ဂျပန်ခရီးစဉ်၏
နောက်ဆုံးနေ့တွင် မေမြို့မိုး မဟုတ်သော တိုကျိုမိုးက မရပ်မနား တဖွဲဖွဲရွာသွန်းကာ ခရီးသွားနှစ်ယောက်အား
နှုတ်ဆက်လေသည်။ အစီအစဉ်အရ ဟိုတယ်မှ check out လုပ်ပြီး ခရီးဆောင်အိတ်များ အပ်နှံကာ စကိဂျိငါးဈေးသို့သွားပြီးလျှင်
တိုကျိုဒစ်စနီလန်းသို့ ဆက်သွားကြမည်။ လေယာဉ်ချိန်မှာ ည ၁၁နာရီခွဲမှဖြစ်၍ ဟိုတယ်သို့
ညနေ၆နာရီအရောက် ပြန်လာပြီး အိတ်များယူ၊ တက္ကစီဖြင့် ဘူတာသို့သွား၊ ထိုမှတစ်ဆင့် ရထားဖြင့်
ဟနဲဒါ လေဆိပ်သို့ ဆင်းရန်ဖြစ်သည်။
စကိဂျိငါးဈေးသို့ရောက်ရန် မီးတစ်ပွိုင့်သာလိုတော့သည်
အနှီခရီးသွားတို့
စကိဂျိငါးဈေးကို မဖြစ်မနေသွားရမည့်အကြောင်းရင်းမှာ နှစ်ချက်ရှိသည်။ တစ်အချက်မှာ ဟိုတယ်မှ ငါးမိနစ်သာသာ လမ်းလျှောက်လျှင်ရောက်သော ကမ္ဘာ့အကြီးဆုံးစာရင်းဝင်
နာမည်ကျော် ငါးဈေးကို ရောက်ဖူးချင်၍ဖြစ်ပြီး နောက်တစ်ချက်မှာ ဆူရှီနှင့်ဆရှိမိကို ငါးဈေးတန်းကဆိုင်မှ လတ်လတ်ဆတ်ဆတ်
စားချင်သောကြောင့်ဖြစ်သည်။ မိုးဖွဲဖွဲမှာ နှစ်ယောက်သား ထီးဆောင်းကာ ငါးဈေးကို ပတ်ကြသည်။
ငါးဈေးကို လာရောက်ကြည့်ရှုလေ့လာကြသော သူလိုကိုယ်လိုတိုးရစ်တွေက မိုးရွာထဲမှာပင် မနည်းမနော။
ငါးဈေး မျက်စောင်းထိုးမှာရှိတဲ့ ဇန်ဘုရားကျောင်း
ငါးဈေးထဲမှာ
အရွယ်စုံဓါးတွေ ရမယ်နော်
ဝယ်ကြဦးမလား ပင်လယ်စာ
လူအများ တန်းစီစောင့်ဆိုင်းနေသော ထိုဆိုင်ကလေးသည် နာမည်အတော်ကြီးပုံရသည် (ခရီးသွားနှစ်ယောက်လုံး စိတ်ဝင်စားသော်လည်း အချိန်မပေးနိုင်၍ မ၀င်ဖြစ်ခဲ့ပါ)
ဈေးအတန်အသင့်ရှိမည်ထင်သော
ဆိုင်မှာဝင်၍ မိုးခိုရင်း မနက်စာအဖြစ် နှစ်ယောက်တစ်ပွဲရှယ်ပြီး မှာစားလိုက်သည်။ ဂျပန်ငါးဈေးနား
ဆိုင်ထဲတွင် မိမိမှာလိုသော ဆူရှိနှင့်ဆရှိမိကို ကောင်တာရှေ့မှာ လတ်လတ်ဆတ်ဆတ် ပြင်ဆင်ပြီးမှ
ချပေးသည်ကို မြင်ရသော ခရီးသွားတစ်ယောက်၏ စိတ်ထဲတွင် တစ်စုံတစ်ယောက်ကို လွန်စွာ လွမ်းဆွတ်တမ်းတလျက်
ရှိနေတော့သည်။
ဒီဆိုင်လေးမှာ စားရအောင်
အဲဒီ့က ခုံတန်းတွေမှာ ထိုင်မလား?
