ပြီးခဲ့တဲ့တနင်္ဂနွေက စင်္ကာပူနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲကို သွားရောက်နားထောင်ခဲ့ပါတယ်။ ဒီနှစ်တော့ ခင်မင်နီးစပ်ရာ ဘလော့ဂါမောင်နှမများနဲ့အတူ သွားရောက်ခဲ့လို့ ပျော်လည်းပျော် အမှတ်တရလည်း ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဆရာလယ်တွင်းသားစောချစ်၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) နဲ့ ဆရာအော်ပီကျယ်တို့ သုတရသစုံလင်စွာနဲ့ အားပါးတရ ဟောပြောသွားကြပါတယ်။ အမှန်တော့ စာပေဟောပြောပွဲနဲ့ ပတ်သက်ပြီး ရေးဖို့စိတ်ကူး မရှိခဲ့ပါဘူး။ ဒါပေမဲ့ စိတ်အခန့်မသင့်စရာတစ်ခုနဲ့ ကြုံကြိုက်ခဲ့တာကြောင့် ရေးချင်စိတ် ပေါ်သွားပါတယ်။
ဒီနှစ်က မနှစ်ကလို ခုံနံပါတ်မပေးဘဲ လက်မှတ်မှာ free seating လို့ ပါတာကြောင့် နေရာကောင်းကောင်းရချင်သူ၊ နေရာကောင်းမရမှာ စိုးရိမ်သူအများစုက ၀ိရီယထားပြီး အစောကြီးကတည်းက နေပူပူမှာ သွားရောက်တန်းစီကြပါတယ်။ ၀င်လို့ရပြီဟေ့ဆိုတာနဲ့ ကိုယ်နဲ့မိတ်ဆွေများအတွက် အကောင်ဆုံးဖြစ်မယ်ထင်ရတဲ့နေရာကို အပြေးအလွှားသွားလို့ နေရာဦးကြပါတယ်။ ဇွန်တို့လည်း ခန်းမအလယ် အရှေ့ဘက်နဲနဲပိုကျမယ်ထင်တဲ့အတန်းမှာ နေရာယူလိုက်ကြပါတယ်။ နောက်သိပ်မကြာခင်မှာဘဲ တစ်ရုံလုံးနီးပါး ပြည့်သွားပါတယ်။
ပွဲစကတည်းက ဟောပြောပွဲထဲ စိတ်ပါဝင်စားသွားလိုက်တာ ဘရိတ်တိုင်းမ်ပေးတဲ့ အချိန်ထိပါပဲ။ ညနေစာဒံပေါက်စား၊ သူငယ်ချင်းများနဲ့ စကားစမြည်ပြောဆိုပြီး အထဲပြန်ဝင်ထိုင်တော့ တစ်စုံတစ်ခုကို မသိစိတ်က သတိပြုမိပါတယ်။ အဲဒါက တစ်ခြားမဟုတ်ပါဘူး၊ ဇွန်တို့ရှေ့တည့်တည့်အတန်းမှာ အရင်ထိုင်နေကျသူတွေ မဟုတ်ဘဲ လူပြောင်းနေလို့ပါ။ အရင်လူတွေက လူကြီးတွေ၊ အခုလာထိုင်နေတဲ့သူတွေက လူငယ်သုံးယောက်၊ မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးနှစ်ယောက်ပါ။ တစ်ယောက်က လက်ပ်တော့ဖွင့်ပြီး သုံးနေပါတယ်။
သိပ်မကြာခင် အဲဒီ့နေရာက မူလထိုင်ခုံပိုင်ရှင် အမျိုးသားနှစ်ယောက်ရောက်လာပြီး နေရာဖယ်ပေးဖို့ပြောပါတယ်။ အဲဒီ့လူငယ်သုံးယောက်က ခပ်တည်တည်ပါပဲ၊ လုံးဝဖယ်မပေးပါဘူး။ ဟိုလူနှစ်ယောက်ကလည်း ပြောမရတော့ အနောက်ကိုထွက်သွားရပါတယ်။ နောက်တော့ နေရာပိုင်ရှင်အစ်မကြီးတစ်ယောက် (သူတို့နဲ့ဆို အမေအဒေါ်အရွယ်ပါ) ရောက်လာပြီး ဖယ်ပေးဖို့ပြောပါတယ်။ အဲဒီ့အစ်မအမျိုးသားကလည်း ၀င်ပြောပါတယ်။ သူတို့အကြောင်းပြချက်က ပထမပိုင်းမှာ နေရာကောင်းမရဘဲ နောက်ဆုံးကနေကြည့်ရလို့ ဒုတိတယပိုင်းမှာ နေရာကောင်းကောင်းမှာကြည့်ချင်လို့ ဘရိတ်တိုင်းမ်မှာ လွတ်နေတဲ့ထိုင်ခုံကို ၀င်ထိုင်တာပါတဲ့။ (တော်သေးတယ် ဇွန်တို့က Goodie Bag တွေ ထားခဲ့မိလို့) ခပ်တည်တည်ပဲပြောပြီး လုံးဝလုံးဝ မထပေးပါဘူး။
