A Trip to Remember - 5

Category:

ဇွန်တစ်ယောက် ဆစ်ဒနီကိုသွားလည်မယ်လို့ ကြံစည်စိတ်ကူးပြီးကတည်းက ရတဲ့ရက်မှာ မရောက်မဖြစ် ရောက်ရမယ့် နေရာ၊ ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ ဘယ်သူတွေနဲ့ တွေ့ရမယ်ဆိုတာတွေကို Notepad မှာ Day - 1 ကစလို့ Day - 9 အထိ အကြမ်းဖျဉ်းခရီးစဉ်ကို ရေးဆွဲထားပါတယ်။  Tour Package နဲ့ မဟုတ်ဘဲ Free&Easy သွားတဲ့အပြင် အဖော်မပါ တစ်ယောက်တည်းမို့ မိန်းကလေးတစ်ယောက်ထဲ အလည်သွားဖို့အဆင်ပြေမယ့် ခရီးမျိုးဖြစ်အောင်လည်း စီစဉ်ရပါတယ်။ ဆစ်ဒနီရောက်မယ်ဆိုရင် မသွားမဖြစ် နေရာတစ်နေရာက အပြာရောင်တောင်တန်းများလို့ အမည်ရတဲ့ 'Blue Mountains' ပါ။ အဲ့ဒီအပြာရောင်တောင်တန်းဒေသမှာပဲ စိတ်ဝင်စားစရာကောင်းတဲ့ ဒဏ္ဍာရီလာ ညီအစ်မသုံးဖော်လို့အမည်ရတဲ့ 'Three Sisters' ကျောက်ဆောင်သုံးခုကလည်း  ကမ္ဘာလှည့်ခရီးသည်များ တကူးတက လာကြည့်ချင်အောင် ဆွဲဆောင်တဲ့ အထင်ကရ နေရာတစ်ခုအဖြစ် တည်ရှိလို့နေပါတယ်။

အပြာရောင်တောင်တန်းသွား နေ့ချင်းပြန်ခရီးစဉ်လက်မှတ်ရောင်းချပေးတဲ့  ခရီးသွားအကျိုးဆောင် ၀က်ဘ်ဆိုဒ်တွေကို အင်တာနက်ကနေ တစ်ခုချင်းလိုက်ကြည့်ပြီး ခရီးအစီအစဉ်အရ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ 'Andersons Tours' ခရီးသွားအေးဂျင့် အင်ဒါဆင်ကို ရွေးလိုက်ပါတယ်။ ခရီးစဉ်အစအဆုံးအတွက် အော်စီ၁၅၀ ပေးရတာ အစပိုင်း များသလိုလို ရှိပေမယ့် တကယ်တမ်း ခရီးစဉ်ဆုံးတဲ့အခါ ပေးလိုက်ရတာနဲ့ သိပ်တန်တယ်လို့ ခံစားရပါတယ်။ 