ဟင့်အင်း... ကောင်တာရှေ့တည့်တည့်က ခုံမှာပဲထိုင်မယ်
တစ် နေရာယူ၊ နှစ် အသင့်ပြင်
သုံး စားနိုင်ပြီ
ဆိုင်မှပြန်ထွက်သော် မိုးသည် စဲမသွားဘဲ သည်းထန်စွာရွာသွန်းလျက်ရှိရာ
ခရီးသွားနှစ်ယောက်မှာ ဒစ်စနေလန်းသို့ ဆက်သွားသင့် မသွားသင့် ဆုံးဖြတ်ရန် အခက်ကြုံနေလေသည်။
ဟဲ့ နေဦး... ဂျင်းဖတ်ဝယ်သွားလိုက်ဦးမယ်
မိုးသည်းထဲမှာ ဟိုတယ်၌ ပြန်နေဖို့လည်း မဖြစ်နိုင်။ ချက်ခ်အောက်လုပ်ပြီးဖြစ်၍ နောက်တစ်ခါ ချက်ခ်အင်ဝင်လျှင် တစ်ရက်စာထပ်ပေးရမည်။ ညမအိပ်ရဘဲနဲ့တော့ ပိုက်ဆံထပ်အကုန်မခံချင်။ အပြင်တစ်နေရာမှာပဲ
ညနေထိအချိန်ကုန်အောင် လျှောက်သွားရမည်။ သွားစရာ နေရာကလည်း စုံသလောက်ရှိနေပြီမို့ ဒစ်စနေလန်းတစ်ခုသာ
ကျန်တော့သည်။ တိုကျိုရောက်ပြီးမှ ဒစ်စနေသို့ မရောက်ခဲ့လျှင် သူများပြောစရာဖြစ်နေဦးမည်။
အို… ရွာချင်သလောက်ရွာ၊ အစိုခံပြီး သွားလိုက်မယ်။ ဖျားချင်ရင်လည်း ဖျားပစေ…ဟု ဒေါင်းတင်မောင်းတင်ကာ
ထီးဆောင်းခရီးသွားနှစ်ယောက်သည် ဒစ်စနေမြေသို့ ရထားဆက်စီးကာ ထွက်ခွာလာကြတော့သည်။
ဟယ်... မစ်ကီပုံဖော်ထားတဲ့ ရထားတွဲက ချစ်စရာလေး
ဒစ်စနေလန်းသို့ရောက်သော်
မူးတတ်သော ခရီးသွားတစ်ယောက်ကြောင့် ကုန်းဘက်ကို မသွားဘဲ နောက်မှအသစ်ဖွင့်လှစ်သော ဒစ်စနေပင်လယ်ဘက်သို့သာ
သွားရန်ဆုံးဖြတ်ကြသည်။ မိုးကား မရပ်မနားရွာဆဲဖြစ်ရာ ထီးဆောင်းရုံဖြင့် မလုံလောက်သော
ခရီးသွားတို့သည် မိုးကာအင်္ကျီနှစ်ထည် ၀ယ်လိုက်ရလေသည်။ ဒစ်စနေပင်လယ်ဝင်းကျယ်ကြီးထဲတွင်
လာရောက်လည်ပတ်ကြသူများအားလုံးလိုလို မိုးကာ တကားကားဖြင့် သွားလာဆော့ကစားနေကြသည်ကိုမြင်သော်
ခရီးသွားနှစ်ယောက် အားတက်သွားပြီး လမ်းတစ်လျှောက် တွေ့သမျှ မှတ်တမ်းတင်၊ ယာဉ်မြင်လျှင်တက်စီး၊
ရုံမြင်လျှင်ဝင်ကြည့်ပြီး မိုးရွာနေသည်ကိုပင် မေ့လျော့သွားကြတော့သည်။
ကိုယ်လာပြီ ဒစ်စနေ