တကယ်ဆို လူကြီးနဲ့လူငယ်၊ သူတို့ကပဲ သူများနေရာဝင်ထိုင်သေး၊ သူတို့မှာ ဖယ်ပေးစရာအကြောင်းမရှိဘူးဆိုတာကို နောက်တန်းကမြင်နေကြားနေရတဲ့ ဇွန်တို့တွေက မနေနိုင်လို့ ၀င်ပြောကြပါတယ်။ ဇွန်က သူတို့လုပ်ရပ်ကို တော်တော်ချဉ်သွားတော့ သိပ်ရိုင်းတာပဲလို့ ပြောလိုက်ပါတယ်။ ဒါနဲ့လက်ပ်တော့နဲ့တစ်ယောက်က သူတို့ရိုင်းတဲ့စကား တစ်ခွန်းမှ မပြောပါဘူးတဲ့။ ဒါနဲ့ဇွန်က မပြောပေမယ့် မင်းတို့လုပ်ရပ်က သက်သေပြနေတာပဲလို့ ဒေါသထွက်ထွက်နဲ့ပဲ ပြန်ပြောလိုက်ပါတယ်။
သူတို့ရှေ့တန်းက တစ်ခုံမှာ နေရာလွတ်ရှိတယ်၊ အဲဒီ့ကိုပြောင်းထိုင်ပေးပါလို့ အစ်မကြီးရဲ့အမျိုးသားကပြောတာတောင် မထပေးသေးဘူး။ အဲလိုအခြေအတင်ဖြစ်နေလို့ တိုက်ပုံဝတ်လူငယ်လေးနှစ်ယောက်လည်း ရောက်လာပါတယ်။ ဇွန်လည်း တိုနေတဲ့စိတ်ကိုပြန်လျှော့ပြီး သူတို့ကို လျစ်လျူရှုမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ဆုံး သူတို့သုံးယောက်ထဲက ကောင်လေးတစ်ယောက်က ၀င်ဖျန်ဖြေတောင်းပန်ပြီးတော့မှ ထပေးသွားကြပါတယ်။ သူတို့ထသွားမှ စောစောက နေရာအလုခံလိုက်ရတဲ့ လူနှစ်ယောက်လည်း ပြန်လာထိုင်ခွင့်ရသွားပါတယ်။ အဲဒီ့တော့မှ ကိုယ့်မှာဖြစ်နေတဲ့ အကုသိုလ်ဒေါသစိတ်တွေလည်း တခါတည်း ပြေပျောက်သွားပါတော့တယ်။
တကယ်လို့များ ဒီကလေးတွေက စာပေဟောပြောပွဲကို အမှန်တကယ်လိုလိုလားလားနဲ့ စာပေချစ်မြတ်နိုးစိတ်၊ ဆရာများကိုလေးစားစိတ်နဲ့ တက်ရောက်သူများဖြစ်ခဲ့မယ်ဆိုရင်၊ အစောပိုင်းက ဆရာများပြောသွားတဲ့စကားတွေသာ မှတ်သားခဲ့မယ်ဆိုရင် ကိုယ်ရတဲ့နေမှာပဲ ကိုယ်ထိုင်ပြီး ဒီလိုသူများနေရာဝင်လုထိုင်တဲ့ ကိစ္စမျိုးဖြစ်လာနိုင့်ပါ့မလားလို့ ဇွန်တွေးမိပါတယ်။ တခြားများများ တွေးစရာမလိုပါဘူး။ ဆရာမောင်စိန်ဝင်းပြောသွားတဲ့ ပေးသူနဲ့ယူသူ သူရဲကောင်းတို့အကြောင်း နားလည်သဘောပေါက်ခဲ့မယ်ဆိုရင်....
တကယ်လို့များ ဆရာတို့အားထား ပုခုံးထမ်းတင်ပေးချင်တဲ့ နောက်မျိုးဆက်သစ် လူငယ်လူရွယ်တွေမှာ ပေးသူထက် ယူသူများနေခဲ့ရင် တံခါးတွေခေါက်လို့ အောင်စိတ်မွေးပြီး လိုရာပန်းတိုင် အရောက်လှမ်းကြရင်တောင်မှ ခရီးမတွင်ဘဲ ဝေးနေရဦးမှာပါ။
တစ်ခုသောညခင်းမှာ မိသားစု ၃ယောက် ထမင်းအတူစားပြီး ခါတိုင်းကဲ့သို့ အိမ်ရှေ့ဧည့်ခန်းမှာ စကားလက်ဆုံပြောရင်း အဖေနှင့်အမေဖြစ်သူက တစ်ဦးတည်းသော သမီးငယ်လေးအား ချစ်မြတ်နိုးစွာ ကျီစားနေကြသည်။ အမေဖြစ်သူက “ဒီညဗိုက်နဲနဲ ပိုနာနေတယ်၊ အထဲက ကလေးက ဒီနေ့ကျမှ ပိုလှုပ်နေသလိုပဲ” အမေ့စကားကြောင့် သမီးလေးက အမေ့နားသို့ တိုးကပ်သွားပြီး ၀မ်းဗိုက်ပူပူပေါ်ကို လက်ကလေးတင်ကြည့်လိုက်သည်။ အမေက ပြုံးရယ်ပြီး သမီးလေး အိပ်တော့၊ မနက်ကျရင် ကျောင်းတက်ရဦးမှာဟုပြောရင်း အိပ်ရာထိလိုက်ပို့၍ သိပ်ပေးသည်။ အိမ်စာတွေ လက်တညောင်းလုပ်ထားရသဖြင့် ပင်ပန်းနေသော သမီးလေးသည် များမကြာမီအချိန်အတွင်းမှာပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
