တိမ်တိုက်တစ်စုံနှင့်အတူ - ၃

8

Category:

“မိန်းကလေး”

တိမ်တိုက်ဖြူရဲ့ ခေါ်သံအဆုံး မိန်းကလေး လန့်နိုးလာတယ်။ “တို့ရောက်လုပြီ။ ဟိုးမှာ မြင်နေရတဲ့ ကျွန်းရှည်မျောမျောလေးကို တွေ့လား။ အဲဒါ လောင်းအိုင်လန်ပဲ”

မိန်းကလေးက အိပ်မှုံစုံမွှားဖြစ်နေသေးလို့ တိမ်တိုက်က အရှိန်ပြင်းပြင်းနဲ့ အောက်ကိုဆင်းချလိုက်တော့မှ အောက်က သမုဒ္ဒရာရေပြင်ကျယ်ကို မြင်လိုက်တဲ့အခါ ကြောက်စိတ်နဲ့ မျက်စိကျယ်သွားတယ်။ 

အို… မြောက်အမေရိကတိုက်ရဲ့ အရှေ့ဘက်ကို ရောက်ခဲ့ပြီပဲ။ ဒီတခါ မိန်းကလေးပြောစရာမလိုဘဲ တိမ်တိုက်ဖြူက သူမသွားချင်တဲ့နေရာတွေကို လိုက်ပြပေးမယ်ဆိုတာ သိနေတယ်။

လောင်းအိုင်လန်ကနေ မက်ဟက်တန်ကို ဆက်ထားတဲ့ ဘရွတ်ကလင်းတံတားပေါ်ကနေ ဖြတ်သန်းခိုက်မှာ ပျော်လွန်းလို့ မိန်းကလေးရင်တွေခုန်လာတယ်။ စာပေနဲ့ရုပ်ရှင်တွေထဲမှာသာ ရင်းနှီးခဲ့တဲ့ ကမ္ဘာကျော်တံတားကြီးကို မျက်ဝါးထင်ထင်မြင်တွေ့ရတော့ မိန်းကလေးဟာ ၀မ်းသာပျော်ရွှင်နေတယ်။ ဒါတင်ဘယ်ကဦးမလဲ… တိမ်တိုက်ဖြူက မိန်းကလေးကို အင်ပါယာစတိတ်အဆောက်အဦရဲ့ ဟိုးအပေါ်ဆုံးထိအောင် ခေါ်ဆောင်သွားပြီး နယူးယောက်မြို့တော်ကို အပေါ်စီးကနေ ကြည့်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့သေးတယ်။ နာမည်ကျော် ပဉ္စမရိပ်သာလမ်းနဲ့ အလယ်ပန်းခြံမှာလည်း လမ်းဆင်းလျှောက်ခွင့်ရခဲ့တယ်။ မိန်းကလေးအတွက် မြင်မြင်သမျှ အရာအားလုံးဟာ တက်ကြွဆန်းသစ်နေတယ်။ နယူးယောက်ကနေ မထွက်ခွာခင်မှာ တိမ်တိုက်ဖြူက လစ်ဘာတီရုပ်ထုရှိရာ လစ်ဘာတီကျွန်းပေါ်ကနေ ပျံလွင့်ပြီးမှ အနောက်မြောက်ကို ဦးတည်လိုက်တယ်။ 

မိန်းကလေးအတွက် မကြည့်မဖြစ်နေရာတစ်ခုကို တိမ်တိုက်ဖြူက ခေါ်ဆောင်သွားပေးတယ်။ သဘာဝတရားက လက်ဆောင်ပေးထားတဲ့ ကမ္ဘာ့အလှဆုံးရေတံခွန်များစာရင်းဝင်ရာ “နိုင်ဂရာ” ဆီကိုပေါ့။  မိန်းကလေးဟာ အမေရိကန်နဲ့ ကနေဒါနှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ နိုင်ဂရာရေတံခွန်ရဲ့အလှကို ရှုစားရင်း တပြိုင်တည်းမှာပဲ ကောင်းကင်ပြာအောက်က အွန်တေရီယိုရေကန်အလှမှာလည်း နစ်ဝင်ခံစားနေတယ်။  ပထ၀ီဝင်ဘာသာရပ်မှာ ကျက်မှတ် သင်ကြားခဲ့ရတဲ့ မြောက်အမေရိကတိုက်ရဲ့ ရေကန်ကြီးငါးခုထဲက တစ်ခုကို ကိုယ်တိုင်မြင်တွေ့ခွင့်ရတဲ့အတွက်လည်း ပီတိဖြစ်နေတယ်။ “ဟိုမှာ မြင်နေရတာ ကနေဒါနိုင်ငံရဲ့အကြီးဆုံးမြို့ တိုရွန်တိုလေ၊ အွန်တေရီယိုပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်တယ်” တိမ်တိုက်က မိန်းကလေးသိအောင် ပြောပြပေးတယ်။ “ကျွန်မတို့ ကနေဒါဘက်ကိုတော့ မသွားနိုင်တော့ဘူးနော်” “ဟုတ်တယ်… တို့တတွေ အနောက်ဘက်ကမ်းခြေတိုင်အောင် သွားရဦးမှာလေ” မိန်းကလေးက စောဒကမတက်တော့ဘဲ တိမ်တိုက်ဖြူခေါ်ဆောင်ရာသာလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

မိန်းကလေးက မပြောပေမယ့် တိမ်တိုက်ဖြူဟာ မြောက်အမေရိကမှာ မိန်းကလေးသွားရောက်ကြည့်ရှုချင်တဲ့ အဓိကနေရာတွေကို ဦးစားပေး ပို့ဆောင်ပေးခဲ့တယ်။ ဥပမာ- မိန်းကလေးအကြိုက်စာအုပ်တွေထဲကနေ ကျွမ်းဝင်နေတဲ့  မတ်ခ်တွိမ်းရဲ့ မြစ်ကြီးမစ္စစ္စပီနဲ့ ဂယ်ရစ်ဆင်ကိုင်လွှာရဲ့ ပရေရီမြက်ခင်းလွင်ပြင်ကျယ် အပေါ်ကနေ ဖြတ်သန်းပြီးမှ အလက်စကားပြည်နယ်ကို သွားတယ်။ မိန်းကလေးဟာ တိမ်တိုက်ဖြူက အနောက်ဘက်ကမ်းခြေကို အရင်မသွားဘဲ အလက်စကားဘက်ကို သွားတာကြောင့် အံ့အားသင့်နေမိတယ်။ ဒါပေမယ့် တိမ်တိုက်ဟာ အကြောင်းမဲ့သက်သက်နဲ့တော့ အလက်စကားကို မသွားလောက်ဘူးဆိုတာသိလို့ ဘာကြောင့်လဲ မမေးတော့ဘဲ နှုတ်ဆိတ်ပြီးသာ လိုက်ခဲ့တယ်။ 