ခရီးစဉ်အရ မနက် ၇နာရီ ၄၀ မြို့ထဲစုရပ်မှာဆုံပြီး ၈နာရီလောက်မှာ လူ ၂၁ယောက်စာ ဆန့်တဲ့ မီနီဘတ်စ်နဲ့ ဆစ်ဒနီမြို့ထဲကနေ  စထွက်ပါတယ်။ ဆစ်ဒနီမြို့အနောက်ဘက်က  'Featherdale Wildlife Park' ကို အရင်ဝင်ပြီး ချစ်စရာကွာလာအကောင်လေးနဲ့ ဓာတ်ပုံရိုက်၊ အခြား တိရစ္ဆာန်များကို ၁နာရီခန့်လှည့်ပတ်ကြည်ရှုပြီး Blacktown International Sportspark ကို သွားကြပါတယ်။ Blacktown Sportspark မှာ ဘူးမားရင်းပစ်နည်းကို ခရီးသွားဧည့်လမ်းညွှန်က သင်ကြားပြသပေးပြီး လက်တွေ့ကွင်းဆင်း ဘူးမားရင်းပစ် လေ့ကျင့်ကြပါတယ်။ အဲ့ဒီကနေမှ အပြာရောင်တောင်တန်းဆီကို ခရီးဆက်ရင်း လမ်းတစ်လျှောက်က လှပတဲ့ ဥယျာဉ်ရွာငယ်အချို့ကိုဝင်၊ နေ့လည်စာစားပြီးမှ ညီအစ်သုံးဖော်ရှိရာ Katoomba မြို့ကို သွားကြပါတယ်။ အပြန်မှာ ဆစ်ဒနီအိုလံပစ်ပန်းခြံထဲ လှည့်ဝင်ပြီးမှ ဆစ်ဒနီကို ဖယ်ရီစီးပြီး ရေလမ်းကြောင်းကနေ ပြန်ရတာပါ။ နေ့လည်စာ၊ Cable Car၊ Scenic Railway နဲ့ Cruise Ferry စီးခတွေက ထပ်မံအပိုဆောင်း ပေးစရာမလိုတာမို့ အားလုံးခြုံကြည့်လိုက်ရင်ပဲ ဒေါ်လာ ၁၅၀ ပေးရတာ တန်ပါတယ်။

ကဲ... ဒီပိတ်ရက်မှာ ဇွန်နဲ့အတူ တောင်တန်းပြာနဲ့ ညီအစ်မသုံးဖော်ဆီ အလည်လိုက်ခဲ့ပါဦး။း)

မနက် ၈နာရီကနေ ညနေ ၆နာရီထိ ဒီမီနီဘတ်စ်လေးစီးပြီး ခရီးနှင်ခဲ့တာပါ။ ကားပေါ်မှာ အသက်အငယ်ဆုံးနဲ့ အဖော်မပါ တစ်ကိုယ်တည်း အာရှတိုက်သူအဖြစ် လိုက်သွားခဲ့သူ ဇွန်ရယ်ပါ။ ကျန်တဲ့ ခရီးသွားအများစုက အသက် ၅၀ကျော် ၆၀ နီးပါးရှိတဲ့ ကိုယ်လုံး၀၀ထွားထွား ဦးဦးဒေါ်ဒေါ်ခေါ်ရမယ့် အမေရိကန်စုံတွဲများ ဖြစ်ပါတယ်။ အမေရိကန်မိသားစု လေးယောက်တစ်ဖွဲ့၊ ဗြိတိန်ဖွား ညီအစ်မ၀၀နှစ်ဦးနဲ့ အနောက်နိုင်ငံသား စုံတွဲနှစ်တွဲလည်း ပါဝင်ပါတယ်။ ကားပေါ် ဇွန်တက်တက်ခြင်း မျက်နှာချိုတဲ့ တိုးဂိုက်က လှမ်းမေးပါတယ်။ နင် ဘယ်ကလဲတဲ့၊ ဇွန်လည်း မဆိုင်းမတွ မြန်မာပြည်ကပါလို့ ဖြေလိုက်တော့ သူက... လှပတဲ့ တိုင်းပြည်တစ်ခုပဲတဲ့။ ဇွန် သိပ်ကိုကျေနပ်သွားပါတယ်။ မြန်မာလို့ ပြောလိုက်ရုံနဲ့ သူသိနေတဲ့ တိုင်းပြည်တစ်ခုမို့  ဒီတစ်ခါတော့ အထူးတလည် ရှင်းပြစရာမလိုတာ ၀မ်းသာစရာဂုဏ်ယူစရာပါ။

ဒီပို့စ်မှာ ပုံတွေအရမ်းများနေလို့ Featherdale Wildlife Park မှာ ရိုက်ခဲ့တဲ့ တိရိစ္ဆာန်များပုံများကို အပိုင်း - ၆ မှာ Koala Park သွားတာနဲ့ ပေါင်းပြီး တစ်စုတည်း တင်ပါမယ်။