နံနက်မိုးလင်းသောအခါ အရင်နေ့များနှင့်မတူဘဲ တစ်ခုခုထူးခြားနေသည်ကို သမီးလေး သတိပြုမိလိုက်သည်။ သူမအား မနက်တိုင်း လာနှိုးနေကျဖြစ်သော အမေသည် သူမနှင့်အတူရှိမနေဘဲ သူမကို အိပ်ရာမှလာနှိုးသူမှာ တစ်ဖက်ဘေးခန်းမှ အိမ်ရှင်အန်တီကြီး ဖြစ်နေသည်။ မိန်းကလေးက အိပ်မှုန်စုံမွှားဖြစ်နေသော မျက်လုံးစုံကို လက်ဖြင့်ပွတ်လိုက်ရင်း မေမေရောဘယ်မှာလဲဟု အလျင်စလို မေးလိုက်သည်။ အန်တီကြီးက “သမီးမေမေ ဆေးခန်းမှာကွယ့်၊ ညတွင်းကြီး ဗိုက်နာလို့ ဆေးခန်းသွားလိုက်တာ ရေမွှာပေါက်ပြီး သမီးမောင်လေးကို မွေးလိုက်တယ်။ သမီးဖေဖေလည်း ဆေးခန်းမှာ မေမေနဲ့အတူရှိနေတယ်။” “ရေမွှာပေါက်”ဆိုသော စကားလုံးအဓိပ္ပာယ်ကို သူမ၏ ငါးနှစ်ကျော်ဉာဏ်လေးဖြင့် လိုက်မမှီသော်လည်း အမေက သူမအတွက် ဗိုက်ထဲက မောင်လေးကို မွေးပေးခြင်းဖြစ်ကြောင်းကိုတော့ ပျော်ရွှင်စွာ နားလည်လိုက်သည်။
သူမကျောင်းသွားဖို့အတွက် အန်တီကြီးက ပြင်ဆင်ပေးပြီး ကျောင်းကားပေါ်ထိ လိုက်တင်ပေးသည်။ “ညနေကျရင် သမီးဖေဖေလာကြိုပြီး သမီးမေမေနဲ့မောင်လေးကိုကြည့်ဖို့ လာခေါ်လိမ့်မယ်နော်” လို့ ထပ်မှာသည်။ ထိုနေ့က ကျောင်းမှာ ပထမအစမ်းကြိုစာမေးပွဲ ဒုတိယရက်ဖြစ်ပြီး အင်္ဂလိပ်စာဖြေရကြောင်း သူမလေးက အတိအကျ မှတ်မိနေပြန်သည်။ အဖြေလွှာကို ဆရာမထံသွားအပေး “ဆရာမ မေမေမောင်လေးမွေးတယ်” လို့ ၀မ်းသာအားရပြောလိုက်သည်။ သူမမေမေနှင့် ညီမသဖွယ် ခင်မင်နေသူ ဆရာမကလည်း ၀မ်းသာစွာဖြင့် “အို...ဟုတ်လား ဒါဖြင့် သမီးက အစ်မကြီးဖြစ်သွားပြီနော်” လို့ သူမရဲ့ခေါင်းလေးကို အသာပုတ်ပြီး ပြောသည်ကို “ဟုတ်ကဲ့” ဟု သူမက ကျေကျေနပ်နပ် ခေါင်းလေးညိတ်ပြီး ပြန်ဖြေသည်။ စာသင်ခန်းထဲ စရောက်ကတည်းက သူမရဲ့ထိုင်ခုံဘေးနှစ်ဖက်က သူငယ်ချင်း နှစ်ယောက်ကို မေမေက သူမအတွက် မောင်လေးတစ်ယောက် မွေးပေးလိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်သော ကလေးတို့လေယူလေသိမ်းဖြင့် ပြောခဲ့ပြီးပြီ။ ညနေကျောင်းဆင်းချိန်ကို တကယ်ပဲ သူမမျှော်လင့်စိတ်စောနေပါသည်။ မွေးကာစမောင်လေးက ဘယ်လိုနေမှာပါလိမ့်ဆိုတာ မမှီ့တမှီ့ အတွေးစိတ်ကူးတို့ဖြင် ပုံဖော်ကြည့်မိနေသည်။ မောင်လေးကို တွေ့ချင်လှပြီ။
