖတ်ဖြစ်တဲ့ ဆရာမရဲ့ဝတ္ထုက "မရှိမဖြစ်မိုး" လို့ ပြောရမှာပါ။

တစ်ရက်ကျတော့ အတန်းထဲက သူငယ်ချင်းတစ်ယောက်က ကိုယ့်ကိုလာမေးပါတယ်။ "နင် ဂျူးရဲ့ အမှတ်တရ ဖတ်ဖူးလား" တဲ့။ "ဟင့်အင်း" လို့ ကိုယ်ကပြောတော့ ငါ့ဆီမှာ ရှိတယ်ဆိုပြီး ကိုယ့်ကို ပေးပါတယ်။ စာအုပ်မြင်တော့ ကိုယ်အံ့သြသွားလိုက်သေးတယ်။ ကိုယ်သိခဲ့ဖူးတဲ့ စာအုပ်သေးသေးလေး မဟုတ်ဘဲ ပေဖူးလွှာ မဂ္ဂဇင်း ၃အုပ်ဖြစ်နေလို့ပါ။ အခန်းဆက်ဝတ္ထုတဲ့။ အိမ်က စာအုပ်စင်ထဲက မထင်မှတ်ဘဲတွေ့တာလို့ သူငယ်ချင်းကဆက်ပြောပါတယ်။ ကိုယ်အရမ်းပျော်သွားပြီး မုန့်စားကျောင်းဆင်းချိန်မှာ ထမင်းစားရင်း ဖတ်လိုက်ရပါတယ်။ သူက အိမ်ကိုလည်း မငှားတဲ့အခါကျတော့ ကျောင်းမှာပဲ အားတဲ့အချိန်မှာ လုပြီးဖတ်ရပေမယ့် ကိုယ်အရမ်းကြိုက်သွားခဲ့ပါတယ်။ အဲတော့မှ ကိုယ့်အဒေါ်တွေ ဘာကြောင့် ဒီစာအုပ်ခဏခဏဖတ်ကြတာလည်း ကိုယ်သဘောပေါက်သွားပါတယ်။ ကိုယ်လည်းဆရာမရဲ့ ပရိတ်သတ်ဖြစ်သွားတာ ခုချိန်ထိပါပဲ။

အထက်တန်းပြီးလို့ စာအုပ်ဆိုင်တွေ ရောက်ဖြစ်တော့ ကိုယ်အရင်ဆုံးဝယ်မိတဲ့ စာအုပ်က အမှတ်တရပါ။ စာအုပ်ဝယ်ပြီး အိမ်မှာသေသေချာချာပြန်ဖတ်လေ ခံစားရလေပါပဲ။ ဆရာမကတော့ ဟောပြောပွဲမှာ ပြောသွားပါတယ်။ အမှတ်တရလို စာမျိုး ခုချိန်မှာ ကျွန်မ မဖန်တီးနိုင်တော့ပါဘူးတဲ့။ ကိုယ်ကြိုက်ခဲ့တာ အမှတ်တရတစ်ပုဒ်တည်း မဟုတ်ခဲ့ပါဘူး။ ဆရာမဖန်တီးတဲ့ စာအကုန်နီးပါးကြိုက်သူပါ။ အမှတ်တရ ကတော့ မူရင်းမဂ္ဂဇင်းက အခန်းဆက်ကို အရင်ဖတ်ခဲ့ရလို့ ကိုယ့်အတွက် အမှတ်တရဖြစ်ခဲ့ပါတယ်။

စာပေဟောပြောပွဲမစခင် ဆရာနှစ်ယောက်နဲ့ ဆရာမတို့ စာအုပ်တွေမှာ ကိုယ်တိုင်လက်မှတ်ထိုးပေးနေကြ တာတွေ့တော့ အရမ်းပျော်သွားပြီး စာရေးဆရာ ၃ ယောက်လုံးရဲ့ လက်မှတ်တွေ အမှတ်တရ ရယူခဲ့ပါတယ်။ စာရေးဆရာ ၃ ယောက်လုံးရဲ့စာအုပ်တွေ ရောင်းပေးတော့ ကိုယ်နှစ်သက်ရာဝယ်ပြီး သူတို့ဆီမှာ လက်မှတ်သွားထိုးလို့ ရပါတယ်။ ကိုယ်က ကိုယ့်ဆီမှာ ရှိပြီးသား စာအုပ်ယူသွားခဲ့တော့ အသစ်မ၀ယ်ဖြစ်ပါဘူး။ (ဆရာမ စာအုပ်အကုန်လုံးလည်း ဖတ်ပြီးသား၊ ရှိပြီးသားတွေကြောင့်လည်း ပါ ပါတယ်) ဆရာနေ၀င်းမြင့်ရဲ့ "ချစ်သူနှင့် ခရီးသွားခြင်း" စာအုပ်တော့ ၀ယ်ခဲ့ပါတယ်။

ဆရာမရှေ့ရောက်တော့ ကျွန်မယူလာခဲ့တဲ့ အမှတ်တရစာအုပ်လေးထုတ်ပြီး သမီးကို ဒီစာအုပ်လေးမှာ ထိုးပေးနိုင်မလားလို့ မေးရင်း စာအုပ်ပေးလိုက်ပါတယ်။ ဆရာမကမေးပါတယ်။ "သမီးဘယ်တုန်းက ၀ယ်ထားတာလဲ" တဲ့။ "၉၇ တုန်းကပါ ဆရာမ" လို့ ကိုယ်က ၀မ်းသာအားရပြန်ဖြေခဲ့ပါတယ်။ ဆရာမက လက်မှတ်ထိုးပြီးတော့ အောက်က စာအုပ်ဆိုင်တံဆိပ်မြင်တော့ "သြော်..အမေ့အိမ်က ၀ယ်တာပဲ" လို့ ပြောလိုက်ပါသေးတယ်။ 

ခုဆို ကိုယ့်ရဲ့ အမှတ်တရ စာအုပ်ဟောင်းလေးမှာ ဆရာမရဲ့ အမှတ်တရ လက်မှတ်လေးနဲ့ပေါ့။ :)




ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

I See You

3

Category:

ဒီသီချင်းလေးက အခုနာမည်ကြီးနေတဲ့ "Avatar" ရုပ်ရှင်ဇာတ်ကားရဲ့ Theme Song တစ်ပုဒ်ပါ။ ရုပ်ရှင်ပြီးပြီးချင်း end credits မှာ သီချင်းအစပိုင်းခဏလေး နားထောင်လိုက်ရကတည်းက နှစ်သက်မိသွားတာ။ အဲဒီတုန်းက သီချင်းအဆုံးထိနားမထောင်လိုက်ဖြစ်သလို သီချင်းအဆိုရှင်လည်း မဝေခွဲလိုက်နိုင်ပါဘူး။

နောက်တော့ ကိုယ့်မောင်လေးက you tube ကနေ အဲဒီ့သီချင်းနားထောင်နေတယ်ဆိုမှ ကိုယ်လည်း သူပေးတဲ့ link ကနေ ၀င်ကြည့်မိပါတယ်။ ရုပ်ရှင်လည်း ကိုယ်ကအရမ်းကြိုက်ပြီးသား၊ သီချင်းလည်း အစအဆုံးနားထောင်ပြီး ပိုကြိုက်သွားပါတယ်။ ကိုယ့်အကြိုက်ဆုံးသီချင်းတွေစာရင်းထဲမှာ ထိပ်ဆုံးကပါသွားပါပြီ။ ဆိုတဲ့သူကလည်း အဆိုရော အသံပါ ပိုင်နိုင်တဲ့ Leona Lewis ပါ။

ကိုယ့်အတွက်တော့ ရုပ်ရှင်ရော သီချင်းပါ emotionally touch ဖြစ်လို့ သီချင်းလေးနဲ့အတူ ခံစားရအောင် စာသားလေးတွေရှာပြီး တင်လိုက်ပါတယ်။ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေနဲ့အတူကြည့်ပြီး နားထောင်ရတာက သီချင်းစာသားတွေရဲ့ အဓိပ္ပာယ်ကို ပိုပြီးပေါ်လွင်စေပါတယ်။

အောက်က link မှာ သီချင်းစာသားလေးနဲ့အတူ ခံစားကြည့်နိုင်ပါတယ်။



I See You

I see you
I see you

Walking through a dream
I see you
My light in darkness breathing hope of new life
Now I live through you and you through me
Enchanting
I pray in my heart that this dream never ends

I see me through your eyes
Living through life flying high
Your love shines the way into paradise
So I offer my life as a sacrifice
I live through your love

You teach me how to see
All that's beautiful
My senses touch your word I never pictured
Now I give my hope to you
I surrender
I pray in my heart that this world never ends

I see me through your eyes
Living through life flying high
Your love shines the way into paradise
So I offer my life,
I offer my love, for you

When my heart was never open
(and my spirit never free)
To the world that you have showned me
But my eyes could not division
All the colours of love and of life even more
Evenmore

(I see me through your eyes)
I see me through your eyes
(Living through life flying high)
Flying high
Your love shines the way into paradise
So I offer my life as a sacrifice
And live through your love
And live through your life

I see you
I see you

ဇွန်မိုးစက်

8

Category: ,

ဒီနာမည် ဘာလို့ပေးတာလဲဆိုပြီး တစ်ချို့မိတ်ဆွေတွေ ကိုယ့်ကိုမေးကြတယ်။ ကိုယ်လည်း ဒီအကြောင်းလေးရေးဖို့ စိတ်ကူးရှိပြီးသား ဖြစ်နေလို့ ရေးလိုက်ပါတယ်။

