ကေအယ်လ်သို့ တစ်ခေါက် - ၁

Category:

ဒီကားနဲ့သွားခဲ့တယ်


မလေးရှားကို တစ်နှစ်တစ်ခေါက်နှုန်းလောက် ရောက်ဖြစ်ပေမယ့် ကွာလာလမ်ပူကိုတော့ ဒီတစ်ခေါက်မှ ပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ အစက သူငယ်ချင်းတွေနဲ့ ကင်မရွန်းဟိုက်လန်းကိုသွားဖို့ ရည်ရွယ်ခဲ့ပေမယ့် သူငယ်ချင်းတွေက အကြောင်းကြောင်းသော အကြောင်းတွေနဲ့ မလိုက်ဖြစ်နိုင်တော့ ကင်မရွန်းသွားလည်မယ့် အစီအစဉ် ဖျက်လိုက်ရပါတယ်။ ကိုယ်ဆိုတဲ့ကိုယ်ကလည်း တစ်နေရာကို သွားဖို့ရည်ရွည်ထားပြီးမှ မသွားဖြစ်ရင် စိတ်ထဲမှာ တစ်မျိုးကြီးရယ်။ နောက်ပြီး ရုံးပိတ်သုံးရက်မှာ စလုံးဆိုတဲ့ တစ်ကျွန်းငယ်မှာ မနေချင်တာကြောင့်ရော၊ တစ်နေရာရာကို စိတ်အပန်းဖြေခရီးအနေနဲ့ ထွက်ချင်တာရော၊ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်က ကေအယ်လ်မှာရှိနေတာကြောင့် သူနဲ့လည်းတွေ့ရအောင် အဲဒီကိုပဲ သွားလည်ဖို့ ဆုံးဖြတ်လိုက်တယ်။

တစ်ယောက်တည်းသွားမယ်ဆိုတော့ လေယာဉ်နဲ့ပဲသွားမယ်လို့ စိတ်ကူးပြီး အွန်လိုင်းကနေ ၀င်ကြည့်တယ်။ သုံးပတ်လောက်အလိုမှာကတည်းက  ကိုယ်သွားချင်တဲ့ နေ့ရက်အချိန်တွေ မရတော့ဘူး။ အတွေ့အကြုံရှိတဲ့ သူငယ်ချင်းတွေရဲ့ ကြံပေးချက်အရ ကားနဲ့သွားတာ ပိုအဆင်ပြေပြီး အန္တရာယ်လည်းမရှိဘူးဆိုတာနဲ့ ကားနဲ့ပဲသွားဖို့ ဆုံးဖြတ်လိုက်ပြီး အွန်လိုင်းကနေ လက်မှတ်ဝယ်ကြည့်တယ်။ ကိုယ့်အစီအစဉ်အရ စနေနေ့မနက်စောစောသွားပြီး တနလာင်္နေ့နေ့လည် ပြန်လာမယ်ပေါ့။ 

တကယ်တမ်း လက်မှတ်ဝယ်တော့မှ စနေနေ့အတွက် လုံးဝမရှိတော့ဘူး။ ကိုယ်လည်း စိတ်ဓာတ်ကျသွားတယ်။ ကေအယ်လ်ကသူငယ်ချင်းကလည်း ကိုယ့်ကိုလာဖြစ်အောင်လာပါလို့ ခေါ်နေ၊ ကိုယ်ကလည်း အရမ်းသွားချင်နေတော့ သူကပဲ ကိုယ့်ကို Coach တွေရဲ့ Link ပေးပြီး တစ်ခုမဟုတ်တစ်ခုရသွားမှာပါ၊ ရှာကြည့်လိုက်ပါလို့ အားပေးတာနဲ့ ကိုယ်လည်း ရှာလိုက်တာ နောက်ဆုံးတော့ Aeroline Coach နဲ့ အဆင်ပြေသွားတယ်။ ဒါတောင် စနေနေ့မရတော့လို့ သောကြာနေ့ခွင့်ယူလိုက်ရတယ်။ အပြန်တနင်္လာနေ့ကျတော့လည်း မနက် ၆နာရီနဲ့ ၈နာရီထွက်မယ့်ကားပဲ ရတော့တာ။ ကျန်တဲ့အချိန်တွေ မရတော့ဘူး။ First Coach နဲ့ယှဉ်ရင် ဈေးနှစ်ဆ ပိုပေးရတယ်။ (နှစ်ထပ်ကားဖြစ်လို့ နှစ်ဆပိုပေးရသလား ထင်တယ် :D) တကယ်တမ်း စီးကြည့်တော့လည်း ပေးရတာနဲ့ တန်တယ်လို့ မြင်ပါတယ်။ အစားအသောက်ကျွေးတယ်။  serve လုပ်ပေးတာ လေယာဉ်ပေါ်က အတိုင်းပဲ။ ထိုင်ခုံတွေကလည်း အရမ်း comfort ဖြစ်တော့ ဇိမ်ကိုကျလို့။း)