ညနေကျောင်းဆင်းတော့ ဖေဖေနှင့်အတူ ရွှင်မြူးစွာ ဆေးခန်းသို့ လိုက်လာခဲ့သည်။ အထူးကုဆေးတိုက်ထဲက အခန်းတစ်ခန်းမှာ မေမေနှင့်အတူ အသားနီနီထွေးထွေးနှင့် ကလေးသေးသေးလေးကို တွေ့လိုက်ရတော့ စူးစမ်းလိုစိတ်ဖြင့် သူမအနီးထိကပ်ပြီး တိုးကြည့်သည်။ “မောင်လေးက ပေါင်မပြည့်ဘူး သမီးရဲ့။ သူ့ကို ဆေးခန်းက ဆရာမတွေက ကြွက်နီလေးဆိုပြီး ခေါ်နေကြတာ” မေမေက တိုးတိတ်ညင်သာသော အသံဖြင့် ပြောပြသည်။ မောင်လေးက သေးသေးလေးမှ တကယ့်ကို သေးသေးလေးပါလား။ အနှီးဖြူပတ်ထားသောအောက်မှ ပေါ်နေသော ခြေထောက်သေးသေးနီနီလေးကို သူမ၏ လက်ညိုးလေးဖြင့် တို့ထိကြည့်သည်။ ခြေထောက်ကလေး တစ်ချက်လှုပ်၍ အနှီးထုပ်လေး လွန့်လူးသွားသည်ကို သူမ သဘောကျစွာ ကြည့်မိသည်။ အဲဒီ့အချိန်ကစ၍ သူမ၏မောင်ငယ်လေးကို ချစ်သွားခဲ့ပါသည်။
သူမကလေး စာရေးတတ်ကာစ မောင်လေးမမွေးသေးခင်ကတည်းကပင် အိမ်နံရံပေါ်မှာ ခဲတံဖြင့် တစ်စုံတစ်ခု ရေးခြစ်ခဲ့သည်။ လူကြီးတွေက သူမရေးထားကိုတွေ့ပြီး အဲဒါဘာလဲလို့ မေးသည့်အခါ မေမေမောင်လေးမွေးရင် ပေးဖို့နာမည်ဟု မဆိုင်းမတွ ပြောခဲ့သည်။ တကယ်ပဲ မောင်လေးမွေးခဲ့ပြီး သူမရေးခြစ်ထားခဲ့သော နာမည်လေးက အိမ်သူအိမ်သား၊ အိမ်နီးနားချင်းများ၏ နှုတ်ဖျားမှာ အသက်ဝင်သွားတော့သည်။
ဆေးခန်းမှ အမေနှင့်အတူ မောင်လေးအိမ်ပြန်လာသောနေ့မှစ၍ နောက်နေ့တိုင်းလိုလိုပင် တစ်ဖက်အိမ်မှ အန်တီကြီးနှင့် သူ့သမီးတစ်သိုက်က သူမ၏မောင်ကလေးကို တစ်လှည့်စီ လာရောက်ချီပိုးနေကြပြီး လက်ကမချတော့သည့်အတွက် သိပ်မကျေနပ်သော်လည်း သူတို့နှုတ်မှ နီနိုးရေ၊ နီနိုးလေးရေဟု ချစ်စနိုးခေါ်ဆို ရေရွတ်သံကြားတိုင်းတော့ သူမကလေး သိပ်ပျော်ပါသည်။ မောင်လေးကြီးလာတဲ့အခါကျရင် ပြောပြရဦးမယ်။ မမက မောင်လေးမမွေးခင်ကတည်းက နာမည်ပေးထားတဲ့ အကြောင်းကိုပေါ့။
ဟောဒီကမ္ဘာမှာ မောင်လေးမမွေးခင်ကတည်းက နာမည်ပေးခဲ့တဲ့အစ်မ ဘယ်နှစ်ယောက်များ ရှိခဲ့သလဲကွယ်။
ဇွန်မိုးစက်
(စက်တင်ဘာလ ၂၅ရက်တွင် ကျရောက်သော တစ်ဦးတည်းသော အချစ်ဆုံးမောင်လေး၏ မွေးနေ့အတွက် အမှတ်တရ ရေးဖွဲ့ပါသည်)
I wander'd lonely as a cloud
That floats on high o'er vales and hills,
When all at once I saw a crowd,
A host, of golden daffodils;
Besides the lakes, beneath the trees,
Fluttering and dancing in the breeze.
Continuous as the stars that shine
And twinkle on the Milky Way,
They stretch'd in never-ending line
Along the margin of a bay:
Ten thousand saw I at a glance,
Tossing their heads in sprightly dance.
The waves beside them danced; but they
Out-did the sparkling waves in glee;
A poet could not but be gay,
In such a jocund company:
I gazed -- and gazed -- but little thought
What wealth the show to me had brought:
For oft, when on my couch I lie
In vacant or in pensive mood,
They flash upon that inward eye
Which is the bliss of solitude;
And then my heart with pleasure fills,
And dances with the daffodils.
