၂၉ရက်နေ့ ခရီးထပ်မထွက်ခင် ဆစ်ဒနီခရီးစဉ်ကို ကြိုးစားအချိန်လုပြီး အဆုံးသတ်လိုက်ပါပြီ။
မပြန်ခင် နှစ်ရက်အလိုမှာ တစ်ယောက်တည်း မြို့ထဲလျှောက်ပတ်ရင်းနဲ့ ဗစ်တိုးရီးယားဘုရင်မအဆောက်အဦ (Queen Victoria Building) လို့ နာမည်ပေးထားတဲ့ အတိုကောက် QVB လို့ ခေါ်ဆိုကြတဲ့ Shopping Complex ကို ရောက်ခဲ့ပါတယ်။ နာမည်နဲ့လိုက်ဖက်ညီစွာ အဆင်အပြင် ဗိသုကာဒီဇိုင်းက ဗစ်တိုးရီးယားခေတ်ဟောင်းလက်ရာနဲ့မို့ အတော်လေး ကြီးကျယ်ခမ်းနားတဲ့ Shopping Mall ပါ။ ကမ္ဘာကျော်ဒီဇိုင်နာ Pierre Cardin က သူတွေ့ဖူးသမျှ Shopping Center ထဲမှာ အလှဆုံးပဲလို့ ချီးမွမ်းခဲ့တာကို ဇွန်အပြည့်အ၀ ထောက်ခံပါတယ်။
ဒုတိယထပ်ကနေ အောက်ထပ် basement ကို လှမ်းအကြည့်
ပုံမှာမြင်ရတဲ့ နာရီစင်ကြီးကလည်း သိပ်လှပါတယ်။ ကင်မရာ ဘက်ထရီ ကုန်သွားလို့ ဖုန်းကင်မရာနဲ့ပဲ ရိုက်ခဲ့ရလို့ အပြင်မှာလောက် လှမနေတာ နှမြောစရာပါ
ဒါက ဘေးဘက်က လှေကားအတက်အဆင်းနေရာ၊ ဘယ်ညာ နှစ်ဖက်လုံးမှာ ရှိပါတယ်။
နာရီတစ်ချက်ထိုးတိုင်း အလယ်မျက်နှာကျက်အ၀ိုင်းမှာ ပုံလေးတွေ သီချင်းသံနဲ့ အမျိုးမျိုးပေါ်လာပြီး ဈေးဝယ်လာသူတွေ မကြည့်မိ မနေနိုင်အောင် ဆွဲဆောင်တဲ့ အစီအစဉ်လေး ရှိပါတယ်။ အထူးသဖြင့် ကလေးတွေက အောက်ကပုံမှာလို ကြမ်းပေါ်မှာအိပ်လျက် နေရာအသင့်ယူပြီး ကြည့်ရတာကို သိပ်သဘောကျကြပါတယ်။ နွေရာသီအကြိုနဲ့ လိုက်ဖက်ညီစွာ သီချင်းနဲ့ပုံပြကွက်လေးတွေက ကိုယ်လိုလူကြီးတွေကိုလည်း ခေါင်းတမော့မော့နဲ့ ကြည့်ရှုရအောင် စွမ်းပါတယ်။
QVB အပြင်ဘက်ပါ။ ဇွန့်ဖုန်းကင်မရာ သိပ်မကောင်းလို့ မြင်ကွင်းကို သိပ်အကြီးချဲ့ပြီး ဆွဲလို့မရပါဘူး။
ဒါက ဆစ်ဒနီဘတ်စ်ကားမှတ်တိုင် အမှတ်တရပါ။ ၅၅၅ ငါးသုံးလုံး ဘတ်စ်က ဆစ်ဒနီမြို့လယ်ခေါင်က အဓိကလမ်းမကြီးနှစ်ခုမှာ loop ပတ်ပြီး အခမဲ့ပြေးပေးပါတယ်။ ဇွန်လည်း ဘတ်စ်နံပါတ် ၅၅၅ နဲ့ဂိတ်စဂိတ်ဆုံး တက်စီးပြီး မြို့ထဲပတ်ခဲ့တာပါ။
သူတို့ဆီက ဘတ်စ်အညွှန်းက အက္ခရာစဉ်နဲ့ စီထားတာပါ။ စင်္ကာပူမှာလို ဘယ်ကားက ဘယ်မှတ်တိုင်မှာရပ်တယ်လို့ မှတ်တိုင်စဉ်လိုက် ဖော်ပြတာမျိုးမဟုတ်ဘဲ ကိုယ်သွားချင်တဲ့နေရာ၊ လမ်းနာမည်ကို အရင်ရှာပြီးမှ အဲ့သည်နေရာရောက်တဲ့ဘတ်စ်ကို ကြည့်ရတာပါ။