တိမ်တိုက်ဖြူဟာ အလက်စကားပြည်နယ် အစွန်းထိအောင်ရောက်အောင် အပေါ်ဝေးဝေးက လွင့်ပျံပြီးမှ မိန်းကလေးကို ပြောပြတယ်။ “မင်းသိလား… ဟိုးအရင်ရှေးနှစ်သန်းပေါင်းများစွာက ဥရောပတိုက်နဲ့မြောက်အမေရိကတိုက်ဟာ ကုန်းမြေတဆက်တည်းဖြစ်ခဲ့တယ်။ ရေခဲခေတ်အပြီးမှာ ရေခဲတွေပျော်ကျပျက်စီးပြီး ပင်လယ်ရေမျက်နှာပြင် တက်လာတာနဲ့အမျှ ကုန်းမြေနှစ်ခုဟာ ကွဲကွာသွားတယ်။ ဒီနေရာဟာ ဥရောပနဲ့ မြောက်အမေရိက နှစ်တိုက်ရဲ့ ကုန်းမြေအစပ်ဖြစ်ခဲ့ဖူးတာ မင်းကိုပြချင်လို့” 

“တဆက်တည်း အလက်စကားပြည်နယ်အကြောင်းလည်း ပြောပြမယ်။ ပြည်နယ်ပေါင်း၅၀နဲ့ ဖွဲ့စည်းထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဧရိယာအကြီးဆုံးနဲ့ လူဦးရေအနည်းဆုံးနေထိုင်တဲ့ပြည်နယ်ဟာ အလက်စကားပဲ။ ကုန်းမြေအရလည်း တစ်ခြားပြည်နယ်တွေနဲ့ ဆက်စပ်မှုမရှိဘူး။ တကယ်တော့ အလက်စကားဟာ အရင်က ရုရှပိုင်နယ်မြေတစ်ခုဖြစ်ခဲ့တယ်၊ ၁၈၆၇ခုနှစ်မှာ ရုရှအင်ပါယာထံကနေ အမေရိကန်က ၀ယ်ယူလိုက်ပြီးတဲ့နောက်မှာမှ အမေရိကန်ပြည်ထောင်စုရဲ့ ၄၉ခုမြောက်ပြည်နယ်ဖြစ်လာခဲ့တာ” 

“အို..ဟုတ်လား…ကျွန်မ ဒီအကြောင်းတွေ မသိခဲ့ဘူး။ ကျွန်မစိတ်ထဲမှာလည်း အလက်စကားဟာ အမေရိကန်ရဲ့ ပြည်နယ်တစ်ခုဖြစ်နေပေမယ့် အခြားပြည်နယ်တွေနဲ့ မတူဘဲ တစ်ခုခု ကွဲပြားခြားနားနေတယ်လို့  ခံစားနေရတာ။ ခုလိုသိရအောင် တကူးတက ပို့ဆောင်ပေး၊ သမိုင်းကြောင်းပြောပြပေးတဲ့ တိမ်တိုက်ဖြူကို ကျေးဇူးသိပ်တင်တာပဲ” 

အဲဒီ့နောက်မှာမှ တိမ်တိုက်ဖြူဟာ အလက်စကားကပြည်နယ်ကနေမှ တောင်ဘက်တည့်တည့်ကို လွင့်ပျံပြီး အနောက်ဘက်ကမ်းခြေဒေသကို အရောက်သွားတယ်။ အနောက်ဘက်ကမ်းခြေက လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အထင်ကရမြို့တွေဖြစ်တဲ့ ဆန်ဖရန်စစ္စကိုနဲ့ လော့စ်အိန်ဂျလိစ်မြို့တွေပေါ်ကနေ ဖြတ်သန်းသွားတယ်။ မိန်းကလေးကျေနပ်အောင် Golden Gate အမည်ရတဲ့ နာမည်ကျော် ဆန်ဖရန်စစ္စကို တံတားကြီးပေါ်ကနေလည်း ဖြတ်သန်းပေးတယ်။ 


အမေရိကန်ပြည်ထောင်စုရဲ့ ကုန်းတွင်းပိုင်းခရီးကို အရီဇိုးနားပြည်နယ်က ဂရင်းကင်ညွန်မှာ အဆုံးသတ်တယ်။ မိန်းကလေး အနှစ်နှစ်အလလကတည်းက အရောက်သွားဖို့ ဆန္ဒရှိခဲ့တဲ့ နေရာတစ်ခုဆိုတာ တိမ်တိုက်ဖြူက သိနှင့်နေတယ်။ မိန်းကလေးဟာ သူ့မျက်စိရှေ့အောက်မှာ ကော်လိုရာဒိုမြစ်ဟာ ဂရင်းကင်ညွန်ကိုဖြတ်ပြီး လှပဝေ့၀ိုက်စွာ စီးဆင်းနေပုံကြည့်ပြီး သိပ်ကို ကျေနပ်ပျော်ရွှင်နေတယ်။ သူမပျော်နေတာကိုကြည့်ပြီး တိမ်တိုက်ဖြူကလည်း လိုက်ပျော်နေတယ်။ ဂရင်းကင်ညွန်ရဲ့အလှနဲ့လိုက်ဖက်ညီစွာ ခြံရံထားတဲ့ ကောင်းကင်ပြာထဲမှာ သူ့မိတ်ဆွေ တိမ်မျှင်တစ်ချို့ကိုတွေ့ရလို့ ၀မ်းသာအားရနဲ့ နှုတ်ဆက်လိုက်သေးတယ်။ ဂရင်းကင်ညွန်ရဲ့ အမျိုးသားပန်းခြံမှာ တစ်ညတာနားခိုပြီးနောက် အနောက်ဘက်ကမ်းခြေကနေ မိုင်ပေါင်း ၂,၀၀၀ ကျော်အကွာ ပစိဖိတ်သမုဒ္ဒရာ အတွင်းမှာရှိတဲ့ ပြည်နယ်၅၀ထဲက နောက်ဆုံးပြည်နယ်ဖြစ်တဲ့ ဟာဝိုင်အီကို လာခဲ့တယ်။ 

ဒီတခါ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်တော့ မိန်းကလေးဟာ အရင်ကလောက် မကြောက်ရွံတော့ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ လိုက်ပါလာတယ်။ ခရီးတစ်လျှောက်မှာလည်း သူမကပဲ စကားတွေပြောလာတယ်။ မိန်းကလေးက သူမ လက်ထပ်ဖြစ်တဲ့အခါ ပျားရည်ဆမ်းခရီးကို ဟာဝိုင်အီမှာပဲ ထွက်ချင်တယ်ဆိုတဲ့ အကြောင်းလည်းပါတယ်။ တိမ်တိုက်ဖြူက “ဟာဝိုင်အီကျွန်းစုလေးတွေက သိပ်လှပါရဲ့။ ဒါပေမဲ ငါတော့ အဲဒီ့ကျွန်းတွေပေါ်မှာ ကြာကြာမနေရဲဘူး၊ တော်ကြာမီးတောင်ပေါက်ကွဲတာနဲ့ တိုးနေမှာစိုးလို့” လို့ ပြန်ပြောတယ်။ တိမ်တိုက်ဟာ သူကြောက်တယ်ဆိုပေမယ့် တကယ်တမ်းကျွန်းပေါ်ရောက်တဲ့အခါ မိန်းကလေးကို တစ်နေရာပြီးတစ်နေရာ စိတ်ရှည်ရှည်နဲ့ လိုက်ပြပေးတယ်။ မိန်းကလေးဟာ ဟာဝိုင်အီရောက်ပြီးတဲ့အခါ တစ်ချိန်ကျရင် သူမအတွက် honeymoon destination က Hawaii ဆိုတာ ပိုပြီးသေချာသွားတယ်။ 