ဘူးမားရင်း သင်ခန်းစာ စကြရအောင်။

 ဇွန်တို့ရဲ့ အစ္စရေးနွယ်ဖွား တိုးဂိုက် “ဂျွန်” ပါ။ သူ အသက် ၁၁ နှစ်လောက်မှာ မိဘများနဲ့ သြစတြေးလျကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ ကားလည်းမောင်း၊ ဒေသန္တရဗဟုသုတတွေလည်း ရှင်းပြ၊ ဘူးမားရင်း ပစ်ပုံပစ်နည်းကိုလည်း သင်ပေးတာမို့ စွယ်စုံရ Tour Guide လို့တောင် ဆိုနိုင်ပါတယ်။ အဲ...စကားစပ်လို့ ဇွန်ဟာ ဘူးမားရင်းပစ်တာ သိပ်ညံ့ပါတယ်။ တကယ်တမ်းပစ်ကြည့်မှ ထင်သလောက် မလွယ်ဘူးဆိုတာ ကိုယ်တွေ့သိရပါတော့တယ်။

အပြာရောင် တောင်ပေါ်အသွား လမ်းမှာ ၀င်ခဲ့တဲ့ သိပ်လှတဲ့ ဥယျာဉ်ရွာတစ်ခုက တစ်ခုသောအိမ်ရှေ့ပန်းခြံက ဖြတ်အသွား ကားပေါ်ကနေ လှမ်းရိုက်ခဲ့တာပါ။ ညီအစ်မသုံးဖော်ဆီ မရောက်ခင် ကင်မရာကို ချွေတာလိုက်ရတာရယ်၊ အဲ့ဒီရွာလေးက ကြည့်လေရာရာမှာ ပန်းတွေဝေေ၀ဆာဆာနဲ့ သိပ်လှလွန်းလို့ မျက်စိအမှိတ်မခံဘဲ ဘယ်ညာလိုက်ကြည့်ခဲ့ရတာတွေကြောင့် ပုံများများ မရိုက်ဖြစ်ခဲ့တာ အခုမှ နောင်တရမိသလိုပါပဲ။ တကယ်ဆို အချိန်ရရင် အပြန် အဲဒီ့ဥယျာဉ်လေးမှာ တစ်ထောက်နားဖို့ ဂျွန်က စီစဉ်ခဲ့ပေမယ့် ကားပေါ်က အန်တီတစ်ယောက်ဟာ ခြေထောက်သိပ်မသန်ဘဲ ချိုင်းထောက်ကို အားပြုသွားရတာမို့ တစ်နေရာရောက်တိုင်း သူ့ကို စောင့်ခေါ်ရတာ အချိန်လင့်သွားတဲ့အတွက် အပြန်မှာ နောက်တစ်ခေါက်  ထပ်မ၀င်နိုင်တော့ပါဘူး။ ကနေဒါနိုင်ငံ ဗန်ကူးဗားမှာ အခြေချနေထိုင်တဲ့ အဲဒီ့အန်တီကြီးက မှတ်ချက်ချပါတယ်။ အဲဒီ့ဥယျာဉ်ရွာလေးက ဗန်ကူးဗားနဲ့ သိပ်တူပါသတဲ့။ နွေဦးရောက် ဗန်ကူးဗားလိုပဲ နေရာတိုင်း ပန်းတွေပွင့်ပြီး ကြည့်ရတာ သိပ်ကို ကြည်နူးလှပနေတာပဲဆိုလို့ ဗန်ကူးဗားက မလေး (မမအိမ့်ချမ်းမြေ့) ကို သတိရသွားပါတယ်။

ဒတ်ခ်ျလူမျိုး၊ ဂျပန်လူမျိုးနဲ့ အခြားဥရောပနိုင်ငံပေါင်းစုံက နိုင်ငံသားတွေလာရောက်နေထိုင်ပြီး မိမိတို့ဒေသအတိုင်း ပန်းတွေစိုက်ပျိုးအလှဆင်ခဲ့လို့ ပန်းရောင်စုံနဲ့ အလှကြီးလှနေတဲ့ 'Garden Village Leura' ကို ပြန်အထွက်မှာ မှတ်တမ်းတင်လိုက်နိုင်ပါတယ်။

