မှတ်ဉာဏ်ထဲကနေ့

Category:


ထိုနေ့က တနင်္လာနေ့...။

လပတ်စာမေးပွဲဖြေဖို့ ကျက်ထားသောစာများကို မနက်အစောကြီးထပြီး ပြန်နွှေးနေသည်။ မနက်စောစော ရေဒီယို နားထောင်တတ်သော အဖေက မီးဖိုခန်းထဲမှာ သမီးထမင်းဗူးအတွက် ပြင်ဆင်နေသော အမေ့ကို လှမ်းမေးလိုက်သံ ကြားရသည်။ “ကလေးကို ဒီနေ့ကျောင်းလွှတ်မလို့လား” “မလွှတ်လို့ မရဘူး၊  ဒီနေ့ သမီးတို့ကျောင်းက စာမေးပွဲစစ်မှာတဲ့။ နှစ်ဘာသာတောင် ဖြေရမှာ”။ အဖေနှင့်အမေ စကားသံကို နားစွင့်နေရာမှ အာရုံလွှဲလိုက်ပြီး စာပြန်ဖတ်နေလိုက်သည်။ အိမ်နှင့်ကျောင်း ဝေးသောကြောင့် ၉နာရီတက်သောကျောင်းကို ၇နာရီခွဲ လမ်းထိပ်မှာ လာကြိုသောကျောင်းကားနှင့် သွားရသည်။

ကျောင်းရောက်တော့ ခါတိုင်းနှင့်မတူဘဲ တစ်ခုခုထူးခြားနေမှန်း သူမစိတ်ထဲ ခံစားသိလိုက်ရသည်။ စာမေးပွဲ ဖြေရမည့်ရက်မှာ အတန်းထဲမှာ လူမစုံဘဲ ကျောင်းသားအနည်းငယ်သာ ရှိနေသည်မှာ ဘာကြောင့်လဲဟု တွေးနေမိသည်။ ပုံမှန် ကျောင်းသား ၅၀ ကျော်ရှိသော စာသင်ခန်းထဲမှာ ၉ နာရီ ထိုးသည်အထိ  ကျောင်းသား ၄၊ ၅ ယောက်ပဲ ရှိနေသည့်အတွက် အံ့သြစရာကောင်းနေသည်။ ဆရာမကလည်း သိပ်အံ့သြဟန်မပြဘဲ ကျောင်းသားတွေ ပျက်ကွက်မှာကို ကြိုတင်သိနေသည့်အလား...။

သိပ်မကြာခင် အတန်းထဲမှာ သူမနှင့်အတူရှိနေသောသူငယ်ချင်းကို သူ့အဖွားက ငိုယိုကာ လာခေါ်သွားသည့်အတွက် ပို၍ စိတ်ပူသွားသည်။ နောက်ထပ် အတန်းဖော်နှစ်ယောက်လည်း အိမ်ကလာပြန်ခေါ်သွားသဖြင့် သူမနှင့် အတန်းဖော် နောက်တစ်ယောက်သာ ကျန်တော့သည်။ ခဏနေတော့ အတန်းပိုင်ဆရာမက သူမတို့နှစ်ယောက်ကို ခေါ်ပြီး တစ်ကျောင်းလုံးရှိ ကျောင်းသူများ အိမ်မှလာမခေါ်မချင်း ကျောင်းအုပ်ဆရာမကြီးရုံးခန်းမှာ နေရမည်ဖြစ်ကြောင်း ပြောပြ၍ ကျောင်းအပေါ်ထပ်က ရုံးခန်းသို့ ခေါ်ဆောင်သွားသည်။

