Black & White

13

Category: ,

အဖြူနဲ့အမည်းဆိုလို့ လူဖြူလူမည်း အကြောင်းလား၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ အနှစ်သုံးဆယ်နီးပါးက ထွက်ခဲ့တဲ့ ဂီတပွဲတော်အခွေထဲက ဟေမာနေ၀င်းသီဆိုခဲ့တဲ့ ကိုယ်ကအဖြူဆို သူက အမည်း၊ ဒီအဖြေလေးက ရှင်းနေသားပဲ သီချင်းစာသားနဲ့များ ပတ်သက်နေမလားလို့ အတွေးရောက်ချင် ရောက်သွားနိုင်ပါတယ်။ တကယ်တော့ ကာလာကင်မရာခေတ်မတိုင်ခင် ရိုက်ထားခဲ့တဲ့ အဖြူအမည်းဓာတ်ပုံတွေကို ဆိုလိုချင်တာပါ။

ပြီးခဲ့တဲ့အခေါက် ဇွန် မြန်မာပြည်ပြန်တုန်းက အဖြူအမည်း ဓာတ်ပုံလေးတွေကို စုစည်းယူဆောင်ပြီး စကဲန်ဖတ်ထားခဲ့ပါတယ်။ အစကတော့ စက်တင်ဘာ ၁၄ရက်မှာ ကျရောက်မယ့် မေမေ့မွေးနေ့မှာ ဇွန်ငယ်ငယ်က မေမေနဲ့နှစ်ယောက်အတူ ရိုက်ထားတဲ့ ပုံလေးတွေစုပြီး အမှတ်တရ တင်မယ်လို့ စိတ်ကူးရှိခဲ့ပေမယ့် အဖြူ၊ အမည်းပုံလေးတွေ ပြန်မြင်တော့ စိတ်ပြောင်းပြီး ကိုယ့်မှာရှိသမျှ ပုံလေးတွေကို တစ်စုတစ်စည်းတည်း တင်ချင်စိတ်ပေါ်သွားပါတယ်။ အဲဒါနဲ့ပဲ ဒီပို့စ်လေးက ဇွန့်ရဲ့ Black & White photo collection ဖြစ်သွားတယ် ဆိုပါတော့။း)


ဒီပုံက ဇွန် အခါလည်မတိုင်မီ မန္တလေးကို လည်လည်သွားတုန်းက ရိုက်ခဲ့တာ။ ဖေဖေရယ်၊ မေမေရယ်၊ နောက်ပြီး အစ်မ၀မ်းကွဲနှစ်ယောက်ရယ်နဲ့ပေါ့။

ဒီဓာတ်ပုံလေးနောက်မှာ မေမေ ရေးမှတ်ထားတာကို ကြည့်လိုက်တော့ ဇွန် တစ်နှစ်ပြည့်မွေးနေ့မှာ ရိုက်ခဲ့တာ။ 

မိသားစုဝင်ထဲမှာ အရင်းနှီးဆုံးဖြစ်ခဲ့တဲ့ အမေနဲ့သမီး အနေဘယ်လောက်ဝေးဝေး စိတ်ထဲအမြဲနီးနေခဲ့တဲ့အတွက်ရော၊ အမေ့သမီးဖြစ်ခဲ့တဲ့အတွက်ရော ၀မ်းသာကျေနပ်မိတယ်။

ဝက်သက်ပေါက်လို့ ကတုံးရိပ်ခံထားရတဲ့ ဇွန်ရဲ့ သုံးနှစ်ပြည့်မွေးနေ့မှာလည်း  ရွှေတိဂုံဘုရားကို ရောက်ပါတယ်။


စစ်တွေက ပွိုင့်အမည်ရတဲ့ ကမ်းခြေမှာရိုက်ခဲ့တာလို့ သေသေချာချာ မှတ်မိနေတယ်။


အခုချိန်မှာ စာတွေများလို့စိတ်ရှုပ်နေတဲ့ ဇွန့်မျက်နှာက အဲတုန်းကလို ရှုံ့မဲ့မဲ့လေး ဖြစ်နေတယ်လို့ မြင်ယောင်ကြည့်လို့ရတယ်နော်။း)


ပထမဆုံး ကျောင်းဝင်ကတ်ပြားအတွက် ရိုက်ခဲ့တဲ့ပုံလေးကို ကြည့်မိတိုင်း ငါးနှစ်သမီးဇွန်က ယောက်ျားလေးနဲ့တောင် ပိုတူနေသလိုပဲ မှတ်ချက်ချမိတယ်။


ဒီပုံလေးကတော့ ဇွန်ရိုက်ခဲ့သမျှ အဖြူအမည်းပုံတွေထဲမှာ နောက်ဆုံးလို့ ပြောလို့ရတယ်။ အဲ့ဒီနောက်ပိုင်းရိုက်ဖြစ်တဲ့ ပုံအားလုံးက အရောင်နဲ့ဖြစ်သွားပြီကိုး။

တစ်ချိန်က အမှတ်တရကာလတွေကို ပြန်အောက်မေ့ သတိရရင်း အသက်ခြောက်ဆယ်ပြည့်သွားတဲ့ မေမေ့ရဲ့ မွေးနေ့မင်္ဂလာအတွက် အဝေးကနေလှမ်းပြီး ဆုတောင်း လိုက်ပါတယ်။ ချစ်သောမေမေ သက်ရှည်ကျန်းမာ ပျော်ရွှင်မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော မွေးနေ့ရက်မြတ်ကို ကောင်းမှုကုသိုလ်တွေနဲ့အတူ ဖြတ်သန်းနိုင်ပါစေလို့။  



ဇွန်မိုးစက်

သယ်ပိုးရာမှာ သူတို့ပါ

7

Category:

ဂျင်းပန်အပြာဝတ်ပြီး ကျောပိုးအိတ်လွယ်ရခြင်းကို ကြိုက်နှစ်သက်သော၊ ထိုအကြောင်းကို တခုတ်တရ စာဖွဲ့ခဲ့ဖူးသော ဇွန်သည် သြစတြေးလျနိုင်ငံ၏ ထိပ်တန်းစာရင်းဝင်တက္ကသိုလ်တစ်ခုတွင် ဘွဲ့လွန်ကျောင်းသူအဖြစ် တက်ရောက်သင်ကြားခွင့်ရချိန် အစပထမတွင် ကျောပိုးအိတ်လွယ်ပြီး ကျောင်းတက်ဖို့ရာ စိတ်ကူး လုံးလုံးမရှိခဲ့ချေ။ သူမ၏အသက်အတော်အတန်ကြီးပြီဟု ယူဆထားသည်ကတစ်ကြောင်း၊ သူမတက်ရောက်သင်ကြားရမည့် ဘာသာရပ်သည် လူကြီးဆန်သည်ဟု ထင်မြင်မိသည်ကတစ်ကြောင်းတို့ကြောင့် ကျောပိုးအိတ်အစား ပခုံးတစ်ဖက်တည်းပေါ်မှာ  အလွယ်တကူ တင်လွယ်နိုင်သော၊ ပစ္စည်းပစ္စယ များများစားစား ထည့်နိုင်သော လက်ပွေ့အိတ်ကြီးကြီးတစ်လုံးကိုသာ ဟန်ကျပန်ကျ ကိုင်မည်ဟု ဆုံးဖြတ်ထားခဲ့လေသည်။ သို့ရာတွင်… လက်တွေ့မှာ စိတ်ကူးနှင့် ခြားနားခဲ့သည့်အလျောက် မူလဒုံရင်း ကျောပိုးအိတ် လွယ်မြဲဘ၀သာ  ပြန်လည်ရောက်ရှိခဲ့လေသည်။

ရာသီဥတုအေးပြီး လေပြင်းများတိုက်ခတ်သည့်အခါ လက်နှစ်ဖက်ကို အပေါ်ရုံအနွေးထည်ရှေ့ခြမ်းရှိ အိတ်ကပ်ထဲထည့်ထားပြီး လမ်းလျှောက်မှသာ ခံသာသည့်အတွက်ကြောင့်လည်းကောင်း၊ သူမ၏ အလေးချိန်စီးသော လက်ပ်တော့အိုကြီးကို ရံဖန်ရံခါ ကျောင်းသို့သယ်ယူသွားရန် လိုအပ်သောကြောင့်လည်းကောင်း ကျောပိုးအိတ်ထက်ပို၍ အဆင်ပြေသက်သာသော အခြားအိတ်ကို အစားထိုးရန် ရှာမတွေ့ခဲ့ချေ။ သို့ဖြစ်ရာ သူမ ထည့်နေကျပစ္စည်းများကို ထိုအိတ်ထဲသို့ အကန့်လိုက်ထည့်ပြီး နေ့စဉ်ကျော၌ သယ်ပိုးသွားနေရာ အစ်မသက်ဝေ၏ ကောင်းမှုဖြင့် အိတ်အတွင်းရှိ အရာများကို ကိုယ်တိုင်ပြန်လည် ဆန်းစစ်ကြည့်ရှုမိရုံမျှမက အများသူငါတို့အားလည်း ပေးသိမြင်ခွင့်ရစေရန် အကြောင်းဖန်လာတော့သည်။

ခဲရောင်အဆင်းရှိ ခရီးဆောင်ကျောပိုးအိတ်တွင်း နေ့စဉ်နှင့်အမျှ ခိုအောင်းလိုက်ပါနေကြသော အရာများကား ပုံပါအတိုင်း ဖြစ်တော့သည်။ 


ပုံတွင် မပါသော၊ အလွန်တရာပေါ့ပါးသော အခြားပစ္စည်းနှစ်မျိုးလည်း အတွင်းကျဆုံး အကန့်မှာ ကျန်ရှိနေသေးကြောင်း သူမ ဖျတ်ခနဲသတိရသွားသော်လည်း တကူးတက ထုတ်မကြည့်ဖြစ်တော့ပေ။ တစ်ခုမှာ အမျိုးသမီးများနှင့်လစဉ် သက်ဆိုင်သည့်အရာဖြစ်ပြီး၊ နောက်တစ်ခုမှာ ကျောင်းသားကတ်ဒ်ထုတ်ချိန်က အခြားမှတ်စုမှတ်ရာ ပစ္စည်းများနှင့်အတူ အခမဲ့ရရှိထားသော၊ သူမ သို့မဟုတ် အခြားတစ်ယောက်အတွက် ဘယ်အချိန်ဘယ်အခါမှ အသုံးဝင်မည်ဟု တပ်အပ်မပြောနိုင်သော အရာတစ်ခု ဖြစ်လေသည်။

ပုံပါပစ္စည်းများအကြောင်း ကျကျနန စာဖွဲ့ရေးသားချင်ပါသော်လည်း များများစားစား အချိန်မပေးနိုင်သည့်အတွက် ဤမျှနှင့်သာ အဆုံးသတ်လိုက်ရပါကြောင်း၊ ချစ်သောအစ်မသက်ဝေတစ်ယောက် နားလည်ကျေနပ်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်းဖြင့် အဆုံးသတ်နိဂုံးချုပ်ရင်း သယ်ပိုးရာပါသူတို့၏ တစ်ကဏ္ဍအား ဤတွင် တစ်ခန်း ရပ်လိုက်လေတော့သည်။


ဇွန်မိုးစက်

သူတို့နဲ့ ထပ်ဆုံတယ် (ဘလော့ဂ်ဒေး အမှတ်တရပို့စ်)

9

Category:


ကျောင်းစာတွေနဲ့ လုံးချာလိုက်နေတဲ့ ဇွန်တစ်ယောက် ဘလော့ဂ်ဒေး ဆိုတာတောင် မေ့နေပါတယ်။ မနေ့ညက ညီမသူသူ (ရွှေအိမ်စည်) က မျက်နှာစာအုပ်မှာ လာပြီးတဂ်တော့မှ သတိရသွားပါတယ်။ အဲဒီ့တော့မှ လွန်ခဲ့တဲ့ လများဆီက ဒီနှစ်ဘလော့ဂ်ဒေးရောက်ရင် ရေးဖို့ရည်စူးခဲ့တာ အမှတ်ရမိပါတယ်။ ၂၀၁၁ ဘလော့ဂ်ဒေးမှာ ဇွန်က ဆုံခဲ့ဖူးတဲ့ ဘလော့ဂ်ရွာသူရွာသားများ ဆိုပြီး အပြင်မှာ ဆုံတွေ့ခဲ့ဖူးတဲ့ ဘလော့ဂါတွေအကြောင်း အမှတ်တရ ရေးခဲ့ပါတယ်။ ၂၀၁၁ ကနေ ၂၀၁၃ နှစ်နှစ်တိတိ ကာလအတွင်းမှာ မမျှော်လင့်ဘဲဖြစ်ဖြစ်၊ မျှော်လင့်ထားသလိုပဲဖြစ်ဖြစ် ထပ်မံတွေ့ဆုံခွင့်ရတဲ့ ရေမြေခြားက ဘလော့ဂါများရှိလာခဲ့ရင် ၂၀၁၃ ဘလော့ဂ်ဒေးပို့စ်မှာ ရေးမယ်လို့ စိတ်ကူးခဲ့ပါတယ်။ တကယ်လည်း အဲဒီ့နှစ်အတွင်းမှာ ထပ်မံဆုံတွေ့ခွင့်ရတဲ့ ဘလော့ရွာသူရွာသားတွေ ရှိလာပါတယ်။ တစ်ရက်နောက်ကျနေပေမယ့် နောက်တစ်နှစ်အထိ မစောင့်ချင်တာကြောင့် တစ်ခါတည်း ချရေးလိုက်ပါတယ်။

၂၀၁၁ အောက်တိုဘာမှာ ဇွန် သြစတြေးလျကို အလည်သွားခိုက် ကင်ဘာရာက ပါလီမန်အိမ်ရာရှေ့မှာ မမျှော်လင့်ဘဲ WeSheMe ဘလော့ဂ်ပိုင်ရှင် ကိုအန်ဒီတို့မိသားစုနဲ့ တွေ့ဆုံခဲ့ပါတယ်။ ချိန်းထားရင်တောင် လွဲနေဦးမယ်လို့ ပြောရမလိုပါပဲ၊ စင်္ကာပူက အလည်လာတဲ့သူနဲ့ ဆစ်ဒနီမှာ နေထိုင်တဲ့ မိသားစုဝင်တို့ သြစတြေးလျတိုက်ရဲ့မြို့တော်မှာ ဆုံမိတဲ့အဖြစ်ပါ။ အဲဒီ့တုန်းက အမှတ်တရရိုက်လာတဲ့ ဓာတ်ပုံလေးကို ကိုအန်ဒီ့ကို ခွင့်တောင်းပြီး ဇွန့်ပို့စ်မှာ တင်ခဲ့ပါတယ်။

၂၀၁၂ စက်တင်ဘာလမှာတော့ ဂျာမနီနဲ့ရန်ကုန် အသွားအပြန်ခရီးမှာ စင်္ကာပူကို ထရန်စစ်ဝင်လာခဲ့တဲ့ အစ်မရှင်လေးနဲ့ တွေ့ဆုံခွင့်ရပါတယ်။ အရင်ကတစ်ခါမှ လူချင်းမဆုံဖူးပေမယ့် တကယ်တမ်း အပြင်မှာတွေ့မိတဲ့အခါ စကားတွေရေပက်မ၀င်အောင် ပြောဖြစ်ခဲ့ကြပါတယ်။ နာရီပိုင်းအချိန်တိုလေးသာဖြစ်ခဲ့ပေမယ့် တကယ့်ကို အမှတ်ရစရာပါ။

အောက်တိုဘာလမှာတော့ စင်္ကာပူမှာပဲ တီတင့် (အန်တီတင့်) ရဲ့ ဖိတ်ကြားမှုနဲ့ ဇွန်နဲ့ညိုလေး နှစ်ယောက် ၀မ်းသာအားရ မုန့်ဟင်းခါးစားသွားရင်း ဖော်ရွေနုပျိုသွက်လက်ချက်ချာတဲ့ အန်တီတင့်နဲ့ ရင်းရင်းနှီးနှီး ဆုံတွေ့ဖြစ်ကြပါတယ်။

၂၀၁၃ ဖေဖော်ဝါရီမှာ ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ ရေခဲတောင်တန်းတွေ ၀ိုင်းကာရံထားခြင်းခံရတဲ့ ဆွစ်ဇာလန်ကုန်းမြေကနေ ရေပတ်လည်ဝိုင်းနေတဲ့ ခြင်္သေ့ကျွန်းကလေးကို ဆိုက်ဆိုက်မြိုက်မြိုက် အရောက်လာပြီး ငါးရက်တိတိ အချိန်ပေး လည်ပတ်သွားတဲ့ အစ်ကိုညီလင်းသစ်နဲ့ ခင်ခင်မင်မင် တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှာ ဇွန် မြန်မာပြည်ခဏအလည်ပြန်ခိုက် ညီမသူသူနဲ့ အမှတ်တရ ဆုံတွေ့ဖြစ်ပါသေးတယ်။

တွေ့ဆုံချိန်တွေ တိုတောင်းခဲ့ပေမယ့် ခင်မင်မှုအမှတ်တရတွေက နှလုံးအိမ်မှာ ကာလရှည်ကြာစွာ တည်တံ့နေလိမ့်မယ်ဆိုတာတော့ အသေအချာပါပဲ။

အချိန်မရတရကြားက ဘလော့ဂ်ဒေးအမှတ်တရဖြစ်အောင် စာတိုလေးတစ်ပုဒ် ရေးခွင့်ရတဲ့အတွက် သတိတရနဲ့တဂ်တဲ့ ညီမသူသူကို ကျေးဇူးတင်ပါတယ်။