မြောက်အမေရိကတိုက်ခရီးကနေ  စိတ်ဝင်စားစရာတွေပြည့်နှက်နေတဲ့ တောင်အမေရိကတိုက်ဆီကို ပစိဖိတ်သမုဒ္ဒရာ ဖြတ်ပြီးသွားတဲ့အခါ သူမတို့ရဲ့ခရီးရှည်ဟာ တစ်ဝက်ကျော်သွားခဲ့ပြီ။ မိန်းကလေးဟာ ဟိုး…ပစိဖိတ်သမုဒ္ဒရာထဲက ထူးဆန်းတဲ့ လူမျက်နှာနဲ့ ကျောက်ရုပ်အကြီးကြီးတွေရှိတဲ့ ချီလီနိုင်ငံပိုင် အီစတာကျွန်းကို သွားချင်ပေမယ့် တိမ်တိုက်ဖြူရဲ့ သူမကို သယ်ဆောင်နိုင်အားဟာ အကန့်အသတ်ရှိတာကြောင့် အဲဒီကိုသွားဖို့ မတောင်းဆိုတော့ဘဲ သူမဆန္ဒကို ချိုးနှိမ်လိုက်တယ်။ တိမ်တိုက်ဖြူ ဒီတစ်ခါ ဦးတည်ပျံလွင့်တဲ့နေရာက ကမ္ဘာ့ရှားပါးသတ္တ၀ါမျိုးစိတ်တွေ၊ ဧရာမ လိပ်ကြီးတွေရှိတဲ့ အီကွေဒေါနိုင်ငံပိုင် ဂါလာပါဂိုးစ်ကျွန်းစုများဆီကို…။ 

ဆက်ပါဦးမည်။


ဇွန်မိုးစက်

အပေါ်က Grand Canyon နဲ့ Colorado River ပုံကို Google Image ကနေပဲ ယူသုံးထားပါတယ်ရှင်။

childhood sweetheart

15

Category:

ဆယ်ကျော်သက်အရွယ် နွေရာသီကျောင်းပိတ်ရက်တစ်ခုမှာ သူ့ကို စတွေ့ဖူးတယ်။ အမှတ်မထင် တီဗွီကလာတဲ့ သတင်းထဲမှာ ဆံပင်အလယ်ခွဲနဲ့ ချစ်စရာကောင်လေးတစ်ယောက် လေယာဉ်ပေါ်ကနေ ဆင်းလာတဲ့ ပုံရိပ်တစ်ခုကိုမြင်ပြီး ကလေးစိတ်နဲ့ နှစ်သက်မိသွားတယ်။ နောက်တစ်နေ့ သတင်းစာထဲမှာပါလာတဲ့ သူ့ပုံလေးကို ကတ်ကြေးနဲ့ သေချာ ကိုက်ယူပြီး သိမ်းထားတယ်။ ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကိုယ့်ကွန်ပါဘူးလေးထဲမှာ သူ့ပုံလေးကို အမြဲထည့်ထားခဲ့တာ စာသင်နှစ်ကုန်သွားတဲ့ အထိပါပဲ။ 

သူနဲ့ပတ်သက်တဲ့ သတင်းတွေကို သူ့မိခင်အသိုင်းအ၀ိုင်းနဲ့ နီးစပ်မှုရှိတဲ့ အစ်မ၀မ်းကွဲတစ်ယောက်ဆီကနေ နားစွင့်တယ်။ အိမ်အလည်လာတဲ့အစ်မကို သူ့အကြောင်းလေးတွေ ကိုယ်မေးကြည့်တယ်။ သူ့ရဲ့မြန်မာနာမည်က ဘယ်လို၊ သူက ထန်းလျက်ကြိုက်တယ် စသဖြင့် သိရသလောက် ကိုယ်ကမှတ်သားထားတယ်။ သူနဲ့ပတ်သက်ပြီး သီးသန့် စာအုပ်လေး တစ်အုပ်မှာ ရေးထားတာတွေရှိတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် အင်္ဂလန်ရောက်ခဲ့ရင် သွားတွေ့မယ်ဆိုပြီး စာအုပ်ထဲမှာ ရေးထားခဲ့ဖူးသေးတယ်။ 

အသက်တွေ တဖြည်းဖြည်းကြီးလာတဲ့အခါ သူ့အကြောင်း အတွေးနဲ့စိတ်ကူးတွေ တဖြည်းဖြည်းလျော့ပါးလာပြီး သူ့ကို မေ့သွားတယ်။ ဒါပေမဲ့ တခါတခါ သတိရမိရင် သူဘယ်ရောက်နေပြီး ဘယ်လိုဘ၀ကို ရင်ဆိုင်ဖြတ်သန်းနေသလဲဆိုတာကို စိတ်ဝင်စားမိ၊ တွေးမိတတ်တယ်။ သူ့အစ်ကို အိမ်ထောင်ပြုသွားတဲ့အကြောင်း ကြားရတယ်။ သူလူဆိုးကလေး ဖြစ်သွားတယ်လို့ တစ်ယောက်ယောက်က ကိုယ့်ကို ပြောဖူးသေးတယ်။  အဲသည့်သတင်းကြားတုန်းက Google မှာ ရှာကြည့်လိုက်သေးတယ်။ သူ့အကြောင်းထက် သူ့အစ်ကိုအကြောင်းပဲ တွေ့ရတယ်။

တစ်မနက်လုံး အလုပ်တွေကြားနစ်နေတဲ့ကိုယ် နေ့လည်ထမင်းစားချိန်အပြီး   gmail ကိုဝင်ကြည့်တော့ သူငယ်ချင်းက လင့်ခ်တစ်ခုပို့ထားတယ်။ ဖွင့်ကြည့်လိုက်တဲ့အခါ အနှစ်နှစ်ဆယ်နီးပါးလောက် မတွေ့မြင်ခဲ့ရတဲ့ သူ့ကို ကွန်ပျူတာ မျက်နှာပြင်ပေါ်ကတဆင့် ပြန်တွေ့လိုက်ရတယ်။ ကိုယ်ဟာ သတင်းတွေဖတ်ရင်း၊ ပုံတွေကြည့်ရင်း ၀မ်းနည်းဝမ်းသာ ခံစားချက်တွေ တပြိုင်တည်း ခံစားနေမိတယ်။ သူလူဆိုးကလေးဖြစ်ခဲ့တာ ဟုတ်ချင်ဟုတ်မှာလို့ အခုမြင်ရတဲ့ သူ့ပုံရိပ်ကို ကြည့်ပြီး တွေးလိုက်မိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိခင်ဖြစ်သူ လွတ်မြောက်တာနဲ့ တွေ့ဆုံနိုင်ဖို့ ဘန်ကောက်ကို ကြိုတင်ရောက်ရှိနေခဲ့တဲ့ သားတစ်ယောက်ရဲ့ မျှော်လင့်ချက်က ဘယ်လောက်ကြီးမား ဆန္ဒပြင်းပြခဲ့လိမ့်မလဲဆိုတာ ကိုယ်ခံစားကြည့်နေမိတယ်။ 