လော်ရာဥယျာဉ်ရွာကထွက်ပြီး တောင်ပြာတန်းနဲ့ ညီအစ်မသုံးဖော်ကို လှမ်းမျှော်ကြည့်လို့ရတဲ့ Sublime Point ကို ရောက်တော့ ဗိုက်ဆာနေပါပြီ။ တောင့်ထား... ပြီးရင် နေ့လည်စာ စားရတော့မယ်။

  ဖြေးဖြေးဆင်း....

မြင်ရပါပြီ... အပြာရောင်တောင်တန်းတွေ။ အပြာရောင်တောင်တန်းလို့ အမည်ခေါ်တွင်ခဲ့ရတာက တောင်ပေါ်နဲ့ တောင်အောက်မှာရှိတဲ့ ယူကလစ်ပင်ရဲ့ အရွက်ကနေထွက်တဲ့ ဆီဟာ ရေငွေ့ပျံ၊ လေထုနဲ့ပေါင်းစပ် ဓာတ်ပြုပြီးသကာလ နေရောင်ခြည်နဲ့ ထိတွေ့ရာမှ အပြာလဲလဲ့ အရောင်အဖြစ် ရောင်ပြန်ဟပ် ထွက်ပေါ်လာရခြင်းဖြစ်ကြောင်း ဂျွန်က ရှင်းပြပါတယ်။ အဝေးကနေ လှမ်းမျှော်ကြည့်လိုက်တဲ့အခါ ယူကလစ်ပင်တွေအပြည့်နဲ့ တောင်စဉ်တန်းဟာ အပြာရောင်တောင်တန်းများအဖြစ် နာမည်ကျော်ခဲ့တာ ယုံမှာစရား မရှိပါဘူး။ ဒါပေမယ့် တောမီးလောင်ကျွမ်းမှုနဲ့ သစ်တောပြုန်းတီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အရင်ကလောက် ကြည့်ရတာ မပြာတော့ဘူးလို့ ဆိုပါတယ်။ ဇွန်တို့ရောက်တဲ့နေ့က ကံကောင်းထောက်မစွာနဲ့ ရာသီဥတုကောင်းလို့ အပြာရောင်လဲ့လဲ့အဖြစ် တွေ့မြင်ရပါတယ်။

ညီအစ်မသုံးဖော် ကျောက်ဆောင်ကို ခပ်ဝေးဝေးမှာ လှမ်းပြီး မြင်နေရပါပြီ။ နေ့လည်စာ စားပြီးတဲ့အခါ ညီအစ်မသုံးဖော်ကို အနီးကပ်မြင်ရတဲ့ Katoomba မြို့လေးဆီ သွားကြမှာပါ။

Country Club လို့ အမည်ရတဲ့ တောင်ပေါ်ကလပ်တစ်ခုမှာ အင်ဒါဆင်က အရသာရှိတဲ့ နေ့လည်စာ စီစဉ်ပေးထားပါတယ်။ ဇွန်က အ၀င်မှာကတည်းက ကလပ်ဝန်းခြံထဲက ပန်းတွေမျက်စိကျနေမိတော့ ဓာတ်ပုံရိုက်ဖို့ အာရုံရှိနေတာမို့ နေ့လည်စာကို ခပ်မြန်မြန်စား၊ အချိုပွဲလောက်ပဲ မှတ်တမ်းတင်၊ ဂျွန့်ကို သတင်းပို့ပြီး ဓာတ်ပုံရိုက်ဖို့ ခြံဝင်းထဲ အပြေးဆင်းခဲ့ပါတယ်။