William Wordsworth (1770-1850)
(အင်္ဂလိပ်ကဗျာဆရာ William Wordsworth ရဲ့ ၁၈၀၄ ခုနှစ်က ရေးဖွဲ့ခဲ့တဲ့ နာမည်ကျော် ကဗျာတစ်ပုဒ်ပါ။ မူရင်းကဗျာခေါင်းစဉ် “I Wandered Lonely as a Cloud” ထက် “Daffodils” လို့လည်း လူသိများကြပါတယ်။ ဇွန်အမှတ်မမှားဘူးဆိုရင် ၅တန်းတုန်းက သင်ခဲ့ရတဲ့ ကဗျာလေးပါ။ ကဗျာလေးကို အရမ်းကြိုက်တာရော၊ အ၀ါရောင်ဒပ်ဖ်ဖဒေးလ်ပန်းလေးတွေကို ချစ်တာကြောင့်ရော ဘလော့ပေါ်မှာ အမှတ်တရ တင်ထားလိုက်ပါတယ်။ ပုံကိုတော့ Google Image ကနေ ယူထားပါတယ်)
ဇွန်မိုးစက်
The Singapore Red Cross နဲ့ The Bloodbank@HSA မှာ အိုသွေး အလှူရှင် ၄ဝဝ ခန့် လိုအပ်လျက်ရှိကြောင်း Channel NewsAsia ရဲ့ ဒီလင့်ခ်မှာ သတင်းပေး ဖော်ပြထားပါတယ်။
အသက် ၁၆ နှစ်မှ ၆ဝ အတွင်း၊ ကိုယ်အလေးချိန် အနည်းဆုံး ၄၅ ကီလိုရှိပြီး၊ ကျန်းမာရေးကောင်းမွန်သူ၊ လွန်ခဲ့သော သုံးလအတွင်းက သွေးလှူထားခြင်း မရှိသူများ Outram Park MRT နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ Bloodbank@HSA မှာ သွားရောက်လှူဒါန်းနိုင်ပါတယ်။
(gtalk status မှာ link နဲ့ အတူ info share လုပ်ပေးတဲ့ ကိုမိုးကုတ်သားကို ကျေးဇူးတင်ပါတယ်)

ကျွေးမွေးသုတ်သင်၊ သက်ဆုံးပင်
ချစ်ခင်ရှာပေ၊ တို့မေမေ။
ငယ်စဉ်ကာလ၊ စည်းကမ်းပြ
ဆုံးမခဲ့ပေ၊ တို့မေမေ။
အရွယ်ရောက်လာ၊ ကျောင်းအပ်ကာ
ပညာပေးပေ၊ တို့မေမေ။
ကျန်းမာဖို့ရေး၊ သင့်ရာကျွေး
လေးစားအပ်ပေ၊ တို့မေမေ။
ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်
ချစ်ခင်အပ်ပေ၊ တို့မေမေ။
(ဇွန်တို့ငယ်ငယ် ဒုတိယတန်းမှာ သင်ခဲ့ရတဲ့ ကဗျာလေးပါ)
စစ်မှန်တဲ့ ဘာသာတရားကို ကိုးကွယ်ဆည်းကပ်ဖို့ လမ်းကြောင်းပေးခဲ့တဲ့ မေမေ
အလှူဒါနပြုရာမှာ သဒ္ဓါတရားထက်သန်လွန်းတဲ့ မေမေ
မိသားစုအတွက် အမြဲစွန့်လွှတ် အနစ်နာခံပေးတတ်တဲ့ မေမေ
****************************
(ဇွန်တို့ငယ်ငယ် ဒုတိယတန်းမှာ သင်ခဲ့ရတဲ့ ကဗျာလေးပါ)
သူငယ်တန်းကနေ ဆယ်တန်းထိ နေ့စဉ် ကျောင်းကို ထမင်းဗူးတစ်ရက်မပျက် အချိန်မှီ ထည့်ပေးခဲ့တဲ့ မေမေ
ရွှေငွေအ၀တ်အစားထက် သားသမီးနှစ်ယောက်ရဲ့ ပညာရေးအတွက်သာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားခဲ့တဲ့ မေမေ
စစ်မှန်တဲ့ ဘာသာတရားကို ကိုးကွယ်ဆည်းကပ်ဖို့ လမ်းကြောင်းပေးခဲ့တဲ့ မေမေ
အလှူဒါနပြုရာမှာ သဒ္ဓါတရားထက်သန်လွန်းတဲ့ မေမေ
မိသားစုအတွက် အမြဲစွန့်လွှတ် အနစ်နာခံပေးတတ်တဲ့ မေမေ
စာဖွဲ့မကုန်နိုင်အောင် များပြားလှတဲ့ မိခင်ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားတဲ့ ချစ်သောမေမေရဲ့ စက်တင်ဘာလ ၁၄ ရက်မှာ ကျရောက်သောမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် မမေ့မလျော့အပ်သော မြတ်ဗုဒ္ဓ၏တရားတော်ကို မပြတ်ဆင်ခြင်နိုင်ပြီး ချစ်သောမိသားစုနှင့်အတူ ပျော်မွေ့စွာ နေထိုင်နိုင်ပါစေ။