အစ်မသက်ဝေရဲ့ တဂ်ပို့စ်ကို ရေးမယ်လို့ စိတ်ထဲမှာတေးထားပါတယ်။ စာမေးပွဲပြီးလို့ အချိန်ရတဲ့အခါ ကြိုးစားပြီး ရေးကြည့်ပါဦးမယ်။

အားလုံးပဲ တစ်ရက်နောက်ကျခဲ့တဲ့ ဟက်ပီးဘီလိတ်တက် ဘလော့ဂ်ဒေးပါ။း)


ဇွန်မိုးစက်

ခြေရာများနှင့်ခွဲခွာခြင်း

9

Category: , ,


စတုတ္ထရိပ်သာ ပေါ်မှာ သူမ အထပ်ထပ်လျှောက်လှမ်းခဲ့ဖူးသော ခြေရာများနှင့် ခွဲခွာရတော့မည်ဟူသော အသိက သူမရင်ကို ဆွေးမြေ့စေသည်။ တစ်ချိန်က သူမရေးခဲ့ဖူးသည့်အတိုင်း နေရာသစ် မပြောင်းမရွှေ့ချင်း သူမ စတုတ္ထရိပ်သာလမ်းပေါ်မှာပဲ နေထိုင်ခဲ့သည်။ သူမ သိပ်နှစ်သက်သော လမ်းမကျယ်ရဲ့ တစ်ဖက်တစ်ချက်စီမှာလည်း ပြောင်းလဲမှုတွေ ကိုယ်စီနှင့်။ မြက်ခင်းပြင်စိမ်းစိမ်းစိုစိုနှင့် ကွင်းပြင်ကျယ်ကြီးသည် ယခုတော့ ၀န်းခတ်ထားသော အဆင့်မြင့်လူနေတိုက်မြင့်စီမံကိန်းအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ ယခင်က ရေညှိစိမ်းရောင် သန်းခဲ့သော ပလက်ဖောင်းကျောက်ပြားတို့နေရာတွင် အဖြူရောင်မပြယ်သေးသော အင်္ဂတေပလက်ဖောင်းအသစ်တို့ အစားထိုး နေရာယူခဲ့ပြီ။ စတုတ္ထရိပ်သာလမ်းတစ်လျှောက် သူမ ဓာတ်ပုံရိုက်ဖို့ ကြိုးစားသော်လည်း ပလက်ဖောင်းအသစ်ခင်းနေသော အလုပ်သမားတို့ရှိနေ၍ စိတ်တိုင်းကျ ရိုက်ခွင့်မရခဲ့ပါ။

အနှီခြင်္သေ့ကျွန်းငယ်ကလေးတွင် သူမ မက်မက်မောမော နှစ်ခြိုက်မိသည့် နေရာ အနည်းငယ်သာရှိသည်။ ထိုနေရာများသည် လူသိများသော အထင်ကရ နာမည်ကျော်နေရာများမဟုတ်ကြပါ။ သူမ ငါးနှစ်ဆက်တိုက်နေထိုင်ခဲ့သော စတုတ္ထရိပ်သာလမ်း၊ နောက်ပြီး ဘူတာရုံကဆင်းလျှင် အောက်ဘက်လှေကားကို ဆင်းမသွားဘဲ အနည်းငယ်တည့်တည့်လျှောက်ပြီးသည့်အခါ ဘယ်ဘက်ချိုး၍ ကားရပ်နားရာနေရာကို ဖြတ်ပြီး လျှောက်သွားရသော မြက်ခင်းစိမ်းများနှင့်ကုန်းမြင့်ပေါ်မှာရှိသော လမ်းကလေး။ ဟိုးယခင်ကတော့ ဒီလမ်းကလေးမှာ ကျောက်ပြားတစ်ချပ်ချင်းစီ ချထားခဲ့သည်။ သူမကျောင်းသူဘ၀တုန်းက ထိုကျောက်ပြားလေးများကို တစ်ခုစီကျော်နင်းပြီး လျှောက်လေ့ရှိသည်။ မကြာသေးမီကာလအတွင်းက အင်္ဂတေလမ်းသစ် ပြောင်းခင်းထားသည်ကို တွေ့ရသည်။ သူမက အစွဲအလန်းကြီးသူပီပီ အင်္ဂလမ်းသစ်ထက် ကျောက်ပြားလမ်းဟောင်းကို ပိုသဘောကျပါသည်။ ထိုကုန်းမြင့်လမ်းကလေးပေါ်မှာ ဖြတ်လျှောက်လျှင် သူမ နေထိုင်ရာ တိုက်တန်းလျားရှည်ကြီးကို မြင်ရသည်၊ သူမ နှစ်သက်သော စတုတ္ထရိပ်သာလမ်းကိုလည်း အပေါ်စီးမှ ကြည့်မြင်ခွင့်ရသည်။