လက်မှတ်မ၀ယ်ခင် ဒီနားလေးမှာ ဓာတ်ပုံရိုက်ဦးစို့
ဟယ်... ငါတို့ အီတလီရောက်နေပြီ
ဗင်းနစ်မှာ ဂွန်ဒလားစီးမယ်
လှော်သူရော၊ ခရီးသည်ပါ မိုးရွာထဲမှာ စီးကြတယ်
လှည့်ပတ်ကြည့်ရှုဆော့ကစားစီးဖို့တွေ
များပြားလွန်းရကား တစ်ရက်တာနှင့်ပင် မလောက်ငှချင်။ မိုးတစိုစိုနှင့်မို့ အချို့နေရာတွေမှာ
ကြန့်ကြာမှုရှိသွားရတာလည်းပါသည်။ အမေရိကန်တံငါရွာ၊
မြေထဲပင်လယ်ဆိပ်ကမ်း၊ ပျောက်ဆုံးသွားသော မြစ်ဝကျွန်းပေါ်၊
အာရေးဗီးယန်းကမ်းခြေ၊ ရေသူမကန်ငယ်နှင့် ထူးဆန်းထွေလာ ကျွန်းမာယာ စသည့်ဖြင့်
သူ့နေရာနှင့်သူ စိတ်ဝင်စားစရာ ကောင်းသည်ချည်းဖြစ်သည်။
Hangar Stage ၏ ဖျော်ဖြေတင်ဆက်မှုမြင်ကွင်း (ဤဓာတ်ပုံတွင် အမှတ်မထင်ဘဲ ၀င်ပါနေသော အမျိုးသမီးမှာ စာရေးသူတို့နှင့် လားလားမျှ မပတ်သက်ကြောင်း အသိပေးအပ်ပါသည်)
မာယာမြို့ဟောင်းလည်းရှိတယ်
အာရပ်ပြည်ကို ကပ္ပတိန်လေးဆင်းဘတ်နဲ့ လည်လည်သွားခဲ့သေးတယ်
မစ္စတာဂျူံးစ်နဲ့အတူတူ စွန့်စားမယ်
ကမ္ဘာ့အလယ်ဗဟိုချက်ထိလည်း ခရီးဆန့်လိုက်ဦးမယ်
စကားပြန်မပါလာသော ဤခရီးသွားနှစ်ယောက်အတွက် အနည်းငယ်
ဖီလင်အောက်သည်မှာ ၀န်ထမ်းများအားလုံးက ဂျပန်လိုပြော၊ ဂျပန်လိုသီချင်းဆို
ဂျပန်လိုဖျော်ဖြေကပြသီဆိုကြခြင်းဖြစ်ရာ အဓိပ္ပာယ်ကို ကောင်းစွာနားမလည်၍ မှန်းသန်းကာ
နားလည်ချင်ယောင်ဆောင်ပြီး လက်ခုပ်လက်ဝါးတီးပေးရခြင်းဖြစ်သည်။ ဗင်းနစ်မြို့ပုံတူမှာ
ဂွန်ဒလားစီးကြသော် လှေလှော်ရင်း ဗင်းနစ်မြို့အကြောင်း ဂျပန်လိုပြောကာ အီတာလျံသီချင်းကို
ဂျပန်ဘာသာဖြင့် ပြန်ဆိုသည်ကိုကြားရသော် ခရီးသွားတို့ မချင့်မရဲဖြစ်ကြသည်။ အန္တရာယ်ကင်းခါးပတ်
ပတ်ခိုင်းရာ၊ မိုးကာချွတ်ခိုင်းရာ အားလုံးလိုလို ဂျပန်လိုပြောခြင်းဖြစ်၍ ခရီးသွားတို့မှာ
အူကြောင်ကြောင် မျက်နှာပေးဖြင့် ပြန်ကြည့်သော်မှ အပြည်ပြည်ဆိုင်ရာ လက်ဟန်ခြေဟန် ဘာသာစကားကို
အသုံးပြုပေးကြတော့သည်။
