ကေအယ်လ်သို့ တစ်ခေါက် - ၂

Category:

ညပိုင်းမှာ ကိုယ့်သူငယ်ချင်းနဲ့ တစ်အိမ်တည်း အတူနေသူငယ်ချင်းဖြစ်တဲ့ ရိုစ့်က တစ်ခြားမသွားဖြစ်မယ့်အတူတူ မြို့ထဲကို သူကားမောင်းပြီး လိုက်ပြမယ်ဆိုတာနဲ့ အပြင်ထွက်ဖြစ်သွားတယ်။ ကေအယ်လ်က public transport က စင်္ကာပူမှာလောက် convenient မဖြစ်တော့ အိမ်တိုင်းမှာ ကားရှိကြပါတယ်။ လူတစ်ယောက် ကားတစ်စီးနှုန်းလောက်ကို ရှိကြပါတယ်တဲ့။ ဒါကြောင့်လည်း traffic အတော်ရှိတာလို့ ကိုယ်သဘောပေါက်သွားပါတယ်။ ဆိုင်ကယ်တွေလည်း အစီးများတာ တွေ့ရတယ်။ ရထားတွေရှိပေမယ့် တစ်ခုနဲ့တစ်ခု အကူးအပြောင်းမှာ ဟိုဘက်ဒီဘက် လွယ်လွယ်ကူကူ ပြောင်းစီးဖို့ သွားနေကျမဟုတ်ရင် သိပ်အဆင်မပြေဘူးလို့ ဆိုပါတယ်။ မြို့ဟောင်းဖြစ်ပြီး စတည်ကာစမှာကတည်းက စနစ်ကျမှုတွေ လိုအပ်ခဲ့တော့ အခုနေခါပြန်ပြီး ပြုပြင်တည်ဆောက်ရတာတွေက တွင်းနက်ကြီးကို ဖို့နေရသလို အကုန်အကျတွေများပြီး အချိန်ယူနေရတယ်လို့ အိမ်ရှင်ပီနန်ဇာတိဖွားရိုစ့်က ကိုယ့်ကိုပြောပြပါတယ်။

လွတ်လပ်ရေးရင်ပြင်လို့ခေါ်တဲ့ ကွင်းပြင်ကျယ်ရှေ့မှာ ခဏရပ်ပြီး ဓာတ်ပုံဆင်းရိုက်လိုက်ပါသေးတယ်။ ညအမှောင်မို့ ကိုယ့်ကင်မရာလေးက သိပ်အကောင်းစားမဟုတ်၊ ကိုယ်ကလည်း သိပ်ပြီးချိန်တာတွေ ညှိတာတွေ မလုပ်တတ်လေတော့ ပုံထွက်က သိပ်မကောင်းပါဘူး။ လွတ်လပ်ရေးရင်ပြင်မှာ နေ့ဘက်ရိုက်ထားတဲ့ ပုံတွေပဲ သပ်သပ်တင်ပါ့မယ်။ လွတ်လပ်ရေးရင်ပြင်နဲ့ မျက်နှာချင်းဆိုင်မှာ ယခင်တရားရုံး အဆောက်အဦရှိပါတယ်။ ရှေ့နေဖြစ်တဲ့ရိုစ့်က တရားရုံးဟောင်းမှာ အလုပ်ဆင်းဖူးတာကြောင့် သူ့အတွေ့အကြုံကို ပြောပြပါတယ်။ အပြင်က ကားသံ၊ ဟွန်းသံတွေ ဆူညံလွန်းတာကြောင့် တရားသူကြီးက တစ်ခုခုပြောတဲ့အခါမျိုး၊ တရားစီရင်တဲ့အချိန်မျိုးမှာ မနည်းနားထောင်ရပြီး တခါတခါ တရားသူကြီး ဘာပြောလိုက်မှန်း မသိရဘူးလို့ ပြောပြပါတယ်။  အဆောက်အဦအနေအထားအရ ကားလမ်းမနဲ့ နီးကပ်စွာ ရှိနေတာကြောင့် ထင်ပါတယ်။ ဒါကြောင့်မို့ နေရာအသစ်ကို ရွှေ့သွားတာဖြစ်မယ်လို့ ကိုယ်တွေးလိုက်မိတယ်။

သူကပြောရင်းနဲ့ မောင်းသွားလိုက်တာ အဝေးပြေးလမ်းမကြီးပေါ် ရောက်လာပါတယ်။ (ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပေမယ့် မလေးရှားနိုင်ငံရဲ့ အဝေးပြေးလမ်းမတွေကိုတော့ ကိုယ်သိပ်သဘောကျပါတယ်) ကိုယ့်သူငယ်ချင်းက ရိုစ့်ကို ဘယ်သွားနေတာလဲလို့ မေးလိုက်တော့ ပူထရာဂျာရားဘက်ကို သွားမယ်လို့ ဆိုပါတယ်။ ညဘက်ဆို အဆောက်အဦတွေက မီးတွေနဲ့သိပ်လှပြီး ကြည့်ကောင်းလို့ ကိုယ့်ကိုလိုက်ပြချင်တယ်လို့ ဆိုပါတယ်။ ကိုယ်တို့လည်မယ့် အစီအစဉ်ထဲမှာ မပါဘဲ ရောက်သွားခဲ့လို့ ရိုစ့်ကို ကျေးဇူးတင်မိပါတယ်။ “ပူထရာဂျာရား”ဆိုတဲ့ မြို့အမည်ကို ရင်းနှီးနေပေမယ့် အဲဒီ့မှာ ဘာရှိလဲဆိုတာ ကိုယ်အတိအကျ မသိခဲ့ပါဘူး။ သူတို့ပြောပြမှ သိရတာပါ။ 