သူ့ကို မြင်ရတဲ့အခါ ကိုယ်ကလေးဘ၀က သဘောကျနှစ်သက်မိသူတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာထက် အများအတွက် မျှော်လင့်ချက်ရောင်ခြည်တွေ တောက်ပစေတဲ့ အမေတစ်ယောက်ရဲ့မေတ္တာကို တောင့်တခဲ့တဲ့ သားတစ်ယောက်အနေနဲ့ပဲ မြင်မိတော့တယ်။ ကမ္ဘာတစ်ဖက်ခြမ်းစီမှာ အသက်ရှင်ရက်ရှိနေပါသော်လည်း ဆယ်စုနှစ်ကြာမှ ပြန်လည်ဆုံတွေ့ခွင့်ရတဲ့ အမေနဲ့သားအတွက် အတိုင်းမသိ ၀မ်းသာကြည်နူးရင်း မျက်ရည်များတောင် ၀ဲခဲ့မိပါတယ်။


ဇွန်မိုးစက်

(သတင်းဖတ်ပြီးကတည်းက တစ်နေ့လည်ခင်းလုံး ဒီအကြောင်းပဲ ခေါင်းထဲရောက်နေတယ်။ တကယ်လို့များ ကိုယ့်ရဲ့ childhood sweetheart သာ တစ်ခြားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ဘယ်တော့မှ ချရေးဖြစ်မှာ မဟုတ်ဘူး။ ခုတော့ တိုက်ဆိုင်သွားတာရော၊ ကိုယ်ခံစားမိသွားတာရောပေါင်းပြီး တိမ်တိုက်နဲ့ ခရီးမဆက်ဖြစ်ဘဲ ဒီအကြောင်းရေးမိသွားတယ်)

တိမ်တိုက်တစ်စုံနှင့်အတူ - ၂

6

Category:

မိန်းကလေးဟာ တိမ်တိုက်နဲ့အတူ အာတိတ်စက်ဝိုင်းဖြတ်သန်းသွားရာ စကန်ဒီနေးဗီးယားဒေသတစ်ခုဖြစ်တဲ့ နော်ဝေးနိုင်ငံမြောက်ပိုင်းကို ရောက်ရှိလာတယ်။ တိမ်တိုက်ဖြူက မိန်းကလေးကို ရွာငယ်တစ်ရွာနားမှာ ချပေးပြီး အင်အားဖြည့် အနားယူစေတယ်။ ညအချိန်ရောက်တဲ့အခါ  မိန်းကလေးဟာ စိတ်လှုပ်ရှားစွာနဲ့ သူမမြင်တွေ့ရမယ့်အရာကို မြေပြင်တစ်နေရာကနေ စောင့်ကြည့်နေတယ်။ သိပ်မကြာခင်မှာဘဲ နက်ပြာရောင်ကောင်းကင်ထက်မှာ လှပစွာတဲ့ ဖြာကျလာတဲ့ အစိမ်းရောင်အလင်းတန်းကို တွေ့ရတယ်။ 

လျှပ်စစ်အမှုန်လေးတွေ တစ်ခုနဲ့တစ်ခု အရှိန်ပြင်းစွာပွတ်တိုက်ထိတွေ့ပြီး ကမ္ဘာမြေရဲ့ သံလိုက်ဓာတ် ဆွဲငင်အားကြီးရာ မြောက်အရပ်ဆီကို ဦးတည်လာရာမှ ထွက်ပေါ်လာတဲ့ သဘာဝအလင်းရောင်ဖြစ်တယ်လို့ တိမ်တိုက်ဖြူက ရှင်းပြတယ်။ အစိမ်းရောင်အပြင် အခြားအရောင်တွေ ရောယှက်ဖြာဆင်း တတ်ကြောင်းကိုလည်း ပြောပြတယ်။ မိန်းကလေးတသက်မှာ ဒီလောက်လှပတဲ့ မြင်ကွင်းမျိုး မမြင်ခဲ့ဘူးလို့ မျက်တောင်မခတ်ဘဲ Northern Lights ကို အံ့သြမင်သက် ငြိမ်သက်စွာနဲ့ ကြည့်နေမိတယ်။ 


တကယ်တော့ သူမတစ်ယောက်တည်း မဟုတ်ခဲ့ဘူး။ ကမ္ဘာ့ဒေသအနှံ့အပြားကလူတွေလည်း သူမလိုပဲ သဘာဝတရားရဲ့ အံ့မခန်း ဆန်းကြယ်လှပတဲ့အရာကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခံစားဖို့ အဝေးကြီးကနေ လာကြည့်ကြတာကို တွေ့ရတယ်။ ခပ်လှမ်းလှမ်းက သူမရဲ့ တိမ်တိုက်ဖြူကို ကျေးဇူးတင်တဲ့ မျက်ဝန်းများနဲ့ မော့ကြည့်မိတယ်။ တိမ်တိုက်ဖြူက သူ့တာဝန်တစ်ခုကျေသွားသလို ၀မ်းမြောက်ပေါ့ပါးစွာနဲ့ လွင့်ကနဲ ပျံတက်ပြတယ်။

အရုဏ်ကျင်းချိန်မှာတော့ သူမတို့ တောင်ဘက်ကို ခရီးဆက်ခဲ့တယ်။ ဒီတစ်ခါ မိန်းကလေးဆန္ဒရှိတဲ့ နေရာတစ်ခုကို အရင်ပို့ပေးမယ်လို့ တိမ်တိုက်ဖြူက ဆိုတာကြောင့် သူမနေရာတစ်ခုကို ပြောလိုက်တယ်။ တကယ်တော့ ဥရောပတိုက်မှာ မိန်းကလေးသွားချင်တဲ့နေရာတွေ သိပ်များတယ်။ ဒါပေမယ့် နေရာအနှံ့ကို တိမ်တိုက်ဖြူက လိုက်ပို့ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့မှာ အချိန်အကန့်အသတ်လည်း ရှိနေတယ်။ 

“ကျွန်မကို မြေထဲပင်လယ်ဒေသက စစ္စလီကျွန်းကို လိုက်ပို့ပေးပါ။ ဒါပေမဲ့ အခုတောင်ဘက်ကို ဖြတ်သန်းတဲ့အခါ ဘရပ်ဆဲလ်မြို့မှာ တစ်ထောက်နားပေးပါ” လို့ မိန်းကလေးက တောင်းဆိုလိုက်တယ်။ တိမ်တိုက်က အံ့သြတဲ့ လေသံနဲ့ “ဘရပ်ဆဲလ်မှာ ဘာရှိလို့လဲ မိန်းကလေး”  လို့ ပြန်မေးတယ်။ “ကျွန်မအချစ်တော် ရုပ်ပြဇာတ်ကောင်လေး တင်တင် မွေးဖွားရာ မူလဇာတိကို သွားကြည့်ချင်လို့ပါ” မိန်းကလေးရဲ့ အဖြေအဆုံး တိမ်တိုက်ဖြူဆီက သဘောကျစွာနဲ့ ရယ်မောသံထွက်လာတယ်။ “ကောင်းပြီ၊ မင်းဆန္ဒအတိုင်းဖြစ်စေရမယ်” လို့ပြောပြီး တောင်ဘက်အရပ်ကို ဦးတည် လွင့်ပျံလိုက်တယ်။ 