မယ်ရီဂိုးရောင်းလည်း အလွတ်မပေးခဲ့ပေါင်
တိုက်တန်းနစ်မဟုတ်တဲ့ ယူအက်စ်ကိုလံဘီယာ သင်္ဘောကြီး
ပြန်ရမှာ နှမြောလိုက်တာ၊ မီးပန်းဖောက်တာတွေ မကြည့်ရတော့ဘူး
ငါးရက်ဆက်တိုက်
မရပ်မနား သွားလာလှုပ်ရှားထားသောကြောင့် အတော်လေး ပင်ပန်းနွမ်းနယ်နေကြသော်လည်း ခရီးသွားနှစ်ယောက်မှာ
ဒစ်စနေပင်လယ်ထဲမှ တော်တော်နှင့် ပြန်မထွက်နိုင်ကြ။ ဒါလေးဝင်ကြည့်ပြီး ပြန်မယ်၊ မပြန်ခင်
ဟိုမှာ ဓာတ်ပုံရိုက်ရအောင်၊ ဒီတစ်ခါ နောက်ဆုံးအနေနဲ့ ရေနွေးငွေ့သင်္ဘောလေးတော့ စီးဦးမှ
….။ ယခင် ၆နာရီပြန်ထွက်မည်ဟု တိုင်ပင်ထားသော်လည်း ၆နာရီခွဲသည်အထိ မပြန်နိုင်သေး။ သို့သော်
နောက်ဆုံးနေ့တွင် ဒစ်စနေမှာ အလည်လွန်ပြီး မြို့ထဲပြန်ရောက်တာနောက်ကျသွား၍ လေယာဉ်လွဲသည်အထိ
ဖြစ်သွားလျှင် ကျော်မကောင်း ကြားမကောင်း ဖြစ်မှာစိုးသည်နှင့် စိတ်ကို ဒုံးဒုံးချပြီး သံယောဇဉ်ဖြတ်ကာ ဒစ်စနေမှ မပြန်ချင့်ပြန်ချင်ဖြင့် လှည့်ပြန်လာရလေသည်။
ငါးညတိုင်တိုင် အနားယူ အိပ်စက်ခဲ့တဲ့ ဟိုတယ်ကို ပြန်ခါနီး မှတ်တမ်းယူ
အပြန်ခရီးတွင် နှစ်ဆတိုးပွားလာသော ခရီးဆောင်အိတ်များကို ဟိုတယ်မှ ပြန်ဝင်ယူပြီး လေဆိပ်ကို မိုနိုမီးရထားဖြင့် ဆင်းခဲ့ကြသည်။
ဟနဲဒါလေဆိပ်ရောက်ပြီ
အလာတုန်းက
အင်မီဂရေးရှင်းမှာ အစစ်အဆေး အမေးအမြန်း မကြုံခဲ့ဘဲ အပြင်သို့ မြန်မြန်ဆန်ဆန်ထွက်နိုင်ခဲ့သော်လည်း
အဲလိုင်းမှာ ချက်ခ်အင်ဝင်သော် မထင်မှတ်ဘဲ ကြန့်ကြာနေလေသည်။ အကြောင်းမှာ အင်္ဂလိပ်စကားကို
အမေရိကန်လေသံဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုတတ်သော လေကြောင်းလိုင်းဝန်ထမ်း အမျိုးသမီးချောချောလေးက
မြန်မာပတ်ပို့စ်ကိုကြည့်ပြီး ကွန်ပျူတာကို တချောက်ချောက်နှိပ်ကာ ခေါင်းစားနေခြင်းကြောင့်ဖြစ်သည်။
လူမျိုး မြန်မာ၊ နေထိုင်သည်က စင်္ကာပူ၊ ကိုင်ဆောင်သည်က မြန်မာနိုင်ငံကူးလက်မှတ်... ထိုအထိတော့