ရုံးခန်းထဲမှာ အတန်းငယ်၊ အတန်းကြီးမှ ကျောင်းသူတွေ စုရုံးရောက်ရှိနေသဖြင့် သူမ စိတ်သက်သာရာ ရသွားသည်။ တော်ပါသေးရဲ့... အိမ်မှလာမခေါ်သေးသော အခြားကျောင်းသူများ ရှိနေသေးသည်ပဲ။ နေ့လည်ထမင်းစားချိန် ရောက်ခါနီးတော့ ပါလာသော ထမင်းဗူးကို ထုတ်စားလိုက်သည်။ အတန်းဖော် သူငယ်ချင်းလည်း မရှိတော့။ ကျောင်းသားမိဘများ တစ်ဦးပြီးတစ်ဦးရောက်လာချိန်တွင် ဆရာမတစ်ယောက်မှ ကျောင်းသူနာမည် အော်ခေါ်ပေးပြီး သေချာအောင် မေးမြန်းပြီးမှ ပြန်ခွင့်ပြုလိုက်သည်။ သူမအိမ်ကရော ဘယ်တော့ လာကြိုမှာပါလိမ့်။ နေ့လည် ထမင်းစားချိန်တောင် လွန်ခဲ့ပြီ။ ကျောင်းသူလည်း အနည်းငယ်မျှသာ ကျန်တော့သည်။ သူမစိတ်ထဲ ၀မ်းနည်းလာသည်။ အမေ လာခေါ်လိမ့်မည်ဆိုတာတော့ သူမစိတ်ထဲ ယုံကြည်နေသည်။

နေ့လည် ၃နာရီ မထိုးခင်မှာ ဆရာမဆီမှ သူမနာမည် ခေါ်သံကြားလိုက်ရသည့်အတွက် ပျော်သွားသည်။ ကျောပိုးအိတ် ကောက်လွယ်ပြီး ခြင်းတောင်းဆွဲ၍ ထွက်ခဲ့သည်။ အမေနှင့်အတူ မောင်လေးကိုပါ တွေ့လိုက်ရသည်။ အိမ်မှာ လူပိုမရှိသည့်အတွက် အမေအပြင်သွားလျှင် သားနှင့်သမီးကို ခေါ်သွားရသည့် ထုံးစံအတိုင်း မောင်လေးကိုပါ ခေါ်လာခဲ့ရခြင်းဖြစ်သည်။ သူမက ဒီနေ့စာမေးပွဲ မဖြေရကြောင်း၊ ကျောင်းသားတွေ မနက်ထဲက မလာကြောင်း၊ အမေလာခေါ်နောက်ကျ၍ စိတ်ပူကြောင်း အမေ့ကို ပြောပြသည်။ အမေက ကျောင်းလွှတ်လိုက်ရသော်လည်း စိတ်ပူကြောင်း၊ ဆန္ဒပြပွဲနှင့် အဓိကရုဏ်းများ အမှန်တကယ်ဖြစ်ပွားနေသော သတင်းကို ကြားကြားချင်း လာခေါ်ဖို့ ပြင်ဆင်ခဲ့ရကြောင်း၊ အချို့နေရာများမှာ ကားလမ်းပိတ်မှုများရှိသဖြင့် ခရီးနှောင့်နှေးခဲ့ရကြောင်း သူမကို ရှင်းပြသည်။

အမေ့လက်ထဲတွင် စားစရာအပြည့်ပါသော အိတ်တစ်ထုပ်ကို တွေ့ရသည်။ အကယ်၍ တစ်စုံတစ်ခုကြောင့် လမ်းမှာ ပိတ်မိနေပါက သမီးနှင့်သား ဆာမှာစိုး၍ ရိက္ခာအဖြစ် ဆောင်ယူခဲ့ခြင်းဖြစ်ကြာင်းကိုလည်း အမေက ပြောပြခဲ့သည်။ ကိုးနှစ်အရွယ်သမီးနှင့် လေးနှစ်အရွယ်သားတို့ အမေ့လက် တစ်ဖက်တစ်ချက်စီဆွဲပြီး မနီးလှသော အိမ်အပြန်ခရီးကို လူကြပ်နေသော ဘတ်စ်ကားဖြင့် အရောက်ပြန်ခဲ့ကြသည်။