ဘရပ်ဆဲလ်မှာ မိန်းကလေးဆန္ဒအတိုင်း တစ်ထောက်နားပြီးတဲ့အခါ မြေထဲပင်လယ်ဒေသကို ဆက်လက်ခရီးနှင်ခဲ့တယ်။ ခရီးတစ်လျှောက် မြင်ကွင်းတွေက သိပ်လှလို့ မိန်းကလေးဟာ ပျော်ရွှင်ကြည်နူးနေတယ်။ ပြင်သစ်ဒေသတစ်ဝိုက်က ၀ိုင်ထုတ်လုပ်ထွက်ရှိရာ စီရရီအတန်းလိုက် စပျစ်ခင်းတွေ၊ လှပတဲ့သဲသောင်ပြင်နဲ့ လူအများအပန်းဖြေအနားယူရာ ပင်လယ်ကမ်းခြေပေါ်ကနေလည်း ဖြတ်သန်းသွားတယ်။ 

လမ်းတလျှောက် ကြည့်စရာတွေများနေတဲ့ မိန်းကလေးဟာ စစ္စလီကျွန်းကို ရောက်သွားမှန်း တိမ်တိုက်ဖြူပြောမှ သိတော့တယ်။ တိမ်တိုက်ဖြူက ကျွန်းပေါ် ဖြည်းဖြည်းချင်း နိမ့်ဆင်းရင်း  “မင်းဘာကြောင့် ဒီနေရာကို လာချင်ရသလဲဆိုတာ ငါသိပြီ” လို့ ပြောတယ်။ ကောင်းကင်ပြာပြာက အုပ်မိုးထားပြီး ပင်လယ်ပြာနဲ့ဝန်းရံထားတဲ့ စစ္စလီကျွန်းရဲ့ အလှဟာ မြင်သူတိုင်းရဲ့ အာရုံကို ဆွဲဆောင်ညှို့ငင်ယူလိုက်တာ အရာအားလုံးကို မေ့လောက်တဲ့ အထိပါပဲ။

မိန်းကလေးဟာ ကျွန်းပေါ်မှာ ခြေစုံရပ်၊ အသက်ကို ၀၀ရှူသွင်းပြီး ပြာလဲ့နေတဲ့ ကောင်းကင်ပြင်နဲ့ တဆက်တည်းရှိသယောင် ထင်မှတ်မှားရတဲ့ ပင်လယ်ပြင်ကို တမေ့တမော ငေးကြည့်နေမိတယ်။ “ဒီကျွန်းက လှရုံတင် မကဘူး၊ ကျွန်းပေါ်ရှိတဲ့လူတွေကလည်း စိတ်သဘောကောင်းပြီး အသက်ရှည်ကြတယ်တဲ့” မိန်းကလေးက သူကြားဖူးနားဝရှိသမျှ တိမ်တိုက်ကို ပြန်ပြောပြတယ်။ “ဟုတ်လိမ့်မယ် သူတို့က သံလွင်ဆီထွက်တဲ့အရပ်ဆိုတော့ ဘာစားစား သံလွင်ဆီပဲ ထည့်သုံးကြတာ အကြောင်းတစ်ရပ် ဖြစ်မှာပေါ့” တိမ်တိုက်ဖြူပြန်ပြောတာကို မိန်းကလေးက သဘောကျစွာနဲ့ ပြုံးတယ်။ 

“မြေထဲပင်လယ်ထဲက ဂရိပိုင်ကျွန်းတွေလည်း သိပ်လှတယ်လို့ ပြောကြတယ်နော်” “ဟုတ်တယ်… ငါတို့ နောက်ခရီးရှည်တစ်ခု မဆက်ခင် ဂရိကျွန်းဘက်ကို ခဏဖြတ်သွားကြည့်မယ်လေ” ပြီးရင် မြေထဲပင်လယ်ကထွက် အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး အမေရိကတိုက်ကို သွားကြမယ်” အမေရိကတိုက် ဆိုတဲ့ အသံကြားရရင်ပဲ မိန်းကလေးဟာ သိပ်ကို စိတ်လှုပ်ရှားသွားတယ်။ ပျော်လည်း ပျော်သွားတယ်။ သိပ်မကြာခင် အချိန်အတွင်းမှာပဲ တိမ်တိုက်ဖြူက သူမကို အလွှာလွှာ အထပ်ထပ်ရစ်ပတ်လို့ သမုဒ္ဒရာကိုဖြတ်ပြီး မြောက်အမေရိကတိုက်ဆီ လွင့်ပျံထွက်ခဲ့တော့တယ်။ 

ဆက်ပါဦးမည်။


ဇွန်မိုးစက်


Northern Lights ပုံကို Google Image ကနေ ယူသုံးထားပါတယ်။

တိမ်တိုက်တစ်စုံနှင့်အတူ

7

Category:

“မိန်းကလေး”

ခပ်အုပ်အုပ်ခေါ်သံတစ်ခုကြောင့် မိန်းကလေး အိပ်ပျော်ရာမှ နိုးလာခဲ့တယ်။ မျက်လုံးအစုံကို အားယူဖွင့်ကြည့်လိုက်တော့ ဘေးနားမှာ ဘယ်သူမှရှိမနေဘူး။ ခေါင်းရင်းဘက် ပြတင်းတံခါးရဲ့ အပေါ်နားဘက်မှာတော့ အဖြူရောင် တိမ်တိုက်တစ်စုံက သူမကို စောင့်ကြိုနေတယ်။

“အချိန်ကျပြီ၊ သွားကြရအောင်”

မိန်းကလေးက တစ်စုံတစ်ခုကို သတိရသွားပြီး ပြတင်းပေါက်ဘောင်ပေါ် တက်ရပ်လိုက်တယ်။ တိမ်တိုက်ထူထူက သူမအနားထိ ရွေ့လျားနိမ့်ဆင်းပေးလာတယ်။ မိန်းကလေးက နူးညံ့နွေးထွေးလှတဲ့ တိမ်စိုင်ထုထဲ သူမခန္ဓာကိုယ်တစ်ခုလုံး နစ်မြှုပ်သွားတဲ့အထိ တိုးဝင်လိုက်ပြီးတဲ့အခါ တိမ်တိုက်ဟာ အပေါ်မြင့်မြင့်ကို လွင့်ပျံထွက်ခဲ့တော့တယ်။ 

“အခုဘယ်ကိုသွားနေတာလဲဟင်” မိန်းကလေးက မ၀ံ့မရဲ စိတ်လှုပ်ရှားသံနဲ့ မေးလိုက်တော့ တိမ်တိုက်ဖြူက “တို့အရှေ့မြောက်ဘက်ကို အရင်သွားကြတာပေါ့၊ အဲဒီ့မှာ မင်းကြည့်ချင်တဲ့၊ စိတ်ဝင်စားတဲ့ နေရာတွေရှိတယ်”

တဖြည်းဖြည်းနဲ့ အေးစိမ့်လာတဲ့ လေထုဒဏ်ကို ကာကွယ်ဖို့ တိမ်တိုက်ဖြူက သူ့ရှိသမျှ တိမ်မျှင်တွေနဲ့ မိန်းကလေးကို အထပ်ထပ် ရစ်ပတ်ထွေးထုပ်လို့ အနွေးဓာတ်ပေးတယ်။ ဒီလိုနဲ့ မိန်းကလေးဟာ တိမ်တိုက်ထူထူနွေးနွေးထဲမှာ အိပ်ပျော်ရင်း လိုက်ပါသွားတယ်။ 