ပူထရာဂျာရားက မြန်မာပြည်က နေပြည်တော်လို အစိုးရရုံးတွေ၊ ၀န်ကြီးဌာနတွေပဲ သီးသန့်ထားရှိတဲ့နေရာပါ။ ကွာလာလမ်ပူရဲ့တောင်ဘက်  ၂၅ ကီလိုမီတာ အကွာအဝေးမှာ သီးခြားတည်ရှိပါတယ်။ ၁၉၉၅ ခုနှစ်လောက်မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ မဟာသီဟာက  Putrajaya ကို Federal Territory အဖြစ် တရားဝင် ကြေငြာခဲ့ပါတယ်။ ၀န်ထမ်းများအတွက် အိမ်ရာများကိုလည်း သီးခြားဆောက်လုပ်ပေးထားပါတယ်။ Inland Revenue တစ်ခုပဲ ကေအယ်လ်မြို့တွင်းမှာ ကျန်နေပြီး ကျန်သော အစိုးရရုံးအားလုံး ပူထရာဂျာရားမြို့ထဲမှာ ရှိနေပါပြီ။ ၂၀၀၇ ခုနှစ်စာရင်းအရ ပူထရာမြို့တွင်းမှာ လူဦးရေပေါင်း သုံးသောင်းကျော်ရှိနေပြီး အများစုက အစိုးရ၀န်ထမ်းများ ဖြစ်ပါတယ်။

သစ်ပင်ကြီးတွေ သိပ်မရှိသေးတဲ့အတွက် နေ့ဘက်ဆို အလွန်ပူပါတယ်။ ကိုယ်က ညဘက်ရောက်သွားတော့ နေပူဒဏ်မခံရဘဲ အေးအေးလူလူနဲ့ မြို့ထဲမှာ ကြည့်လို့ရပါတယ်။ အဆောက်အဦတစ်ခုစီတိုင်းက ကြီးကျယ်ခမ်းနားလှပြီး အစိုးရရုံးတွေလို့တောင် မထင်ရပါဘူး။ လမ်းတွေလည်း အကျယ်ကြီးနဲ့ ကိုယ်တောင် သဘောကျသွားပါတယ်။

 ဒါက ပူထရာမြို့အ၀င် ပူထရာတံတား ပေါ်ကနေ လှမ်းရိုက်ထားတာ။ လှမ်းတွေ့ရတဲ့ အဆောက်အဦက  Putra Mosque။ အမှန်တော့ ဗျူးကောင်းတုန်း တံတားပေါ်ကနေ အေးအေးဆေးဆေး ဓာတ်ပုံရိုက်မယ်ရှိသေး... ရဲကားတွေရောက်လာလို့ ကားပေါ်အမြန်ပြေးတက်ပြီး ထွက်ခဲ့ရတာ။ အဲဒီ့တံတားဘေးမှာ ကားတွေမရပ်ရဘူးဆိုလား... သောကြာနေ့ဆိုတော့ သူလိုကိုယ်လို တံတားဘေး ကားထိုးရပ်ပြီး လေညင်းခံနေကြသူတွေ အများကြီးပဲ။

ဒါက Prime Minister's Office တဲ့

  
စောစောက ပူထရာတံတားပေါ်ကနေ လှမ်းရိုက်ထားတဲ့ Putra Mosque ရဲ့ဝင်ပေါက်


Putra Bridge ကို ဒီဘက်ကနေ လှမ်းရိုက်ထားတာ


မီးများထိန်လင်းနေသော ၀န်ကြီးဌာနတစ်ခု (နေပြည်တော်မှာရော ညဆို အဲလိုလင်းထိန်နေတာပဲလားလို့ မြင်ယောင်တွေးကြည့်မိလိုက်သေးတယ်)


 
ညပိုင်း ကားတွေရှင်းတော့ လူငယ်တစ်သိုက် စကိတ်စီးနေကြတာကို တွေ့ရပါတယ်။ သူတို့ကိုတော့ ဓာတ်ပုံမရိုက်ရဲလို့ မရိုက်ခဲ့ပါဘူး။