 သိပ်လှတာပဲလို့ စိတ်ထဲက တတွတ်တွတ်ရွတ်၊ ဓာတ်ပုံကလည်း တဖျတ်ဖျတ်ရိုက်မို့ ဇွန်တစ်ယောက် လောကကြီးကို မေ့သွားပါတယ်။ နွေဦးပြယုဂ်ပန်းတွေ ကြည့်လေရာ အရောင်စို တောက်ပလို့။ ခုလို အရောင်အသွေးစုံပန်းတွေမြင်ရအောင် နွေဦးမှာ လာလည်ဖို့ အကြံပြုခဲ့တဲ့ ဇွန့်အန်တီကို ကျေးဇူးတွေ တင်နေမိပါတယ်။

ဒီလို ပန်းတွေ မြင်ရတဲ့အခါ ပန်းတွေကို ချစ်မြတ်နိုးတတ်တဲ့ အစ်မပြုံး (မအပြုံးပန်း) ကို သတိရမိပါတယ်။ သူသာဆို ပန်းအမျိုးအစားတွေ ခွဲခြားသိနေဦးမှာလို့။





အရိုင်းပေမယ့် လှပါတယ်....

 နေ့လည်စာ စားပြီးလို့ အားလုံးကားပေါ် ပြန်တက်တဲ့အချိန်ရောက်မှ ဓာတ်ပုံရိုက်တာရပ်ပြီး ကားဆီ အပြေးအလွှား သွားရပါတယ်။


ခတွန်းဘားမြို့လေးကို ၀င်ပြီး ညီအစ်မသုံးဖော်ကို အနီးကပ်ကြည့်မြင်နိုင်တဲ့ စခန်းရောက်ခဲ့ပါပြီ။ အပေါ်ပုံမှာ မြင်ရတဲ့ ကျောက်ဆောင် ၃ ခုရဲ့ ဒဏ္ဍာရီအကျဉ်းကို ဂျွန်က ပြောပြပါတယ်။ ဂျေမီဆင်တောင်ကြား ရွာတစ်ရွာက ခတွန်းဘားမျိုးနွယ်စု ညီအစ်မ သုံးဦးဟာ သူတို့နဲ့ လက်ထပ်ခွင့်မရှိတဲ့ အခြားမျိုးနွယ်က အမျိုးသားသုံးဦးနဲ့ ချစ်ကြိုက်မိကြပါတယ်။ ဒီအမျိုးသားသုံးဦးဟာ သူတို့နဲ့ သဘောမတူနိုင်တဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်ပြီး လူအင်အားသုံးလို့ ညီအစ်မသုံးဖော်ကို ဖမ်းဆီးပေါင်းစပ်ဖို့ ကြိုးစားတဲ့အခါ မျိုးနွယ်စုနှစ်ခု စစ်ဖြစ်ကြပါတော့တယ်။

အဲဒီအခါ ခတွန်းဘားမျိုးနွယ်စုရဲ့ အကြီးအကဲတစ်ဦးက ညီအစ်မသုံးယောက်ကို အန္တရာယ်ကင်းအောင် သူ့အတတ်နဲ့ ကျောက်ဆောင်သုံးခုအဖြစ် ဖန်ဆင်းလိုက်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ သူဟာ အဲဒီ့စစ်ပွဲမှာ အတိုက်ခိုက်ခံရပြီး သေဆုံးသွားလို့ ညီအစ်မသုံးယောက်ကို ကျောက်တုံးကနေ လူအဖြစ် ပြန်လည်အသက်သွင်းပေးနိုင်သူ မရှိတော့တဲ့အတွက် ဒီညီိအစ်မသုံးဖော်ဟာ ကျောက်ဆောင်သုံးခုအဖြစ် ယခုထက်တိုင် တည်ရှိနေရတယ်လို့ ဆိုပါတယ်။ ဒီဒဏ္ဍာရီနဲ့ ပတ်သက်ပြီး သမိုင်းအထောက်အထားပညာရှင်တွေက ခတွန်းဘားနယ်ခံတွေရဲ့ ပါးစပ်ရာဇ၀င်သက်သက်သာ ဖြစ်တယ်လို့ ထောက်ပြပြောဆိုကြပေမယ့် ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ကျောက်ဆောင်ညီအစ်မသုံးဖော်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နောက်ခံပုံပြင်တစ်ပုဒ်ဆိုတာ မငြင်းနိုင်ပါဘူး။