ဇွန်မိုးစက်က စာတိုက်ပုံးတွေ့လည်း အလွတ်မပေးပြန်ပါဘူး။ ဘာရယ်မဟုတ် အဲဒါမျိုးတွေကို မှတ်တမ်းယူရတာ စိတ်ဝင်စားလို့ပါ။ လူတစ်ကိုယ် စိတ်ဝင်စားမှုတစ်ဖုံပေါ့နော်။
ဆစ်ဒနီမှာ အရမ်းသဘောကျခဲ့တာတစ်ခုက ဖယ်ရီလေးတွေစီးပြီး ရေလမ်းခရီး တစ်နေရာနဲ့တစ်နေရာ သွားရတာကိုပါ။ Ferry Terminal ငါးခုရှိပြီး အပေါ်ပုံမှာလို အရောင်နဲ့ လိုင်းတွေ ခွဲထားပါတယ်။ ကောင်းကင်ပြာနဲ့ ပင်လယ်လှိုင်းကြား ဖယ်ရီစီးခဲ့ရတဲ့ အရသာကို တစ်သက်မမေ့နိုင်ပါဘူး။
သြစတြေးလျံတွေရဲ့ နောက်ထပ်ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ Fish&Chips ပါ။ ဒါလည်း ဗြိတိသျှတို့ရဲ့ ရိုးရာအစားအစာနဲ့ တူပြန်ပါတယ်။ အော်စီ Fish&Chips က အင်္ဂလိပ် Fish&Chips ထက် ပိုကောင်းတယ် ပြောပေမယ့် အင်္ဂလန်မှာ ရှာလကာရည်ဆမ်းပြီး စားခဲ့ရတဲ့ အရသာမျိုးလောက် လျှာမတွေ့ခဲ့ပါဘူး။ တကယ့်နာမည်ကြီး Fish&Chips ကို မစားခဲ့မိတာကြောင့်လည်း ဖြစ်မှာပါ။ အဲ...စင်္ကာပူက ဆိုင်တွေမှာရောင်းတဲ့ Fish&Chips ထက်တော့ အပုံကြီး ကောင်းတာပေါ့။ :D
ဒါက မပြန်ခင် နောက်တစ်ရက်မှာ သွားခဲ့တဲ့ ဆစ်ဒနီရဲ့ နာမည်ကျော် အချစ်ဆိပ်ကမ်း (Darling Habour)
အချစ်ဆိပ်ကမ်းနားတစ်ဝိုက်မှာ....
ဒါလင်ဟာဘာမှာ ဖြတ်လျှောက်ဓာတ်ပုံရိုက်နေတုန်း အပေါ်က ဆိုင်းဘုတ်မှာ ကြော်ငြာထားတဲ့ သုံးခုထဲက အောက်ဆုံးက Sydney Jet ဆိုတာကို အတော်စိတ်ဝင်စားသွားခဲ့ပါတယ်။ ဇွန့်စိတ်သဘောကိုမှန်းမိတဲ့ အဒေါ်က စီးချင်ရင်စီးပါ၊ ခရီးအစအဆုံး တစ်နာရီလောက်ကြာပေမယ့် သူတို့စောင့်ပေးမယ် ဆိုတာကြောင့် အော်စီ၄၅ ဒေါ်လာပေးပြီး ရင်တဖိုဖိုနဲ့ ဆစ်ဒနီဂျက်ဘုတ်စီး အတွေ့အကြုံကို ယူခဲ့ပါသေးတယ်။ အခွင့်အရေးဆိုတာ တစ်ခါပဲ ရတတ်တယ်လေ....နော်
ဟာဘာဂျက်စီးဖို့ စောင့်နေကြသူများ
ဟာဘာဂျက်စီးဖို့ စောင့်နေကြသူများ