နောက်တစ်နေ့မနက်မှာ ရေဒီယိုမှ ကျောင်းများအားလုံးပိတ်လိုက်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။ “ဟင်... ဒါဆို ကျောင်းမသွားရတော့ဘူး၊ စာမေးပွဲလည်း မဖြေရတော့ဘူးပေါ့၊ စာတွေကျက်ထားတာ နှမြောစရာကြီး...” စိတ်မကောင်းဖြစ်စွာ သူမတိုးတိုးလေး ရေရွတ်မိလိုက်သည်။

သူမ အမှတ်ရနေသော၊ စာမေးပွဲမဖြေလိုက်ရသော ထိုနေ့ရက်သည် သူမချစ်သောနိုင်ငံနှင့် ရဟန်းရှင်လူ ကျောင်းသား ပြည်သူတို့၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့သော၊ သမိုင်းတွင် ထင်ကျန်ရစ်ခဲ့သော နေ့ရက်တစ်ရက်အဖြစ် ရှိနေခဲ့သည်မှာ ဆယ်စုနှစ်မက ကြာမြင့်ခဲ့ပြီပဲ။

ထိုနေ့ဆီက အဖြစ်အပျက်များကို ပြန်ပြောင်းအမှတ်ရချိန်တွင်... သူမသည် ချစ်သောမြေရဲ့ အဝေးတစ်နေရာမှာ...။


ဇွန်မိုးစက်

Comments ( 9 )

ဇွန်... ခံစားချက်လေးဖတ်သွားပါတယ်။
ကျမလည်း အဲ့ဒီအချိန်တုန်းက....
အခုတော့ အားလုံး တနေရာဆီ...
မမျှော်လင့်ခဲ့တာတွေ၊ မဖြစ်ချင်ခဲ့တာတွေ၊
မျှော်လင့်ခဲ့တာတွေ၊ဖြစ်ချင်ခဲ့တာတွေ....

မမ....အဲဒီအချိန်တုန်းက ဂျင်းက တစ်တန်းပဲရှိသေးပေမယ့် အဲဒီနေ့ကို ဂျင်းလည်းမှတ်ဥာဏ်ထဲမှာ အမှတ်ရနေတယ်။ ဂျင်းက ဂျင်းတို့ဘေးအိမ်က အစ်မကြီးနဲ့အတူတူ ကျောင်းကနေအိမ်ကို ပြန်ပြေးရတာလေ....။ အဲဒီတုန်းက အဖြစ်အပျက်တွေကို အခုထိမျက်လုံးထဲမှာ မြင်ယောင်နေတုန်းပဲ

အဲဒီတုန်းက ကိုယ် ခရီးထွက်နေတယ်။ ကျောင်းပျက်ခံပြီးတော့ပေါ့။ အဘိုးအဘွားတွေနဲ့ ဖေဖေတာဝန်ကျတဲ့ နေရာကို လိုက်လည်တာ။ ၇ ရက်နေ့မှာ အဲဒီမြို့က ရထားနဲ့ ပြန်လာတယ်။ ၈ ရက်နေ့မှာ မန္တလေးရောက်တယ်။ ၂၆ ဘီလမ်းပေါ်က တည်းမယ့်နေရာကိုသွားတော့ တကယ့် အချိန်ကြီးပေါ့။ အဲဒီတုန်းကတော့ ဘာဆိုဘာမှ မသိတာလေ။ ကြောက်ရတာမှန်းလည်း မသိဘူး။ ဘာဖြစ်နေမှန်းကို မသိတာ။ နောက်တရက်ကျတော့ ကျောင်းတွေ ပိတ်လိုက်ပြီ သတင်းကြားတော့ အတော် ပျော်တာ။ ကျောင်းပျက်ထားတဲ့ စာတွေ ပြန်ကူးစရာမလိုတော့လို့ :D