ဒါက ရှေ့နေများရုံး/ဥပဒေဆိုင်ရာဝန်ကြီးဌာနတစ်ခု


ပူထရာမြို့အထွက်မှာ ရိုက်ခဲ့တဲ့ Seri Wawasan Bridge


ကိုယ့်ကင်မရာက သိပ်ပေါ့နေလို့လား မသိဘူး၊ နဲနဲလေး လှုပ်မိတာနဲ့ ၀ါးသွားတော့ ပုံတွေက သိပ်မကောင်းလို့ စိတ်တိုင်းမကျတာနဲ့ အကောင်းဆုံးဖြစ်တဲ့ ပုံလေးတွေ ရွေးတင်လိုက်ရပါတယ်။

အပြန်မှာ ၁၂နာရီကျော်နေပြီဖြစ်လို့ ကေအယ်လ်မြို့ထဲမှာ ညစာ (supper) ကို ၂၄နာရီဖွင့်တဲ့ ဆိုင်တစ်ဆိုင်မှာ ၀င်စားခဲ့ပါတယ်။ ကိုယ်က ဆာနေရင် ပန်းကန်ရှေ့ရောက်တာနဲ့ စားတတ်တဲ့သူမျိုးမို့ စားပြီးတစ်ဝက်လောက်ရောက်ခါမှ ဟယ်...ဓာတ်ပုံမရိုက်လိုက်ရဘူးဆိုပြီး သတိရသွားတာပါ။ ဒါကြောင့် အစားအသောက်ပုံများ တင်ဖြစ်လိမ့်မည် မဟုတ်ကြောင်း ကြိုတင်အသိပေးထားပါရစေ။ :P သို့ပေမယ့် မလေးက အစားအသောက်များရဲ့ အရသာက စလုံးက ပေါ့ရွှတ်ရွှတ်အရသာများထက် ပိုမိုကောင်းမွန် အရသာရှိတာ အမှန်ပါပဲ။ 


ဇွန်မိုးစက်

Comments ( 9 )

Zunn..

Thanks for sharing the pics..
malayy doesn't have MM font at work & couldn't wait till I get home to write the comment for this post.

I love Malaka city in Malaysia. I'd say that's my favourite city in Malaysia. :))

နေပြည်တော်မှာလည်း မီးလင်းတယ် အစ်မး))
နေပူကျွတ်တာချင်းလည်း တူတယ် .. :P

မလေးကို သွားလည်ချင်တာ မရောက်သေးဘူးး)

(မြို့ဟောင်းဖြစ်ပြီး စတည်ကာစမှာကတည်းက စနစ်ကျမှုတွေ လိုအပ်ခဲ့တော့ အခုနေခါပြန်ပြီး ပြုပြင်တည်ဆောက်ရတာတွေက တွင်းနက်ကြီးကို ဖို့နေရသလို အကုန်အကျတွေများပြီး အချိန်ယူနေရတယ်လို့ အိမ်ရှင်ပီနန်ဇာတိဖွားရိုစ့်က ကိုယ့်ကိုပြောပြပါတယ်)

ရန်ကုန်ကို စိတ်ကူးနဲ့ ပြင်ကြည့်ရင် အဲလိုအတွေးမျိုး တွေးမိတယ်။ စတည်ကာစမှာ လိုအပ်ခဲ့တာ မဟုတ်ပေမယ့် နောက်ပိုင်းမှာ ဘာတွေ ဖြစ်နေမှန်းကို မသိ။

ပုံလေးတွေ မိုက်တယ် ဒါပေသိ ဘလော့ဂါပီသအောင် အုန်းသီးလေးတော့ ၀ယ်အုံးနော်

မလေးရှားက ၀ယ်လာတဲ့မုန့် တော်တော်စားကောင်းတယ်။
စားရင်းနဲ့ ပေးတဲ့လူကို
ကျန်းမာပါစေ၊
ချမ်းသာပါစေ၊
...ပါစေ
ဆုတောင်းပေးရတာအမေား)

မုန့် ပုံတွေတော့ မတင်ဘူး..မဇွန်က တော့လုပ်ပြီ..ဟွန်းးးးးးးး :D
စတာနော်..ပုံလေးတွေ လှတယ်..မီးတွေနဲ့ လင်းနေတာပဲ

ပုံလေးတွေ လှပါတယ် ဇွန်ရ...အမလည်း မလေးစာတွေကို ပို အာတွေ့တယ်...သို့သော် စလုံးစာတွေလည်း စားကောင်းနေတာပါပဲ... ဟားဟား...:P

KL ခရီးစဉ်လေး လာဖတ်သွားတယ် ညီမ...
ညီမရောက်ခဲ့တဲ့ နေရာတွေ ကိုယ် မရောက်ဖြစ်ခဲ့ဘူး... KLCC နဲ့ Twin Tower ပဲ ရောက်ဖြစ်တယ်...

ကိုယ်သွားတုန်းကတော့ လမ်းတလျှောက် တိမ်တွေနဲ့ စကားပြောသွားတာပဲ...း))

ဟုတ်တယ်....နေ့ဘက်ပူတာနဲ့ ညဘက်မီးတွေထိန်လင်းနေတာက နေပြည်တော်နဲ့ အတူတူပဲ...း)