အပေါ်မှာ မြင်ရတဲ့ဘုတ်လေးပေါ် မိုးကာအင်္ကျီစွတ်၊ ခါးပတ်ပတ်လို့ သမုဒ္ဒရာရေစပ်ထိ ထွက်ခဲ့ပါတယ်။ ရွက်လှေသင်္ဘောရှင်းတဲ့ နေရာရောက်သွားတဲ့အခါ ဂျက်ဘုတ်မောင်းသူက ဂျက်ဘုတ်လေးနဲ့ ရေကိုထိုးခွဲ၊ ဂျွမ်းနောက်ပြန်ထိုး၊ အရှိန်နဲ့လှည့်ထွက် စတာတွေကို သည်းထိပ်ရင်ဖို အမျိုးမျိုး လုပ်ပါတော့တယ်။ ဘုတ်ပေါ်မှာပါတဲ့ ကလေးလူကြီးမကျန်၊ ဟေး...၊အား... နဲ့ အသံစုံ အော်ဟစ်ရင်း အားပေးကြပါတယ်။ နှလုံးရောဂါရှိတဲ့သူဆိုရင်တော့ မစီးသင့်ပါဘူးလို့ လက်မှတ်ဝယ်ကတည်းက အကြံပြုထားပါတယ်။ ကိုယ့် own risk နဲ့ ကိုယ် စီးရတာမို့ တစ်ခုခုဖြစ်ရင် သူတို့ တာဝန်ယူမယ့်ပုံ မပေါ်ပါဘူး။ ဂျက်ဘုတ်လေးဟာ ပင်လယ်သမုဒ္ဒရာနဲ့ လှိုင်းတွေကြားမှာ နာရီဝက်ခန့်လူးကာ၊ လှိမ့်ကာ ပြေးလွှားကစားပြီး အချစ်ဆိပ်ကမ်းကို ပြန်ကပ်လာတော့ အားလုံးရဲ့ ရေစိုမျက်နှာမှာ ကျေနပ်ပြုံးတွေနဲ့။ သြော်... ၄၅ ဒေါ်လာပေးပြီး အသည်းအေးရတာ တန်ပါတယ်ကွယ်။
ကမ္ဘာပေါ်က နာမည်ကြီးငါးဈေးထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ဆစ်ဒနီ Fish Market ကို ရောက်ခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ တကူးတကလာရောက်ကြည့်ရှုကြတဲ့ နေရာတစ်ခုလို့ သိရပါတယ်။ တကယ်တမ်းဈေးရုံထဲ ရောက်သွားတော့လည်း ကိုယ်လိုပဲ ဓာတ်ပုံတဖျပ်ဖျပ်နဲ့ ကမ္ဘာလှည့်ခရီးသည်အများအပြားကို တွေ့ရပါတယ်။
တူးနားရဲ့ ဈေးနှုန်းကို မြင်သာအောင် တမင်ရိုက်ယူခဲ့တာပါ။
ဒါက Fish Market အနောက်ဘက်ပါ။ မနက်အစောကြီးဆိုရင် ငါးဖမ်းလှေတွေ ဆိုက်ကပ်ပြီး လတ်လတ်ဆတ်ဆတ် ဖမ်းယူရရှိတဲ့ ငါးတွေကို သူ့ထက်ငါ အပြိုင်အဆိုင် လေလံပစ်ကြီး ရောင်းကြ၊ ၀ယ်ကြပါတယ်တဲ့။ ဂျပန်ငါးဈေးမှာ အဲသလို ရောင်းကြ၀ယ်ကြတာကို တီဗီအစီအစဉ်တစ်ခုကနေ ကြည့်ဖူးတာကို မျက်စိထဲမြင်ယောင် မှန်းကြည့်လိုက်ပါတယ်။ ဟိုးတစ်ဘက်မှာ မြင်တွေ့ရတဲ့တံတားက ANZAC (Australia and New Zealand Army Corps) အထိမ်းအမှတ် တံတားဖြစ်ပါတယ်။ တံတားနာမည်ကလည်း ANZAC ပါပဲ။
ဆစ်ဒနီရောက်သူတိုင်း သွားကြတဲ့ Paddy's Market ကိုလည်း ရောက်ခဲ့ပါတယ်။ ဆစ်ဒနီပြန်လက်ဆောင်မျိုးစုံ ဒီဈေးကြီးထဲမှာ ပေါပေါများများနဲ့ ၀ယ်ယူနိုင်ပါတယ်။ တစ်ဈေးလုံးမှာ ရောင်းသူတရုတ်တွေနဲ့ ၀ယ်သူနိုင်ငံခြားသားတွေ ခြေချင်းခတ်နေပါတယ်။
စာတမ်းမျိုးစုံနဲ့ တီရှပ်ဒီဇိုင်းစုံ
လည်ရှည်သားမွေး ဖိနပ်တွေ ယူကြဦးမလား
ရောင်စုံဆန်းပြား အတွင်းခံများ