နေရောင်ခြည်ရဲ့ နွေးထွေးတဲ့အလင်းရောင်နဲ့အတူ မိန်းကလေး နိုးလာတော့ သူမရဲ့ တိမ်တိုက်ဖြူဟာ ဖြေးဖြေးချင်း ရွေ့လျားနေပြီး မြေထုကို မြင်နိုင်လောက်တဲ့ အမြင့်ပေမှာပဲ ရှိတော့တယ်။

“ခု ဘယ်ကိုရောက်နေပြီလဲဆိုတာ မင်းခန့်မှန်းကြည့်စမ်း” 

မိန်းကလေးက အပေါ်စီးမြင်ကွင်းကို ပိုထင်ရှားအောင် မျက်လုံးနှစ်ဘက်ကိုပွတ်လို့ သေသေချာချာကြည့်ပြီး ဖြေလိုက်တယ်။ 

“အန်ကောဝပ်”

တိမ်တိုက်ဖြူက ကျေနပ်သွားပြီး မိန်းကလေးကို မြေပေါ်ချပေးလိုက်တယ်။ ဒါ ကမ္ဘာ့အရှေ့ခြမ်းမှာ မိန်းကလေး အသွားချင်ဆုံး နေရာတွေထဲက တစ်ခုပဲလေ။ မိန်းကလေး ပဉ္စမတန်းသမိုင်းဖတ်စာမှာ အန်ကောဝပ်အကြောင်း သင်ကြားခဲ့ရကတည်းက သွားချင်ခဲ့တာမဟုတ်လား။ ခုတော့ တိမ်တိုက်ဖြူကြောင့် သူမဆန္ဒပြည့်ဝခဲ့ပြီ။ အပျက်အစီး ယိုယွင်းမှုတွေကြားက အန်ကောဝပ်ကျောင်းတော်ကြီးရဲ့ ဗိသုကာလက်ရာတွေကို ကြည့်ရှုခွင့်ရတယ်။ အင်း… တစ်ခုတော့ ရှိတာပေါ့၊ သူမမှာ ကင်မရာမပါတော့ ဓာတ်ပုံရိုက်ခွင့်မရဘူး။ အို… အန်ကောဝပ် မပြိုကျမပျက်စီး တစ်စုံတစ်ရာ ကြီးကြီးမားမားမဖြစ်ခင်မှာ ကိုယ်တိုင်ကိုယ်ကျ ရောက်ခဲ့ပြီပဲ။ မိန်းကလေး စိတ်ကိုဖြေတွေးလိုက်တယ်။ 

ပြီးတော့ တိမ်တိုက်ကိုစီးပြီး နောက်ထပ်ခရီးဆက်ဖို့ ထွက်ခဲ့တယ်။ သိပ်မကြာခင်မှာဘဲ ကျောက်တုံးကြီးတွေနဲ့ စိမ်းလဲ့နေတဲ့ ပင်လယ်ရေပြင်ပေါ် ဖြတ်သန်းသွားနေတာကို မိန်းကလေး သတိပြုမိတယ်။ အောက်ကိုစေ့စေ့မကြည့်ရဲဘဲ ပြုတ်ကျသွားမှာကို စိုးရိမ်စိတ်ပေါ်နေတဲ့ သူမကို တိမ်တိုက်က တင်းကြပ်စွာထွေးပိုက်ထားပြီး မကြောက်ပါနဲ့လို့ပြောတယ်။ “ဖြေကြည့်ပါဦး ဒါဘယ်နေရာလဲ” တဲ့။ “အင်း…” ဒီတစ်ခါတော့ သူမ စောစောကလို ခပ်မြန်မြန် မဖြေနိုင်သေးဘဲ စဉ်းစားနေတယ်။ ပြီးမှ “ဖူးခက်လား” လို့ သိပ်မသေချာတဲ့ အသံစွက်ပြီး ပြောလိုက်တယ်။ 

တိမ်တိုက်က မဟုတ်ဘူးလို့ ခပ်တိုးတိုးပြောတော့ မိန်းကလေး မျက်မှောင်ကျုံ့ပြီး စဉ်းစားတယ်။ သြော်…သိပြီ ဟလောင်ဘေး လို့ ၀မ်းသာအားရ ပြောလိုက်တယ်။ ဟုတ်ပါရဲ့ ဟလောင်ပင်လယ်အော်ပေါ်ရောက်နေမှပဲ။ မိန်းကလေး ပျော်သွားတယ်။ တိမ်တိုက်က ကျောက်တုံးမြင့်မြင့်ချွန်ချွန်ထိပ်နားမှာ ရပ်နားရင်း မိန်းကလေးကျေနပ်တဲ့အထိ ကြည့်စေပြီးတဲ့အခါ အပေါ်ကိုပျံတက် ခရီးဆက်ခဲ့တယ်။ 

ဒီတခါတော့ တနံတလျားရှည်လျားပြီး ကြီးမားကျယ်ပြောတဲ့ ကုန်းမြေကို ဖြတ်သန်းရတယ်။ အအေးဒဏ်ကြောင့် ခပ်မှိန်းမှိန်းဖြစ်နေတဲ့ မိန်းကလေးကို တိမ်တိုက်က လှုပ်နှိုးပြီး တစ်စုံတစ်ခုကိုပြတယ်။ “မင်းတွေ့လား… ဟိုးမှာ... လကမ္ဘာပေါ်ကနေတောင် လှမ်းမြင်ရတဲ့ လူသားတို့ရဲ့အစွမ်းနဲ့တည်ဆောက်ခဲ့တဲ့ တစ်ခုတည်းသော မဟာတံတိုင်းကြီးကို ကြည့်လိုက်ပါဦး” 

မိန်းကလေးက “အို… ဟုတ်ပါရဲ့ သိပ်ပြီးကြီးမားခံ့ထည်ရှည်လျားလိုက်တဲ့ မဟာတံတိုင်းကြီးပါလား” “ကျွန်မ အဲ့ဒီပေါ်မှာ လမ်းလျှောက်ခွင့်ရချင်လိုက်တာ” မိန်းကလေးက မ၀ံ့မရဲ တောင်းဆိုကြည့်တယ်။ “ကောင်းပြီလေ… ခဏတော့ မင်းကိုလျှောက်ခွင့်ပေးမယ်။ ငါတို့မှာ အချိန်သိပ်မရဘူး၊ သွားရမယ့်နေရာတွေ အများကြီးရှိသေးတယ်” “ဟုတ်ကဲ့ ကျွန်မ နားလည်ပါတယ်”

တိမ်တိုက်က မိန်းကလေးကို တံတိုင်းကြီးပေါ် လျှောက်လို့ရတဲ့အမြင့်ပေထိ ချပေးလိုက်တယ်။ မိန်းကလေးက တံတိုင်းပေါ်ခြေချလိုက်တာနဲ့ တပြိုင်နက် ပျော်ရွှင်ဝမ်းမြောက်ခြင်းအတိနဲ့ ပြေးလျှောက်သွားတယ်။ တိမ်တိုက်ဖြူက ခပ်လှမ်းလှမ်းမှာ သွားရပ်ပြီး စောင့်ကြိုပေးနေတယ်။ မိန်းကလေးက ကျေနပ်အားရစွာနဲ့ တိမ်တိုက်ကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တယ်။ 