နောက်ထပ် သူမ နှစ်သက်မိသော နေရာတစ်ခုကတော့ မြို့လယ်ခေါင်နားမှာဖြစ်သည်။ ထိုနေရာကို လွန်ခဲ့သော ဆယ့်နှစ်နှစ်က စတင်ရောက်ဖူးခဲ့ချိန်မှစပြီး နှစ်ခြိုက်သဘောကျသွားခြင်း ဖြစ်သည်။ တန်ဂျုန်ပါဂါးဘူတာရုံမှ ထွက်ပေါက် အက်ဖ်အတိုင်းလိုက်ပြီး စက်လှေကားဖြင့်တက်သွားလျှင် မြင်ရသော Capital Tower ရှေ့မျက်နှာစာက ရင်ပြင်ဖြစ်သည်။ သူမက ခေါ်ဆိုရလွယ်အောင် ရင်ပြင်ဟု ကိုယ့်ဖာသာ နာမည်တပ်လိုက်ခြင်းဖြစ်သည်။ ထိုနေရာကို သူမ အလွန်အမင်းနှစ်သက်ရသည့် အကြောင်းရင်းမှာ ရင်ပြင်တစ်ဘက်မှာ စနစ်တကျကန်ပြုလုပ်ပြီး မွေးထားသော ရွှေငါးများကြောင့်ဟုဆိုလျှင် မမှားပါ။ သူမ ကျောင်းတက်တုန်းက ရွှေငါးမွေးချိန် သိပ်မကြာသေး၍ထင်သည်၊ ငါးများ၏ အရွယ်အစားမှာ ခပ်သေးသေးဖြစ်သည်။ နောင်နှစ်အတန်ကြာပြီး သူမ ထိုနေရာသို့ တကူးတက သွားရောက်ကြည့်ရှုသည့်အခါ ငါးများ၏အရွယ်အစားမှာ သိသိသာသာ ကြီးမားနေသည်ကို တွေ့ရသည်။ ကန်ဘောင်အနီးက စက်လှေကားနှင့် ကပ်ရပ်မှာရှိသော ခုံတန်းလေး၏ ဘယ်ထောင့်စွန်းမှာ ထိုင်ရင်း သူမ ငါးများကို တငေးတမော ငေးကြည့်တတ်သည်။ စိတ်လိုလက်ရ ငါးတို့ကို ဓာတ်ပုံရိုက်တတ်သည်၊ ရှေ့က ရောင်စုံဘောလုံးသဖွယ် အလှဆင်ထားသော တိုင်များကြားမှာ ဖြာထွက်နေသောရေပန်းကိုကြည့်ရင်း အတွေးတွေ ဖြန့်ကျက်တတ်သည်။


သူမဘ၀တွင် ထူးခြားသော၊ ပုံမှန်မဟုတ်သော အပြောင်းအလဲများဖြစ်လေ့ရှိတိုင်း သူမ ထိုနေရာသို့ သွားရောက်တတ်သည်မှာ အလေ့တစ်ခုလိုဖြစ်ခဲ့သည်။ သူမ အလွန်နှစ်သက်သောနေရာတစ်ခုကို အမြဲမရောက်ဖြစ်သော်လည်း အပြောင်းအလဲတွေကြုံသောအခါမှ၊ နှစ်တွေခြားပြီးမှ တစ်ကြိမ်နှစ်ကြိမ်ရောက်ဖြစ်တာက လုံးဝမရောက်ဖြစ်သည်ထက်စာလျှင်တော့ သိပ်မဆိုးလှဟု နှစ်သိမ့်မိသည်။ သူမ ခြင်္သေ့ကျွန်းမှ မထွက်ခွာခင် ထိုနေရာလေးသို့ တကူးတက သွားရောက်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်သုံးခုလုံးကို ပြန်လှန်တွေးဆ မြင်ယောင်ကြည့်ခဲ့သည်။ ရောင်စုံရွှေငါးများကို တခုတ်တရ မှတ်တမ်းတင်ခဲ့သည်။ ရှေ့တူရူက သွားလာလှုပ်ရှားနေသော လူများကို ဝေဖန်ခြင်းကင်းသော မျက်လုံးဖြင့် ကြည့်မြင်ခဲ့သည်။ မိနစ်သုံးဆယ်ဟူသော အချိန်ကာလသည် သူမ စိတ်လိုလက်ရ အေးအေးဆေးဆေးထိုင်ချင်သော အကြိုက်ဆုံးနေရာတစ်ခုမှ ခြေလှမ်းပြင်ထွက်ခွာရန် တိုတောင်းလွန်းလှပါသည်။ သူမ မထချင်၊ ထချင်နှင့် မတ်တပ်ရပ်ပြီးသည့်အခါ ထိုင်ခုံလေးနှင့် အရောင်စုံငါးကြီးများကို နှုတ်ဆက်လိုက်သည်။


တကယ်တော့ ဤကျွန်းလေးပေါ်တွင် သူမ မရောက်ဖူးသေးသည့် နေရာသစ်၊ဟောင်းများ များစွာ ကျန်နေပါသော်လည်း သူမ အချိန်ပေး သွားရောက်လည်ပတ်ဖို့ မစဉ်းစားခဲ့မိပါ။ သူမ နှစ်သက်သဘောကျသော နေရာဟောင်းများ၌သာ သူမ၏ ခြေလှမ်းများ ထပ်ခါထပ်ခါ လှမ်းရခြင်းကို ကျေနပ်ပါသည်။ ယခုအချိန်မှာတော့ ထိုခြေရာများနှင့် သူမ ခွဲခွာရတော့မည်။ အမှတ်ထင်ကျန်ရစ်သော သူမ၏ ခြေရာများကိုသာမက၊ သူမနှင့်အတူ လျှောက်လှမ်းခဲ့ဖူးသော ချစ်ခင်သူများ၏ ခြေရာများနှင့်လည်း အချိန်ကာလတစ်ခုအထိတော့ သူမ ခွဲခွာရဦးမည်။ လမ်းဟောင်းပေါ်က ခြေရာများကို လမ်းသစ်မှာချနင်းလျှောက်လှမ်းရန် သူမ အားယူဆွဲနှုတ်လိုက်သည့်အခါ အလွမ်းများနှင့်အတူ ဘယ်ဘက်ရင်အုံက ဆစ်ခနဲ နာကျင်သွားခဲ့ပါသည်။