ဇွန်မိုးစက် ဆိုတဲ့နာမည်က ကိုယ်ကိုယ်တိုင်ပေးခဲ့တာပါ။ ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါခဲ့တဲ့ကိုယ် ဆယ်တန်းစာမေးပွဲဖြေပြီးနောက်ပိုင်း စာတွေပိုဖတ်ဖြစ်ပြီး စာရေးချင်စိတ်ကလည်း ပြင်းပြလာတယ်။ တက္ကသိုလ်ကျောင်းတွေလည်း တော်တော်နဲ့မဖွင့်သေးလို့ အပြင်သင်တန်းကျောင်းတွေတက်ရင်းနဲ့ စာတွေဖတ်ပြီး နေ့ရက်တွေကုန်လွန်ခဲ့တယ်။ ကိုယ်စဉ်းစားမိတဲ့ဇာတ်လမ်းအကြောင်းအရာတွေ ခေါင်းထဲမှာ စီရင်း ချရေးဖြစ်တယ်။ စာရေးပြီးတော့ မဂ္ဂဇင်းတိုက်ကို ပို့ချင်လာတယ်ဆိုပါတော့။

အဲဒီကျတော့ ကလောင်နာမည်လိုလာပြီလေ။ ကလောင်နာမည် အရင်မစဉ်းစားထားဘဲ စာအရင်ရေးတာကိုး။ ဒါနဲ့ ကိုယ့်ဘာသာနာမည်ပေးဖို့ စဉ်းစားရတော့တာပေါ့။

ကိုယ်က ဇွန်လမှာမွေးခဲ့တဲ့သူမို့လားတော့မသိဘူး ဇွန်ဆိုတဲ့နာမည်ကို အရမ်းကြိုက်တယ်။ ပန်းဆိုရင်လည်း ဇွန်ပန်း၊ ဇီဇ၀ါပန်း၊ စပယ်ပန်းတွေကို ကြိုက်တာ။ အဂါင်္နံထွန်းတဲ့ နာမည်တွေကို ကြိုက်ရုံမက အဂါင်္တွေနဲ့လည်း တော်တော်အကျိုးပေးတဲ့သူပါ။ ကိုယ့်မောင်လေး အစ၊ ကိုယ့် သူငယ်ချင်းတွေ အလယ်၊ ထားခဲ့ဖူးတဲ့ ရည်းစား အဆုံး အဂါင်္နေ့ဖွားတွေချည်းပဲ။ (ခုတောင် အင်္ဂါသမီးလေးယောက်နဲ့ အတူနေနေရတာနော်) ထားပါလေ... စကားပြန်ဆက်တော့ ဇွန်ကိုကြိုက်ပေမယ့် တွဲပေးဖို့နောက်နာမည်လိုနေတယ်။ တကယ်ကိုယ်ပေးချင်တဲ့ နာမည်နောက်တစ်ခုက "ဇူလိုင်မိုး"၊ ကိုယ်ဖတ်ဖူးတဲ့ ရုပ်ပြစာအုပ်တစ်ချို့မှာ ဇာတ်လမ်း ဂျူလိုင်မိုးဆိုပြီး တွေ့ဖူးတယ်။ အဲဒီတော့ ကိုယ်ပေးချင်တဲ့ နာမည်နဲ့ တော်တော်ဆင်နေတယ်။ ကိုယ်ကလည်းပေးရင် ဒီ ဇွန်၊ ဇူလိုင်ထဲက မထွက်ချင်ဘူး။ အဲဒီအချိန် ကိုယ့်ခေါင်းထဲမှာ စဉ်းစားပြီးချမရေးဖြစ်သေးတဲ့ ဇာတ်လမ်းထဲက ကောင်မလေးနာမည်က "မိုးစက်မှုန်"။

တကယ်တော့ ကိုယ်က 'မိုး' ဆိုတဲ့နာမည် မကြိုက်လို့ မသုံးချင်ဘူး။ အပြင်မှာ ကိုယ်မချစ်မနှစ်သက်တဲ့ သူတစ်ယောက်ရဲ့နာမည်ဖြစ်နေလို့။ ဒါပေမဲ့ နောက်ဆုံး ဇွန်ရယ်၊ ဇူလိုင်မိုးရယ်၊ မိုးစက်မှုန်ရယ် နာမည်တွေထဲက ပေါင်းစပ်ပြီး ဇွန်မိုးစက် ဖြစ်လာတာ။ မိုးကို ကိုယ်က တစ်လုံးတည်းသီးသန့်ဖြစ်မသွားရအောင် မိုးစက်ဆိုပြီးတွဲပေးလိုက်တော့ အင်း... သိပ်မဆိုးပါဘူး၊ လှသားပဲလို့ ကိုယ့်ဘာသာတွေးရင်း သဘောကျပြီး "ဇွန်မိုးစက်" ဆိုတာ ဖြစ်လာတာ။

နောက်တော့ ကိုယ်က မေမေ့ကို စာမူတွေပို့မယ့်အကြောင်းပြောပြတော့ မေမေက ကြည်ကြည်ဖြူဖြူနဲ့ သဘောတူလို့ ကိုယ့်မှာ ၀မ်းသာလိုက်ရတာ။ ကိုယ်က ကိုယ်စာရေးတာ မေမေသဘာမကျမှာ သိပ်စိတ်ပူခဲ့တာ။ အမေ မသိအောင်လည်း ဘာမှမလုပ်ချင်ဘူးလေ။ မေမေက ကိုယ့်ကို ကလောင်နာမည်ထပ်ပေးတယ်။ တကယ်စာမူပို့တော့ ဇွန်မိုးစက်ကို မသုံးဖြစ်ဘဲ မေမေပေးတဲ့နာမည်ပဲ သုံးဖြစ်ပါတယ်။ အဲဒီနာမည်က ကိုယ့်မွေးနေ့နဲ့ကိုက်ပြီး ကိုယ့်နာမည်ရင်းလိုပဲ လေးလုံးပါတယ်။ အဲဒီနာမည်လေးကိုလည်း ကိုယ်ကြိုက်တယ်။

ဒါပေမဲ့ ကိုယ့်စာမူလေးတွေလည်း အဲဒီတုန်းက အရွေးမခံခဲ့ရပါဘူး။ ကိုယ်ကစာမူပို့ရင် ကိုယ်ပါစေချင်တဲ့ မဂ္ဂဇင်းတစ်တိုက်တည်းကိုပဲပို့တာ။ ကိုယ့်စာမူအရွေးမခံရလို့ စိတ်ဓာတ်တွေလည်းကျဖူးတယ်။ အရွေးမခံရတဲ့စာမူ တစ်ခြားမဂ္ဂဇင်းတိုက်လည်း မပို့ဖြစ်တော့ဘူး။  ဒါတောင် ခပ်တည်တည်နဲ့ အမေဂုဏ်ပြုစာပေ၀တ္ထုပြိုင်ပွဲတောင် ၀င်ပြိုင်လိုက်သေးတာ။ တော်တော်စိတ်အားထက်သန်နေခဲ့တာကိုး။
နောက်ပိုင်း သင်တန်းကျောင်းတွေ၊ စာမေးပွဲတွေကြားထဲမှာ အချိန်တော်တော်များများပေးခဲ့ရပြီး overseas studies ထွက်ခဲ့ရတော့ စာရေးခြင်းနဲ့ အလှမ်းဝေးခဲ့ပါတယ်။

ကိုယ် ၂၀၀၄ မကုန်ခင် မြန်မာပြည်တစ်ခေါက်ပြန်ရောက်ပြီး အလုပ်လုပ်ဖြစ်တော့ မထင်မှတ်ဘဲ စာပေနယ်နဲ့နီးစပ်ခဲ့ပြီး မေမေပေးတဲ့ကလောင်နဲ့ ဘာသာပြန်ဆောင်းပါး ၁၃ပုဒ် မဂ္ဂဇင်းတစ်အုပ်မှာ လစဉ်ရေးဖြစ်ခဲ့တယ်။ ဇွန်မိုးစက် ကလောင်ကိုတော့ ကလောင်ခွဲအနေနဲ့ပဲ ကိုယ်သုံးခဲ့တယ်။ တစ်လတည်းမှာ ကိုယ့်ဆောင်းပါးတစ်ပုဒ်ထက်ပိုပါလာရင် နောက်တစ်ပုဒ်ကို ဇွန်မိုးစက်နဲ့ သုံးဖြစ်တယ်။

အကြောင်းကြောင်းကြောင့် ကိုယ်နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ဖို့ ကြုံလာတော့ စာပေနယ်နဲ့ဝေးရာ ကိုယ်ထွက်လာခဲ့ရတယ်။ ကိုယ်မထွက်ခင် ကိုယ့်ကလောင်နာမည်နှစ်ခုနဲ့ စာပေလုပ်သားအဖွဲ့ဝင် လျှောက်လွှာတင်ခဲ့တယ်။ ကိုယ်ရေးခဲ့တဲ့စာမူကော်ပီအားလုံးနဲ့ ရေးခဲ့ဖူးတဲ့ကလောင်နာမည်စာရင်း အားလုံးပေးရတယ်။ တကယ်တော့ ကိုယ်တင်လိုက်တဲ့အချိန်မှာ ဇွန်မိုးစက် နာမည်နဲ့ ဘာသာပြန်ဆောင်းပါး ၂ပုဒ်ရယ်၊ ကိုယ်ရေးခဲ့ဖူးတဲ့ "အလွမ်းရင့် ပန်းတစ်ပွင့်" ၀တ္ထုတိုတစ်ပုဒ်ရယ် စုစုပေါင်း ၃ပုဒ်ပဲ ရေးရသေးတာ။ အဖွဲ့ဝင်ကတ်ပြားကျလာတော့ ဦးစားပေးကလောင်နာမည်နဲ့ မကျခဲ့ဘဲ ဇွန်မိုးစက်နဲ့ပဲ ကျလာတယ်။ မှတ်မှတ်ရရ ကိုယ့်ရဲ့စာပေလုပ်သား အဖွဲ့ဝင်အမှတ်က ၇၃၅၅ ပါ။

blog လုပ်ဖြစ်တော့ တကူးတက နာမည်စဉ်းစားနေစရာမလိုဘဲ ဒီနာမည်လေးနဲ့ပဲလုပ်ဖြစ်ပါတယ်။ ဒီလောက်ဆို မိတ်ဆွေများ pen name "ဇွန်မိုးစက်" ရဲ့ history သိလောက်ပါပြီနော်။

Merry X'mas to you all!

ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

မောင်မရှိတဲ့နေ့ရက်များ

7

Category:

မောင်မရှိတဲ့နေ့ရက်တွေမှာ ကျွန်မတစ်ယောက်တည်း ဘယ်လိုရင်ဆိုင် ဖြတ်သန်းခဲ့ရသလဲဆိုတာ မောင်သိပါသလား။


မောင့်ကို အိပ်မက်မက်တဲ့အခါ ...

ရုပ်ရှင်ကားကောင်းတွေ ရုံတင်တဲ့အခါ ...

ဂျပန်စာ စားရတဲ့အခါ ...

Nes ကော်ဖီနံ့ ပြင်းပြင်းရတဲ့အခါ ...

"ဂျစ်ပစီမိုးတိမ်" သီချင်း ကြားရတဲ့အခါ ...

Longines တံဆိပ် နာရီကြော်ငြာ မြင်ရတဲ့အခါ ...

အနီရောင် Passat Volkswagen  ကို တွေ့ရတဲ့အခါ ...

Sony Ericsson Model အသစ် ထွက်တဲ့အခါ ...

Java Programming အကြောင်း ကြားရတဲ့အခါ ...

နည်းပညာအသစ်အဆန်းသတင်းတွေ ဖတ်ရတဲ့အခါ ...

Kenshin (Samurai X) ကာတွန်း Series ကြည့်ရတဲ့အခါ ...

မောင့်မိတ်ဆွေတွေနဲ့ စကားစမြည် ပြောဆိုဖြစ်တဲ့အခါ ...

Networking problem တွေ ကျွန်မ resolve မလုပ်နိုင်တဲ့အခါ ...


အခါပေါင်းမြောက်မြားစွာ မောင့်ကိုလွမ်းရင်း နေ့ရက်များကို ကျော်ဖြတ်ခဲ့ရတယ် မောင် ...

တွေ့မြင်ချင်စိတ် အကြိမ်ကြိမ်မျိုသိပ်ထိန်းချုပ်လို့ မောင့်ကိုတမ်းတ သတိရမိတဲ့အခါ

ကျွန်မရဲ့အမြင်အာရုံတွေမှုန်ဝါးလို့ အလွမ်းများစွာနဲ့ ဖြတ်သန်းခဲ့ရပါတယ် မောင် ...။


မောင့်ကိုလွမ်းတဲ့
ဇွန်မိုးစက်

X'mas နဲ့ Levi's အိပ်မက်

6

Category:

ဘာလိုလိုနဲ့ နောက်ကိုးရက်ဆိုရင် ခရစ်စမတ်ပွဲတော် ဆင်နွှဲဖို့အချိန်ရောက်လာပြန်ပြီနော်။ ကိုယ်ငယ်ငယ်က ခရစ်စမတ်ပွဲတော်နဲ့ သိပ်မစိမ်းခဲ့ဘူး။ ကိုယ့်အမေကအရင်က ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့တော့ ငယ်ငယ်က အမေနဲ့ဘုရားကျောင်းလိုက်သွား၊ ဆုတောင်းဖူးတယ်။ အဲဒီတုန်းက ကိုယ်က သုံးလေးနှစ်သမီးလောက်ပဲ ရှိအုံးမယ်၊ ကိုယ့်မောင်လေးတောင် မမွေးသေးဘူး။ ကိုယ်မှတ်မိတာတော့ မေမေသွားတာ မောင်ထော်လေးလမ်းမှာရှိတဲ့ ဘုရားရှိခိုးကျောင်းပဲ။ ၂၄ရက်နေ့ညနေဆို ဘုရားကျောင်းသွားပြီး ဆုတောင်း၊ သီချင်းဆို၊ မုန့်စားကြတာတွေလောက်တော့ မှတ်မိတယ်။ ကိုယ့်အဖွားရှိတဲ့မြို့မှာ တစ်ခါသွားပြီးဆင်နွှဲခဲ့ရတဲ့ ခရစ်စမတ်ညလေးကတော့ ကိုယ့်ကလေးဘ၀မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အမှတ်တရ ရှိခဲ့ဖူးတယ်။

နောက်ပိုင်း ကိုယ့်အမေဗုဒ္ဓဘာသာဝင်ဖြစ်သွားပေမယ့်လည်း ဒီဇင်ဘာ၂၅ရက်နေ့ရောက်ရင် တစ်ခုခုတော့ လုပ်စားဖြစ်တယ်။ ရေခြားမြေခြားမှာရှိတဲ့ ဆွေမျိုးတွေကိုလည်း X'mas card တွေ နှစ်စဉ်နှစ်တိုင်း ပို့တယ်။ သူတို့ဘက်ကလည်း နှစ်တိုင်း မပျက်မကွက် ပေးပို့နေဆဲပါ။ အိမ်မှာလည်း ကိုယ်တို့မောင်နှမနှစ်ယောက်အချင်းချင်း လက်ဆောင်ပြန်ပေးတာ၊ card လေးတွေမှာ wish လုပ်ပြီးပေးတာ အစဉ်အလာလိုဖြစ်ခဲ့သေးတာ။ ၂၄ရက်လောက်ရောက်ရင် ကိုယ့်မောင်လေးက အိမ်မှာ ရှိသမျှ X'mas cards တွေထုတ်ပြီး ဧည့်ခန်းက showcase ပေါ်မှာ တစ်ခုချင်းစီပြီးထားလိုက်သေးတာ၊ အိမ်ကိုဆွမ်းခံကြွတဲ့ကိုရင်လေးတွေက တအံ့တသြဖြစ်လို့။  ဒီအိမ်က ဘာလဲပေါ့လေ။ ခုတော့လည်း အိမ်မှာ မေမေတစ်ယောက်တည်း။

ဒီအချိန်ဆို နိုင်ငံတော်တော်များများမှာ ခရစ်စမတ်အကြို ဈေးရောင်းပွဲတော်တွေ ကျင်းပနေကြတာ အပြိုင်အဆိုင်ပေါ့။ ပစ္စည်းတော်တော်များများလည်း အမှန်တကယ်ပဲ ဈေးချလေ့ရှိပါတယ်။ ရောင်းသူဘက်ကလည်း ဈေးလျှော့၊ ၀ယ်သူဘက်ကလည်း လိုချင်တာတွေစာရင်းပြုစုထားပြီး ဒီလိုအချိန်ကိုစောင့်တတ်ကြပါတယ်။ ကိုယ့်မှာလည်း လိုချင်တာတွေစာရင်းပြုစုထားဖူးပါတယ်။ သိပ်တော့မများပါဘူး။ ဂျင်းဘောင်းဘီတစ်ထည်ပါ။

ကိုယ်စကာင်္ပူမှာ အလုပ်လုပ်ဖို့ ၂၀၀၆ နှစ်မကုန်ခင်က တစ်ခေါက်ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီတုန်းက ကိုယ်ကတွေးခဲ့တယ်။ ငါအလုပ်ရရင် ရှေ့နှစ်ခရစ်စမတ်နားနီးလို့ ဈေးတွေချရင် Levi's တစ်ထည်လောက် ၀ယ်မယ်ပေါ့။ ကိုယ်လက်ရှိဝတ်နေတဲ့ ဂျင်းဘောင်းဘီက လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်ကတည်းက ၀ယ်ထားတာပါ။ ကိုယ်ကလည်း တစ်ခြားဂျင်းထက်စာရင် Levi's နဲ့မှ ပိုပြီးအဆင်ပြေပါတယ်။ အရင်က ကိုယ့်မှာ သုံးထည်လောက်ရှိခဲ့ပေမယ့် ကိုယ့်အလေးချိန်က တဖြည်းဖြည်းတိုးလာတော့ မတော်တော့ဘဲ ခုနောက်ဆုံးတစ်ထည်ပဲ ၀တ်လို့ရတော့တာ။ ဒါနဲ့ ကိုယ်လည်း အလုပ်ရတော့၂၀၀၇ ဒီဇင်ဘာဈေးချရင် ၀ယ်မယ်ပေါ့။ တကယ်တမ်း အဲဒီ့အချိန်ရောက်တော့ ကိုယ်လိုနေတာ laptop ဖြစ်နေလို့ မ၀ယ်ဖြစ်ခဲ့ပါဘူး။ နောင်နှစ်ပေါ့လေ။ ၂၀၀၈ ရောက်ပြန်တော့ ကိုယ့်အိပ်မက်လေး အကောင်အထည်မဖော်ဖြစ်ခဲ့ပါဘူး။ ကိုယ့်မောင်လေးကျောင်းလခပေးလိုက်ရလို့ပါ။

ကိုယ့်မှာ ငွေပိုငွေလျှံသိပ်မရှိတာကြောင့် ပစ္စည်းတစ်ခုဝယ်မယ်ဆို needs လား၊ wants လား သေချာစဉ်းစားပြီးမှ ၀ယ်ရပါတယ်။ ဒါကြောင့် တခါတလေများ ဈေးချတာတွေ့နေရက်နဲ့တောင် မ၀ယ်နိုင်ပါလားဆိုပြီး စိတ်မကောင်းဖြစ်မိတဲ့ အချိန်တွေလည်း ရှိပါတယ်။ တစ်နေ့တော့ ဒီအကြောင်း ကိုယ့်မိတ်ဆွေတစ်ယောက်ကိုပြောပြမိတယ်။ သူပြန်ပြောလိုက်တဲ့ စကားလေးတစ်ခွန်းက ကိုယ့်အတွက် တော်တော်တာသွားပါတယ်။ ကိုယ်ရဲ့စိတ်မကောင်းဖြစ်ခဲ့တာတွေအားလုံး အဲဒီ့စကားလေးနဲ့ ချေဖျက်သွားခဲ့ပါတယ်။
သူပြောတာသွားတာက "Levi's မ၀ယ်နိုင်ပေမယ့် မောင်လေးကိုတော့ ကျောင်းထားနိုင်ပါတယ်" တဲ့။