ကေဘယ်လ်ကားစီးပြီး တောင်အောက်ကို ဆင်းကြပါတယ်။ 


 
ကျောက်ဆောင်တွေအောက်မှာ အေးစိမ့်စွတ်စိုတဲ့ မိုးသစ်တောဟာ နှစ်သန်းပေါင်းများစွာနဲ့ချီပြီး တည်ရှိနေခဲ့တာပါ။ ဒီပုံထဲက အပင်ဆိုရင် အနှစ်သန်းပေါင်း ၃၀၀ ရှိပါပြီ။ ဒီလိုအပင်မျိုး အမေဇုန်တောကြီးထဲမှာ ရှိသေးပေမယ့် သက်တမ်းနဲ့အပင်အရွယ်အစားက ဒီလောက်မရှည်ဘူးလို့ ဂျွန်က ပြောပါတယ်။ 

ပင်စည်အခေါက်တွေကွာကျနေတဲ့ ယူကလစ်ပင်

ဒီနေရာကို 'Kissing Point' or 'Kissing Tree' လို့ ခေါ်ပါတယ်။ အပင်နှစ်ပင် အတူယှက်ဖြာလိမ်ပူးပြီး တက်သွားတာကိုး။ ဒီနေရာမှာ ကတိက၀တ်ခံပြီး သစ္စာပြုရင် ချစ်သူတိုင်း ဆုံဆည်းကြတယ်လို့ အယူရှိပါသေးတယ်။

သစ်တောထဲမှာ အဲလိုပုံလေးတွေနဲ့ ရှင်းလင်းချက်တွေ အများကြီးပါပဲ။ ဒီပုံက Kissing Tree အတွက် ရည်ညွန်းထားတယ်ဆိုတာ အထူးတလည် ရှင်းပြစရာ မလိုတော့ဘူးနော်။

၁၈၇၈ ခုနှစ်က ခတွန်းဘား ကျောက်မီးသွေးတွင်းဟောင်းပါ

Meehni၊ Wimlah နဲ့ Gunnedoo' ညီအစ်မသုံးဖော်

 
သစ်တောထဲကနေ အပေါ်ကို ပြန်တက်ကြတဲ့အခါ တစ်ချိန်တုန်းက တောင်အောက် ကျောက်မီးသွေးတွင်းက ထွက်ရှိတဲ့ ကျောက်မီးသွေးတွေကို တောင်ပေါ်ပို့ရာမှာ အသုံးပြုဆောက်လုပ်ခဲ့တဲ့ ကမ္ဘာ့အမတ်စောက်ဆုံး Scenic Railway စီးပြီး ပြန်တက်လာခဲ့ပါတယ်။
 
ညီအစ်မသုံးဖော်ကို လှမ်းမျှော်နှုတ်ဆက်လိုက်ပါတယ်

ချယ်ရီပန်းတွေစီရရီနဲ့ တောင်ပေါ်ခတွန်းဘားမြို့လေးဟာလည်း သန့်ရှင်းလှပ နေချင်စရာကောင်းပါတယ်။

ခရီးစဉ်မှာမပါတဲ့ ရေတံခွန်နဲ့ National Park ကိုတော့ မရောက်ခဲ့လိုက်ပါဘူး။ တကယ်အေးအေးဆေးဆေး အချိန်ပေးနိုင်ရင် တောင်ပြာတန်းမှာ ကြည့်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ဒါကြောင့်ပဲ တစ်ချို့တွေ တောင်ပြာတန်းခရီးစဉ်သက်သက်အတွက် ၃ရက် အချိန်ပေးကြတာပါ။