သောကြာနေ့မနက် ၁၁နာရီမှာ Harbourfront Center ကထွက်ပြီး ကေအယ်လ်မြို့ထဲကို ညနေ၄နာရီမခွဲခင် ၀င်တယ်။ ဒါပေမယ့် အဲဒီ့အချိန်မှာကတည်းက traffic jam ဖြစ်နေပြီ။ မြို့ထဲကနေ ကားဆိုက်တဲ့ Corus Hotel ကို ရောက်ဖို့ မိနစ်နှစ်ဆယ်လောက် ကြာတယ်။ ဒါကြောင့် ကိုယ့်သူငယ်ချင်းက မနက်စောစော ကားနဲ့လိုက်လာဖို့ပြောတာ။ သောကြာနေ့ဆိုတော့ ကိုယ့်ကြောင့် သူရုံးဖျက်နေရမှာစိုးတာနဲ့ ရုံးဆင်းချိန်လောက်ကိုမှန်းပြီး အရောက်သွားလိုက်တာ။ ရုံးဆင်းချိန်နဲ့ တိုးလေတော့ traffic jam နဲ့ မိတော့တာပဲ။ ကိုယ်တို့ ညနေစာသွားစားဖို့အတွက် ကားငှားတာ လွယ်လွယ်ကူကူ မရဘူးပေါ့။ သူငယ်ချင်းကလည်းပြောတယ်။ နင်တို့စင်္ကာပူမှာလို ကားငှားရတာ မလွယ်ဘူးတဲ့။ ကိုယ်လည်း သဘောပေါက်လိုက်တယ်။ တက္ကစီလာရပ်ရင် နေရာအရင်ပြော၊ ပြီးတော့မှ ဈေးညှိရတယ်။ ကားလမ်းတွေကြပ်နေလို့ သူတို့မလိုက်ချင်တာများတယ်။  နောက်ဆုံးတော့ တစ်စီးရသွားတယ်။ သူငယ်ချင်းအိမ်က မြို့ထဲနဲ့ဆို မိနစ်၂၀လောက် မောင်းရတဲ့နေရာမှာရှိတယ်။

သူနဲ့ ကိုယ်နဲ့ မတွေ့ဖြစ်တာ တစ်နှစ်ခွဲလောက်ရှိပြီ။ မနှစ်က သူစင်္ကာပူရောက်တုန်း တစ်ခါပဲ တွေ့ဖြစ်လိုက်တယ်။ ညနေစာစားရင်း သူ့အကြောင်း၊ ကိုယ့်အကြောင်း၊ ကျောင်းတုန်းက သူငယ်ချင်းတွေအကြောင်း ပြောဖြစ်ကြတယ်။ ညနေစာစားပြီးမှ သူ့အိမ်ကိုသွားကြတယ်။ အစက  ပစ္စည်းတွေချပြီး ချမ်းမြေ့ကျောင်းခွဲမှာ တရားသွားထိုင်ကြမလို့ပါဘဲ။ နောက်တော့  ကိုယ်တို့အားလုံး ပင်ပန်းနေကြလို့ မသွားဖြစ်တော့ဘူး။ အေးအေးဆေးဆေးနားပြီး မနက်စောစောထပြီး Twin Tower ပေါ်တက်ကြည့်မယ်လို့ စီစဉ်ထားတယ်။