တခါတလေမှာ ကိုယ်ကိုယ်တိုင်မေ့လျော့နေတတ်တဲ့ အရာလေးတွေကို အခြားတစ်ယောက်က သတိပေးမှပဲ အသိတရားလေးတွေ ၀င်လာတတ်ပါတယ်။ ကိုယ်လည်း အဲလိုပါပဲ။ ဒီနှစ်လည်း ကိုယ်ဝယ်ဖြစ်အုံးမှာ မဟုတ်ဘူးဆိုတာ သိနေပါတယ်။ ကိုယ့်အိပ်မက်လေး အကောင်အထည် မဖော်ဖြစ်သေးပေမယ့် ကိုယ်စိတ်မကောင်းမဖြစ်တော့ပါဘူး။ ကိုယ်ကျေနပ်ပျော်ရွှင်နေပါတယ်။

သူငယ်ချင်းမိတ်ဆွေများအားလုံး ပျော်ရွှင်သောခရစ်စမတ်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကိုယ်နှစ်သက်ရာ ခရစ်စမတ်လက်ဆောင်ပစ္စည်းလေးတွေလည်း ကိုယ်စီရကြပါစေလို့။

ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

စာကြွင်း။  ။ ကိုယ့်ကို အဲဒီစကားလေးပြောသွားခဲ့သူက ကိုမိုးကုတ်သားပါ။ အဲဒီ့အတွက် သူ့ကိုကျေးဇူးတင်ကြောင်း ဒီနေရာကပဲ ထပ်ပြောလိုက်ပါတယ်။

သိမှတ်ဖွယ်

0

Category:

တစ်ခြားသူတွေအဖို့တော့ မသိဘူး။ ကိုယ့်အတွက်က စနေ၊တနင်္ဂနွေ ဆိုရင် အချိန်ရှားပါးတတ်တယ်။ ရေးချင်တာလေးတွေ ရှိနေတာတောင် အချိန်မရလို့ ထပ်မရေးဖြစ်သေးဘူး။ ကြားရက်ဆို ကိုယ့်အတွက် အချိန်ပိုရတတ်ပါတယ်။ ဒီနေ့လည်း နေ့လည်လုပ်အားပေးစာသွားသင်ပြီး တစ်ဆက်တည်း တရားပွဲဆက်သွားမှာ ဖြစ်တဲ့အတွက် စာရေးချိန်မရတော့လို့ ဗုဒ္ဓဘာသာဝင်မိတ်ဆွေတို့အတွက် တရားပွဲနဲ့ ပတ်သက်တဲ့ မှတ်သားစရာလေးတစ်ခု မျှဝေလိုက်ပါတယ်။

"နာကိုး တောင်းရှစ် သာဓုတစ် ဟောလစ်အသေင်္ချေ"

အဓိပ္ပာယ်အကျယ်ကတော့ တရားတစ်ပွဲနာသူက ကိုးကမ္ဘာအပယ်မလားပါဘူးတဲ့၊
တရားတောင်းသူ၊ တရားပွဲဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးကြသူများက ရှစ်ကမ္ဘာနဲ့ တရားပွဲ မသွားနိုင်သော်လည်း တရားနာပြန်လာသူအတွက် သာဓုခေါ်ရုံနဲ့ တစ်ကမ္ဘာ အပယ်မကျဘူးလို့ ဆိုပါတယ်။ တရားဟောသူအတွက်တော့ မရေမတွက်နိုင်အောင် အပယ်မလားတော့ပါဘူးတဲ့။ ဒါကြောင့် တရားလည်းနာရုံမက ကိုယ်နာခဲ့တဲ့တရားလည်း ပြန်ပြီးဝေမျှနိုင်မယ်ဆိုရင် ကမ္ဘာနဲ့ချီပြီး အပယ်မကျတော့ပါဘူးလို့ မှတ်သားစရာ သိရပါတယ်။

ပျော်ရွှင်သော တနင်္ဂနွေနေ့ဖြစ်ပါစေ။

ချစ်ခင်လေးစားလျက်

ဇွန်မိုးစက်

အလွမ်းရင့် ပန်းတစ်ပွင့်

8

Category:

ပတ်ဝန်းကျင်သည် တိတ်ဆိတ်ခြောက်သွေ့လျက်ရှိသည်။ လေပြင်းပြင်းအဝှေ့တွင် ရွက်ခြောက်များ ဝေ့၀ဲလွင့်ပျံ့လျက် ရှိချိန်မှအပ အရာရာသည် ဆိတ်ငြိမ်လွန်းနေသည်ဟု သူမထင်မြင်မိသည်။ သူမရောက်ရှိရာ ဒေသအတွင်း အမိုးချွန်စောက်သောအိမ်လေးများ လှပစွာ စီရရီရှိနေသည်။ ဆီးနှင်းများထူထပ်စွာ ကျရောက်ပါက နှင်းများ အိမ်အမိုးပေါ် တင်ကျန်မနေစေရန် အမိုးစောက်စောက် အသုံးပြု ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း လွန်ခဲ့သောခုနစ်နှစ်က ဤဒေသသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သော သူမကို သူပြောပြခဲ့ဖူးသည်။

လေကပြင်းသထက်ပြင်းလာသောကြောင့် သူမခြေလှမ်းတို့ကို ပို၍သွက်လိုက်ပြီး ကိုယ်ကိုမယိုင်လဲစေရန် အားထုတ်၍ လျှောက်လာခဲ့သည်။ ကမ်းခြေနှင့်နီးသောကြောင့်လည်း ဖြစ်မည်ထင်ပါသည်၊ လေက အတော့်ကို ထန်လျက်ရှိနေသည်။ အင်္ကျီထူထူထဲ လက်နှိုက်ထားရင်း လေကြောင့်ဝေ့၀ဲဖွာစပြုနေသော ဆံပင်တို့ကိုပင် သူမ မသပ်အား။

ရောက်ခဲ့ပြန်ပြီပေါ့။ တစ်ချိန်က သူနှင့်သူမတို့အတူနေထိုင်ခဲ့ဖူးသော၊ အခြားနိုင်ငံရပ်ခြားမှ ကျောင်းသူ ကျောင်းသားပေါင်းများစွာတို့ ပညာသင်ယူစဉ်က စုဝေးနေထိုင်ခဲ့ဖူးသော ရိပ်မြုံတစ်ခုသို့  ပြန်လည်ရောက်ခဲ့ပါပြီ။ သူမကို ယခုထက်တိုင် မှတ်မိနေဆဲဖြစ်သော အိမ်ရှင်က ဆီးကြိုနှုတ်ဆက်သည်။ "အလည်လာတာလား" ဟူသော အမေးကိုမေးရင်း သူမကိုဧည့်ခံပါသည်။ သူမမျှော်လင့်ထားသလိုပင် သူ့ကိုမေးပါသည်။ သူ့အကြောင်းမေးပါသည်။ သူမနှင့်သူတို့ လူမျိုးဘာသာတူ၊ သွားအတူ၊ စားအတူ၊ ပညာသင်ကြားရာအတူတူဖြစ်ခဲ့သောကြောင့် သူမကိုမြင်၍ သူ့အကြောင်းမေးခြင်းမှာ အထွေအထူး အံ့သြစရာမရှိပါ။ သူမက ၀တ်ကျေတန်းကျေ ပြန်လည်ဖြေဆိုလိုက်ပါသည်။

ထို့နောက် အိမ်ရှင်ဇနီးမောင်နှံနှင့်အတူ စကားလက်ဆုံ ကျသွားပါသည်။ ယခုမူ သူတို့အိမ်ကလေးကို မငှားတော့ကြောင်း၊ သူတို့သမီးရှိရာ အခြားနိုင်ငံသို့ ပြောင်းရွှေ့လိုက်ပါတော့မည်ဖြစ်ကြောင်း၊ ထိုဒေသမှာ ယခုထက်ပို၍ နေရောင်ရပြီး ရာသီဥတု အတန်အသင့်နွေးထွေးကောင်းမွန်ကြောင်း စသည်ဖြင့် အထီးကျန်ဖြစ်နေသော သက်ကြီးရွယ်အိုတို့၏ ဓမ္မတာအတိုင်း သူတို့ရင်တွင်းရှိသမျှ ပြောပြပါသည်။ "မင်းနေခဲ့တဲ့အခန်းကြည့်ချင်သေးလား၊ ဒီမှာသော့ရှိတယ်" အိမ်ရှင်ကပြောပြောဆိုဆိုပင် သော့ယူ၍ သူကိုယ်တိုင် ဦးဆောင်ကာ အပေါ်ထပ်ရှိရာတက်ရန် ပြင်ပါသည်။ သူမကလည်း ခေါင်းမခါဘဲ အလိုလို သူ့နောက် လိုက်ပါသွားမိသည်။