အိုကေသည်။ အဲ… နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်နိုင်ငံက စင်္ကာပူဖြစ်နေသည်ကို သူမ နားလည်ပုံမပေါ်၍
အခြားဝန်ထမ်းတစ်ယောက်ကို လှမ်းမေးသည်။ ပြီးတော့ စင်္ကာပူ၏ အမြဲနေထိုင်ခွင့်ကတ်လေးကိုကိုင်ပြီး
နိုင်ငံပေါင်းစုံမှ ကတ်ပေါင်းများစွာ၏ မိတ္တူတွေကူးထည့်ထားသော အနားရှိ ဖိုင်တစ်ဖိုင်ကိုဖွင့်ကာ
တိုက်စစ်သည်။ တူပြီဆိုသောအခါမှ ကတ်ပြန်ပေးပြီး အချိန်ကြန့်ကြာသွားသည့်အတွက် တောင်းပန်စကားပြောကြားသည်။
Boarding Pass ကိုယ်စီရသောအခါမှ ဟင်း...ချပြီး ညစာစားရန် အပေါ်ထပ်သို့ တက်ကြသည်။ အနှီခရီးသွားနှစ်ယောက်ထဲက
တစ်ယောက်မှာ ဟနဲဒါ အပြည်ပြည်ဆိုင်ရာလေဆိပ်ဟုပါသော စာသားနှင့် ဓာတ်ပုံရိုက်ချင်သည်ဆို၍
စာသားပါသော အအေးဗူးထုတ်စက်မှာ စိတ်လက်လက်ရှည်ဖြင့် လူရှင်းသည့်တိုင် စောင့်ဆိုင်းပြီး ဓာတ်ပုံရိုက်ပေးခဲ့ရသေးသည်။
ဂျပန်မြေပေါ်က နောက်ဆုံးညစာ
လေဆိပ်နှင့်မတူ တမူထူးခြားနေသော ဂျပန်ရိုးရာ အငွေ့အသက် အပြင်အဆင်များနှင့် ဟနဲဒါကို တခမ်းတနားနှင့် နေရာတကာ ကော်ဇောခင်းကာ သွေးကြီးပုံဆောင်သော ချန်ဂီထက် ပိုချစ်သည်
တကယ့်ကို အဆုံးမရှိအောင် လည်ပတ်ကြည့်ရှုစရာတွေ များလှတဲ့ နေ၀န်းရဲ့တိုင်းပြည်ပါပဲ
ဆာယိုနာရာ... နိပွန်
အလာတုန်းက
လူနည်းသဖြင့် အလယ်လေးခုံမှာ တစ်ယောက်စီ နေရာယူကာ အိပ်စက်ကြသော ဂျပန်ခရီးသည်များလို ပြုမူလုပ်ဆောင်ရန် နှစ်ယောက်သား
တိုင်ပင်ထားသော်လည်း အပြန်လေယာဉ်မှာ လူအပြည့်ဖြစ်နေ၍ အခွင့်မသာခဲ့။ အအေးမိမှာစိုး၍
တစ်နေကုန် မိုးစိုခဲ့သော ခြေအိတ်ကို လေယာဉ်ပေါ်ရောက်မှ လဲရသည်။ ခရီးစဉ်တစ်လျှောက် ပင်ပန်းညောင်းညာခဲ့သော
ခြေထောက်နှစ်ချောင်းခမျာ လေယာဉ်ပေါ်ရောက်မှပင် ခြေဆန့်အနားယူခွင့် ရရှာသည်။ သူမဘေးမှ