ဒီလို ဈေးသက်သက်သာသာနဲ့အဆင်အရောင်အသွေးစုံ အိတ်လေးတွေ မြင်တော့ အစ်မခင်ဦးမေကို သတိရလိုက်ပါသေးတယ်။
Paddy's Market ရဲ့ တစ်ဖက်မှာ လှမ်းမြင်ရတဲ့ ဆစ်ဒနီ ချိုင်းနားတောင်း
ဟိုးအရင်က တရုတ်တန်းက ပုံထဲမှာမြင်ရတဲ့ ဂိတ်ဝရဲ့ လမ်းတစ်လမ်းပဲ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ စင်္ကာပူက ချိုင်းနားတောင်းဧရိယာနီးပါး ဖြစ်နေပါပြီ။ ၁၉၆၈ ခုနှစ်ကတည်း ဆစ်ဒနီမှာ ပြောင်းရွှေ့အခြေချခဲ့တဲ့ အဘိုးလေးတို့ မိသားစု ဆန်စားချင်ရင် တရုတ်တန်းအထိ လာဝယ်မှရတယ်လို့ ပြောပြပါတယ်။ ဆစ်ဒနီချိုင်းနားတောင်းက အစားအသောက်က စင်္ကာပူတရုတ်တန်းက အရသာတွေထက် ပိုကောင်းပါသတဲ့။ အစက နေ့လည်စာကို တရုတ်တန်းက တရုတ်ဆိုင်တစ်ခုမှာ ၀င်စားဖို့ စီစဉ်ထားပေမယ့် ဇွန်တစ်ယောက် ဂျက်ဘုတ်စီးလိုက်လို့ timing out ပြီး မစားဖြစ်လိုက်ပါဘူး။ မိုးကလည်း ရွာနေတာမို့ တရုတ်တန်းတစ်ဝိုက် အောက်ဆင်း လမ်းမလျှောက်ဖြစ်တော့ဘဲ ကားနဲ့ပဲ ပတ်ခဲ့ရပါတယ်။
အချိန်သိပ်မရလို့ ဗီယက်နမ်ရပ်ကွက်ကိုတောင် မရောက်လိုက်ပါဘူး။ ဆစ်ဒနီမှာ စစ်ပြီးကာစက လှေတွေနဲ့ ရောက်ရှိလာတဲ့ ဗီယက်နမ်လူမျိုးတွေ အများကြီး ရှိပါတယ်။ ဟိုးယခင်က လူဆိုးလူမိုက်တွေ ရမ်းကားသောင်းကျန်းလေ့ရှိတဲ့ ဗီယက်နမ်ရပ်ကွက်နားကို လူဖြူတွေ မသွားရဲခဲ့ဘူးလို့ ဆိုကြပါတယ်။ ပထမမျိုးဆက်ကမွေးတဲ့ ဒုတိယဗီယက်နမ်မျိုးဆက်တွေ သြစတြေးလျမှာ ကြီးပြင်းအခြေချပြီး နောက်ပိုင်းမှာမှ ရမ်းကားပစ်ခတ်မှုတွေ လျော့သွားပြီး နှစ်အတော်ကြာမှ အဖြူရောင်နယ်မြေအဖြစ် ပြန်လည်ရောက်ရှိသွားတယ်လို့ သိရပါတယ်။ ခုနေခါမှာတော့ ဗီယက်နမ်ရွာဟာ တရုတ်တန်းလိုပဲ လူစည်ကားတဲ့ အရပ်ဒေသ ဖြစ်လို့နေပါပြီ။
စင်္ကာပူအပြန် ဆစ်ဒနီအပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲမှာ တွေ့ရတဲ့ အမေရိကန်၊ နယူးဇီလန်၊ ယူရို၊ ထိုင်းဘတ်နဲ့ စတာလင်ပေါင် လေးမျိုးစီ ထုတ်ယူလို့ရတဲ့ Multi Currency ATM။ အဲ...ထိုင်းဘတ်ဆိုလို့ ဆစ်ဒနီမှာလည်း ထိုင်းဆိုင်တွေ အတော်များတာ သတိထားမိပါတယ်။ ဟိုး...အပြာရောင်တောင်တန်းဒေသက တောင်ပေါ်ခတွန်းဘားလိုနေရာမျိုးမှာ တွေ့ခဲ့တဲ့ ဆိုင်အနည်းငယ်ထဲမှာတောင် ထိုင်းစားသောက်ဆိုင် ရှိနေပါတယ်။