တစ်ချိန်က ဤလှေကားအတက်အဆင်းကို အခေါက်ပေါင်းများစွာ ပြုလုပ်ဖူးသည်။ သူမ လှေကားပေါ်က ခြေချော်၍ ပြုတ်ကျတုန်းက သူက အလန့်တကြား ဆီးပွေ့ဖူးသည်။ သော့ဖွင့်သံကြားမှ သူမအတွေးတို့ ရပ်တန့်သွားသည်။ အခန်းထောင့် စာကြည့်စားပွဲမှအပ ကော်ဇောအပြည့်ခင်းထားသော အခန်းမှာ ဖုန်မရှိဘဲ ရှင်းလင်းနေသည်။ သစ်သီးနံ့တစ်မျိုးရသည်ဟု သူမစိတ်တွင်း ခံစားမိသည်။ လွန်ခဲ့သော ခုနစ်နှစ်က စာကြည့်စားပွဲနှင့်ထိုင်ခုံသည် ပျက်စီးယိုယွင်းမှုမရှိပါ။ သူမနောက်တွင် အခြားကျောင်းသူကျောင်းများလည်း နေထိုင်သွားခဲ့သည်ပဲ။ အနီရောင် ကော်ဇောပေါ်လျှောက်လှမ်းစဉ် လွမ်းဆွတ်ဖွယ်ကောင်းသော ခံစားမှုက ရင်တွင်းတစ်နေရာမှာ ပျော်ဝင်လျက်ရှိသည်။ "ကျွန်မ သူ့အခန်းရော ကြည့်လို့ရမလား" ခွင့်တောင်းသံစွက်သည့် သူမအမေးကို အိမ်ရှင်က ခေါင်းညိတ်ရင်း သော့ပေးသည်။ သူ့အခန်းမှာ သူမနှင့် မျက်နှာချင်းဆိုင်မကျတကျအခန်းဖြစ်သည်။ သူ့အခန်းကို သူမကိုယ်တိုင် သော့ဖွင့်ဝင်ရခြင်းက ရန်ခုန်သံကို အနည်းငယ်နွေးထွေးစေပါသည်။

တစ်ချိန်က အလွန်တရာ ပွရှုပ်နေခဲ့သော၊ သူမ မကြာခဏ ရှင်းလင်းခဲ့ရဖူးသော အခန်းကလေးသည် ယခုတော့ တိတ်ဆိတ်သန့်ရှင်းလို့နေသည်။ အခန်းထောင့်တစ်နေရာက စက္ကူပစ်သော ကြိမ်ခြင်းကလေးကို သူမတွေ့လိုက်ရသည်။ ဒါ သူဝယ်ခဲ့တဲ့ ခြင်းကလေးပဲ။ အခုထက်ထိရှိနေဆဲပဲ။ သူမရင်မှာ နာကျင်မှုတို့ ရောပြွမ်းသော လွမ်းဆွတ်ခြင်းကို ခံစားလိုက်ရသည်။ " ကျွန်မ ဒါလေး ယူသွားလို့ရမလား၊ ဒါ သူဝယ်ခဲ့တဲ့ ပစ္စည်းလေးတစ်ခုပါ" အိမ်ရှင်က သူမ စကားကိုကြားတော့ အတန်ငယ် အံ့သြသွားကာ "ရတယ်လေ၊ အခု ဘယ်သူမှလည်း အသုံးပြုကြတော့တာ မဟုတ်ဘူး၊၊ ဒါနဲ့ မင်းကြည့်ရတာ ..... နဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု ဖြစ်ခဲ့ပုံပဲ" "ဟုတ်ကဲ့၊ ကျွန်မတို့ လမ်းခွဲခဲ့ကြတယ်" "အို..." ဟူသော အာမေဍိတ်နောက်တွင် သူမ၏ ခံစားချက် အနည်းအကျဉ်းကို ရိပ်မိသွားဟန်တူသော မျက်လုံးအစုံကို တွေ့မြင်လိုက်ရသည်။ "အရာရာတိုင်းက ပြောင်းလဲနေတာပဲ" ဟု အိမ်ရှင်က ရေရွတ်ယင်း အခန်းတံခါး ပြန်ပိတ်ဖို့ပြင်သည်။

သူမ အောက်ရောက်တော့ ယခုတိုင် မခွဲမခွာချစ်ခင်နေထိုင်လျက်ရှိသော အိမ်ရှင်ဇနီးမောင်နှံအား နှုတ်ဆက်၍ ထွက်ခွာလာခဲ့သည်။ ဆောင်းဝင်ခါစဖြစ်သော်လည်း သူမအဖို့ ချမ်းလွန်းနေသည်။ ဈေးဝယ်အိတ်ကြီးကြီးထဲ ထည့်လာသော ကြိမ်ခြင်းပါသော အိတ်လေးကိုဆွဲ၍ သူမဆက်လျှောက်လာသည်။ လေကထန်ဆဲ။

လမ်းတစ်ဖက်တစ်ချက်ရှိ အိမ်ကလေးများမှာ မီးရောင်မြင်စပြုပြီ။ ရှေ့မှာ သူမတို့မကြာခဏ ၀ယ်လေ့ရှိသော ကုန်စုံဆိုင်လေးကို တွေ့ရသည်။ သူ့ဘေးကပ်လျက်ကဆိုင်မှာ သူမတို့ထမင်းဟင်းချက်ဖို့ပျင်းလျှင် ဖုန်းဖြင့် ဒါမှမဟုတ် လူကိုယ်တိုင် မကြာခဏ ၀ယ်ယူမှာစားခဲ့ဖူးသော အရှေ့တိုင်းစားသောက်ဆိုင်လေးက ယခင်အတိုင်းပင် ရှိနေသည်။ သူမက အတွေးများစွာနှင့် ဖြတ်လျှောက်လာရင်းနှင့်ပင် ဘူတာရုံသို့ ရောက်တော့မည်။ ဘူတာရုံနှင့်မလှမ်းမကမ်းတွင် ရုပ်ရှင်ရုံနှင့် ဈေးဆိုင်ခန်းများစွာရှိသည်။ ဟယ်ရီပေါ်တာကား ရုံစတင်သောနေ့က အိပ်ရေးပျက်ခံ၍ သူနှင့်သူမ အစောကြီးရုပ်ရှင်ရုံသို့ လာကြသည်။ ကိုယ့်ထက်ပင်ဦးစွာရောက်ရှိနေသော လူကြီးများနှင့်ကလေးများမှာ မနည်းလှ။ ရှည်လျားသော လူတန်းကြီးကို စိတ်ရှည်စွာစောင့်ရင်း ကြည့်ခဲ့ရသည်ကို မမေ့နိုင်သေး။ အို...ဘယ်နေရာသွားသွား သူနှင့်သူမတို့ အမြဲတတွဲတွဲပါလား။ သူမကြည့်လေရာ ပတ်ဝန်းကျင်ကတော့ ယခင်အတိုင်းမပြောင်းလဲဘဲ ဘာဖြစ်လို့များ သူမတို့ကျမှ...။

ဘူတာရုံထဲရောက်တော့ သူမစီးရမည့်ရထားက ဆိုက်နှင့်နေပြီ။ သူမရထားပေါ်တက်၍ သိပ်မကြာမီပင် ရထားစထွက်သည်။ ဒီမှာက အချိန်တိကျလွန်းသည်မို့ ရထားစထွက်ချိန်မှာ တစ်မိနစ်မျှပင်မလွဲ။ ဆိုက်ရောက်တော့လည်း အချိန်က တိကျသည်။ သူမသွားရမည့်ခရီးမှာ တစ်နာရီခန့်သာ ကြာပါသည်။ သူမတစ်ယောက်တည်း ခရီးသွားခြင်းမှာ သူနှင့်ခွဲခွာပြီးနောက် ပထမဆုံးအကြိမ်ဟုဆိုနိုင်ပါသည်။ သူမတို့နှစ်ယောက် ရထားစီး၍ ခရီးရှည်ကိုလည်း အတူသွားခဲ့ဖူးသည်။ အရာရာကို နှစ်ယောက်အတူ ရင်ဆိုင်ဖြတ်သန်းခဲ့သော သူသည်ရော သူမကိုနည်းနည်းလောက်မျှ သတိရခြင်းမရှိတော့ဘူးလား။ တစ်စုံတစ်ယောက်ကများ သူ့ကို သူမကြောင်းမေးလာခဲ့ရင် သူဘယ်လိုဖြေမှာလဲ။ သူမက အတွေးတွေ တစ်ပုံကြီးနှင့်လိုက်ပါလာရင်း ခရီးတစ်ထောက်ပြန်ရောက်ခဲ့သည်။

ဘူတာရုံမှာ ပျားပန်းခတ်သောလူများ သွားလာလှုပ်ရှားလျက်ရှိသည်။ လေဆိပ်တစ်ခုအလား ကျယ်ဝန်းလှသဖြင့် လူကြားထဲပျောက်မသွားရအောင် သူမလက်ကို တင်းတင်းဆုပ်ကိုင် ထားခဲ့ဖူးသော ယောက်ျားတစ်ယောက်သည် သူမနှင့်အတူ ဘ၀ခရီးရှည် လျှောက်လှမ်းရမည်ကိုတော့ ၀န်လေးခဲ့ပုံရသည်။ သူမ မဟုတ်သောအခြားတစ်ယောက်နှင့် လက်တွဲဖြတ်သန်းဖို့ သူကိုယ်တိုင်ရွေးချယ်ခဲ့သည်ပဲ။ ဒါကို ဘာလို့များ သူမက လွမ်းဆွတ်တသနေရမှာလဲ။
သူမကိုယ်သူမ နားမလည်နိုင်တော့ပါ။

သူမလက်ဆွဲအိတ်ထဲမှခြင်းကလေးကိုတော့ သူမ ယူသွားရမည်။ အိမ်ပြန်ရောက်လျှင် သူမ ခံစားရေးဖွဲ့ခဲ့သော အရာများအားလုံးကို ထိုခြင်းကလေးအတွင်းသို့ စွန့်ပစ်မည်။ ရင်တွင်းဝေဒနာများ အားလုံးကို ထိုခြင်းကလေးထဲသို့ ထည့်သွင်းစွန့်ပစ်တော့မည်။ ထိုအတွက်ကြောင့်ပင် သူမ မသိစိတ်က ဤခြင်းကလေးကို ယူဆောင်လာခြင်းလား။ သူမကိုယ်တိုင် မသိနိုင်စဉ်မှာပင် အေးစက်ထုံကျင်နေသော ပါးပြင်သို့ နွေးထွေးသော မျက်ရည်ပူက ကျဆင်းလာခဲ့လေသည်။

တစ်ချိန်က အမှတ်တရများစွာအတွက်...
                       