ခရီးသွားဖော်ကတော့ လာကျွေးသောမုန့်ပင်မစားနိုင်၊ မျက်လုံးစုံမှိတ်ကာ အိပ်နေလေပြီ။ ခရီးသွားလျှင်
အိပ်မပျော်တတ်သော သူမကတော့ မုန့်စားရင်း အီကလဲဟု အမည်ရသော ဂျပန်ကားလေးတစ်ကားကို ကြည့်ရှုရင်း
အရှေ့စွန်းမှသည် တောင်ဘက်အီကွေတာအရပ်သို့ စီးနင်းလိုက်ပါလာခဲ့တော့သည်။
ဇွန်မိုးစက်
-------------------------------------------------------------------------------------------------------------------
တိုကျိုခရီးစဉ်အကြောင်း
ဇွန် အစက ရေးဖို့ မရည်ရွယ်ထားပါဘူး။ (တစ်ခြားကြောင့် မဟုတ်ပါဘူး၊ ခရီးသွားပို့စ်တွေက
တစ်ခါရေးရင် လေး၊ငါး၊ဆယ်ပိုင်းလောက်အထိ ဖြစ်သွားတတ်လို့ပါ။ ပြီးတော့ ဓာတ်ပုံတွေတင်ဖို့
ပုံတွေထောင်ချီတဲ့အထဲကမှ ပြန်ရွေးရ၊ file size တွေ ပြန်ချုံ့ရနဲ့မို့ တော်တော်လေး အချိန်ပေးရပါတယ်။)
သူငယ်ချင်း ညိုလေးနေက မရေးဖြစ်ရင် ငါတို့ခရီးစဉ်လေး နှမြောစရာဖြစ်မယ်ဆိုပြီး သူက စရေးလိုက်ပါတယ်။
သူရေးဖြစ်တော့ ဒါဆို ငါတို့နှစ်ယောက်လုံး မပင်ပန်းအောင် တစ်ယောက်တစ်ပိုင်းစီ ခွဲရေးကြရအောင်
အကြံပြုပြီး နောက်တစ်ပိုင်းကို ဇွန် ရေးလိုက်ပါတယ်။ စုစုပေါင်း သွားခဲ့တဲ့ရက်က ၆ရက်မို့
တစ်ယောက်ကို သုံးရက်စီရေးလို့ အဆင်ပြေသွားပါတယ်။ ဒီလိုလေးရေးဖြစ်သွားတာ သူငယ်ချင်းနှစ်ယောက်အနေနဲ့ အမှတ်တရလည်းဖြစ်၊ ခရီးသွားပို့စ်တစ်ပုဒ်တည်းကိုပဲ ဘလော့ဂါနှစ်ယောက်အနေနဲ့ တစ်ရက်စီခွဲပြီး တွဲရေးလိုက်တာမို့ ထူးခြားမှုလည်း ရှိသွားပါတယ်။ တစ်ယောက်အချောသတ်ရေးပြီးတဲ့အခါ Publish မလုပ်သေးဘဲ နောက်တစ်ယောက်က ထိုင်စောင့်ပြီး ဖတ်ပေးပါတယ်။ ခရီးစဉ်နဲ့ ပတ်သက်ပြီး လိုအပ်လွဲမှားနေတာလေးတွေရှိရင် အပြန်အလှန် ပြင်ပေးလို့ရအောင်ပါ။
အပိုင်း (၁) ကနေ အပိုင်း (၆) အထိ စဉ်ဆက်မပြတ်
လာရောက်ဖတ်ရှုအားပေးကြတဲ့ စာဖတ်သူများအားလုံးကို ဇွန်မိုးစက်နဲ့ညိုလေးနေက ကျေးဇူးတင်ပါတယ်လို့…။
း))