အမျိုးသမီးသန့်စင်ခန်းမှာ အကြွေထည့်ပြီး အလှပြင်ပစ္စည်းတစ်ချို့ ၀ယ်နိုင်ပါသေးတယ်။ ကင်မရာတကိုင်ကိုင် ဟိုကြည့်ဒီကြည့်နဲ့ သန့်စင်ခန်းကထွက်ပြီး ဘယ်မချိုးမိဘဲ ရှေ့တည့်တည့်က အမျိုးသားသန့်စင်ခန်းထဲ ၀င်မိတော့မလို့ လက်မတင်ပါ။ အန်ကယ်ကြီးတစ်ယောက်ထွက်လာပြီး ကိုယ့်ကိုနောက်သွားမှ သတိရမိပါတယ်။ သြော်....ဖြစ်ရမယ် ဇွန်မိုးစက်တစ်ယောက်က....။ :D
လေဆိပ်ထဲက သြစတြေးလျံ အမှတ်တရပစ္စည်းဆိုင်ပါ။ ဆိုင်ပိုင်ရှင်က အော်စီအသံထွက်နဲ့ တရုတ်မတွေပါ။ ဆစ်ဒနီမှာ ဆိုင်တော်တော်များများကို တရုတ်လူမျိုးတို့ တဖြည်ဖြည်းသိမ်းပိုက်လာနေပြီဖြစ်တဲ့အကြောင်း ကြားရပါတယ်။ တရုတ်စကားကလည်း အင်္ဂလိပ်စကားပြီးရင် ဒုတိယအပြောအများဆုံး ဘာသာစကားဖြစ်နေပါပြီ။ ကမ္ဘာမှာ အရှေ့ရောအနောက်သာမက ပစိဖိတ်ဒေသမှာပါ တရုတ်လူမျိုးတွေ ကြီးစိုးလာတာ သိသိသာသာပါ။
လေယာဉ်ပေါ်မတက်ခင် အခမဲ့အင်တာနက် အသုံးပြုနေကြများပါ။ အစက ၄ယောက်ရှိပါတယ်။ အမှတ်မထင် ကြည့်လိုက်တော့ ၄ယောက်မှာ ၃ ယောက်က မျက်နှာစာအုပ်ပေါ်မှာ ရှိနေပြီး ကျန်တစ်ယောက်က ဂျီမေးလ်ထဲမှာ။ အော်.... ဘယ်နေရာရောက်ရောက် မျက်နှာစာအုပ်ခေတ်ပါလား။ အင်တာနက်နဲ့ ထိတွေ့လိုက်တာနဲ့ တပြိုင်နက် အဲဒီ့ထဲရောက်ရောက်သွားတာ၊ ကိုယ်လည်း သိပ်မထူးပါဘူးလေ။ ဘယ်ရောက်နေကြောင်း Status ကို Update လုပ်မိသေးတာ။
နှုတ်ဆက်လိုက်ပြီ....အို....ဆစ်ဒနီ...။
Qantas နဲ့ အကျိုးတူ ပူးပေါင်းပျံသန်းတဲ့ ဗြိတိသျှလေကြောင်းလိုင်းနဲ့ စင်္ကာပူချန်ဂီကို ၈နာရီခရီး နှင်ခဲ့ပါတယ်။ ဒီတစ်ခါ ဘီအေရဲ့ ၀န်ဆောင်မှုက ဟိုးအရင်ကြုံခဲ့သလောက် မဆိုးပါဘူး။ လေယာဉ်က စင်္ကာပူမှာ ၃နာရီကြာ transit ၀င်ပြီးရင် လန်ဒန်ဟီးသရိုးကို ဆက်သွားမှာမို့ လေယာဉ်စီး ခရီးသည်အများစုက လန်ဒန်ကို ဆက်သွားကြမယ့် အင်္ဂလိပ်တွေ များပါတယ်။ ခရီးသည် ၄ဦးလောက်ပဲ စင်္ကာပူမှာ ဆင်းတာပါ။ ဒီတစ်ခါတော့ ဇွန့်ဘေးမှာ ချောချောခန့်ခန့်ကောင်လေး မဟုတ်တော့ဘဲ အသက် ၆၀ကျော် အင်္ဂလိပ်ဇနီးမောင်နှံနှစ်ဦး ဖြစ်နေပါတယ်။ ဘိုးရင်း ၇၇၇ ရဲ့အရေးပေါ် ထွက်ပေါက်နားက အလယ်ခုံတန်းမှာမို့ အတော်လေးကျယ်ဝန်းပြီး အိမ်သာနဲ့လည်း နီးတော့ ၈နာရီခရီးက သက်တောင့်သက်သာပါပဲ။