ဆုမွန်ကောင်းများစွာဖြင့်
ချစ်သမီးကြီး
ဇွန်မိုးစက်
ငယ်ငယ်က ကျွန်မအကြိုက်ဆုံး ဘာအရောင်လဲဟု တစ်စုံတစ်ယောက်က မေးလာလျှင် အ၀ါရောင်ဟုသာ ကျွန်မဖြေလေ့ရှိသည်။ အမှန်တကယ်လည်း အ၀ါရောင်ကို နှစ်သက်သည်။ သို့သော် သူငယ်တန်းမှ ဆယ်တန်း ရောက်သည် အထိ ၀ါ၊ စိမ်း၊ နီ၊ ပြာ လေးရောင်ဖြင့် ဖွဲ့စည်းထားသော အသင်းလေးသင်းတွင် ကျွန်မကြိုက်သော အရောင်ဖြင့် ဖွဲ့စည်းထားသည့် အ၀ါအသင်းတွင် နှစ်ကြိမ်သာ အသင်းဝင်ဖြစ်ခဲ့ဖူးသည်။ အနီနှင့်အပြာအသင်းတွင် တစ်ကြိမ်စီကျခဲ့ပြီး ကျန်သောနှစ်များအားလုံး အစိမ်းအသင်း၏ အဖွဲ့ဝင်သာ ဖြစ်ခဲ့သည်။
အရောင်များ၏ အဓိပ္ပာယ်တစ်ခုချင်းစီနှင့် ပတ်သက်ပြီး ကျွန်မသေချာမသိပါ။ အတန်းတိုင်းတွင် တစ်ပတ်တစ်ချိန်ပါသော ပန်းချီသင်ကြားရေးဆွဲချိန်မှ ပန်းချီဆရာ ပြောပြခဲ့သလောက်သာ ကျွန်မ မှတ်မိသည်။ အနီရောင်က ရဲရင့်တောက်ပ သတ္တိရှိခြင်းကို ဆောင်သည်။ ခရမ်းကတော့ အလွမ်းတဲ့။ ဆရာက ... “မင်းတို့ အဖြူနဲ့အစိမ်း ဘာလို့ဝတ်ထားတာလဲ သိလား၊ ဆရာပြောပြမယ်... အဖြူဆိုတာ သန့်ရှင်းစင်ကြယ်ခြင်း အဓိပ္ပာယ်ဆောင်တယ်၊ မင်းတို့ ကျောင်းသူ ကျောင်းသားတွေကလည်း သန့်ရှင်းဖြူစင်တယ်။ အစိမ်းကတော့ မျှော်လင့်ခြင်းဆိုတဲ့ အဓိပ္ပာယ်ပဲ။ ပညာသင်ယူဖို့ ပညာတတ်ကြီးဖြစ်ဖို့ မျှော်လင့်ချက်တွေနဲ့ စာသင်ကျောင်းဆီ မင်းတို့အရောက်လာတယ်။ အဲဒါကြောင့် အဖြူနဲ့အစိမ်းဟာ ဖြူစင်တဲ့ကျောင်းသားတွေရဲ့ ပညာရည်မှန်းချက်ထားရာ မျှော်လင့်ခြင်းဝတ်စုံတစ်ခုလို့ ဆိုနိုင်တယ်” (တကယ်ပဲ အဲဒီ့အဓိပ္ပာယ်နဲ့ ကျွန်မတို့ မြန်မာနိုင်ငံဟာ ကျောင်းဝတ်စုံကို အဖြူနဲ့အစိမ်းအဖြစ် သတ်မှတ်ခဲ့တာလား ကျွန်မသိချင် ခဲ့ပါသည်)
ဆရာက အခြေခံအရောင်စပ်နည်းများကိုလည်း သင်ကြားပြသပေးခဲ့သည်။ “အပြာနဲ့အ၀ါပေါင်းရင် အစိမ်းရတယ်။ အ၀ါနဲ့အနီပေါင်းရင် လိမ္မော်၊ အနီနဲ့အပြာပေါင်းတော့ ခရမ်း၊ အနီနဲ့အစိမ်းစပ်ကြည့်ရင် အညိုထွက်တယ်” ဆရာပြောပြီးပြီးချင်း ရောင်စုံခဲတံလေးတွေကိုင်ကာ ပုံဆွဲစာအုပ်မှာ လိုက်ခြယ်ကြည့်ပြီး တအံ့တသြနဲ့ သဘောတွေ ကျခဲ့ရသည်။ ကျွန်မအိမ်ပြန်ရောက်တော့ မောင်လေးရေ ဒီမှာကြည့်စမ်း၊ အရောင်စပ်နည်းတွေ မမပြမယ်ဟု အစချီကာ ဆရာကြီးလုပ်ပြီး ပြန်သင်ပေးခဲ့သေးသည်။
အ၀ါရောင်၏ အဓိပ္ပာယ်ကိုတော့ ကျွန်မ မမှတ်မိခဲ့တာလား၊ ဆရာပြောပြသောအထဲမှာ ပါမသွားတာလား ကျွန်မ မသေချာသော်လည်း အ၀ါရောင်ကိုတော့ အမှန်တကယ်ပင် ကျွန်မကြိုက်နှစ်သက်ပါသည်။ အ၀ါရောင်ရှိသော နှင်းဆီကိုမှ ကျွန်မကြိုက်တတ်သည်။ အ၀ါရောင်ရှိသော အင်္ကျီကို ကျွန်မချစ်သည်။ သို့သော် အကြောင်းမတိုက်ဆိုင် စွာဖြင့် ကျွန်မမှာ အ၀ါရောင်ထက် အပြာရောင်ရှိသော အင်္ကျီက ပိုများနေ၍ ကျွန်မ၏ သူငယ်ချင်းများက ကျွန်မအနှစ်သက်ဆုံးအရောင်ကို အပြာရောင်ဟုသာ ထင်မှတ်သွားကြသည်။ တကယ်တမ်း ကျွန်မ၏ အ၀တ်ဘီရို ထဲတွင်ရှိသော အင်္ကျီများ၏ ၉၀ရာခိုင်နှုန်းမှာ အနက်ရောင်တွေ ဖြစ်နေပြန်သည်။