“ဒီတခါ တို့ခရီးဝေးဝေးသွားရမယ်။ မင်းအိပ်ပြီး လိုက်ခဲ့တော့။ ငါတို့ ဆိုက်ဘီးရီးယားရေခဲဒေသကို ဖြတ်ကျော်ပြီး ဥရောပမြောက်ပိုင်းစွန်းဒေသကို သွားမယ်။ အဲဒီ့မှာ မင်းကို ပြစရာတစ်ခုရှိနေတယ်။ အအေးဒဏ်အတွက်တော့ မင်းမပူပါနဲ့။ ငါ့မှာ မင်းကိုလုံခြုံနွေးထွေးအောင်ထားနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိနေတာ မင်းယုံတယ်မဟုတ်လား” မိန်းကလေးက အချိန်မဆိုင်းဘဲ ခေါင်းညိတ်ပြလိုက်တယ်။ “ကောင်းပြီ…သွားကြစို့” 

တိမ်တိုက်က အရှိန်မြှင့်ပြီး အပေါ်မြင့်မြင့်ရောက်အောင် လွင့်တက်လိုက်တယ်။ မိန်းကလေးက တိမ်တိုက်ထူထူထဲ သူမခေါင်းလေးပါ ပုဝင်ပြီး တစ်ကိုယ်လုံး ကျုံ့ထားလိုက်တယ်။ ရေခဲဒေသမရောက်ခင် ကုန်းမြင့်ချိုင့်ဝှမ်း တောင်တန်းတွေသာမက မြစ်နီ၊ မြစ်ဝါ၊ ကန္တာရဒေသတွေကိုလည်း ဖြတ်ကျော်ခဲ့သေးတယ်။ ကြီးမားစိမ်းလန်းတဲ့ မွန်ဂိုဒေသရဲ့ မြက်ခင်းလွင်ပြင်ပေါ် ဖြတ်သန်းအပြီးမှာတော့ ရေခဲတမျှ အေးစက်လွန်းတဲ့လေတွေတိုးတာ သူမခံစားရတယ်။ အေးလွန်းလို့ မလှုပ်ရဲအောင်ဘဲ။ တိမ်တိုက်ဖြူဆီက ပိုမိုတဲ့ အနွေးဓာတ်တွေ သူမကိုယ်ထဲ စီးဝင်လာတယ်။  မျက်လုံးတွေကို မှေးစင်းလိုက်ပြီး သိပ်မကြာခင်မှာဘဲ မိန်းကလေး အိပ်မောကျသွားတယ်။ တိမ်တိုက်ဖြူကတော့ အရှိန်ပြင်းပြင်းနဲ့ လွင့်ပျံနေတုန်းပဲ…။ 

ဆက်ပါဦးမည်။ 


ဇွန်မိုးစက်

Across the Universe

3

Category:


Across the Universe
We travelled so far 

Across the land, across the sea
We flew to see each other 

Across the road, across the street
We came to meet face to face

Day by day, and month by month
We fond of each other in much 

Across the earth, across the ocean
We find a way to end our love

Across this planet
We step back and swept the love

Across the Universe
We try not to meet again
Till the world at its end.  


ဇွန်မိုးစက်


(စိတ်ကူးထဲမှာ ကြံစည်နေပြီး ဘယ်အချိန်ကျမှ ချရေးဖြစ်မယ်မှန်း မသိတဲ့ ၀တ္တုတစ်ပုဒ်ထဲက အိုင်ဒီယာရလို့ ဒီကဗျာလေး ချရေးမိပါတယ်။ Across the Universe ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်ရှင်ကားတစ်ကား ရှိပါတယ်။ ဇွန်မကြည့်ဖူးပါဘူး။ ဒါပေမဲ့ ကဗျာအရ ဒီစကားစုလေးပါနေတာရော ကိုယ်တိုင်လည်း သဘောကျမိတာနဲ့ ကဗျာခေါင်းစဉ်ကို Across the Universe လို့ပဲ ပေးလိုက်ပါတယ်။)  

မိုးရွာချိန် အတွေး

10

Category:


တစစနှင့် သိသိသာသာ စိမ့်အေးလာသောကြောင့် အနွေးထည်မှဇစ်ကို ဆွဲစေ့ရင်း သိပ်မကြာခင်ကမှ ဖျော်ထားသော မိုင်လိုပူပူကို တစ်ကျိုက်ငုံလိုက်သည်။ အလုံပိတ် လေအေးပေးစက်တပ် ရုံးခန်းထဲက ကွန်ပျူတာရှေ့ ထိုင်မိသော အချိန်များတွင် အပြင်ပတ်ဝန်းကျင်ကို မေ့လျော့သွားသည်က များသည်။ အခန်းထဲမှာ နဂိုပုံမှန်ထက် အေးနေပြီဆိုလျှင် မိုးအုံ့ကောင်း အုံ့နေနိုင်သည်။ ထို့ထက်ပို၍သိသိသာသာ အေးလာပြီဆိုလျှင်တော့ မိုးရွာနေတာ ဖြစ်ရမည်။ ကိုယ့်အထင်ကို အတည်ပြုပေးနိုင်သော သူမစိတ်ကြိုက်ရွေးထားသော Gmail နောက်ခံက Theme ကို ကြည့်လိုက်တော့ မိုးတွေရွာရုံမက လျှပ်စီးတွေကိုပါ တွေ့ရသည်။ ဒါဆို အပြင်မှာ မိုးရွာနေတာ သေချာသွားပြီ။ 

တော်ပါသေးရဲ့... ရုံးအလာမှာ မိုးမမိတာ။ ရုံးအသွား အိမ်ကထွက်ချိန် မိုးရွာနေလျှင်တော့ သူမစိတ် အနည်းငယ် အနှောင့်အယှက်ဖြစ်တတ်သည်။ မိုးဖွဲဖွဲဆိုလျှင်တော့ ကိစ္စမရှိ၊ မိုးသည်းပြီဆိုလျှင်တော့ ဘောင်းဘီရှည်အမြဲဝတ်သော ဖိနပ်အမြင့်စီးချင်သော်လည်း စီးမရသော သူမအဖို့ ဘောင်းဘီအောက်ဖျားပိုင်းနှင့်အတူ ခြေထောက်ကိုပါ မိုးရေစိုသွားသောကြောင့်ဖြစ်သည်။ ဒီတခါ မိုးမမိလိုက်ဘူးဟူသောအတွေးနှင့် ကျေနပ်သွားရင်း ရိုက်လက်စ ရုံးအီးမေးလ်ကို အပြီးသတ်ရန် ကီးဘုတ်ပေါ်လက်များတင်၍ ရွေ့ရှားလိုက်သည်။ မျက်လုံးများက ကွန်ပျူတာစကရင်ကို ကြည့်နေသော်လည်း သူမ၏ အတွေးစိတ်များသည် မိုးရွာနေပြီဟု သိလိုက်သည့်နှင့်တပြိုင်နက် ပစ္စုပ္ပန်မှာ ရှိမနေတော့။ 

ထို့နောက် အတွေးတို့သည် မိုးစက်မိုးပေါက်များနှင့်အတူ ....

