A Trip to Remember - 6
Category:
Koala Park မသွားခင် Featherdale မှာ ရိုက်ခဲ့တဲ့ ပုံလေးတွေ အရင်တင်လိုက်ပါတယ်။ မြင်ဖူးပြီးသား တိရစ္ဆာန်တွေထက် ကိုယ်မြင်နေကျ မဟုတ်တဲ့ အကောင်လေးတွေကို ဦးစားပေး ရွေးတင်လိုက်ပါတယ်။ 
 ငှက်နာမည်တောင် မကြည့်မိလိုက်ဘူး။
 ရေကူးနေတဲ့ ပင်ဂွင်းလေးတွေ
'Echidna'  မြန်မာလို ဖြူကောင်လို့ ခေါ်မယ်ထင်ပါတယ်။
ခုပြန်ကြည့်တော့ ဒီအဖြူလေးက သားပိုက်ကောင်လား၊ ၀ါလဘီလား မခွဲတတ်တော့ပါဘူး
အဖြူပြောက်ကျားလေးတွေပါတဲ့ Tiger Quoll
 'Tasmanian Devil' တက်စ်မေးနီးယန်း ဒီဗဲလ်လို့ နာမည်မှည့်ထားတဲ့အတိုင်း အဲဒီအကောင်လေးက အရုပ်ဆိုးပြီး ကြောက်စရာကောင်းပါတယ်။ တက်စ်မေးနီးယန်းကျွန်းရဲ့ Native Animal ပါ။ ဟိုပြေးဒီပြေးလုပ်နေလို့ မနည်းမှီအောင် ရိုက်ရပါတယ်။
 လင်းနို့တွေ အနီးကပ်တွေ့ရလို့ ထပ်ရိုက်ခဲ့တယ်
နေပူစာလှုံနေတဲ့ ချစ်စရာ ငှက်လေးတွေ
Featherdale မှာ ကွာလာ (အသံထွက်အမှန်က ခိုဝါလာကို ခပ်မြန်မြန်ထွက်တဲ့ “ခ၀ါလာ” ပေမယ့် ခပ်လွယ်လွယ် မြန်မာသံနဲ့ ကွာလာလို့ပဲ ရေးလိုက်ပါတယ်) အကောင်လေးနဲ့ သေချာမရိုက်ခဲ့တာကြောင့်ရော၊ ဦးလေးအိမ်နဲ့နီးတဲ့ ကွာလာပန်းခြံမှာ သူတို့ကိုချီပြီး ဓာတ်ပုံရိုက်ဖို့ အစီအစဉ်ရှိထားတာကြောင့်ရော နောက်တစ်နေ့မှာ Koala Park ကို သွားခဲ့ပါတယ်။ အဲဒီ့နေ့က ရာသီဥတု သိပ်မသာယာဘဲ မိုးဖွဲဖွဲ ရွာနေခဲ့တာပါ။
တကယ်တမ်းရောက်တော့ အရင်လို ချီပိုးပြီး ဓာတ်ပုံရိုက်ခွင့် မပေးတော့ပါဘူး။
ထိကြည့် ကိုင်ကြည့်လို့ရပြီး ဓာတ်ပုံအတူတွဲရိုက်ခွင့်တော့ ပေးပါတယ်။ သူတို့ အိပ်ရာကနိုးတဲ့အချိန်နဲ့တိုးလို့ သိပ်မစောင့်ရဘဲ အနီးကပ် ထိတွေ့ပွတ်သတ်ပြီး ဓာတ်ပုံရိုက်ခွင့် ရခဲ့ပါတယ်။ အပျင်းထူပြီး အိပ်ပုတ်ကြီးပေမယ့် အရမ်းချစ်စရာကောင်းတဲ့ အကောင်လေးတွေပါ။
သြစတြေးလျရဲ့ မူလရှားပါး တိရိစ္ဆာန်မျိုးဝင် Australian Native Animal 'Koala'
သူတို့တွေဟာ တစ်နေ့ကို ယူကလစ်ရွက် ၅၀၀ ဂရမ်လောက် စားလေ့ရှိတယ်လို့ သိရပါတယ်။ သူတို့စားပြီးသွားရင် အောက်ကပုံမှာလို အရွက်တွေ မရှိတော့ဘဲ အကိုင်းတွေသာ ကျန်ခဲ့တာကို တွေ့ရမှာပါ။