ဇွန်မိုးစက်

နှုတ်ဆက်သောနေ့

6

Category: , ,


လွန်ခဲ့သော ခြောက်လတိတိက ထိုလမ်းမအတိုင်း တည့်တည့်လျှောက်လာသော ကျွန်မ၏ခြေလှမ်းနှင့်အတူ တွယ်ကပ်လိုက်ပါလာသော စိတ်လှုပ်ရှားမှုကို ကျွန်မသတိတရ ပြန်လည်ခံစားမိသည်။ ကျွန်မ ဟိုး…တစ်ချိန်က ဆန္ဒရှိခဲ့ဖူးရာ ၀န်ထမ်းလေးထောင်ကျော်ရှိသော ရုံးအဖွဲ့အစည်းမှာ အလုပ်လုပ်ခွင့် ရတော့မည်ကတစ်ကြောင်း၊ ယခင်အလုပ်များနှင့် မတူညီဘဲ သဘောသဘာဝကွဲပြားသော ဌာနမှာအလုပ်ဝင်ရမည်ကတစ်ကြောင်း၊ လုပ်ဖော်ကိုင်ဖက်အသစ်များနှင့် ဆုံတွေ့ရမည်ကတစ်ကြောင်း… ရုံးတက်စနေ့က ကျွန်မ အမှန်တကယ်ပင် စိတ်လှုပ်ရှားနေခဲ့ပါသည်။ တကယ်တမ်းအလုပ်ဝင်တော့ ကျွန်မ မျှော်လင့်ထားသည်ထက် အဆပေါင်းများစွာ အဆင်ပြေပျော်ရွှင်ခဲ့ရသည်။ ခြင်္သေ့ကျွန်းကလေးမှာ ကျွန်မဆက်တိုက်နေထိုင်ခဲ့စဉ် ခုနစ်နှစ်အတွင်း ဒုတိယအကြိမ်ပြောင်းခဲ့သော တတိယလုပ်ငန်းခွင်သည် အကောင်းဆုံးဖြစ်ခဲ့သော်လည်း ခြောက်လသာ လုပ်ခွင့်ရလိုက်သည့်အတွက် ကျွန်မစိတ်မကောင်းဖြစ်ရသည်။ တကယ်တမ်းကျွန်မဆန္ဒရှိပါလျှင် နှစ်ရှည်လများ နေထိုင်လုပ်ကိုင်နိုင်ပါသော်လည်း ကျွန်မကိုယ်တိုင် ဆုံးဖြတ်ခဲ့သော ဘ၀ရှေ့ရေးအတွက် ကျွန်မ အမြဲတမ်းဝန်ထမ်းအဖြစ် စာချုပ်မချုပ်ဆိုနိုင်ခဲ့ပါ။

ဘရက်ဒဲလ်ဘူတာရုံ ညာဘက်ပေါက်မှထွက်ပြီး ရှေ့မှာမြင်နေရသော မီးပွိုင့်ဆီ အမိုးလျှောက်လမ်းကလေးအတိုင်း တည့်တည့်လျှောက်ရင်း ဘတ်စ်ကားဂိတ်အနီးမှာ မနက်တိုင်းဝေသော သတင်းစာကို ကျွန်မအမြဲယူလေ့ရှိသည်။ ကျွန်မက သတင်းစာဖတ်ရတာကြိုက်သူပီပီ လမ်းမှာတွေ့သမျှ၊ ဝေသမျှ သတင်းစာတွေ တကူးတကသယ်ပြီး ရုံးရောက်သည့်အခါ မနက်စာစားရင်း၊ ဒါမှမဟုတ် နေ့လည်ထမင်းစားပြီးချိန်မှာ တစ်ရွက်ချင်း အေးအေးဆေးဆေး လှန်လျော ဖတ်ရှုတတ်ပါသည်။ ရုံးမှာအလုပ်များ၍ မဖတ်ဖြစ်လျှင် ကျွန်မစိတ်ဝင်စားသော ဖတ်ချင်သေးသော သတင်းဆောင်းပါးများပါနေလျှင် အိမ်ကိုသယ်ပြီး ညဘက်မှာ ဖတ်တတ်ပါသေးသည်။ သတင်းစာဝေသော အန်တီကြီးအနီးမှာ ကာရီပတ်ဖ်သုံးခုကို တစ်ဒေါ်လာဖြင့်ရောင်းသော မလေးလူမျိုးများကို ရံဖန်ရံခါ တွေ့ရတတ်သည်။ ကျွန်မအိမ်က မနက်စာမယူလာနိုင်သည့်အခါမျိုး၊ ရုံးပေါ်ရှိကင်တင်းသို့သွား၍ မနက်စာဝယ်လျှင် ငါးမိနစ်ခန့် နောက်ကျသွားနိုင်သည့် အခြေအနေမျိုးမှာ ရုံးသွားဟန်လွှဲတွေ့ရသော၊ ဈေးလည်းချိုသော ကာရီပတ်ဖ်ကို ကျွန်မ၀ယ်စားဖြစ်သည်။

မီးပွိုင့်ကျော်ပြီး လမ်းဖြတ်ကူးလာချိန်မှစ၍ ရုံးဝင်ပေါက်ရောက်သည်အထိ ခပ်သွက်သွက် လမ်းလျှောက်လာချိန်တွင် နေ့တိုင်းနီးပါး ကျွန်မကိုခေါ်ဆောင်သွားသည့် အာရုံတစ်ခုရှိသည်။ ကျွန်မ ကျောင်းတက်စ သူငယ်တန်းမှာ လသာ၂ကျောင်းဂိတ်ပေါက်မှ ကျောင်းရှေ့မျက်နှာစာ ပေါ်တီဂိုဝင်ပေါက် ရောက်သည်အထိ
 လျှောက်လှမ်းရသောအခါ ဖြစ်ပေါ်လာသည့် အလားတူ စိတ်ခံစားမှုမျိုးဖြစ်သည်။ ၅နှစ်သမီးအရွယ် ခြေလှမ်းသေးသေးလေး၏ ရှေ့တူရူမှာရှိနေသော ကျောင်းကြီးက ကြီးမားထည်ဝါလွန်းပြီး ထိုကျောင်း၏ ကျောင်းသူဖြစ်ရသည်ကို ၀မ်းသာဂုဏ်ယူမိသည့် ခံစားချက်မျိုး နောင်နှစ်ပေါင်းများစွာကြာပြီး ဘ၀တစ်ဆစ်ချိုးက လုပ်ငန်းခွင်ဝင်သောတစ်ချိန်မှာ ပြန်လည်ခံစားရလိမ့်မည်ဟု ထိုစဉ်က ကျွန်မ ကြိုမသိခဲ့ပါ။ 