သူမသည် ဤကမ္ဘာမြေသို့ မိုးနှင့်အတူ ရောက်လာခဲ့သည်။ ၀ဿန်ကာလ မိုးကျသည်နှင့် သူမအသက်တစ်နှစ်ကြီးခဲ့သလို အတန်းတွေလည်း တစ်နှစ်ပြီးတစ်နှစ် တက်ခဲ့ရသည်။ အတန်းသစ်မှာ  သူငယ်ချင်း အဟောင်း၊ အသစ်များနှင့်အတူ သင်ခန်းစာသစ် အတွေ့အကြုံသစ်များကိုယူရင်း ညနေကျောင်းဆင်းမိုးရွာချိန်သည် သူမအတွက် သိပ်ကို ပျော်စရာ ကောင်းခဲ့သည်။ အတန်းငယ်ငယ်က မိုးကာအင်္ကျီဝတ်ရင်း မိုးရေထဲ လမ်းလျှောက်ရသည်ကို နှစ်သက်သည်။ ရေများဝပ်နေသော လမ်းမပေါ်မှာလျှောက်ရတာကို သဘောကျသည်။ ခြံဝက ရေမြှပ်နေသော တံတားမှာ ခြေမချော်သွားအောင် ဖြည်းဖြည်းချင်းစမ်းနင်းပြီး ဖြတ်လျှောက်ရသည်ကို ပျော်သည်။ တချို့သောမိုးရွာသည့်ရက်များမှာ ဖေဖေ၊ မောင်လေးတို့နှင့်အတူ ခြံထဲဆင်းပြီး မိုးရေချိုးရသည်ကို ကြည်နူးသည်။ 

မိသားစုစုံလင်စွာနှင့် မြိန်ရည်ရှက်ရည် စားခဲ့ရသည့် မိုးရာသီညနေထမင်းဝိုင်းအကြောင်း အတွေးရောက်သွားတော့ ဖျတ်ခနဲ မျက်ရည်ဝဲသွားသည်။ ငါးပုဏ္ဏားကြော်နှပ်၊ ငါးဇင်ရိုင်းအိုးကပ် ပင်စိမ်းအုပ်ကို တညင်းသီး တို့စရာ ငပိထောင်းဖြင့် ဖေဖေ့အကြိုက် မေမေက အရသာရှိရှိချက်ထားပေးသည်။ သူမအကြိုက် ဖလံတောင်ဝှေးကြော်နှင့် ဇရစ်ရိုးကင်ပွန်းချဉ် ဟင်းရည်ကိုလည်း တွေ့ရသည်။ မိုးအေးအေးမှာ ထမင်းပူပူ ဟင်းပူပူကို မိသားစု စုံစုံညီညီဖြင့် စားခဲ့ရသော အချိန်များသည် သူမအတွက် ဘယ်သောအခါမျှ မမေ့နိုင်စရာကောင်းလောက်အောင် နွေးထွေးချိုမြိန်လွန်းလှသည်။ 

ရေမြွေပေါသော သူမတို့အရပ်ဒေသတွင် မိုးရွာသောအခါ ရေစီးနှင့်အတူ ရေမြွေများ ခြံထဲအိမ်ထဲသို့ ရောက်လာတတ်သည်ဟု ပြောလေ့ရှိကြသော်လည်း သူမတို့အိမ်ထဲသို့ ၀င်လာတာ တခါမျှ မကြုံဖူးခဲ့။ တစ်ခုသော မိုးရာသီမှာတော့ မြွေပေါက်စသေးသေးတစ်ကောင်ကို  ခြံထဲတွင် တစ်ခါတွေ့ဖူးလိုက်သည်။ မိုးရွာချိန် စာအုပ်ဖတ်ပြီး အိပ်ရာထဲ စောင်ခြုံကွေးရခြင်းကိုလည်း ဘယ်အရာနှင့်မျှ မလဲနိုင်အောင် မက်မော တွယ်တာခဲ့ရသေးသည်။   

သူမ၏ အတွေးစိတ်ကူးများသည် မိုးနှင့်အတူ စီးမျောနေပြီး တစ်ချိန်က သူမ ချမရေးဖြစ်ခဲ့သော စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ထဲက ဇာတ်ကောင်တွေဆီ ရောက်သွားပြန်သည်။ မိုးရွာထဲမှာ တွေ့ဆုံကြသော ကောင်လေးနှင့် ကောင်မလေး အကြောင်း။ သူတို့နှစ်ယောက်လုံး၏ နာမည်မှာ မိုးပါသည်။ မိုးပါအောင်လည်း သူမက တမင်စိတ်ကူးပြီး ပေးထားတာဖြစ်သည်။ တိုက်ဆိုင်စွာပင် သူမစာတွေရေးပြီး မဂ္ဂဇင်းတိုက်ကို ပို့တော့မည်ဆိုတော့ ကလောင်ရွေးရင်း အဲဒီ့ထဲက ကောင်မလေးနာမည်ကို သတိရသွား၍ သူ့နာမည်နှစ်လုံး ဆွဲယူသုံးလိုက်ရာမှ ဇွန်မိုးစက် ဖြစ်သွားသည်ကို အမှတ်ရရင်း ပြုံးလိုက်မိသည်။ အဲသည့်နောက်မှာ မိုးနှင့်အပြိုင်ငိုခဲ့ဖူးသော ကောင်မလေးတစ်ယောက်အကြောင်းဆီ အတွေးဝင်အသွား....။

 “တူတူ”

ဖုန်းမည်သံကြောင့် သူမအတွေးနယ်မှ ရုန်းထွက်သွားပြီး အလုပ်စားပွဲပေါ်မှ တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။

"Hello"

 "Can I speak to ....?"

"Yes, I am speaking"

"...... ........ .........."

"Okay, can you connect to my PC using remote support icon, so that I can take a look."

အဲဒီ့နောက်တွင်တော့ သူမ၏ အတွေးစိတ်များသည် အတိတ်ကာလ နေ့ရက်များကို လွန်မြောက်သွားပြီး ပစ္စုပ္ပန်တည့်တည့်ကို ပြန်လည်ရောက်ရှိသွားသည်။ 

အပြင်မှာ မိုးတို့စဲသွားပြီထင်သည်၊ ရုံးခန်းတွင်းမှ အအေးဒဏ်သည် သိသိသာသာလျော့ကျသွားပြီ၊ သူမ၏ Gmail နောက်ခံ Theme သည်လည်း နက်မှောင်ရာမှ ပြာလဲ့ခဲ့ပြီ။



ဇွန်မိုးစက်

(အမသက်ဝေရဲ့ တဂ်ပို့စ်လေးပါ။ အလုပ်တွေများပြီး မအားမလပ်ဖြစ်နေတာကြောင့် ခုမှရေးဖြစ်ပါတယ်။
တော်တော်ကြာ တရားစခန်းမှာ တရားထိုင်နေတုန်း… ဟယ် အမသက်ဝေရဲ့ တဂ်ပို့စ်မရေးသေးဘူးဆိုပြီး ကြောင့်ကြစိတ်ပေါ်လာမှာစိုးလို့ ဒီညနေ ရုံးက ပြန်ရောက်ရောက်ချင်းပဲ ထိုင်ရေးလိုက်ပါတယ်။ :D
အမရေ…မိုးရွာချိန်ဆို ဇွန့်မှာ တခြားအတွေးတွေထက် ဒီစာထဲမှာ ရေးခဲ့တဲ့အတွေးတွေကပဲ ထပ်တလဲလဲဝင်ရောက်နေလို့ အဲဒါကိုပဲ ချရေးလိုက်ပါတယ်။ အမ ကျေနပ်ရဲ့လား မသိဘူး။)