ဇွန်မိုးစက်

(၂၀၀၆ခုနှစ် သြဂုတ်လထုတ် အနုပညာမြင်ကွင်းမဂ္ဂဇင်းမှာ ပါခဲ့တဲ့ ၀တ္ထုတိုလေးပါ။ အဲဒီ့နောက်ပိုင်း စာမရေးဖြစ်တော့တာ ခုဒီဘလော့လေးမလုပ်ခင် အထိပါပဲ။ အခုပြန်ဖတ်ကြည့်တော့ လိုအပ်ချက်လေးတွေ တွေ့ရပေမယ့် ကိုယ့်အတွက် အမှတ်တရဖြစ်ခဲ့တာမို့ နှစ်သက်ဆဲပါ။ ဖတ်ရှုအားပေးတဲ့ သူငယ်ချင်း မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။)

စောစောအိပ်မယ်

3

Category:

ဒီနေ့တော့ စောစောအိပ်မယ်စိတ်ကူးတယ်။ ကိုယ်က ခုမှဘလော့လောကထဲ ၀င်ကာစဆိုတော့ ရှေ့က အစ်ကိုအစ်များလိုပဲ ဒီအချိန်မှာ စိတ်က ဘလော့ထဲပဲရောက်နေတာ။ ရုံးဆင်းတာနဲ့ သွက်သွက်စား၊ အိမ်အရောက်ပြန်၊ လုပ်စရာရှိတာတွေ သွက်သွက်လုပ်ပြီး၊ ကွန်ပျူတာရှေ့ အမြန်ထိုင်တော့တာ။ ရုံးမှာ မြန်မာစာရိုက်မရတော့ အိမ်ရောက်မှ ကွန်မန့်လေးတွေအရင်ပေး၊ ပြီးရင်ကိုယ့်ဘလောက်ထဲဝင်ပြီး ကြိုစားပမ်းစားရေးတာ။ လက်ကွက်ကြည့်စရာမလိုတော့ပေမယ့် နှေးနေသေးတော့ တစ်ပုဒ်ပြီးဖို့ နှစ်နာရီကျော် အချိန်ပေးရပါတယ်။

ဒါတောင် ခုမှ သုံးရက်လားရှိသေးတာ။ ပထမရက်က နိဒါန်းလေးပျိုးထားပြီး အရမ်းခင်ရတဲ့ ကိုယ့်သူငယ်ချင်း နှစ်ယောက်ကိုပြတော့ သူတို့က အတော်အားပေးတာနဲ့ ကိုယ့်မှာအားတွေအရမ်းတက်ပြီး အဲဒီ့ည တစ်ပုဒ်အပြီးရေးလိုက်တာ ၁နာရီမှအိပ်ဖြစ်တယ်။ နောက်ညကျတော့လည်း လာလည်တဲ့သူတွေရှိနေတော့ ၀မ်းတွေသာပြီး မနက်ဖြန်အတွက် တစ်ပုဒ်တော့တင်ဖြစ်အောင်တင်မှဆိုပြီး ရေးလိုက်တာ ၁၂နာရီကျော်သွားရော။

ကိုယ်က နဂိုက အိပ်ပျက်ခံနိုင်သူ မဟုတ်လေတော့ ဒီနေ့ရုံးမှာ ခေါင်းတွေမူးလို့ အလုပ်ထဲ အာရုံမစိုက်နိုင်ဖြစ်သွားလို့...ဒီညတော့ ပို့စ်အသစ်မရေးတော့ဘဲ စောစောအိပ်တော့မယ်လို့။ :D

မနက်ဖြန်တော့ မဂ္ဂဇင်းတစ်အုပ်မှာပါဖူးတဲ့ ကိုယ့်ဝတ္ထုတိုလေးပြန်ရေးပြီးတင်မယ် စိတ်ကူးထားတယ်။ ခုတော့ ဒီလောက်ပဲနော်။ ကောင်းသောညနေခင်းတွေဖြစ်ပါစေ။ :-)

သို့ ... သူငယ်ချင်း

8

Category:

နင်နဲ့ငါ တွေ့ဆုံခင်မင်ခဲ့တာ လွန်ခဲ့တဲ့ ရနှစ်ကျော်၈နှစ်တုန်းက online ပေါ်မှာ ငါတို့ကျောင်းကိုယ်စားပြု yahoo group တစ်ခုပေါ်မှာပေါ့။ နင်လိုက်ရှာနေတဲ့ သူငယ်ချင်းက မထင်မှတ်ဘဲ ငါ့အတန်းဖော်သူငယ်ချင်းဖြစ်နေရာက အစပြုလို့ နင်နဲ့ငါ ခင်မင်ခွင့်ရခဲ့တယ်။

သူငယ်တန်းကနေ ဆယ်တန်းထိ မိန်းကလေးကျောင်းနေခဲ့ရတဲ့ ငါ့မှာ ယောက်ျားလေးသူငယ်ချင်းဆိုတာ လက်ချိုးရေကြည့်ရင် ငါးယောက်တောင်မပြည့်ချင်ဘူး။ ဆယ်တန်းပြီးနောက် ရခဲ့တဲ့ချစ်သူကလည်း သ၀န်တိုတတ်သူဖြစ်ခဲ့ပြန်တော့ ငါ့မှာ အပေါင်းအသင်း သူငယ်ချင်းသိပ်များများထားခွင့်မကြုံခဲ့ဘူး။ အထက်တန်းကျောင်းတက်တုန်းကပေါင်းခဲ့တဲ့ မိန်းကလေးသူငယ်ချင်းတွေပဲ ရှိခဲ့တယ်။ နောက်တော့ ငါတို့လည်း ရေခြားမြေခြားမှာ ပညာအသီးသီးရှာယူဖို့ အိမ်နဲ့စောစောခွဲခဲ့ရတယ်။ အိမ်လွမ်းတဲ့စိတ်ကို အင်တာနက်ထဲဝင်လို့ ဖြေဖျောက်ခဲ့ရတွေ အချိန်တွေပေါ့။

အဲဒီအချိန်တုန်းက gmail, gtalk ဆိုတာမပေါ်သေးဘူး။ yahooနဲ့ msn က လူသုံးများတယ်။ chatting တွေတော့ခေတ်စားနေပြီ။ ငါလည်း yahoo messenger download လုပ်ထားပြီး online မှာ ကွဲကွာနေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရလို့ ၀မ်းသာနေတာ။ နောက်တော့နင်နဲ့ငါ Yahoo Messenger ထဲမှာ add လိုက်ပြီး စကားတွေပြောဖြစ်ရာက သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ မှတ်မှတ်ရရ နင်က ငါရဲ့ပထမဆုံးနဲ့ နောက်ဆုံး online ပေါ်မှာ ခင်ခဲ့ရတဲ့ ယောက်ျားလေး သူငယ်ချင်းပါ။

နင်နဲ့ငါ လူချင်းမမြင်ဘူးပေမဲ့ တစ်ယောက်နဲ့တစ်ယောက် တော်တော်လေး စိတ်ချင်းရင်းနှီးမှု ရှိကြတယ်။ နင်ဘယ် ပြည်နယ်မှာနေတာ ငါတကယ်မသိပေမယ့် ငါမှန်းလိုက်ရင် မှန်နေတယ်။ နင်မျက်မှန်တပ်တယ်ဆိုတာ လည်း ငါ့စိတ်ထဲအလိုလိုသိနေတာ။ နင်က တကယ့်ကိုလူရည်မွန်တစ်ယောက်ဆိုတာ တဖြည်းဖြည်းနဲ့ ပိုပြီးသိလာရတယ်။ ငါတို့နောက်တော့ ဖုန်းတွေပြောဖြစ်ကြသေးတယ်နော်။ message လေးတွေပို့ပြီးလည်း နှုတ်ဆက်ကြသေးတာ။ ငါလည်းနင့်ကို အပြင်က သူငယ်ချင်းတစ်ယောက်လို တကယ်ခင်သွားခဲ့တယ်။ စိတ်သဘောချင်းကလည်း အတော်များများတိုက်ဆိုင်တတ်တာကိုး။

ငါ့မှာဆိုင်သူရှိတာနင်သိပြီးသားပါ။ အဲဒီ့အချိန်က ငါ့ခံစားချက်တွေ နင်သိပါတယ်။ နင်ကငါ့ကို သူငယ်ချင်းတစ်ယောက်ထက် ပိုသံယောဇဉ်ရှိသွားတာသိလို့ ငါစိတ်မကောင်းဖြစ်ခဲ့ရသေးတယ်။ မှတ်မှတ်ရရ လေယာဉ်ပေါ်တက်ခါနီး နင်ငါ့ကို ပြတ်ပြတ်သားသားဖွင့်ပြောခဲ့တယ်။ ငါမပေးနိုင်မှန်းသိရက်နဲ့ ငါခရီးကပြန်အလာမှာ မရေရာတဲ့ မျှော်လင့်ချက်တစ်ချို့နဲ့ နင်စောင့်နေမယ်ဆိုတာ ငါသိခဲ့ပါတယ်။ ငါ့ချစ်သူနဲ့ လမ်းခွဲဖြစ်ခဲ့ရင် နင့်ဆီလာခဲ့ပါတဲ့။ ငါအမှတ်ရခဲ့တဲ့ နင်ပြောခဲ့တဲ့စကားလေး။