တစ်ပတ်ငါးရက်တက်ရသော ရုံးအတွက် ၀တ်ဆင်ရသော အင်္ကျီနှင့် ဘောင်းဘီများကြောင့်ဖြစ်သည်။ အနက်ရောင်ကို အများဆုံးဝတ်ဆင်မိသည့် ကျွန်မကို တစ်ရုံးတည်းနေ လုပ်ဖော်ကိုင်ဖက်များက တူညီသောမှတ်ချက်ပေးပြီး တစ်ခုသောမွေးနေ့တွင် အနက်ရောင်ရှိသော အင်္ကျီကို လက်ဆောင်အဖြစ် ပေးခဲ့ဖူးသည်။ ကျွန်မကိုင်သောအိတ်၊ စီးသောဖိနပ်တို့မှာလည်း အနက်ရောင်ချည်း ဖြစ်နေ၍ အနက်ရောင်ကို ကျွန်မအနှစ်သက်ဆုံးအရောင်အဖြစ် သူတို့ထင်မြင်ကြသည်မှာ မဆန်းပါ။ အနက်ရောင်သည် ၀မ်းနည်းခြင်းအထိမ်းအမှတ်ဟုဆိုသော်လည်း ကျွန်မအနေဖြင့် အမည်း/အနက်ရောင်ကို formal dress colour ဟုသဘောထား၍ ၀တ်ဆင်ခြင်းမျှသာဖြစ်သည်။ ပန်းရောင်၊ ခရမ်းရောင်တို့သည် ကျွန်မနှင့် လိုက်ဖက်သော အရောင်များဖြစ်သည်ဟု မှတ်ချက်ပေးကြသော်လည်း ရံဖန်ရံခါမှသာ ထိုအရောင်များပါသော အင်္ကျီကို ကျွန်မ၀တ်ဖြစ်သည်။
အ၀ါရောင်နောက်ပိုင်း ကျွန်မနှစ်သက်မိသည့် အရောင်တစ်ခုမှာ မီးခိုးရောင်ဖြစ်သည်။ ခုနေခါ ဘာအရောင်ကို ကြိုက်သလဲ မေးလာလျှင် အ၀ါနှင့်မီးခိုးဟု ကျွန်မဖြေမည်မှာမလွဲ။ နောက်ထပ် ကျွန်မကြိုက်သည့်အရောင်မှာ အစိမ်းရောင်ဖြစ်သည်။ မြက်ခင်းစိမ်း၊ သစ်ပင်စိမ်းတွေကို ချစ်မြတ်နိုးသူမို့လား၊ ကမ္ဘာလောကကြီးကို စိမ်းလန်းစိုပြေ စေသောအရောင်ဟု စွဲထင်မှတ်ယူထားသောကြောင့်ပဲလား အစိမ်းရောင်ကို ကျွန်မချစ်သည်။ တစ်စုံတစ်ယောက်က အစိမ်းရောင်ကို စိမ်းကားခြင်းသဘောဆောင်သည်ဟု ဆိုလာလျှင် ကျွန်မလက်ခံမည်မထင်ပါ။ စိမ်းကားခြင်းထက် စိမ်းလန်းစိုပြေခြင်းဟုသာ ကျွန်မ အဓိပ္ပာယ်ဖွင့်ဆိုချင်ပါသည်။
ကျွန်မကြိုက်သောအရောင်တွေရှိသလို ကျွန်မ မကြိုက်သောအရောင်လည်းရှိသည်။ အဲသည့်အရောင်က အနီ။ အနီရောင်ရှိသော အသုံးအဆောင်ပစ္စည်း အ၀တ်အစားများကို ကျွန်မ မကြိုက်ပါ။ ကျွန်မငယ်စဉ်က လက်ဆောင် ရဖူးသော ချူများပါသည့် အနီရောင်ကချင်လွယ်အိတ်ကလေးတစ်လုံးကိုတော့ ကျွန်မ နှစ်သက်စွာ ကိုင်တွယ်ခဲ့ဖူးသည်။ တရုတ်လူမျိုးများ၏ မင်္ဂလာအရောင်ဖြစ်သောအနီရောင်ကို ကျွန်မ ဘာကြောင့် မကြိုက်တတ်မှန်း ကျွန်မကိုယ်တိုင်လည်း မသိခဲ့။
အရောင်များ၏ဖွင့်ဆိုချက် မည်သို့ပင်ရှိနေပါစေ ကျွန်မသည် အပြာရောင် ကောင်းကင်အောက်က စိမ်းစိုလှပသော ကမ္ဘာမြေကြီးပေါ်မှာ အလွမ်းခရမ်းတွေ သိုင်းခြုံရစ်ပတ်ခြင်း ခံထားရသည့် အ၀ါရောင် မိန်းမပျိုတစ်ယောက်သာ ဖြစ်နေခဲ့သည်။