တည်းတဲ့အိမ်ရှေ့ကနေ လူအုပ်ကြီး ဖြတ်ဖြတ်သွားရင် သူများတွေ ထွက်ကြည့်ကြတယ်။ ကိုယ်က မကြည့်ဘူး။ ရှင်လောင်းလှည့်တာလည်း မဟုတ်ဘဲနဲ့ ဘာကိုများ ထူးဆန်းပြီး ကြည့်နေကြတာလဲပဲ တွေးမိတယ်။

နောက်တပတ်လောက်နေတော့ အညာကို ပြန်ခဲ့ကြတယ်။ အညာမှာတော့ စည်တန်းလှည့်လှည်တယ်ဆိုတာ ပွဲတော်သာသာပါပဲ။ ကလေးတွေ အပျော်လိုက်ဆော့ကြတယ်။ ကိုယ်တော့ မပါဘူး။ အိမ်က ပေးမလိုက်လို့။

အဲဒီတုန်းက ၃ တန်းပေါ့။

အမက ၁၉နှစ်ရှိပြီ တတိယနှစ်...ဖိနပ်မပါပဲ အပြင်ထွက်၊ လွယ်အိတ်တလုံးနဲ့၊ ပင်နီရင်ဖုံးနဲ့၊ ကာဖျူးထုတ်ပြီးနောက်တနေ့ သခင်မြ ပန်းခြံဘက်မှာ အတူတူ အလံကိုင်လာတဲ့ သူငယ်ချင်း အဖမ်းခံရလို့ ထောင် ၃လကျခံရတာ ဘယ်တော့မှ မမေ့ဘူး... သွေးထဲမှာ တဖျင်းဖျင်း ရှိနေတုန်း.....

ခုချိန်ထိ မျက်စိထဲမှာ မြင်ယောင်နေတုန်းဘဲ..
အတိအကျကို ကွက်ကွက်ကွင်းကွင်း မြင်ခဲ့တာတွေ
ဖျောက်ဖျက်လို့ မရသေးဘူး... ဘယ်လောက်ကြာကြာ.

မဇွန်မိုးစက်အမေက စားစရာအပြည့်နဲ.လာကြိုတာ မိဘမေတ္တာကို သိသာစေပါတယ်

btw,

"""" I'm not a girl, Not yet a woman """" ဆိုတာ .....

Britney Spears သီချင်းလား ?

စာလာဖတ်သွားတယ်...cbox မတွေ့ လို့  comment ပဲပေးသွားတယ်နော်..ထပ်ရေးပါဦး...

၈၈၈၈ဆိုရင်.. အိမ်ရှေ့အိမ်ကို မီးကွင်းပစ်တော့ မြင်ရတဲ့ မီးတောက်တွေကို အံ့သြပြီး ငေးကြည့်နေတုန်း ရှို့တဲ့သူကိုယ်မှာ မီးတွေ စွဲပြီး သွေးရူးသွေးတန်းပြေးလာတာ တွေ့တယ်။ ဆေးရုံရောက်မှ သေပေမယ့် အဲဒီနားက သစ်ပင်မှာ အခုထိ မကျွတ်ဘူးဆိုပဲ။

အဲဒီနေ့မှာပေါ့...၊ လက်ကိုင်ပုဝါတစ်ထည် မျက်နှာမှာစည်းလို့ လာခေါ်တဲ့ ကျောင်းသားအုပ်ကြီးနဲ့ အဝေးကြီးကို ပါသွားခဲ့တာ...၊ ရှစ်တန်းကျောင်းသား တစ်ယောက်အနေနဲ့ အဲဒီလောက် အဝေးကြီး လမ်းလျှောက်ခဲ့တာ အခုပြန်တွေးကြည့်တော့ မယုံနိုင်စရာပါပဲ...၊

မှတ်ဥာဏ်ထဲမှာ သံမှိုနဲ့ နှက်ထားသလို အမြဲစွဲနေမယ့် နေ့ပါပဲ...ဇွန်။