နောက်တော့ ငါလည်းနင်နဲ့ပိုဝေးတဲ့ဆီရောက်လို့ အဆက်အသွယ်ပြတ်လုနီးပါးဖြစ်ခဲ့ပေမယ့် နှစ်နိုင်ငံကြား ခင်မင်သူတွေရှိလေတော့ ငါတို့တစ်ယောက်အကြောင်းတစ်ယောက် မေးစရာမလိုဘဲ သိနေခဲ့ကြတယ်။ ငါလည်းငါ့လမ်းငါရွေးချယ်လို့ နင်လည်းချစ်သူရသွားတာ ငါသိလိုက်တယ်။ နင့်ကိုနင့်ချစ်သူက အရမ်းချစ်တဲ့အကြောင်းကြားရလို့ ငါ နင့်အတွက်ဝမ်းသာခဲ့ရတယ်။ နင်နဲ့ချစ်သူဖြစ်ခွင့်ရတဲ့ သူကလေးကလည်း အရမ်းကံကောင်းတာပဲလို့ ငါ့စိတ်ထဲတွေးမိတယ်။ တကယ်ပါ...။

ဒီလိုနဲ့ အချိန်တစ်ချို့ကုန်လွန်သွားပြီး... ငါ့ဘ၀အတွက် မမျှော်လင့်တဲ့ဝမ်းနည်းစရာကိစ္စ ကြုံခဲ့ရတယ်။ နင်သိသွားပြီးနောက် ငါနဲ့အဆက်အသွယ်ပြန်ရတာ ခုချိန်ထိပဲပေါ့။ ဘ၀ဆိုတာဒီလိုပဲပေါ့ဟာ..။ ငါ့အတွက်တော့ နင်စိတ်မကောင်းဖြစ်မနေပါနဲ့။ ငါအခုလက်ရှိအနေအထားမှာ ပျော်အောင်နေတတ်ပြီဆိုတာ နင်ယုံပါ။ နင့်အတွက်တော့ ငါအရမ်းဝမ်းမြောက်သွားပြီ။ မကြာခင်အချိန်အတွင်းမှာ တစ်ယောက်တည်းမနေချင်တဲ့နင်က နင့်ကိုအရမ်းချစ်ပြီး နားလည်မှုပေးနိုင်မယ့်ချစ်သူကလေးနဲ့ လက်ဆက်ရတော့မှာ။ ဂုဏ်ယူပါတယ် သူငယ်ချင်း။ :)

နင်နဲ့ငါ ဘ၀တစ်လျှောက်လုံး အကောင်းဆုံးမိတ်ဆွေသူငယ်ချင်းတွေ ဖြစ်နေမှာ။ နင့်မင်္ဂလာပွဲ ငါမတက်နိုင်ပေမယ့် နင် ငါရှိတဲ့နေရာလာလည်ဖြစ်ရင် ကျွေးရမယ်ဆိုတာ မမေ့နဲ့နော်။ နင်တို့နှစ်ယောက်အတွက် ငါဆုမွန်ကောင်းတွေ တောင်းပေးလိုက်တယ်။ အသေးစိတ်ဆုတောင်းတော့ email ကနေပဲ ပို့လိုက်တော့မယ်ဟာ။

ပျော်ရွှင်ပါစေ သူငယ်ချင်း ...။

နင့်ကိုခင်တဲ့
ဇွန်မိုးစက်

(နေ့လည်က အီးမေးလ်ကနေ ဖိတ်စာပို့လာတဲ့ သူငယ်ချင်းအတွက် အမှတ်တရ ရေးဖွဲ့ပါသည်။)

တရားစခန်းက ပြန်ခဲ့တယ်

9

Category:

တကယ်တော့ ဒီဘလောက်ကို ဒီဇင်ဘာတစ်ရက်နေ့မှာ World AIDS Day ဂုဏ်ပြုဆောင်းပါးနဲ့အတူဖွင့်ဖို့ အစ်ကိုမိုးကုတ်သားက အကြံပြုခဲ့ပါတယ်။ ကိုယ်လည်းကြိုးစားကြည့်ခဲ့ပေမယ့် ဘယ်လိုမှအချိန်မရတဲ့အတွက် (အခုတောင် အချိန်လေးလုပြီး လုပ်လိုက်တာပါ) ခုမှပဲတကယ်လုပ်ဖြစ်ပါတယ်။ အေ့စ်ဆောင်းပါးမတင်ဖြစ်ပေမယ့် အမှတ်တရနဲ့ကုသိုလ်လေးရအောင် "တရားစခန်းက ပြန်ခဲ့တယ်" ဆိုတဲ့ အကြောင်းလေးနဲ့ စဖွင့်လိုက်ပါတယ်။ :)


တရားစခန်းက ပြန်ခဲ့တယ်

ဒီတစ်ခေါက် ၉ရက်တရားစခန်းဝင်ဖြစ်တာ ဒီနှစ်ထဲမှာနှစ်ကြိမ်မြောက်ပေါ့။ ပထမတစ်ကြိမ်က August လတုန်းကပါ။ အဲဒီတုန်းက St' John's Island မှာပါ။ ခုတစ်ခေါက်က Changi Aloha မှာပါ။ နှစ်ခေါက်လုံး ဖားအောက်တောရ စင်္ကာပူကျောင်းခွဲက စီစဉ်တာပါ။ ၂၁ရက်နေ့ညနေ ၅နာရီအရောက် check in ၀င်ရမှာဖြစ်လို့ အတူစခန်းဝင်မယ့် သူငယ်ချင်းညီမနှစ်ယောက်နဲ့အတူ Queenstown မှာဆုံပြီး Taxi နဲ့သွားကြဖို့စီစဉ်လိုက်ပါတယ်။ တကယ်တော့ ဒီတစ်ခေါက်က နှစ်ပတ်တရားစခန်းပေမယ့် ကိုယ်တို့က ခွင့်ရက်သိပ်မရှိတော့တာကြောင့် ပိတ်ရက်တစ်ရက်ရှိတဲ့ ဒုတိယအပတ်မှာ ၄ရက်ခွင့်ယူပြီး လိုက်လာကြသူတွေမို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရပါတော့တယ်။

ပထမ Taxi driver က နင်တို့နေရာသိလား၊ ရောက်ဖူးလားဆိုတော့ သုံ့းယောက်လုံးက "No" လို့ဆိုလိုက်တာနဲ့ မလိုက်နိုင်ဘူးဆိုတဲ့အထာနဲ့လက်ကာပြပြီးမောင်းထွက်သွားလို့ နောက်တစ်စင်းစီးလိုက်ရပါတယ်။ တော်ပါသေးရဲ့... နောက်ဒရိုင်ဘာက သဘောကောင်းလို့ (သူလည်း အဲဒီ့ဘက်မကျွမ်းဘူးဆိုတာ ကိုယ်တို့လည်း Aloha ထဲရောက်ပြီး ကိုယ်တို့နေရမယ့်အဆောင် တော်တော်နဲ့ရှာမတွေ့ဘဲ တ၀ဲလည်လည်ဖြစ်နေတော့မှ သိရပါတယ်) နောက်ဆုံးတော့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါတော့တယ်။ ကိုယ်တို့နေရမယ့် အမျိုးသမီးယောဂီဆောင်က Fairy Point Chalet 4 ပါ။

ကိုယ်တို့နေရမယ့်အခန်းက အောက်ထပ်မှာပါ။ ကိုယ်လည်းခြေထောက်နာထားတဲ့အခံရှိသူမို့ ကျေနပ်စွာနဲ့ပဲ အောက်ထပ်မှာနေလိုက်ပါတယ်။ ကိုယ်တို့အခန်းက ၅ ယောက်နေရပါတယ်။ ရေချိုးခန်းအိမ်သာတွဲရက်ပါလို့ စိန့်ဂျွန်းမှာတုန်းကလို တကူးတက အပြင်ထွက်စရာမလိုပါဘူး။

ကိုယ့်ရဲ့ duty ကိုကြည့်လိုက်တော့ အရုဏ်ဆွမ်းအတွက် လိုအပ်တာနဲ့ အချိုပွဲပြင်ဖို့တာဝန်ကျပါတယ်။ (နေ့စဉ်သက်သက်လွတ်အစားအသောက်ကို catering service တစ်ခုကနေorder မှာပါတယ်)။ အချိုပွဲကတော့ အသီးတွေဝယ်ထားပြီး စခန်းမှာပဲစီစဉ်ပါတယ်။ အဲဒါကြောင့် မနက်တိုင်း ကိုယ်စောစောထပြီး စလုံးတရုတ်မတွေနဲ့အတူ အသီးနွှာ၊လှီး၊ လက်ဖက်ပွဲနဲ့ ဒိန်ချဉ်တို့ ပြင်ပေးခွင့် ရခဲ့ပါတယ်။ အဲလိုပြင်ဆင်နေယင်း ကိုယ်တွေးမိသွားတာက မိန်းမတစ်ယောက်အတွက် သင်ယူလေ့လာစရာတွေ အများကြီးပါလားလို့...။ သာမန်ချက်တတ်ပြုတ်တတ်ရုံသာမက ခုလိုဘုန်းကြီးပွဲအတွက် ပြင်ဆင်တတ်ဖို့လည်း လိုတာပါပဲလားလို့။ အသီးလှီးတာ၊နွှာတာတွေက အသီးပုံစံအလိုက် အမျိုးမျိုးကွဲပါတယ်။ အထူးအဖြင့် အချိုပွဲအတွက် အလုံးအစိပ်အရွယ်ညီပြီးအနေတော်ဖြစ်ရမယ်။ အစေ့နဲ့ အခွံမပါစေအောင်၊ လှလှပပ စီရရီနဲ့ စားချင်စဖွယ်ဖြစ်အောင်ပြင်ဆင်တတ်ရင်တော့ အကောင်းဆုံးပေါ့နော့်။ ဒီလိုနဲ့ ကိုယ်လည်း ကုသိုလ်ယူရင်း ပညာတွေရခဲ့တယ်ဆိုပါတော့။ :)