သူငယ်ချင်းနေထိုင်ရာ အိမ်လေးက သိပ်ချစ်စရာကောင်းပါတယ်။ သုံးထပ်တိုက်ငယ်လေးဖြစ်ပြီး  အိမ်ရှေ့မှာ ကားတစ်စီးစာ ကျယ်ကျယ်ဝန်းဝန်း ရပ်လို့ရတဲ့ မြေနေရာလည်း ရှိပါတယ်။ ရပ်ကွက်က တိတ်ဆိတ်အေးချမ်းပြီး မဟာသီဟာရဲ့သား နေထိုင်ရာအိမ်နဲ့လည်းနီးလို့ security အမြဲရှိပြီး လုံခြုံစိတ်ချရပါတယ်။ အိမ်ငှားက ရင်းဂစ် ၃,၀၀၀ ဆို စလုံးငွေ ၁,၃၀၀-၁,၄၀၀ ၀န်းကျင်မှာပဲရှိတယ်။ ခုလိုလုံးချင်းလေးနဲ့နေလို့ရတယ်။ ကိုယ်တို့စလုံးမှာ 2+1 flat ကို ၁,၆၀၀ လောက်ပေးပြီး နေနေရတာ။ သြော်... ကွာခြားလေခြင်းလို့။


(အပိုင်း ၂ မှာ ဗိုလ်ချုပ်မှူးကြီးက အားကျအတုယူပြီး နေပြည်တော်ကို ဆောက်လုပ်ဖို့ အိုင်ဒီယာအရင်းခံရာလို့ ဆိုလေတဲ့ ကေအယ်လ်မြို့ပြင်မှာ တစ်သီးတစ်ခြားရှိတဲ့ အစိုးရ၀န်ကြီးရုံးများသာ သီးသန့်တည်ရှိရာ Putrajaya ရောက်ခဲ့ပုံကို ရေးပါမယ်)


ဇွန်မိုးစက်

Comments ( 5 )

ပျော်လာခဲ့တယ်ပေါ့ ဟုတ်လား ညီမဇွန်....၊ အမလည်း ရှေ့လကျရင် သွားဖြစ်မလား မသိဘူး...။ ကားကြီးက ကောင်းလိုက်တာ... အစားအသောက်ပါ ကျွေးတယ်ဆိုလို့ စိတ်ဝင်စားသွားတယ်။ လမ်းမှာ စားဖို့နေရာ ရပ်ပေးတိုင်း သွားစားတဲ့အခါ အေးနေတာနဲ့ အရသာက သိတ်မကောင်းတာနဲ့ ဘယ်တော့မှ စားမကောင်းခဲ့ဘူး၊ ကားခ ဘယ်လောက်ပေးရလဲ ညီမ....

မဇွန်တို့ ပျော်ပျော်ကြီး သွားကြတယ်ပေါ့..ကောင်းလိုက်တာနော်..ဇိမ်ကို ကျလို့ ...း))
အပိုင်း ၂ ကိုမျှော်နေမယ်...း))

:cool:

အိမ်ကလေးပုံကြည့်ချင်တယ်....း)

အမ ကေအယ်လ် ၂ ကပုံတွေတော်တော်လှတယ်နော်
နေချင်လိုက်တာ လုံးချင်းလေးနဲ့ အဲ့မှာ တန်တယ်နော် ဒီဗီဇာကြောင့်ပေါ့ နို့ မို့ ဆိုမမနဲ့ တစ်ခါတည်းပျော်ရမှာ ခုတော့ အားကျယုံပဲပေါ့

သာယာချမ်းမြေ့ပါစေရှင်းး နောင်လည်း သွားချင်တဲ့နေရာတိုင်းကို သွားလည်နိုင်ပါစေရှင်းးးးး
မိုး