ဒီတစ်ပတ် စနေတနင်္ဂနွေမှာ Clementi နဲ့ Jurong East ကြား MRT Service မရှိပါဘူး။ (လက်ရှိ Platform တွေမှာ တိုးချဲ့ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်ဖို့အတွက်ပါ) တိုက်ဆိုင်စွာနဲ့ ကိုယ်ကလည်း စနေနေ့မှာ Jurong East ကို ကိစ္စတစ်ခုနဲ့ သွားဖို့ရှိနေတယ်။ MRT မရှိတော့ ဘတ်စ်နဲ့ပဲသွားမယ်လို့ စိတ်ကူးပြီး မီးပွိုင့်စောင့်ရင်း ကားဂိတ်ရှိရာကို သွားမယ်ပြင်တုန်း ကိုယ်တို့တိုက်ရှေ့မှာ SMRT နှစ်စီးတွဲ Bus တွေ တစ်စီးပြီးတစ်စီး လာရပ်နေတာ သတိပြုမိတာနဲ့ သေချာ ကြည့်လိုက်တော့မှ Jurong East ကို သွားတဲ့ Free Shuttle Bus တွေ ဖြစ်နေပါပေါ့လား။ ဒါနဲ့ ဒီဘက်ကပွိုင့်ကို ပြန်ကူးပြီး SMRT bus ပေါ်တက်လိုက်ခဲ့တယ်။
ရထားနဲ့ သွားရင် ၄ မိနစ်စာပဲ စီးရတဲ့ ခရီးက ဘတ်စ်နဲ့ကျတော့ မိနစ်၂၀လောက်စီးရပါတယ်။ Commonwealth Ave ကနေ Clementi Road၊ West Coast Road နဲ့ Science Center Road တို့ကိုဖြတ်ကျော်ပြီး J.E MRT ကိုသွားတာပါ။ MRT နားရောက်ခါနီးရင် traffic ရှိတာကြောင့် အချိန်နဲနဲ ပိုကြာပါတယ်။ Service disruption ဖြစ်နေပေမယ့် မြောက်မြားစွာသော ခရီးသွားပြည်သူတွေ သွားရေးလာရေး အဆင်ပြေပြေရှိစေဖို့ စနစ်တကျ စီစဉ်ပေးထားတာ ချီးကျူးကျေနပ်စရာပါ။

Jurong East MRT ကနေ Clementi MRT အထိ သယ်ယူပို့ဆောင်ပေးဖို့ ခုလိုကားတွေက အဆင်သင့် စီတန်းစောင့်ဆိုင်းလို့
ဘတ်စ်အစင်းပေါင်း ၇၀ကျော်က သုံးမိနစ်မခြား ဆိုက်ရောက်ပြီး ခရီးသည်တွေကို အခမဲ့ အပို့အကြိုလုပ်ပေးပါတယ်။ စနေနေ့ကတော့ ကိုယ့်အဖို့ လိုရာခရီးကို အသွားအပြန် တစ်ပြားတစ်ချပ်မှ မကုန်ကျဘဲ အရောက်သွားနိုင်ခဲ့လိုက်ပါတယ်။ :P
စင်္ကာပူမှာ ကိုယ်သိပ်သဘောအကျဆုံးတစ်ခုက လမ်းပန်းဆက်သွယ် သွားလာရေး အဆင်ပြေချောမွေ့မှုပါ။ ခုလို service shutdown ဖြစ်ခဲ့ရင်တောင်မှ အခြားတစ်ဖက်ကနေ အဆင်ပြေအောင် လုပ်ပေးထားတာတွေ မကြာခဏ သတိပြုမိပါတယ်။ ရထားတွေ သိပ်ကြပ်နေတဲ့အခါမျိုးမှာ ရထားအလွတ်တစ်စင်းလုံး လွှတ်ပေးတာမျိုး၊ ရုံးတက်ချိန် မြေအောက်မှာ ရထားတွေ တစ်စုံတစ်ခု ချို့ယွင်းမှုကြောင့် ဆက်မသွားနိုင်ဘဲ ရပ်သွားတဲ့အခါ သက်ဆိုင်ရာ ကားမှတ်တိုင်ကို ဘတ်စ်ကားတွေအရောက်လာပြီး သယ်ယူပို့ဆောင်ပေးတာမျိုးတို့ကို လိုအပ်သလို အဆင်ပြေအောင် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စီစဉ်ပေးပါတယ်။
ဘူတာကနေ အိမ်အရောက် လျှောက်လမ်းနဲ့ အမိုးတွေ မထားပေးလည်း ရပါတယ်။ ဒါပေမဲ့ နေပူမိုးရွာဒဏ်ကလွတ်ပြီး သွားလာရလွယ်ကူအောင် လုပ်ထားပေးတာပါပဲ။ အမိုးမရှိတဲ့ ကုန်းကျော်တံတား အတော်များများကိုလည်း အမိုးတွေတပ်ဆင်ပေးတာ တွေ့ရပါတယ်။ အမိုးမတပ်ပေးလည်း ရတာပါပဲ။ နေပူမိုးရွာတဲ့အခါ လူတွေက ထီးဆောင်းပြီး သွားမှာပါပဲ။
ဒါပေမဲ့... ဒါပေမဲ့ပေါ့လေ... အခွန်ကောက်ထားတဲ့၊ CPF တွေဖြတ်ထားတဲ့ ၀င်ငွေထဲကနေပဲ တိုင်းပြည်အတွက်၊ တိုင်းပြည်ထဲမှာ သွားလာနေထိုင်သူ လူများအားလုံးအတွက် အဆင်ပြေလွယ်ကူ သက်တောင့်သက်သာရှိအောင် ပါးနပ်တဲ့အစိုးရပီပီ လုပ်ပေးသင့် လုပ်ပေးထိုက်တာတွေ လုပ်ပေးနေတာကတော့ အတိုင်းအတာတစ်ခုအထိ ကျေနပ်ကျေးဇူးတင်စရာ ကောင်းပါတယ်။

Subscribe to:
Posts
(
Atom
)