ခတွန်းဘားက ဆစ်ဒနီကိုအပြန် လမ်းမှာ ဆစ်ဒနီအိုလံပစ်ပန်းခြံထဲကို ၀င်ပါတယ်။ ၆နာရီခွဲအမှီ ဖယ်ရီစီးရမှာမို့ အောက်မဆင်းလိုက်ရဘဲ ကားပေါ်ကနေပဲ လှည့်ပတ်ကြည့်ရှုပြီး လက်လှမ်းမှီသလောက်သာ ဓာတ်ပုံရိုက်လိုက်ရတာမို့ သိပ်အားမရပါဘူး။

၂၀၀၀ပြည့်နှစ် ဆစ်ဒနီအိုလံပစ်ပွဲအတွက် ဆောက်လုပ်ခဲ့တဲ့ပန်းခြံမှာ မည်သူမဆို ၀င်ကြေးပေးစရာမလိုဘဲ အပန်းဖြေလှည့်လည် ကြည့်ရှုလို့ရပါတယ်။ special occasion တွေအတွက်ဆိုရင်တော့ ပေးရပါတယ်။

Australia and New Zealand Bank Corp ရဲ့ ANZ Stadium ပါ။ စင်္ကာပူမှာတော့ ANZ က Credit Card တွေပေးပြီး Promotion လုပ်နေပါတယ်။

ဆစ်ဒနီအိုလံပစ်ပန်းခြံရဲ့ ဖယ်ရီဆိပ်ကနေ ဆစ်ဒနီက circular quay terminal ကို ပြန်ကြရပါတော့မယ်။ တစ်နေ့တာ မမေ့နိုင်စရာကောင်းတဲ့ ခရီးစဉ်တစ်ခုအတွက် အင်ဒါဆင်နဲ့ စိတ်ရှည်ပြီး စွယ်စုံရဧည့်လမ်းညွှန် ဂျွန်ကို ကျေးဇူးတင်ရပါတယ်။


ဒီခရီးကို ဇွန်တစ်ယောက်တည်းနှင်ခဲ့ပေမယ့် ဘယ်နေရာမှာမဆို တွေ့တိုင်း ဖော်ရွေတတ်တဲ့ အမေရိကန်တွေနဲ့ အတူသွားရခွင့်ရလို့ ပျော်စရာကောင်းခဲ့ပါတယ်။ တစ်ယောက်တည်းမို့ အားလုံးက ဖေးဖေးမမရှိကြပါတယ်။ သူတို့အားလုံးက တကယ့်ကို ရက်ရှည်ဟောလီးဒေးယူပြီး လာကြသူတွေပါ။ ချိုင်းထောက်နဲ့အန်တီကြီးက ခြေထောက်မသန်ပေလို့သာပဲ၊ သူနဲ့သူ့ယောက်ျားက အရှေ့အလယ်ပိုင်း အစ္စရေးကနေ အာရှပစိဖိတ် သြစတြေးလျထိ ရောက်လာတာ။ ပြီးရင် နယူးဇီလန်ကို ခရီးဆက်ပြီးမှ ဟာဝိုင်အီကနေ မြောက်အမေရိကကို ပြန်မှာ။ နောက်တစ်ခြားသူတွေကလည်း သြစတြေးလျ တစ်ကျွန်းလုံးကို ပတ်ပြီးမှ ဆစ်ဒနီမှာ ခရီးဆုံးတာ။ ပြီးရင် နောက်ခရီးစဉ်တွေ ဆက်ကြဦးမှာ။ ဇွန့်ကို ၀ိုင်းမေးကြတယ်၊ နင်ဘယ်နှစ်ရက်ရပြီလဲ၊ ဘယ်တွေသွားဦးမှာလဲတဲ့။ ကိုယ်က အခုမှ ၅ ရက်မြောက်၊ နောက် ၄ ရက်နေရင်ပြန်တော့မှာ၊ ကင်ဘာရာတော့ ရောက်ပြီးပြီ၊ ကျန်တဲ့ရက်တွေလည်း ဆစ်ဒနီမှာပဲလည်ဦးမှာလို့ ပြောလိုက်တော့ သူတို့က အားမလို အားမရပုံစံနဲ့ နင့်ဟောလီးဒေးလ်ရက်က မနည်းဘူးလားတဲ့။ အင်းလေ... သူတို့က အနည်းဆုံး တစ်လခရီး ထွက်လာကြသူတွေ ဆိုတော့ ပြောအားရှိမှာပေါ့။