တကယ်လည်း ရုံးကြီးက ကျောင်းကြီးနှင့် ဆင်တူပါသည်။ ကျွန်မဆယ့်နှစ်နှစ်တိုင်တိုင် ပညာသင်ယူခဲ့သော အထက်ကျောင်း လသာ ၂ မှာ ကျောင်းဆေးခန်းရှိသည်၊ မိုးလုံလေလုံအားကစားခန်းမကျယ်သာမက ကျောင်းဝင်းထဲမှာ ဆော့ကစားနိုင်သော ဘတ်စ်ကတ်ဘောကွင်း အကျယ်ကြီးတွေလည်းရှိသည်၊ မုန့်ဈေးတန်းမဟုတ်သော သီးခြားလက်ဖက်ရည်ဆိုင်ကင်တင်းရှိသည်၊ ကျောင်းအ၀င်ဝမှာ ပန်းရောင်စုံတွေ စီရရီစိုက်ပျိုးထားသည့် ပန်းခင်းလှလှရှိသည်။ ထို့အတူ ကျွန်မတို့ရုံးအတွင်းမှာလည်း ပန်းခင်းတွေ၊ ရေတံခွန်တွေရှိသည်၊ ဆေးခန်းရှိသည်၊ အားကစားခန်းမရှိသည်၊ ရုံးအမိုးပေါ်မှာ တင်းနစ်၊ ကြက်တောင် ကစားနည်းများအတွက်လည်း ရိုက်ကွင်းရှိသည်၊ တစ်ပတ်လုံးမထပ်အောင်စားနိုင်သော၊ အဖိုးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသော စားသောက်ဆိုင်များနှင့် ကင်တင်းရှိသည်။ ငယ်ငယ်တုန်းက ကျောင်းကြီးအနှံ့ရောက်ဖို့ အချိန်တော်ကြာကြာအားထုတ်ခဲ့ဖူးသောကျွန်မ ရုံးနေရာအနှံ့ရောက်ဖို့၊ အထပ်မတူညီသော ဓာတ်လှေကားတွေစီးကြည့်ဖို့ တစ်ပတ်အချိန်ယူခဲ့ရပါသည်။

မနက်တိုင်း ထမင်းစားခန်းမှာဖြစ်ဖြစ်၊ သန့်စန်ခန်းမှာပဲဖြစ်ဖြစ် တွေ့ဆုံကြသည့်အခါ သိသိမသိသိ မည်သူ့ကိုမဆို ဖော်ရွေစွာပြုံးပြနှုတ်ဆက်ကြသော ၀န်ထမ်းတွေ ကျွန်မ ဒီရုံးရောက်မှ တွေ့ဖူးသည်။ အစည်းအဝေးတစ်ခုလုပ်တိုင်း နင်တို့ကို ဘယ်သူတွေအနိုင်ကျင့်သေးလဲဟု အမြဲမေးတတ်သော၊ ညနေ၆နာရီခွဲကျော်သည်နှင့် အိမ်ပြန်ခိုင်းတတ်သော၊ သူပေးသောအလုပ်များ ပြီးသွားသည့်အခါတိုင်း ကျေးဇူးတင်စကား မပျက်မကွက် ပြောလေ့ရှိသော မန်နေဂျာ၊ ကျွန်မ ကြိုတင်ယူမည့် လစာမဲ့ခွင့်အတွက် လစာအဖြတ်မခံရအောင် နားလည်မှုနှင့် ဆိုင်းထိုးပေးချင်သော အထက်လူကြီး၊ အလုပ်တွေဘယ်လောက်များများ ကျွန်မ မအားဘူးဆိုလျှင် ဘယ်တော့မှ သူ့အလုပ်တွေ ခွဲဝေမပေးဘဲ တစ်ယောက်တည်း နောက်ကျနေပြီး ဒိုင်ခံလုပ်တတ်သော လုပ်ဖော်ကိုင်ဖက်မျိုး… ကျွန်မ ဒီရုံးရောက်မှ ကြုံဖူးပါသည်။ အဲလိုလူမျိုးတွေနှင့် ကျွန်မ ဆုံတွေ့ရသည့်အခါ ငါဘာဖြစ်လို့ စောစောစီးစီး ဒီလိုအဖွဲ့အစည်းမျိုးမှာ မလုပ်ခဲ့မိပါလိမ့်ဟု နောင်တရချင်သည်။ ဒီ့မတိုင်ခင်အလုပ်မှာ ကျွန်မ လေးနှစ်ခွဲငါးနှစ်နီးပါး ပေကပ်စွာ လုပ်ခဲ့သည့်အချိန်တွေကို နှမြောမိသွားသည်။

ရုံးအဖွဲ့အစည်းကြီးမားသည်နှင့်အမျှ တစ်နှစ်တာပတ်လုံး ရှိနေသည့် ညစာစားပွဲတွေ၊ နေ့လည်စားပွဲတွေကို မကြာခဏတက်ရောက်ခွင့် ကြုံပါသည်။ ယခင့်ယခင် ကြုံခဲ့ဖူးသမျှ စားပွဲများထက် အဆပေါင်းများစွာ အမှတ်ရပျော်စရာကောင်းသည်ချည်းဖြစ်သည်။ ဗဟိုသတင်းဌာနတည်ရှိရာ ကျွန်မတို့ရုံးသို့ လာရောက်လေ့လာကြသော ကျောင်းသူကျောင်းသားများ၊ နိုင်ငံခြားသတင်းဌာနမှ ဧည့်သည်များကိုလည်း မကြာမကြာ တွေ့ဆုံရတတ်ပါသည်။ သတင်းဌာနမှာ လုပ်ကိုင်နေကြသူများပီပီ အခန်းထဲက ရုပ်မြင်သံကြားစက်ကို တစ်နေကုန် ဖွင့်ထားပြီး၊ ကိုယ်စိတ်ကြိုက်ရာ သီချင်းများကိုလည်း ခပ်တိုးတိုးဖွင့်ကာ နားဆင်အလုပ်လုပ်နိုင်သော၊ ခြောက်ကပ်ပျင်းရိဖွယ်မကောင်းဘဲ အမြဲတမ်းရှင်သန်လှုပ်ရှားနေသော ပတ်ဝန်းကျင်မှာ အလုပ်လုပ်ခွင့်ရသည်ကို ကျွန်မကြိုက်ပါသည်။  တခါတရံ အလုပ်လုပ်နေရင်း စိတ်ဖိစီးမှုရလာသည့်အခါမျိုး၊ ခေါင်းကိုက်မျက်စိညောင်းလာသည့် နေ့လည်ခင်းမျိုးတွေမှာ အမိုးပေါ်တက်ပြီး ပန်းခြံထဲက တိတ်ဆိတ်ငြိမ်သက်သော ကင်တင်းမှာ ကော်ဖီ၊ လက်ဖက်ရည်တစ်ခွက်ဖြင့် ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်ခန့် အေးအေးလူလူ အနားယူအပန်းဖြေနိုင်သောဝန်းကျင်မှာ လုပ်ခွင့်ရသည့်အတွက်လည်း ကျွန်မကျေနပ်မိသည်။