ကွာလာလေးနဲ့ ဓာတ်ပုံရိုက်ပြီးတဲ့အခါ Kangaroo ခေါ် သားပိုက်ကောင်တို့ နေထိုင်ရာ ၀င်းခြံထဲ ရောက်ရှိခဲ့ပါတယ်
အဲဒီမှာ တွေ့ရတဲ့ သားပိုက်ကောင်တွေဟာ လူတွေနဲ့ယဉ်ပါးပြီး အတော့်ကို နီးနီးကပ်ကပ်နေလို့ရတာ တွေ့ရပါတယ်။ 
သားပိုက်ကောင်တွေကို အစာကျွေးနေတဲ့ ကလေးမလေးနဲ့ သူ့အမေ၀မ်းဗိုက်အိတ်ထဲ တိုးဝင်နေတဲ့ သားပိုက်ကောင်ငယ်
 သူတို့နှစ်ကောင် ဘောက်ဆင်ထိုးနေကြပြီး ဓာတ်ပုံရိုက်နေတာတွေ့တော့ ရပ်ပြီး ဒီဘက်ကို လှည့်ကြည့်လို့ ပို့စ်ပေးပါတယ်။
သိုးမွေးရိတ်တဲ့အချိန်နဲ့ကြုံလို့ ၀င်ကြည့်ခဲ့ပါသေးတယ်။ ဆောင်းအကုန် နွေဦးမှာ ရိတ်လေ့ရှိပါတယ်။ တစ်ချို့ ရာသီဥတုနွေးတဲ့ ဒေသများမှာတော့ တစ်နှစ် နှစ်ကြိမ် ရိတ်တယ်လို့ ပြောပြပါတယ်။
ရိတ်ပြီးသွားတဲ့ သိုးမွေးတွေကို အမှတ်တရလက်ဆောင်အဖြစ် ယူလိုက ယူနိုင်ပါတယ်ဆိုလို့ လက်တစ်ဆုပ်စာ အမှတ်တရ ယူလာလိုက်ပါသေးတယ်။
အမွေးမဲ့သွားရှာတဲ့ သိုးကတုံးငယ်လေး
 ၀ါလဘီ (Wallaby) လို့ ခေါ်တဲ့ သားပိုက်ကောင် အနွယ်ဝင်ပါ။ ရုတ်တရက်ကြည့်ရင် သားပိုက်ကောင်လို့ ထင်ရပေမယ့် သေချာကြည့်ရင် အနည်းငယ် ကွဲပြားပါတယ်။
 အပေါ်မှာပါခဲ့တဲ့ ၀မ်းဘတ်ကောင်လေး တွင်းထဲမှာ အိပ်နေတာပါ
ဒေါင်းလှလှမို့ ကင်မရာအလင်း ဖျတ်ခနဲ ပွင့်သွားပါတယ်
အပြန်မှာ မိုးဖွဲဖွဲ ရာသီဥတုအေးအေးနဲ့ ချော့ကလက်ပူပူနွေးနွေး သောက်ခဲ့တာကို အမှတ်ရမိပါတယ်။
အားလုံးပဲ Merry Christmas ပါ။ 
ဆစ်ဒနီခရီးစဉ် အပိုင်း - ၇ မှာ အဆုံးသတ်ပါတော့မယ်။
ဇွန်မိုးစက်
Comments ( 3 )
ဒီပုံတွေ ပို စိတ်ဝင်စားစရာကောင်းတယ်။
သိုးမွေးရိတ်နေတာ မြင်တော့ သိုးမွေးမဝတ်ချင်တော့ဘူး။ ဒါပေမဲ့ မေ့သွားရင်တော့ ပြန်ဝတ်မိဦးမှာပဲ။
Australia native အကောင်တွေက စိတ်ဝင်စားဖို့ ကောင်းတယ်နော်၊ ခိုအာလာ တွေက ဘယ်အချိန် ကြည့်ကြည့် မျက်နှာကိုက ချစ်စရာ ကောင်းနေတော့တာ၊ ဝါလဘီကိုတော့ သေချာမတွေ့ဖူးသေးဘူးဗျ..၊
Merry Christmas ပါ ဇွန်ရေ....။
Merry Christmas ပါ ကြည့်ရတာ ကောင်းလိုက်တာ ကျေးဇူး