ဇွန်သွားဖူးသမျှ ခရီးစဉ်တွေထဲမှာ ဆစ်ဒနီခရီးစဉ်ကို သဘောကျ အနှစ်ခြိုက်မိဆုံးပါပဲ။ ဒီခရီးသွားဖို့ ၆လလောက်ကတည်းက ကြိုတင်ရည်ရွယ် ပြင်ဆင်ခဲ့တာပါ။ ခရီးစုစုပေါင်း၉ရက်မှာ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ ဆွေမျိုးများနဲ့ အဓိက တွေ့ဆုံဖို့ သွားတဲ့အတွက် အခြားမြို့များကို သွားရောက်လည်ပတ်ဖို့ အစီအစဉ် မရှိခဲ့ပါဘူး။ သြစတြေးလျက မြို့ကြီးတိုင်းလိုလိုမှာ တစ်ယောက်စီရှိနေတဲ့ သူငယ်ချင်းများထံကိုတော့ နောက်အခေါက်တွေမှာ သွားလည်ဖို့ စိတ်ကူးထားပါတယ်။ ဆစ်ဒနီမှာ လည်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ဆွေမျိုးများနဲ့ အချိန်ပေးချင်လို့ တစ်ချို့အထင်ကရနေရာတွေ မရောက်လိုက်ပေမယ့်လည်း ဇွန်ရောက်ခဲ့သလောက် အပြည့်အ၀ ကျေနပ်မိတဲ့ ခရီးစဉ်တစ်ခုလို့ ဆိုချင်ပါတယ်။
*******************************************************
ခရီးစဉ်အစအဆုံး စိတ်ရှည်ရှည်နဲ့ လိုက်ပါဖတ်ရှုပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဇင်ဘာ၂၉ရက်ကနေ ဇန်န၀ါရီ၁၁ရက်နေ့အထိ မြန်မာပြည် ခဏပြန်ဦးမှာမို့ နှစ်သစ်အတွက် အခုကတည်းက ဆုတောင်းပေးခဲ့ပါတယ်။
အားလုံးပဲ နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝနိုင်ပါစေ။ ပျော်ရွှင်မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ် ၂၀၁၂ ဖြစ်ပါစေလို့ ဆန္ဒပြုရင်း ၂၀၁၁ကို နှုတ်ဆက်လိုက်ပါတယ်။း))
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
အစ်မဇွန်ရေ...ခရီးစဉ်အကြောင်းကို ခုလိုကြိုးစားပမ်းစား မျှဝေပေးထားတာ ကျေးဇူးတင်ပါတယ်။ ကိုယ်မရောက်ဖူးသေးတဲ့ နေရာတွေဆိုတော့ စိတ်ဝင်စားစရာတွေ အများကြီးတွေ့ရတယ်။ အလွတ်မပေးတမ်းရိုက်လာတဲ့ စာတိုက်ပုံးအနီကအစပေါ့..း))
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေရှင်။
ဆစ်ဒနီ နဲ့ ဆစ်ဒနီ ချိုင်းနားတောင်း
ကိုသေသေချာချာရိုက်ပြရှင်းပြထားလို့ကျေးဇူးပါရှင်
ပုံတွေလဲကြည့် စာတွေလဲဖတ်ခဲ့တယ်
မလေးလည်း ဇွန့်ဆီမှာ စာကြွေးတွေ မွှေနှောက်နေတယ်..း))