လတစ်လ၏နောက်ဆုံးပတ်တွင် ကျရောက်သော ကြာသပတေးနေ့ညနေတိုင်းမှာ ရုံးဝန်ထမ်းများအားလုံး ရုံးအမိုးပေါ်ရှိ ပန်းခြံနှင့်ကင်တင်းမှာ အဖျော်ယမကာ၊ အစားအသောက်နှင့် တီးဝိုင်းများကို အခမဲ့ စားသောက်ကြည့်ရှု အပန်းဖြေနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်ကို ကျွန်မ သဘောကျသည်။ အားကစားခန်းမအတွင်းမှာ မနက်၊ နေ့လည်၊ ညနေ အချိန်ရလျှင်ရသလိုဝင်ပြီး နှစ်သက်ရာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်နိုင်သည့် အနေအထားမျိုးကိုလည်း ကျွန်မနှစ်သက်ပါသည်။ ပြင်ပထက် ထက်ဝက်နီးပါး ချိုသာသောနှုန်းထားဖြင့် လက်ဝှေ့၊ ယောဂ၊ zumba နှင့် salsa ကဲ့သို့သော အကသင်တန်းအမျိုးမျိုးကိုလည်း တစ်ပတ်တစ်ခါ ရုံးဆင်းချိန်မှာ တက်ရောက်သင်ကြားနိုင်ပါသေးသည်။ အမြဲတမ်းဝန်ထမ်းများအတွက် စင်္ကာပူနိုင်ငံရှိ ပြတိုက်များ၊ ပန်းခြံများ၊ သိပ္ပံဌာနများကို မိသားစုလိုက် အခမဲ့လည်ပတ်ကြည့်ရှုနိုင်သော လက်မှတ်တွေ ထုတ်ယူခွင့်ရှိသည်။ ဒီရုံးမှဝန်ထမ်းများဆိုလျှင် ဆံပင်ညှပ်ခလျှော့ပေးသောဆိုင်တွေရှိသည်၊ ဈေးသက်သာစွာဖြင့် ဖုန်းလိုင်းလျှောက်နိုင်သည်။ ရုံးဝန်ထမ်းတစ်ယောက်အနေဖြင့် အကျိုးအမြတ်တွေ ခံစားခွင့်ရရှိသော အဖွဲ့အစည်းမှာ နှစ်ရှည်လများ လုပ်ကိုင်နေသည့် လုပ်ဖော်ကိုင်ဖက်များကို မြင်တွေ့ရတော့ ကျွန်မ မအံ့သြမိတော့ပါ။

ရုံးအ၀င်ဝမှကျော်ပြီး ရုံးအဆောက်အဦထဲဝင်လာတော့ ကျွန်မရင်ထဲ အလိုလိုဝမ်းနည်းလာသည်။ တကယ်တော့ ဇူလိုင်လ ၁ရက်နေ့သည် ကျွန်မ၏ နောက်ဆုံးရုံးတက်ရက်ဖြစ်သည်။ ခြောက်လသာ တာဝန်ထမ်းဆောင်ခဲ့ရသည့် ရုံးကို ခြောက်နှစ်တာ လုပ်ခဲ့ရသည့်အလား ကျွန်မ သံယောဇဉ်တွယ်မိသွားခြင်းဖြစ်သည်။ အခန်းကျယ်ကြီး၏ ထောင့်တစ်နေရာမှာ တိတ်ဆိတ်သပ်ရပ်စွာရှိနေသည့် ကျွန်မ၏ အလုပ်စားပွဲနှင့် ကုလားထိုင်ကို တစ်ချက်လှမ်းကြည့်မိရင်း ကင်မရာလေးဖြင့် မှတ်တမ်းတင်လိုက်သည်။ မင်းဆန္ဒရှိရင် အချိန်မရွေးပြန်လာပါဟုဆိုခဲ့သော မန်နေဂျာ၏စကားကို ပြန်လည်ကြားယောင်မိတော့ ကျွန်မ ကြည်နူးစွာဖြင့် ပြုံးမိသည်။

ကျွန်မရုံးဝန်းထဲက မထွက်ခွာခင် လွန်ခဲ့သော ခြောက်လအတွင်း ကျွန်မနှင့် ချစ်ခင်ရသူတွေ သွားလာလှုပ်ရှားစားသောက်ခဲ့ဖူးသော အရိပ်တွေကို စိတ်မှန်းဖြင့် လိုက်ရှာကြည့်မိသည်။ ထို့နောက် ကျွန်မ၏ စိတ်အာရုံမှာ ထင်ဟပ်လာသမျှ ရုံးဝန်းကျင်က ပုံရိပ်များအားလုံးကို တိတ်တိတ်ကလေး နှုတ်ဆက်လိုက်သည်။ 

နေရစ်တော့ အက်စ်ပီအိတ်ခ်ျရယ်...။


ဇွန်မိုးစက်