အပြန်ဖယ်ရီဆိပ်မှာ လာကြိုတဲ့ ဦးလေးက မေးပါတယ်။ ဒီနေ့ခရီးစဉ်ထဲမှာ အကြိုက်ဆုံးက ဘာလဲတဲ့။ 

“ကျောက်တောင်တွေဝန်းရံထားတဲ့ စိမ့်အေးမှောင်ကျနေတဲ့ ရှေးနှစ်သန်းပေါင်းများစွာက သစ်ပင်တွေ ထူထပ်ပေါက်ရောက်နေတဲ့ သစ်တောကြီးထဲမှာ လမ်းလျှောက်ရတာ အကြိုက်ဆုံး” လို့ ...

အဲသလို ဖြေခဲ့ပါတယ်။း))



ဇွန်မိုးစက်

နောက်တစ်ပိုင်းမှာ တိရစ္ဆာန်လေးတွေနဲ့ တွေ့ကြမယ်။

Comments ( 6 )

မမ ပိုစ့်တွေ ခုမှ တွေ့လို့ အားပါးတစ်ရ ဖတ်ဖြစ်ပါတယ်။ ဆက်ပါဦးနော်။ သိပ်ပျော်စရာကောင်းတဲ့ နေရာလေးတွေပဲ၊ မသိတာလေးတွေလဲ သိရ မြင်ရတယ်။ ကျေးဇူးး) အခွင့်သင့်ရင် နောင့် လဲ သွားလည်ချင်တယ်။း)

ချစ်တဲ့ နောင့်

သိပ်လှ သိပ်သာယာတဲ့နေရာနော် ပျော်စရာကြီး... ပန်းမကြိုက်တတ်တဲ့သူတောင် ဇွန့် ဓါတ်ပုံတွေ ကြည့်ပြီး သဘောကျသွားတယ်...

သွားချင်တယ် .. သွားချင်တယ် ................. ၀ါးးးးးးးးးးးးးးးးး

ကမ္ဘာပေါ်မှာ လှတဲ့နေရာတွေအများကြီးနော်။
ဓါတ်ပုံတွေတင်ပေးထားလို့ မရောက်ဖူးပေမဲ့ မြင်ခွင့်
ရတာကျေးဇူးတင်ပါတယ်။

တကယ်တော့ ဇွန့်လို ဒေသန္တရ စိတ်ဝင်စားတဲ့သူ ခရီးသွားတာ ပိုအဓိပ္ပါယ်ရှိတယ်။ =)

ကိုယ်တော့ သွားလိုက်တာတွေမှာ ဘာပလန်မှ မပါဘူး။ အတူသွားတဲ့သူတွေနဲ့ သွားတဲ့နေရာမှာ အခြေကျနေတဲ့သူတွေ ကောင်းလို့သာ...

အနောက်ဘက်ခြမ်းတွေ သွားကြည့်ဦးမှ။

ပန်းတွေ အမျိုးအစားအားလုံးကို
ကိုယ်လည်း မသိပါဘူး၊
ပန်းတွေအားလုံးက ပန်းရောင် အနီရောင်တွေနော်၊
နှင်းဆီရိုင်းလေးက သိပ်လှတာပဲ၊
ကြွေကျနေလိုက်တာ၊

ပျော်စရာ စိတ်လှုပ်ရှားစရာ ခရီးစဉ်လေးပဲနော်၊
အပြာရောင်တောင်တန်းနဲ့ ညီအမသုံးဖော်ကို အရင်က ဖတ်ဖူးတယ်