ကဲ..တရားထိုင်ချိန်ရောက်ပါပြီ။ ပျံ့လွင့်နေတဲ့စိတ်တွေ၊ အတွေးတွေ တသီတတန်းကြီး ထိန်းချုပ်ရခက်လိုက်တာ၊ သမာဓိကလည်မရသေးဆိုတော့...အတွေးတွေနောက်ကို လိုက်သွားမိတာအကြာကြီး။ ၀င်လေထွက်လေမှတ်လိုက်၊ အတွေးဝင်လိုက်နဲ့ သမာဓိရဖို့ အတော့်ကို ကြိုးစားအားထုတ်ရပါတယ်။ အင်းလေ...တစ်နှစ်ပတ်လုံး သတိမကပ်မိဘဲ အကုသိုလ်စိတ်တွေနဲ့ပဲ နေလာခဲ့တာ ဘယ်လိုလုပ် သမာဓိချက်ခြင်းရအုံးမှာလဲ...ခုရက်ပိုင်းလေးတော့ သတိကပ်..သတိကပ်ဆိုပြီး စိတ်ကိုအတော်ထိန်းကျောင်းရတာ စစ်ပွဲတစ်ပွဲဆင်နွှဲနေရသလို အတော့်ကို စိတ်ပင်ပန်းပါတယ်။

ကိုယ်ပြောချင်တာ ဒီတစ်ခါအတွေးထဲ အရင်ဆုံးကြီးစိုးခဲ့တဲ့အကြောင်းအရာက blogging ပါ။ (မရယ်ကြနဲ့နော်) ဟုတ်တယ်..တရားစခန်းမ၀င်ခင်ကတည်းက ပြန်ထွက်လာရင်blog လုပ်ဖို့စိတ်ကူးမိခဲ့တော့ အဲဒီ့အတွေးက အနီးစပ်ဆုံးအတွေး ဖြစ်နေလို့ထင်တယ်၊ အရင်ဆုံးဝင်လာတာ။ ဘာတွေရေးမယ်၊ ဘယ်အချိန်ရေးမယ် စသဖြင့်...ကြိုတင်ကြံစည်နေလိုက်တာ..အများကြီးပါပဲ။

တရားထိုင်နေစဉ် ကြီးစိုးတတ်တဲ့ နီဝရဏတရားငါးပါးထဲက ဥဒ္ဓစ္စ-ကုက္ကုစ္စ (စိတ်ပျံ့လွင့်ခြင်းနှင့် နောင်တတဖန်ပူပန်ခြင်း) တွေ ၀င်ဝင်နေတာ နှစ်ရက်၊သုံးရက်လောက်နေမှ အဲဒီ့အတွေးတွေ လျော့ပါးသွားတော့တယ်။ အတွေးတွေတဖြည်းဖြည်းလျော့နည်းလာပြီး နောက်ဆုံးမှ ၀င်လေထွက်လေကို သတိကပ်မိပြီး စိတ်ကိုချုပ်လိုက်နိုင်ပါတယ်။ ဒီလိုဖြစ်တာတရားစခန်းထွက်ခါနီးမှပါ။ တရားအမှန်တကယ်ရအောင် အချိန်တိုအတွင်းမှာ အားထုတ်နိုင်ဖို့ဆိုတာ ပြောသလောက်မလွယ်ပါဘူး။ ကိုယ်တွေက တစ်နှစ်ပတ်လုံး လောဘစိတ်၊ ဒေါသစိတ်တွေကြား နေထိုင်ပျော်မွေ့ခဲ့ကြသူတွေမဟုတ်လား။

ဒါပေမဲ့...တရားစခန်းဝင်တိုင်း နေ့စဉ်အပြင်မှာ မလုပ်ဖြစ်တဲ့ ကုသိုလ်တွေ ယူတတ်ရင် အချိန်တိုင်းကုသိုလ်စိတ်ဖြစ်တာ မဟာအမြတ်ပါ။ မနက်မိုးလင်းကစလို့ တရားထိုင် တရားမှတ် ရှစ်ပါးသီလယူပြီး ဆွမ်းတော်ကပ်၊ ဘုရားရှိခိုး၊ သက်သက်လွတ်စား၊ မေတ္တာပို့၊ အမျှဝေရင်း၊ ဝေယျာဝိစ္စတွေလည်း ကူညီဆောက်ရွက်ခွင့်ရတာမို့ ကုသိုလ်တွေအများကြီးရပါတယ်။ အိမ်မှာနေရင် ဘုရားဆွမ်းတော်ကပ်၊ သောက်တော်ရေလဲပြီး ဘုရားရှိခိုးရုံပဲ အများဆုံးလုပ်ဖြစ်ပါတယ်။ တရားလည်းပုံမှန်မထိုင်ဖြစ်ပါဘူး။ တရားစခန်းရောက်မှ ကျုံးယူခွင့်ရတာပါ။ ဒါကြောင့် ကိုယ်တော့ တရားထူး တရားမြတ်မရသေးသည့်တိုင် စိတ်မပျက်ပါဘူး။ နောင်ဘ၀အတွက် မျိုးစေ့ချတယ်လို့ပဲ နှလုံးသွင်းပါတယ်။ :)

ကိုယ်ကတော့ ဖြစ်နိုင်ရင် ၃လ တစ်ခါလောက်ဝင်ချင်ပါတယ်။ ဒါပေမဲ့ ခွင့်က တစ်နှစ်မှာ ၁၄ ရက်ပဲ ရလေတော့ (ဒါတောင် မြန်မာပြည်မပြန်ဖြစ်လို့ ဒီလောက်ဝင်ခွင့်ရလိုက်တာ) သိပ်မလွယ်ဘူး။ အင်း..ဖြစ်နိုင်ရင်... အလုပ်ကခဏနားပြီး ၁လတရားစခန်းတောင် ၀င်လိုက်ချင်ပါတယ်။

ကိုယ်ကတော့ ပြန်ထွက်ခါနီးရက်ရောက်လာမှာကို စိုးရိမ်နေပေမယ့်လည်း နောက်ဆုံးတော့ ရောက်လာတာပါပဲလေ။ ၂၉ရက်နေ့ ညနေ ၆နာရီမှာ တရားသိမ်းပွဲပြီးတာနဲ့ အပ်ထားတဲ့ လက်ကိုင်ဖုန်းတွေပြန်ယူ၊ တက္ကစီခေါ်၊ အထုပ်အပိုးတွေနဲ့ တက္ကစီပေါ်တက်ပြီး နေ့စဉ်စက်ရုပ်လူသားဘ၀ထဲ တဖန်ပြန်လည်ဝင်ဖို့ အားမွေးရပြန်ပါတယ်။

အပြန်မှာလည်း ဒရိုင်ဘာက စိတ်မရှည်တဲ့သူဖြစ်လေတော့ သူ့မှာ လူ၎ယောက်ကို (အိမ်နီးစပ်ရာ ၃ယောက်ပါ) ညည်းတွားပြီးလိုက်ပို့လိုက်တာ ကိုယ်ကဘိတ်ဆုံးရောက်သွားပြီး စင်္ကာပူကျွန်းပေါ်မှာ ၁နာရီလောက်ကျော် အရှေ့အနောက်ပတ်စီးရပြီးမှ အိမ်ကိုရောက်ပါတယ်။ အိမ်ပြန်ရောက်တော့ အိမ်မှာ သော့မထားစဘူး အထားထူးမိတဲ့ကိုယ့်ကို အိမ်သော့က ကြိုဆိုနေလို့ ဖုန်းတွေဆက်ပြီး အကြောင်းကြားရပါသေးတယ်။

ဒီလိုနဲ့ပဲ ကိုယ်တရားစခန်းက ပြန်ရောက်ခဲ့ပါတယ်။ ဓမ္မမိတ်ဆွေတွေတိုးပွားလာသလို၊ ကုသိုလ်လေးတွေလည်း ရသလောက်ယူခဲ့ပါတယ်။ မိတ်ဆွေသူငယ်ချင်းအပေါင်း သာဓုခေါ်လိုက ခေါ်နိုင်ပါတယ်နော့...။ :)

ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

စကားဦး

9

Category:

blog လုပ်ဖို့စိတ်ကူးရှိခဲ့ဖူးပေမယ့် အကောင်အထည်မဖော်ဖြစ်ခဲ့ပါဘူး။ တစ်အချက်က အချိန်မပေးနိုင်မှာ စိုးရိမ်တာပါ။ နှစ်က ကိုယ်ကအိမ်မှာ သူငယ်ချင်းရဲ့ computer နဲ့ သုံးတာပါ။ ကိုယ့် laptop က ကိုယ့်မောင်လေးကို ပေးလိုက်ပြီးနောက်ပိုင်း ကိုယ့်အတွက် အသစ်ပြန်မ၀ယ်ရသေးပါဘူး။ အဓိက က အဲဒီ့နှစ်ချက်ကြောင့်ပါ။ သုံးက မြန်မာ font နဲ့ အလှမ်းဝေးသွားလို့ ပြန်ပြီး လက်ကွက်ကျင့်လိုက်ရပါသေးတယ်။ ကိုယ်စာရေးစာဖတ်ဝါသနာပါတာကိုသိတဲ့ သူငယ်ချင်းတွေ တိုက်တွန်းခဲ့တာကြာပြီ။ ခုတော့ ကိုယ်လည်းစာရေးချင်တဲ့စိတ်အခြေခံနဲ့ပဲ လုပ်ဖြစ်လိုက်ပါပြီ။ လိုအပ်တာများရှိနေရင်လည်း ဝေဖန်အကြံပေးကြပါဦးနော့်။